← Chapters

အခန်း (၃၀၁)

Vol. 31 Ch. 301

အခန်း (၃၀၁)

Vol. 31 Ch. 301

အခန်း ၃၀၁

တောင်တန်းမြို့ဟောက်ယွန်းအိမ်ရာဝင်း

"သေစမ်း "

အဆောက်အအုံရှေ့ မြက်ခင်းပြင်ထက်မှ စူးရှသော အော်ဟစ်သံတစ်ချက် ထွက်ပေါ်လာသည်။ ကျောက်လင်းသည် သံမဏိဓားကို ကိုင်စွဲကာ အဝေးတွင် ငြိမ်သက်စွာ ရပ်နေသော လျှပ်စီး ၁ ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားရာ သူမ၏အရှိန်ကြောင့် လေပြင်းများပင် ဝဲခတ်သွားတော့သည်။

သူမ တဟုန်ထိုး ပြေးဝင်လာသော်လည်း လျှပ်စီး ၁ ကမူ တုပ်တုပ်မျှမလှုပ်ဘဲ ရပ်နေဆဲပင်။

ကျောက်လင်းသည် သူ၏ရှေ့တည့်တည့်သို့ ရောက်ရှိကာ သံမဏိဓားဖြင့် ခုတ်ပိုင်းရန် ပြင်လိုက်သည့်အချိန်မှသာ လျှပ်စီး ၁ သည် နာမည်နှင့်လိုက်အောင် လျှပ်စစ်စီးသကဲ့သို့ လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ သူသည် ကျောက်လင်း၏ အမြင်အာရုံထဲမှ ချက်ချင်းပျောက်ကွယ်သွားပြီး သူမ၏ ဘေးဘက်တွင် ပြန်လည်ပေါ်လာကာ ပြင်းထန်သော ကန်ချက်တစ်ချက် ကျွေးလိုက်တော့သည်။

ဘုန်း

"အား... "

ကျောက်လင်းသည် အော်ဟစ်ရင်း လွင့်ထွက်သွားကာ အဆောက်အအုံရှေ့ မြက်ခင်းပေါ်သို့ ဘုန်းခနဲ ကျဆင်းသွားပြီး အရှိန်ဖြင့် အကြိမ်အနည်းငယ် လိမ့်သွားပြီးမှ ရပ်တန့်သွားသည်။

တစ်ဖက်တွင်မူ လုချွမ်းသည် အသားကင်စင်အနားတွင် ချီချီလေးနှင့်အတူ ရှိနေပြီး ကြက်သားကင်ကို အေးအေးလူလူ စားရင်း ထိုတိုက်ပွဲကို အကဲခတ်နေသည်။

"မမကျောက်လင်းရယ်... အဆင့် ၄ ဆင့်ကဲဇွန်ဘီကို မမ မနိုင်ပါဘူး။ ဆက်မကြိုးစားပါနဲ့တော့"

ကြက်တောင်ပံတစ်ဖက်ကို စားပြီးနောက် ကျိရုရွှယ်သည် သနားစရာကောင်းလှသော ကျောက်လင်း၏ အခြေအနေကို ကြည့်ကာ သက်ပြင်းချရင်း လှမ်းအော်ပြောလိုက်သည်။

ဒီရက်ပိုင်း သားရဲတွေကို အမဲလိုက်ရင်းနဲ့ ကျောက်လင်းတစ်ယောက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ လွန်ကဲနေပုံပင်။ ယနေ့တွင် သူမသည် လုချွမ်းကို အတင်းအကျပ် ပူဆာပြီး အဆင့် ၄ ဇွန်ဘီတစ်ကောင်နှင့် လေ့ကျင့်တိုက်ခိုက်ခွင့် တောင်းဆိုခဲ့ခြင်းပင်။

အရင်တုန်းက အဆင့် ၄ ဇွန်ဘီရဲ့ အရိုက်အနှက်ကို ဘယ်လောက် ခံခဲ့ရသလဲဆိုတာကို သူမ လုံးဝ မေ့သွားပုံပဲ။

ပြီးခဲ့တဲ့တစ်ခေါက်ကလည်း တစ်ကိုယ်လုံး ဖူးယောင်နေအောင် အရိုက်ခံခဲ့ရတာတောင် ခုထိ သင်ခန်းစာ မရသေးဘူးပဲ...

ဘေးတွင် ထိုင်နေသော လုချွမ်းကမူ ဤမြင်ကွင်းကို ကြည့်ကာ ခပ်ပြုံးပြုံး ဖြစ်နေသည်။ သူက ကျောက်လင်းကို နှိပ်စက်ချင်နေသည် မဟုတ်ဘဲ သူမကိုယ်တိုင်က အတင်းအကျပ် တောင်းဆိုနေသဖြင့် ခွင့်ပြုပေးလိုက်ရခြင်းသာ ဖြစ်သည်။

သူမ ဘယ်လောက်ပဲ အနှိပ်စက်ခံရပါစေ... ငါနဲ့တော့ မဆိုင်ဘူးလေ။

"အဟွတ်... အဟွတ်... ချီချီလေးရယ် စိတ်မပူပါနဲ့။ မမက အဲဒီလောက်အထိ အားမငယ်ပါဘူး။ အဆင့် ၄ ဆင့်ကဲဇွန်ဘီတစ်ကောင်ပဲဟာကို... ငါမယုံနိုင်ဘူး..."

ကျောက်လင်းသည် သူမ၏ ခါးကိုနှိပ်ရင်း အားယူကာ ပြန်ထရပ်လိုက်သည်။ အကြိမ်အနည်းငယ် ချောင်းဆိုးလိုက်ပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲနာကျင်နေမှုကို အံတုကာ လျှပ်စီး ၁ ထံသို့ နောက်တစ်ကြိမ် ထပ်မံပြေးဝင်သွားပြန်သည်။

"အား... "

နောက်တစ်စက္ကန့်တွင်တော့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားသော ကျောက်လင်းသည် အရှိန်အဟုန်ဖြင့်ပင် နောက်သို့ ပြန်လည်လွင့်ထွက်လာကာ မြက်ခင်းပြင်ပေါ်သို့ ဘုန်းခနဲ ပြုတ်ကျသွားပြန်သည်။ သူမသည် နာကျင်မှုကြောင့် တစ်ကိုယ်လုံး လိပ်နေအောင် ကွေးသွားပြီး ညည်းတွားနေတော့သည်။

ကြက်ပေါင်တစ်ချောင်းကို မြိန်ရည်ယှက်ရည် စားနေသော ကျိရုရွှယ်မှာ ဆက်ပင်မကြည့်

ရက်တော့ပေ။

ဒါက ကိုယ့်ကိုယ်ကိုယ် အနှိပ်စက်ခံဖို့ တောင်းဆိုနေတာ မဟုတ်ဘူးလား။

အဆင့် ၃ သားရဲတစ်ကောင်ကို နိုင်ရုံနဲ့ ကိုယ့်ကိုယ်ကိုယ် လောကမှာ အနိုင်မရှိတော့ဘူးလို့ တကယ်ပဲ ထင်နေတာလား

တစ်ဖက်တွင်မူ ကြက်ကင်ကို အပိုင်းပိုင်း ဖဲ့နေသော လုချွမ်းသည် နှုတ်ခမ်းထောင့်လေး အနည်းငယ် ကွေးရုံမျှ ပြုံးလိုက်မိသည်။

မင်းကမှ လက်တွေ့တိုက်ပွဲ လိုချင်တာဆိုတော့လည်း... ငါက လက်တွေ့ဆန်ဆန်ပဲ ပညာပေးလိုက်တာပေါ့။

ထို့နောက်တွင်လည်း ခေါင်းမာလှသော ကျောက်လင်းသည် လျှပ်စီး ၁ ကို နောက်ထပ် အကြိမ်အနည်းငယ် ထပ်မံစိန်ခေါ်ခဲ့သော်လည်း အကြိမ်တိုင်းတွင် မြန်နှုန်းမြင့်ဖြင့် လွင့်ထွက်သွားရသည်ချည်း ဖြစ်သည်။

နောက်ဆုံးတွင်တော့ အကြိမ်ကြိမ် အရိုက်ခံရပြီးနောက် ကျောက်လင်းသည် အစွမ်းချင်း ကွာခြားလွန်းလှသည်ကို ဝန်ခံလိုက်ရတော့သည်။

"တော်ပြီ... တော်ပြီ... မတိုက်တော့ဘူး "

တစ်ကိုယ်လုံး နာကျင်လွန်း၍ တုန်ယင်နေသော ကျောက်လင်းသည် သူမ၏ တိုက်ခိုက်မှုကို စောင့်ဆိုင်းနေသော လျှပ်စီး ၁ ကို လက်လျှော့အရှုံးပေးသည့်အနေဖြင့် လက်ကာပြလိုက်သည်။

ဒီလို လျင်မြန်ဖြတ်လတ်တဲ့ အမျိုးအစားဇွန်ဘီတွေက ငါ့အတွက်တော့ အမီလိုက်ဖို့တောင် မဖြစ်နိုင်တာ တိုက်ခိုက်ဖို့ဆိုတာ ဝေးရောပဲ။

တစ်ဖက်သတ် အရိုက်ခံနေရတာပဲ ရှိတယ်။

ကျောက်လင်း၏ စကားကို ကြားသောအခါ လျှပ်စီး ၁ သည် လုချွမ်း၏ ထိန်းချုပ်မှုအောက်တွင် ဖြည်းဖြည်းချင်း နောက်ဆုတ်သွားတော့သည်။

ကျောက်လင်းသည် အသားကင်စင်အနားသို့ လမ်းလျှောက်လာရာ ကျိရုရွှယ်က ကြက်ကင်တစ်ဝက်ကို ကမ်းပေးရင်း "မမကျောက်လင်း... ဒါလေး စားလိုက်ပါဦး မမအတွက် ဖေဖေ့ကို အထူးမှာပြီး ဖယ်ခိုင်းထားတာပါ"

"ချီချီလေးရယ်... မင်းကတော့ မမအပေါ်မှာ အကောင်းဆုံးပဲ "

ကျောက်လင်းသည် ထိုစကားကို ကြားသောအခါ ပြုံးရွှင်သွားပြီး ကြက်ကင်ကို လှမ်းယူကာ ချီချီလေး၏ ခေါင်းကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။

"မမကျောက်လင်း အေးအေးဆေးဆေး စားထားလိုက်နော်။ သမီး အပေါ်ထပ်မှာ လုပ်စရာလေးတွေ ရှိသေးလို့ တက်သွားလိုက်ဦးမယ်"

ကျောက်လင်း အငမ်းမရ စားနေသည်ကို ကြည့်ပြီး ကျိရုရွှယ်မှာ အနည်းငယ် ပြုံးစိစိဖြစ်သွားကာ စကားတစ်ခွန်း ပြောပြီးနောက် အပေါ်ထပ်သို့ တက်သွားတော့သည်။

ညနေ သုံးနာရီ၊ လေးနာရီခန့်တွင်...

ကျောက်လင်းသည် အပြင်၌ သားရဲများနှင့် တိုက်ခိုက်ပြီးနောက် အမြုတေအချို့ကို ဆုပ်ကိုင်လျက် ပြန်ရောက်လာသည်။ သူမ၏ မျက်နှာပေါ်တွင် ပျောက်ကွယ်နေသော ယုံကြည်မှုများ တစ်ဖန် ပြန်လည်စိုးမိုးလာပြီး ဧည့်ခန်းထဲသို့ ဝမ်းသာအားရ ဝင်လာကာ အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။

"ချီချီလေး... မြန်မြန်ထွက်လာခဲ့ဦး ဒီတစ်ခေါက် ငါ ဘာတွေ ရလာလဲ ကြည့်စမ်း "

ပြောပြောဆိုဆိုဖြင့် ကျောက်လင်းသည် အဆင့် ၃ အမြုတေ တစ်ခုနှင့် အဆင့် ၂ အမြုတေ အတော်များများကို စားပွဲပေါ်သို့ ဘုန်းခနဲ တင်လိုက်သည်။

ထိုအသံကို ကြားသောအခါ ကျိရုရွှယ် ထွက်လာပြီး စားပွဲပေါ်ရှိ အမြုတေများကို မြင်လျှင် အံ့သြချီးကျူးဟန်ဆောင်ကာ ပြောလိုက်သည်။

"မမကျောက်လင်းက တကယ့်ကို အံ့သြဖို့ကောင်းတာပဲ "

ချီချီလေး၏ ချီးကျူးမှုကို ရရှိလိုက်သဖြင့် ကျောက်လင်းမှာ အတိုင်းမသိ ပျော်ရွှင်သွားပြီး သူမ၏ တိုက်ပွဲအတွေ့အကြုံများကို ကျိရုရွှယ်အား တစ်နေကုန် ပြောပြနေတော့သည်။

တစ်ချိန်တည်းမှာပင် လော့ရှန်းသည် အမိန့်အရ သူ၏ နောက်လိုက်အချို့နှင့်အတူ ပျံသန်းနိုင်သော သားရဲများကို စီးနင်းကာ တောင်တန်းမြို့ မြို့ပြဧရိယာသို့ ရောက်ရှိလာသည်။

လမ်းမပေါ်တွင် ကျောက်လင်း တိုက်ခိုက်နေသည်ကို နောက်တစ်ကြိမ် ထပ်မံတွေ့ရှိရသော်လည်း လော့ရှန်းနှင့်အဖွဲ့သည် ချက်ချင်း မတိုက်ခိုက်ဘဲ သူမ၏နောက်သို့ တိတ်တဆိတ် လိုက်ပါလာခဲ့ကြရာ နောက်ဆုံးတွင် ဟောက်ယွန်းအိမ်ရာဝင်း၏ ဂိတ်ဝသို့ ရောက်ရှိသွားကြသည်။

အိမ်ရာဝင်း၏ အလိုအလျောက် သံဂိတ်တံခါးမှာ မြဲမြံစွာ ပိတ်ထားသော်လည်း ဂိတ်ဝတွင် ဇွန်ဘီရုပ်သေးများ စောင့်ကြပ်နေခြင်း မရှိပေ။ အကြောင်းမှာ အဆင့် ၅ ဇွန်ဘီရုပ်သေးတစ်ကောင်၏ အရှိန်အဝါရှိနေသဖြင့် မည်သည့်ဇွန်ဘီမှ အနားမကပ်ရဲသလို မြို့ထဲတွင် သားရဲများ ပေါများနေခြင်းကြောင့် အဝေးကပင် သတိထားမိနိုင်သောကြောင့် ဖြစ်သည်။

ငှက်ကြီးတစ်ကောင်၏ ကျောပေါ်တွင် ရပ်နေသော သားရဲယဉ်ပါးသူတစ်ဦးက အိမ်ရာဝင်းထဲသို့ အသံကုန် အော်ဟစ်လိုက်သည်။

"အတွင်းက သူငယ်ချင်းတို့... မင်းတို့ အထဲမှာ ရှိနေတာ ငါတို့ သိပါတယ်။ ငါတို့မှာ ရန်လိုတဲ့ စိတ်မရှိပါဘူး။ ကျေးဇူးပြုပြီး အပြင်ထွက်ပြီး တွေ့ဆုံပေးကြပါ "

ထိုအသံမှာ အလွန်ကျယ်လောင်လှသဖြင့် ဧည့်ခန်းအတွင်းရှိ ကျောက်လင်းနှင့် ကျိရုရွှယ်တို့၏ နားထဲသို့ တိုက်ရိုက် ရောက်ရှိသွားတော့သည်။

"လူတွေ ရောက်လာပြီ "

ကျောက်လင်းသည် ရုတ်တရက် ထရပ်လိုက်ပြီး သူမ၏ မျက်နှာအမူအရာမှာလည်း ချက်ချင်း ပြောင်းလဲသွားသည်။

သူမ၏ဘေးတွင် ရှိနေသော ကျိရုရွှယ်သည်လည်း မျက်မှောင်အနည်းငယ် ကြုတ်သွားမိသည်။ ဤဖြစ်ရပ်မှာ ယခင်က နဂါးကျားဂိုဏ်းရောက်လာစဉ်က အခြေအနေနှင့် ဆင်တူနေသဖြင့် သူမအနေဖြင့် မလွှဲမရှောင်သာ သတိထားမိသွားခြင်း ဖြစ်သည်။ ထိုစဉ်ကလည်း တစ်ဖက်လူမှာ အလားတူ စကားမျိုးကိုပင် ပြောခဲ့သည်။

"ချီချီလေး မင်း ဒီမှာပဲ နေခဲ့နော်။ မမ အရင်သွားကြည့်လိုက်ဦးမယ်"

ကျောက်လင်းက ကျိရုရွှယ်ကို မှာကြားပြီးနောက် အိမ်ရာဝင်းအဝင်ဝဆီသို့ ခပ်သွက်သွက် လျှောက်သွားလိုက်သည်။

"ရှင်တို့က ဘယ်သူတွေလဲ ပြီးတော့ ဘာကိစ္စရှိလို့လဲ "

တစ်ဖက်လူတွေ စီးနင်းလာတဲ့ ပျံသန်းနိုင်တဲ့ သားရဲကြီးတွေကို မြင်လိုက်ရတော့ ကျောက်လင်း အနည်းငယ် အံ့သြသွားမိသည်။

"သူငယ်ချင်း... မင်းရဲ့ စွမ်းဆောင်ရည်တွေကို ငါတို့ တွေ့ပြီးပြီ။ အဲဒါကြောင့် ငါတို့အဖွဲ့အစည်းထဲကို ဝင်ဖို့ လာဖိတ်ခေါ်တာပါ"

လော့ရှန်းသည် တော်တော်လေး ယဉ်ကျေးပျူငှာသောအမူအရာဖြင့် စတင်ပြောဆိုလိုက် သည်။ သို့သော် ကျောက်လင်းကမူ “စည်းရုံးရေးလား... မလိုပါဘူး။ ကျွန်မ ဘယ်အဖွဲ့အစည်းထဲကိုမှ မဝင်ချင်ဘူး။ ကျေးဇူးပြုပြီး ပြန်ကြပါတော့” ဟု တုံ့ပြန်လိုက်၏။

ကျိရုရွှယ် စဉ်းစားသကဲ့သို့ပင် ကျောက်လင်းသည်လည်း နဂါးကျားဂိုဏ်းကို ချက်ချင်း သတိရသွားမိ သည်။ အခြေအနေများမှာ ယခင်ကအတိုင်း တစ်ပုံစံတည်း ဖြစ်နေတော့သည်။ သူမ၏ အဖြေမှာလည်း ငြင်းဆန်ခြင်းပင်။ ဤကဲ့သို့သော မရေရာသည့် အဖွဲ့အစည်းများအတွင်းသို့ ဝင်ရောက်မည့်အစား ဇွန်ဘီဘုရင်၏ နောက်သို့ လိုက်ပါနေရခြင်းက ပိုမို၍ပင် သက်တောင့်

သက်သာ ရှိသေးသည်။

သို့သော် ငြင်းပယ်လိုက်ပါက တစ်ဖက်လူ ဒေါသထွက်လာနိုင်သည်ကို ကျောက်လင်း သိရှိနေသဖြင့် သူမသည် တိုက်ခိုက်ရန်အတွက်ပါ တစ်ခါတည်း ပြင်ဆင်ထားလိုက် သည်။ သူမ ထင်မှတ်သည့်အတိုင်းပင် ကျောက်လင်း၏ စကားကို ကြားလိုက်ရသောအခါ လော့ရှန်းနှင့် သူ၏ အဖွဲ့သားများမှာ မျက်နှာပျက်သွားကြ သည်။

“လော့... မင်းထင်တဲ့အတိုင်းပဲ ဒီမိန်းမက အကောင်းပြောလို့ မရဘူး။ ငါတို့ လက်တွေ့ပဲ ပြလိုက်ရင် မကောင်းဘူးလား”

ဘေးနားရှိ အဆင့် ၃ သားရဲယဉ်ပါးသူ ဝူယွမ်က လော့ရှန်းကို ကြည့်ကာ ပြောလိုက် သည်။

“ခဏလောက် စောင့်ဦး”

လော့ရှန်းက တားမြစ်လိုက်ပြီး ကျောက်လင်းကို နောက်တစ်ကြိမ် ထပ်မံစည်းရုံးကြည့်သေးသည်။

“သူငယ်ချင်း... ငါတို့အဖွဲ့ထဲဝင်ရင် အကျိုးကျေးဇူးတွေ အများကြီးရှိတယ်။ သားရဲအသားတွေ အလျှံပယ်ရမယ့်အပြင် မျိုးရိုးဗီဇ ဆင့်ကဲပြောင်းလဲတဲ့ ဆေးရည်တွေတောင် ရရှိဦးမှာပါ။ အသေအချာ ပြန်လည်စဉ်းစားကြည့်ပါဦး”

“သွားစမ်းပါ... ကျွန်မ ပြောပြီးပြီလေ။ ဘယ်အဖွဲ့ထဲမှ မဝင်ချင်ဘူးလို့”

ကျောက်လင်းက ခေါင်းကို ခါယမ်းရင်း ပြတ်ပြတ်သားသားပင် ငြင်းဆိုလိုက် သည်။

“ဟွန့်... အကောင်းပြောတုန်း မရဘူးဆိုတော့လည်း... ကောင်မ ငါတို့ဆီ မဝင်ဘူးဆိုရင် အဖြေက တစ်ခုပဲရှိတယ်။ အဲဒါ သေခြင်းတရားပဲ”

သားရဲယဉ်ပါးသူ ဝူယွမ်က ဒေါသတကြီး ဆဲဆိုလိုက်ပြီး သူ၏ စိတ်အာရုံကို လှုပ်ရှားလိုက် သည်။ ချက်ချင်းဆိုသလိုပင် သူ၏ဘေးမှ အဆင့် ၃ သားရဲကြီး သုံးကောင်မှာ ဝုန်းခနဲ ခုန်

ထွက်လာပြီး သံဂိတ်တံခါးအတွင်းရှိ ကျောက်လင်းကို စိုက်ကြည့်လျက် ဟိန်းဟောက်နေကြတော့သည်။

“အဆင့် ၃ သားရဲ သုံးကောင်လေးနဲ့တင် ဒီလောက်တောင် မောက်မာနေတာလား”

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ ကျောက်လင်း၏ မျက်နှာထက်၌ အေးစက်စက် အပြုံးတစ်ခု ပေါ်ပေါက်လာတော့သည်။

All Chapters