ဆေးခန်းမကလည်း ဇတ်လမ်းရှုပ်သားပဲ
Vol. 17 Ch. 181
ခန်းမအကြီးအကဲဝေ့တင်းသည် သူ့အကျိုးအမြတ်အတွက် ကျင့်စဉ်ထောက်ကူဆေးလုံး အမြောက်အမြားကို ဖော်စပ်ရန် လျှို့ဝှက်လက်ခံထားပြီး စုန့်ဝမ်တို့အဖွဲ့ကို အခမဲ့ ခိုင်းစေလိုခြင်း ဖြစ်သည်။
ကျိုးစစ်ယီက ဝေ့တင်း၏ အတ္တကြီးသော အပြုအမူကို မနှစ်မြို့သဖြင့် ခပ်ရွဲ့ရွဲ့ စကားဆိုလိုက်သည်။ ကျော့ရွှေယွင်မှာမူ ဆေးတောင်ထိပ်တွင် နေရာရလိုသဖြင့် ခန်းမအကြီးအကဲဝေ့တင်းကို ဖားရန် အဆင်သင့်ဖြစ်နေပြီး ပင်ပန်းသမျှကိုလည်း ခါးစည်းခံရန် ဆုံးဖြတ်ထားသည်။
ကျော့ရွှေယွမ်၏ ဆုံးမခြင်းကို ခံရပြီးနောက် ကျိုးစစ်ယီသည် စိတ်ကောက်ကာ ဝမ်းနည်းဟန်ဖြင့် နှုတ်ခမ်းဆူလိုက်သည်။
"ကြည့်စမ်း... သူက ဝေ့တင်း ဖားချင်လို့ ဆေးဖော်ပေးချင်တာ၊ ဘာလို့ ငါတို့ကိုပါ ဆွဲထည့်ရတာလဲ၊ အစ်ကိုတို့ကော ဘယ်လိုထင်လဲ"
ဟော်တင်းက ထရပ်ကာ ခေါင်းခါပြရင်း "ငါ အဲဒီကိစ္စတွေကို စိတ်မဝင်စားဘူး" ဟု ဆိုကာ ဘေးရှိ ဆေးဖော်စပ်ခန်းတွင်း ဝင်သွားတော့သည်။
ကျိုးစစ်ယီက မျက်လုံးဝိုင်းကြီးများဖြင့် စုန့်ဝမ်ကို ကြည့်လိုက်သည်။
“ဂျူနီယာဝူ... မင်းရော ဘယ်လိုသဘောရလဲ"
စုန့်ဝမ်က "စီနီယာအစ်မကျိုးက ကိုယ့်စိတ်အတိုင်းကိုယ် နေရလို့ လွတ်လပ်တာပေါ့။ စီနီယာအစ်မကျော့ကတော့ လိုအပ်ချက်အရ ဖားနေရတာဆိုတော့ သူလည်း ရွေးချယ်စရာ မရှိလို့ပါ"ဟု အလိုက်သင့် ဖြေလိုက်သည်။
"မင်းက တကယ် စကားပြောကျွမ်းကျင်တာပဲ၊ ဘယ်သူ့ကိုမှ မထိခိုက်အောင် ပြောတတ်တယ်။ မင်းက ငါ့ထက် အသက်ကြီးပြီး ကျင့်စဉ်အဆင့်လည်း အတူတူပဲကို၊ ဘာလို့ ငါ့ကို စီနီယာအစ်မလို့ ခေါ်ပြီး မြှောက်ပင့်နေတာလဲ?"
စုန့်ဝမ်က ပခုံးတွန့်ပြလိုက်သည်။ စိတ်ထဲမှမူ "ဘယ်သူက နင့်ကို ဖားချင်လို့လဲ ကလေးမရယ်၊ ဒါက အခြေအနေအရ ခေါ်ရတာပါ" ဟု တွေးလိုက်မိသည်။
"မင်း ဒီနှစ် အသက်ဘယ်လောက်ရှိပြီလဲ" ဟု ကျိုးစစ်ယီက မေးသည်။
"ငါ အသက် ၄၀ ကျော်သွားပါပြီ"
"အိုး... အသက် ၄၀ ကျော်ပြီပေါ့" ကျိုးစစ်ယီသည် အံ့သြဟန်ဖြင့် မျက်လုံးပြူးသွားသည်။ "မင်းက အရင်က လေလွင့်ကျင့်ကြံသူတစ်ယောက်လို့ ကြားတယ်။ လေလွင့်ကျင့်ကြံသူတွေရဲ့ လောကအကြောင်း ပြောပြပါဦး၊ အဲဒါက တကယ်ပဲ စိတ်လှုပ်ရှားဖို့ ကောင်းလား"
"စီနီယာအစ်မကျိုး... ကျွန်တော်က ဂိုဏ်းကို ရောက်ခါစပဲ ရှိသေးတယ်၊ ကိုယ့်နေရာကိုတောင် မရောက်သေးဘူး။ သွားကြည့်လိုက်ဦးမယ်ဗျာ"
စုန့်ဝမ်သည် သူမနှင့် မပတ်သက်လိုသဖြင့် စကားလမ်းကြောင်း လွှဲလိုက်သည်။ ဂိုဏ်းဝင်တံဆိပ်မှာ နေအိမ်၏ သော့လည်း ဖြစ်သလို တည်နေရာ အချက်အလက်များလည်း ပါဝင်သည်။
"မင်းက ဂိုဏ်းကို ရောက်ခါစဆိုတော့ ကျောက်ဂူဘယ်မှာလဲ သိမှာမဟုတ်ဘူး။ ငါ လိုက်ပို့ပေးမယ်"
ကျိုးစစ်ယီသည် စုန့်ဝမ်ကို အလွယ်တကူ လွှတ်ပေးမည့်ပုံမပေါ်ဘဲ ထပ်ကြပ်မကွာ လိုက်လာသည်။
"စီနီယာအစ်မရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်ဘာသာ ကျွန်တော် ရှာပါ့မယ်"
"မင်းက ငါ့ကို စီနီယာအစ်မလို့တောင် ခေါ်ထားတာပဲ၊ ငါက ဘယ်လိုလုပ် ဒီအတိုင်း ကြည့်နေနိုင်မလဲ၊ သွားစို့"
ဆေးဖော်စပ်ရေးတောင်ထိပ်ရှိ ကျောက်ဂူများကို ချမ်၊ သွေ့၊ လီဟု အဆင့် ၃ ဆင့် ခွဲထားပြီး ရွှေအမြုတေအဆင့်၊ အခြေတည်အဆင့်နှင့် ချီစုစည်းခြင်း ကျင့်ကြံသူများအတွက် အသီးသီး ခွဲခြားသတ်မှတ်ထားခြင်း ဖြစ်သည်။ စုန့်ဝမ်သည် နောက်ဆုံးမှ ရောက်လာသူ ဖြစ်သော်လည်း အခြေတည်အဆင့် ကျင့်ကြံသူ ဖြစ်သဖြင့် သွေ့အဆင့်ရှိ နံပါတ် ၁၁ ကျောက်ဂူကို ရရှိခဲ့သည်။
ကျိုးစစ်ယီ၏ လမ်းညွှန်မှုဖြင့် စုန့်ဝမ်သည် သူ့ကျောက်ဂူကို အမြန်ရှာတွေ့သွားသည်။ ၎င်းသည် တောင်၏ အရိပ်ကျသောဘက်ရှိ မတ်စောက်သော လျှိုမြောင်တစ်ခုတွင် တည်ရှိသည်။ ဘေးပတ်ဝန်းကျင်တွင် အခြားကျောက်ဂူများ မရှိသဖြင့် အတော်အတန် လွတ်လပ်မှုရှိရာ စုန့်ဝမ် အလွန်ကျေနပ်သွားသည်။
ကျောက်ဂူအဝင်ဝသို့ ပို့ဆောင်ပြီးနောက် ကျိုးစစ်ယီ ထွက်သွားသည်။ သူမသည် ကလေးဆန်သော်လည်း ကျားမ ခြားနားမှုကို နားလည်သဖြင့် စုန့်ဝမ်၏ ကျောက်ဂူအတွင်းသို့ ဇွတ်မဝင်ပေ။
ကျောက်ဂူမှာ အတော်လေး ကျယ်ဝန်းပြီး ဆေးမီးဖို၊ တရားထိုင်ရန် ကျောက်ကုတင်နှင့် မြေအောက်မီးရှိန်ရရှိရန် လက်ဖဝါးအရွယ် တွင်းပေါက်တစ်ခု ပါဝင်သည်။ အဝင်ဝနားတွင် ဆယ်နှစ်ကျော်သက်တမ်းရှိသော ပထမအဆင့် ဝိညာဥ်ဆေးပင် အနည်းငယ်ရှိသည့် စိုက်ခင်းလေးတစ်ခုလည်း ရှိသည်။
ကျောက်ဂူတွင် အကာအကွယ်နှင့် ဖုံးကွယ်ခြင်း အစီအရင်များ ပါရှိသော်လည်း စုန့်ဝမ်သည် ဝိညာဉ်ဖုံးကွယ်အစီအရင်နှင့် ကိုးနန်းယင်အစီအရင်တို့ကိုပါ ထပ်မံ ချထားလိုက်သည်။
……
နောက်ပိုင်းတွင် ဆေးဖော်စပ်မှုများ လေ့လာစမ်းသပ်ရင်း တစ်လတာ ကုန်လွန်သွားသည်။
ဝေ့တင်းသည် စုန့်ဝမ်တို့ လေးဦးကို နောက်တစ်ကြိမ် ပြန်လည်ခေါ်ယူကာ ဒုတိယအဆင့်ဆေးဖြစ်သော မီးတိမ်ဆေးလုံး ဖော်စပ်နည်းကို သင်ကြားပေးသည်။ ဤဆေးမှာ ပြင်းထန်သော ဒဏ်ရာကြောင့် သေလုမျောပါး ဖြစ်နေချိန်တွင် အသက်ကို ခေတ္တထိန်းထားပေးနိုင်သော အဖိုးတန်ဆေးဖြစ်သည်။ ဖော်စပ်ရန် ခက်ခဲသဖြင့် ဝေ့တင်းကိုယ်တိုင် ငါးရက်ကြာ ဖော်စပ်သော်လည်း ဆေးလုံး ၂ လုံးသာ ရရှိခဲ့သည်။
"ဒီဆေးကို ဖော်စပ်ရတာ မလွယ်ဘူး။ အလောမကြီးနဲ့၊ ငါဖော်စပ်ပြတာကို သေချာ လေ့လာကြ။ နောက် ၆ လအတွင်း ဒီဆေးကို အောင်မြင်အောင် ဖော်စပ်နိုင်ရင် မင်းတို့ဟာ ဆေးပညာမှာ ပါရမီရှင်တွေပဲ" ဟု ဆိုကာ ဝေ့တင်း ထွက်သွားသည်။
ဝေတိန် ထွက်သွားသည်နှင့် ကျော့ရွှေယွင်က စကားစသည်။
"အားလုံးပဲ... နောက်တစ်လနေရင် အကြီးအကဲဝေ့က ကျင့်စဉ်ထောက်ကူဆေးပြား အများကြီး လိုအပ်နေတယ်။ ငါက ဆေးအလုံး ၁၀၀ ကူဖော်ပေးမယ်လို့ ကတိပေးထားတယ်။ ငါတို့ လေးယောက် ဘယ်လို ခွဲလုပ်ကြမလဲ"
ကျော့ရွှေယွင်မှာလည်း ဆေးဖော်စပ်နည်း သင်ယူခါစဖြစ်ရာ တစ်သုတ်လျှင် ၄ လုံး၊ ၅ လုံးခန့်သာ ရနိုင်သည်။ ထို့ကြောင့် သူမ တစ်ဦးတည်း အလုံး ၁၀၀ ပြည့်ရန်မှာ မဖြစ်နိုင်ပေ။
ဟော်တင်းက ချက်ချင်းပင် "ငါက လွယ်ကူတဲ့အရာတွေပေါ်မှာ အချိန်မဖြုန်းနိုင်ဘူး" ဟု ငြင်းဆိုကာ၊ မီးတိမ်ဆေးပြားကို စမ်းသပ်ရန် ထွက်သွားသည်။
ကျိုးစစ်ယီကလည်း ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။
"ငါ အရင်ကတည်းက ပြောပြီးသား၊ ဝေ့တင်းကို ဖားချင်တာ နင့်ကိစ္စပဲ။ ငါတို့ကို ဆွဲမထည့်နဲ့"
ကျော့ရွှေယွင်သည် နောက်ဆုံးတွင် စုန့်ဝမ်ဘက်သို့ လှည့်လာသည်။
"မောင်လေးဝူ... မင်းက ဆေးအလုံး ၅၀ ဖော်စပ်ရမယ့် တာဝန်ကို ယူရမယ်"
ကျော့ရွှေယွင်၏ လေသံမှာ အမိန့်ပေးသည့်ဟန် ဖြစ်နေသည်။ ဟော်တင်းနှင့် ကျိုးစစ်ယိမှာ နောက်ခံအင်အားကြီးသဖြင့် သူမ မထိရဲပေ။ ထို့ကြောင့် နောက်ခံမရှိသော စုန့်ဝမ်ကိုသာ ဖိနှိပ်ရန် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
စုန့်ဝမ်က တစ်ခုခု ပြောရန် ပြင်လိုက်စဉ် ကျော့ရွှေယွင်က ထပ်ပြောပြန်သည်။
"ဂျူနီယာဝူ... မင်းက အရင်က လေလွင့်ကျင့်ကြံသူဆိုတော့ ကိုယ်တိုင်ပဲ လေ့လာခဲ့ရတာ။ အခုလို ဂိုဏ်းရဲ့ စံနှုန်းမြင့် ဆေးဖော်စပ်နည်းတွေကို လေ့ကျင့်ခွင့်ရတာက မင်းအတွက် အခွင့်အရေးကောင်းပဲ၊ ငြင်းမနေနဲ့"
စုန့်ဝမ်က ကျေးဇူးတင်ဟန်ပြလိုက်သော်လည်း အားနာသည့် အမူအရာဖြင့် ပြောလိုက်သည်။
"လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာအစ်မ။ ဒါပေမဲ့... ကျွန်တော် အခုထိ ကျင့်စဉ်ထောက်ကူဆေးပြားကို အောင်မြင်အောင် မဖော်စပ်တတ်သေးဘူး"
ကျော့ရွှေယွင်မှာ မယုံနိုင်သကဲ့သို့ ကြည့်လိုက်သည်။
"ဘာပြောတယ်၊ တစ်လလုံး လေ့ကျင့်နေတာတောင် မတတ်သေးဘူး ဟုတ်လား”
စုန့်ဝမ်က ရှက်ရွံ့ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ကျွန်တော်က ဥာဏ်ထုံလို့ပါ။ စီနီယာအစ်မကို မျက်နှာပျက်အောင် လုပ်မိပြီ၊ စိတ်မကောင်းပါဘူး"
ကျော့ရွှေယွင်မှာ ဒေါသထွက်သွားသော်လည်း ပေါက်ကွဲရန် နေရာမရှိသဖြင့် မျက်နှာတစ်ခုလုံး နီမြန်းကာ ထွက်သွားတော့သည်။
ကျော့ရွှေယွင် ထွက်သွားသည်နှင့် ကျိုးစစ်ယီက ရယ်မောလိုက်သည်။
"မင်းက တကယ်လူပါးပဲ။ သူ့ကို လိမ်လို့ရပေမဲ့ ငါ့ကိုတော့ လိမ်လို့မရဘူး။ အမှန်အတိုင်းပြောစမ်း၊ မင်း ဆေးဖော်တတ်နေပြီ မဟုတ်လား"
စုန့်ဝမ်က ခေါင်းခါပြသည်။
"စီနီယာအစ်မကျိုး... ကျွန်တော် တကယ် မဖော်တတ်လို့ပါ။ အကြီးအကဲဝေ့က ဆေးဖက်ဝင်ပစ္စည်း ၁၀ စုံပဲ ပေးတာ၊ ကျွန်တော့်လိုလူက ၁၀ စုံတည်းနဲ့ ဘယ်လိုလုပ် တတ်မြောက်နိုင်မှာလဲ"
"၁၀ စုံနဲ့ မလုံလောက်ရင် ဝိညာဉ်ဆေးပင်တောင်ထိပ်မှာ သွားဝယ်လို့ ရတာပဲကို"
"ဈေးကြီးလွန်းလို့ပါ၊ တစ်စုံကို ဝိညာဉ်ကျောက်တုံး ၂၀ တောင် ပေးရတာ"
စုန့်ဝမ်က ကပ်စေးနှဲဟန်ဖြင့် ဖြေလိုက်သည်။ အမှန်တော့ စုန့်ဝမ် လိမ်မပြောခဲ့ပါ၊ ဆေးမဖော်တတ်သည်မှာ အမှန်ပင်။ ထိုအချိန်အတွင်း သွေးပေါက်ကွဲဆေးလုံး သုတေသနကိုသာ အာရုံစိုက်နေသဖြင့် မလေ့ကျင့်ဖြစ်ခဲ့ခြင်း ဖြစ်သည်။
ဝိညာဥ်ဆေးပင်တောင်ထိပ်သို့ သွားခဲ့သော်လည်း ကျင့်စဉ်ထောက်ကူ ဖော်စပ်ရာတွင် သုံးသည့် ဆေးပင်များကို မဝယ်ဘဲ အဝါရောင်မှိုများကိုသာ ဝယ်ယူခဲ့သည်။ သားရဲသခင်ဂိုဏ်းတွင် ထိုမှိုများမှာ အလွန်ဈေးပေါလှသည်။
…….
ထိုသို့ဖြင့် သားရဲသခင်ဂိုဏ်းအတွင်း တစ်နှစ်တာ ကာလမှာ အေးချမ်းစွာ ကုန်ဆုံးသွားသည်။ ထိုကာလအတွင်း ဝေ့တင်းက ဒုတိယအဆင့် ဆေးနည်း ၆ မျိုးကို သင်ကြားပေးခဲ့သည်။
ကျော့ရွှေယွင်မှာ ဝေ့တင်းနှင့် ပိုမိုရင်းနှီးလာပြီး သူ၏ ကိုယ်ပိုင်ဆေးဖော်စပ်မှုများကို ကူညီပေးခြင်းဖြင့် ဝိညာဉ်ကျောက်တုံးများစွာ ရရှိခဲ့သည်။ ကျိုးစစ်ယိမှာမူ သူမ၏ နောက်ခံအင်အားကြောင့် ဆေးတောင်ထိပ်ရှိ အလယ်အလတ်အဆင့် ဆေးဆရာအားလုံးနှင့် ရင်းနှီးသွားခဲ့သည်။ ဟော်တင်းမှာမူ ဆေးဖော်စပ်ခြင်း သုတေသနတွင်သာ အချိန်ကုန်ဆုံးနေသည်။
စုန့်ဝမ်မှာမူ ဤလေးဦးထဲတွင် ဆေးပညာ ပါရမီ အညံ့ဆုံးသူအဖြစ် နာမည်ကျော်သွားသည်။ သူသည် တစ်နှစ်တာအတွင်း ကျင့်စဉ်ထောက်ကူဆေးပြားနှင့် သားရဲအနှစ်သာရဆေးလုံး နှစ်မျိုးကိုသာ အောင်မြင်အောင် ဖော်စပ်နိုင်ခဲ့သည်။ သားရဲအနှစ်သာရဆေးလုံးမှာ သားရဲများနှင့် ပိုးမွှားများ မျိုးပွားရန်အတွက် အသုံးပြုသော ဆေးတစ်မျိုး ဖြစ်သည်။
တစ်နေ့တွင် ဝေ့တင်းက တစ်ဖွဲ့လုံးကို စုစည်းပြီး "ငါတို့ ဆေးဖော်စပ်ခန်းမမှာ အပြင်သွားရမယ့် တာဝန်တစ်ခု ရှိတယ်၊ နှစ်ယောက် သွားရမယ်။ ဘယ်သူတွေ သွားချင်လဲ"ဟု မေးလာသည်။
စုန့်ဝမ်က ခေါင်းငုံ့ကာ မကြားယောင်ဆောင်နေလိုက်သည်။ သူ့အနေဖြင့် အလောင်းနတ်ဆိုးဂိုဏ်း၏ အန္တရာယ်ကို ရှောင်ရှားရန် သားရဲသခင်ဂိုဏ်းထဲ ဝင်ခြင်းဖြစ်သလို၊ သွေးပေါက်ကွဲဆေးပြား သုတေသနမှာလည်း အရေးကြီးအဆင့် ရောက်နေသဖြင့် အပြင်မထွက်လိုပေ။
ကျိုးစစ်ယိက မျက်မှောင်ကြုတ်ရင်း "အကြီးအကဲဝေ့ ... ဂိုဏ်းစည်းကမ်းအရ အခြေတည်အဆင့် ရောက်ပြီး ၃ နှစ်ကြာမှ ပြင်ပတာဝန် ယူလို့ရတာ မဟုတ်လား။ ကျွန်မတို့က ၃ နှစ် မပြည့်သေးဘူးလေ"ဟု စောဒကတက်သည်။
အမှန်တော့ ဤတာဝန်မှာ ဝေ့တင်း ထမ်းဆောင်ရမည့် တာဝန်တစ်ခု ဖြစ်သည်။ သူကိုယ်တိုင် အဝေးသို့ မသွားလိုသဖြင့်သာ စုန့်ဝမ်တို့ကို ခိုင်းစေလိုခြင်း ဖြစ်သည်။
ဝေ့တင်းက အခြေအနေကို ထိန်းရန် ကျိုးစစ်ယိကို ဆက်ပြောခွင့်မပေးဘဲ လိုရင်းကို အမြန်ပြောချလိုက်သည်။
"စိတ်မပူပါနဲ့၊ ဒီတာဝန်က အန္တရာယ် မရှိပါဘူး။ တာဝန်ပြီးရင် ဝိညာဉ်ကျောက် ၃၀၀၀ ရမယ်။ ဒါက သာ့ယန်သေမျိုးတိုင်းပြည်က ဂိုဏ်းပိုင် ကျောက်စိမ်းမြွေ မွေးမြူရေးခြံမှာ ပြဿနာနည်းနည်း ရှိနေလို့ သွားကြည့်ရမှာပါ။ အဲဒီက မြွေတွေ မျိုးမပွားနိုင်ဖြစ်နေလို့ သားရဲအနှစ်သာရဆေးပြား သွားပေးရုံပါပဲ"
ကျော့ရွှေယွင်က တာဝန်ယူရန် ပြင်လိုက်စဉ် ကျိုးစစ်ယိက အရင်ဦးအောင် "အကြီးအကဲဝေ့... ကျွန်မ သွားပါ့မယ်" ဟု ဆိုလိုက်သည်။ သူမ၏ ရုတ်တရက် ပြောင်းလဲသွားသော သဘောထားကြောင့် အားလုံး အံ့သြသွားကြသည်။
ဝေ့တင်းက ကျေနပ်စွာ ခေါင်းညိတ်ပြီး စုန့်ဝမ်ဘက်သို့ လှည့်လိုက်သည်။
"ဒါဆိုရင် ဝူရှန်းနဲ့ ကျိုးစစ်ယိတို့ အတူတူ သွားကြပါ"
စုန့်ဝမ်က ငြင်းဆန်ရန် ကြံလိုက်သော်လည်း ဝေ့တင်း၏ တင်းမာသော အကြည့်အောက်တွင် လက်လျှော့လိုက်ရသည်။
"အကြီးအကဲရဲ့ အမိန့်အတိုင်း လိုက်နာပါ့မယ်"
………..