ဆေးပင်ဝယ်ပြီး၊ သတင်းစုဆောင်းမယ်
Vol. 17 Ch. 177
နောက်တစ်နေ့ နံနက်စောစောတွင် ယန်ဖုန်းအဖြစ် ရုပ်ဖျက်ထားသော စုန့်ဝမ်သည် အရှေ့ဟွာဖန်းဈေးတွင် ချီစုစည်းဆေးလုံး ဖော်စပ်ရန် လိုအပ်သော ဆေးပင်များနှင့် နေ့စဉ်သုံး ပစ္စည်းအချို့ ဝယ်ယူပြီး အိမ်သို့ ပြန်လာခဲ့သည်။
အိမ်ရောက်သည်နှင့် ဟင်းချက်ခြင်း၊ လက်ဖက်ရည်နှပ်ခြင်း ပြုလုပ်လေ့ရှိသူတစ်ဦးကဲ့သို့ ပရိဘောဂများကို နေရာတကျ ပြင်ဆင်ထားလိုက်သည်။ ထိုမျှဆိုလျှင် ချီစုစည်းခြင်း ကျင့်ကြံသူအဖြစ် သရုပ်သဏ္ဍာန် ပီပြင်ပြီ ဖြစ်သည်။
ထို့နောက် အိပ်ခန်းအောက်တွင် လျှို့ဝှက်ခန်းတစ်ခုကို တိတ်တဆိတ် တူးပြီး ဝိညာဉ်ဖုံးကွယ်ခြင်းအစီအရင်နှင့် ကိုးနန်းယင်အစီအရင်တို့ကို ချထားပြီး ချီစုစည်းဆေးပြားများကို စတင် ဖော်စပ်သည်။ ယခုအခါ ချီစုစည်းခြင်းအဆင့် ဆေးဖော်စပ်သူအဖြစ် ရုပ်ဖျက်ထားခြင်း ဖြစ်ရာ၊ သွေးချီဆေးပြားနှင့် ဝိညာဉ်အားဖြည့်ဆေးများကို ဖော်စပ်ပါက အခြားသူများ၏ သံသယဝင်ခြင်းကို ခံရပေလိမ့်မည်။
ဆယ်ရက်တာ ကုန်ဆုံးသွားပြီးနောက် ချီစုစည်းဆေးပြား ဖော်စပ်မှု ဆက်တိုက်ကျရှုံးပြီး ဆေးပစ္စည်းများ အကုန်လုံး ကုန်သွားပြီဖြစ်သည်။ ဤဆေးပြားကို ဖော်စပ်ရသည်မှာ ထင်ထားသည်ထက် ပို၍ ခက်ခဲနေသည်။
ခေတ္တမျှ စဥ်းစားပြီးနောက် သွေးပေါက်ကွဲဆေးလုံး ဖော်စပ်ရန် လိုအပ်သော ဝိညာဥ်ဆေးပင်များကို ထုတ်ယူလိုက်သည်။ သွေးပေါက်ကွဲဆေးပြား အဆင့်မြှင့်တင်ခြင်းမှာ အချိန်တိုအတွင်း မအောင်မြင်နိုင်သော်လည်း အချိန်ရခိုက် ကြိုတင်ပြင်ဆင် လေ့ကျင့်ထားခြင်းက အကျိုးမဲ့ မဟုတ်ပေ။ လိုအပ်ချိန်မှ အလောတကြီး လုပ်နေမည့်အစား ကြိုတင်သုတေသန လုပ်ထားခြင်းက ပိုကောင်းသည်။
သူ့လက်ထဲတွင် သာမန် အဝါရောင်မှိုတစ်ခုသာ ရှိပြီး၊ ကျန်ရှိသော မှိုများမှာ စုမိသားစု၏ ဝိညာဉ်စိုက်ခင်းမှ ရရှိထားသော အသက်စွမ်းအား ပါရှိသည့် မှိုများဖြစ်သည်။
စမ်းသပ်မှုကို ပုံမှန်အဝါရောင်မှိုနှင့် အရင်ဖော်စပ်ကြည့်ရာ ဆေးရည်များကို အောင်မြင်စွာ ရောစပ်နိုင်ခဲ့သည်။ သို့သော် ဆေးလုံးအဖြစ် ခဲရန် လုပ်ဆောင်ချိန်တွင် ဆေးရည်မှာ ရုတ်တရက် ထိန်းချုပ်မရ ဖြစ်သွားပြီး အာနိသင်များမှာ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
စုန့်ဝမ် သက်ပြင်းချလိုက်မိသည်။ ထို့နောက် စုမိသားစုထံမှ ရရှိထားသော အဝါရောင်မှိုကို ထုတ်ယူကာ ထပ်မံ ကြိုးစားကြည့်ပြန်သည်။ ထိုမှိုကို သန့်စင်ပြီး ဆေးရည် ထုတ်ယူသောအခါ ထူးခြားသော စွမ်းအင်တစ်ခုကိုပါ ထုတ်ယူနိုင်ခဲ့သည်။ သို့သော် ထိုမှိုဆေးရည်ကို အခြားဆေးရည်များနှင့် ပေါင်းစပ်ရန် ကြိုးစားချိန်တွင် "ဝုန်း" ဟူသော အသံကြီးနှင့်အတူ ဆေးမီးဖိုမှာ ပေါက်ကွဲသွားတော့သည်။
စုန့်ဝမ် အံ့သြသွားသည်၊ ဆေးရည်ပေါင်းစပ်သည့် အဆင့်မှာ ပေါက်ကွဲသွားလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။ အကြောင်းရင်းကို နားမလည်သဖြင့် နောက်ထပ် အဝါရောင်မှို တစ်ခုကို ထုတ်ကာ ထပ်မံ ကြိုးစားပြန်သည်။ ရလဒ်မှာ အတူတူပင်၊ ဆေးရည်ပေါင်းစပ်ချိန်တွင် ဆေးမီးဖိုမှာ ထပ်မံ ပေါက်ကွဲသွားပြန်သည်။
စုန့်ဝမ် မျက်မှောင်ကြုတ်လိုက်မိသည်။ စုမိသားစု စိုက်ပျိုးထားသော အဝါရောင်မှိုတွင် အသက်စွမ်းအင်များ ပါဝင်နေသဖြင့် ဆေးဖော်စပ်ရန် မသင့်တော်ခြင်း ဖြစ်မည်ဟု တွေးမိသဖြင့် ပုံမှန်အဝါရောင်မှိုများ ရှာဖွေဝယ်ယူရန် ဆုံးဖြတ်လိုက်သည်။
……..
နှစ်နာရီခန့် ကြာပြီးနောက် စုန့်ဝမ်သည် ဈေးအတွင်းရှိ ဆေးဆိုင်များတွင် အဝါရောင်မှိုကို မွှေနှောက်ရှာဖွေခဲ့သည်။ သို့သော် တစ်ခုမျှ ရှာမရခဲ့။ နောက်ဆုံးတွင် အဆင့်နိမ့်ဝိညာဉ်ကျောက် တစ်ထောင်ကျော် အသုံးပြုကာ ချီစုစည်းဆေးပြားအတွက် လိုအပ်သော ပစ္စည်းများကိုသာ ဝယ်ယူခဲ့ရသည်။
ဈေးထဲမှ ထွက်လာပြီးနောက် တစ်လက်စထဲ တစ္ဆေဈေးဆီသို့ သွားလိုက်သည်။ ညသန်းခေါင်ယံ အချိန်တွင် စုန့်ဝမ်သည် တစ္ဆေဈေးအတွင်းရှိ အကြီးဆုံးဆေးဆိုင်သို့ ရောက်ရှိခဲ့သည်။ ဆိုင်ထဲရောက်သည်နှင့် ဆိုင်တာဝန်ခံဆီ တည့်တည့်သွားပြီး “အဝါရောင်မှို ရောင်းစရာ ရှိလား” ဟု တန်းမေးလိုက်သည်။
ထိုသူက ဆိုင်ထဲတွင် အခြားသူမရှိကြောင်း သေချာအောင် ပတ်ဝန်းကျင်ကို အကဲခတ်ပြီးနောက် အသံကို နှိမ့်ကာ ပြန်ဖြေသည်။
“မင်း နေရာမှန်ကို လာတာပဲ။ တစ္ဆေဈေး တစ်ခုလုံးမှာ အဝါရောင်မှိုကို ပုံမှန်ရောင်းပေးနိုင်တာ ငါတစ်ယောက်ပဲ ရှိတယ်။ ဘယ်လောက် လိုချင်တာလဲ၊ သက်တမ်း ဘယ်လောက်ရှိရမလဲ”
စုန့်ဝမ် ဝမ်းသာသွားသည်။ သူ့အနေဖြင့် တစ္ဆေဈေးအတွင်းရှိ အခြားဆိုင်များကို သွားခဲ့ပြီး ဖြစ်သော်လည်း မည်သည့်ဆိုင်တွင်မျှ အဝါရောင်မှို မရှိပေ။ လေလွင့်ကျင့်ကြံသူတစ်ဦးထံမှ သက်တမ်း နှစ် ၃၀ ရှိသော မှိုတစ်ခုကိုသာ ဝိညာဉ်ကျောက် ၁၀၀ ဖြင့် ဝယ်ယူနိုင်ခဲ့သည်။ ထိုမှိုမှာ လေလွင့်ကျင့်ကြံသူက တောထဲတွင် ကံကောင်း၍ ရှာတွေ့ထားခြင်းသာ ဖြစ်သဖြင့် ပုံမှန် ရရှိနိုင်မည်မဟုတ်ရာ သူ့အပ်ချက်ကို မဖြည့်ဆည်းပေးနိုင်ပေ။
“သက်တမ်း ၂၀ ကျော်ရင် ရပြီ။ များလေ ကောင်းလေပဲ” ဟု စုန့်ဝမ်က ပြောလိုက်သည်။
“ငါ့ဆီမှာ နှစ် ၄၀ သက်တမ်းရှိတဲ့ အဝါရောင်မှို အတော်များများ ရှိတယ်”
“စျေးနှုန်းက ဘယ်လောက်လဲ”
“တစ်ခုကို အဆင့်နိမ့်ဝိညာဉ်ကျောက် ၃၀၀” ဟု ထိုသူက ဈေးခေါ်လိုက်သည်။
စုန့်ဝမ် မျက်မှောင်ကြုတ်လိုက်သည်။
“မိတ်ဆွေ... ဈေးက အတော်လေး ကြီးနေသလိုပဲ”
၂၀၀ ဝန်းကျင်ဆိုလျှင် ပို၍ သင့်တော်မည်ဟု စုန့်ဝမ် ထင်သည်။
ထိုစကားကို ကြားသောအခါ ဆိုင်ရှင်က နှုတ်ဖြင့် မပြောတော့ဘဲ အသံပို့လွှတ်နည်းဖြင့်သာ ဆက်သွယ်ပြောဆိုသည်။
“မိတ်ဆွေ... အမှန်အတိုင်း ပြောရရင် ဒီမှာရှိတဲ့ အဝါရောင်မှိုတွေက သားရဲသခင်ဂိုဏ်းဆီက ဈေးကြီးပေးပြီး ဝယ်ထားရတာ။ တစ်လကို ၁၀ ခုပဲ ရတာမို့လို့ ဈေးလျှော့ပေးဖို့ မလွယ်ဘူး”
စုန့်ဝမ်က “မှိုတွေကို ကြည့်လို့ရမလား၊ အဆင်ပြေရင် အကုန်ယူမယ်” ဟု ဆိုလိုက်သည်။
ဆိုင်ရှင်၏ မျက်လုံးများ တောက်ပသွားပြီး နှစ်ပေခန့် ရှည်သော ကျောက်စိမ်းသေတ္တာကို ထုတ်ကာ ပြသသည်။
စုန့်ဝမ် ကြည့်လိုက်ရာ သေတ္တာအတွင်း၌ သပ်ရပ်စွာ စီထားသော အဝါရောင်မှို ၅ ခု သပ်ရပ်စွာ စီထားသည်ကို တွေ့ရသည်။ မှိုများမှာ ပြဿနာမရှိကြောင်း အတည်ပြုပြီးနောက် စုန့်ဝမ်က ဝိညာဉ်ကျောက် ၁၅၀၀ ထုတ်ပေးပြီး ကျောက်စိမ်းသေတ္တာကို သိမ်းလိုက်သည်။
ကျောက်စိမ်းသေတ္တာကို သိမ်းပြီးနောက် “နောက်တစ်သုတ် ဘယ်တော့ ရောက်မလဲ။ အဲဒီအခါကျရင်လည်း ဒီဈေးနဲ့ပဲ အကုန်ယူမယ်”ဟု စုန့်ဝမ်က ကြိုမှာလိုက်သည်။
ဆိုင်ရှင်က ခေါင်းခါပြသည်။
“အဲဒါတော့ မဖြစ်နိုင်ဘူး။ ပုံမှန်ဝယ်နေကျ ဖောက်သည်က တစ်လကို ၆ ခု ကြိုမှာထားလို့ပါ။ မင်းကို အများဆုံး ၄ ခုပဲ ပေးနိုင်မယ်။ အခု မင်းကို ရောင်းလိုက်တဲ့ ထဲက တစ်ခုဆို ပြီးခဲ့တဲ့လက ပိုနေတာမို့လို့ပါ”
“ကောင်းပြီလေ .. ဒါနဲ့ မှိုတွေ ဘယ်တော့ ရောက်မလဲ”
“လဆန်းပိုင်း ရမယ်၊ ညမှ လာခဲ့ပါ”
စုန့်ဝမ် ခေါင်းညိတ်ပြပြီး ဆိုင်ထဲမှ ထွက်လာခဲ့သည်။ တစ်လကို ၄ ခုဆိုသည်မှာ သူ့အတွက် မလုံလောက်ပေ။ သွေးပေါက်ကွဲဆေးပြားအတွက် ဖော်မြူလာကို ရှာဖွေနေခြင်းဖြစ်ရာ အမြောက်အမြား လိုအပ်သည်။ နှစ်ရက်တစ်ကြိမ် ဆေးဖော်မည်ဆိုလျှင်ပင် တစ်လလျှင် အနည်းဆုံး ၁၀ ခု လိုအပ်သည်။ သို့သော် ထပ်ဝယ်ရန် အခြားနေရာလည်း မရှိသဖြင့် မတတ်နိုင်တော့ပေ။
ထို့နောက် သားရဲသန့်စင်ဆေးလုံးအတွက် လိုအပ်သော ပစ္စည်းအချို့ ဝယ်ယူခဲ့ပြီး၊ သူ့ပုံစံကို ပြောင်းလဲကာ သတင်းရောင်းသော ဆိုင်သို့ ဦးတည်သွားလိုက်သည်။
ဆိုင်ကောင်တာတွင် စုန့်ဝမ် ယခင်က တွေ့ဖူးသော အဘိုးအို ထိုင်နေသည်။
စုန့်ဝမ် ဝင်လာသည်ကို မြင်သော်လည်း အဘိုးအိုမှာ ထမလာဘဲ အေးစက်စွာ မေးလိုက်သည်။
“မိတ်ဆွေ... ဘယ်လို သတင်းမျိုး လိုချင်လို့လဲ”
“လမ်းမှန်အင်အားစုနဲ့ နတ်ဆိုးဂိုဏ်းတွေကြား စစ်ပွဲနောက်ဆုံး သတင်းတွေ”
“ဝိညာဉ်ကျောက် ၁၀၀”
စုန့်ဝမ် အနည်းငယ် စိတ်ပျက်သွားသည်။ ဒီဈေးက အရမ်း ပေါလွန်းတယ်။ ဈေးနှုန်း ဒီလောက် နည်းနေတာက အကြောင်းတစ်ခုပဲ ရှိသည်။ အဘိုးအိုဆီမှာ ရှိသည့် သတင်းများသည် ကျင့်ကြံသူလောကတွင် ပြန့်နှံ့နေသော သတင်းများနှင့် အတူတူပင် ဖြစ်လိမ့်မည်။
စုန့်ဝမ် ဝိညာဉ်ကျောက် ၁၀၀ ကို ပေးလိုက်ပြီး လက်ခံရရှိသော ကျောက်စိမ်းပြားထဲ ဝိညာဉ်အာရုံ ထည့်သွင်းကာ လျင်မြန်စွာ ဖတ်လိုက်သည်။ ထင်ထားသည့်အတိုင်းပင်၊ သတင်းများမှာ အားယောင် ပြောပြခဲ့သည်များနှင့် အတူတူပင်ဖြစ်ပြီး ထူးခြားသော အချက်အလက်များ မပါရှိပေ။
“အလောင်းနတ်ဆိုးဂိုဏ်းနဲ့ ပတ်သက်တဲ့ နောက်ဆုံးရ သတင်းတွေကော ရနိုင်မလား”
“ဝိညာဉ်ကျောက် ၅၀၀”
အဆင့်နိမ့်ဝိညာဥ်ကျောက် ၅၀၀ ပေးပြီးနောက် နောက်ထပ် ကျောက်စိမ်းပြားတစ်ခုကို ရရှိခဲ့သည်။ ထိုသတင်းများအရ အလောင်းနတ်ဆိုးဂိုဏ်းသည် မူလနယ်မြေအားလုံးကို ပြန်သိမ်းပိုက်ကာ ပြန်လည် တည်ဆောက်ပြီးဖြစ်ကြောင်း၊ ထို့ပြင် ကိုးနန်းတော်ဂိုဏ်းနှင့် ပူးပေါင်းကာ ဟွန်းယွမ်ကျောင်းတော်၏ ဝိညာဉ်ကျောက် မိုင်းတွင်းကြီးတစ်ခုကို သိမ်းပိုက်ထားကြောင်း သိရသည်။ စစ်ပွဲအတွင်း၌ အလောင်းနတ်ဆိုးဂိုဏ်းသည် ရွှေအမြုတေအဆင့် အကြီးအကဲ ၂ ဦးနှင့် အခြေတည်အဆင့် ကျင့်ကြံသူ ၄၁ ဦးသာ ဆုံးရှုံးခဲ့သည်။ သို့သော် ချီစုစည်းခြင်းအဆင့် တပည့်များမှာမူ အဆုံးအရှုံး အလွန်များခဲ့သည်။
သတင်းများအရ ချီစုစည်းအဆင့် တပည့် တစ်သောင်းကျော် ဆုံးရှုံးခဲ့ပြီး၊ အစေခံတပည့်များမှာမူ အားလုံးနီးပါး သေဆုံးခဲ့ကြသည်။ အဆင့်နိမ့်တပည့်များ ဆုံးရှုံးမှု ကြီးမားသော်လည်း အဆင့်မြင့် ကျင့်ကြံသူများမှာမူ ထိခိုက်မှု အလွန်နည်းလှသည်။ ခြုံငုံကြည့်လျှင် သူတို့၏ အင်အားမှာ လျော့နည်းမသွားဘဲ၊ ကိုးနန်းတော်ဂိုဏ်းနှင့် ပူးပေါင်းပြီး ဝိညာဉ်ကျောက်မိုင်းတွင်းကြီးကို ရရှိထားသဖြင့် အင်အားမှာ ပို၍ပင် တိုးတက်လာသည်ဟု ဆိုနိုင်သည်။
လမ်းမှန်ဂိုဏ်းများစွာက အလောင်းနတ်ဆိုးဂိုဏ်းကို အဓိကပစ်မှတ်အဖြစ် ဝိုင်းတိုက်ခဲ့ကြသော်လည်း ဤကဲ့သို့ ရလဒ်ထွက်လာခြင်းက ကျင့်ကြံခြင်းလောကတစ်ခုလုံးကို အံ့အားသင့်စေခဲ့သည်။ စစ်ပွဲအပြီးတွင် အလောင်းနတ်ဆိုးဂိုဏ်းမှ အဆင့်မြင့်ပညာရှင်များ ထိခိုက်မှု မရှိသလောက်ပင်။ တစ်ဖက်တွင် လမ်းမှန်ဂိုဏ်းများလည်း ထိုအတိုင်းပင်၊ ရွှေအမြုတေအဆင့် ပညာရှင် အနည်းငယ်သာ သေဆုံးခဲ့သည်။
ယင်းမှာ နှစ်ဖက်လုံးက တိတ်တဆိတ် သဘောတူညီမှု ရယူထားကြသကဲ့သို့ပင် ဖြစ်သည်။ လုံလောက်သော အကျိုးအမြတ် မရှိဘဲနှင့် ရွှေအမြုတေအဆင့် ပညာရှင်များမှာ သူတို့၏ အသက်ကို အဆုံးရှုံးမခံကြပေ။ အဆုံးတွင်တော့ အားလုံးက ထာဝရအသက်ရှင်ရန် ကျင့်ကြံနေကြခြင်းဖြစ်ပြီး သတ္တိပြရန်အတွက် မဟုတ်ပေ။
ထို့အပြင် အလောင်းနတ်ဆိုးဂိုဏ်းက တပည့်များ၏ အတိတ်ကာလ အမှားများကို ခွင့်လွှတ်ပေးမည်ဖြစ်ပြီး ထွက်ပြေးသွားသော တပည့်များကို ပြန်လည် လက်ခံမည်ဖြစ်ကြောင်း ကြေညာချက်ကိုလည်း သတင်းထဲတွင် ဖော်ပြထားသည်။
သို့သော် စုန့်ဝမ်သည် အလောင်းနတ်ဆိုးဂိုဏ်းက ကတိတည်မည်ဟု လောင်းကြေး မထပ်ရဲပေ။ လက်ရှိတွင် အလောင်းနတ်ဆိုးဂိုဏ်းသည် အဆင့်နိမ့်တပည့်များ အလွန် လိုအပ်နေသည်။ မိုင်းတူးခြင်း၊ အလောင်းမွေးမြူခြင်း၊ စိုက်ပျိုးခြင်း၊ ဆေးဖော်ခြင်း၊ အလောင်းချီ ထုတ်လုပ်ခြင်း ... ဤကိစ္စအားလုံးမှာ အဆင့်နိမ့်တပည့် မြောက်မြားစွာ လိုအပ်သည်။ လုပ်ငန်းစဥ်များ ပုံမှန် လည်ပတ်နိုင်ရန်အတွက် လေလွင့်ကျင့်ကြံသူများကိုပင် ခေါ်ယူရန် ဆန္ဒရှိနေသည်ဟု ဖော်ပြထားသည်။ ယခုအချိန်တွင် လူလိုနေသဖြင့် ထွက်ပြေးသွားသူများကို အပြစ်မယူဘဲ နေနိုင်သော်လည်း၊ နောက် ၃ နှစ်၊ ၅ နှစ်ကြာပြီး အခြေအနေ တည်ငြိမ်သွားသောအခါမှ ကလဲ့စားပြန်ချေမည် မဟုတ်ကြောင်းကို မည်သူမှ အာမမခံနိုင်ပေ။ အဆုံးတွင်တော့ အစေခံတပည့်များမှာ ကျင့်ကြံမှု အထောက်အကူပြု ပစ္စည်းများသာ ဖြစ်ပြီး အချိန်မရွေး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရနိုင်သူများ ဖြစ်သည်။
ကျောက်စိမ်းပြားကို သိမ်းလိုက်ပြီးနောက် စုန့်ဝမ်က သက်ရှည်ကျင့်စဥ်၏ ရွှေအမြုတေအဆင့် ကျင့်စဥ်သတင်းကို မေးလိုက်သည်။ သူ့တွင် ရှိနေသော ကျင့်စဉ်မှာ အခြေတည်အဆင့် အတွက်သာ ပါရှိသည်။ ထို့ကြောင့် ရွှေအမြုတေအဆင့်ကျင့်စဉ်ကို စုံစမ်းနေခြင်း ဖြစ်သည်။
သို့သော် ယနေ့အထိ အသုံးဝင်သော သတင်း မရရှိသေးပေ။ အကယ်၍ ထိုကျင့်စဉ်၏ နောက်ဆက်တွဲအပိုင်းကို ရှာမတွေ့ပါက၊ ရွှေအမြုတေအဆင့်သို့ ရောက်သောအခါ အခြားသော လမ်းမှန်ကျင့်စဉ်တစ်ခုခုသို့ ပြောင်းလဲရန် လိုအပ်ပေလိမ့်မည်။ သို့သော် ကျင့်စဉ်ပြောင်းခြင်းမှာ အချိန်ကုန်လှသလို ဝိညာဉ်ကျောက်တုံး မြောက်မြားစွာလည်း လိုအပ်သည်။ မူလကျင့်စဉ်မှ စွမ်းအားများကို ကျင့်စဉ်သစ်နှင့် ကိုက်ညီအောင် ပြောင်းလဲရန်မှာ အလွန် ခက်ခဲလှသည်။ ထို့အပြင် မိမိစိတ်ကြိုက် ကျင့်စဉ်ကို ရွေးချယ်၍ မရဘဲ၊ ကျင့်စဉ်သစ်၏ ဓာတ်သဘာဝမှာ မူလကျင့်စဉ်၏ ဓာတ်သဘာဝနှင့် ကိုက်ညီရန် လိုအပ်သည်။ ဥပမာအားဖြင့် ရေဓာတ်ကျင့်စဉ် ကျင့်သူသည် နောက်ထပ် ရေဓာတ်ကျင့်စဉ်တစ်ခုသို့သာ ပြောင်းလဲ၍ ရသည်။ ဓာတ်ငါးပါး ကျင့်စဉ်ကျင့်သူမှာမူ နှစ်သက်ရာ ဓာတ်တစ်ခုခုကို ရွေးချယ်နိုင်သည်။
စုန့်ဝမ်အနေဖြင့် ဖြစ်နိုင်လျှင် သက်ရှည်ကျင့်စဉ်ကိုသာ ဆက်လက် ကျင့်ကြံလိုသည်။ မည်သည့် ရွှေအမြုတေအဆင့် ကျင့်စဉ်မဆို အလွယ်တကူ ရရှိနိုင်သော အရာမဟုတ်ပေ။
ဆိုင်ရှင်အဘိုးအိုက “ဒီသတင်းကိုတော့ မင်းအတွက် လက်ဆောင်အဖြစ် ပေးလိုက်မယ်။ ငါသိသလောက်တော့ ကျင့်ကြံသူလောကမှာ သက်ရှည်ကျင့်စဉ်ရဲ့ ရွှေအမြုတေအဆင့် နည်းလမ်းတွေကို ပိုင်ဆိုင်ထားတဲ့ နေရာ ၃ ခု ရှိတယ်။ အဲဒါတွေကတော့ သားရဲဘုရင်ဂိုဏ်း၊ ကောင်းကင်ဓားဂိုဏ်း နဲ့ ဟော်ဟွမ်းဂိုဏ်း တို့ပဲ”
စုန့်ဝမ်က “ကျေးဇူးတင်ပါတယ်” ဟု ဆိုလိုက်သည်။
ဤဂိုဏ်းကြီး ၃ ခုလုံးမှာ ထိပ်တန်းလမ်းမှန်ဂိုဏ်းများ ဖြစ်ကြရာ ထိုကျင့်စဉ်ကို ပိုင်ဆိုင်ထားရန် အခွင့်အလမ်း အရှိဆုံး ဖြစ်သည်။ ဟော်ဟွမ်းဂိုဏ်းမှာ အမျိုးသားတပည့် လက်မခံသဖြင့် စုန့်ဝမ်အနေဖြင့် ထိုကျင့်စဉ်ကို လိုချင်ပါက သားရဲသခင်ဂိုဏ်း သို့မဟုတ် ကောင်းကင်ဓားဂိုဏ်းတို့ထံမှသာ ရရှိရန် ကြိုးစားရပေလိမ့်မည်။
…….