အခန်း (၁၉၉)
Vol. 20 Ch. 199
အခန်း။ ၁၉၉
လုံယီ၏ ခန္ဓာကိုယ်အတွင်း၌ ထိပ်နှင့်အမြီး ဆက်လျက်သားရှိနေသော လျှို့ဝှက်သွေး လေးကြောင်းသည် ရုတ်တရက်ဆိုသလို တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားကာ တုတ်ခိုင်ရှည်လျားသော မြွေကြီးတစ်ကောင်အလား ဖြစ်တည်လာသည်။
ထိုလျှို့ဝှက်သွေးသည် ဆူပွက်နေသည့်အလား သူ၏ ခြေလက်အင်္ဂါများနှင့် အရိုးအဆစ်များအတွင်းသို့ အရှိန်အဟုန်ဖြင့် စီးဝင်သွားပြီး တဖြည်းဖြည်းနှင့် ပိုမိုကြီးမားတုတ်ခိုင်လာသည်။ ၎င်းသည် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားသောအခါမှ အညီအမျှ ငါးပိုင်းအဖြစ် ပြန်လည်ကွဲထွက်သွားတော့သည်။
သွေးလေးပုံသည် ခြေလက်လေးဖက်သို့ စီးဝင်သွားပြီး ပဉ္စမမြောက်တစ်ပုံမှာ ဦးခေါင်းဆီသို့ တက်သွားသည်။ နောက်ဆုံးတွင် ၎င်းတို့အားလုံးသည် ရင်ဘတ်အလယ်ဗဟို၌ ပြန်လည်
ဆုံစည်းကြကာ ကိုယ်တွင်းအင်္ဂါငါးခုအကြားတွင် ဓာတ်ကြီးငါးပါး စက်ဝန်းအသွင်ဖြင့် စတင်လည်ပတ်ပါတော့သည်။
ထိုလျှို့ဝှက်သွေး ငါးကြောင်းသည် ခန္ဓာကိုယ်အတွင်း ကျန်ရှိနေသော အပူစွမ်းအင်များကို အဆက်မပြတ် စုပ်ယူရင်း ပိုမိုသန်မာလာကာ တစ်ဖန် ခန္ဓာကိုယ်အသားမျှင်များကို ပြန်လည်အားဖြည့်ပေးသည်။ ၎င်းတို့ ဖြတ်သန်းစီးဆင်းသွားသည်နှင့်အမျှ လုံယီ၏ အရိုးတည်ဆောက်ပုံမှာလည်း အံ့ဩဖွယ်ရာ ပြောင်းလဲလာတော့သည်။
ဂျောက်... ဂျောက်... ဟူသော အရိုးကျိုးသံများမှာ အဆက်မပြတ် ထွက်ပေါ်လာပြီး ကျောရိုးမကြီးမှစ၍ ခန္ဓာကိုယ်တစ်ခုလုံးရှိ အရိုးများမှာ လက်မအလိုက် အပိုင်းပိုင်း ကျိုးကြေကုန်သည်။ သို့သော် လျှို့ဝှက်သွေး၏ လွှမ်းမိုးမှုအောက်တွင် ထိုအရိုးများသည် အပိုင်းပိုင်းအစစ ပြန်လည်စုစည်းလာပြီး ပေါက်ကွဲပျက်စီးလိုက် ပြန်လည်ခိုင်မာလာလိုက်နှင့် အကြိမ်ကြိမ် ဖြစ်ပျက်နေတော့သည်။
ပြင်ပမှ ကြည့်မည်ဆိုပါက သူ၏အရေပြားနှင့် အသားမျှင်များမှာ ဖောင်းကြွလာလိုက် နိမ့်ဆင်းသွားလိုက်နှင့် ဆူပွက်နေသည့် ရေအလား ထိတ်လန့်ဖွယ် မြင်တွေ့ရမည် ဖြစ်သည်။
ဤကဲ့သို့ စက်ဝန်းအကြိမ်ကြိမ် လည်ပတ်ပြီးနောက် လုံယီ၏ ခန္ဓာကိုယ်ရှိ အရိုးများသည် အခြားသော ဒြပ်စင်တစ်ခုအဖြစ် လုံးဝအသွင်ပြောင်းသွားခဲ့ပြီဖြစ်သည်။ အကယ်၍ အတွင်းပိုင်းကို မြင်နိုင်မည်ဆိုပါက အရိုးများ၏ မျက်နှာပြင်မှာ ငွေရောင်သတ္တုရောင် မှိန်ပျပျ တောက်ပနေသည်ကို တွေ့ရပေလိမ့်မည်။
အရိုးများတင်မကဘဲ အကြောများ၊ သွေးကြောများနှင့် အရေပြားအောက်ရှိ တစ်ရှူးလွှာများသည်လည်း အရိုးများ၏ အသွင်ပြောင်းမှုနောက်သို့ လိုက်ပါကာ အဆင့်အတန်းအမျိုးမျိုးဖြင့် တိုးတက်ပြောင်းလဲသွားကြသည်။ တစ်ချိန်တည်းမှာပင် အနံ့အသက်ဆိုးလှသော အမည်းရောင် အညစ်အကြေးများမှာ ချွေးပေါက်များမှတစ်ဆင့် အမြောက်အမြား ထွက်လာတော့သည်။
အသွင်ပြောင်းလဲမှု ပြီးဆုံးသွားသောအခါ လုံယီသည် မျက်လုံးကို ဖွင့်လိုက်ပြီး ပထမဦးဆုံးအလုပ်အဖြစ် ရေချိုးကန်သို့ သွားကာ အညစ်အကြေးများကို ဆေးကြောပစ်လိုက်သည်။ ထို့နောက် သူ၏ အသွင်ပြောင်းသွားသော ခွန်အားကို စတင်စမ်းသပ်ကြည့်တော့သည်။
နောက်တစ်စက္ကန့်တွင် သူ၏ တစ်ကိုယ်လုံးရှိ သွေးစွမ်းအင်များမှာ ဆူပွက်လာပြီး သူသည် နီရဲတောက်ပနေသော လူသားပုံရိပ် တစ်ခုအဖြစ် ပြောင်းလဲသွားလေတော့သည်။
ဝူး...
လုံယီသည် ဟင်းလင်းပြင်ထဲသို့ တည့်တည့်မတ်မတ် လက်သီးတစ်ချက် ထိုးလိုက်ရာ မျက်စိဖြင့်ပင် မြင်နိုင်သော အဖြူရောင်လေလှိုင်းများမှာ ဘေးသို့ လွင့်စင်သွားတော့သည်။ ဤဖြစ်စဉ်သည် ခွန်အားမှာ ကန့်သတ်ချက်တစ်ခုကို ကျော်လွန်သွားချိန်တွင်မှ ပေါ်ပေါက်လာခြင်းဖြစ်သည်။
ဒါက... သာမန်ခွန်အားတင် အရင်ထက် ထက်ဝက်ကျော် တိုးလာတာပဲ။ အရင်က ပေါင် ၁၅,၀၀၀ ရှိရာကနေ အခုဆိုရင် ပေါင် ၂၅,၀၀၀ လောက် ဖြစ်နေပြီ။
“ဒါက ချီစွမ်းအင်ပတ်လမ်းကြီးအဆင့်ကို အခုလေးတင် အောင်မြင်သွားတာပဲ ရှိသေးတာ။ ထွက်သက်ဝင်သက်ကျင့်စဉ် ကလည်း အလိုအလျောက် လည်ပတ်နေတာဆိုတော့ ခွန်အားက ဆက်ပြီး အရှိန်အဟုန်နဲ့ တက်လာဦးမှာပဲ”
ပေါင်း ၂၅,၀၀၀ ဆိုသည်မှာ အခြေခံခွန်အားမျှသာ ရှိသေးသည်။ အကယ်၍ ၎င်းကို နဂါးဖောက်ထွင်းခြင်းအတတ်နှင့် အဆင့်မြင့်ပုဆိန်သိုင်းဖြစ်သော ဝိညာဉ်ဝါးမြိုခြင်းတို့နှင့်သာ ပေါင်းစပ်လိုက်လျှင်... သူ၏ အစွမ်းကုန်တိုက်ချက်မှာ ခွန်အားမည်မျှအထိ ရှိနေမလဲ။
ထိုသို့တွေးတောရင်း လုံယီ၏ ရင်ထဲတွင် အားကိုးရာတစ်ခု ရရှိသွားသကဲ့သို့ လုံခြုံစိတ်ချမှုများ ပြည့်လျှံလာသည်။ ယခုဆိုလျှင် ထိုင်ဝမ်မြို့၏ နံပါတ်တစ် ပညာရှင် ဆိုသူနှင့်ပင် သူသည် အနည်းဆုံးတော့ အပြန်အလှန် ယှဉ်တိုက်နိုင်စွမ်း ရှိနေပြီဖြစ်သည်။
လုံယီသည် သူ၏ စွမ်းရည်ပြမျက်နှာပြင်ကို စစ်ဆေးလိုက်ရာ
[အမည်: လုံယီ]
[အသက်: ၁၉/၈၀]
[အဆင့်: ပဉ္စမအဆင့်ချီစွမ်းအား သိုင်းပညာရှင် (0/600)]
[ကျင့်စဉ်: အဝါရောင်အစွန်းရောက် ထွက်သက်ဝင်သက်ကျင့်စဉ် (ဒုတိယအဆင့်၊ ပြီးပြည့်စုံသောအဆင့် 0/10000 + ဝိညာဉ်ချောမွေ့ခြင်းပန်း ၁ ပွင့်)၊ ဟူမိသားစု ထွက်သက်ဝင်သက်ကျင့်စဉ် (မစတင်ရသေး 0/10)]
[ကျွမ်းကျင်မှုများ: လုံမိသားစု ပုဆိန်သိုင်း (ပြီးပြည့်စုံသောအဆင့် 0/5000)၊ အစွန်းရောက်လက်သီး (ပြီးပြည့်စုံသောအဆင့် 0/3000)၊ ကျောက်ခဲပစ်ခြင်း (ကျွမ်းကျင် 0/30)၊ ပေါ့ပါးသောကိုယ်ဟန်သိုင်း (ပြီးပြည့်စုံသောအဆင့်)၊ အခြေခံလှံသိုင်း (အခြေခံ 0/6)၊ လျှို့ဝှက်ကျွမ်းကျင်မှု: နဂါးဖောက်ထွင်းခြင်းအတတ် အပိုင်းအစ (၁)၊ စွမ်းအင်ပိတ်ဆို့ခြင်းအတတ် (အခြေခံ 0/3)]
[ပါရမီများ: ကျောက်သားအသွင်ပြောင်းခြင်း (အောင်မြင်မှုအဆင့်ငယ် 0/1000 + နှင်းဖြူကျောက် ၅ ခု + ကြယ်အေးသံရိုင်း ၁ ခု)၊ လျှပ်စီးအလားမြန်ဆန်ခြင်း (ကျွမ်းကျင် 0/100 + နတ်ဘုရားပိုးချည် ၁ ခု)၊ ရုပ်ဖျက်ခြင်း (ကျွမ်းကျင် 0/300 + မြေကမ္ဘာဝိညာဉ်ရည် ၁ ခု)၊ ကြံ့ခိုင်ခြင်း (ကျွမ်းကျင် 0/200 + ရွှေနု ၁ ခု)၊ အဆိပ် (အခြေခံ 0/20 + အရိုးဆွေးမြက် ၁ ပင်)]
[စွမ်းအင်: ၁၅၆၀ အမှတ်]
ကျင့်စဉ်အဆင့်အပြင် အသိသာဆုံးသော ပြောင်းလဲမှုမှာ သူ၏ သက်တမ်းပင်။ သက်တမ်းမှာ ၁၀ နှစ်တိတိ တိုးလာခဲ့ပြီး ရှေးဟောင်းနယ်ပယ်မှသည် သက်ကြီးနယ်ပယ်သို့ ကူးပြောင်းသွားခဲ့ပြီ ဖြစ်သည်။
ပဉ္စမအဆင့်ချီစွမ်းအား သို့မဟုတ် ချီစွမ်းအင်ပတ်လမ်းကြီးအဆင့်သို့ ရောက်ရှိချိန်တွင် အရိုးများမှာ အကြီးအကျယ် အသွင်ပြောင်းလဲသွားပြီး အရိုးမှ သွေးကို ဖြစ်ပေါ်စေသည်ဖြစ်ရာ ၎င်းသည် ခန္ဓာကိုယ်အတွင်းရှိ သွေးများကို စင်ကြယ်အောင် ဆေးကြောသန့်စင်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။ ထို့ကြောင့် သက်တမ်း သိသိသာသာ တိုးလာခြင်းမှာ ကြိုတင်မှန်းဆ၍ ရနိုင်သော ကိစ္စဖြစ်သည်။
သို့သော်လည်း ချီစွမ်းအင်ပတ်လမ်းကြီးအဆင့်သို့ တက်လှမ်းပြီးနောက်တွင်မူ ထွက်သက်ဝင်သက်ကျင့်စဉ် မှ နေ့စဉ်ရရှိသော ကျွမ်းကျင်မှုအမှတ်မှာ ၈၀ မှ ၄၀ သို့ ထက်ဝက်ခန့် ကျဆင်းသွားသည်။ ထို့ကြောင့် ဆဠမချီစွမ်းအားအဆင့်သို့ တက်လှမ်းရန် နောက်ထပ် ရက်သတ္တပတ် နှစ်ပတ်ခန့် အချိန်ယူရပေဦးမည်။
နည်းနည်းတော့ နှေးသွားတာပဲ။
လုံယီက မျက်မှောင်ကြုတ်လိုက်မိသည်။
ယခင်က ဒုံးပျံကဲ့သို့ အရှိန်အဟုန်ဖြင့် တက်လှမ်းခဲ့သည်ကို ကျင့်သားရနေသဖြင့် ယခုကဲ့သို့ အရှိန်နှေးသွားခြင်းမှာ သူ့အတွက် အနည်းငယ် နေရခက်စေသည်။ ဆင်းရဲရာမှ ချမ်းသာရန် လွယ်သော်လည်း ချမ်းသာရာမှ ဆင်းရဲရန် ခက်သည်ဆိုသကဲ့သို့ပင်။ သို့သော် အခြားသိုင်းသမားများသာ ဤစကားကို ကြားပါက သူ့ကို ဝိုင်းပြီး ရိုက်သတ်ချင်ကြပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် လုံယီ၏ လက်ရှိတိုးတက်မှုအရှိန်မှာပင် သမိုင်းတစ်လျှောက် မရှိဖူးလောက်အောင် မြန်ဆန်လွန်းနေသောကြောင့်ပင်။
မြို့ရိုးပေါ်သို့ သူပြန်ရောက်လာချိန်တွင် တစ်နာရီပင် မပြည့်သေးချေ။ မြို့စားမင်းလီသည် အောက်ဘက်ရှိ သားရဲလှိုင်းများ၏ အခြေအနေကို တစ်စုံတစ်ရာသော ပုံစံများ ဖော်ထုတ်နိုင်ရန် အနုစိတ် စစ်ဆေးနေဆဲပင်။
သူ့အနားတွင် စစ်သူကြီးကောင်းနှင့် တပ်မှူးဝမ်တို့အပြင် ထိုင်ဝမ်မြို့တွင် အင်အားအကြီးဆုံးနှင့် အဆင့်အတန်းအမြင့်ဆုံး ပုဂ္ဂိုလ်များဖြစ်သည့်စစ်သူကြီးယွဲ့၊ နည်းပြဟန်၊ ဖန်းမိသားစုခေါင်းဆောင်၊ လင်းအစောင့်တပ်မှူး၊ အဘိုးကြီးရွှီနှင့် အဘိုးကြီးရှီတို့ ရှိနေကြသည်။ လမ်းလျှောက်လာနေသော လုံယီကိုပါ ထည့်သွင်းရေတွက်ပါက စုစုပေါင်း သိုင်းဆရာအဆင့်ရှိ ပညာရှင် ၇ ဦး ရှိနေပြီဖြစ်သည်။
“မြို့စားမင်း... ဒီနေ့ မြို့ရိုးပေါ်မှာ သိုင်းသမား ၈ ယောက် ထပ်သေပြန်ပြီ။ ပြီးခဲ့တဲ့ နှစ်ရက်အတွင်း မြို့ထဲမှာ ဆူပူမှုပေါင်း ၁၆ ကြိမ် ဖြစ်ပွားခဲ့ပြီး အများစုက စားနပ်ရိက္ခာအတွက်ပါ... အကယ်၍ သားရဲဘုရင်ကို မသတ်နိုင်ရင် သားရဲလှိုင်းတွေ ပြီးဆုံးသွားချိန်အထိ ငါတို့ ခံစစ်ကို ထိန်းထားနိုင်ခဲ့ရင်တောင် ထိုင်ဝမ်မြို့တစ်ခုလုံးက သင်္ချိုင်းမြို့ကြီး ဖြစ်သွားပါလိမ့်မယ်”
စစ်သူကြီးကောင်း၏ ပြတ်သားလှသော အသံကြောင့် လုံယီသည် မျက်လုံးကို ကျဉ်းလိုက်ပြီး အခြေအနေကို အကဲခတ်လိုက်သည်။
“မင်းတို့အားလုံး ယုံကြည်ချက် ရှိကြရဲ့လား”
မြို့စားမင်းသည် စည်းရုံးခြင်း ခံလိုက်ရပုံရပြီး သူ၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ထင်ဟပ်လာသည်။
“ငါတို့ နည်းလမ်း စဉ်းစားပြီးသားပါ။ လူတစ်ယောက်က အာရုံလွှဲပြီး ဝံပုလွေမိစ္ဆာ ခုနစ်
ကောင်ကို လူစုခွဲပစ်မယ်။ အဲဒီအချိန်မှာ ကျန်တဲ့လူတွေက အခွင့်ကောင်းယူပြီး အနီရောင်
ဝံပုလွေဘုရင်ကို အပြတ်ရှင်းမှာပါ”
ဖန်းမိသားစုခေါင်းဆောင်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
“ဒီနည်းလမ်းက ရိုးရှင်းပေမဲ့ ရိုးရှင်းလေလေ ဟာကွက်နည်းလေလေပါပဲ”
“လူဘယ်နှစ်ယောက် လိုမလဲ”
မြို့စားမင်းက မျက်မှောင်ကြုတ်ကာ မေးသည်။
“အများဆုံး လေးယောက်ပါ။ အနီရောင်ဝံပုလွေဘုရင်က သားရဲဘုရင်တွေထဲမှာတော့ အားအနည်းဆုံးလို့ ပြောလို့ရပါတယ်။ သုံးယောက်ပြိုင်တူ တိုက်ခိုက်မယ်ဆိုရင် ထွက်သက်ဝင်သက် ဆယ်ကြိမ်အတွင်းမှာတင် အဆုံးသတ်နိုင်ပါတယ်”
ခေါင်းဆောင်ဖန်းက ပြောရင်း ချက်ချင်းပင် သူသည် လုံယီကို ယုတ်မာသော အကြည့်ဖြင့် ကြည့်လိုက်ပြီး “ဒါပေမဲ့ ဝံပုလွေအုပ်ရဲ့ အာရုံကိုဆွဲဆောင်မယ့် ရှေ့ထွက်ကတော့ အရမ်းအန္တရာယ်များပါတယ်။ ထိပ်တန်း ခွန်အားနဲ့ စိတ်ဓာတ်ရှိတဲ့သူမျိုးမှပဲ ဒီတာဝန်ကို ထမ်းဆောင်နိုင်ပါလိမ့်မယ်”
အားလုံး တိတ်ဆိတ်သွားကြသည်။ ရှင်းလင်းလှသည်မှာအစာအဖြစ် အသုံးချခံရမယ့် ထိုသူသည် အန္တရာယ်အရှိဆုံး နေရာတွင် ရှိနေပြီး အနည်းငယ် အမှားအယွင်းရှိသည်နှင့် အသက်ပျောက်နိုင်ပေသည်။
“ဘယ်သူက ရှေ့ထွက်လုပ်မှာလဲ”
အဘိုးကြီးရှီက သူ၏နှာခေါင်းကို နှိုက်ရင်း ခနဲ့တဲ့တဲ့ မေးလိုက်သည်။
“ငါတို့ မဲနှိုက်ပြီး ရွေးကြရင်ကော မဲအများဆုံးရတဲ့သူ သွားပေါ့”
အစောင့်တပ်မှူးလင်းက လေးနက်သောလေသံဖြင့် အကြံပြုသည်။
ဤစကားကို ကြားလိုက်ရုံနှင့် ဤမြေခွေးအိုကြီးများအားလုံးသည် သူ့ကို သေတွင်းထဲသို့ ပို့ရန် ပူးပေါင်းကြံစည်နေကြမှန်း လုံယီ သိလိုက်သည်။ စစ်သူကြီးကောင်း၊ ခေါင်းဆောင်ဖန်း၊ အစောင့်တပ်မှူးလင်းနှင့် အဘိုးကြီးရွှီတို့မှာ သိသိသာသာပင် တစ်ဖွဲ့တည်း ဖြစ်နေကြသည်။ မြို့စားမင်းအနေဖြင့် မဲပေးရာတွင် ပါဝင်မည်မဟုတ်ရာ သူတို့က အများစုဖြစ်နေသဖြင့် သူတို့အလိုရှိသူကို မဲပေးရွေးချယ်နိုင်ပေသည်။
ငါ့ကို ထောင်ချောက်ဆင်ချင်တယ်ဆိုရင်တော့... မင်းတို့လည်း ပြန်ပက်ခံရဖို့ ပြင်ထားကြပေဦးတော့။
လုံယီ ကြုံးဝါးလိုက်ပြီး သူ၏ရင်ထဲတွင် သတ်ဖြတ်လိုစိတ်များ တဟုန်ထိုး မြင့်တက်လာတော့သည်။
သို့သော် မမျှော်လင့်ဘဲ မြို့စားမင်းလီက ခေါင်းယမ်းလိုက်သည်။
“ဒါက မသင့်တော်ဘူး။ မဲနှိုက်ပြီးပဲ ဆုံးဖြတ်ကြရအောင်”
ဤစကားကြောင့် အနားရှိ လူများအားလုံး မျက်နှာပျက်သွားကြသည်။
“ကျွန်တော်တို့အားလုံးက သိုင်းဆရာအဆင့်တွေ ဖြစ်ပေမဲ့ တစ်ယောက်နဲ့တစ်ယောက် ကျွမ်းကျင်တာချင်း မတူကြဘူးလေ။ မဲနှိုက်ပြီး ဆုံးဖြတ်တာက သိပ်ပြီး ပေါ့ဆရာမကျဘူးလား”
အမြဲတမ်း အေးအေးဆေးဆေး နေတတ်သော အဘိုးကြီးရွှီပင်လျှင် မနေနိုင်တော့ဘဲ သူ၏ ရင်ဘတ်အထိကျနေသော မုတ်ဆိတ်ရှည်ကြီးကို သပ်ရင်း ကန့်ကွက်တော့သည်။
သို့သော် မြို့စားမင်းကမူ ပြတ်သားလှသည်။
“စစ်သူကြီးကောင်း... ဝါးကျည်တောက်၊ မဲတံနဲ့ မှင်တွေ ယူလာဖို့ အမိန့်ပေးလိုက်စမ်း”
စစ်သူကြီးကောင်း၏ မျက်နှာမှာ အလွန်ပင် ပျက်နေသော်လည်း အမိန့်ကို မလွန်ဆန်ရဲသဖြင့် အရိုအသေပေးကာ ထွက်သွားရတော့သည်။
ဤသည်ကို ကြည့်ပြီး လုံယီ၏ မျက်နှာထားမှာ ထူးဆန်းသွားသည်။ ဤမျိုးနွယ်စုကြီးများသည် ဤအခွင့်အရေးကို သုံးပြီး သူတို့နှင့် မသင့်မြတ်သူများကို ဖယ်ရှားရန် ကြံစည်ခဲ့ကြသော်လည်း မြို့စားမင်းက ရုပ်သေးရုပ်မဟုတ်ဘဲ သူတို့၏ ဇာတ်ညွှန်းအတိုင်း ကပြမည့်သူမဟုတ်ကြောင်း သူတို့ မမျှော်လင့်ထားခဲ့ကြချေ။