အခန်း (၃၀၇)
Vol. 31 Ch. 307
အခန်း။ ၃၀၇
လိုဏ်ဂူတစ်ခုလုံးကို ရှာဖွေပြီးနောက် လုချွမ်းသည် ဇွန်ဘီရုပ်သေးလေးကောင်ကို ဦးဆောင်ကာ အပြင်သို့ ထွက်လာခဲ့သည်။ ဟင်းသီးဟင်းရွက်စိုက်ခင်းကို ဖြတ်သန်းသွားစဉ် လုချွမ်း၏ မျက်လုံးများမှာ ဝင်းလက်သွားတော့သည်။
ငါ မေ့တော့မလို့ပဲ။ ဒီဟင်းသီးဟင်းရွက်တွေကိုလည်း အိမ်ကို ပြန်သယ်သွားလို့ ရတာပဲ။
သူတို့ လယ်တောကနေ ထွက်ခွာလာပြီးကတည်းက ဟင်းသီးဟင်းရွက် ရရှိမှုမှာ ပုံမှန်မရှိတော့ဘဲ ပြတ်တောင်းပြတ်တောင်းသာ ဖြစ်နေခဲ့သည်။ တစ်လမ်းလုံးတွင် လမ်းဘေး၌ တွေ့သမျှ ဟင်းသီးဟင်းရွက်ခင်းလေးများမှသာ ရသလောက် စုဆောင်းစားသောက်ခဲ့ရခြင်း ဖြစ်သည်။
ပေ့ချန်မြို့မှ တောင်တန်းမြို့သို့ လာရာလမ်းတစ်လျှောက်တွင်လည်း ဟင်းသီးဟင်းရွက်ခင်း တစ်ခုမှ မတွေ့ခဲ့ရဘဲ ပါလာသည့် အရန်ရိက္ခာများကိုသာ စားသုံးခဲ့ရာ ယခုအခါ ထိုရိက္ခာများမှာလည်း ကုန်ခန်းလုနီးပါး ဖြစ်နေပြီဖြစ်သည်။
ယခုအခါ သားရဲဘုရင်ဂိုဏ်း၏ စိမ်းစိုဝေဆာနေသော ဟင်းသီးဟင်းရွက်ခင်းကြီးမှာ ရိက္ခာဖြည့်တင်းရန်အတွက် အကွက်အတိပင်။
ချက်ချင်းပင် လုချွမ်းသည် ဇွန်ဘီရုပ်သေးများကို လိုဏ်ဂူထဲသို့ ပြန်လွှတ်ကာ အိတ်အချို့ကို ထပ်မံရှာဖွေစေပြီး သားရဲဘုရင်ဂိုဏ်း၏ စိုက်ခင်းအတော်များများမှ ဟင်းသီးဟင်းရွက်များကို တစ်ပင်မကျန် ဆွတ်ခူးလိုက် သည်။
နောက်ဆုံးတွင် ရှာတွေ့ထားသည့် အိတ်ကြီး ၃ အိတ်မှာ မလောက်မင ဖြစ်နေသဖြင့် ဂူထဲသို့ တစ်ခေါက်ပြန်ဝင်ကာ အိတ် ၂ အိတ် ထပ်မံရှာဖွေပြီးမှသာ ဆွတ်ခူးထားသမျှ ဟင်းသီးဟင်းရွက် အားလုံးကို ထည့်နိုင်တော့သည်။
ဧရာမဇွန်ဘီ ၁ ကို ဟင်းသီးဟင်းရွက်အိတ်များ ပွေ့ခိုင်းလိုက်ပြီးနောက် ဇွန်ဘီရုပ်သေး ၄ ကောင်ဖြင့် ဖွဲ့စည်းထားသော အဖွဲ့ငယ်လေးမှာ တောင်လမ်းအတိုင်း ပြန်လည်ဆင်းသက်လာခဲ့သည်။
နောက်ဆုံးတွင် တောင်ခြေသို့ ရောက်ရှိသည့်အခါ သေဆုံးနေသော သားရဲများထံမှ အမြုတေများအားလုံးကို ဇွန်ဘီများအား စုဆောင်းခိုင်းလိုက်သည်။ ထို့နောက်တွင်တော့ လုချွမ်းသည် သားရဲဘုရင်ဂိုဏ်း၏ စခန်းတစ်ခုလုံးကို ပြောင်သလင်းခါအောင် ရှင်းလင်းပြီးနောက် ထွက်ခွါလာခဲ့သည်။
...
တောင်တန်းမြို့၊ ဟောက်ယွန်းအိမ်ရာဝင်း။
ကျိ... အီး...
သော့မခတ်ထားသော တံခါးမှာ ပွင့်သွားပြီး လုချွမ်းသည် ရိက္ခာအထုပ်အပိုးများစွာဖြင့် အခန်းထဲသို့ လမ်းလျှောက်ဝင်လာခဲ့သည်။
"လုချွမ်း... ရှင် ပြန်ရောက်ပြီလား သားရဲဘုရင်ဂိုဏ်းကို ဒီလောက်မြန်မြန်ကြီး အမြစ်ပြတ်အောင် သုတ်သင်နိုင်ခဲ့တာလား "
"ရှင်က လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေပါ အများကြီး သယ်လာတာပဲ။ တကယ်ကို ကောင်းလိုက်တာ တခြား ဘာတွေပါသေးလဲ ကြည့်ပါရစေဦး..."
အထုပ်အပိုးများစွာနှင့် ပြန်လာသော လုချွမ်းကို မြင်သောအခါ စာအုပ်ဖတ်နေသည့် ကျောက်လင်းမှာ အံ့အားသင့်သွားပြီး ဆိုဖာပေါ်မှ ထကာ ပြုံးရွှင်စွာဖြင့် လမ်းလျှောက်လာခဲ့သည်။ သူမ၏ မျက်ဝန်းများမှာလည်း အရောင်တောက်နေတော့သည်။
"ဝိုး... ဟင်းခတ်အမွှေးအကြိုင်တွေပါ အများကြီးပါလား။ ရှင် သားရဲဘုရင်ဂိုဏ်းရဲ့ အိမ်ကိုပါ ပြောင်အောင် ရှင်းလာခဲ့တာလား "
"ကောင်းတယ် တကယ့်ကို ကောင်းတယ်။ အခုဆိုရင် အသားကင်တဲ့အခါ ဟင်းခတ်မှုန့်တွေကို ချွေတာသုံးနေစရာ မလိုတော့ဘူး။ အထူးသဖြင့် ဇီယာမှုန့်ဆိုတာ ခဏလေးနဲ့ ကုန်သွားတာလေ"
"ဒါက ဘာလဲ... လေးလိုက်တာ။ ဪ... ဓာတ်ဆီတွေပဲ"
"ပြီးတော့ ဒါက... ဆေးဝါးတွေလည်း အတော်များများ ပါလာတာပဲ..."
ကျောက်လင်းက အိတ်များကို မွှေနှောက်ကြည့်ရှုနေစဉ် လုချွမ်းမှာမူ ထမင်းစားစားပွဲတွင် ထိုင်လိုက်ပြီး သားရဲဘုရင်ဂိုဏ်းထံမှ ရရှိလာသော စာရွက်စာတမ်းများကို ထုတ်ယူကာ စတင်စစ်ဆေးလိုက်သည်။
ဤစာရွက်စာတမ်းများနှင့် ဓာတ်ပုံများကို သားရဲဘုရင်ဂိုဏ်းချုပ်က စားပွဲအလယ်တွင် သေသေချာချာ တန်ဖိုးထား သိမ်းဆည်းထားသည်ကို ကြည့်ခြင်းအားဖြင့် ၎င်းတို့မှာ အလွန်အရေးကြီးကြောင်း သိသာလှသည်။
သားရဲဘုရင်ဂိုဏ်း၏ တရားဓမ္မစောင့်ရှောက်သူ မသေဆုံးမီ ပြောသွားခဲ့သော စကားများကို ပြန်လည်အမှတ်ရရင်း လုချွမ်း၏ အကြည့်မှာ လက်ထဲမှ မိုးကြိုးဝက်ဝံဓာတ်ပုံပေါ်သို့ ရောက်ရှိသွားပြီး ခန့်မှန်းချက်တစ်ခု ထွက်ပေါ်လာသည်။
ဂိုဏ်းချုပ်က အဆင့် ၅ သားရဲကြီးကို သွားဖမ်းနေတယ်လို့ သူပြောခဲ့တာဆိုတော့... ဒီမိုးကြိုးဝက်ဝံက အဲဒီအဆင့် ၅ သားရဲကြီးများလား။
လုချွမ်းက မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ သူ၏ ခန့်မှန်းချက်မှာ အမှန်တရားနှင့် အလွန်နီးစပ်နေမည်ဟု သူခံစားနေရသည်။ မဟုတ်လျှင် ဂိုဏ်းချုပ်ဖြစ်သူက ဤသားရဲဓာတ်ပုံကို စားပွဲပေါ်၌ အကြောင်းမဲ့ တင်ထားမည်မဟုတ်ပေ။
"ဖေဖေ... ဘာတွေကြည့်နေတာလဲ "
ထိုအချိန်တွင် ကျိရုရွှယ် ချီချီလေးသည် လုချွမ်းအနားသို့ လမ်းလျှောက်လာသည်။ သူမက လိပ်အိုကြီး အဆင့် ၄ ကို မြန်မြန်ကူးပြောင်းနိုင်ရန်အတွက် အမြုတေအချို့ တောင်းရန် လာခဲ့ခြင်းဖြစ်သည်။ သို့သော် လုချွမ်း၏ ဘေးသို့ ရောက်သည်နှင့် သူ၏လက်ထဲမှ ဓာတ်ပုံကို သတိပြုမိသွားတော့သည်။
ချက်ချင်းဆိုသလိုပင် ကျိရုရွှယ်မှာ ခေတ္တမျှ မှင်တက်သွားပြီးနောက် သူမ၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားကာ မျက်ဝန်းထဲတွင် အံ့ဩတုန်လှုပ်မှုများ ယှက်သန်းသွားသည်။
ဒါ... ဒါ မိုးကြိုးဟိန်းသံ မဟုတ်လား။
တကယ့်ကို တူလွန်းနေတယ် အရမ်းကို တူလွန်းနေတယ်။
ဓာတ်ပုံထဲမှ သားရဲကြီးမှာ မိုးကြိုးဟိန်းသံဖြစ်ကြောင်း ကျိရုရွှယ် အသေအချာ အတည်ပြုနိုင်ခဲ့သည်။
ယခင်ဘဝတွင် မိုးကြိုးဟိန်းသံသည် ကျန်းပြည်နယ်တစ်ခုလုံးကို တုန်ဟိန်းစေခဲ့သည့် အစွမ်းထက် သားရဲဧကရာဇ်တစ်ကောင် ဖြစ်ခဲ့ပြီး ရက်စက်ကြမ်းကြုတ်လှသော ရာဇဝင်ဆိုးများစွာ ရှိခဲ့သည်။ ၎င်း၏ လက်ချက်ဖြင့် ကျဆုံးခဲ့ရသော ဆင့်ကဲပြောင်းလဲသူ မည်မျှရှိသည်ကိုပင် မသိနိုင်ပေ။
ထိုသားရဲကြီးတွင် မိုးကြိုးစွမ်းအင်များကို ဝါးမြိုနိုင်ပြီး ပြန်လည်ထုတ်လွှတ်နိုင်သည့် ထူးခြားသော စွမ်းရည်ရှိကာ အလွန်လျင်မြန်စွာ ဆင့်ကဲပြောင်းလဲနိုင်သည့်အတွက် ကိုင်တွယ်ရ အခက်ခဲဆုံးနှင့် အကြောက်ရဖွယ်အကောင်းဆုံး သတ္တဝါဖြစ်သည်။
ခေတ္တမျှကြာပြီးနောက် ကျိရုရွှယ်သည် သူမ၏ စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထားလိုက်ပြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
ဒါပေမဲ့ ဖေဖေ့ဆီမှာ ဘာလို့ ဒီဓာတ်ပုံ ရှိနေတာလဲ။
ငါက ဖေဖေနဲ့ အမြဲတူတူရှိနေတာ။ ဒီဝက်ဝံကြီးနဲ့လည်း တစ်ခါမှ မဆုံခဲ့ဖူးဘူး။ အထူးသဖြင့် မုန်တိုင်းကြားထဲမှာ ဒီလောက် ရှင်းလင်းတဲ့ ဓာတ်ပုံကို ရိုက်ဖို့ဆိုတာ ပိုတောင် မဖြစ်နိုင်သေး။
ဪ... မှန်သားပဲ။ ဒါ သားရဲဘုရင်ဂိုဏ်းဆီက ရလာတာ ဖြစ်ရမယ်
ကျိရုရွှယ်၏ မျက်လုံးများ ဝင်းလက်သွားပြီး ချက်ချင်းပင် နားလည်သွားသည်။ ဖေဖေက သားရဲဘုရင်ဂိုဏ်းဆီက အခုမှ ပြန်ရောက်လာတာဆိုတော့ ဒီဓာတ်ပုံက အဲဒီက မဟုတ်ရင် တခြား ဘယ်ကမှ မဖြစ်နိုင်ဘူး။
သားရဲဘုရင်ဂိုဏ်းကလည်း ဒီမိုးကြိုးဟိန်းသံကို မျက်စိကျနေတာပဲ...
ကျိရုရွှယ်၏ မျက်ဝန်းတွင် အလေးအနက် စဉ်းစားနေသော အရိပ်အယောင်များ ပေါ်လာပြီး သူမ၏ ဦးနှောက်မှာ အလျင်အမြန် အလုပ်လုပ်နေသည်။
သားရဲဘုရင်ဂိုဏ်းက ဤမိုးကြိုးဝက်ဝံကြီးကို ထိန်းချုပ်ရန် ရည်ရွယ်ချက်ဖြင့် သတင်းအချက်အလက်များ စုဆောင်းနေခြင်း ဖြစ်ရမည်။ သူတို့တောင်မှ ဤသားရဲကြီးကို ပစ်မှတ်ထားရဲသေးရင်... သူမအနေနဲ့လည်း ဘာလို့ မရရမှာလဲ။
ယခင်ဘဝတွင် မိုးကြိုးဟိန်းသံသည် ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည်။ ၎င်းသည် မိုးကြိုးစွမ်းအားများကို စုပ်ယူရန်အတွက် ကျန်းပြည်နယ်ရှိ အခြေစိုက်စခန်းမြို့အားလုံးနီးပါးကို ဖျက်ဆီးခဲ့ပြီး ပြည်နယ်တစ်ခုလုံးကို ပရမ်းပတာဖြစ်စေကာ အစိုးရအာဏာပိုင်များကိုပါ ပြိုလဲစေခဲ့သည်။
ထို့ပြင် ၎င်းဝါးမြိုခဲ့သော အသက်ပေါင်းများစွာကြောင့် လူသားအစိုးရတပ်ဖွဲ့များ၏ အသည်းနာဆုံး ရန်သူတော်ကြီးလည်း ဖြစ်ခဲ့သည်။
ဤမိုးကြိုးဝက်ဝံကြီးသည် ပိုမိုသန်မာလာစေရန် မိုးကြိုးစွမ်းအင်ကို အဆက်မပြတ် စုပ်ယူနိုင်ပြီး ကြီးထွားနှုန်းမှာ အလွန်ပင် ထိတ်လန့်ဖွယ်ကောင်းလှသည်။ ၎င်းသည် ကျန်းပြည်နယ်အတွင်း၌သာ အချိန်ကြာမြင့်စွာ လှုပ်ရှားသွားလာနေမည်ဖြစ်ရာ တစ်နေ့တွင် ဖေဖေနှင့် ထိပ်တိုက်တိုးရန် အခွင့်အလမ်းမှာ အလွန်များပြားနေသည်။
အကယ်၍သာ ဤအခွင့်အရေးကို အသုံးချပြီး ၎င်းကို ယဉ်ပါးအောင် ပြုလုပ်နိုင်ခဲ့လျှင်... အနာဂတ်တွင် ၎င်း၏ စွမ်းဆောင်ရည်များကို ထည့်တွက်ကြည့်ပါက သူတို့၏ အဖွဲ့ငယ်လေးအတွက် အလွန်အားကိုးရသော အဓိက စစ်အင်အားစုကြီး ဖြစ်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
ထိုစဉ် လုချွမ်းသည် ခေါင်းကိုလှည့်၍ ချီချီလေး၏ ပါးဖောင်းဖောင်းလေးကို အသာအယာ ဆွဲညှစ်လိုက်ပြီး ပြုံးလျက် စာရေးပြလိုက်သည်။
"ချီချီလေး... ဖေဖေ သတင်းအချက်အလက်တချို့ကို လေ့လာနေတာပါ"
"ဒီသားရဲကြီးက ကြည့်ရတာ အရမ်းအစွမ်းထက်မှာပဲနော်။ ဖေဖေ ဒါကို သားရဲဘုရင်ဂိုဏ်းမှာ ရှာတွေ့ခဲ့တာလားဟင် "
ကျိရုရွှယ်သည် ဓာတ်ပုံထဲမှ မိုးကြိုးဝက်ဝံကြီးကို သူမ၏ လက်ချောင်းလေးဖြင့် ထောက်ပြရင်း မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့် မေးမြန်းလိုက်သည်။
လုချွမ်းက ခေါင်းညိတ်ပြလိုက်သည်။
ဤသည်ကို မြင်လိုက်ရသောအခါ ကျိရုရွှယ်၏ စိတ်ထဲတွင် ကျိန်းသေသွားတော့သည်။ သူမ၏ ခန့်မှန်းချက်မှာ မှန်ကန်နေသည်။
သို့သော် ကျိရုရွှယ်သည် ဤအကြောင်းအရာကို ထပ်မံစကားမဆက်တော့ဘဲ သူမ၏ မူလရည်ရွယ်ချက်ဆီသို့ စကားလမ်းကြောင်း လွှဲလိုက်သည်။
"ဖေဖေ... ဖေဖေ့လက်ထဲမှာ အမြုတေတွေ အများကြီး ရှိလားဟင်။ ချီချီ့ကို နည်းနည်းလောက် ပေးလို့ရမလား "
"ချီချီလေး... အမြုတေတွေကို ဘာလုပ်မလို့လဲ လိပ်ကလေးကို ကျွေးဖို့လား "
လုချွမ်းသည် ခေတ္တမျှ ကြောင်သွားပြီးမှ သတိဝင်လာကာ စာရေး၍ မေးလိုက်သည်။ ချီချီလေးသည် ယခင်ကလည်း သူ့ထံမှ အမြုတေများ တောင်းဖူးသဖြင့် လုချွမ်းအနေဖြင့် အလိုအလျောက် သတိရသွားခြင်း ဖြစ်သည်။
"ဟုတ်တယ်ဖေဖေ လိပ်ကလေးက ဆင့်ကဲမပြောင်းလဲတာ ကြာပြီ။ အကယ်၍ သူသာ ထပ်ပြီး ဆင့်ကဲပြောင်းလဲနိုင်ရင် အခုထက် အများကြီး ပိုကြီးလာလိမ့်မယ်၊ ကားတစ်စီးထက်တောင် ပိုကြီးလာမှာ "
ကျိရုရွှယ်သည် ခေါင်းလေးကို တဆတ်ဆတ်ညိတ်ရင်း တည်တည်တံ့တံ့ မျက်နှာလေးဖြင့် ပြောလိုက်သည်။
"ကောင်းပြီ... ချီချီလေး ခဏစောင့်ဦး ဖေဖေ အခုသွားယူပေးမယ်"
သမီးဖြစ်သူ၏ တောင်းဆိုမှုလေးကို လုချွမ်းက ငြင်းပယ်ရန် အကြောင်းမရှိပေ။ အကယ်၍သာ ဧရာမလိပ်ကြီး အဆင့်တက်သွားခဲ့လျှင် သူတို့၏ ရှေ့ခရီးလမ်းမှာလည်း ပိုမိုချောမွေ့လာမည်ပင်။
ချက်ချင်းပင် လုချွမ်းသည် ဧည့်ခန်းထောင့်တွင် သစ်တိုင်တစ်တိုင်ကဲ့သို့ ရပ်နေသော မြေလျှိုး ၁ ကို စိတ်ဖြင့် ထိန်းချုပ်ကာ အခန်းထဲမှ အမြုတေများ ပြည့်နှက်နေသော သစ်သားသေတ္တာတစ်လုံးကို သွားရောက်ယူခိုင်းလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဖေဖေ "
သစ်သားသေတ္တာအတွင်းမှ တလက်လက်တောက်ပနေသော အမြုတေများကို ကြည့်ရင်း ကျိရုရွှယ်၏ မျက်ဝန်းကြီးများမှာ ဝင်းလက်သွားပြီး ပြုံးရွှင်စွာဖြင့် ကျေးဇူးတင်စကား ပြောလိုက်တော့သည်။