အခန်း (၃၀၈)
Vol. 31 Ch. 308
အခန်း။ ၃၀၈
ကျန်းပြည်နယ်၊ တောင်တန်းမြို့ရှိ တောင်တောတစ်ခုအတွင်း။
တိတ်ဆိတ်ငြိမ်သက်နေသော တောအုပ်လေးအတွင်း၌ ရုတ်တရက် မြေပြင်မှာ ငလျင်လှုပ်သကဲ့သို့ အနည်းငယ် တုန်ခါလာသည်။ အချိန်ကြာလာသည်နှင့်အမျှ ထိုတုန်ခါမှုမှာ ပိုမိုပြင်းထန်လာပြီး အလွန်စနစ်ကျသော စည်းချက်တစ်ခုအတိုင်း ဖြစ်ပေါ်နေသည်။
မိနစ်အနည်းငယ်အကြာတွင် တောအုပ်အတွင်းမှ ဧရာမသတ္တဝါကြီးတစ်ကောင် ထွက်ပေါ်လာသည်။ ၎င်းမှာ သမိုင်းမတင်မီခေတ်က ဘီလူးသတ္တဝါကြီးတစ်ကောင်အလား အလွန်တရာ ကြီးမားထွားကြိုင်းလှသော ဝက်ဝံကြီး တစ်ကောင်ပင်။
ထိုဝက်ဝံကြီးတွင် ခရမ်းရင့်ရောင် အမွေးအမှင်များရှိပြီး ထူထဲကာ ပွဖောင်းနေသည်။ ၎င်း၏ ကိုယ်ပေါ်တွင် တောက်ပသော လျှပ်စီးတန်းများမှာ တဖျပ်ဖျပ် လက်နေ၏။ အနီးကပ် စူးစိုက်ကြည့်လျှင် အပ်ချွန်သဖွယ် ချွန်ထက်သော အမွေးအမှင်များကြားတွင် ခရမ်းရောင် မိုးကြိုးမျှင်များမှာ တဖြဖြနှင့် အဆက်မပြတ် ကူးလူးနေပြီး တဂျိန်းဂျိန်း အသံများကို ထုတ်လွှတ်နေသည်ကို တွေ့ရမည်ဖြစ်သည်။
၎င်း၏ ခြေလက်အင်္ဂါများသည် တိုင်လုံးကြီးများအလား တောင့်တင်းခိုင်မာလှပြီး လူကြီးတစ်ယောက်၏ ခါးထက်ပင် ပို၍ တုတ်ခိုင်နေသည်။ ခန္ဓာကိုယ်ကြီးမှာ တောင်ကုန်းငယ်တစ်ခုသဖွယ် ရှိနေပြီး ကြည့်ရသူကို အလွန်အမင်း ထိတ်လန့်သွားစေနိုင်သည်။
ဤဝက်ဝံကြီးမှာ အခြားမဟုတ်ပေ။ သဘာဝတရား၏ အမျက်တော်ဟု တင်စားရမည့် မိုးကြိုးဟိန်းသံပင်။
ယခုအချိန်တွင် မိုးကြိုးဟိန်းသံသည် တောအုပ်အတွင်း ဖြည်းညှင်းစွာ လမ်းလျှောက်နေသည်။ ၎င်း၏ မည်းနက်သော မျက်ဝန်းများတွင် အေးစက်ရက်စက်မှုနှင့် သွေးဆာနေသည့် အရိပ်အယောင်များ ပြည့်နှက်နေသည်။ ချွန်ထက်လှသော အစွယ်များမှာ အနည်းငယ် ပွင့်ဟနေပြီး အေးစက်သော အလင်းတန်းများ ဖြာထွက်နေကာ ပြင်းထန်သော လူသတ်လိုသည့် အရှိန်အဝါများကို ထုတ်လွှတ်နေသည်။
မိုးကြိုးဟိန်းသံသည် တိုင်လုံးကြီးနှင့်တူသော ၎င်း၏ခြေထောက်များကို တစ်လှမ်းချင်း လှမ်းလိုက်တိုင်း မြေပြင်မှာ သိမ့်သိမ့်တုန်သွားရသည်။ ခြေထောက်တစ်ဖက်ကို မြှောက်လိုက်တိုင်း မြေပြင်ပေါ်တွင် ရေချိုးခန်းသုံး မျက်နှာသစ်ကန်တစ်ခုစာလောက် ရှိသော ကျယ်ဝန်းနက်ရှိုင်းသည့် ခြေရာကြီးများ ကျန်ရစ်ခဲ့သည်။ ထိုခြေရာထဲတွင် ငါးမွေးလျှင်ပင် ရလောက်သည့် အထိပင်။
မြေပြင် တုန်ခါမှုကြောင့် ပတ်ဝန်းကျင်ရှိ သစ်ပင်များမှာလည်း ပြင်းထန်စွာ လှုပ်ခါသွားပြီး သစ်ရွက်များမှာလည်း တရှဲရှဲနှင့် ဆူညံသွားရသည်။
တောင်ကုန်းသဖွယ် ဧရာမခန္ဓာကိုယ်ကြီးမှာ တောအုပ်အတွင်းသို့ တိုးဝင်လာရာတွင် ၎င်း၏ ကျယ်ပြန့်သော ကိုယ်လုံးနှင့် တိုးမိသည့် သစ်ပင်အချို့မှာ တကျကျနှင့် အော်မြည်နေပြီး နောက်ဆုံးတွင်တော့ ဂျွတ်ခနဲ ကျိုးအက်သံနှင့်အတူ မြေပြင်ပေါ်သို့ ပြိုလဲကျကုန်ကြသည်။
ရုတ်တရက် မိုးကြိုးဟိန်းသံမှာ ရပ်တန့်သွားသည်။ ၎င်း၏ မျက်နှာမှာ ပို၍ ကြမ်းကြုတ်သွားပြီး လူသတ်လိုစိတ်များမှာ ကောင်းကင်သို့ ထိုးတက်သွားသည်။ သို့သော် ခဏအကြာတွင် ထိုအရှိန်အဝါများ ပြန်လည်ငုပ်လျှိုးသွားပြီး ၎င်း၏ ဝက်ဝံမျက်လုံးကြီးများဖြင့် ပတ်ဝန်းကျင်ကို ဇဝေဇဝါ လှည့်ပတ်ကြည့်ရှုနေသည်။ တစ်စုံတစ်ခုကို ရှာဖွေနေပုံပင်။
ဘာမှ ထူးခြားမှုမရှိကြောင်း သိလိုက်ရသည့်အခါတွင်တော့ မိုးကြိုးဟိန်းသံမှာ မကျေမနပ် နှာမှုတ်လိုက်ပြီး ထိုနေရာတွင် ကြာကြာမနေတော့ဘဲ ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားပြန်သည်။
ဝူး...
သို့သော် ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် မိုးကြိုးဟိန်းသံမှာ ပြန်လည်ရပ်တန့်သွားပြန်သည်။ ၎င်း၏ မျက်လုံးများမှာ နီရဲလာပြီး တစ်ကိုယ်လုံးရှိ ခရမ်းရောင် အမွေးအမှင်များမှာ တစ်စုံတစ်ခု၏ လှုံ့ဆော်မှုကို ခံလိုက်ရသကဲ့သို့ ထောင်မတ်သွားသည်။ ထို့နောက်တွင်တော့ ၎င်းသည် ကောင်းကင်ကြီးကို ကြည့်ကာ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ်ကောင်းသော ဝက်ဝံဟိန်းသံကြီးမှာ ကောင်းကင်ယံတွင် မိုးကြိုးများ ပေါက်ကွဲသွားသကဲ့သို့ပင်။ အသံလှိုင်းများသည် အရပ်မျက်နှာအနှံ့သို့ ပြင်းထန်သော စွမ်းအင်များအဖြစ် ရိုက်ခတ်သွားပြီး လေထုတစ်ခုလုံးမှာပင် တုန်ခါသွားရသည်။
နောက်တစ်ခဏတွင်တော့ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသော မိုးကြိုးဟိန်းသံသည် ရှေ့တည့်တည့်ရှိ လမ်းကြောင်းတစ်ခုဆီသို့ ရူးသွပ်စွာ တဟုန်ထိုး ပြေးဝင်သွားတော့သည်။
ဝုန်း... ဝုန်း... ဝုန်း...
မိုးကြိုးဟိန်းသံ၏ ဧရာမပုံရိပ်ကြီး တောအုပ်အတွင်း ပြေးလွှားနေပုံမှာ တင့်ကားကြီးတစ်စီး ထိုးနှက်နေသကဲ့သို့ ရှိပြီး မြေပြင်တစ်ခုလုံးကို ရူးသွပ်မတတ် တုန်ခါစေကာ မြင်းပေါင်းထောင်ချီ ပြေးလွှားနေသည့်အလား ဆူညံလှသည်။ ၎င်း၏ လမ်းကြောင်းရှိ သစ်ပင်များမှာလည်း ဆွေးမြည့်နေသော သစ်သားချောင်းများကဲ့သို့ပင် တကျိုးကျိုးနှင့် ပြိုလဲကုန်ကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် မိုးကြိုးဟိန်းသံသည် ထူထပ်လှသော တောအုပ်ကြီးအတွင်း၌ အဝေးသို့ ဦးတည်နေသည့် လမ်းကျဉ်းလေးတစ်ခုကို ဖောက်လုပ်သွားတော့သည်။
မိုးကြိုးဟိန်းသံနှင့် ကီလိုမီတာ အနည်းငယ်အကွာ ကောင်းကင်ယံတွင်မူ အတောင်ပံများ ကျယ်ပြန့်လှသော အဆင့် ၄ ဧရာမငှက်ကြီးတစ်ကောင်သည် အရှိန်အဝါတစ်ခုနှင့်အတူ ပျံသန်းနေသည်။
ထိုငှက်ကြီး၏ ကျောပေါ်တွင် ကတုံးနှင့် လူငယ်တစ်ဦး ရပ်နေသည်။ သူ၏ မျက်နှာမှာ မှောင်မှောင်မှိုင်းမှိုင်း ရှိနေပြီး သေးငယ်သော မျက်လုံးများမှာ အေးစက်သော အလင်းတန်းများဖြင့် တလက်လက် တောက်ပနေသည်။ အထင်ရှားဆုံးမှာ သူ၏ ညာဘက်ပါးပေါ်ရှိ ကင်းခြေများကဲ့သို့ ရှည်လျားသော အမာရွတ်ကြီးဖြစ်ပြီး နားထင်အောက်မှ နှုတ်ခမ်းအထိ သွယ်တန်းနေကာ သူ၏ ပုံစံကို ပို၍ ကြမ်းကြုတ်စေသည်။
ထိုလူငယ်မှာ အခြားမဟုတ် သားရဲဘုရင်ဂိုဏ်း၏ ဂိုဏ်းချုပ် ဟွမ်ရွှမ်းပင်။ သူသည် ကမ္ဘာပျက်ကပ် မတိုင်မီက အကြွေးတောင်းသည့် လူမိုက်တစ်ဦးမျှသာ ဖြစ်ခဲ့သည်။
ကမ္ဘာပျက်ကပ်ပြီးနောက် သူသည် ဝိညာဉ်စွမ်းအားဖြင့် သားရဲများကို ထိန်းချုပ်နိုင်သည့် စွမ်းရည်ကို ရရှိခဲ့သည်။ ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများဖြင့် အင်အားကို လျင်မြန်စွာ တည်ဆောက်ခဲ့ပြီး သူ၏ သားရဲများကို အဆင့်မြှင့်တင်ရင်း နောက်လိုက်များကိုပါ စုဆောင်းကာ တောင်တန်းမြို့၏ အကြီးဆုံးအဖွဲ့အစည်းဖြစ်သော သားရဲဘုရင်ဂိုဏ်းကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။
သူသည် အနိုင်ကျင့်ခံရသော လူမိုက်လေးဘဝမှ လူအများ ကြောက်ရွံ့ရိုသေရသော ဂိုဏ်းချုပ်ကြီးဘဝသို့ ကူးပြောင်းနိုင်ခဲ့သည်။
စောစောက မိုးကြိုးဟိန်းသံ ရုတ်တရက် ဒေါသတကြီး ဖြစ်သွားရခြင်းမှာ ဟွမ်ရွှမ်းက သူ၏ ဝိညာဉ်စွမ်းအားကို သုံး၍ ထိုဝက်ဝံကြီးကို ထပ်ခါတလဲလဲ နှောင့်ယှက်ခဲ့သောကြောင့် ဖြစ်သည်။ တစ်ကြိမ်... နှစ်ကြိမ်... နှင့် နောက်ဆုံးတွင်တော့ မိုးကြိုးဟိန်းသံမှာ စိတ်မထိန်းနိုင်တော့ဘဲ ပေါက်ကွဲသွားရတော့သည်။
"စိတ်မဆိုးပါနဲ့ ငါ့သားလေးရယ် လာစမ်းပါ... ငါ မင်းကို စောင့်နေတယ် "
မိုးကြိုးဟိန်းသံ ချဉ်းကပ်လာသည်ကို အာရုံခံမိသောအခါ ဟွမ်ရွှမ်းက ကြမ်းကြုတ်စွာ ပြုံးလိုက်သည်။ သူ၏ ပါးပေါ်မှ အမာရွတ်ကြီးမှာလည်း တွန့်လိပ်သွားပြီး ပို၍ပင် သွေးပျက်စရာ ကောင်းလာတော့သည်။
"ဒီသားရဲကြီးကိုသာ တောင်တန်းမြို့ အခြေစိုက်စခန်းဆီကို မျှားခေါ်သွားနိုင်ရင်... ငါ့ရဲ့ အစီအစဉ်က သေချာပေါက် အောင်မြင်မှာပဲ "
ဟွမ်ရွှမ်းသည် ယုတ်မာကောက်ကျစ်စွာ တွေးတောနေသည်။
အမှန်စင်စစ် သူသည် မိုးကြိုးဟိန်းသံကို မျက်စိကျနေသည်မှာ ကြာပြီဖြစ်ပြီး သူ၏အင်အားကို အဆမတန် မြှင့်တင်ရန်အတွက် ၎င်းကို လက်အောက်ခံအဖြစ် သွေးဆောင်ကာ သိမ်းသွင်းလိုနေခြင်းပင်။
သို့သော် ကံမကောင်းစွာဖြင့် သူ၏ လက်ရှိအစွမ်းမှာ မလုံလောက်သေးပေ။ မိုးကြိုးဟိန်းသံကို သိမ်းသွင်းရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း ကျရှုံးခဲ့ရပြီး တစ်ကြိမ်တွင်မူ သူ၏ အဆင့် ၄ သားရဲတစ်ကောင်ပင် အသတ်ခံလိုက်ရသေးသည်။ မိုးကြိုးဟိန်းသံ၏ ရှေ့မှောက်တွင် အဆင့် ၄ သားရဲဆိုသည်မှာ ဘာမှမဟုတ်ဘဲ အကယ်၍ အပြေးနှေး၍ အဖမ်းခံရပါက ချက်ချင်းဆိုသလို အသတ်ခံရမည်သာ ဖြစ်သည်။
သို့သော်လည်း မိုးကြိုးဟိန်းသံကို တိုက်ရိုက် မသိမ်းသွင်းနိုင်သော်လည်း ဟွမ်ရွှမ်းက လက်မလျှော့ခဲ့ပေ။ ယင်းအစား သူသည် အခြားနည်းလမ်းတစ်ခုကို ရွေးချယ်ခဲ့သည်။
အစွမ်းအပြည့်ရှိနေသော မိုးကြိုးဟိန်းသံမှာ ထိန်းချုပ်၍မရနိုင်ဘဲ ကြောက်မက်ဖွယ်ကောင်းလောက်အောင် သန်မာလွန်းလှသည်မှာ အမှန်ပင်။ သို့သော် အခွင့်အရေး လုံးဝမရှိသည်တော့ မဟုတ် ၎င်းမှာ တစ်ဖက်လူ အားနည်းသွားချိန်တွင် ဖမ်းဆီးခြင်းပင်။
ရန်သူကို ပြင်းထန်စွာ ဒဏ်ရာရစေပြီး အားနည်းသွားစေမည့် နည်းလမ်းကို ဟွမ်ရွှမ်း စဉ်းစားလိုက်သည့်အခါ တောင်တန်းမြို့ အခြေစိုက်စခန်းကိုသာ အသုံးချရန် ဆုံးဖြတ်လိုက်တော့သည်။
တောင်တန်းမြို့ရှိ အကြီးစား လက်နက်အချို့မှာ အလွန်အစွမ်းထက်လှပြီး အစွမ်းထက်သော ဆင့်ကဲပြောင်းလဲသူအချို့နှင့် ပေါင်းစပ်ကာ အင်အားအပြည့် ထုတ်သုံးမည်ဆိုပါက မိုးကြိုးဟိန်းသံကို ပြင်းထန်စွာ ဒဏ်ရာရစေရန် အခွင့်အလမ်း အများကြီး ရှိနေသည်။
မိုးကြိုးဟိန်းသံသည် ပို၍နီးကပ်လာသည်ကို အာရုံခံမိသောအခါ ဟွမ်ရွှမ်းက ပြုံးလိုက်သည်။ သူ၏ အစီအစဉ်မှာ အောင်မြင်ရန် နီးစပ်နေပြီ ဖြစ်သည်။
သို့သော် မမျှော်လင့်ဘဲ ထိုအချိန်မှာပင် အရပ်မျက်နှာအသီးသီးမှ ပြင်းထန်သော အရှိန်အဝါများမှာ အလွန်လျင်မြန်သော အရှိန်ဖြင့် ချဉ်းကပ်လာကြသည်။ သူတို့၏ ရည်ရွယ်ချက်မှာ လုံးဝ မကောင်းလှပေ။
"ဟွမ်ရွှမ်း... မင်း တော်တော် သတ္တိကောင်းနေတာပဲ အခုချက်ချင်း လက်နက်ချစမ်း "
ရှေ့ဆုံးမှ ဦးဆောင်လာသူက ဒေါသတကြီး အော်ဟစ်လိုက်သည်။
ဟွမ်ရွှမ်း တစ်စုံတစ်ခု ကြံစည်နေသည်ကို တောင်တန်းမြို့ အခြေစိုက်စခန်းဘက်မှ ကြိုတင်
သိရှိထားပြီးဖြစ်ရာ ယုတ်မာလှသော သားရဲဘုရင်ဂိုဏ်းချုပ်ကို သတ်ဖြတ်ရန် လူအချို့ကို စေလွှတ်လိုက်ခြင်း ဖြစ်သည်။
"တကယ့်ကို မကျွတ်မလွတ်နိုင်တဲ့ သရဲတစ္ဆေတွေလိုပဲ "
ထိုအသံကို ကြားလိုက်ရသည့်အခါ ဟွမ်ရွှမ်း၏ အပြုံးများမှာ ချက်ချင်း ကွယ်ပျောက်သွားပြီး မျက်နှာမှာ ပုပ်သိုးသွားကာ ပြေးဝင်လာသူများကို လူသတ်လိုသည့် အရှိန်အဝါများဖြင့် အေးစက်စွာ စူးစိုက်ကြည့်လိုက်သည်။
ကိ...
တစ်ချိန်တည်းမှာပင် ဟွမ်ရွှမ်း၏ ခြေအောက်မှ သားရဲငှက်ကြီးမှာ စူးစူးဝါးဝါး အော်ဟစ်
လိုက်ပြီး ၎င်း၏ အတောင်ပံများကို အားကုန်ခါယမ်းလိုက်ရာ ရွှေရောင်ဝိညာဉ်အလင်းတန်းများမှာ အလွန်တရာ တောက်ပစွာ ထွက်ပေါ်လာသည်။ ၎င်း၏ အမွေးအမှင်တိုင်းမှာ ရွှေရောင်
တောက်နေပြီး မျက်ဝန်းများမှာ ဒေါသဖြင့် တောက်လောင်နေကာ သန်မာလှသော ခြေသည်းများမှာလည်း ကြောက်မက်ဖွယ် အရှိန်အဝါများကို ဖြန့်ကျက်ထားတော့သည်။