← Chapters

လမ်းမှန်ဂိုဏ်းလည်း နတ်ဆိုးလမ်းစဥ်ကို လေ့လာတာပဲလား

Vol. 17 Ch. 178

လမ်းမှန်ဂိုဏ်းလည်း နတ်ဆိုးလမ်းစဥ်ကို လေ့လာတာပဲလား

Vol. 17 Ch. 178

မိုးမလင်းမီမှာပင် စုန့်ဝမ်သည် သူငှားထားသော အိမ်ဝင်းသို့ ပြန်ရောက်လာခဲ့ပြီး မြေအောက်လျှို့ဝှက်ခန်းသို့ ဝင်ကာ ဆေးဖော်စပ်ရန် ပြင်ဆင်လိုက်သည်။

ပထမဆုံး ဖော်စပ်သည်မှာ သားရဲသန့်စင်ဆေးလုံး ဖြစ်သည်။ ကူပိုးကောင်များမှာ ထိုဆေး စားသုံးရသည်ကို စွဲလမ်းနေပြီး၊ မကြာသေးခင်က သားရဲသန့်စင်ဆေးလုံး ပြတ်လပ်နေသဖြင့် ငွေရောင်ကျောက်တုံးများသာ ကျွေးခဲ့ရာ၊ ၎င်းတို့က စိတ်မရှည်ဘဲ မကြာခဏ ဂျီကျနေတတ်သည်။ သံကျောကုန်းလိပ်၏ အသားများကို ဒုတိယအင့် ကူပိုးကောင်က သုံးကြိမ်တိုင်တိုင် စားသုံးခဲ့ပြီး ဖြစ်သဖြင့် သူ့အင်အားမှာ ဒုတိယအဆင့် အလယ်ပိုင်းသို့ ရောက်ရန် နီးစပ်နေပြီ ဖြစ်သည်။

ကိုးရက်တိုင်တိုင် ဆေးဖော်ပြီးနောက် စုန့်ဝမ်သည် သားရဲသန့်စင်ဆေးပြား ၃ သုတ် ဖော်စပ်နိုင်ခဲ့ပြီး စုစုပေါင်း ဆေးပြား ၂၄ လုံး ရရှိခဲ့သည်။ ဆေးဖော်စပ်ခြင်းက စိတ်စွမ်းအား အတော်လေး ကုန်ခမ်းစေသဖြင့် စုန့်ဝမ်သည် မျက်စိမှိတ်ကာ ကျင့်ကြံရင်း ပြန်အားဖြည့်နေရသည်။

ထိုစဉ် အပြင်တွင် စောင့်ကြပ်နေသော ကူပိုးကောင်က သားရဲသခင်ဂိုဏ်းမှ ကျင့်ကြံသူ ၃ ဦး မျက်စောင်းထိုးရှိ ကျောက်တာဖန်း၏ အိမ်အတွင်းသို့ ဝင်ရောက်သွားကြောင်း၊ ခေါင်းဆောင်မှာ အခြေတည် အလယ်အဆင့် အမျိုးသမီး ကျင့်ကြံသူတစ်ဦး ဖြစ်ကြောင်း သတင်းပို့လာသည်။

……

တဖက်တွင် ကျောက်တာဖန်းသည် ရောက်လာသူ ၃ ဦးကို ရိုကျိုးပျူငှာစွာ ကြိုဆိုပြီး အိမ်ဝင်းအတွင်းသို့ ခေါ်ဆောင်သွားသည်။

“အကြီးအကဲရှတို့ပါလား၊ ကြွပါခင်ဗျာ၊ ဒီမှာ ထိုင်ပါဦး” ဟု အိမ်ဝင်းအတွင်းရှိ ကုလားထိုင်များကို ညွှန်ပြရင်း ပြောလိုက်သည်။

အကြီးအကဲရှက တည်ငြိမ်သော အမူအရာဖြင့် ရှိနေပြီး ထိုင်ရန် ငြင်းဆန်လိုက်သည်။

“ငါက အလုပ်များတယ်၊ ဒီမှာ အချိန်ဖြုန်းနေလို့ မရဘူး။ ငါတို့ကို အသက်ရှင်နေတဲ့ အလောင်းဆီ ခေါ်သွားပေး”

ကျောက်တာဖန်း ဦးဆောင်မှုဖြင့် သူတို့ ၄ ဦးမှာ မြေအောက်လျှို့ဝှက်ခန်းသို့ ဆင်းသွားကြသည်။ လူလည်းမဟုတ်၊ အလောင်းလည်း မဟုတ်သော ကြွက်မျက်လုံးနှင့်လူသည် သူတို့ ၄ ဦးကို မြင်သောအခါ သွားများကို ဖြဲပြီး စူးစိုက်ကြည့်လိုက်သည်။ သူ့နယ်မြေကို ကျူးကျော်ခံရ၍ ဒေါသထွက်နေသည့် သားရဲတစ်ကောင်နှင့် တူလှသည်။

သူ့မျက်လုံးများအတွင်း၌ လူသားတစ်ဦး၏ အသိစိတ် အရိပ်အယောင် မကျန်တော့ဘဲ အသေကောင်ပမာ ဖြစ်နေသည်။ ထိုလူသည် ပင့်ကူတစ်ကောင်ကဲ့သို့ ဝပ်လိုက်ပြီး အနီးဆုံးရှိ ကျောက်တာဖန်းထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်တိုက်ခိုက်လိုက်သည်။ ကျောက်တာဖန်း လက်ကို မြှောက်လိုက်ပြီး ဝိညာဉ်စွမ်းအား အသုံးပြုကာ ထိုလူကို အလွယ်တကူပင် နောက်သို့ တွန်းထုတ်လိုက်သည်။ သို့သော် ထိုသူမှာ ဒဏ်ရာရခြင်း မရှိပေ။

ထိုကြွက်မျက်လုံးနှင့်လူ၏ ထိတ်လန့်ဖွယ် ပုံစံကို မြင်သောအခါ အကြီးအကဲရှ၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပသွားသည်။

“ခန္ဓာကိုယ် ပျက်စီးပြီး ကျင့်ကြံမှုတွေ အကုန် ဆုံးရှုံးသွားတာတောင်၊ ဝိညာဉ်စွမ်းအားနဲ့ ထိန်းထားတဲ့ ခန္ဓာကိုယ်တစ်ခုတည်းနဲ့ အလောင်းစွမ်းအင် တိုက်စားတာကို ဒီလောက်အထိ ခံနိုင်ရည် ရှိလိမ့်မယ်လို့ ငါ မထင်ထားဘူး။ အလောင်းစွမ်းအင်တွေက အသက်စွမ်းအားတွေနဲ့ စတင် ပေါင်းစပ်နေပြီပဲ”

အကြီးအကဲရှကလက်ကို ဝှေ့ယမ်းလိုက်ရာ အနက်ရောင် ခေါင်းတလားတစ်ခု ထွက်ပေါ်လာသည်။ ခေါင်းတလား အဖုံးပေါ်တွင် တင်း အမှတ်(၉၇)ဟု ရေးထိုးထားသည်။ အကြီးအကဲရှသည် ဝိညာဉ်စွမ်းအားကို အသုံးပြု၍ ရုန်းကန်အော်ဟစ်နေသော ကြွက်မျက်လုံးနှင့်လူကို အနက်ရောင် ခေါင်းတလားအတွင်း ထည့်ကာ ချိတ်ပိတ်လိုက်သည်။

ထို့နောက် ကျောက်တာဖန်းထံ သိုလှောင်အိတ်တစ်ခု ပစ်ပေးလိုက်ပြီး “မင်း ကောင်းကောင်း လုပ်နိုင်ခဲ့တယ်။ ဒါက မင်းအတွက် ဆုလာဘ်ပဲ၊ နောက်တစ်ဆင့် အနေနဲ့၊ ခန္ဓာကိုယ် သန်မာတဲ့ သေမျိုးတွေ ဒါမှမဟုတ် သိုင်းသမားတွေကို ရှာပြီး ဒီစမ်းသပ်မှုကို ဆက်လုပ်ပါ။ အောင်မြင်ရင် မင်းကို ဆုလာဘ်တွေ ထပ်ပေးမယ်”ဟု ဆိုသည်။

သိုလှောင်အိတ်အတွင်း၌ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး နှစ်ထောင်နှင့် ချီစုစည်းဆေးလုံးတစ်ရာ ပါဝင်သည်။ ဤပမာဏမှာ ချီစုစည်း​ခြင်း အဋ္ဌမအဆင့်သာ ရှိသော သူ့အတွက် အတော်ကြာ ကျင့်ကြံရန် လုံလောက်သည်။

“ကျေးဇူးတင်ပါတယ် အကြီးအကဲရှ။ အကြီးအကဲရဲ့ အမိန့်အတိုင်း အစွမ်းကုန် ကြိုးစားပါ့မယ်”

အကြီးအကဲရှသည် ခေါင်းကို အသာအယာ ညိတ်ပြပြီး အနက်ရောင် ခေါင်းတလားကို သိုလှောင်လက်စွပ်အတွင်း မထည့်ဘဲ လက်တစ်ဖက်ဖြင့် ဆွဲကာ အပြင်သို့ ထွက်လာခဲ့သည်။ ခြံဝင်းထဲ ရောက်သောအခါ လှေပျံတစ်စင်း ထုတ်ယူ၍ ပျံသန်း ထွက်ခွာသွားတော့သည်။

အကြီးအကဲရှကို ပို့ဆောင်ပြီးနောက် ကျောက်တာဖန်းလည်း ခြံဝင်းအတွင်းမှ အလျင်အမြန် ထွက်လာခဲ့သည်။ သူ့အနေဖြင့် သားကောင်များကို ရှာဖွေရန် ဈေးအတွင်းရှိ ကုန်သည်များနှင့် အစီအစဥ်ဆွဲရန် အလျင်လိုနေခဲ့သည်။

…..

စုန့်ဝမ်သည် ဤမြင်ကွင်းကို ကူပိုးကောင်မှတဆင့် စောင့်ကြည့်နေပြီး အခြေအနေကို နားလည်သွားသည်။ ကျောက်တာဖန်းသည် သားရဲသခင်ဂိုဏ်း၏ ညွှန်ကြားချက်ဖြင့် သက်ရှိအလောင်းကောင်များ ပျိုးထောင်နေခြင်း ဖြစ်သည်။

ယခင်က ကျောက်တာဖန်းသည် သူ့ညီဖြစ်သူအတွက် အဖော်ရှာရန် ကြိုးစားနေသည်ကို စုန့်ဝမ် မြင်ဖူးသည်။ ထိုစဉ်က ကျောက်တာဖန်းသည် သူ့ညီအပေါ် အတော်လေး ဂရုစိုက်သည်ဟု စုန့်ဝမ် ထင်ခဲ့မိသည်။ သို့သော် အကျိုးအမြတ်ကြောင့်ပင် ဖြစ်စေ၊ နှစ်ပေါင်းများစွာ ဥာဏ်မမီသော ညီဖြစ်သူကို ပြုစုရသည်မှာ ငြီးငွေ့လာ၍ ဖြစ်စေ၊ ကျောက်တာဖန်းသည် သူ့ညီကို လူတစ်ဝက် အလောင်းတစ်ဝက် ဖုတ်ကောင်သတ္တဝါအဖြစ် ပြောင်းလဲရန် ရက်စက်သော နည်းလမ်းကို ရွေးချယ်ခဲ့ပုံ ရသည်။

စုန့်ဝမ် ပိုတွေးရခက်နေသည်မှာ သားရဲသခင်ဂိုဏ်းကဲ့သို့ လမ်းမှန်ဂိုဏ်းတစ်ခုက အဘယ်ကြောင့် ဤမျှ အားစိုက်ထုတ်ပြီး သက်ရှိအလောင်းကောင်များကို မွေးမြူနေရသနည်းဆိုသည့် အချက်ပင်။ ထို့အပြင် အလောင်းစွမ်းအင်နှင့် အသက်စွမ်းအားတို့ ပေါင်းစပ်နေသော သက်ရှိအလောင်း၏ အနှစ်သာရမှာ အဘယ်နည်း။

စဥ်းစားရင်း ခေါင်းရှုပ်လာသဖြင့် စုန့်ဝမ်သည် အတွေးစဖြတ်ကာ ခေတ္တမျှ အနားယူပြီးနောက် ဆေးဖော်စပ်ခြင်းကို ဆက်လက် လုပ်ဆောင်သည်။ ဦးစွာ သွေးပေါက်ကွဲဆေးလုံး ဖော်စပ်ရန် ကြိုးစားသည်။ ဝယ်ယူလာသော အဝါရောင်မှိုကို ထုတ်ယူလိုက်စဉ် သူ့စိတ်ထဲ၌ အတွေးတစ်ခု လက်ခနဲ ပေါ်လာသည်။

သူ့သိုလှောင်လက်စွပ်အတွင်း၌ အသက်စွမ်းအားများ ပါဝင်နေသော ထူးခြားသည့် အဝါရောင်မှို တစ်ထောင်ကျော် ရှိနေသေးသည်။ ဤမှိုများသည် သာမန်မှိုများနှင့် မတူဘဲ ဆေးဖော်စပ်ရန် မသင့်တော်သလို ဖြစ်နေသည်။ ယခင်က ငွေရောင်အလောင်းရုပ်သေးသည် ထိုထူးခြားသောမှို တစ်ရာကျော်ကို သန့်စင်ပြီးနောက် ခန္ဓာကိုယ်ပေါ်တွင် သွေးကြောကဲ့သို့ အရာများ ပေါ်လာသည်ကို စုန့်ဝမ် သတိရလိုက်သည်။ ထို့ကြောင့် ထိုအဝါရောင်မှိုအားလုံးကို ငွေရောင်အလောင်းရုပ်သေးအား ကျွေးမွေးရန် ဆုံးဖြတ်လိုက်သည်။

…….

တစ်လကြာပြီးနောက်၊ စုန့်ဝမ် မျောလွင့်တိမ်ဆေးဆိုင်သို့ လမ်းလျှောက်ဝင်လာသည်။ ဤဆေးဆိုင်မှာ အရှေ့ဟွာဖန်းဈေးတွင်း သားရဲသခင်ဂိုဏ်း ဖွင့်လှစ်ထားသော အကြီးဆုံး ဆေးဆိုင်ဖြစ်သည်။

စုန့်ဝမ် ဝင်လာသည်ကို မြင်သောအခါ လှပသော အစေခံမိန်းကလေးတစ်ဦးက ချဉ်းကပ်လာသည်။

“စီနီယာ... ဘယ်လိုဆေးပြားမျိုးကို ဝယ်ချင်လို့လဲရှင်”

“ငါ ဆေးဝယ်ဖို့ လာတာမဟုတ်ဘူး၊ ဆေးလာရောင်းတာ”

“စီနီယာက ဘာဆေးတွေ ရောင်းချင်လို့လဲရှင်”

“ချီစုစည်းဆေးလုံး”

“ခဏစောင့်ပါဦးရှင်။ ချီစုစည်းဆေးက ပထမအဆင့် အဆင့်မြင့်ဆေးပြားမို့လို့ ကျွန်မ ဆုံးဖြတ်ပိုင်ခွင့် မရှိပါဘူး။ တာဝန်ခံကို သွားခေါ်ပေးပါ့မယ်”

မကြာမီမှာပင် ထိုမိန်းကလေးက မုတ်ဆိတ်ဖြူနှင့် အဘိုးအိုတစ်ဦးကို စုန့်ဝမ်ဆီ လမ်းပြခေါ်ဆောင်လာသည်။ ထိုသူက ရောက်မဆိုက်ပင် လိုရင်းကို မေးလာသည်။

“တာအိုရောင်းရင်း ... မင်းမှာ ချီစုစည်းဆေးပြားတွေ ရောင်းဖို့ ရှိတယ်လို့ ကြားတယ်”

စုန့်ဝမ်က ခေါင်းညိတ်ပြရင်း ကျောက်စိမ်းပုလင်းကို ထုတ်ယူလိုက်သည်။

အဘိုးအိုက နွေးထွေးစွာ ပြုံးပြလိုက်သည်။

“မိတ်ဆွေ... မလောပါနဲ့ဦး။ ငါ့ရုံးခန်းထဲမှာ အသေးစိတ် ဆွေးနွေးကြတာပေါ့”

အဘိုးအို၏ ဦးဆောင်မှုဖြင့် သူတို့နှစ်ဦးမှာ ခမ်းနားသော ရုံးခန်းအတွင်း ရောက်ရှိလာသည်။ ထိုင်ပြီးနောက် အဘိုးအိုက “ကဲ ... ဆေးပြားတွေကို ထုတ်ပြပါဦး။ မရောင်းခင်မှာ ဆေးရဲ့ အရည်အသွေးကို အရင် စစ်ဆေးရမှာမို့လို့ပါ” ဟု ဆိုသည်။

ဆိုင်များက ဆေးမဝယ်ခင် အရည်အသွေး စစ်ဆေးခြင်းမှာ ထုံးစံပင် ဖြစ်သည်။ စုန့်ဝမ်ကလည်း ကန့်ကွက်ခြင်းမရှိဘဲ ကျောက်စိမ်းပုလင်းကို ပေးလိုက်သည်။ အဘိုးအိုက ဆေးပြားတစ်လုံးကို လက်ဖဝါးပေါ်သို့ လောင်းချလိုက်သည်။ ဆေးပြားမှာ အရောင်အဆင်း သန့်စင်ပြီး ဝိညာဉ်စွမ်းအားများ ပြည့်ဝနေကာ မွှေးပျံ့သော ရနံ့များ ထွက်ပေါ်နေသည်။

အဘိုးအို၏ မျက်နှာ ပြုံးရွှင်သွားသည်။

“တာအိုရောင်းရင်း ... မင်းဖော်စပ်ထားတဲ့ ဆေးတွေက တော်တော်လေး အရည်အသွေးကောင်းတာပဲ။ မင်းဆီမှာရှိတဲ့ ဆေးတွေ အကုန်လုံးက ဒီအတိုင်းပဲဆိုရင် ငါတို့ မျောလွင့်တိမ်ဆေးတိုက်က အကုန်လုံး ဝယ်ပါ့မယ်”

စုန့်ဝမ်က လက်ကို ဝှေ့ယမ်းလိုက်ရာ ကျောက်စိမ်းပုလင်း နှစ်လုံး ထပ်မံ ထွက်ပေါ်လာသည်။ စုစုပေါင်း ပုလင်း သုံးလုံးရှိပြီး တစ်ပုလင်းလျှင် ဆေးပြား ၃၀ စီ ပါဝင်သည်။

မုတ်ဆိတ်ဖြူ အဘိုးအိုက ကျန်ပုလင်းများကိုပါ စစ်ဆေးပြီးနောက် “ဆေးတစ်လုံးကို ဝိညာဉ်ကျောက် ၅ တုံး ပေးမယ်။ ဒီဈေးကို မိတ်ဆွေ သဘောတူရဲ့လား”

စုန့်ဝမ် မျက်မှောင်ကြုတ်လိုက်သည်။ ဈေးကွက်ထဲတွင် ထိုဆေးလုံးတစ်လုံး၏ ရောင်းဈေးမှာ ဝိညာဉ်ကျောက်တုံး ၁၀ တုံး ဝန်းကျင် ဖြစ်သည်။ အကယ်၍ ဆေးတိုက်က ၅ တုံးနှင့် ဝယ်လျှင် သူတို့က တစ်လုံးရောင်းတိုင်း ၁၀၀ ရာခိုင်နှုန်း အမြတ်ရမည်ဖြစ်သည်။ ဆေးတစ်သုတ် ဖော်စပ်ရန် လိုအပ်သော ဆေးဖက်ဝင်အပင်များ၏ ကုန်ကျစရိတ်မှာ ၁၂ တုံးခန့် ရှိသည်။ သာမန် ပထမအဆင့် ဆေးဖော်စပ်သူတစ်ဦးအတွက် ရွှမ်ချီဆေးပြား အောင်မြင်မှုနှုန်းမှာ ၅၀ ရာခိုင်နှုန်းခန့်သာ ရှိရာ၊ တစ်သုတ်လျှင် ၆ လုံးခန့်သာ ရနိုင်သည်။ အချိန်နှင့် လုပ်အားပါ ထည့်သွင်းတွက်ချက်လျှင် ဆေးတစ်လုံး၏ အရင်းမှာပင် ဝိညာဥ်ကျောက် ၄ တုံးခန့် ရှိနေသည်။ ဆေးဖော်စပ်သူမှာ ပင်ပင်ပန်းပန်း လုပ်ဆောင်ရသော်လည်း တစ်လုံးလျှင် ၁ တုံးသာ အမြတ်ရမည်ဖြစ်ရာ ဆေးဆိုင်က ရရှိသော အမြတ်နှင့်စာလျှင် အလွန်နည်းလှသည်။

စုန့်ဝမ်က ခေါင်းခါလိုက်သည်။

“၅ တုံးပဲ ပေးနိုင်မယ်ဆိုရင်တော့ ကျွန်တော် တခြား ဝယ်မယ့်သူပဲ ရှာရပါလိမ့်မယ်”

စကားပြောရင်း စုန့်ဝမ်သည် ဆေးပုလင်းများကို ပြန်သိမ်းမည့် ဟန်ပြင်လိုက်သည်။

“ခဏနေပါဦး၊ ဒီဈေးကို သဘောမတူရင် ညှိနှိုင်းလို့ ရပါတယ်။ ၆ တုံးဆိုရင်ကော ဘယ်လိုလဲ”

စုန့်ဝမ်က ဆက်လက်၍ ခေါင်းခါပြသည်။

အဖိုးအိုလည်း သက်ပြင်းချရင်း“၇ တုံး။ ဒါကတော့ ငါပေးနိုင်တဲ့ အမြင့်ဆုံးဈေးပဲ။ ငါတို့နဲ့ ပုံမှန် လက်တွဲနေတဲ့ ဆေးဖော်စပ်သူတွေလည်း ဒီဈေးပဲ ရကြတာ”ဟု နောက်ဆုံးကမ်းလှမ်းချက်ကို ပြောလိုက်ရသည်။

စုန့်ဝမ် ပြန်ထိုင်လိုက်ပြီး ဆေးပုလင်းများကို ပြန်ထုတ်လိုက်သည်။

“ကောင်းပါပြီ၊ ၇ တုံးပဲပေါ့”

စုန့်ဝမ်အတွက် ဆေးဖော်စပ်သူ အဆင့်အတန်းမှာ ဟန်ပြသက်သက်သာ ဖြစ်ပြီး အသက်မွေးဝမ်းကျောင်းအဖြစ် အားကိုးနေခြင်း မဟုတ်ပေ။ အဘိုးအိုက သင့်တော်သော ဈေးပေးသဖြင့် ဆက်ပြီး ဈေးမဆစ်တော့ပေ။

အဘိုးအိုက ဆေးပုလင်းများကို သိမ်းဆည်းကာ ဝိညာဉ်ကျောက်တုံး ၂၁၀ ကို စုန့်ဝမ်ထံ ပေးအပ်လိုက်သည်။

“ငါ့က ဆိုင်တာဝန်ခံ နင်ဖုန်းပါ။ မိတ်ဆွေကို ဘယ်လို ခေါ်ရမလဲ”

“ကျွန်တော်က ယန်ဖုန်း ပါ။ တွေ့ရတာ ဝမ်းသာပါတယ် တာဝန်ခံနင်”

“ဒီဈေးကွက်ထဲမှာ ရွှမ်ချီဆေးပြား ဖော်စပ်နိုင်တဲ့သူ အကုန်လုံး ငါသိတယ်။ မင်းက မျက်နှာစိမ်းဖြစ်နေတာဆိုတော့ အရှေ့ဟွာဖန်းဈေးကို ရောက်တာ မကြာသေးဘူး ထင်တယ်”

“ကျွန်တော် ရောက်တာ တစ်လပဲ ရှိပါသေးတယ်။ နောင်မှာလည်း တာဝန်ခံနင်ကို အားကိုးပါရစေ”

နင်ဖုန်းက မုတ်ဆိတ်ဖြူကို ပွတ်သပ်ရင်း ရယ်မောလိုက်သည်။

“စိတ်မပူပါနဲ့ ဆရာယန်။ ဒီဈေးထဲမှာ ငါ့သြဇာက အတန်အသင့် ရှိပါတယ်။ တစ်ခုခု အခက်အခဲရှိရင် ငါ့ဆီကို လာခဲ့ပါ၊ ငါ တတ်နိုင်သလောက် ကူညီပေးပါ့မယ်”

“ကျေးဇူးတင်ပါတယ် တာဝန်ခံနင်”

“နောက်ငါးရက်နေရင် မျောလွင့်တိမ်ဆေးတိုက်မှာ ဆေးဖော်စပ်သူတွေ စုဝေးပွဲ ရှိတယ်။ ဆရာယန် တက်ရောက်ချင်လား”

“ဖိတ်ကြားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် အရောက်လာခဲ့ပါ့မယ်”

………

All Chapters