လူလည်ကြီး နှစ်ယောက်နှင့် အသုံးချခံ ဓားစာခံကြီး
Vol. 47 Ch. 464
ကျန်းလေ့ဖူ သည် ရှန်းယီ၏နောက်သို့ လိုက်ပါလာသည့် အချိန်မှစ၍ မန္တန်များကို အသုံးပြုကာ တိုက်ခိုက်ခဲ့ပြီး သူ၏သခင်ဖြစ်သူ၏ လွှမ်းမိုးမှုကို အတိုင်းအတာတစ်ခုအထိ ရရှိထားခဲ့လေသည်။
ငါးခူနတ်ဆိုးကြီးမှာ လက်ဝါးဓားချက်ဖြင့် အပိုင်းပိုင်းကွဲအက်သွားသည့် ခဏ၌ပင်။
သူသည် ခေါင်းကို ငါးခူ၏ကိုယ်ထဲသို့ တိုးဝင်လိုက်ပြီး နတ်ဆိုးအမြုတေတစ်ခုကို ဆွဲထုတ်ယူလိုက်လေသည်။
ထို့နောက် ချီးကျူးစကားကို စောင့်မျှော်နေသည့်အလား သူ၏သခင်ကို မျက်လုံးအဝိုင်းသားဖြင့် စိုက်ကြည့်နေခဲ့၏။
“...”
ရှန်းယီသည် ဆေးအဆိပ်များ၏ တိုက်စားမှုကို အတင်းအဓမ္မဖိနှိပ်ထားရင်း သူ၏ အသက်ရှူနှုန်းကို အသည်းအသန်ပြန်လည်ထိန်းညှိနေရသည်။ အင်္ကျီလက်ထဲတွင် ဝှက်ထားသော သူ၏ လက်ချောင်းထိပ်များပင် အနည်းငယ်တုန်ယင်နေလေ၏။
သူသည် ကျန်းလေ့ဖူကို မကြည့်ဘဲ မနေနိုင်တော့ပေ။ မည်သို့ပင်ဆိုစေ နတ်ဆိုးအမြုတေများကို အစိမ်းလိုက်မျိုချလေ့ရှိသော်လည်း ဤခွေးမှာ ကျောက်တိုင်ရုပ်တုမှ ပြောင်းလဲလာခြင်းဖြစ်ကြောင်း သိထားသော်ငြား၊ ခွေးတစ်ကောင်၏ ပါးစပ်ထဲမှထုတ်ယူလာသည့် အရာကို ယူရန်မှာ စိတ်ပိုင်းဆိုင်ရာအရ အနည်းငယ် အနေရခက်လှပေသည်။
“ပြန်ဝင်တော့။”
ရှန်းယီသည် နတ်ဆိုးအမြုတေနှင့် အလောင်းကောင်ကို ယူကာအင်္ကျီလက်အတွင်းရှိ သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်လေသည်။
ထို့နောက်မှသာ သူသည် မြေပြင်သို့ ဆင်းသက်ခဲ့၏။ ခန္ဓာကိုယ်မှ ရွှေရောင်မီးလျှံများ ကွယ်ပျောက်သွားပြီး သူ၏အတွင်းရှိ ရွှေဖီးနစ် ထံသို့ ပြန်လည်ဝင်ရောက်သွားသည်။
သူသည် မြေမြို့ရိုးရှိရာဘက်သို့ မော့ကြည့်လိုက်သည်။ ကျန်းလေ့ဖူသည် အခြားသော ရေသတ္တဝါမျိုးနွယ်စုသုံးကောင်၏ အကြွင်းအကျန်များကို သေသေသပ်သပ်စီစဉ်ထားပြီးဖြစ်သည်ကို တွေ့လိုက်ရ၏။
တိုက်ပွဲအချို့ ဆင်နွှဲပြီးနောက် သူ၏ နည်းစနစ်များမှာ အမှန်တကယ်ပင်တိုးတက်လာခဲ့သည်။ သို့သော် သူသည် ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် ငါး သို့ ရောက်လုနီးပါး ဖြစ်နေသည်ကို ထည့်တွက်လျှင် ဤသည်မှာ သာမန်ကိစ္စသာ ဖြစ်သော်လည်း သူ၏ယခင်က နှေးကွေးမှုနှင့် ယခု အခြေအနေမှာသိသာလှသော ကွာခြားချက် ဖြစ်နေလေသည်။
ရှန်းယီသည် ထိုအလောင်း သုံးခုကိုလည်း ပေါ့ပေါ့ပါးပါးပင် သိမ်းဆည်းလိုက်၏။ ထို့နောက် သူသည်မြေမြို့ရိုးဆီသို့ လျှောက်လှမ်းသွားလေသည်။
“အာ...”
ပေါင်ဟွားနတ်သမီးသည် သူမ၏ပါးစပ်ကလေး အနည်းငယ်ဟသွားကာ သူမထံသို့ လျှောက်လာသောပုံရိပ်ကို ငေးကြည့်နေမိသည်။ အမှန်စင်စစ် သူမသည် အစွမ်းထက်သူများစွာ၏ လှုပ်ရှားမှုများကို မြင်ဖူးခဲ့သည်။ သူမ၏ ဂိုဏ်းအတွင်း၌ သူမထက်ကျင့်ကြံခြင်းအဆင့် များစွာသာလွန်သော အကြီးအကဲများနှင့် စီနီယာအစ်ကိုများစွာ ရှိကြ၏။
သို့သော် သူတို့သည် မန္တန်များကို ထုတ်ဖော်ရာတွင် များသောအားဖြင့် သပ်ရပ်စွာနှင့် ထိန်းထိန်းသိမ်းသိမ်းသာ လုပ်ဆောင်လေ့ရှိကြပြီး သူတို့၏ ရည်ရွယ်ချက်ကို ဖော်ပြနိုင်သည်နှင့် ရပ်တန့်လိုက်ကြသည်။
ရှန်းယီကဲ့သို့ ကိစ္စရပ်များကို ပြတ်သားကြမ်းတမ်းစွာကိုင်တွယ်ပြီး သွေးစွန်းကာ သေစေနိုင်သော ချဉ်းကပ်မှုမျိုး ပြုလုပ်သည်ကို သူမ ပထမဆုံးအကြိမ်မြင်ဖူးခြင်း ဖြစ်သည်။
ကောင်းကင်ယံမှ ရွှေရောင်မီးလျှံများ ကွယ်ပျောက်သွားသည့်အခါ... ထိုလူငယ်ထံမှ သတ်ဖြတ်လိုသောအငွေ့အသက်များမှာလည်း တစ်ခဏချင်းအတွင်း ပျောက်ကွယ်သွားပြီး သူသည် ယခင်ကကဲ့သို့တည်ငြိမ်အေးချမ်းသော အမူအရာသို့ ပြန်လည်ရောက်ရှိသွားလေသည်။
“ပစ္စည်းပေးတော့။”
ရှန်းယီက သူမထံသို့ လက်ဝါးဖြန့်ပေးလိုက်သည့် အခါမှသာ... ပေါင်ဟွားနတ်သမီးသည် သတိပြန်ဝင်လာပြီး အနည်းငယ်ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်၏။
“ကျွန်မရဲ့ လျှို့ဝှက်ချက်ကို ထိန်းသိမ်းပေးလို့ ကျေးဇူးတင်ပါတယ်နော်။”
ထိုကဲ့သို့သော အခြေအနေမျိုးတွင်ပင် ရှန်းယီသည် ပေါင်ဟွားဆေးလုံးဟူသော အမည်ကို ဗြောင်ကျကျထုတ်ဖော်မပြောခဲ့ပေ။ သူသည် သူမ၏ စိုးရိမ်ပူပန်မှုများကို သိရှိနားလည်ပေးခဲ့ခြင်း ဖြစ်သည်။
သူသည် တိတ်ဆိတ်ပြီး ဂရုမစိုက်သယောင် ရှိသော်လည်း သူ၏အတွေးအခေါ်များမှာ အလွန်ပင် စေ့စပ်သေချာလှပေသည်။
“ဆေးလုံးက ကျွန်မနဲ့အတူ ပါမလာဘူး။ ဂိုဏ်းကို ပြန်ရောက်ရင် ပေးပါ့မယ်။ ကျွန်မကို ယုံပါ”
ပြောဆိုနေစဉ်မှာပင် သူမသည် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပုံရပြီး ရှန်းယီ၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
“ကျွန်မက ရတနာပန်းပွင့်ဂိုဏ်းရဲ့ နတ်သမီး...”သူမ စကားမဆုံးခင်မှာပင် ရှန်းယီ၏ ရှည်လျားသော လက်ချောင်းများက သူမ၏မျက်နှာကို ဖိကာ အေးစက်စွာ ဘေးသို့တွန်းထုတ်လိုက်လေသည်။
“စိတ်မဝင်စားဘူး။ ငါ ဆေးလုံးပဲ လိုချင်တာ။”
ရှန်းယီသည် သူမကို ဂရုမစိုက်ဟန်ဖြင့် တစ်ချက်ကြည့်လိုက်သည်။ အချို့သောအရာများကို မပြောဘဲထားခြင်းက ပိုကောင်း၏။ အရာအားလုံးကို သိနေခြင်းက မလိုအပ်သော ပြဿနာများကိုသာ ဖိတ်ခေါ်လိမ့်မည်။
ဤကဲ့သို့ ကျော်ကြားသူတစ်ဦးမှာ ယင်ကောင်အုပ်ကြားရှိ မစင်ပုံကဲ့သို့ပင် ဖြစ်သည်။ သတိမထားဘဲ အနားကပ်သွားပါက နံစော်သော အနံ့ဆိုးမှလွဲ၍ ဘာမျှ ရလိမ့်မည်မဟုတ်ပေ။
“ကျွန်မ သိပါတယ်...”
ပေါင်ဟွားနတ်သမီးသည် သူမ၏ လက်များကို အားလျော့စွာချလိုက်ပြီး မတတ်သာသလို ပြောလိုက်သည်။
“ကျွန်မ ရှင့်ကို ပြောချင်တာက... ကျွန်မကို ကူညီဖို့ နည်းလမ်းလေး တစ်ခုလောက် စဉ်းစားပေးလို့ ရမလား။ ရှင်က အတွေ့အကြုံအများကြီး ရှိပုံရလို့ပါ။”
“သူတို့ အသတ်ခံရတာကိုလည်း ကျွန်မ မကြည့်ရက်ဘူး။ ကျွန်မရဲ့ဆရာသခင်ကိုလည်း ဒုက္ခမပေးရဲဘူး။”
“ဆရာမက ကျွန်မအပေါ် အရမ်းကောင်းတာ။ သူကအထီးကျန်ပြီး ဆင်းရဲနွမ်းပါးတဲ့ အဘွားအိုတစ်ယောက်ပါ။ သူ့အသက်အရွယ်နဲ့ ဆိုရင် တခြားသူတွေနဲ့ အပြင်ထွက်ပြီး တိုက်ခိုက်ခိုင်းဖို့ မသင့်တော်တော့ဘူးလေ။”
သူမ၏အတွေ့အကြုံ နည်းပါးသော်လည်း ဤနေရာရှိ အခြေအနေ၏ ရှုပ်ထွေးမှုကို သူမ အကြမ်းဖျင်း နားလည်ထားသည်မှာ ထင်ရှားလှသည်။ ဟင်းလင်းပြင်လျှောက်လှမ်းခြင်း အလယ်အလတ်အဆင့်ရှိသော ရေသတ္တဝါမျိုးနွယ်စုဝင်များသည် ရှောင်မိသားစုခံတပ်ကို မျက်စိကျနေကြခြင်းပင်။
သို့သော် သူတို့သည် ရတနာပန်းပွင့်ဂိုဏ်းက တုံ့ပြန်မှုမပြုနိုင်ခင်မှာပင် ဝင်ရောက်တိုက်ခိုက်ရန် အခွင့်အရေးကို မယူခဲ့ကြပေ။
သူတို့သည် ဝိုင်းရံထားသော်လည်း သတ်ဖြတ်ခြင်း မပြုကြပေ။ ၎င်းမှာ ရှောင်မိသားစုခံတပ်ကို တပ်စွဲထားရန်နှင့် တစ်စုံတစ်ခုကို စောင့်ကြပ်ရန် အမိန့်တစ်စုံတစ်ရာ ရရှိထားပုံရလေသည်။
သို့သော် ဤရေသတ္တဝါများတွင် မည်သူမည်ဝါဖြစ်ကြောင်း ဖော်ပြသည့် အမှတ်အသားများ မရှိပေ။ မသိရသေးသော အရာများက ပို၍ စိုးရိမ်စရာ ကောင်းလှသည်။
“ကျွန်တော်... ကျွန်တော့်မှာ နည်းလမ်းရှိတယ်”
ထိုစဉ်မှာပင် ဖျာတစ်ချပ်သည် လေထဲတွင် မတည်မငြိမ်ဖြင့် ပြန်လည်ပျံသန်းလာခဲ့၏။ အဘိုးကျန်းသည် ကောင်းကင်ယံမှခုန်ဆင်းလာပြီး ရှန်းယီကို ကြောက်ရွံ့ခြင်း၊ အထင်ကြီးခြင်းတို့ ရောယှက်နေသော အကြည့်ဖြင့် အရင်ကြည့်လိုက်သည်။
ထို့နောက်မှ ပေါင်ဟွားနတ်သမီးထံ အကြည့်လွှဲလိုက်၏။
“စီနီယာပေစွေ့... စီနီယာက တကယ်တော့ လူတွေကို ကယ်ဖို့ပဲစဉ်းစားနေတာ၊ သူတို့နဲ့ တိုက်ရိုက် ရင်ဆိုင်ဖို့ မဟုတ်ဘူးမလား။ ဒီလူတွေကို တခြားနေရာကို ရွှေ့ပြောင်းဖို့အကူအညီပေးနိုင်မယ့် နေရာတစ်ခု ကျွန်တော် ရှာပေးနိုင်ပါတယ်။ ဒါပေမဲ့ဈေးနှုန်းကတော့ နည်းနည်းကြီးမယ်။”
“အဲဒါ ပြဿနာမဟုတ်ပါဘူး။” ဘောင်ဟွားနတ်သမီးသည် ဝမ်းသာအားရဖြင့် ပြောလိုက်သည်။
ဂိုဏ်း၏ အနာဂတ် ဆက်ခံသူတစ်ဦးနှင့် ဟင်းလင်းပြင်လျှောက်လှမ်းခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် သူမတွင် ပေါများသည့်အရာမှာ မိုးမြေရတနာများပင်။
“ဈေးနှုန်းအပြင် စီနီယာအနေနဲ့ ဒီနေရာကို ကာကွယ်နေတဲ့ ရေသတ္တဝါတွေ အားလုံးကိုလည်း လွတ်လပ်ကျင့်ကြံသူတစ်ယောက်အနေနဲ့ သုတ်သင်ပစ်ရမယ်။ ပြီးတော့ သေသေသပ်သပ်နဲ့ ထိထိရောက်ရောက် လုပ်ရမယ်”
အဘိုးကျန်းသည် ငွေမက်သော်လည်း သေရမှာကိုလည်း ကြောက်တတ်သူဖြစ်သည်။ ရှန်းယီ၏ ခွန်အားနှင့် နည်းစနစ်များကို သူ မမြင်တွေ့ခဲ့ရပါက ဤကဲ့သို့သော ရှုပ်ထွေးသည့် ကိစ္စထဲတွင် သူ ဘယ်တော့မှ ပါဝင်ပတ်သက်မည်မဟုတ်ပေ။
ထိုစကားကို ကြားသောအခါ ပေါင်ဟွားနတ်သမီးမှာ တုန့်ဆိုင်းသွားပြီးနောက် သူမ၏ အရည်လဲ့နေသော မျက်ဝန်းများဖြင့် ရှန်းယီကို ကြည့်ကာ တိုးတိုးလေး ပြောလိုက်၏။
“အစ်ကိုရှန်း... ကျွန်မမှာ နောက်ထပ်...”
“ငါအခုနက တိုက်ခဲ့တဲ့ အဆင့်ထက် မြင့်တဲ့သူနဲ့ မတိုက်ဘူး။” ရှန်းယီသည် သူမကို ကြည့်ပင်မကြည့်ဘဲ အေးစက်စွာပြောလိုက်သည်။
“ဈေးနှုန်းကတော့ အရင်အတိုင်းပဲ။ ဒါပေမဲ့ တခြား ကောင်းကင်နဲ့မြေကမ္ဘာရတနာတွေနဲ့လည်း ပေးလို့ရတယ်။”
ထိုစကားကို ကြားသောအခါ ပေါင်ဟွားနတ်သမီး၏ မျက်နှာမှာ ဖြူလျော့သွားရသည်။ သူမတွင် မိသားစုပိုင်ဆိုင်မှုအချို့ ရှိသော်လည်း သူမသည် တိုက်ရိုက်တပည့်တစ်ဦးသာ ဖြစ်နေသေးသည်။
သူမ ခေတ္တမျှ တုန့်ဆိုင်းသွားပြီးနောက် နှုတ်ခမ်းကို တင်းတင်းစေ့ကာ ဆုံးဖြတ်ချက်ချလိုက်၏။
“ကောင်းပြီလေ”
ထို့နောက် သူမက ထပ်လောင်းပြောလိုက်၏။
“ရှင် အနိုင်မယူနိုင်တဲ့သူ ရှိလာရင် ကျွန်မကိုယ်တိုင် ကိုင်တွယ်မယ် အဲဒီအချိန်ကျရင် ရှင်က အသက်လုပြီး ပြေးရုံပဲ။”
သူမ၏ ဆရာသခင်ကို ဒုက္ခပေးမိမှာ စိုးရိမ်သည်မှာ တစ်ပိုင်းဖြစ်သော်လည်း မည်သို့ပင်ဆိုစေ သူမသည် ပေါင်ဟွားနတ်သမီး မဟုတ်ပါလား။
တကယ်လို့ သူမ မတတ်နိုင်တော့လျှင်ပင် နန်ဟုန်၏သားတော်ခုနှစ်ပါးထံ အသနားခံ၍ ရသေးလေ၏။ မည်သူ့ထံတွင်ပင်ဖြစ်စေ ၎င်းတို့အားကိုးရမည့် အစွမ်းထက်သော မဟာမိတ်ဆိုသည့်အရာ ရှိကြမြဲပင်။
ကောင်းကင်ဓားဂိုဏ်း၏ အကြီးအကဲက သူမကို အတော်လေး သဘောကျပေသည်။ သူသည် သူမကို သူ၏တပည့်များနှင့်ပင် မိတ်ဆက်ပေးချင်နေလေ၏။ မည်သို့ပင်ဖြစ်စေ ယနေ့တော့ စကားက ပြောထွက်သွားပြီဖြစ်လို့ ပြန်ရုတ်သိမ်းဖို့က မဖြစ်နိုင်တော့ပေ။
“ဒီကျင့်ကြံသူလေးကပဲ အားလုံးကို တာဝန်ယူပေးပါ့မယ်။”
အဘိုးကျန်းသည် အပြင်ပန်းတွင် တင်းမာနေပုံရသော်လည်း သူ၏ရင်ထဲတွင်မူ ပျော်ရွှင်မှုကြောင့် ပေါက်ကွဲမတတ် ဖြစ်နေကာ ရယ်သံကို အနိုင်နိုင် ထိန်းထားရလေသည်။
'တကယ်ကိုမျှော်လင့်ထားတဲ့အတိုင်းပါပဲ ဒါဟာ ကောင်းကင်ကကျလာတဲ့ ပိုင်မုန့်ကြီးပဲ။ ရတနာပန်းပွင့်ဂိုဏ်းရဲ့အနာဂတ် အကြီးမားဆုံးသော ထောက်တိုင်ဖြစ်လာမယ့်သူနဲ့ ဆုံတွေ့ခွင့်ရတာပဲ။'
သူမ၏ စိုးရိမ်တုန်လှုပ်မှုများကို ကြည့်ခြင်းအားဖြင့် ၎င်းမှာအတွေ့အကြုံ မရှိခြင်းကြောင့် ဖြစ်သည်မှာ ထင်ရှားလှသည်။ အဘိုးကျန်းပင်လျှင် ဤနေရာရှိရေသတ္တဝါမျိုးနွယ်စုများသည် အစွမ်းထက်နိုင်သော်လည်း သူတို့ကိုယ်တိုင် ပေါ်မလာနိုင်စေသည့် အခက်အခဲများ ရှိနေရမည်ကို မြင်နိုင်လေသည်။
ပေါင်ဟွားနတ်သမီး ရှိနေသရွေ့ ယနေ့တွင် ဘာအန္တရာယ်မှ ရှိလိမ့်မည်မဟုတ်ပေ။
ဤသို့ တွေးမိပြီး သူသည် ရှန်းယီကို တစ်ချက် ပြန်ကြည့်လိုက်လေ၏။
ရှန်းယီမှာမူ ဘာမျှနားမလည်သည့်အလား အေးအေးဆေးဆေးပင် ရှိနေလေသည်။
‘ကျွတ်... စီနီယာရှန်းက စီနီယာရှန်းပါပဲ။ သူ့ရဲ့ စီးပွားရေးအမြင်ကတော့ တစ်သက်လုံး သင်ယူလို့ မကုန်နိုင်တဲ့ အရာပဲ။’
“...”
ရှန်းယီသည် ထိုနှစ်ဦးထံမှ ထွက်ခွာလာပြီး မြို့ရိုးဆီသို့ လျှောက်လှမ်းသွားရင်း သူရရှိခဲ့သော အကျိုးအမြတ်များကို စိတ်ထဲတွင် စာရင်းတွက်နေခဲ့သည်။
ယခင်က သင်္ဘောပေါ်တွင် သတ်ဖြတ်ခဲ့သော နဂါးနန်းတော်မှရေသတ္တဝါ နှစ်ကောင်အပါအဝင်...စုစုပေါင်း ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် နှစ် နှစ်ကောင်၊အဆင့် သုံး လေးကောင် နှင့် အဆင့် လေး တစ်ကောင် ရှိခဲ့သည်။
၎င်းမှာ နှစ်ပေါင်း သုံးသိန်းနှစ်သောင်းနှင့် ညီမျှပြီး နတ်ဘုရားစိတ်ဝိညာဉ်အဆင့် ဆယ်ဂဏန်းကျော်လည်း ရှိနေသေးသည်။
အားလုံးပေါင်းလိုက်ပါက ထိတ်လန့်ဖွယ်ကောင်းသော နတ်ဆိုးသက်တမ်း ငါးသိန်းခုနစ်သောင်းကို ရရှိခဲ့လေသည်။
[ကျန်ရှိသော နတ်ဆိုးသက်တမ်း - ၇၅၆၀၀၀]
၎င်းအားလုံးကို အဆင့် သုံး သို့မဟုတ် ထိုထက်မြင့်သော ကျောက်တိုင်များအဖြစ် ဖန်တီးလိုက်လျှင်ပင် နတ်ဆိုးမူလ၏ ပျမ်းမျှစားသုံးမှုအပေါ် အခြေခံကာဆယ်လုံးစာနီးပါးအတွက် လုံလောက်ပေလိမ့်မည်။
အဆန်းကြယ်ဆုံးအပိုင်းမှာ ယခုအချိန်အထိ သူသည် မည်သည့်ပြဿနာထဲတွင်မျှ ပါဝင်ပတ်သက်ခြင်း မရှိသေးခြင်းပင်။ တစ်စုံတစ်ဦးက မိုးမြေရတနာများကိုပေးဆောင်နေပြီး တာဝန်အားလုံးကိုလည်း ယူထားပေးကာ၊ လိုအပ်ပါက အချိန်မရွေး ဝင်ရောက်ကာကွယ်ပေးရန်လည်း အဆင်သင့်ရှိနေလေသည်။
အပြင်က ကျင့်ကြံသူများဟာ တကယ်ပင် သဘောကောင်းကြပေသည်ဟုသာ သူ ပြောရပေလိမ့်မည်။