ပြင်းထန်သောတိုက်ပွဲ
Vol. 17 Ch. 184
စုန့်ဝမ်သည် ဟယ်စူးကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်။ သူ့ကို ကယ်ခဲ့သည်မှ မထောက်၊ သူ့ကို မြွေလူသားနှင့် ထပ်မံ ရင်ဆိုင်ခိုင်းနေပြန်သည်။ တကယ်ပါပဲ ... လူတွေရဲ့ လောဘက အဆုံးမရှိဘူး။
မြွေလူသား၏ ဒေါင်လိုက်မျက်လုံးအိမ်များသည် အဝေးမှ လူအုပ်ကို စိုက်ကြည့်နေသဖြင့် ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူများမှာ ကြောက်လန့်တုန်လှုပ်နေကြသည်။
ခဏမျှ စိုက်ကြည့်ပြီးနောက် မြွေလူသားသည် ရေထဲ ပြန်ငုပ်ကာ ရေအောက်လိုဏ်ဂူဆီသို့ ကူးခတ်သွားသည်။ မြွေလူသား ရေအောက်လျှို့ဝှက်ခန်း အဝင်ဝနှင့် ပေအနည်းငယ်အကွာသို့ ရောက်သောအခါ အဝင်ဝမှ ပိုက်ကွန်တစ်ခု ရုတ်တရက် ပစ်လွှင့်လာသည်။ ဤပိုက်ကွန်၏ အရှိန်မှာ အံ့သြစရာကောင်းလှပြီး ခဏအတွင်းမှာပင် ဧရာမ ပိုက်ကွန်ကြီးအဖြစ် ပြန့်ကားသွားသည်။
ပိုက်ကွန်ကြီး ချဉ်းကပ်လာသည်ကို မြင်သောအခါ မြွေလူသား၏ အေးစက်သော မျက်လုံးများထဲတွင် လူသားကဲ့သို့ ကြောက်ရွံ့တုန်လှုပ်မှုများ ပေါ်လာသည်။ ၎င်းသည် အမြီးကို ပြင်းထန်စွာ ခါယမ်းကာ ပိုက်ကွန်နှင့် လွတ်အောင် ရေအိုင်အောက်ခြေသို့ ငုပ်လျှိုးသွားသည်။
သို့သော် ဧရာမ ပိုက်ကွန်ကြီးမှာ ကိုယ်ပိုင်အသိရှိသကဲ့သို့ ရေထဲတွင် လျင်မြန်စွာ ရွေ့လျားကာ လျှပ်စီးကဲ့သို့ နောက်မှကပ်ပါလာသည်။ မကြာမီမှာပင် ထွက်ပြေးစရာ လမ်းမရှိတော့ဘဲ မြွေလူသားသည် ပိုက်ကွန်ကြီးအတွင်း အဖမ်းခံလိုက်ရသည်။
"ဟားဟားဟား..."
ကျယ်လောင်သည့် ရယ်သံတစ်ခု ပဲ့တင်ထပ်လာသည်။
"သားရဲ... မင်း ငါ့အကွက်ထဲ တကယ် ဝင်လာတာပဲ"
လျိုကျန်း၏ အသံမှာ အလွန်တရာ ဝမ်းသာနေကြောင်း ပေါ်လွင်လှသည်။
လျိုကျန်းနှင့် ကျိုးစစ်ယိတို့သည် ရေအောက်လိုဏ်ဂူထဲမှ ပျံထွက်လာကြပြီး လေထဲတွင် ရပ်တန့်နေကြသည်။ လျိုကျန်းက မန္တန်လက်ကွက်များကို ဆက်တိုက် ဖော်လိုက်ရာ ပိုက်ကွန်ကြီးမှာ လျင်မြန်စွာ ကျုံ့သွားပြီး မြွေလူသားကို တင်းကျပ်စွာ ပတ်ထားလိုက်သည်။
မြွေလူသားသည် ရုန်းကန်ပြီး ပိုက်ကွန်အပြင်သို့ ထွက်ရန် ကြိုးစားနေသဖြင့် ရေကန်တစ်ခုလုံး ဝုန်းဒိုင်းကြဲနေသော်လည်း အချည်းနှီးသာ ဖြစ်သည်။ ပိုက်ကွန်မှာ ပို၍သာ တင်းကျပ်လာပြီး နောက်ဆုံးတွင် မြွေလူသားကို လုံးဝ မလှုပ်နိုင်အောင် ချုပ်နှောင်ထားလိုက်သည်။
"အကြီးအကဲကျိုး... မြန်မြန်လုပ်၊ ဒီပိုက်ကွန်က အဆင့်မြင့် ဝိညာဉ်ပိုးချည်နဲ့ လုပ်ထားတာ၊ ငါ အကြာကြီး မထိန်းထားနိုင်ဘူး" ဟု လျိုကျန်းက တိုက်တွန်းသည်။
ကျိုးစစ်ယိက လက်ကို မြှောက်လိုက်ရာ အစီအရင်အလံ ၄ ခု ပျံထွက်သွားပြီး မြွေလူသား၏ ဘေးပတ်ပတ်လည်တွင် ကျရောက်သွားသည်။ ထို့နောက် အစီအရင်တံဆိပ်တစ်ခုကို ထုတ်ကာ အစီအရင်ကို အသက်သွင်းလိုက်သည်။
အလံလေးခုလုံးမှ အစိမ်းရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး သန်မာသော နွယ်ပင်ကြီးများအဖြစ် ပြောင်းလဲသွားကာ မြွေလူသား၏ ကိုယ်ပေါ်သို့ လျင်မြန်စွာ ရစ်ပတ်ကာ ဝိညာဉ်ပိုက်ကွန်နှင့်အတူ တင်းကျပ်စွာ ချည်နှောင်လိုက်သည်။
မြွေလူသား အစီအရင်ထဲတွင် လုံးဝ ပိတ်မိသွားသည်ကို မြင်သောအခါ ကျိုးစစ်ယိနှင့် လျိုကျန်းတို့ အလွန်တရာ ဝမ်းသာသွားသဖြင့် ထိုမြွေလူသား မည်မျှအရေးပါကြောင်း မြင်သာသည်။
"အကြီးအကဲကျိုးက တကယ်ကို ပါးနပ်တာပဲ၊ ဒီသားရဲ ထွက်လာအောင် ပရိယာယ်လေး သုံးလိုက်တာ။ ဒီသားရဲက သူ့အော်ရာကို ဖုံးကွယ်တဲ့နေရာမှာ အရမ်းတော်တယ်၊ ရေအိုင်အောက်ခြေမှာ နေနေတာဆိုတော့ သူ့ကို ရှာဖို့ ခက်နေတာ။ ဆေးတောင်ထိပ်က တောင်ထိပ်သခင်တောင် သူ့ကို ရှာမတွေ့ခဲ့ဘူး" ဟု လျိုကျန်းက မှတ်ချက်ပေး ချီးကျူးလိုက်သည်။
"အကြီးအကဲလျို... ကျွန်မကို အဲဒီလောက် မြှောက်ပင့်မနေပါနဲ့၊ ကျွန်မက..."
ကျိုးစစ်ယိ စကားမဆုံးခင်မှာပင် ကြည်လင်သာယာသော ခေါင်းလောင်းသံများ ဆက်တိုက် ထွက်ပေါ်လာသည်။
ကျိုးစစ်ယီသည် သူမရှေ့ရှိ ဟင်းလင်းပြင်ကြီး တစ်ခုလုံး တွန့်လိမ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ အရာအားလုံးမှာ ပြင်းထန်သော စွမ်းအားတစ်ခုကြောင့် တွန့်လိမ်သွားပြီး ကမ္ဘာကြီးမှာ ချာချာလည်ကာ ခေါင်းတစ်ခုလုံး မူးဝေနောက်ကျိသွားသည်။
လျိုကျန်းသည်လည်း ခေါင်းလောင်းသံကို ကြားရသော်လည်း ဘာမှမဖြစ်ပေ၊ ထိုအသံသည် ကျိုးစစ်ယိကိုသာ ပစ်မှတ်ထားခြင်း ဖြစ်သည်။
အသံလှိုင်း တိုက်ခိုက်မှု၊
လျိုကျန်း၏ အကြည့်မှာ အေးစက်သွားပြီး ခေါင်းလောင်းသံ ထွက်ပေါ်ရာဘက်သို့ ကြည့်လိုက်သည်။
ပေ ၂၀၀၀ ခန့်အကွာရှိ သစ်ပင်ထိပ်ဖျားပေါ်တွင် ငြိမ်သက်စွာ ရပ်နေသော ပုံရိပ်နှစ်ခုကို လျိုကျန်း မြင်လိုက်ရသည်။ သူတို့က အနက်ရောင်ဝတ်ရုံများကို ဝတ်ဆင်ထားပြီး မျက်နှာဖုံးကိုယ်စီ တပ်ဆင်ထားသဖြင့် မည်သူမည်ဝါမှန်း မသိနိုင်၊ သို့သော် ကိုယ်ဟန်အနေအထားအရ အမျိုးသမီးကျင့်ကြံသူများ ဖြစ်ကြောင်း သိသာလှသည်။ သူတို့ထဲမှ တစ်ဦးက လက်ထဲတွင် သေးငယ်ပြီး လက်ရာမြောက်သည့် ခေါင်းလောင်းလေးတစ်ခု ကိုင်ဆောင် လှုပ်ခါနေသည်။ ခေါင်းလောင်းမှာ လက်ဖဝါးခန့်သာ ရှိသော်လည်း အသံမှာ အဝေးသို့ပင် ပဲ့တင်ထပ်နေသဖြင့် အဆင့်မြင့်ဝိညာဥ်လက်နက် ဖြစ်ကြောင်း သိသာလှသည်။
မြွေလူသားကို အောင်အောင်မြင်မြင် ဖမ်းဆီးနိုင်မည့်အချိန်၊ အစီအစဉ်ကို ဖျက်ဆီးရန် ရောက်လာခြင်းက လျိုကျန်း၏ ဒေါသကို မီးမွှေးလိုက်ခြင်း ဖြစ်သည်။ အတွေးတစ်ချက်နှင့်အတူ ဓားပျံတစ်စင်း ရုတ်တရက် ပေါ်လာပြီး ဝတ်စုံနက် နှစ်ဦးထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။
ချက်ချင်းဆိုသလို ဝတ်စုံနက် တစ်ဦး၏ ရှေ့တွင် နှင်းပွင့်ကဲ့သို့ ဖြူဖွေးနေသော ဓားပျံတစ်စင်း ပေါ်လာပြီး၊ အရှိန်ပြင်းစွာဖြင့် လျိုကျန်း၏ ဓားပျံကို ပိုင်းဖြတ် တိုက်ခိုက်လိုက်သည်။
နှစ်ဦးစလုံး ဓားပျံများကို အသုံးပြုနေကြခြင်း ဖြစ်သော်လည်း နှင်းဖြူရောင် ဓားမှာ ဓားကိုယ်ထည်၏ တောက်ပမှုဖြစ်စေ၊ ဓားချီ၏ ထက်မြက်မှုဖြစ်စေ လျိုကျန်း၏ ဓားထက် များစွာ သာလွန်နေပေသည်။
“ဂျိမ်း”
ဓားပျံ နှစ်စင်းသည် လေထဲတွင် တိုက်မိကြပြီး နားကွဲလုမတတ် အသံကြီး ထွက်ပေါ်လာသည်။ လျိုကျန်း၏ ဓားပျံမှာ လွင့်ထွက်သွားခဲ့ရသည်။
လျိုကျန်း ရုန်းကန်နေရစဉ်မှာပင် ကျိုးစစ်ယိ၏ အခြေအနေမှာ ပိုမိုဆိုးရွားလာသည်။ ခေါင်းလောင်းသံမှာ ပို၍ မြန်ဆန်လာပြီး ကျိုးစစ်ယိ၏ မူးဝေမှုမှာ ပိုမို ပြင်းထန်လာရာ ဟန်ချက်ကို ထိန်းသိမ်းရန် မဖြစ်နိုင်သလောက် ဖြစ်လာပြီး အချိန်မရွေး လဲပြိုကျတော့မည့်အတိုင်း ဖြစ်နေသည်။
ကျိုးးစ်ယိသည် အံတင်းတင်းကြိတ်ကာ လက်ကို မြှောက်ပြီး ခါးရှိ အနက်ရောင် အိတ်ကလေးကို ပုတ်လိုက်သည်။
"ဂီး..."
ထက်မြက်ပြီး နားထဲ စူးဝင်သွားသော အော်ဟစ်သံတစ်ခု လေထဲတွင် ပဲ့တင်ထပ်သွားပြီးနောက် ဧရာမ လင်းယုန်ကြီးတစ်ကောင် ရုတ်တရက် ပေါ်လာသည်။ လင်းယုန်၏ အမွှေးအတောင်များမှာ နက်မှောင်နေပြီး နှုတ်သီးမှာ သံမဏိကဲ့သို့ မာကျောကာ အလင်းရောင်များ တဖျပ်ဖျပ် တောက်ပနေသည်။
လင်းယုန်သည် ပေ ၂၀ ကျော် ရှည်လျားသော ၎င်း၏ အတောင်ပံကြီးများကို ဖြန့်လိုက်ပြီး ကောင်းကင်ယံကို အနက်ရောင် လျှပ်စီးတန်းတစ်ခုကဲ့သို့ ဖြတ်သန်းသွားပြီး ပြင်းထန်သော လေပြင်းများနှင့်အတူ ၎င်းသည် ဝတ်စုံနက်နှစ်ဦးထံသို့ ထိုးဆင်း တိုက်ခိုက်တော့သည်။
နှင်းဖြူရောင် ဓားပျံသည် စူးရှသော အဖြူရောင် အလင်းတန်းတစ်ခုကဲ့သို့ ညအမှောင်ကို ခွင်းကာ လင်းယုန်ကြီးဆီသို့ တိုက်ရိုက် ဦးတည် ပိုင်းဖြတ်လိုက်သည်။ လင်းယုန်သည် အတောင်ပံများကို ခတ်လိုက်ပြီး ထက်မြက်သော အဖြူရောင်ဓားကို မရှောင်တိမ်းဘဲ၊ တောင်ကြီးတစ်လုံး ပြိုကျလာသကဲ့သို့ ဓားရှိရာသို့ တိုက်ရိုက် တိုးဝင်သွားသည်။
ထိပ်တိုက်တွေ့သည်နှင့် လင်းယုန်၏ ထက်မြက်သော နှုတ်သီးဖြင့် အဖြူရောင် ဓားပျံထံသို့ ထိုးဆိတ်လိုက်သည်။
"ဂလောင်"
ကျယ်လောင်သည့် ထိခတ်သံ ထွက်ပေါ်လာပြီး နှင်းဖြူရောင် ဓားပျံမှာ အနောက်သို့ လွင့်စင်သွားခဲ့ရသည်။ လင်းယုန်မှာမူ ပြင်းထန်သော ဒဏ်ရာ မရရှိခဲ့ပေ။ ၎င်းသည် ဓား၏ ရိုက်ခတ်မှုကြောင့် အနည်းငယ် မူးဝေသွားပြီး အရှိန် အနည်းငယ် လျော့သွားရုံသာ ရှိသည်။
ဦးခေါင်းကို ခါယမ်းကာ မူးဝေမှုကို ဖျောက်လိုက်ပြီးနောက် လင်းယုန်သည် အတောင်ပံများကို ထပ်မံခတ်ကာ ဝတ်စုံနှစ်ဦးအပေါ် ဆက်လက် တိုက်ခိုက်လာသည်။
"ဒီလင်းယုန်က ဒုတိယအဆင့် နှောင်းပိုင်း ဝိညာဉ်သားရဲပဲ၊ အရမ်း အစွမ်းထက်တယ်၊ ငါ အကြာကြီး တောင့်ခံထားနိုင်မှာ မဟုတ်ဘူး" ဟု ဓားကိုင်ထားသည့် ဝတ်စုံနက်က သူ့အဖော်ကို သတိပေးလိုက်သည်။
"ခဏလောက် တောင့်ထားဦး၊ ရေထဲက သားရဲက မကြာခင် လွတ်လာတော့မှာပါ" ဟု ခေါင်းလောင်းကို ကိုင်ထားသည့် ဝတ်စုံနက်က ဆိုသည်။ စကားပြောနေရင်း ခေါင်းလောင်းကို ပို၍ လျင်မြန်စွာ လှုပ်ခါလိုက်သည်။
"အား..."
ကျိုးစစ်ယိသည် ရုတ်တရက် နာကျင်စွာ အော်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်မှာ လေပေါ်မှ အရုပ်ကြိုးပြတ် ပြုတ်ကျသွားပြီး အောက်ရှိ ရေအိုင်ထဲသို့ ကျသွားတော့သည်။
ကျိုးစစ်ယိ၏ ထိန်းချုပ်မှု မရှိတော့သဖြင့် အစီအရင်၏ စွမ်းအားမှာ သိသိသာသာ လျော့နည်းသွားသည်။ ထိုအခိုက်အတံကို မြွေလူသားက အခွင့်ကောင်းယူပြီး အကြိမ်အနည်းငယ် ရုန်းကန်လိုက်ရာ နွယ်ပင်လေးခုမှာ တစ်ခုပြီးတစ်ခု ပြတ်တောက်သွားသည်။ နွယ်ပင်များမှ လွတ်မြောက်သွားသော်လည်း ဝိညာဉ်ပိုက်ကွန်မှာ ဆက်လက် ချည်နှောင်ထားဆဲ ဖြစ်သဖြင့် လောလောဆယ်တွင် ထွက်ပြေး၍ မရသေးပေ။
ကျိုးစစ်ယိသည် တိုက်ခိုက်နိုင်စွမ်း ခေတ္တ ဆုံးရှုံးသွားပြီး မြွေလူသားမှာလည်း အစီအရင်မှ လွတ်မြောက်သွားသည်ကို မြင်သောအခါ လျိုကျန်း၏ မျက်နှာတွင် စိုးရိမ်မှုများ ပြည့်နှက်လာသည်။ သူသည် မြွေလူသား၏ ကိုယ်ပေါ်ရှိ ဝိညာဉ်ပိုက်ကွန်ကို ပို၍ တင်းကျပ်ရန် အလျင်အမြန် စေခိုင်းလိုက်သည်။
မြွေလူသားကလည်း ၎င်းအတွက် ထွက်ပြေးရန် နောက်ဆုံးအခွင့်အရေး ဖြစ်ကြောင်း သိသဖြင့် အသည်းအသန် ရုန်းကန်တော့သည်။ အမျိုးအမည်မသိ ပစ္စည်းတစ်ခုဖြင့် ပြုလုပ်ထားသော ထိုပိုက်ကွန်မှာ ထူးခြားစွာ ကြံ့ခိုင်လှသည်။ လျိုကျန်း၏ စေခိုင်းမှုအောက်တွင် ပိုက်ကွန်မှာ ပို၍ တင်းကြပ်လာပြီး မြွေလူသားကလည်း ပြင်းထန်စွာ ရုန်းကန်နေသဖြင့် ပိုက်ကွန်မှာ ၎င်း၏ မာကျောသော အကြေးခွံများထဲသို့ ပိုင်းဖြတ်ဝင်သွားရာ သွေးများထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ ရေများကို ချက်ချင်းပင် နီရဲသွားစေသည်။
အရေးကြီးချိန်တွင် ရုတ်တရက် လျိုကျန်း၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါသွားသည်။ ခေါင်းလောင်း၏ အသံလှိုင်းများက သူ့ကို တိုက်ခိုက်လာခြင်း ဖြစ်သည်။ ပြင်းထန်သော မူးဝေမှုကြောင့် ပိုက်ကွန်အပေါ် ထိန်းချုပ်မှု သိသိသာသာ အားနည်းသွားပြီး မြွေလူသားက အသည်းအသန် ရုန်းကန်လိုက်သောအခါ ပိုက်ကွန်မှာ စတင် လျော့ရဲလာသည်။ ထိုအခွင့်အရေးကို အသုံးချကာ မြွေလူသားသည် အားကုန်ထုတ် ရုန်းကန်ရင်း ပိုက်ကွန်မှ လွတ်မြောက်သွားသည်။
လွတ်မြောက်သွားသည်နှင့် ရေထဲသို့ ကျသွားသော ကျိုးစစ်ယိကို တစ်ချက် ပြန်ကြည့်လိုက်ပြီးနောက် အမြီးကို ခါယမ်းကာ အပေါ်သို့ ကူးခတ်သွားသည်။ ထိုအချိန်မှာပင် ရေအိုင်ထဲမှ ရေများမှာ ပြင်းထန်စွာ လှုပ်ခတ်လာပြီး ရေအောက်လှိုင်းတစ်ခုသည် ကျိုးစစ်ယိဆီသို့ တိုးဝင်သွားသည်။
ကျိုးစစ်ယိမှာ အေးစက်လှသော ရေအိုင်ထဲသို့ နစ်မြုပ်သွားစဉ် အအေးဓာတ်က သူမကို လန့်နိုးသွားစေပြီး မူးဝေမှုကို အနည်းငယ် သက်သာသွားစေသည်။ သတိပြန်ဝင်လာချိန်မှာပင် သူမဆီသို့ ဦးတည်လာနေသော ရေဝဲကြီးကို မြင်လိုက်ရသည်။
ကျိုးစစ်ယိလည်း အလျင်အမြန်ပင် ဝိညာဉ်စွမ်းအားများကို စုစည်းကာ ဝိညာဉ်ဒိုင်းတစ်ခုကို ဖန်တီးရင်း ရေအိုင်၏ မျက်နှာပြင်ဆီသို့ အရှိန်ဖြင့် တက်လာခဲ့သည်။
သို့သော် ကျိုးစစ်ယိသည် ရေထဲတွင် ရေဓာတ်သားရဲ၏ လျင်မြန်မှုကို မယှဥ်နိုင်ပေ။ ရေဝဲကြီး၏ ဝါးမြိုမှုကို ခံရတော့မည့် အခြေအနေသို့ ဆိုက်ရောက်သွားသည်။
ထိုအချိန်တွင် ဓားပျံတစ်စင်း ရေထဲသို့ ရုတ်တရက် ဝင်ရောက်လာပြီး ဝုန်းဒိုင်းကြဲနေသော ရေဝဲထဲသို့ တိုက်ရိုက် တိုးဝင်သွားသည်။ ရေဝဲကြီးမှာ ထိုဓားကြောင့် နှစ်ခြမ်း ကွဲသွားခဲ့ပြီး ကျိုးစစ်ယိအတွက် ရေမျက်နှာပြင်ပေါ်သို့ ရောက်ရှိရန် အချိန်ရသွားစေခဲ့သည်။ လွတ်မြောက်သွားပြီး အသက်ပင် ဝအောင်မရှူရသေး၊ ရှည်လျားသော မြွေအမြီးကြီးတစ်ခုသည် ကြာပွတ်ရှည်ကြီးတစ်ခုကဲ့သို့ ရေထဲမှ ထွက်ပေါ်လာပြီး သူမဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်ပြန်သည်။
ကျိုးစစ်ယိ မလှုပ်ရှားနိုင်သေးဘဲ အရိုက်ခံရလုဆဲဆဲ ရေဝဲကို ဖြိုခွဲခဲ့သော ဓားပျံသည် နောက်တစ်ကြိမ် ရောက်လာပြီး မြွေအမြီးကို ပိုင်းဖြတ်လိုက်သည်။
“ချွမ်း ..”
ပြင်းထန်သော ထိတွေ့မှုကြောင့် ဓားပျံသည် ထိုအားကို မခံနိုင်တော့ဘဲ လေထဲသို့ လွင့်စင်သွားသည်။
မြွေအမြီးတွင်လည်း အရိုးပေါ်သည်အထိ နက်ရှိုင်းသော ဒဏ်ရာကြီးတစ်ခု ဖြစ်ပေါ်သွားသည်။ သို့သော် ပြင်းထန်သော ဒဏ်ရာ ရထားသော်လည်း မြွေအမြီး၏ အရှိန်မှာ အနည်းငယ်သာ လျော့ကျသွားပြီး ကျိုးစစ်ယိကို ဆက်လက် ရိုက်ချလိုက်သည်။
"ဗုန်း”
ကျိုးစစ်ယိသည် မြွေအမြီးဖြင့် ပြင်းထန်စွာ ရိုက်နှက်ခံလိုက်ရပြီး ထိုရိုက်ချက်ကြောင့် ကောင်းကင်ယံသို့ လွင့်ထွက်သွားသည်။ သွေးများ အန်ထွက်လာပြီး ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။
မြွေလူသားသည် ရေထဲမှ ဝုန်းခနဲ ထွက်လာပြီး အငြိုးကြီးစွာဖြင့် ကျိုးစစ်ယီကို အဆုံးသတ်ရန် အမြီးဖြင့် လှည့်ပတ် ရိုက်ချလိုက်ပြန်သည်။
"ဂီး..."
အရေးကြီးသော အချိန်တွင် အနက်ရောင်လင်းယန်သည် ဝတ်စုံနက်များကို ဆက်လက် မတိုက်ခိုက်တော့ဘဲ၊ ပြန်ဆုတ်လာပြီး မြွေလူသားကို တိုက်ခိုက်လိုက်သည်။ လင်းယုန်က ဓားသွားကဲ့သို့ ထက်မြသော လက်သည်းများဖြင့် မြွေအမြီးကို ဆွဲကုတ်လိုက်သည်။
လင်းယုန်ကို မြင်သောအခါ မြွေလူသားသည် သဘာဝရန်သူနှင့် တွေ့လိုက်ရသကဲ့သို့ တုံ့ပြန်လိုက်ပြီး ဗီဇအသိအရ ကြောက်ရွံ့မှုကို ခံစားလိုက်ရသဖြင့် လမ်းကြောင်းကို ချက်ချင်းပြောင်းလဲကာ ရေမျက်နှာပြင်ထဲသို့ ဒိုင်ဗင်ထိုး ငုပ်လျှိုးသွားသည်။ သို့သော်လည်း လင်းယုန်၏ ခြေသည်းများမှာ မြွေအမြီးပေါ်တွင် နက်ရှိုင်းပြီး ရှည်လျားသော ဒဏ်ရာများကို ချန်ထားခဲ့သည်။
မြွေလူသားသည် ရေအိုင်ထဲသို့ ရောက်သည်နှင့်ရေအိုင်၏ အနက်ရှိုင်းဆုံးနေရာသို့ လျင်မြန်စွာ ငုပ်လျှိုးဝင်ရောက်ပြီး ပျောက်ကွယ်သွားတော့သည်။
ဝတ်စုံနက်နှစ်ဦးသည်လည်း မြွေလူသား လွတ်မြောက်သွားသည်ကို မြင်သောအခါ သူတို့၏ ဝိညာဉ်လက်နက်များကို ပြန်သိမ်းပြီး သူတို့နောက်ဘက်ရှိ တောအုပ်ထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားကြသည်။
ဝတ်စုံနက်များ ထွက်ခွာသွားသည်နှင့် ခေါင်းလောင်း၏ အသံလှိုင်း တိုက်ခိုက်မှုများလည်း ရပ်တန့်သွားရာ လျိုကျန်းသည် မူးဝေရောမှ တဖြည်းဖြည်း ပြန်လည် နာလန်ထူလာသည်။ အမူးပြေချိန် မြွေလူသား အစအနမကျန် ပျောက်ကွယ်သွားပြီဖြစ်ကြောင်း သိရှိသွားသောအခါ ဒေါသအကြီးအကျယ် ထွက်သွားသည်။
လင်းယုန်နက်သည် လေထဲတွင် ဝဲပျံကာ ဒဏ်ရာရထားသော ကျိုးစစ်ယိကို ဖမ်းယူလိုက်သည်။ မြွေလူသား၏ အားကုန်သုံး တိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့ရစဉ် သူမတွင် အလယ်အလတ်အဆင့် ဝိညာဉ်ချပ်ဝတ်ကို ဝတ်ဆင်မထားပါက အသက်ရှင်နိုင်မည် မဟုတ်ပေ။ ထိုသို့ ဝတ်ဆင်ထားသည့်တိုင် အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။
တစ်ဖက်တွင်လည်း စုန့်ဝမ်သည် မြွေလူသား ပျောက်ကွယ်သွားသည့် ရေမျက်နှာပြင်ကို စိုက်ကြည့်နေပြီး စိတ်ဝင်စားမှုကြောင့် မျက်လုံးများပင် အရောင် တောက်ပနေသည်။ မြွေလူသားကို ဓားပျံဖြင့် တိုက်ခိုက်ပြီး ကျိုးစစ်ယိကို ကယ်တင်ခဲ့သည့် တိုက်ခိုက်မှု နှစ်ခုမှာ သူ့လက်ချက်ပင် ဖြစ်သည်။ ယခုအခါတွင် သူသည် သားရဲသခင်ဂိုဏ်း၏ အခြေတည်အဆင့် အကြီးအကဲတစ်ဦး ဖြစ်နေသလို၊ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ ကျိုးစစ်ယိမှာ တောင်ထိပ်သခင်၏ သမီးဖြစ်နေခြင်းကြောင့် သူမ သေဆုံးသွားသည်ကို ဒီအတိုင်း လက်ပိုက်ကြည့်နေ၍ မရပေ။
စုန့်ဝမ်သည် ထိုမြွေလူသားနှင့် ပတ်သက်၍ ထူးဆန်းသော အချက်တစ်ခုကို သတိထားမိလိုက်သည်။ ၎င်းသည် ဝိညာဉ်ပိုက်ကွန်ကြောင့် ပြက်ရှဒဏ်ရာများ ရရှိခဲ့သော်လည်း၊ ပိုက်ကွန်မှ လွတ်မြောက်သွားပြီးနောက် ဒဏ်ရာပေါင်းများစွာမှာ ထူးဆန်းစွာပင် သွေးထွက်ရပ်သွားပြီး အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် ပြန်လည် ပျောက်ကွယ်သွားခြင်း ဖြစ်သည်။ ဤမြွေလူသား၏ ပြန်လည်ကုသနိုင်စွမ်းမှာ အံ့သြဖွယ်ကောင်းလှပြီး ဒုတိယအဆင့် သားရဲတစ်ကောင်တွင် ရှိသင့်သည်ထက် များစွာ သာလွန်နေသည်။
ဤအချက်ကို ကျောက်စိမ်းမြွေ၏ ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်နိုင်စွမ်းရှိသော ဗီဇနှင့် ဆက်စပ်ကြည့်လျှင် အခြေအနေကို တစ်နည်းတစ်ဖုံ ရှင်းပြနိုင်ပေသည်။ သို့သော်လည်း ဤမြွေလူသား၏ ပြန်လည်ကုသနိုင်စွမ်းမှာ ကျောက်းစိမ်းမြွေထက်ပင် ပို၍ အစွမ်းထက်ပုံရသည်။
ထို့အပြင် ဝတ်စုံနက်နှစ်ဦးအနက် တစ်ဦးမှာ စုန့်ဝမ်အတွက် တစ်နေရာရာတွင် မြင်ဖူးသလိုလိုနှင့် အနည်းငယ် ရင်းနှီးနေသော်လည်း မည်သည့်နေရာတွင် မြင်ဖူးခဲ့သည်ကို ချက်ချင်း မမှတ်မိနိုင် ဖြစ်နေသည်။
……..