အခန်း (၃၀၆)
Vol. 31 Ch. 306
အခန်း။ ၃၀၆
အဆင့် ၅ သားရဲကြီး...
လုချွမ်းသည် ကျန်းဟိုင်မြို့မှသည် ဤတောင်တန်းမြို့အထိ တစ်လမ်းလုံး ခရီးနှင်လာခဲ့ရာတွင် တောရိုင်းအဆင့် ၄ သားရဲတစ်ကောင်နှင့်ပင် မဆုံခဲ့ဖူးချေ။ အဆင့် ၅ သားရဲဆိုသည်မှာမူ ပြောနေရန်ပင် မလိုတော့ချေ။
တောင်တန်းမြို့တွင် အဆင့် ၅ သားရဲတစ်ကောင် အမှန်တကယ် ရှိနေသည်ဟူသောအချက်ကို တွေးမိသည်နှင့် လုချွမ်း၏ စိတ်ထဲတွင် စိုးရိမ်ထိတ်လန့်မှုများ ရုတ်တရက် တိုးဝင်လာသည်။
သားရဲဘုရင်ဂိုဏ်း၏ တရားဓမ္မစောင့်ရှောက်သူ ပြောသွားသော စကားများအရ ဂိုဏ်းချုပ်ဖြစ်သူမှာ လက်ရှိတွင် ဂိုဏ်းအတွင်း၌ မရှိဘဲ ထိုအဆင့် ၅ သားရဲကြီးကို သွားရောက်ဖမ်းဆီး သို့မဟုတ် ထိန်းချုပ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
အကယ်၍ တစ်ဖက်လူသာ ထိုသားရဲကြီးကို အောင်မြင်စွာ ထိန်းချုပ်နိုင်သွားပါက သေချာပေါက် သူ၏ အဓိကရန်သူတော်ကြီး ဖြစ်လာပေလိမ်မည်။
လုချွမ်း၏ လက်ရှိ အဆင့် ၅ တိုက်ခိုက်ရေးအင်အားတွင် မသေမျိုး ၁ နှင့် အာဖန်းတို့သာ ရှိပြီး ကျန်ရှိသော အဆင့် ၄ ဇွန်ဘီရုပ်သေးများသည် အဆင့် ၅ သားရဲတစ်ကောင်နှင့် ယှဉ်လျှင် ဘာမှအသုံးမဝင်လှပေ။
သူ၏ လက်အောက်ရှိ အဆင့် ၅ တိုက်ခိုက်ရေးစွမ်းရည်မှာ အကန့်အသတ် ရှိနေဆဲပင်။ အကယ်၍သာ အရေအတွက် လုံလောက်အောင် များပြားနေမည်ဆိုပါက ထိုအဓိပ္ပာယ်မရှိသော သားရဲဘုရင်ဂိုဏ်းချုပ်သည် အဆင့် ၅ သားရဲကြီးကို ဖမ်းမိသည်ဖြစ်စေ မဖမ်းမိသည်ဖြစ်စေ ဘာဂရုစိုက်စရာ လိုမှာလဲ။
မျက်စိတစ်မှိတ်အတွင်းမှာပင် လုချွမ်း၏ အကြည့်များမှာ ခက်ထန်သွားပြီး မျက်နှာမှာ ပြတ်သားမှုများဖြင့် ပြည့်နှက်သွားသည်။
စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထားပြီးနောက် လုချွမ်းသည် သူ၏ ဇွန်ဘီရုပ်သေး ၄ ကောင်ကို သားရဲဘုရင်ဂိုဏ်း၏ လက်ကျန်အဖွဲ့ဝင်များကို ဆက်လက်သုတ်သင်ရန် စေခိုင်းလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ နှစ်ဖက်စလုံးမှာ ရန်သူများ ဖြစ်သွားကြပြီဖြစ်ရာ သူအနေဖြင့် ညှာတာနေရန် အကြောင်းမရှိပေ။
တရားဓမ္မစောင့်ရှောက်သူကြီး အသတ်ခံလိုက်ရသည်ကို မြင်လိုက်ရသည့် ခဏမှာပင် ကျန်ရှိနေသော ဂိုဏ်းသားများမှာ အစွန်းကုန် မျှော်လင့်ချက်မဲ့သွားကြသည်။ သို့သော်လည်း အသက်ရှင်လိုသည့် ဗီဇစိတ်ကြောင့် သူတို့သည် တောင်ပေါ်သို့ ရူးသွပ်စွာ ထွက်ပြေးနေကြတော့သည်။
သို့သော် အဆင့် ၄ နှင့် အဆင့် ၅ ရှိသော ဆင့်ကဲဇွန်ဘီရုပ်သေးများကို ရင်ဆိုင်ရသည့်အခါတွင်မူ ထိုသားရဲဘုရင်ဂိုဏ်းဝင်များမှာ အင်အားမရှိရုံသာမက သူတို့၏ အလျင်နှုန်းမှာလည်း ခရုတစ်ကောင်ကဲ့သို့ နှေးကွေးနေတော့သည်။
"အား... "
ဆန်းယွဲ့တောင်တန်းတစ်ခုလုံးတွင် အော်ဟစ်သံများ ပဲ့တင်ထပ်သွားပြီးနောက် သားရဲဘုရင်ဂိုဏ်းသားများသည် ဇွန်ဘီရုပ်သေးလေးကောင်၏ လက်ချက်ဖြင့် အလျင်အမြန် သုတ်သင်ခြင်း ခံလိုက်ရသည်။ နောက်ဆုံးတွင် ထိုအော်ဟစ်သံများမှာ ရုတ်တရက် တိတ်ဆိတ်သွားတော့သည်။
အဆုံး၌ ထွက်မပြေးနိုင်ခဲ့သော ဂိုဏ်းသားအားလုံးမှာ အသက်ပျောက်ခဲ့ကြပြီး သူတို့၏ ရုပ်အလောင်းများမှာ ဆန်းယွဲ့တောင်လမ်းတစ်လျှောက်တွင် ဖရိုဖရဲ လဲကျနေကြသည်။
အစိုးရတပ်ဖွဲ့များပင် ဘာမှမတတ်နိုင်ခဲ့သော သားရဲဘုရင်ဂိုဏ်းသည် ယနေ့တွင်တော့ လုချွမ်းထိန်းချုပ်ထားသည့် ဇွန်ဘီရုပ်သေးလေးကောင်၏ လက်ချက်ဖြင့် အမြစ်ပြတ် သုတ်သင်ခြင်း ခံလိုက်ရသည်။
တောင်လမ်းအတိုင်း တက်လာရင်း လုချွမ်းသည် ဇွန်ဘီရုပ်သေးများ၏ အကူအညီဖြင့် လိုဏ်ဂူများရှေ့ရှိ သားရဲဘုရင်ဂိုဏ်း၏ အခြေစိုက်စခန်းသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။
တောင်လမ်း၏ ဘေးတစ်ဖက်တစ်ချက်စီကို ကြည့်လိုက်ရာ လုချွမ်းသည် မြေကွက်အချို့ကို ရှင်းလင်း၍ စိုက်ပျိုးထားသည်ကို တွေ့လိုက်ရသည်။ ထိုမြေကွက်များပေါ်တွင် စိမ်းစိုနေသော ဟင်းသီးဟင်းရွက်များမှာ ဝေဆာနေကြသည်။
ထို့ပြင် အနီးအနားရှိ ပို၍တည်ငြိမ်သော နေရာများတွင် သစ်သားတဲအသစ်များစွာ ဆောက်လုပ်ထားပြီး ဘေးတွင် အဝတ်အစားများ လှန်းထားသည်ကို တွေ့ရသည်။ အချို့သော တဲများ၏ ဘေးတွင်မူ ရိုးရှင်းသော ဝက်ခြံအချို့ပင် ရှိနေသေးသည်။
အချို့သော ထောင့်များတွင်မူ ရေမြောင်းများ တူးထားသည်ကို လုချွမ်း မြင်လိုက်ရသည်။ ထိုရေမြောင်းများသည် တောင်ပေါ်မှ ပိုလျှံနေသော မိုးရေများကို အောက်သို့ စီးဆင်းသွားစေရန် ရည်ရွယ်ထားပုံပင်။
ဤမြင်ကွင်းများကို မြင်လိုက်ရသောအခါ သားရဲဘုရင်ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုမှာ မဆိုးလှကြောင်း အသက်ရှင်ကျန်ရစ်သူ စခန်းငယ်လေးတစ်ခုနှင့်ပင် တူနေကြောင်း လုချွမ်းက စိတ်ထဲမှ ချီးကျူးမိလိုက်သည်။
ဤအရာများက သူ့ကို လူသားဆင့်ကဲပြောင်းလဲသူများ၏ ဖျက်ဆီးခြင်း ခံလိုက်ရသော သူ၏ ကိုယ်ပိုင်လယ်တောလေးကို မလွဲမသွေ သတိရသွားစေသည်။
အခြေအနေအားလုံးကို လေ့လာပြီးနောက် လုချွမ်းသည် ဇွန်ဘီရုပ်သေးများကို ရှေ့သို့ ဆက်လက်တိုးဝင်စေကာ လိုဏ်ဂူများအတွင်းသို့ ဝင်ရောက်လိုက် သည်။
လုချွမ်းသည် လိုဏ်ဂူအတွင်းသို့ ခြေချလိုက်သည်နှင့် နံရံများတွင် ချိတ်ဆွဲထားသော လျှပ်စစ်မီးသီးများနှင့် တောင်နံရံတစ်လျှောက် သွယ်တန်းထားသည့် ဝါယာကြိုးများကြောင့် အလွန်အံ့အားသင့်သွားရသည်။ ၎င်းမှာ အမှန်တကယ်ပင် တောက်ပသော အလင်းရောင်များ ဖြစ်သည်။
တောင်တန်းမြို့၏ အကြီးဆုံး ဆင့်ကဲပြောင်းလဲသူများ အဖွဲ့အစည်းဖြစ်သည့် သားရဲဘုရင်
ဂိုဏ်းသည် သူတို့၏ အခြေစိုက်စခန်း တည်ဆောက်ရေးအတွက် အမှန်တကယ်ပင် အားထုတ်ကြိုးပမ်းခဲ့ကြသည်။ သူတို့သည် တစ်နေရာရာမှ မီးစက်တစ်လုံးကို ရှာတွေ့ထားပုံရပြီး ဂိုဏ်းအတွက် လိုအပ်သော လျှပ်စစ်မီးကို ထောက်ပံ့ပေးထားခြင်းပင်။
မီးစက်မှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အားမှာ အခြားအရာများအတွက် အသုံးမဝင်လှသော်လည်း အလင်းရောင်ပေးရန်အတွက်မူ လုံလောက်လှသည်။ ကမ္ဘာပျက်ကပ်ကြီးအပြီးတွင် တောရိုင်းထဲ၌ နေထိုင်ရသော အသက်ရှင်ကျန်ရစ်သူများနှင့် ဆင့်ကဲပြောင်းလဲသူများသည် ရှေးခေတ်လူသားများကဲ့သို့ နေထိုင်နေကြရသော်လည်း သားရဲဘုရင်ဂိုဏ်းမှာမူ စားနပ်ရိက္ခာနှင့် လျှပ်စစ်မီးကို ယခုကဲ့သို့ ထိန်းသိမ်းထားနိုင်ခြင်းမှာ အမှန်တကယ်ပင် အထင်ကြီးစရာကောင်းလှသည်။
ထို့နောက် လုချွမ်းသည် မီးရောင်၏အကူအညီဖြင့် လိုဏ်ဂူအတွင်းသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်ဝင်လာရာ ပင်မဂူကြီးနှင့် ဆက်သွယ်ထားသည့် ဂူငယ်လေးများကို တွေ့ရှိခဲ့သည်။ ဂူငယ်တစ်ခုအတွင်းသို့ ဝင်ကြည့်လိုက်ရာ ထိုနေရာမှာ ဘီလိယက်ခန်းတစ်ခု ဖြစ်နေသည်ကို တွေ့ရသည်။ သူတို့သည် တစ်နေရာရာမှ ဘီလိယက်ခုံများကို သယ်ဆောင်လာပြီး ဂိုဏ်းသားများ အပန်းဖြေနိုင်ရန် ဂူအလယ်တွင် ထားရှိခြင်း ဖြစ်သည်။
ဘီလိယက်ခန်းဖြစ်နေသည်ကို သိလိုက်ရသဖြင့် လုချွမ်းမှာ စိတ်ဝင်စားမှု လျော့နည်းသွားပြီး ချက်ချင်းပင် ပြန်ထွက်လာခဲ့သည်။ ထို့နောက် သူ၏ ဆင့်ကဲဇွန်ဘီ ၄ ကောင်ကို စေခိုင်းကာ အသုံးဝင်မည့်အရာများ ရှာဖွေရန် ထိုဂူငယ်များကို တစ်ခုချင်းစီ စူးစမ်းစေလိုက်သည်။ သားရဲဘုရင်ဂိုဏ်းသည် တစ်မြို့လုံးကို စိုးမိုးထားနိုင်သဖြင့် သူတို့ထံတွင် အရင်းအမြစ်နှင့် ပစ္စည်းအမြောက်အမြား ရှိနေမည်ဟု လုချွမ်းက မျှော်လင့်ထားသည်။
မကြာမီမှာပင် ဂူငယ်အတော်များများကို စူးစမ်းပြီးနောက် လုချွမ်းသည် နောက်ဆုံးတွင် သားရဲဘုရင်ဂိုဏ်း၏ ရိက္ခာသိုလှောင်ရုံကို ရှာတွေ့သွားခဲ့သည်။ ထိုဂူမှာ အလွန်ကျယ်ဝန်းပြီး ပစ္စည်းများစွာ ပြည့်နှက်နေသည်။ ဂိုဏ်းသားများသည် ပစ္စည်းများ စိုထိုင်းမှုမရှိစေရန်အတွက် စင်များစွာကိုလည်း ပြင်ဆင်ထားကြသည်။
၎င်းအတွင်း၌ ဆန်၊ ဂျုံ၊ ဆီနှင့် အခြားသော အသုံးဝင်သည့် အရင်းအမြစ်မျိုးစုံကို စုဆောင်းထားသည်ကို တွေ့ရသည်။
သို့သော်လည်း လုချွမ်းသည် ရှိသမျှ အကုန်လုံးကိုတော့ မယူခဲ့ပေ။ ဆန်နှင့် ဂျုံကဲ့သို့သော အခြေခံရိက္ခာများမှာ သူ၏ ယာဉ်တန်းတွင် အများအပြား ကျန်ရှိနေသေးပြီး ၎င်းတို့ကို ကုန်အောင်စားရန်ပင် အချိန်အတော်ပေးရဦးမည် ဖြစ်သည်။
သူ၏ အဓိကပစ်မှတ်မှာ ဆေးဝါးများ၊ ဓာတ်ဆီနှင့် ဟင်းခတ်အမွှေးအကြိုင်များကဲ့သို့ နေ့စဉ်မပြတ် သုံးစွဲနေရသော ပစ္စည်းများသာ ဖြစ်သည်။
လုချွမ်းသည် အိတ်အချို့ကို ရှာဖွေပြီး ဟင်းခတ်အမွှေးအကြိုင်အားလုံးကို စုဆောင်းထည့်လိုက်သည်။ ထို့နောက် ဆေးဝါးများ သိုလှောင်ထားသည့်နေရာကို ရှာဖွေကာ အိတ်ထဲသို့ တစ်ခုချင်းစီ အသေအချာ ထည့်သွင်းလိုက်သည်။ နောက်ဆုံးတွင် ရရှိလာသည့် ရင်းမြစ်ပစ္စည်း အိတ်ကြီး ၃ အိတ်ကို အာဖန်၏ လက်ထဲတွင် ထည့်ပေးလိုက် သည်။
ရိက္ခာများ သိမ်းဆည်းပြီးနောက် လုချွမ်းသည် ဇွန်ဘီရုပ်သေးအဖွဲ့ကို ဂူ၏ အနက်ရှိုင်းဆုံးနေရာအထိ ဆက်လက်စူးစမ်းခိုင်းရာ သီးသန့်ဖြစ်နေသော ဂူငယ် ၂ ခုကို ရှာတွေ့ခဲ့သည်။
လုချွမ်းသည် အဝင်ဝတွင် စောင့်ရှောက်သူဂူဟု ထွင်းထုထားသော ဂူအတွင်းသို့ အရင်ဝင်
ရောက်ရှာဖွေခဲ့သည်။ သို့သော် အဆင့် ၃ အမြုတေအနည်းငယ်မှလွဲ၍ အသုံးဝင်မည့်အရာ ဘာမှမတွေ့ခဲ့ရပေ။
နောက်ဆုံးတွင် လုချွမ်း၏ အကြည့်မှာ သိပ်မဝေးလှသောနေရာရှိ ဂိုဏ်းချုပ်ဂူဆီသို့ ရောက်ရှိသွားသည်။ သားရဲဘုရင်ဂိုဏ်းတစ်ခုလုံး၏ ခေါင်းဆောင်ဖြစ်သူ၏ ဂူအတွင်း၌ ကောင်းပစ္စည်းများစွာ ရှိနေနိုင်သည်ဟု တွေးမိကာ လုချွမ်းမှာ အနည်းငယ် စိတ်လှုပ်ရှားသွားပြီး ဇွန်ဘီရုပ်သေးများကို ရှေ့မှထားကာ ဂူအတွင်းသို့ ဝင်လိုက် သည်။
ဂိုဏ်းချုပ်ဂူမှာ စောစောက စောင့်ရှောက်သူဂူထက်ပင် ပို၍ ကျယ်ဝန်းလှသည်။ ပတ်ပတ်လည်တွင် ဘီရိုအချို့ရှိပြီး အိပ်ရာဘေးတွင်မူ ပစ္စည်းအချို့ တင်ထားသည့် ဧရာမ သစ်နီစားပွဲကြီးတစ်လုံး ရှိသည်။
သိပ်မကြာခင်မှာပင် လုချွမ်းသည် ဘီရိုများနှင့် ထောင့်အသီးသီးကို ရှာဖွေပြီးနောက် အမြုတေများ ထည့်ထားသည့် သေတ္တာတစ်လုံးကို ရှာတွေ့ခဲ့သည်။ သေတ္တာအတွင်းကို ကြည့်လိုက်ပြီးနောက် ကျေနပ်စွာဖြင့် ထိုသေတ္တာကို တာဖန်းသယ်လာသည့် အိတ်ထဲသို့ ထည့်လိုက်သည်။
နောက်ဆုံးတွင် လုချွမ်းသည် စားပွဲဆီသို့ ရောက်လာခဲ့သည်။ ကျယ်ဝန်းလှသော သစ်နီစားပွဲပေါ်တွင် စာအုပ်အနည်းငယ်နှင့် အလယ်တည့်တည့်ရှိ အမည်းရောင် အတုံးအောက်တွင် ဖိထားသည့် စာရွက်အထပ်လေးတစ်ခုမှလွဲ၍ ဘာမှမရှိပေ။
လုချွမ်းက အတုံးကို ဖယ်လိုက်ပြီး စာရွက်အထပ်ကို မလိုက်သည့်အခါ ကြားထဲမှ ဓာတ်ပုံတစ်ပုံ ရုတ်တရက် ထွက်ကျလာသည်။
"ဒါက ဘာလဲ "
ဓာတ်ပုံထဲတွင် မိုးကြိုးများ ဝန်းရံနေပြီး မုန်တိုင်းကြားတွင် ရပ်နေသည့် ကြောက်မက်ဖွယ် ဧရာမ ဝက်ဝံကြီးကို ကြည့်ရင်း လုချွမ်း မှင်တက်သွားရသည်။
သားရဲဘုရင်ဂိုဏ်းချုပ်က ဒီဓာတ်ပုံကို ဒီနေရာမှာ ထားတယ်ဆိုကတည်းက ဒါက အလွန်အရေးကြီးတဲ့ အရာဖြစ်ရမည်။
ဒီဝက်ဝံကြီးက တကယ်ပဲ ရှိနေတာလား။
မျက်စိတစ်မှိတ်အတွင်းမှာပင် လုချွမ်းသည် ဤအရာကို အိမ်ရာဝင်းဆီသို့ ပြန်ယူသွားပြီး အသေးစိတ် လေ့လာရန် ဆုံးဖြတ်လိုက် သည်။