← Chapters

လွိလော်

Vol. 3 Ch. 259

လွိလော်

Vol. 3 Ch. 259

သူမ သခင်လေး အကြောင်း ပြန်စဉ်းစား နေမိသည်။

ထိုဓားသင်္ကေတကို ရေးဆွဲရန် အတွက် သခင်လေး၏ သွေးများကို အသုံးပြုခဲ့ခြင်း ဖြစ်လေသည်။ အစကတည်းက ဒဏ်ရာ ရထားဟန် ရှိသည့် သခင်လေး၏ မျက်နှာမှာ ထိုဓားသင်္ကေတကို ရေးဆွဲချိန်တွင် သွေးရောင်ပင် မရှိတော့ပေ။

အရေးပေါ် အခြေအနေနှင့် မကြုံတွေ့ရဘဲ ထိုဓားသင်္ကေတကို အသုံးမပြုရန်လည်း သူမကို သခင်လေးက အထပ်ထပ် မှာသွား ခဲ့လေသည်။

ယခုတော့ သူမ၏ ဝတ်ကျောင်းတော်လည်း ဖျက်ဆီး ခံရတော့မည် ဖြစ်သလို သူမ၏ တန်ခိုး စွမ်းအားများလည်း တဖြည်းဖြည်း ပျောက်ကွယ်နေပြီ။ ယခု အခြေအနေကို အရေးပေါ် အခြေအနေဟု ခေါ်ဆို နိုင်ပါမည်လား။

လူအများ၏ အားကိုးတကြီး ဆုတောင်းသံများသည် ယခုတော့ ဆဲဆို ကျိန်စာတိုက်သည့် အမုန်းစကားများ အဖြစ် ပြောင်းလဲ သွားခဲ့ပြီ။

သူမက မိစ္ဆာနတ်ဘုရားကို မနှိမ်နင်းနိုင်သည့် အတွက် အမုန်းတရားများ …

သူမက အရှုံးပေးပြီဟု ဝန်မခံသည့် အတွက် အမုန်းတရားများ …

သူမက မိစ္ဆာ နတ်ဘုရား စကားကို နားမထောင်သည့် အတွက် အမုန်းတရာများ…

အမုန်းတရားများက သူမ၏ တန်ခိုး စွမ်းအားများကို ဝါးမသွားကြပြီး ပြင်းထန်သည့် နာကျင်မှုကို သူမ ခံစားရလေသည်။

ထိုသို့သော နာကျင်မှုမျိုးကို ရေငန်းသီးပင် ဘဝတုန်းကလည်း သူမ ခံစားခဲ့ရဖူးပါသည်။

ယခုတော့ သူမ နာကျင်မှုကို ဂရုမစိုက်တော့ပါ။ သို့သော် သူမ ဝမ်းနည်း ကြေကွဲမှုကို ခံစားနေရလေသည်။

ချီးစန်းကွမ်းသည် ဗုံကို ကိုင်ထားဆဲ ဖြစ်လေသည်။

လူအုပ်ကြီးကြားထဲတွင် ချီးစန်းကွမ်းမှာ နစ်မြုပ် နေလေသည်။

လူအုပ်ကြီးက ကူရှန်ဝတ် ကျောင်းတော်တံခါး ဖျက်ဆီး ပစ်လိုက်ကြပြီ။ ထို့နောက် ဝတ်ကျောင်းတော် အတွင်းသို့ ဝင်သွားကြပြီး ယူဆောင် လာကြသည့် ကောက်ရိုးများ ၊ ထင်းများကို ကူရှန် နတ်မိမယ် ရုပ်တုအောက်တွင် ပုံလိုက်ကြသည်။ သူတို့ နတ်မိမယ် ရုပ်တုကို ဖျက်ဆီး ကြတော့မည်။

နတ်မိမယ်၏ နှလုံးသားမှ ထိုမြင်ကွင်းကို ကြည့်လိုစိတ် မရှိတော့ပေ။ သူမ မျက်လုံးများကို မှိတ်ထား လိုက်မိလေသည်။

ထိုအချိန်မှာပင် ဝတ်ကျောင်းတော်ထဲတွင် ရေးဆွဲထားသည့် ဓားဝိညာဉ်သည် ပေါက်ကွဲ ထွက်သွားလေသည်။

ဝတ်ကျောင်းတော်ထဲတွင် လှိုင်းများ ထသွားပြီး ဝတ်ကျောင်းတော် အတွင်းမှ လူများမှာ အပြင်သို့ လွင့်စဉ် ထွက်သွား ကြလေတော့သည်။ လွင့်ထွက် သွားသည့် လူများသည် မိုးရေထဲတွင် ရွှံများ ပေကျံ ကုန်ကြလေသည်။

လူများမှာ စိတ်ရှုပ်ထွေး ကုန်ကြပြီး ချက်ချင်းပင် ကြောက်လန့် လာကြလေသည်။

ကူရှန် နတ်မိမယ်မှာ နတ်မိမယ် တစ်ပါး ဖြစ်လေသည်။ သူတို့ကဲ့သို့ သာမန် လူတစ်ယောက် မဟုတ်ပေ။

နတ်မိမယ် အပေါ်ထားသည့် အမုန်းတရားများသည် အကြောက်တရား အဖြစ်သို့ ကူးပြောင်း သွားလေသည်။

ထိုအခါ ကူရှန် နတ်မိမယ် ခံစားနေရသည့် နာကျင်မှုများ သက်သာသွားပြီး တန်ခိုးစွမ်းအားများ ပျောက်ကွယ် နေခြင်းမှာလည်း ချက်ချင်းပင် ရပ်တန့် သွားလေသည်။ သို့သော် သူမမှာ ယန်ရွှီး၏ အနက်ရောင် ကြိုးဖြင့် တုပ်နှောင် ခံထားရသည့် အတွက် မည်သို့မျှ လှုပ်ရှား၍ မရပေ။

ထိုအချိန်မှာပင်….

ဝတ်ကျောင်းတော်ထဲမှ လျှပ်စီးကဲ့သို့ လျင်မြန်သည့် ဓားဝိညာဉ် တစ်ခု ထွက်ပေါ် လာလေသည်။ ထိုဓားဝိညာဉ်က ယန်ရွှီးကို တိုက်ခိုက်ခြင်း မရှိပါ။ သို့သော် ကူရှန် နတ်မိမယ်ကို တုပ်နှောင် ထားသည့် အနက်ရောင် ကြိုးများကို ဖြတ်တောက် ပစ်လိုက်လေသည်။

နတ်မိမယ်သည် လေထဲသို့ ပျံတက်သွားပြီး တောက်ပသည့် ဓားဝိညာဉ်က သူမကို ဝန်းရံ ထားလေသည်။

ဓားဝိညာဉ်ထဲမှ ဆန်းလျန်၏ ဝိညာဉ် စွမ်းအားများကို ယန်ရွှီး ခံစားလိုက်ရသည်။ အစကတည်းက သူအာရုံ ရနေသည့် ဓားဝိညာဉ်သည် ထိုဓားဝိညာဉ်ပင် ဖြစ်လေသည်။

ယန်ရွှီးက ရယ်မော လိုက်ရင်း….

“ဓားသင်္ကေတ တစ်ခုပဲ ၊ ဘာလဲ … သူက မင်းအတွက် ထားခဲ့တာလား”

နတ်မိမယ်သည် နှုတ်ခမ်းကို ကိုက်လိုက်ပြီး မည်သည့် စကားမှ မဆိုပေ။ သူမ၏ နတ်ဘုရား စွမ်းအားများကို စုစည်းလိုက်ပြီး အချိန်မရွေး ပေါက်ကွဲနိုင်သည့် အနေအထားတွင် ရှိနေလေသည်။

ယန်ရွှီးကတော့ သူမကို ဂရုမစိုက်ပါ။

“သူ ဒီနေရာမှာ တကယ် ရှိမနေဘူးပဲ ၊ ကြည့်ရတာ သူတစ်နေရာရာကို ထွက်သွားပြီပေါ့လေ”

“အဲဒီတော့ ဘာဖြစ်သလဲ”

နတ်မိမယ်က ပြန်ပြော လိုက်သည်။

ယန်ရွှီးက ရယ်မော လိုက်ပြန်လေသည်။

“ဘာမှ မဖြစ်ရပါဘူးကွာ၊ ကျုပ်က အတည်ပြုချက် ယူနေတာပါ၊ ကျုပ် နည်းနည်းတော့ နားလည်သွားပြီ၊ အင်း … သူက မင်းအတွက် အကာအကွယ် ဓားဝိညာဉ်တောင် ထားခဲ့တယ်ဆိုတော့….”

သူက လှပသည့် နတ်မိမယ်လေးကို တစ်ချက် ကြည့်လိုက်ပြီး သတ်ဖြတ်လိုသည့် အရိပ်အယောင်များ ပေါ်ထွက် လာလေသည်။

ထိုအချိန်မှာပင် နတ်မိမယ်ကိ ဝန်းရံထားသည့် ဓားဝိညာဉ်က ယန်ရွှီးကို တိုက်ခိုက် လိုက်လေသည်။

ယန်ရွှီးက ရုတ်တရက် ပျောက်ကွယ်သွားပြီး ဓားဝိညာဉ်က မြို့တော်ခန်းမ နံရံကို ထိုးစိုက် မိသွားလေသည်။ မြို့တော် ခန်းမနံရံမှာ ကျောက်မှုန့်များ ဖြစ်သွားပြီး မိုးရေထဲတွင် မျောပါ သွားလေသည်။

ကူရှန်နတ်မိမယ်နှင့် မနီးမဝေးတွင် ယန်ရွှီး ပြန်ပေါ် လာလေသည်။ သူက နတ်မိမယ်၏ ရင်ဘတ်ပေါ်သို့ လက်ဝါးတစ်ချက် ရိုက်ထုတ် လိုက်သည်။ ထိုနေရာမှ နတ်မိမယ်၏ တန်ခိုးစွမ်းအား တည်ရှိရာ နှလုံးသား နေရာ ဖြစ်လေသည်။

နတ်မိမယ်၏ ခန္ဓာကိုယ်မှ အလင်းရောင်များ ဖြာထွက် နေလေသည်။

နတ်ဘုရား စွမ်းအားများသည် သူမ ကိုယ်ထဲတွင် အရှိန်အဟုန် ပြင်းစွာဖြင့် လှည့်ပတ် နေလေသည်။ အမြင့်ဆုံး စွမ်းအား ရရှိရန်အတွက် နတ်မိမယ်က သူမကိုယ်သူမ လောင်ကျွမ်းပစ်ရန် ကြိုးစား လိုက်သည်။

သို့သော် ယန်ရွှီး၏ မျက်ဝန်းနက်နက်များကို ရင်ဆိုင် လိုက်ရသည်နှင့် စိတ်အာရုံများ ပျံ့လွင့်သွားပြီး စွမ်းအား လှည့်ပတ်မှု နှေးကွေး သွားရလေသည်။

ဓားဝိညာဉ် ထွက်ပေါ်လာပြီး ယန်ရွှီး၏ နှလုံးသားနေရာသို့ ထိုးစိုက် ချလိုက်လေသည်။

ယန်ရွှီးက သူ၏ လှပသည့် လက်လေးများဖြင့် သူ့ထံသို့ ထိုးစိုက်လာသည့် ဓားဝိညာဉ်ကို ဖမ်းဆုပ် လိုက်လေသည်။

ဓားဝိညာဉ်မှာ အသက်ဝင်နေပြီး သူ့လက်မှ လွတ်မြောက်ရန် လူးလွန့်နေလေသည်။

ယန်ရွှီး မဲ့ပြုံးတစ်ချက် ပြုံးလိုက်လေသည်။

နတ်သက်ခြွေ ဓားသိုင်းတဲ့လား…။

သူ့ကို ဘယ်လိုလုပ် နှိမ်နင်း နိုင်မှာတဲ့လဲ…။

ယန်ရွှီးလက်တွင်းမှ တကြွပ်ကြွပ် မြည်သံများ ထွက်ပေါ်လာလေသည်။

ယန်ရွှီးမှာ ဆန်းလျန်ချန် ထားခဲ့သည့် ဓားဝိညာဉ်ကို ချေမွ ဖျက်ဆီး ပစ်လိုက်ပြီ ဖြစ်ကြောင်း နတ်မိမယ် သိလိုက်လေသည်။

သခင်လေး၏ သွေးဖြင့် ရေးထားခဲ့သည့် ဓားသင်္ကေတသည်ပင် ထိုမိစ္ဆာနတ်ဘုရားကို နည်းနည်းလေးမှ ထိခိုက်နိုင်ခြင်း မရှိပေ။

ရုတ်တရက် သူမ နှလုံးသားနေရာမှ အေးခနဲ ခံစား လိုက်ရလေသည်။ သူမ မသိလိုက်မီမှာပင် သူမ နှလုံးသားနေရာမှ နတ်ဘုရား တန်ခိုးစွမ်းအားများမှာ ယန်ရွှီး လက်တွင်းသို့ ပါသွားလေသည်။

ယန်ရွှီး၏ လက်ထဲတွင် တောက်ပ ကြည်လင်နေသည့် ပုလဲလုံး တစ်လုံးကို ကိုင်ထားလေသည်။ ထိုပုလဲလုံးမှာ ကူရှန် နတ်မိမယ်၏ နတ်ဘုရား တန်ခိုးစွမ်းအား တည်ရှိရာ နေရာဖြစ်လေသည်။ ထိုပုလဲလုံးသည် တဖြည်းဖြည်း ကြီးမားလာပြီး တံခါးဝတစ်ခု ပေါ်လာလေသည်။ ထိုတံခါးဝမှာ ကူရှန်ဝတ် ကျောင်းတော် တံခါးဝနှင့် ဆင်တူ နေလေသည်။

နတ်မိမယ်မှာ မိစ္ဆာနတ်ဘုရားက သူမ၏ နတ်ဘုရား တန်ခိုးစွမ်းအား တံခါးကို မည်သို့ ဖွင့်လိုက်နိုင်သည်လဲ နားမလည်နိုင် ဖြစ်နေရလေသည်။

ယန်ရွှီးသည် ပုံရိပ်ယောင် အဖြစ်ဖန်ဆင်းကာ နတ်မိမယ်၏ တန်ခိုးစွမ်းအား တံခါးအတွင်းသို့ ဝင်ရောက် သွားပြီး ပြန်ထွက် လာလေသည်။

ပြန်ထွက်လာသည့် အခါတွင်တော့ သူ၏ လက်ထဲတွင် အနက်ရောင် မိစ္ဆာစွမ်းအားများ ပါဝင်နေသည့် ပုလဲလုံး တစ်လုံးသည် သူ့လက်ထဲတွင် ပါလာလေသည်။ ထိုပုလဲလုံးမှာ ဆန်းလျန် ကိုယ်တွင်းသို့ သူထည့်သွင်း ပေးခဲ့သည့် နှလုံးသားချုပ် ကျိန်စာကို ဖိနှိပ်ထားသည့် ဆန်းလျန်၏ တန်ခိုး စွမ်းအားများပင် ဖြစ်လေသည်။

ယန်ရွှီးက မြို့တံခါးထိပ်တွင် ရပ်တန့်နေပြီး ကူရှန် နတ်မိမယ်ကတော့ တန်ခိုး စွမ်းအားများ ကုန်ဆုံးကာ မြေပြင်ပေါ်သို့ ပြုတ်ကျ သွားလေသည်။

ယန်ရွှီးက နတ်မိမယ်၏ နတ်ဘုရား စွမ်းအားတည်ရှိရာ ပုလဲလုံးကို ရွှံ့ထဲသို့ လွှင့်ပစ် လိုက်လေသည်။ ပုလဲလုံးမှာ တောက်ပမှု မရှိတော့ဘဲ ရွှံ့ထဲတွင် နစ်နေလေသည်။

ယန်ရွှီးက သူ့လက်ထဲမှ ဆန်းလျန် ချန်ထားခဲ့သည့် တန်ခိုးစွမ်းအား ပုလဲလုံးကို စိုက်ကြည့် လိုက်သည်။ သူက အနက်ရောင် မိစ္ဆာစွမ်းအားများက သူ့ကိုယ်ထဲသို့ ပြန်စုပ်ယူ လိုက်လေသည်။

သူ၏ နှလုံးသားချုပ် ကျိန်စာကို ပြန်လည် ရုတ်သိမ်း လိုက်ခြင်း ဖြစ်လေသည်။ အနက်ရောင် မိစ္ဆာစွမ်းအားများကို စုပ်ယူလိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်မှာ ပိုပြီး ကြံ့ခိုင်လာပြီး ကြောက်မက်ဖွယ်ရာ ကောင်းလာလေသည်။

သူက ဆန်းလျန်၏ တန်ခိုး စွမ်းအားများသာ ကျန်တော့သည့် တောက်ပ နေသည့် ပုလဲလုံးကို ထပ်ကြည့် လိုက်သည်။

သူအနိုင်ရသည် ဆိုလျှင်တောင်မှ သူ့အနေဖြင့် မိုးကောင်းကင် မိစ္ဆာခန္ဓာ မရနိုင်သေးပေ။ ထို့ကြောင့် သူ့အနေဖြင့် ဆန်းလျန်၏ တန်ခိုး စွမ်းအား ပုလဲလုံးကို အသုံးချကာ ထိုက်ရွှီး တန်ခိုးစွမ်းအား များကို နားလည်အောင် ကြိုးစား သင့်လေသည်။

ထိုခဏလေး အတွင်းမှာပင် သူ့လက်ထဲမှ ပုလဲလုံးမှာ လေပွေ မုန်တိုင်း တစ်ခု ဖြစ်ပေါ်လာလေသည်။

ယန်ရွှီး၏ တည်ငြိမ်သည့် မျက်နှာမှာ ချက်ချင်းပင် အံ့သြ တုန်လှုပ်သည့် အသွင်သို့ ပြောင်းလဲ သွားလေသည်။ သူ့မျက်နှာတွင် မယုံကြည်နိုင်သည့် အရိပ်အယောင်များ ပေါ်ထွက်လာလေသည်။

“မင်း ဘယ်လိုလုပ်ပြီး ဒီလို လုပ်ရတာလဲ”

ထိုအချိန်မှာပင်….

ယွီကွမ်းမြို့ အပြင်ဘက်မှ ရောင်စုံ အလင်းရောင်များ တောက်ပလာပြီး ယန်ရွှီး ရပ်နေသည့် မြို့တံခါးထိပ်နှင့် ပတ်ဝန်းကျင် တစ်ခုလုံးကို စုပ်ယူ ပစ်လိုက်လေသည်။ ကြောက်စရာ အကောင်းဆုံးမှာ မြို့ရိုး တစ်ခုလုံးကို စုပ်ယူ ပစ်လိုက်ပြီး မြေပြင် တစ်ခုလုံးမှာ ရွှံ့များဖြင့် ပြည့်သွားလေသည်။

ကောင်းကင်ထက်မှ ဓားဝိညာဉ် တစ်ခု ထွက်ပေါ်လာပြီး ရွှံ့ထဲသို့ ထိုးစိုက် ချလိုက်လေသည်။

ထိုအခါ ရွှံ့ထဲမှ အနက်ရောင် အရိပ်တစ်ခု ထွက်ပေါ် လာလေသည်။ ရွှံ့ထဲတွင် နစ်နေသည့် ယန်ရွှီး၏ အရိပ်ပင် ဖြစ်လေသည်။

ထိုအချိန်မှာပင် အလွန် လျင်မြန်သည့် သွေးနီရောင် ဓားဝိညာဉ်တစ်ခု ပေါ်ထွက်လာပြီး အနက်ရောင် အရိပ်ကို အပိုင်းပိုင်း ဖြတ်ပစ် လိုက်လေသည်။

အနက်ရောင် အရိပ်မှာ တစ်စစီ ပြတ်ထွက်သွားပြီး တုန်လှုပ် ချောက်ချားနေကြသည့် အနီး ပတ်ဝန်းကျင်မှ လူအချို့ အပေါ်သို့ ကျရောက် သွားလေသည်။

မိုးများ စဲသွားပြီ ဖြစ်သည်။

ချောင်းဟန့်သံ သဲ့သဲ့ကို ကြားလိုက်ရပြီး လူငယ်နှစ်ယောက် ပေါ်လာလေသည်။

ဆန်းလျန်နှင့် ရဲ့လျိုယွင်ပင် ဖြစ်လေသည်။

“ပကတိ ဖန်ဆင်းခြင်း ပညာဟာ မိုးနဲ့မြေမှာ တကယ် ထူးခြားတဲ့ ကျင့်စဉ် တစ်ခုပဲ၊ မင်းက မင်းရဲ့ တန်ခိုး စွမ်းအားတွေ အကုန်သုံးမယ် ဆိုရင်တောင်မှ ဒီမိုးကောင်းကင် နတ်မိစ္ဆာကို မမြစ်ပြတ် သုတ်သင် မပစ်နိုင်လောက်ဘူး”

“အမှန်ပဲ၊ ငါ့ရဲ့ ဆရာဘွားဘွားက သူ့နောက်ကို အချိန်အကြာကြီး လိုက်ပြီး တိုက်ခိုက်တာတောင်မှ သူ့ကို အမြစ်ပြတ် မသုတ်သင်နိုင်ခဲ့ဘူး”

ဆန်းလျန် ထိုစကားကို ပြောလိုက်သည့် အချိန်တွင် နောင်တရသည့် အသံများ ပါဝင်နေလေသည်။

ယန်ရွှီးကို နောက်ဆုံး တိုက်ခိုက်လိုက်သည့် တန်ခိုးစွမ်းအားသည် ဓားဝိညာဉ် တစ်ခု မဟုတ်ဘဲ မိုးကောင်းကင် နတ်မိစ္ဆာ နှိမ်နင်းသည့် ပညာသာ ဖြစ်ခဲ့လျှင် ယန်ရွှီးအနေဖြင့် လွတ်မြောက် နိုင်မည် မဟုတ်ပေ။ ယခုတော့ ယန်ရွှီးမှာ လွတ်မြောက် သွားပြန်ပြီ ဖြစ်လေသည်။

ရဲ့လျိုယွင်က ကြောက်ရွံ့ နေကြသည့် လူများကို တစ်ချက် လှမ်းကြည့် လိုက်ပြီး….

“ဒီလူတွေထဲက တစ်ယောက်ယောက်ရဲ့ နှလုံးသားထဲကို ဝင်ပြီး ဒီကောင် ပုန်းနေတာ ဖြစ်နိုင်တယ်၊ ဒီလူတွေကိုရော ငါတို့ သတ်ပစ်ကြမလား”

ဆန်းလျန်က လက်တစ်ဖက် ကာပြလိုက်ရင်း…

“သူက ငါတို့ နှလုံးသားထဲကို မိစ္ဆာမျိုးစေ့တွေ တိတ်တဆိတ် ထည့်ပေးတဲ့ လျှို့ဝှက်နည်းလမ်းကို အသုံးပြုတာ၊ ဒီလူတွေ အားလုံးသာ သူ့ရဲ့ ကိုယ်ပွားတွေ ဖြစ်ကုန်ရင် ငါတို့တော့ ပြဿနာ တက်ပြီပေါ့၊ ဒါပေမဲ့ သူ ဒီမှာ မရှိလောက်တော့ပါဘူး”

“ဘာဖြစ်လို့လဲ”

ရဲ့လျိုယွင်က မေးလိုက်သည်။

“ဘာလို့လဲဆိုတော့ သူ့လိုလူမျိုးက အသက်ရှင်ရဖို့ အဓိကပဲလေ၊ ဒီမှာ ဘယ်နေတော့မလဲ၊ ပြေးပြီပေါ့”

ဆန်းလျန်က ရွှံ့ရေများဖြင့် ပြည့်နေသည့် ယွီစွေမြစ်ကို တစ်ချက် လှမ်းကြည့် လိုက်လေသည်။ မြစ်တစ်ခုလုံးသည် ညစ်ပတ်လျက် ရှိချေပြီ။

မြစ်ရေသည် တည်ငြိမ်နေလျှင် ကြည်လင်နေပြီး လှိုင်းထလျှင်တော့ နောက်ကျိ သွားတတ် လေသည်။

လူ့စိတ်သဘော များကဲ့သို့ပင် ဖြစ်လေသည်။ တည်ငြိမ်နေသည့် အချိန်တွင်တော့ စိတ်ကောင်း ဝင်နေတတ်ကြပြီး လောကဓံဖြင့် ကြုံတွေ့ရလျှင်တော့ သည်းမခံနိုင်ကြဘဲ နောက်ကျိ သွားတတ် ကြလေသည်။

စစ်မှန်သည့် တာအို ကျင့်ကြံသူကတော့ မည်မျှပင် လောကဓံကို ရင်ဆိုင်ရပါစေ အေးဆေး တည်ငြိမ်ဆဲ ဖြစ်လေသည်။

တန်ခိုး စွမ်းအားများ အားလုံး ဆုံးရှုံးရပြီ ဆိုလျှင်တောင်မှ စိတ်နှလုံးမှ လွတ်မြောက်ခြင်း တရားကတော့ ပျောက်ဆုံး သွားမည် မဟုတ်ပေ။

နှလုံးသား ထိန်းချုပ် ကျိန်စာကို ဖိနှိပ်ထားရန် အတွက် ဆန်းလျန်၏ တန်ခိုးများစွာ ဆုံးရှုံး ခဲ့ရသည့်တိုင် သူ့စိတ်က အေးဆေးနေဆဲ ဖြစ်လေသည်။ တန်ခိုး စွမ်းအားဆိုသည်က ပြန်လည် ကျင့်ကြံ၍ ရလေသည်။

သို့သော် လူတစ်ဦး၏ စိတ်နေစိတ်ထား ပျက်စီးသွားလျှင်တော့ အလွယ်တကူ ပြုပြင်ယူ၍ ရနိုင်မည် မဟုတ်ပေ။

ရဲ့လျိုယွင်က ဆန်းလျန်၏ သန့်စင်သည့် စိတ်ထားကို လေးစား လိုက်မိသည်။

တန်ခိုးစွမ်းအားများ ဆုံးရှုံး လိုက်ရသည့်တိုင် ဆန်းလျန်သည် တည်ငြိမ်နေဆဲ ဖြစ်လေသည်။ သူ့ကို ကြည့်ရသည်မှာ ညအမှောင်တွင် ထွန်းလင်းနေသည့် မီးအိမ်လေး တစ်လုံးပမာ နွေးထွေးပြီး သက်တောင့်သက်သာ ရှိလှသည်။

ကူရှန်ဝတ် ကျောင်းတော်ကို ဆန်းလျန်က အသစ် ပြန်လည် တည်ဆောက် ပေးလေသည်။

ကူရှန် နတ်မိမယ်မှာလည်း သတိ ပြန်ရလာပြီး လူအများ၏ နွေးထွေးသည့် ဆုတောင်းသံများကို ပြန်လည် ခံစားလိုက်ရလေသည်။ ထိုအခါ သူမ၏ တန်ခိုး စွမ်းအားများ ပြန်လည် ရရှိလာလေသည်။

သူမ မျက်လုံးဖွင့်ကြည့် လိုက်သည့် အခါတွင်တော့ သခင်လေး၏ နွေးထွေးသည့် အကြည့်များနှင့် ရင်ဆိုင် လိုက်ရသည်။

“ကျေးဇူးတင်ပါတယ်”

ဆန်းလျန်က ပြောလိုက်သည်။

ထိုစကား တစ်ခွန်းတည်းနှင့်ပင် သူမ ပေးဆပ်ခဲ့သမျှ တန်ဖိုး ရှိလှသည်ဟု နတ်မိမယ်လေး ခံစားလိုက်ရလေသည်။

ဆန်းလျန်၏ ကျေးဇူးတင်စကား တစ်ခွန်းက သူမကို အရာ အားလုံးထက်ပိုပြီး ပျော်ရွှင် စေလေသည်။

ထိုခံစားချက်ကို သူမ နားလည် မိသလို ရှိလေသည်။ လူသားများက ထိုခံစားချက်ကို “အချစ်” ဟု အဓိပ္ပာယ် ဖွင့်ကြသည်။ လူသားများက ထိုအချစ်ကြောင့်ပင် မွေးဖွားလာကြသည်။ အသက်တွေ ကြီးပြင်းသည့်တိုင်၊ နာမကျန်းသည့်တိုင်၊ သေသည်အထိ သက်ဆုံးတိုင် ပေါင်းဖက် ကြလေသည်။ သာမန် လူသားများ အတွက်တော့ အချစ်က အရေးကြီးလေသည်။

“တကယ်တော့ ကျွန်မ အများကြီးလည်း မကူညီလိုက်ရပါဘူး”

သူမက နူးညံ့စွာ ပြောလိုက်သည်။

သူမရင်ထဲမှ သခင်လေးဟု ခေါ်ချင်မိသော်လည်း ဘာကြောင့်မှန်း မသိ မခေါ်လိုက်မိပေ။

ဆန်းလျန်ကတော့ အခေါ်အဝေါ်များကို သိပ်ပြီး ဂရုစိုက်တတ်သူ မဟုတ်၍ သတိ မထားလိုက်မိပေ။

“မင်းအပေါ် မကောင်းခဲ့ကြတဲ့ ယွီကွမ်းမြို့က လူတွေကို အပြစ် ပေးချင်သေးလား”

ဆန်းလျန်က မေးလိုက်သည်။

“ဒါပေမယ့် အခု သူတို့က ကျွန်မကို ပြန်ကိုးကွယ် နေကြပြီပဲ၊ အရင်က ထက်တောင် ကြည်ညို ကြသေးတယ်”

သူမက ဆန်းလျန် စကားကြောင့် တအံ့တသြဖြင့် ပြန်ဖြေလိုက်သည်။

လူအများ၏ ဆုတောင်းသံများနှင့် အတူ သူမအပေါ် ကြောက်ရွံ့ လေးစားခြင်းကိုလည်း သူမ ခံစား နေရလေသည်။ လူအများ၏ ကိုးကွယ်ဆည်းကပ်မှုမှာ ယခင်က ထက်ပင် ပိုပြီး ပြင်းထန် နေလေသည်။ သူမ၏ တန်ခိုး စွမ်းအား များမှာလည်း ပြန်လည် မြင့်တက်လာပြီ ဖြစ်လေသည်။

သို့သော် သူမ တန်ခိုး စွမ်းအားများ မြင့်တက်လာခြင်း အတွက် သူမ ပျော်ရွှင်ခြင်း မရှိပါ။ အဘယ်ကြောင့် ဆိုသော် သူမ မွေးကတည်းက သူမထက် တန်ခိုးစွမ်းအား အဆမတန် မြင့်မား သူများကို မြင်တွေ့ ခဲ့ရသောကြောင့် ဖြစ်လေသည်။

ပင်လယ်နှင့် မြစ်များကို မြင်တွေ့ခဲ့ဖူးသူ အတွက် စမ်းချောင်းလေးကို ကျယ်သည်ဟု မထင်မိတော့ပေ။

"မင်း သူတို့ကို မမုန်းဘူးလား"

ဆန်းလျန်က သူမကို တစ်ချက် လှမ်းကြည့်ရင်း မေးလိုက်သည်။

"မမုန်းပါဘူး"

ထိုစကားမှာ သူမရင်ထဲမှ စကား ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် သူမ တကယ် မမုန်းသောကြောင့် ဖြစ်လေသည်။

သူမ ရေငန်းသီးပင်လေး ဘဝတုန်းက သူမပင်စည်ပေါ်တွင် တွယ်ကပ်နေသည့် နွယ်ပင် တစ်ပင် ရှိခဲ့ဖူးလေသည်။ သူမ ပင်စည်ထဲမှ အာဟာရများကို စုပ်ယူပြီး အသက် ရှင်သန်လေသည်။ သို့သော်... တဖြည်းဖြည်းနှင့် သေဆုံးသွားပြီး အမှုန့် ဖြစ်သွားရှာလေသည်။

ထိုအပင်လေး သေဆုံးသွားတော့ သူမ အလွန် ဝမ်းနည်း ခဲ့ရဖူးလေသည်။

လူသားများသည်လည်း အချိန်တန်လျှင် ထိုနွယ်ပင်လေးကဲ့သို့ပင် အမှုန့် ဖြစ်သွားရမည် ဖြစ်ပြီး သူမက လူသားများ အတွက် စိတ်မကောင်းပင် ဖြစ်မိလေသည်။

"ဒါလည်း ကောင်းတာပဲလေ..."

ဆန်းလျန် သက်ပြင်းတစ်ချက် ချရင်း ပြောလိုက်သည်။

ဆန်းလျန်က မတ်တတ် ရပ်လိုက်ပြီး သူမ၏ မျက်ခုံး နှစ်ခုကြားသို့ လက်ဖြင့် ထောက်လိုက်သည်။

ယခုမှ သူမ၏ ဝိညာဉ်မှာ နတ်မိမယ် ရုတ်တုထဲတွင် ရှိနေခြင်း ဖြစ်ကြောင်း သူမ သတိ ရလိုက်မိသည်။

သူမ၏ မျက်ဝန်းထဲတွင် ပင်လယ်ကြီး တစ်ခုကို မြင်တွေ့ရပြီး ပင်လယ်၏ အလယ်တွင် ကျွန်းကြီး တစ်ကျွန်း ရှိနေလေသည်။ ထိုကျွန်းပေါ်တွင် နတ်ဘုရားတောင် တစ်တောင် ရှိလေသည်။ တောင်ထိပ်တွင် လှပသည့် မြူခိုး တိမ်တိုက်များ ရစ်သိုင်းနေလေသည်။

"ဒီနေရာကို ချင်းရွှမ် နတ်တံခါးလို့ ခေါ်တယ်၊ ချီးစန်းကွမ်း နေကောင်းသွားရင် အဲဒီကို လွှတ်လိုက်ပါ"

"ကျွန်မရော အဲဒီကို လာလို့ မရဘူးလား"

နတ်မိမယ်က မျက်ဝန်း တောက်တောက်လေးများဖြင့် ဆန်းလျန်ကို ကြည့်ရင်း မေးလိုက်သည်။

"မင်း ဒီနေရာက ထွက်ခွာလို့ရတဲ့ တစ်နေ့ကျ ချင်းရွှမ်မှာ ကျုပ်ကို လာရှာနိုင်ရပါတယ်၊ ဒါနဲ့ မင်းမှာ နာမည်ရှိသလား၊ မင်းနာမည်ကိုတောင် ကျုပ်မသိရသေးဘူး"

ဆန်းလျန်က ရယ်မောရင်း ပြောလိုက်သည်။

"ကျွန်မမှ နာမည်မရှိဘူး၊ ဒီဒေသမှာပဲ သီးနှံတွေ အထွက် တိုးစေဖို့ ကူရှန် နတ်မိမယ်လို့ပဲ ခေါ်ကြတာ"

"ဒါဖြင့်လည်း မင်းကို နာမည်  တစ်ခု ပေးမယ်လေ၊ မင်းက ရေငန်းသီးပင်လေးက မွေးဖွား လာတာမို့လို့ မင်းကို လွိလော်လို့ နာမည်ပေးလိုက်မယ်"

(လွိလော် = အစိမ်းရောင် သစ်ပင်ဟု အဓိပ္ပာယ်ရ - ဘာသာပြန်သူ)

"ဟုတ်…"

နတ်မိမယ်သည် သူမ၏နာမည်ကို သဘောကျသွားပြီး စိတ်လည်း လှုပ်ရှား သွားလေသည်။ သူမသာ လူသား တစ်ယောက် ဖြစ်ခဲ့လျှင် အရမ်းကောင်းမှာပဲဟု တွေးနေမိလေသည်။ သူမသွားချင်သည့် နေရာတိုင်းသို့ သွားနိုင်မည် ဖြစ်လေသည်။

သူမ စိတ်ကူးယဉ်၍ ကောင်းနေဆဲမှာပင် ဆန်းလျန်က ပျောက်ကွယ် သွားပြီ ဖြစ်လေသည်။

အဝေးဆီမှ ကဗျာရွတ်ဆိုသံ သဲ့သဲ့ကို ကြားလိုက်ရလေသည်။

"အစိမ်းရောင် သစ်ပင်လေး (လွိလော်)နဲ့ ကျောက်စိမ်းသစ်ပင်တို့ ဆုံတွေ့ခဲ့ကြတယ်…

သစ်ပင် နှစ်ပင်လုံး လင်းလက်တောက်ပလို့…

နတ်ဘုရား နှစ်ပါးက သစ်ပင် နှစ်ပင်အောက်မှာ ထိုင်နေတယ်…

ပြီးတော့ သူတို့တွေ မိုးကောင်းကင်ထက် အတူတူ ပျံသန်း ထွက်ခွာသွား…

သစ်ပင်လေးလည်း စိတ်လှုပ်ရှားစွာ သူတို့နဲ့ အတူတူ ပျံသန်းလိုက်ချင်ရဲ့…

အစိမ်းရောင် ရှီးယွဲ့တောင်ထိပ်မှာ…

အလှစိုက်ထားတဲ့ ပန်းဥယျာဉ် လေးဟာ မိုးကောင်းကင်နဲ့ ဆက်နွှယ်…

အဲဒီ ဥယျာဉ်လေးထဲမှာ ရသေ့ကြီး တစ်ပါးရှိတယ်…

မုတ်ဆိတ်တွေရော ဆံပင်တွေရော ဖြူဖွေးလို့…

တောင်ဝှေး တစ်ချောင်းကိုင်ပြီး ခရီးထွက်သွားတဲ့ အခါ…

အရာရာကို မေ့ပျောက် လိုက်ဖို့ သင်ကြားပေးသွားတယ်…"

***

All Chapters