လူတို့၏ စိတ်နေစိတ်ထား
Vol. 3 Ch. 258
မိုးများက သည်းထန်စွာ ရွာသွန်းနေသည့်တိုင် မိုးရေစက်များက ယန်ရွှီးကို ထိခိုက်ခြင်း မရှိပေ။ မိုးရေများက အရိပ်တစ်ခုကို ဖြတ်သန်း သွားသည့်အလား ယန်ရွှီးကို ဖြတ်သန်း သွားကြလေသည်။
သို့သော် ဓားဝိညာဉ် အငွေ့အသက်ကို ယန်ရွှီး ခံစားနေရလေသည်။ ထိုဓားဝိညာဉ်မှာ ဆန်းလျန်ဆီမှ ဓားဝိညာဉ်နှင့် ဆင်တူလေသည်။ သို့သော် ဆန်းလျန်သည် ယွီကွမ်းမြို့တွင် ရှိပုံမပေါ်ပေ။
သို့မဟုတ် ဆန်းလျန်သည် တစ်နေရာတွင် ပုန်းအောင်းနေပြီး သူ့ကို လေ့လာနေသည် များလား။
ဆန်းလျန် ကိုယ်ထဲတွင် သူထည့်ပေးလိုက်သည့် နှလုံးသား ထိန်းချုပ်ကျိန်စာ ခြေရာ ပျောက်သွားသည်မှာ မခံချင်စရာတော့ ကောင်းလေသည်။
မြို့တော်ခန်းမ အပြင်ဘက်ရှိ မိုးထဲလေထဲတွင် လှပသည့် နတ်မိမယ်လေး တစ်ပါး ကြာပန်းများ ထက်တွင် ရပ်နေလေသည်။ သူမကို ကြည့်ရသည်မှာ တခြားကမ္ဘာမှ ရောက်လာသည့် နတ်မိမယ် တစ်ပါးနှင့်ပင် တူလေသည်။ မိုးရေစက်များသည် သူမအနားသို့ ရောက်သည်နှင့် ပျောက်ကွယ် သွားကြလေသည်။
ယန်ရွှီးက သူမကို ကြည့်လိုက်သည်။
ထို့နောက် သူမလက်ထဲမှ ဓားကို ကြည့်လိုက်လေသည်။
ကြာပန်းပေါ်တွင် ရပ်နေသည့် နတ်မိမယ်သည် သူမဓားကို အသာအယာ ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ဓားသွားမှာ တုန်ခါသွားပြီး ရေပန်းများ ထွက်ပေါ်လာလေသည်။ ထိုရေပန်းများမှာ ထောင်ပေါင်း များစွာသော မြားတံများကဲ့သို့ ချွန်ထက်လျက်ရှိလေသည်။
ရေမြားတံများက လေကို ထိုးခွင်းပြီး မိုးရေထဲတွင် ဖြတ်သန်းကာ ယန်ရွှီးရှေ့သို့ ရောက်ရှိ လာလေသည်။
ယန်ရွှီးက ပါးစပ်ကိုဟကာ သွားများကို ဖြဲလိုက်ပြီး ထိုရေမြားတံများကို မျိုချ လိုက်လေသည်။
ထို့နောက် သူက မျက်စိတစ်မှိတ် အတွင်းမှာပင် ကူရှန်နတ်မိမယ် ရှေ့သို့ ရောက်ရှိသွားပြီး နတ်မိမယ်၏ မျက်ခုံး နှစ်ခုကြားသို့ လက်နှစ်ချောင်းဖြင့် ထောက်လိုက်လေသည်။
ကူရှန်နတ်မိမယ်က သူမ၏ ဓားကို ဝှေ့ယမ်းကာ ကာကွယ်လိုက်ပြီး လေထဲသို့ ပျံဝဲ တက်သွားလေသည်။
ယန်ရွှီးကလည်း နတ်မိမယ်နောက်သို့ လိုက်ပါ သွားလေသည်။
လက်သီးချက် တစ်ချက်က နတ်မိမယ်၏ ဝမ်းဗိုက်ဆီသို့ ကျရောက်သွားပြီး အလင်းတန်းများ ဖြာထွက် လာလေသည်။ သူတို့နှစ်ယောက်၏ တိုက်ပွဲကို လူအများက ကြည့်နေကြလေသည်။
ကူရှန် နတ်မိမယ်နှင့် မိစ္ဆာနတ်ဘုရားမှာ ကလေးနှင့် လူကြီး တိုက်ခိုက်နေသည့် အလား အင်အားမျှတမှု မရှိပေ။
မြို့သူမြို့သားများမှာ စိတ်ပျက် လာပြီး စတင် ဆဲဆို ကြလေတော့သည်။
မိစ္ဆာ နတ်ဘုရား ပြောခဲ့သလိုပင် ကူရှန်နတ်မိမယ်သည် အစကတည်းက အရှုံး ပေးခဲ့သင့်လေသည်။ မဟုတ်ပါက မိုးများ ရွာသွန်းသည့် အတွက် လယ်မြေများ ပျက်စီး ကြရမည် ဖြစ်လေသည်။ လူအများစုမှာ နတ်မိမယ် အပေါ်တွင် ယုံကြည်မှု မရှိကြတော့ပေ။
ထိုခဏလေး အတွင်းမှာပင်…
ဗုံသံများ ထွက်ပေါ်လာလေသည်။ ဗုံသံမှာ အလွန် အသံ ကျယ်လောင်ပြီး စွမ်းအားနှင့်လည်း ပြည့်ဝ လေသည်။
လူအများက ဗုံသံ ထွက်ပေါ်လာရာသို့ ကြည့်လိုက်သည့် အခါတွင်တော့ ဗုံတီးနေသည့် ကျောင်းစောင့်ကြီး ချီးစန်းကွမ်းကို မြင်တွေ့ လိုက်ရလေသည်။
ဗုံသံမှာ ရှည်လျားပြီး လေးလံလေသည်။
ကျောင်းစောင့်ကြီးက နတ်မိမယ်၏ တန်ခိုး စွမ်းအား ပိုမိုများပြား လာစေရန် ရည်ရွယ်ချက်ဖြင့် နတ်မိမယ်ကို ဗုံသံဖြင့် ကိုးကွယ် ဆုတောင်းနေခြင်း ဖြစ်လေသည်။ ချီးစန်းဝမ်း၏ ဗုံသံမှာ နားထောင်၍ သိပ်မကောင်း လှသည့်တိုင် လူအများ၏ စိတ်ထဲတွင် လေးလံ သွားရလေသည်။
ထိုဗုံသံသည် အဆိုးဆုံး အခြေအနေမှာပင် အရှုံးမပေးဘူး ဆိုသည့် ခံစားချက်ကို လူအများကို ခံစား စေလေသည်။
ဆဲဆိုနေကြသည့် လူများမှ ငြိမ်သက် သွားကြသည်။ ကျောင်းစောင့်ကြီးကတော့ ဗုံကို ဆက်တီး နေလေသည်။
သို့သော် ကောင်းကင်ထက်တွင် မိစ္ဆာနတ်ဘုရားဖြင့် ရင်ဆိုင် နေရသည့် ကူရှန် နတ်မိမယ်မှာတော့ ကျောင်းစောင့်ကြီး တီးနေသည့် ဗုံသံကို မကြားနိုင်ခဲ့ပါ။
မိစ္ဆာနတ်ဘုရား၏ လက်သီးချက်ကို ခံလိုက်ရသည့်တိုင် ကူရှန် နတ်မိမယ်သည် ကောင်းကင်ထက်မှ ပြုတ်ကျသွားခြင်း မရှိသေးပါ။
လှပသည့် နတ်မိမယ်လေးသည် သူမလက်ထဲမှ ဓားကိုသာ အဆက်မပြတ် ဝှေ့ယမ်း နေလေသည်။ သူမသည် နတ်မိမယ် တစ်ပါးဖြစ်သည့်တိုင် သူမ၏ မူလရင်းမြစ်သည် ရေငန်းသီးပင် လေးမျှသာ ဖြစ်လေသည်။
သူမအနေဖြင့် ယွီကွမ်းမြို့ထဲမှ လူများကို ကယ်တင်ရန် မစွမ်းသာတော့ပြီ။
ယန်ရွှီးထံမှ အနက်ရောင် ကြိုးတစ်ချောင်းက သူမကို ချည်နှောင် ထားလိုက်လေသည်။
မြေပြင်ထက်မှ ဗုံသံက ပျောက်ကွယ် သွားခြင်း မရှိပါ။ သို့သော် ကူရှန် နတ်မိမယ်ကတော့ အရှုံးပေးလိုက်ရပြီ ဖြစ်လေသည်။
“မင်း အရှုံးပေးပြီလို့ ဝန်ခံလိုက်စမ်းပါ၊ ကျုပ် မိုးကို ရပ်ပေးမယ်”
ယန်ရွှီး၏ စကားကို နတ်မိမယ်က တုံ့ပြန်ခြင်းမရှိပါ။ အနက်ရောင်ကြိုးက သူမကို ချည်နှောင် ထားပြီး သူမ ဖန်ဆင်းထားသည့် ဓားမှာလည်း ပျောက်ကွယ် သွားပြီ ဖြစ်လေသည်။
ယန်ရွှီးသည် နတ်မိမယ်ကို ဖမ်းချုပ်ကာ မြို့တံခါး ထိပ်တွင် ရပ်နေလေသည်။ သူ့ပုံစံက လောကကြီး တစ်ခုလုံးကို အမှုန့် ချေပစ်တော့မည့် အလားပင်။
သို့သော် သူက နတ်မိစ္ဆာများကဲ့သို့ ဟားတိုက် ရယ်မောနေခြင်းမျိုး မပြုလုပ်ပါ။
သူက တိတ်ဆိတ်စွာ ရပ်နေခြင်း ဖြစ်လေသည်။ နတ်မိမယ်၏ ဦးခေါင်းထက်တွင် ဓားဝိညာဉ်က ပျံဝဲနေသေးသည်။ သို့သော် တန်ခိုးစွမ်းအားတော့မရှိတော့ပေ။
ယန်ရွှီးက ကူရှန် နတ်မိမယ်အပေါ်တွင် လူသားများထားသည့် ယုံကြည် ကိုးကွယ်မှုကို ပျောက်ကွယ် သွားစေလိုခြင်း ဖြစ်လေသည်။ ထိုအခါမှ နတ်မိမယ်သည် ထာဝရ ပျောက်ကွယ် သွားမည် ဖြစ်လေသည်။
မိုးက အဆက်မပြတ် ရွာသွန်းနေဆဲ ဖြစ်လေသည်။
ယွီစွေ မြစ်ရေ လျှံတက်လာပြီး စပါးခင်းများဆီသို့ မြစ်ရေများ စတင် ဝင်ရောက် လာလေသည်။ အစိမ်းရောင် စပါးခင်းများနှင့် အခြားသော ကောက်ပဲ သီးနှံခင်းများမှာ ရေအောက်သို့ တဖြည်းဖြည်း ရောက်ရှိ ကုန်ကြပြီ။ လူအများစုက မြို့တံခါးတွင် ဒူးထောက်ကာ ကူရှန်နတ်မိမယ်ကို အရှုံးပေးပြီဟု ဝန်ခံလိုက်ရန် တောင်းပန် နေကြလေသည်။
သို့သော် ထိုလူများထဲတွင် မြို့နယ် အုပ်ချုပ်ရေးမှူးချန် ပါဝင်ခြင်း မရှိပေ။
မြို့နေပြည်သူများက ရာသီဥတု ကောင်းမွန်ရန် အတွက် ကူရှန်နတ်မိမယ်ကို ဝတ်ပြု ကိုးကွယ် ခဲ့ကြလေသည်။ သူတို့သည်ပင် နတ်မိမယ်ကို မိစ္ဆာနတ်ဘုရားကို နှိမ်နင်းပေးရန် ဆုတောင်း ဝတ်ပြုကြသည်။ သို့သော် ယခုတော့ သူတို့ကပင် နတ်မိမယ်ကို မိစ္ဆာနတ်ဘုရားကို အရှုံးပေး လိုက်ရန် တောင်းဆို နေကြပြန်ပြီ။
မြို့နယ် အုပ်ချုပ်ရေးမှူးချန်သည် လူအများကို ကူညီလိုစိတ် ရှိသူဖြစ်လေသည်။ သို့သော် ယခုကဲ့သို့ စိတ်ထား အမျိုးမျိုးရှိသော လူသားများမှာ ကူညီရန် တိုက်တန်ပါရဲ့လား။ သေသင့်သည့် သူများဟု သူက တွေးနေမိလေသည်။
မြို့နယ် အုပ်ချုပ်ရေးမှူး ချန်သည် လူအများကို အဝေးမှ ရပ်ကြည့် နေလေသည်။
မိုးက ပိုပြီး သဲကြီးမဲကြီး ရွာသွန်းနေဆဲ….။
နတ်မိမယ်၏ ဆံပင်များမှာ အရောင်များ လွင့်ပြယ် လာလေသည်။ အနက်ရောင် ကြိုးအောက်မှ သူမ၏ ခန္ဓာကိုယ်မှာလည်း အနည်းငယ် မှိန်ဖျော့ သွားလေသည်။ လူအများက သူမကို တောင်းပန် နေကြပြီး သူမကတော့ ယခင်က အတိုင်း သန့်စင် မြင့်မြတ်သည့် နတ်မိမယ် တစ်ပါး အဖြစ်ပင် ရပ်တည်နေလေသည်။
ယခုတော့ သူမကို တောင်းဆုပြုသည့် ဆုတောင်းခြင်းများသည် ဆဲဆို ကျိန်စာ တိုက်သည့် စကားများ ဖြစ်ခဲ့ပြီ။ သူမသာ မိစ္ဆာနတ်ဘုရားကို အရှုံးပေးပြီဟု ဝန်မခံလျှင် သူမသည် အပြစ်အားလုံး၏ တရားခံအလား၊ အငွေ့ပျံ ပျောက်ကွယ် သွားရန် ထိုက်တန်သူ တစ်ယောက်အလား သူမကို ဆဲဆို ကျိန်စာ တိုက်နေကြလေသည်။
အမှန်တော့ လူများ၏ စိတ်ပြောင်းလဲ သွားမှုများကို ကူရှန် နတ်မိမယ်က နားမလည်နိုင် ဖြစ်နေရခြင်း ဖြစ်လေသည်။
သူမ သခင်လေးကို ကူညီခဲ့သည်မှာ အပြစ် ရှိခဲ့လေသလား။
သို့မဟုတ် ယခင်က ယွီကွမ်းမြို့ ရာသီဥတု ကောင်းမွန်ရန် အတွက် သူမက အကျိုး ပြုခဲ့သည်များကို လူအများက မေ့သွားကြပြီလား။
“ကူရှန်နတ်မိမယ်က မင်းတို့ကို မကူညီနိုင်တော့ဘူး ဆိုတာ သိကြပြီ မဟုတ်လား၊ မင်းတို့ ကိုယ့်ကိုယ်ကိုယ်ပဲ ကယ်တင်ကြရမယ်၊ သွားကြ … ကူရှန်ဝတ် ကျောင်းတော်ကို မီးတင် ရှို့လိုက်ကြ၊ ကျုပ် မိုးရွာတာကို ရပ်ပေးမယ်”
ယန်ရွှီး၏ အသံက အနိမ့်အမြင့်မရှိ တစ်သမတ်တည်း ထွက်ပေါ်လာလေသည်။
သို့သော် စကားလုံးတိုင်းက လူတိုင်း၏ နားထဲသို့ ဝင်ရောက်သွားကာ လူများ၏ စိတ်ကို လွှမ်းမိုး သွားလေသည်။ သူပြောသည့် စကားများကို မည်သူမျှ သံသယ မဝင်ကြတော့ပေ။
ဆယ်မိနစ် အတွင်းမှာပင် လူအများသည် ကောက်ရိုးများ၊ ထင်းချောင်းများ သယ်ဆောင်ကာ ကူရှန်ဝတ် ကျောင်းတော်ကို မီးတင်ရှို့ရန် ထွက်ခွာ သွားကြလေသည်။
ချီးစန်းကွမ်းသည် ဝတ်ကျောင်းတော် အဝင်ဝတွင် ရပ်နေပြီး ဗုံကို အဆက်မပြတ် တီးနေလေသည်။ သူက ဝတ်ကျောင်းတော်ကို မီးရှို့ရန် ရောက်လာကြသည့် သူများကို ဝတ်ကျောင်းတော် အတွင်းသို့ ဝင်ခွင့် မရအောင် တားဆီး ထားလေသည်။
မိုးကာများ၊ ဝါးခမောက်များ ဆောင်းထားကြသည့် လူများက ချီးစန်းကွမ်းကို စိုက်ကြည့် နေကြလေသည်။
ချီးစန်းကွမ်းက…
“မိစ္ဆာနတ်ဘုရား ပြောတာကို မယုံကြပါနဲ့၊ ဒီဝတ်ကျောင်းတော် မရှိရင် ကူရှန်နတ်မိမယ် တန်ခိုးစွမ်းအားတွေ ကုန်သွားပြီး မင်းတို့ကို ဘယ်တော့မှ ကူညီနိုင်မှာ မဟုတ်တော့ဘူး”
ဟုပြောလိုက်သည်။
“အခု အဲဒီ နတ်မိမယ်က သူ့ကိုယ်သူတောင် မကယ်နိုင်တော့ဘူးလေ”
“သူက ဘာလို့ အရှုံးပေးပါပြီလို့ ဝန်မခံရတာလဲ”
“ဒီ မိစ္ဆာနတ်ဘုရား ရောက်လာရတာ အဲဒီနတ်မိမယ်ကြောင့် မဟုတ်ဘူးလား”
“ချီးစန်းကွမ်းက ဘာကောင်မို့လို့လဲ၊ လောင်းကစား သမားတစ်ယောက်ပဲ၊ သူ့မိသားစုထဲမှာ ကျင့်ကြံသူတွေ ရှိခဲ့ဖူးတော့ ကူရှန် နတ်မိမယ်ဆိုတာ သူက မှော်အတတ်နဲ့ ဖန်ဆင်း ထားတာနေမှာ”
လူအများ၏ စကားသံများက ဆိုးသည်ထက် ဆိုးလာကြလေသည်။
ကူရှန် နတ်မိမယ်ကြောင့်ပင် ချီးစန်းကွမ်းတွင် တန်ခိုးစွမ်းအား အနည်းငယ် ရှိလေသည်။ ထိုတန်ခိုး စွမ်းအားမှာ လူအများ၏ ဆုတောင်းသံမှ ဖြစ်တည်လာခြင်း ဖြစ်လေသည်။
ယခု လူအများ၏ ကျိန်ဆဲမှုကို ခံရသည့် အခါတွင်တော့ တန်ခိုး စွမ်းအားများမှာ ပျောက်ကွယ် သွားကြလေသည်။
ချီးစွမ်းကွမ်းသာ အရင်စိတ်မျိုးနှင့် ဆိုလျှင် ရှောင်ထွက် သွားမည် ဖြစ်လေသည်။
သို့သော် ကူရှန် နတ်မိမယ်ကို အလုပ်အကျွေး ပြုရသည့် အချိန်များသည် သူ့ဘဝတွင် ပျော်စရာ အကောင်းဆုံး အချိန်များ ဖြစ်ခဲ့လေသည်။ ထိုနေ့ရက်များတွင် သူ့ဘဝ အဓိပ္ပာယ် ပြည့်စုံခဲ့ရသည်။
ထို့ကြောင့် သူသည် ဗုံကိုကိုင်ကာ ဝတ်ကျောင်းတော် တံခါးဝတွင် မလှုပ်မယှက် ရပ်တန့် နေလေသည်။
ကူရှန် နတ်မိမယ်အတွက် သူ့ဘဝကို စတေးခံရန် အသင့်ပေ။
သို့သော် လူအများက ကူရှန်ဝတ် ကျောင်းတော်ကို မီးတင်ရှို့သည် အထိ ပြုလုပ် ကြလိမ့်မည်ဟု ချီးစန်းကွမ်း ထင်မထားခဲ့မိပေ။ ထိုလူအုပ်ထဲတွင် ပါဝင်သူ အချို့မှာ သူတို့ဘဝ ဒုက္ခရောက်ချိန်တွင် ကူရှန်နတ်မိမယ်က ကယ်တင် ထားခဲ့သူများ ဖြစ်လေသည်။ သူတို့ကို ပိုက်ဆံ ပေးသည်။ စိုက်ပျိုး စားသောက်ရန် မြေငှားပေးခဲ့သည်။
ယန်ရွှီးသည် အေးဆေး တည်ငြိမ်သည့် မျက်ဝန်းများဖြင့် အဖြစ်အပျက်များကို စိုက်ကြည့် နေလသည်။
လူ့စိတ် သဘောများ၏ အရုပ်ဆိုး အကျည်းတန်မှုကို မြင်တွေ့နေရပြီး သူ့ရင်ထဲတွင် မည်သို့မှ မခံစားရပေ။
သူခံစား နေရသည်မှာ ဓားဝိညာဉ် တစ်ခု နီးကပ်လာခြင်း ဖြစ်လေသည်။
ဆန်းလျန် အနားတွင် ရှိနေသည်လား….။
ကူရှန်ဝတ် ကျောင်းတော်ထဲတွင် ဆန်းလျန်ချန်ဓားခဲ့သည့် ဓားသင်္ကေတ ရှိနေသည်ကို ကူရှန် နတ်မိမယ် သတိရ လိုက်မိလေသည်။
***