← Chapters

မြွေနဲ့လူသားမျိုးစပ်ပြီး မျိုးစိတ်သစ် စမ်းသပ်နေတာလား

Vol. 17 Ch. 183

မြွေနဲ့လူသားမျိုးစပ်ပြီး မျိုးစိတ်သစ် စမ်းသပ်နေတာလား

Vol. 17 Ch. 183

"ဒီလူနဲ့မြွေမျိုးစပ် သတ္တဝါတွေက အသက်စွမ်းအား သိပ်မရှိသလိုပဲ၊ လေပြင်းထဲက ဆီမီးလို အချိန်မရွေး ငြိမ်းသွားနိုင်တယ်" ဟု ကျိုးစစ်ယိက သူမ၏ သံသယကို ထုတ်ဖော်ပြောဆိုလိုက်သည်။

"အကြီးအကဲကျိုးပြောတာ မှန်ပါတယ်။ နောက်ဆုံးတော့ ဒါက မတူညီတဲ့ သက်ရှိနှစ်မျိုးကို ပေါင်းစပ်ထားတာဆိုတော့ သူတို့ရုပ်ခန္ဓာက မတည်ငြိမ်တာ သဘာဝပါပဲ။ အဲဒါကြောင့်လည်း ငါက သူတို့ကို မိတ်လိုက်ခိုင်းပြီး မျိုးဆက်သစ် မြွေလူသားတွေကို မွေးဖွားစေချင်တာ။ ဒါဆိုရင် သူတို့ရဲ့ ရုပ်ခန္ဓာမတည်ငြိမ်တဲ့ ပြဿနာကို သဘာဝကျကျ ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်။ ဒါပေမဲ့ ဒီမျိုးစပ်သတ္တဝါတွေက မိတ်လိုက်ချင်စိတ် လုံးဝမရှိကြဘူး။ သားရဲအနှစ်သာရဆေး ကျွေးတာတောင် ဘာတုံ့ပြန်မှုမှ မရှိဘူး"

ကျိုးစစ်ယိက လျိုကျန်းစကားကို နားထောင်ရင်း ကန်ထဲရှိ လူနှင့်မြွေမျိုးစပ် သတ္တဝါများကို စူးစမ်းလိုစိတ် အပြည့်ဖြင့် စိုက်ကြည့်နေသည်။ ကြည့်နေရင်း သူမ၏ ခန္ဓာကိုယ်သည် ထူးခြားသော စိတ်လှုပ်ရှားမှုနှင့် တက်ကြွမှုများကြောင့် အနည်းငယ် တုန်ယင်လာသည်ကို စုန့်ဝမ် သတိပြုမိသည်။ ဤအချိန်တွင် ကျိုးစစ်ယိ၏ အမူအရာမှာ ပုံမှန် မြင်တွေ့နေကျ အပြစ်ကင်းစင်ပြီး ရိုးအသောပုံစံနှင့် လုံးဝ ကွာခြားနေသည်။

"ရှင် ဟယ်ဟွမ်ကာမအားပေးဆေးမှုန့်လိုမျိုး ဆေးတွေ သုံးကြည့်ပြီးပြီလား" ဟု ကျိုးစစ်ယိက မေးလိုက်သည်။

လျိုကျန်းက ခေါင်းညိမ့်လိုက်သည်။

"သုံးကြည့်ပြီးပြီ၊ ဒါပေမဲ့ ဘာအကျိုးသက်ရောက်မှုမှ မရှိဘူး"

"ဒါဆိုရင် သူတို့ကို ကျောက်စိမ်းမြွေအစစ်တွေနဲ့ရော မိတ်လိုက်ခိုင်းကြည့်ပြီးပြီလား" ဟု ကျိုးစစ်ယိက ထပ်မံ မေးလာပြန်သည်။

"အဲဒါလည်း လုပ်ကြည့်ပြီးပြီ၊ ဒါပေမဲ့ မျိုးစိတ်ကွာဟလို့ မြွေလူသားမျိုးဆက်သစ် သဘာဝအတိုင်း သန္ဓေတည်ဖို့ဆိုတာ မဖြစ်နိုင်ဘူး" ဟု လျိုကျန်းက ဆိုသည်။

သူတို့၏ စကားဝိုင်းကို နားထောင်ရင်း စုန့်ဝမ်၏ စိတ်ထဲတွင် ထူးဆန်းသော အတွေးတစ်ခု ပေါ်လာသည်။ သူ့ရှေ့မှ လူနှစ်ဦးစလုံးသည် ကိုယ်ကျင့်တရားနှင့် ပတ်သက်၍ လုံးဝ ဂရုမစိုက်ပုံရသည်။ လျိုကျန်းမှာ သဘာဝမကျသော သတ္တဝါကို ဖန်တီးကာ အသက်ဇီဝလျှို့ဝှက်ချက်ကို အစွဲအလမ်းကြီးစွာ ရှာဖွေနေသည့် ရူးသွပ်နေသော သိပ္ပံပညာရှင်တစ်ဦးကဲ့သို့ ဖြစ်နေသည်။ ကျိုးစစ်ယီလည်း ထို့အတူပင်၊ သူမ၏ ကြီးပြင်းလာမှုနှင့် ပတ်ဝန်းကျင်ကြောင့် လူ့ကျင့်ဝတ်များအပေါ် လွန်ကဲသော လျစ်လျူရှုမှု စွဲကပ်လာခြင်း ဖြစ်နိုင်သည်။

သူတို့မျက်လုံးထဲတွင် ကျင့်ကြံခြင်းမရှိသော သာမန် သေမျိုးလူသားများကို သူတို့နှင့် မျိုးစိတ်တူသည်ဟုပင် မယူဆကြပေ။ ၎င်းသည် လူသားများက ပုရွက်ဆိတ်များကို ကြည့်သကဲ့သို့ပင်။ လူလူချင်း အတူတူဟု မမြင်ပါက ပုရွက်ဆိတ်တွေရဲ့ အသက်ရှင်သန်မှုကို ဘာကြောင့် ဂရုစိုက်ရမည်နည်းဟု ခံယူကျင့်သုံးမိမည်မှာ မလွဲပင်။

ကျင့်ကြံခြင်းလောကထဲ ရောက်တည်းက ကြုံတွေ့ခဲ့ရသော အတွေ့အကြုံမျိုးစုံကို ပြန်လည် ဆင်ခြင်ကြည့်ရင်း စုန့်ဝမ်သည် ဤသူနှစ်ဦးတည်းသာ မဟုတ်ဘဲ ကျင့်ကြံခြင်းလောကရှိ လူအများစုမှာ ဤကဲ့သို့သော စိတ်ဓာတ်မျိုး ရှိကြမည်ကို သဘောပေါက်လာသည်။ ထို့အပြင် ကျင့်ကြံခြင်းအဆင့် မြင့်မားလေလေ၊ သာမန်လူများ၏ အသက်အပေါ် ပို၍ လျစ်လျူရှုလာလေလေ ဖြစ်သည်။ ၎င်းသည် တရားခြင်း၊ မတရားခြင်းနှင့် မဆိုင်ဘဲ ကျင့်ကြံခြင်းအဆင့်နှင့်သာ ဆိုင်ပေသည်။

"ဒါဆို နည်းနည်းတော့ ခက်ခဲလိမ့်မယ်။ မြွေလူသားတွေအတွက် သီးသန့် ကာမအားဆေးအသစ် ဖော်စပ်ဖို့ဆိုတာ မလွယ်တဲ့ အလုပ်ပဲ" ဟု ကျိုးစစ်ယီက သူမဘာသာ ရေရွတ်လိုက်သည်။

အတန်ကြာ စဉ်းစားပြီးနောက် အဖြေမထွက်သဖြင့် သူမသည် စုန့်ဝမ်ဘက်သို့ လှည့်လာသည်။

"ဂျူနီယာဝူ... မင်းမှာကော ဒီကိစ္စနဲ့ ပတ်သက်ပြီး တွေးမိတာ တစ်ခုခု ရှိလား"

စုန့်ဝမ်က ခေါင်းခါပြလိုက်သည်။

"ကျွန်တော်က ဆေးဖော်စပ်တာလည်း မကျွမ်းကျင်သလို ဒီသတ္တဝါတွေရဲ့ အလေ့အထကိုလည်း မသိဘူး။ ဒါကြောင့် ဘာအကြံမှ မပေးနိုင်ပါဘူး။ ဒါပေမဲ့ ဒီမျိုးစပ်သတ္တဝါတွေက သဘာဝအတိုင်း သန္ဓေတည်ခဲ့တာ မဟုတ်တဲ့အတွက် သူတို့မှာ မျိုးပွားနိုင်စွမ်း မရှိတာလည်း ဖြစ်နိုင်တယ်။ သူတို့ရဲ့ မတည်ငြိမ်တဲ့ ရုပ်ခန္ဓာတွေက အဲဒီအချက်ကို သက်သေပြနေတာပဲ"

လျိုကျန်းက ကြားဖြတ်ပြောသည်။

"အဲဒါတော့ အကုန်မမှန်ဘူး။ ငါ တစ်ခါက အရမ်းထူးခြားတဲ့ မြွေလူသား တစ်ကောင်ကို မွေးမြူနိုင်ခဲ့ဖူးတယ်။ အဲဒီကောင်က ရုပ်ခန္ဓာတည်ငြိမ်ရုံတင်မကဘဲ လူသားတွေလို ဥာဏ်ရည်ရှိတယ်။ အဲဒီသတ္တဝါက အရမ်းပါးနပ်လွန်းလို့ သူ့စွမ်းအားတွေကို ဘယ်လိုဖုံးကွယ်ရမလဲဆိုတာကိုတောင် နားလည်တယ်။ ငါ မသိအောင် ဒုတိယအဆင့် သားရဲအဖြစ် တိတ်တဆိတ် အဆင့်တက်ခဲ့တယ်။ တစ်နေ့မှာတော့ ငါ့ပေါ့ဆမှုကို အခွင့်ကောင်းယူပြီး ရေအောက်လှောင်အိမ်က ထွက်ပြေးပြီး အိုင်ကြီးထဲ ပျောက်သွားခဲ့တယ်"

စုန့်ဝမ်နှင့် ကျိုးစစ်ယီတို့ နှစ်ဦးစလုံး ထိုစကားကို ကြားသောအခါ အံ့အားသင့်သွားကြသည်။

"ဒုတိယအဆင့်မြွေလူသား"

လျိုကျန်းက ဂုဏ်ယူဝင့်ကြွားသည့် အမူအရာဖြင့် ခေါင်းညိမ့်ပြသည်။

ကျိုးစစ်ယီ၏ မျက်လုံးများထဲတွင် အထင်ကြီးအားကျမှုများ ဖျပ်ခနဲ ပေါ်သွားသည်။

"အကြီးအကဲလျို... မြွေလူသားမွေးမြူရေး မှတ်တမ်းတွေကို ကျွန်မ ကြည့်လို့ရမလား"

လျိုကျန်းက မျက်မှောင်ကြုတ်လိုက်သည်။

"ဒါကတော့ အဆင်မပြေလောက်ဘူး။ မင်းတို့ကို ပြတာတောင် အထူးကိစ္စ ရှိလို့ပဲ။ ပုံမှန်အားဖြင့် ထိပ်တန်းအကြီးအကဲတွေပဲ ဒါကို သိပိုင်ခွင့်ရှိတာ။ ဒီမှတ်တမ်းတွေက ဂိုဏ်းရဲ့ လျှို့ဝှက်ချက်ဖြစ်လို့ အလွယ်တကူ ဝေမျှလို့ မရဘူး"

ကျိုးစစ်ယိက အတင်းအကျပ် မတောင်းဆိုတော့ဘဲ အသံပို့လွှတ်နည်းဖြင့် သတင်းစကားတစ်ခု ပေးပို့လိုက်သည်။ ထိုသတင်းစကားကို ကြားသောအခါ လျိုကျန်း၏ မျက်လုံးများ တောက်ပသွားပြီး စုန့်ဝမ်ကို လှည့်ကြည့်ကာ "အကြီးအကဲဝူ... မင်း ဧည့်ခန်းမှာ သွားနားလိုက်ပါ။ ငါ အကြီးအကဲကျိုးနဲ့ သီးသန့်ဆွေးနွေးစရာ ရှိတယ်"

စုန့်ဝမ်သည် အခြေအနေကို ရိပ်မိသဖြင့် ခေါ်ငးညိတ်ပြလိုက်သည်။ ဤနေရာတွင် သူတို့ သုံးဦးတည်း ရှိသော်လည်း ကျိုးစစ်ယိက အသံပို့လွှတ်နည်းဖြင့် လျှို့ဝှက်စကားပြောခြင်းမှာ သူ့ကို အသိပေးမရသည့်ကိစ္စ ဖြစ်နေကြောင်း သိသာနေသည် မဟုတ်ပါလား။

စုန့်ဝမ်သည် လိုဏ်ဂူအဝင်ဝသို့ လျှောက်သွားရင်း ရုတ်တရက် ရပ်လိုက်ပြီး လှည့်မေးလိုက်သည်။

"အကြီးအကဲလျို... ကျွန်တော့်စိတ်ထဲမှာ မေးခွန်းတစ်ခု ရှိနေလို့ပါ။ အဆင်ပြေရင် အဲဒါလေး ရှင်းပြပေးလို့ ရမလား။ မြွေလူသားတွေရဲ့ စွမ်းရည်က အဲဒီလောက် အားနည်းနေတာကို ဘာကြောင့် သူတို့ကို မွေးမြူဖို့ အချိန်နဲ့ လုပ်အားတွေ အကုန်ခံနေရတာလဲ"

လျိုကျန်းက ခေါင်းခါရင်း ပြန်ဖြေသည်။

"ဒါက ဂိုဏ်းရဲ့ လျှို့ဝှက်ချက်ပဲ၊ ငါကိုယ်တိုင်လည်း အဲဒီနောက်ကွယ်က အကြောင်းရင်းကို မသိဘူး"

"ကျေးဇူးတင်ပါတယ်"

စုန့်ဝမ်လည်း လျိုကျန်းကို နှုတ်ဆက်ပြီး ရေအောက်လိုဏ်ဂူထဲမှ ထွက်လာခဲ့သည်။

…….

စုန့်ဝမ်က ကျိုးစစ်ယီနှင့် လျိုကျန်းတို့ သိပ်မကြာဘဲ ပြန်ထွက်လာကြမည်ဟု ထင်ခဲ့သော်လည်း မထင်မှတ်ဘဲ ဟယ်စူး စီစဉ်ပေးထားသော ဧည့်ခန်းတွင် ဆယ့်ငါးရက်တိတိ စောင့်ခဲ့ရသည်။

၁၅ ရက်မြောက်နေ့တွင်မှ ကျိုးစစ်ယိ ပြန်ရောက်လာသည်။ သူမသည် စိတ်စွမ်းအားများစွာ အသုံးပြုထားရသဖြင့် ပင်ပန်းနွမ်းနယ်နေပုံရသော်လည်း မျက်လုံးများမှာမူ တက်ကြွမှုများဖြင့် တောက်ပနေသည်။ ဤရက်များအတွင်း မှတ်တမ်းများကို သေချာလေ့လာခဲ့ပြီး တစ်စုံတစ်ရာ နားလည်သွားပုံရသည်။

"စီနီယာအစ်မကျိုး... အဆင်ပြေရဲ့လား" ဟု စုန့်ဝမ်က မေးလိုက်သည်။

"အကြီးအကဲဝူ... ကျွန်မ အဆင်ပြေပါတယ်။ စိတ်နည်းနည်း ပင်ပန်းသွားတာပါ။ နှစ်ရက်လောက် နားလိုက်ရင် ပုံမှန် ပြန်ဖြစ်သွားမှာပါ"

"တာဝန်ကရော ဘယ်လိုလဲ၊ ဘယ်တော့ ပြန်လို့ရမလဲ”

စုန့်ဝမ်က ဂိုဏ်းသို့ ပြန်ပြီး သွေးပေါက်ကွဲဆေးပြားကို ဆက်လုပ်ရန် စိတ်လောနေသည်။

ကျိုးစစ်ယိက ခေါင်းခါပြရင်း "ပြဿနာက မပြေလည်သေးဘူး။ လောလောဆယ်တော့ မပြန်နိုင်သေးဘူး ထင်တယ်" ဟု ဆိုသည်။ ထို့နောက် ကျိုးစစ်ယိသည် အနားယူ၊ အားပြန်ဖြည့်ရန် အခန်းတစ်ခုထဲသို့ ဝင်သွားသည်။

စုန့်ဝမ် အနည်းငယ် စိတ်ပျက်သွားသည်။ သူ ဤမွေးမြူရေးခြံတွင် ထပ်မနေချင်တော့ပေ။ သို့သော် ရောက်နေမှတော့ စိတ်အေးအေးထားရန်သာ ဆုံးဖြတ်လိုက်သည်။ လောလောဆယ် ပြန်မရသေးသဖြင့် စုန့်ဝမ်သည် အခန်းထဲတွင် တရားထိုင် ကျင့်ကြံနေလိုက်သည်။

…

အချိန်များ ကုန်လွန်သွားပြီး နှစ်ရက် ကြာသွားသည်။

နောက်တစ်နေ့ နေ့လယ်တွင် ပေတစ်ရာကျော် ရှည်လျားသော အလတ်စား သင်္ဘောပျံတစ်စင်းသည် မွေးမြူရေးခြံပေါ်သို့ ဆင်းသက်လာသည်။ သားရဲသခင်ဂိုဏ်းမှ ချီစုစည်းခြင်းအဆင့် တပည့် ၁၀ ဦးက မေ့မြောနေသော မိန်းမပျိုတစ်ဦးစီကို ပွေ့ချီရင်း ဆင်းလာကြသည်။ အမျိုးသမီးများကို သီးသန့် အဆောက်အအုံတစ်ခုထဲ ပို့ဆောင်ပြီးနောက် သင်္ဘောပျံပေါ်သို့ ပြန်သွားပြီး နောက်ထပ် အမျိုးသမီးများကို ထပ်မံ သယ်ဆောင်လာကြသည်။ ဤသို့ အသွားအပြန် အကြိမ်ပေါင်းများစွာ လုပ်ပြီးနောက် နောက်ဆုံးတွင် အမျိုးသမီး ၂၀၀ ကျော်ကို အဆောက်အအုံထဲသို့ ပို့ဆောင်ပြီးစီးသွားသည်။ ဤအမျိုးသမီးများတွင် တူညီသော လက္ခဏာတစ်ခု ရှိသည်။ သူတို့၏ ဝမ်းဗိုက်ဆီမှ ပြင်းထန်သော အသက်စွမ်းအားများ ထွက်ပေါ်နေသည်။ ကိုယ်ဝန်ဆောင်များ ဖြစ်ကြသည့်သဘောပင်။

ထိုအချိန်တွင် ကျိုးစစ်ယိသည် ဧည့်ခန်းထဲမှ ထွက်လာပြီး စုန့်ဝမ်၏ တံခါးကို ခေါက်လိုက်သည်။

"အကြီးအကဲဝူ... ရှိလား"

စုန့်ဝမ်က တံခါးဖွင့်ပြီး "စီနီယာအစ်မကျိုး... ဘာကိစ္စရှိလို့လဲ" ဟု မေးလိုက်သည်။

"ကျွန်မနဲ့ အကြီးအကဲလျိုတို့ ရေအောက် လျှို့ဝှက်ခန်းထဲမှာ တံခါးပိတ် ကျင့်ကြံတော့မယ်။ ဒီအချိန်အတွင်း အကြီးအကဲဝူက မွေးမြူရေးခြံရဲ့ လုံခြုံရေးကို စောင့်ရှောက်ပေးဖို့နဲ့ ရေအောက်လိုဏ်ဂူထဲ ဘယ်သူမှ မဝင်လာအောင် သတိထားပေးဖို့ တောင်းဆိုချင်ပါတယ်"

စုန့်ဝမ် မတတ်သာဘဲ ခေါင်းညိတ် သဘောတူလိုက်ရသည်။

နောက်ထပ် ဆယ့်ငါးရက်တိုင်တိုင် ကျိုးစစ်ယိနှင့် လျိုကျန်းတို့သည် ရေအောက်လိုဏ်ဂူထဲတွင်သာ နေကြပြီး အပြင်သို့ ထွက်မလာကြပေ။ နေ့တိုင်းလိုလို အမျိုးသမီး အမြောက်အမြားကို ရေအောက်ခန်းထဲသို့ ပို့ဆောင်နေကြသည်။ လူလိုနေသဖြင့် သားရဲသခင်ဂိုဏ်းမှ တပည့်များသည် နောက်ထပ် အမျိုးသမီးများကို ဖမ်းဆီးရန် အပြင်သို့ ထွက်သွားကြသည်။

ထိုညတွင် စုန့်ဝမ် ကျင့်ကြံနေစဉ် ရုတ်တရက် ထူးခြားမှုတစ်ခု အာရုံခံမိသဖြင့် မျက်လုံးဖွင့်လိုက်သည်။ သူ့ဝိညာဉ်အာရုံသည် ရေအိုင်အောက်ခြေမှနေ၍ ရေအောက်လိုဏ်ဂူဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာနေသော အော်ရာတစ်ခုကို ထောက်လှမ်းမိလိုက်သည်။ ချဥ်းကပ်လာသူမှာ အော်ရာကို ဖုံးကွယ်ထားသော်လည်း ၎င်း၏ လျင်မြန်သော လှုပ်ရှားမှုကြောင့် ရေထဲတွင် လှိုင်းထလာရာမှ စုန့်ဝမ် ရိပ်စားမိခဲ့ခြင်း ဖြစ်သည်။

မျက်တောင်တစ်ခတ်အတွင်း စုန့်ဝမ်သည် အခန်းထဲမှ ပျောက်ကွယ်သွားပြီး ရေမျက်နှာပြင်ပေါ်တွင် ပေါ်လာပြီး အဆင့်နိမ့်ဓားပျံဖြင့် ရေအောက်မှ လျှို့ဝှက်ဆန်းကြယ်သော အော်ရာပိုင်ရှင်ဆီသို့ ပစ်လွှတ်လိုက်သည်။ တိုက်ခိုက်မှု ပြုလိုက်သော်လည်း အချိန်မရွေး ဆုတ်ခွာနိုင်ရန် အဆင်သင့် ပြင်ထားသည်။ ယခုအချိန်အထိ ရေထဲမှ လျှို့ဝှက်ဆန်းကြယ်သူ၏ စွမ်းအားကို အတိအကျ မခန့်မှန်းနိုင်သေးပေ။ ယခုလို တိုက်ခိုက်ရခြင်းမှာ သားရဲသခင်ဂိုဏ်း၏ အကြီးအကဲတစ်ဦးအနေဖြင့် ပြင်ပအန္တရာယ်ကို မဖြစ်မနေ ရင်ဆိုင်ပြရမည် ဖြစ်သောကြောင့်သာ လှုပ်ရှားလိုက်ရခြင်း ဖြစ်သည်။

ဓားပျံသည် ဝိညာဉ်မြွေတစ်ကောင်ကဲ့သို့ ပစ်မှတ်ဆီသို့ လျင်မြန်စွာ ချဉ်းကပ်သွားသည်။ ထိုသူနှင့် ပေအနည်းငယ်အကွာသို့ ရောက်သောအခါ ရေပြင်သည် ရုတ်တရက် ပြင်းထန်စွာ လှုပ်ခတ်လာပြီး ဓားပျံကို ရိုက်ခတ်ကာ ၎င်း၏အရှိန်ကို သိသိသာသာ လျော့နည်းသွားစေသည်။

တိုက်ပွဲကြောင့် ဖြစ်ပေါ်လာသော ဝိညာဉ်စွမ်းအင် လှုပ်ခတ်မှုများသည် မွေးမြူရေးခြံရှိ သားရဲသခင်ဂိုဏ်း အစောင့်များကို ချက်ချင်း ဆွဲဆောင်လိုက်သည်။ ဟယ်စူးသည် ချီစုစည်းခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူ ၁၀ ဦးကျော်နှင့်အတူ ချဉ်းကပ်လာသည်။

"အကြီးအကဲဝူ... ဘာဖြစ်တာလဲ"

သူတို့သည် စိတ်စွမ်းအားကို ဝိညာဉ်အာရုံအဖြစ် မပြောင်းလဲနိုင်သေးသဖြင့် ရေအောက်မှ လျှို့ဝှက်သူကို မထောက်လှမ်းနိုင်ကြပေ။

"ရေထဲမှာ တစ်ယောက်ယောက်က ရေအောက်လိုဏ်ဂူဆီ ချဉ်းကပ်ဖို့ ကြိုးစားနေတယ်"

စကားပြောနေရင်း စုန့်ဝမ်သည် သူ၏ လှုပ်ရှားမှုများကို မရပ်တန့်ဘဲ ဓားပျံကို ထိုသူအား ပိုင်းဖြတ်ရန် ဆက်လက် ထိန်းချုပ်နေသည်။

မကြာမီ ရေအိုင်ထဲမှ ရေများ နောက်ကျိလာပြီး ရေစည်ပိုင်းခန့် ထူသော ရေလုံးကြီးတစ်ခု ရေမျက်နှာပြင်မှ ပေါက်ကွဲထွက်လာကာ စုန့်ဝမ်ဆီသို့ ပျံတက်လာသည်။

"ဆုတ်ကြ"

စုန့်ဝမ်သည် ကျယ်လောင်စွာ အော်ဟစ်ကာ သူကိုယ်တိုင်ပါ အနောက်သို့ အမြန်ဆုတ်လိုက်သည်။

ဟယ်စူးနှင့် အခြားသူများသည် ဘေးကင်းရာသို့ အမြန်ဆုတ်လိုက်ကြသည်။ သူတို့၏ မြန်နှုန်းမှာ စုန့်ဝမ်ကို မမီသော်လည်း ရေတိုင်၏ ရိုက်ခတ်မှုကို မခံရပေ။ ရေများ ပြန်ကျသွားပြီးနောက် ကြီးမားသော ပုံရိပ်တစ်ခု ရေပြင်ပေါ် ပေါ်လာသည်။

ထိုပုံရိပ်မှာ ပေ ၂၀ ကျော်ရှည်သော မြွေလူသား တစ်ကောင် ဖြစ်သည်။ ၎င်း၏ ကိုယ်အထက်ပိုင်းမှာ သန်မာသော အမျိုးသားတစ်ဦး ဖြစ်ပြီး၊ မျက်လုံးများမှာ စုန့်ဝမ်ကို စိုက်ကြည့်ရင်း အေးစက်သော အလင်းရောင်များ ထွက်ပေါ်နေသည်။ ရေအောက်လိုဏ်ဂူသို့ မသွားနိုင်စေရန် တားဆီးနေသော စုန့်ဝမ်ကို ဒေါသထွက်နေပုံရသည်။ ထိုမြွေလူသား၏ ခွန်အားမှာ အခြေတည် အလယ်အလတ်အဆင့်ခန့် ရှိနိုင်ကြောင်း စုန့်ဝမ် ရိပ်စားမိလိုက်သည်။

ထိုမြွေလူသားက လက်ကို ဝေ့ယမ်းလိုက်ရာ တန်ချိန်များစွာရှိသော ရေထုကြီး လေထဲ ပျံတက်လာပြီး ထက်မြက်သော ရေမြှားများစွာအဖြစ် ပြောင်းလဲကာ စုန့်ဝမ်တို့အဖွဲ့ဆီ ပြေးဝင်လာသည်။

"နောက်ဆုတ်ကြ" ဟု စုန့်ဝမ် သတိပေးရင်း ဓားပျံဖြင့် ယပ်တောင်ပုံစံ ဓားအလင်းတန်းများ ဖန်တီးပြီး ရေမြှားများကို ရိုက်ခွဲပစ်လိုက်သည်။ ဟယ်စူးနှင့် အခြားသူများသည် ထိုအခွင့်အရေးကို အသုံးချကာ ထွက်ပြေးကြတော့သည်။

များပြားလွန်းလှသော ရေမြှားများ၏ တိုက်ခိုက်မှုအောက်တွင် ဓားပျံ၏ စွမ်းအင်မှာ လျင်မြန်စွာ အားနည်းလာသည်။ နောက်ဆုံးတွင် ဓားပျံသည် ရေမြှားများ၏ ရိုက်ခတ်မှုကို မခံနိုင်တော့ဘဲ အလင်းမှိန်သွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ရေမြှားအချို့သည် စုန့်ဝမ်၏ ဝိညာဉ်စွမ်းအင် အကာအရံကို ဖောက်ထွက်ပြီး သူ့ခန္ဓာကိုယ်ကို ထိမှန်သွားသည်။

"ဖူး”

စုန့်ဝမ်သည် ရုတ်တရက် သွေးတစ်လုပ် ထွေးထုတ်လိုက်ပြီး သူ့အော်ရာမှာ လျင်မြန်စွာ လျော့နည်းသွားကာ ပြင်းထန်စွာ ဒဏ်ရာရသွားသည့်ပုံစံ ပေါက်သွားသည်။ စုန့်ဝမ်က ဒဏ်ရာရမည့်အချိန်ကို ကွက်တိ ချိန်ကိုက်ထားခြင်း ဖြစ်သည်။

ထိုအချိန်တွင် ရေမြှားများလည်း စွမ်းအား ကုန်ဆုံးသွားပြီး ပျက်ပြယ်သွားသည်။ ထိုအခွင့်အရေးကို အသုံးချကာ စုန့်ဝမ်သည် ဟယ်စူးတို့အနားသို့ အမြန်ဆုတ်ခွာသွားသည်။

"အကြီးအကဲဝူ... အဆင်ပြေရဲ့လား” ဟု ဟယ်စူးက စိုးရိမ်တကြီး မေးသည်။

စုန့်ဝမ်က လက်ကာပြကာ စိုးရိမ်ပူပန်သော မျက်နှာဖြင့် ပြန်ဖြေသည်။

"ဒဏ်ရာက သိပ်မပြင်းထန်ပါဘူး။ ဒါပေမဲ့ ဒီသားရဲက ပတ်ဝန်းကျင် အားသာချက်ရှိနေတယ်၊ ရေအိုင်ဘေးမှာဆိုရင် ငါ သူနဲ့ မယှဉ်နိုင်ဘူး။ ရေအောက်လိုဏ်ဂူထဲ ဝင်သွားတာကို မတားနိုင်မှာ စိုးရိမ်ရတယ်"

စုန့်ဝမ်၏ ဒဏ်ရာနှင့် ပြန်မတိုက်နိုင်ခြင်းမှာ ဟန်ဆောင်နေခြင်းသာ ဖြစ်သည်။ အခြေတည် ကနဦးအဆင့် ကျင့်ကြံသူတစ်ဦး၊ ၎င်းပြင် သားရဲသခင်ဂိုဏ်းသို့ အသစ်ဝင်လာသော လေလွင့်ကျင့်ကြံသူတစ်ဦးအနေဖြင့် ရေထဲတွင် အလယ်အလတ်အဆင့် ရေဓာတ်သားရဲတစ်ကောင်ကို မယှဉ်နိုင်ခြင်းမှာ သဘာဝကျလှသည်။

ဟယ်စူး၏ မျက်နှာတွင် စိုးရိမ်မှုများ ပြည့်နှက်နေသည်။

"ဒါဆို ဘာလုပ်ကြမလဲ၊ အကြီးအကဲလျိုနဲ့ အကြီးအကဲကျိုးတို့က အရေးကြီးတဲ့ စမ်းသပ်မှု လုပ်နေတာဆိုတော့ အနှောင့်အယှက် ပေးလို့မရဘူး။ အကြီးအကဲဝူ... နည်းလမ်းတစ်ခုခု စဉ်းစားပါဦး"

သူက စကားပြောရင်း စုန့်ဝမ်ကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေသည်။ စုန့်ဝမ်အား ရှေ့ထွက်ပြီး မြွေလူသားကို တားစေချင်နေသည်မှာ ရှင်းလှသည်။

………

All Chapters