ဖျော်ဖြေရေးဂေဟာက သတင်းစုံသားပဲ
Vol. 17 Ch. 175
နတ်ဆိုးအင်မော်တယ်
စာစဥ်(၁၇)
ကျောက်တာဖန်းကို နှုတ်ဆက်ပြီးနောက် စုန့်ဝမ်သည် ငှားရမ်းထားသော အိမ်ဝင်းဆီသို့ ထွက်လာခဲ့သည်။ ယခင်အိမ်ငှား ထွက်ခွာသွားသည်မှာ သိပ်ကြာသေးပုံ မရ၊ အိမ်မှာ အတော်လေး သန့်ရှင်းနေသေးသည်။ အနည်းငယ် သန့်ရှင်းရေးလုပ်ပြီးနောက် နေ့စဉ်သုံး ပစ္စည်းအချို့ ဝယ်ယူရန် စျေးဘက်သို့ ထွက်လာခဲ့သည်။
စုန့်ဝမ်အနေဖြင့် ဤပစ္စည်းများကို အမှန်တကယ် မလိုအပ်သော်လည်း၊ အစားအသောက် ချက်ပြုတ်စားသောက်ရန် လိုအပ်သော ချီစုစည်းခြင်း ကျင့်ကြံသူအဖြစ် ဟန်ဆောင်နေသောကြောင့် အခြားသူများ မရိပ်မိစေရန်အတွက် ပီပီပြင်ပြင် သရုပ်ဆောင်ရန် လိုအပ်သည်။
ဈေးအတွင်း လှည့်လည်ကြည့်ရှုစဉ် ကျောက်တာဖန်း ပြောသကဲ့သို့ပင် ကျင့်ကြံသူ အရေအတွက် သိသိသာသာ များပြားလာသည်ကို သတိပြုမိလိုက်သည်။ လေလွင့်ကျင့်ကြံသူများသာမက သားရဲသခင်ဂိုဏ်းဝင်များပင် ယခင်ကထက် သုံး၊ လေးဆခန့် ပိုများနေသည်။
လူသူကင်းဝေးသော နေရာတစ်ခုကို ရှာဖွေပြီးနောက် စုန့်ဝမ်သည် ချီစုစည်းခြင်း သတ္တမအဆင့် လူလတ်ပိုင်းအရွယ် အားကောင်းမောင်းသန် ကျင့်ကြံသူတစ်ဦးအဖြစ် အသွင်ပြောင်းလိုက်သည်။ ထို့နောက် ဟယ်ဟွမ်းဂိုဏ်းမှ ဖွင့်လှစ်ထားသော ကောင်းကင်စမ်းရေဂေဟာသို့ ထွက်လာခဲ့သည်။
ဂေဟာအပြင်ဘက်တွင် ရယ်မောသံများနှင့် စကားပြောသံများဖြင့် စည်ကားလျက် ရှိသည်။ ဂေဟာအတွင်း ဝင်လိုက်သည်နှင့် အဝတ်အစား မလုံမလဲ ဝတ်ဆင်ထားသော အမျိုးသမီးငယ်တစ်ဦးက စုန့်ဝမ်ထံ ချက်ချင်း ချဉ်းကပ်လာသည်။ ထိုမိန်းမပျိုမှာ အသက် ၂၀ ဝန်းကျင်ခန့် ရှိပုံရပြီး၊ ဆွဲဆောင်မှုရှိသော ရုပ်ရည်၊ ပြည့်ဖြိုးသော ရင်အစုံ၊ တောင့်တင်းလှပသော ခန္ဓာကိုယ် ပိုင်ဆိုင်ထားကာ ချီစုစည်းခြင်း ဆဋ္ဌမအဆင့် ရှိသည်။
အနီးရောက်သည်နှင့် စုန့်ဝမ်၏ ညာလက်ကို ဖက်တွယ်ရင်း နွေးထွေးအိစက်နေသော ရင်အစုံဖြင့် လက်မောင်းကို ဖိကပ်ထားလိုက်သည်။ နူးညံ့စွာ ပြုံးပြရင်း “သခင်လေး ကြည့်ရတာ ဒီနေရာနဲ့ စိမ်းနေပုံပဲ။ ဒါ ပထမဆုံးအကြိမ်လားရှင့်” ဟု ကနွဲ့ကလျ မေးလာသည်။
သူမ၏ အသံမှာ စမ်းချောင်းလေးတစ်ခု စီးဆင်းနေသကဲ့သို့ နူးညံ့သိမ်မွေ့လှပြီး စုန့်ဝမ်၏ ရင်ကို လှုပ်ခတ်သွားစေသည်။ ထိုအခိုက်အတန့်တွင် စုန့်ဝမ်သည် အိုက်ခွင်း၏ တားဆီးမရသော ခံစားချက်များကို နားလည်သွားသည်။ စုန့်ဝမ် ခေါင်းညိတ်ပြရင်း “ဟုတ်တယ်၊ ပထမဆုံးအကြိမ်ပဲ” ဟု ပြန်ဖြေလိုက်သည်။
ဂေဟာသို့ ပထမဆုံးအကြိမ် လာရောက်သူဖြစ်ကြောင်း သိသွားချိန်တွင် မိန်းမပျို၏ မျက်လုံးများ ပိုမိုတောက်ပသွားသည်။
“ဒီဘက်ကို ကြွပါ ရှင့်”
ထိုအမျိုးသမီးသည် ဤဧည့်သည်မှာ သူမ၏ ပိုင်ဆိုင်မှုဟု ပြသသကဲ့သို့ သူမ၏ကိုယ်ကို စုန့်ဝမ်ပေါ် မှီတွယ်ရင်း တတိယထပ်သို့ ခေါ်ဆောင်သွားသည်။
“ကျွန်မနာမည်က အားယောင်ပါ။ သခင်လေးကို ဘယ်လို ခေါ်ရမလဲရှင့်”
“ချန်ဖေးဟဲ”
“နာမည်က အတော်လေး မာန်ပါတာပဲ သခင်လေးရယ်”
တတိယထပ်သို့ ရောက်သောအခါ စုန့်ဝမ်ကို မွှေးရနံ့များ သင်းပျံ့နေသော အခန်းတစ်ခုသို့ ခေါ်သွားသည်။ အားယောင်က စုန့်ဝမ်ကို စားပွဲတစ်ခုတွင် ထိုင်ခိုင်းပြီး အရက် ငှဲ့ပေးသည်။
“သခင်လေး... အားယောင်က သခင်လေးအတွက် ဂုဏ်ပြုချင်ပါတယ်”
စကားပြောရင်း အားယောင်မှာ စုန့်ဝမ်၏ ပေါင်ပေါ်တွင် လာထိုင်ပြီး အရက်ခွက်ကို ပေးလိုက်သည်။
စုန့်ဝမ်သည် အရက်ကို မော့သောက်လိုက်ရာ ဝမ်းဗိုက်တွင်း ရောက်သည်နှင့် ကူပိုးကောင်က ဖမ်းယူ မြိုချပစ်လိုက်သည်။ ဖိနှိပ်ထားသော သွေးသားတောင့်တမှုများ ပြန်လည် နိုးထလာသဖြင့် စုန့်ဝမ်၏ လက်များမှာ အားယောင်၏ ပါးလွှာသော အဝတ်အစားအောက်ရှိ နုနယ်သော ကိုယ်လုံးလေးကို အလိုအလျောက် စတင် စူးစမ်းတော့သည်။
အားယောင်မှာ ကိုယ်လုံးလေးကို တွန့်လိမ်ရင်း ပါးစပ်ကို လက်ဖြင့်အုပ်ကာ တိုးတိုးလေး ရယ်မောလိုက်သည်။
“သခင်လေးက... တော်တော်လေး စိတ်စောနေတာပဲ”
“မလောပါဘူးကွ .. အေးဆေးပေါ့”
စုန့်ဝမ်သည် သွေးသားတောင့်တမှု အရှိန်တက်နေသော်လည်း တစ်ဆင့်ချင်းသာ တက်ရန် ရည်ရွယ်ထားသည်။ ဤနေရာမျိုးမှာ သတင်းစုံလင်သောကြောင့် သောက်စားပြီး ချော့မြူကစားရင်း သတင်းစုံစမ်းလိုက်သည်။
“ဈေးထဲမှာ ဘာဖြစ်လို့ ကျင့်ကြံသူတွေ ရုတ်တရက် များလာတာလဲ သိလား”
အားယောင်၏ မျက်နှာတွင် အံ့သြသွားသော အရိပ်အယောင်များ ပေါ်လာသည်။
“သခင်လေးချန်... တကယ်ပဲ မသိတာလား”
သူမ၏ တုံ့ပြန်ပုံမှာ လူတိုင်းသိနေသည့် ကိစ္စတစ်ခုကို အရေးတယူလုပ် အမေးခံရသဖြင့် အံသြနေပုံရသည်။ စုန့်ဝမ်ပင် အနည်းငယ် ကြောင်သွားသည်။
“ငါက တံခါးပိတ်ကျင့်ကြံနေတာ ကြာပြီ၊ ဒီနေ့မှ အပြင်ထွက်လာတာ”
“အော်... အဲဒါကြောင့်ကိုး၊ မဟုတ်ရင် လမ်းမှန်ဂိုဏ်းတွေနဲ့ နတ်ဆိုးဂိုဏ်းတွေကြားကစစ်ပွဲ ပြီးဆုံးသွားတဲ့ကိစ္စကို ဘယ်သူက မသိဘဲ နေမှာလဲ”
“စစ်ပွဲ ပြီးသွားပြီ၊ တကယ်လား”
အလွန်တရာ အံသြသွားသဖြင့် စုန့်ဝမ်၏ အသံမှာ ရုတ်တရက် ကျယ်လောင်သွားသည်။ ဤသတင်းမှာ သူ့အတွက် အမှန်တကယ် တုန်လှုပ်စရာ ဖြစ်သည်။
စုန့်ဝမ် အားယောင်၏ လက်ကောက်ဝတ်ကို ဆွဲကိုင်လှုပ်ယမ်းရင်း မေးလိုက်မိသည် ။
“ရလဒ်က ဘယ်လိုလဲ၊ ဘယ်ဖက်က နိုင်တာလဲ”
အားယောင်၏ မျက်နှာမှာ ရုတ်တရက် နာကျင်သွားဟန်ဖြင့် မျက်ရည်များ ဝဲလာကာ သနားစဖွယ် ဖြစ်သွားသည်။
“သခင်လေး... နာတယ်ရှင့်”
စုန့်ဝမ် ချက်ချင်း လက်ကို လွှတ်ပေးလိုက်သည်။
“မြန်မြန်ပြောပါဦး၊ ဘာတွေ ဖြစ်ကုန်တာလဲ”
အားယောင်က နီရဲသွားသော လက်ကောက်ဝတ်ကို ပွတ်ရင်း နှုတ်ခမ်းစူပြီး ဖြည်းဖြည်းချင်း ပြန်ဖြေသည်။
“အမှန်တော့ တရားနဲ့ မိစ္ဆာ စစ်ပွဲက လုံးဝ ပြီးသွားတာတော့ မဟုတ်ပါဘူး၊ နှစ်ဖက်လုံးက ယာယီ ရပ်လိုက်ကြတာပါ။ လွန်ခဲ့တဲ့ တစ်လကျော်လောက်က၊ လေ့မိသားစုနဲ့ လမ်းမှန်ဂိုဏ်းကြီး ၅ ဂိုဏ်းက ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူ ၉ ယောက် စေလွှတ်ပြီး၊ ၄ နှစ်ကြာ ခုခံခဲ့တဲ့ အလောင်းနတ်ဆိုးဂိုဏ်းရဲ့ အစီအရင် အတားအဆီးကို ထိုးဖောက်နိုင်ခဲ့တယ်”
“ဒါဆို အလောင်းနတ်ဆိုးဂိုဏ်း ပျက်စီးသွားပြီပေါ့” စုန့်ဝမ်က အံ့သြစွာ ရေရွတ်လိုက်သည်။ အကယ်၍ အလောင်းနတ်ဆိုးဂိုဏ်း ပျက်စီးသွားလျှင် သူ့အနေဖြင့် ဂိုဏ်းသစ္စာဖောက်အဖြစ် လိုက်လံဖမ်းဆီးမည်ကို ပူပန်နေစရာ မလိုတော့ပေ။
အားယောင်က ခေါင်းခါရင်း ဆက်ပြောသည်။
“မပျက်ဘူး၊ လမ်းမှန်ကျင့်ကြံသူတွေ အလောင်းနတ်ဆိုးတောင်ကို ဝင်သွားတော့ တစ်တောင်လုံးက လူသူကင်းမဲ့ပြီး အခွံကြီးပဲ ကျန်ခဲ့တာကို တွေ့ရတယ်။ တန်ဖိုးရှိတဲ့ ပစ္စည်းမှန်သမျှ အကုန်လုံး ယူသွားကြပြီ။ ရှေးဟောင်းနန်းတော်တွေတောင် ဖြုတ်သယ်သွားတယ်လို့ ပြောကြတယ်။ ဂိုဏ်းရဲ့ အဓိက အင်အားဖြစ်တဲ့ ဝိညာဥ်သန္ဓေအဆင့် အကြီးအကဲတွေ၊ ရွှေအမြုတေအဆင့် ပညာရှင်တွေနဲ့ တိုက်ရိုက်တပည့်တွေ အကုန်လုံး ပျောက်ချက်သား ကောင်းနေကြတယ်။ အားနည်းတဲ့ အပြင်စည်းတပည့်တွေနဲ့ အခိုင်းအစေတချို့ပဲ ကျန်ခဲ့တာ၊ သူတို့ကိုတော့ သတ်ပစ်လိုက်ကြတယ်”
အားယောင်က အာခြောက်လာဟန်ဖြင့် အရက်တစ်ခွက် သောက်ပြီးမှ ဆက်ပြောလာသည်။
“လမ်းမှန်ကျင့်ကြံသူတွေ အလောင်းနတ်ဆိုးတောင်မှာ မွှေနှောက်နေနေတုန်း၊ အစီအရင်တစ်ခု ရုတ်တရက် အသက်ဝင်လာလို့ အထဲရောက်နေသူတွေ အကုန်လုံးကို ပိတ်မိသွားတယ်။ နောက်တော့ ဝိညာဉ်သန္ဓေအဆင့် ၉ ယောက် စုစည်းပြီး အစီအရင်ကို ခက်ခက်ခဲခဲ ဖျက်လိုက်ရတယ်။ ဒါပေမဲ့ အပြင်ထွက်လာတဲ့အခါ နတ်ဆိုးဂိုဏ်း ၃ ဂိုဏ်းက အဆင့်မြင့် ကျင့်ကြံသူတွေ ပူးပေါင်းပြီး အလစ်အငိုက် စောင့်တိုက်တာ ခံလိုက်ရတယ်”
အားယောင်က စိတ်မကောင်းဟန်နဲ့ သက်ပြင်းချပြီးမှ ဆက်ပြောလာတယ်။
“တကယ်တော့ ဝိညာဉ်သန္ဓေအဆင့် ၉ ယောက်ရှိတဲ့အတွက် နတ်ဆိုးဂိုဏ်း ၃ ဂိုဏ်းရဲ့ တန်ပြန်တိုက်စစ်ကို ခံနိုင်ရည် ရှိပါတယ်။ ကိုးနန်းတော်ဂိုဏ်းက ရုတ်တရက် သစ္စာဖောက်ပြီး နောက်ကျောကနေ အလစ်အငိုက် တိုက်ခိုက်လိုက်တယ်။ အဲဒီမှာ ဟွန်းယွမ်ကျောင်းတော်က ဝိညာဉ်သန္ဓေအဆင့် ပညာရှင် ၂ ယောက်နဲ့ လေ့မိသားစုက ဘိုးဘေးတစ်ယောက် ဒဏ်ရာအပြင်းအထန် ရသွားတယ်။ ကိုးနန်းတော်ဂိုဏ်း သစ္စာဖောက်သွားလို့ နတ်ဆိုးအင်အားစုက အရေးသာသွားပြီး၊ လမ်းမှန်အင်အားစုတွေ နတ်ဆိုးနယ်မြေကနေ အမြန်ဆုံး ဆုတ်ခွာခဲ့ရတယ်”
အားယောင်၏ ပြောပြချက်ကို နားထောင်ရင်း စုန့်ဝမ် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ အလောင်းနတ်ဆိုးဂိုဏ်း ဆုတ်ခွာသွားချိန်တွင် ရှေးဟောင်းနန်းတော်များကိုပါ သယ်သွားခဲ့သဖြင့် ဝိညာဉ်အပိုင်းအစများ ရှိနေသော ဝိညာဉ်မီးအိမ်များလည်း ကျန်ရစ်မည် မဟုတ်ပေ။ ဝိညာဥ်မီးအိမ် မပျက်စီးသရွေ့ အလောင်းနတ်ဆိုးဂိုဏ်းရန်မှ လွတ်မြောက်ခြင်း မရှိဘဲ၊ အချိန်မရွေး လိုက်လံဖမ်းဆီးခံရမည့်အန္တရာယ် ရှိနေဆဲ ဖြစ်သည်။
ယခင်က အလောင်းနတ်ဆိုးဂိုဏ်းအနေဖြင့် သူကဲ့သို့ အပြင်စည်းတပည့်နောက် အားစိုက်ပြီး လိုက်နေမည် မဟုတ်ဟု မျှော်လင့်ခဲ့ဖူးသည်။ သို့သော် ကျင့်ကြံမှုလောကအကြောင်း ပိုသိလာသည်နှင့်အမျှ ဘေးဒုက္ခကြုံချိန်တွင် ထွက်ပြေးပြီး ဂိုဏ်းကို သစ္စာဖောက်သူကို လမ်းမှန်ဂိုဏ်းများရော၊ နတ်ဆိုးဂိုဏ်းများကပါ အလွန်တရာ စက်ဆုပ်ရွံရှာဖွယ်ကောင်းသူအဖြစ် သတ်မှတ်ပြီး၊ မမိမချင်း လိုက်လံအရေးယူကြကြောင်း သိလာရသည်။ ယင်းမှာ သဘာဝကျသည်၊ အကယ်၍ သစ္စာဖောက်သူကို စံပြအဖြစ် အပြစ်မပေးနိုင်လျှင်၊ နောင်တွင် တပည့်များက ဂိုဏ်းအတွက် အဘယ်ကြောင့် အသက်စွန့်ကြမည်နည်း၊ အန္တရာယ်တွေ့လျှင် ဂိုဏ်းကို စွန့်ပစ်ပြီး ထွက်ပြေးကြပေလိမ့်မည်။
အားယောင်၏ ပြောပြချက်အရ အလောင်းနတ်ဆိုးဂိုဏ်း၏ အဓိကအင်အားစုများမှာ ဘေးကင်းနေပြီး အင်အားမှာလည်း သိသိသာသာ လျော့နည်းသွားခြင်း မရှိပေ။ စုန့်ဝမ်သည် အလောင်းမိစ္ဆာဂိုဏ်းမှ ထွက်ပြေးစဉ်က လုချန်၊ ကျန်းရှောင်ဖန်းတို့ ချန်ယီကို ရက်ရက်စက်စက် သတ်ခဲ့ပုံကို ရုတ်တရက် သတိရလိုက်သည်။ ထိုစဉ်က ကျန်းရှောင်ဖန်းနှင့် တိုက်ရိုက်တပည့်များ စစ်ပွဲအတွင်းမှာ ဂိုဏ်းနှင့်ဝေးရာတွင် ရှိနေကြသည်ကို ထူးဆန်းသလို ခံစားမိခဲ့ဖူးသည်။ ကြည့်ရသည်မှာ အလောင်းနတ်ဆိုးဂိုဏ်းသည် စစ်ပွဲမစမီကပင် လျှို့ဝှက်ပြင်ဆင်မှုများကို ကြိုတင် လုပ်ဆောင်ထားခဲ့ပုံရသည်။ သူတို့သည် အင်အားနည်းသော တိုက်ရိုက်တပည့်အချို့ကို ဘေးကင်းရန် တိတ်တဆိတ် ပုန်းရှောင်နေစေခဲ့ခြင်း ဖြစ်သည်။ ထိုတပည့်များသည် ယခုအချိန်တွင် အားမကောင်းသေးသော်လည်း၊ နောင်နှစ်ပေါင်းများစွာ ကြာလျှင် ဂိုဏ်း၏ အမာခံ ဒေါက်တိုင်များ ဖြစ်လာကြပေလိမ့်မည်။
ပို၍ အံ့သြစရာကောင်းသည်မှာ ကိုးနန်းတော်ဂိုဏ်းက လမ်းမှန်အင်အားစုကို သစ္စာဖောက်ပြီး နတ်ဆိုးအင်အားစုနှင့် ပူးပေါင်းလိုက်ခြင်းပင် ဖြစ်သည်။ ကိုးနန်းတော်ဂိုဏ်း၏ လုပ်ရပ်များမှာ အမြဲလိုလို ခြံစည်းရိုး ခွနေတတ်သော်လည်း၊ ယေဘုယျအားဖြင့် လမ်းမှန်ဂိုဏ်းအဖြစ် သတ်မှတ်ခံရသည်။ တပည့်အများအပြားမှာ နတ်ဆိုးကျင့်စဉ်များကို တိတ်တဆိတ် လေ့ကျင့်ကြသော်လည်း ပင်မကျင့်ကြံမှု နည်းစနစ်များမှာ လမ်းမှန်ကျင့်စဥ်များ ဖြစ်သည်။ ကိုးနန်းတော်ဂိုဏ်းကို ဘက်ပြောင်းသွားစေရန် အဘယ်အရာက တွန်းအားပေးခဲ့သနည်း။
အားယောင်က စစ်ပွဲအကြောင်း ပြောပြနေချိန်၊ သူမ၏ မျက်နှာတွင် နာကျင်မှု ဒေါသထွက်မှု အရိပ်အယောင်များ လုံးဝ မရှိဘဲ၊ စစ်ပွဲပြီးသွားသည်ကို ဝမ်းသာနေသည့်ပုံစံမျိုးပင် ပေါက်နေသဖြင့် စုန့်ဝမ် ခေါင်းရှုပ်သွားသည်။ သူမတို့ ဟယ်ဟွမ်းဂိုဏ်းမှာ အဓိက လမ်းမှန်ဂိုဏ်းကြီးတစ်ခု ဖြစ်သည် မဟုတ်ပါလား။ အကယ်၍ လမ်းမှန်အင်အားစုဖက်က အရေးနိမ့်ခဲ့လျှင် ဟယ်ဟွမ်းဂိုဏ်း၏ ဆုံးရှုံးမှုမှာလည်း နည်းမည်မဟုတ်ပေ။ သို့သော် အားယောင်၏ နောက်ဆက်တွဲ ပြောပြချက်များက စုန့်ဝမ်၏ သံသယကို ချက်ချင်း ရှင်းလင်းပေးလိုက်သည်။
ဤစစ်ပွဲတွင် အထိနာဆုံးဂိုဏ်းမှာ ဟွန်းယွမ်ကျောင်းတော် ဖြစ်ပြီး၊ ထို့နောက်တွင် လေ့မိသားစု ဖြစ်သည်။ ဟွန်းယွမ်ကျောင်းတော်၏ နယ်မြေမှာ ကိုးနန်းတော်ဂိုဏ်းနှင့် ထိစပ်နေသည်။ သူတို့၏ ဝိညာဉ်သန္ဓေအဆင့် အကြီးအကဲ နှစ်ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့သဖြင့် နယ်မြေအများအပြား ဆုံးရှုံးခဲ့ရပြီး၊ ထိုနေရာများကို နတ်ဆိုးဂိုဏ်းများနှင့် ကိုးနန်းတော်ဂိုဏ်းတို့က သိမ်းပိုက်ကာ ဝိညာဉ်ကျောက်မိုင်းတွင်းကြီး ၂ ခုနှင့် အခြားမိုင်းတွင်းငယ် ၁၀ ခုကို လက်လွှတ်လိုက်ရသည်။
လေ့မိသားစုမှာမူ လမ်းမှန်နယ်မြေ၏ အလယ်ဗဟိုတွင် ရှိနေသဖြင့် နတ်ဆိုးဂိုဏ်းများ၏ လုယက်ခြင်းကို မခံရသော်လည်း၊ သူတို့တွင် ဝိညာဉ်သန္ဓေအဆင့် ကျင့်ကြံသူ တစ်ဦးသာ ရှိသဖြင့်၊ ထိုသူ ဒဏ်ရာရရှိသွားခြင်းက မိသားစုအတွက် ကြီးမားသော ထိုးနှက်ချက် ဖြစ်စေခဲ့သည်။ အခြားဂိုဏ်းကြီးများဖြင့် ပခုံးချင်း မယှဥ်နိုင်တော့ချေ။ ကျန်ရှိသော လမ်းမှန်ဂိုဏ်းကြီး ၃ ခုဖြစ်သည့် ဟယ်ဟွမ်းဂိုဏ်း၊ သားရဲသခင်ဂိုဏ်းနှင့် ကောင်းကင်ဓားဂိုဏ်းတို့မှာမူ ဆုံးရှုံးမှု အနည်းငယ်သာ ရှိပြီး အဆင့်နိမ့်တပည့် အနည်းငယ်သာ ထိခိုက်ခဲ့သည်။
ယခုအခါ နှစ်ဖက်လုံးမှာ ထိန်းထိန်းသိမ်းသိမ်းဖြင့် မူလအခြေအနေသို့ ပြန်လည် ရောက်ရှိသွားကြပြီ ဖြစ်သည်။ အလောင်းနတ်ဆိုးဂိုဏ်းသည် အလောင်းနတ်ဆိုးတောင်သို့ ပြန်လည် ရောက်ရှိပြီး ပြန်လည် တည်ဆောက်ပြီး ဖြစ်သည်။ သို့သော် အဆင့်နိမ့်တပည့် အများအပြား ဆုံးရှုံးခဲ့ရသဖြင့် လေလွင့်ကျင့်ကြံသူများနှင့် ကျင့်ကြံခြင်း မစရသေးသော ပါရမီရှင်များကို အင်တိုက်အားတိုက် စုဆောင်းနေသည်။ ထို့အပြင် စစ်ပွဲအတွင်း မည်သည့်အကြောင်းကြောင့်ပင် ဖြစ်စေ ဂိုဏ်းမှ ထွက်ခွာသွားသူများအနေဖြင့် အလောင်းနတ်ဆိုးဂိုဏ်းသို့ ပြန်လာနိုင်ပြီး၊ အတိတ်က ကိစ္စများအားလုံးကို ခွင့်လွှတ်ပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။
ဤသတင်းကို ကြားလိုက်ရသောအခါ စုန့်ဝမ် စိတ်လှုပ်ရှားသွားသည်။ စစ်ပွဲအစတွင် ဂိုဏ်းက အစေခံတပည့်များကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။ အပြင်စည်းတပည့်များကို နိမ့်ကျသော တိရစ္ဆာန်များသဖွယ် သဘောထားခဲ့ကြသည်။ ထိုသို့သော အဖွဲ့အစည်း၏ ကြေညာချက်ကို ယုံစားပြီး ပြန်သွားခြင်းမှာ ကျားတွင်းထဲသို့ ကိုယ့်ဘာသာ လမ်းလျှောက်ဝင်သွားခြင်းနှင့် အတူတူပင် ဖြစ်သည်။
စုန့်ဝမ် အတွေးလွန်နေသည်ကို မြင်သောအခါ၊ အားယောင်မှာ ငြိမ်မနေနိုင်တော့ပေ။ စုန့်ဝမ်မျက်နှာကို ပြည့်တင်းသော ရင်အစုံတွင်း ဆွဲသွင်းဖိကပ်ကာ ညုတုတုလေသံဖြင့် ဆွဲဆောင်ပါတော့သည်။
“ဒီလို ပျင်းစရာကောင်းတဲ့ ကိစ္စတွေ မပြောပါနဲ့တော့... တို့တွေ အတူတူရှိနေတဲ့အချိန်ကို တန်ဖိုးရှိရှိ အသုံးချကြရအောင်လေ”
စကားပြောပြီးနောက် အားယောင်သည် အဝတ်အစားများကို စတင် ချွတ်လိုက်ရာ၊ မကြာမီမှာပင် အခန်းအတွင်း၌ ပြင်းထန်သော အသက်ရှူသံများ၊ ငြီးတွားသံများဖြင့် မုန်တိုင်းထန်သွားပါတော့သည်။
…..