မြောက်ဖျားဒေသ
Vol. 3 Ch. 260
ဆန်းလျန် တိမ်ပေါ်သို့ တက်လိုက်သည့် အချိန်တွင် ရဲ့လျိုယွင်က သူ့ကို စောင့်နေလေသည်။
"ဆန်းလျန်၊ မင်းက မိန်းကလေးတွေကို ဂရုစိုက် တတ်လာတာပဲ၊ အရင်က ဒီလို မဟုတ်ပါဘူး၊ ကြည့်ရတာ ချစ်သူတွေ ဘာတွေများ ရနေပြီလား"
ရဲ့လျိုယွင်က ပြုံးရင်း မေးလိုက်လေသည်။
"ဘယ်က ဟုတ်ရမှာလဲ၊ ငါက ဒီလိုပဲ လွတ်လွတ်လပ်လပ် စိတ်ထဲရှိတဲ့ အတိုင်းနေတာပါ၊ ဒါပေမဲ့ တစ်နေ့ကျရင်တော့ ပြောင်းလဲချင်လည်း ပြောင်းလဲ သွားမှာပေါ့၊ အဲဒီကျရင်သာ မင်းက မအံ့သြနဲ့နော်"
ဆန်းလျန်က ပြန်ပြောလိုက်သည်။
"ငါတို့ နှစ်ယောက်လုံး အတွက် ကိုယ်လုပ်ချင်တာ လုပ်ဖို့ဆိုတာ လွယ်တဲ့ ကိစ္စမှ မဟုတ်တာကွာ၊ မင်းရဲ့ ဂိုဏ်းတူအစ်ကို ချန်ကျန့်မေကိုပဲ ကြည့်လေ၊ စိန်ခေါ်မှုတွေ အများကြီးနဲ့ ရင်ဆိုင်နေရတာ၊ သူ့ဘဝကိုရော လွတ်လပ်တယ်လို့ မင်းပြောနိုင်မလား"
"အစ်ကိုရဲ့၊ မင်းက ချင်းရွှမ် နတ်တံခါး အကြောင်း တော်တော် သိနေတာပဲ၊ ဘာလဲ မင်းတို့ ဟွမ်ချွမ် နတ်ဆိုးဂိုဏ်းက ငါတို့ ချင်းရွှမ်နတ်တံခါးကို မသိမသာများ လေ့လာ နေတာလား"
ဆန်းလျန်က ပြောလိုက်သည်။
"မင်းမသိတာတွေ အများကြီးကို ငါသိထားပါတယ်လို့ ပြောပြီးပြီလေ၊ ပြီးတော့ ငါမင်းကို တောင်းထားတဲ့ အကူအညီက မင်းကို အရမ်း လိုအပ်ရုံတင် မကဘူး။ မင်းအပေါ်မှာလည်း အများကြီး မူတည်နေတယ်"
ရဲ့လျိုယွင်က သူ၏ သွေးနီရောင် ပလ္လင်ကို လက်ဖြင့် အသာခေါက်ရင်း ပြောလိုက်လေသည်။ ပလ္လင်ဆီမှ ထွက်ပေါ်လာသည့် အသံလေးမှာ သာယာ နာပျော်ဖွယ် ဖြစ်လေသည်။
"ငါကူညီနိုင်တာ ဘာမဆို ကူညီပါ့မယ်ကွာ"
ဆန်းလျန်က ပြန်ပြောလိုက်သည်။
တိမ်တိုက်များမှ အရောင်များ ပြောင်းလဲသွားလေသည်။
"အေးပါ၊ ငါအခု ပြန်တော့မယ်၊ မင်းရဲ့ အကူအညီလိုတဲ့ အချိန်ကျရင် ငါမင်းကို လှမ်းအကြောင်း ကြားလိုက်မယ်"
ရဲ့လျိုယွင်က စကားဆုံးသည်နှင့် ထွက်ခွာရန် ပြင်လိုက်သည်။
"အစ်ကိုရဲ့၊ မင်ဝမ်ဝတ် ကျောင်းတော်က ဟွေခဲ့ဆရာတော် ဘယ်ရောက် နေလဲဆိုတာ မင်း တကယ် မသိဘူးလား"
ဆန်းလျန်က မေးလိုက်လေသည်။
ဆန်းလျန်က ဟွေခဲ့ဆရာတော်ကို အလွန်လေးစားသူ ဖြစ်လေသည်။
ထို့ပြင် မင်ဝမ်ဝတ် ကျောင်းတော်၏ အဖြစ်ဆိုးကို တွေ့မြင် ခဲ့ရပြီးသည့် နောက်ပိုင်း ဟွေခဲ့ဆရာတော် အန္တရာယ် ကင်းကင်း ရှိနေစေရန်လည်း မျှော်လင့်မိလေသည်။ ထို့ပြင် မင်ဝမ်ဝတ် ကျောင်းတော်ကဲ့သို့ ရှေးဟောင်းဝတ် ကျောင်းတော်ကြီးတစ်ခု ပျက်စီး သွားရသည်ကို ဆန်းလျန်မှာ စိတ်မကောင်း ဖြစ်နေဆဲဖြစ်လေသည်။
အခြေအနေ အရပ်ရပ်က ခန့်မှန်းရန် ခက်ခဲနေခဲ့ပြီး ဆန်းလျန်မှာ ချင်းရွှမ် အတွက်လည်း စိတ်ပူ နေမိလေသည်။
"ဟွေခဲ့ဆရာတော်က အရင် ရူပ နတ်ဘုရားမင်းကြီးတွေနဲ့ မတူဘူး ၊ သူက ပြန်ပေါ်လာဦးမှာပါ ၊ အဲဒီ အချိန်ကျ ဗုဒ္ဓဘာသာ ကျောင်းတော်တွေ အတွက် စိတ်ဝင်စားစရာတွေ ဖြစ်ချင် ဖြစ်လာမှာပေါ့"
ရဲ့လျိုယွင်၏ လေသံမှာ ဝမ်းသာနေသည့် လေသံ ဖြစ်လေသည်။ သူက ဟွေခဲ့ ဆရာတော် ဒုက္ခရောက်ရသည်ကို ကျိတ်ပြီး ပျော်နေဟန် ရှိလေသည်။ အမှန်တော့ ဗုဒ္ဓဘာသာ ကျောင်းတော်များနှင့် ဟွမ်ချွမ် နတ်ဆိုးဂိုဏ်းမှာ အစကတည်းက ဆက်ဆံရေး ကောင်းခဲ့ကြသည် မဟုတ်ပေ။
ရဲ့လျိုယွင်ထွက်ခွာသွားပြီးသည့်နောက် ဆန်းလျန်မှာ တစ်ယောက်တည်း အတွေးနက်လျှက် ကျန်ရစ်ခဲ့လေသည်။
မင်ဝမ်ဝတ် ကျောင်းတော် ပျက်စီးသွားရခြင်းမှာ လုံးဝ မျှော်လင့် မထားသည့် ကိစ္စ ဖြစ်လေသည်။ ထို့အတူ ရဲ့လျိုယွင်နှင့် ပြန်ဆုံရန်လည်း လုံးဝ မျှော်လင့်မထားမိပေ။ သို့သော် ရဲ့လျိုယွင်ကိုတော့ သူက အကြွေး တင်သွားခဲ့ပြီ။ ဤဖြစ်ရပ်များ အားလုံး၏ နောက်ကွယ်တွင် ဆန်းလျန် မသိသေးသည့် လျှို့ဝှက်ချက်များ ရှိနေမည်မှာ အသေအချာပင် ဖြစ်လေသည်။
ဟွေခဲ့ ဆရာတော် ပျောက်ဆုံးသွားခဲ့ပြီး ရဲ့လျိုယွင်က ထူးထူးခြားခြား ပြန်ပေါ် လာလေသည်။ ဓားတန်ခိုးရှင် တစ်ယောက်က နတ်ဘုရား နှိမ်နင်းခြင်း အင်းကွက်ကို ရယူ သွားခဲ့လေသည်။ လောကကြီးက မည်သည့် အခါမှ ရိုးရှင်းခြင်း မရှိပေ။
သို့သော် ဆန်းလျန်တွင် တန်ခိုး စွမ်းအားများ မရှိတော့လျှင် အမှန်တရားကို သိလျှင်တောင်မှ အလကားပင် ဖြစ်လေသည်။
ဆန်းလျန်၏ တန်ခိုး စွမ်းအားများမှာ တစ်ဝက် ကျော်ကျော် ဆုံးရှုံး သွားခဲ့လေသည်။ သို့သော် တန်ခိုးစွမ်းအားများ ဆုံးရှုံးသွားသည့်တိုင် ကျန်ရှိနေသေးသည့် တန်ခိုး စွမ်းအားများက ပို၍သန့်စင်ပြီး သိပ်သည်း လာလေသည်။ အရှုံးထဲက အမြတ်ထွက်သည်ဟုပင် ပြောရမည်လား မသိပေ။
သူ့အတွက် သုံးနှစ် သို့မဟုတ် ငါးနှစ်ခန့် အချိန်ယူပြီး ကျင့်စဉ်များ ပြန်လည် ကျင့်ကြံမှသာ တန်ခိုး စွမ်းအားများ ပြန်လည် ရရှိနိုင်မည် ဖြစ်လေသည်။ သို့သော် ဆန်းလျန် ထိုမျှ အချိန်မပေးနိုင်ပေ။ သူ့တွင် အချိန်မရှိပေ။
ကံကောင်းစွာဖြင့် ဆန်းလျန်၏ တန်ခိုးများ ပြန်လည် ရရှိရန် အတွက် အခြား နည်းလမ်း တစ်ခု ရှိလေသည်။
ဘုရင်မက ဟွမ်လုန်ကျီကို အနိုင်ရကာ ချင်းဆွေ မြစ်စောင့် နတ်သမီးအဖြစ် နတ်ဘုရား အသွင် ခံယူနိုင်ခဲ့ပါက အရာအားလုံး အဆင်ပြေ သွားမည် ဖြစ်လေသည်။
ချင်းဆွေမြင်မှာ ကျယ်ပြန့်သည့် မြစ်တစ်စင်း ဖြစ်လေသည်။ မြစ်အကျယ်ဆုံး နေရာမှာ မိုင်ပေါင်း ငါးထောင်ခန့်ရှိပြီး မစ်၏ အကျဉ်းဆုံး နေရာမှာပင်လျှင် အနည်းဆုံး မိုင်တစ်ရာခန့် ကျယ်လေသည်။ သို့သော် ယွမ်ကျိုးနယ်တွင် ချင်းဆွေမြစ်မှာ အကျယ်ဆုံး မြစ်တစ်စင်း မဟုတ်သေးပေ။
ယွမ်ကျိုးနယ် မြောက်ဖျားတွင် ထုန်ထျန်းမြစ်ဟု ခေါ်သည့် မြစ်တစ်စင်း ရှိသေးသည်။ ထိုမြစ်သည် မည်သည့် နေရာက မြစ်ဖျား ခံလာသည်ကို မည်သူမျှ မသိကြပေ။ ထိုမြစ်သည် မိုးကောင်းကင် အထိ ရောက်သည်ဟု ပြောသည့် သူများကလည်း ပြောကြလေသည်။
ဆန်းလျန် တိမ်ပေါ်မှ ဆင်းသက် လိုက်လေသည်။
သူဆင်းသက် လိုက်သည့် နေရာမှာ "ချင်းဆွေ မြစ်စောင့် နတ်သမီးဝတ် ကျောင်းတော်" ရှေ့တွင် ဖြစ်လေသည်။
မိုင်တစ်ထောင် ပတ်ဝန်းကျင်မှ ဝိညာဉ် စွမ်းအားများ စုစည်းနေပြီး ဝတ်ကျောင်းတော် ပတ်ဝန်းကျင် တစ်ခုလုံးမျာ တန်ခိုးစွမ်းအားများ မြင့်မားလျက် ရှိလေသည်။
ဝတ်ကျောင်းတော် တံခါးက အလိုလို ပွင့်သွားပြီး ဘုရင်မ ထွက်ပေါ်လာလေသည်။
သူမက ဆန်းလျန်ကို ကြည့်လိုက်ရင်း…
"နောက်ဆုံးတော့ မင်းပြန်လာပြီပေါ့၊ မိုက်တစ်ထောင် ပတ်လည်အတွင်းမှာ ငါ မင်းကို လိုက်ရှာ ခဲ့သေးတယ်၊ မင်းတော့ ကြောက်စရာ ကောင်းတဲ့ ရန်သူတစ်ယောက်နဲ့ ရင်ဆိုင်နေရပြီ ဆိုတာ ငါသိလိုက်တယ် ၊ ဒါပေမဲ့ ငါလည်း ဒီမြစ်ကနေ ခွာလို့မရဘူးလေ ၊ ဒါကြောင့် မင်းကို မကူညီနိုင်ခဲ့ဘူး"
"အဲဒီရန်သူက တကယ် အစွမ်းထက်တယ်၊ ဘုရင်မ ကူညီမယ် ဆိုရင်တောင်မှ အရာမထင်နိုင်ဘူး၊ ဒါနဲ့ မြစ်စောင့် နတ်သမီးအဖြစ် အပ်နှင်း ခံရပေမယ့် ဘုရင်မကို ကြည့်ရတာ ထင်သလောက် တန်ခိုး စွမ်းအား မရှိသလိုပဲ"
ဆန်းလျန်က ပြောလိုက်သည်။
"ဟွမ်လုန်ကျီရဲ့ နဂါးသွေးအစစ်ကို တစ်ဝက်ပဲ ရလိုက်တယ်လေ၊ သူက အမြီးပြတ်ခံပြီး ထွက်ပြေး သွားတာကိုး၊ ကွမ်းချင်း နတ်ဘုရားဂိုဏ်းက တကယ်ကို အစွမ်းထက်ပါတယ်၊ လွန်ခဲ့တဲ့ ငါးရက်က ဟွမ်လုန်ကျီရဲ့ အစ်ကို ဟွမ်ကျန်း ရောက်လာသေးတယ်၊ သူတို့ဂိုဏ်းက တပည့်တစ်ယောက်ကို လာရှာတာတဲ့၊ ဒီမှာ ကွမ်းချင်း နတ်ဘုရားဂိုဏ်းက ဘာတပည့်မှ မရှိဘူးလေ၊ ဒါပေမဲ့ သူက မယုံဘူး၊ ငါလိမ်ပြောတယ်ပဲ ထင်နေတာ၊ အဲဒါနဲ့ငါတို့ တိုက်ခိုက် ကြတယ်လေ၊ ဧကရာဇ် တံဆိပ်တော်နဲ့ မြစ်ကမ်း တစ်လျှောက်က ဝိညာဉ် စွမ်းအားတွေကြောင့်သာ မဟုတ်ရင် သူက ငါ့ဝတ်ကျောင်းတော်ကို ဖျက်ဆီး ပစ်တော့မလို့ဘဲ"
ဘုရင်မက စိတ်ကြည်လင် နေပုံရလေသည်။
သူမက ကွမ်းချင်း နတ်ဘုရား ဂိုဏ်းကို အစွမ်းထက်သည်ဟု ပြောနေသည့်တိုင် သိပ်ပြီး အလေးထားပုံ မပေါ်ပေ။
"ဘုရင်မက အခုဆိုရင် ချင်းဆွေမြစ်နဲ့ တစ်သားတည်း ကျသွားပြီ၊ ဘယ်အရာကမှ ခွဲခြားနိုင်မှာ မဟုတ်တော့ဘူး၊ ဘယ်သူကမှလည်း ဘုရင်မကို သတ်နိုင်မှာ မဟုတ်တော့ဘူး၊ ဒါပေမဲ့ ဒီနေရာက မထွက်ခွာ နိုင်တော့ဘူး ဆိုတော့ လောကကိုတော့ မကျော်လွန် နိုင်တော့ဘူးပေါ့"
မယုံနိုင်စရာ ကောင်းလောက်သည့် အကျိုးကျေးဇူးများကို ရလိုလျှင် ပြင်းထန်သော အကျိုးဆက်များကိုလည်း ရင်ဆိုင် ရတတ်လေသည်။ ဘုရင်မမှာ ချင်းဆွေ မြစ်စောင့် နတ်သမီး ဖြစ်သွားခဲ့ပြီး ချင်းဆွေမြစ်၏ ကံကြမ္မာသည် ဘုရင်မနှင့် ချည်နှောင် ပြီးသား ဖြစ်သွားလေသည်။ သူမ အနေဖြင့် လွတ်မြောက် နိုင်တော့မည် မဟုတ်ပေ။
"နောက်ကိစ္စကို နောက်မှပဲ ပြောကြတာပေါ့၊ အခု ငါ မြစ်စောင့် နတ်သမီးဖြစ်လာပြီးမှ ထူးဆန်းတာ တစ်ခုတွေ့ထားတယ်"
"ဘာများလဲ…"
"ငါ့နောက်လိုက်ခဲ့…"
ဘုရင်မက ဆန်းလျန်ကို ဝတ်ကျောင်းတော် အတွင်းသို့ ခေါ်သွားခြင်း မဟုတ်ပေ။
ထူးဆန်းသည့် နေရာတစ်ခုသို့ ခေါ်သွားခြင်း ဖြစ်လေသည်။ ထိုနေရာသည် နတ်ဘုရား တန်ခိုးစွမ်းအား တံခါးနှင့် ဆင်တူလေသည်။ သို့သော် ကူရှန် နတ်မိမယ်၏ နတ်ဘုရား တန်ခိုးစွမ်းအား တံခါးနှင့်တော့ မတူပေ။ ကူရှန်နတ်မိမယ်၏ နတ်ဘုရား တံခါးက ကူရှန် နတ်မိမယ်၏ ဝတ်ကျောင်းတော် တံခါးနှင့် ဆင်တူလေသည်။
သို့သော် ယခု ဘုရင်မ ပြသသည့် နေရာက ချင်းဆွေမြစ်ထဲတွင် တည်ရှိသည့် နေရာတစ်ခု ဖြစ်လေသည်။ ထိုနေရာမှာ ငါးများ ဝန်းရံနေသည့် ဖန်သား နန်းတော်တစ်ခု ဖြစ်လေသည်။ ထိုနေရာကို သာမန်လူများ မတွေ့မြင်နိုင်ပေ။ ဆန်းလျန်နှင့် ဘုရင်မမှာလည်း ထိုနေရာသို့ ဝင်၍မရပေ။
သူတို့ တစ်နေရာတွင် ထိုင်လိုက်ကြသည်။
" ငါကောင်းကင်ဘုံ နန်းတော်ကိုတွေ့ခဲ့တယ်"
"ဘယ်လိုဖြစ်တာလဲ"
ဆန်းလျန်မှာ အနည်းငယ် အံ့သြ တုန်လှုပ် သွားရလေသည်။
ကောင်းကင်ဘုံ နန်းတော်ဆိုသည်က ရှေးခေတ် အချိန်အခါကသာ တည်ရှိခဲ့သည့် နေရာတစ်ခု ဖြစ်ပြီး ပျောက်ဆုံး သွားသည်မှာ ကြာပြီဖြစ်လေသည်။
ကောင်းကင်ဘုံ နန်းတော်ဆိုသည်မှာ နတ်ဘုရားများနှင့် ဗောဓိသကျများ အုပ်ချုပ်သည့် နေရာတစ်ခု ဖြစ်လေသည်။
ထိုနေရာကို နတ်ဘုရား နယ်မြေ သို့မဟုတ် တရားအလင်း သိမြင်ရာ နေရာဟု ခေါ်ဆို နိုင်လေသည်။ အချို့က ထိုနေရာကို "လင်ပေါင်" ဟုခေါ်ဆိုကြသည်။ ထိုနေရာမှာ နဂါးငွေ့တန်းရှိ ထျန်းဟယ်မြစ်နားတွင် တည်ရှိလေသည်။ ထိုခေတ် ထိုအခါကတော့ ကောင်းကင်ဘုံ နန်းတော် တည်ရှိရာနေရာကို ကျန်းကျဲ့ဟုလည်း ခေါ်ကြလေသည်။ နတ်ဘုရားများကို လာရောက် နေထိုင်ရန် ကြိုဆိုသည့် ထျန်းကျဲ့များမှာ တစ်ခုထက်မက ရှိသည်ဟု ပြောစမှတ် ရှိကြလေသည်။
"ငါ ကျင့်စဉ် ကျင့်ကြံနေတုန်း ကောင်းကင်ဘုံ နန်းတော်က ခေါ်သံကြားရတယ်၊ အရမ်း တိုးတိုးလေးပဲ ၊ ငါ့ဘက်က ပြန်ဆက်သွယ်ဖို့ မဖြစ်နိုင်ဘူး"
ဘုရင်မက အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ကောင်းကင်ဘုံ နန်းတော်အကြောင်း ကောလာဟလတွေက အများကြီးပဲ၊ ကောင်းကင်ဘုံ နန်းတော်က ခေါ်တယ်လို့ ဘုရင်မက ဘယ်လိုလုပ် သိတာလဲ"
ဆန်းလျန်က ပြန်မေးလိုက်သည်။
"ငါလည်း သိပ်မသေချာပါဘူး ၊ ထင်ယောင်ထင်မှား ဖြစ်နေတာလည်း ဖြစ်နိုင်တာပဲ"
ဘုရင်မက ရယ်မောရင်း ပြန်ပြောလိုက်သည်။
ဘုရင်မစကားမှာ ဘုရင်မ၏ ခံစားချက်ဖြစ်သည့် အတွက် မှန်ကန်နိုင်ကြောင်း ဆန်းလျန် ရိပ်မိလိုက်သည်။ ဘုရင်မ၏ ကျင့်စဉ်လမ်း အဆင့်ဖြင့်ဆိုလျှင် သူမ စကားများက လက်ခံနိုင်ဖွယ်ရာ ရှိလေသည်။
"ဒါတကယ်လည်း ဖြစ်နိုင်ပါတယ်၊ အဲဒီခေါ်သံက ဘယ်နေရာက လာတယ်ဆိုတာ နေရာ အတိအကျ ဘုရင်မ ခန့်မှန်းမိလား"
"ဟင့်အင်း"
"ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ သိပ်တွေးမနေပါနဲ့ ဘုရင်မ၊ ကိုယ့်ကိုယ်ကိုယ်ပဲ တန်ခိုးစွမ်းအား ကြီးမားအောင် ကျင့်ကြံတာ အကောင်းဆုံးပါပဲ၊ ဘုရင်မရဲ့ တန်ခိုးစွမ်းအားသာ ချင်းဆွေ မြစ်ကြောင်း တစ်လျှောက်လုံး ပျံ့နှံ့သွားပြီဆိုရင် လောကကို ကျော်လွန်သွားတဲ့ သူကတောင် ဘုရင်မကို ဆန့်ကျင်ရဲမှာ မဟုတ်ပါဘူး"
"ငါလည်း ဒါကိုပဲ စဉ်းစားနေတာပဲ၊ မင်းအခု တန်ခိုးစွမ်းအားတွေ ဆုံးရှုံးထားတယ် မဟုတ်လား၊ ကျုပ်ရဲ့ မြစ်ကြောင်း တစ်လျှောက်က ဝိညာဉ် စွမ်းအားတွေကို ယူသုံးလို့ ရတယ်လေ"
ဘုရင်မက လှပစွာ ပြုံးရင်း ပြောလိုက်လေသည်။
မိုင်ပေါင်း သုံးသောင်းပတ်လည်မှ ဆုတောင်း ဝတ်ပြုမှုများဖြင့် ဘုရင်မမှာ ဝိညာဉ် စွမ်းအားများ ပြည့်ဝ နေလေသည်။ သို့သော် နတ်ဘုရား စွမ်းအားများ ဖြန့်ကြက်ပြီး ချင်းဆွေမြစ်နှင့် သူမ၏ရုပ်ခန္ဓာ တစ်သားတည်း ကျသွားစေရန် လုပ်ဖို့လိုလေသည်။ ထိုအခါမှသာ မပျက်စီး နိုင်သည့် အခြေခံ တန်ခိုးစွမ်းအားကို ရရှိမည်ဖြစ်လေသည်။
ထိုကဲ့သို့သော နည်းလမ်းကို အသုံးပြုခဲ့ ဖူးသူတစ်ယောက် ရှိခဲ့ဖူးလေသည်။ ထိုသူက နဂါးငွေ့တန်းမှ ထျန်းဟယ်မြစ်နှင့် သူ၏ ရုပ်ခန္ဓာကို တစ်သားတည်း ကျစေပြီး တန်ခိုးစွမ်းအား အလွန်ကြီးမားသူ တစ်ယောက် ဖြစ်လာခဲ့သည်။ သူအောင်မြင်ရန် နီးစပ်ခဲ့သည်ဟုတော့ ကောလာဟလများ အရ သိရလေသည်။
နဂါးငွေ့တန်းမှ ထျန်းဟယ်မြစ်နှင့် ယှဉ်လျှင် ချင်းဆွေမြစ်မှာ သေးငယ်သည်ဟု မဆိုသာပေ။
သို့သော် မိုးကောင်းကင်မှ မြစ်နှင့် မြေပြင်မှ မြစ်ဖြစ်သည့် အတွက် အဆင့်အတန်းချင်းတော့ ကွာခြားလေသည်။ မည်သို့ပင် ဖြစ်စေ ဘုရင်မ အတွက်တော့ ရည်မှန်းချက် အောင်မြင်သည် အထိ ကျင့်ကြံရမည် ဖြစ်လေသည်။
"ကျုပ်လည်း အဲဒီ အကူအညီ တောင်းဖို့ ရောက်လာတာပါ"
ဆန်းလျန်ကလည်း ပြုံးရင်းနှင့်ပင် ဘုရင်မကို ပြန်ပြောလိုက်သည်။
ထို့နောက် ဆန်းလျန် မျက်လုံးများကို မှိတ်လိုက်လေသည်။
သူကိုယ်တိုင်နှင့် သူ၏ ပတ်ဝန်းကျင်ကိုပါ မေ့လျော့ သွားရလေတော့သည်။
ချင်းဆွေမြစ်ရေမှ ဝိညာဉ် စွမ်းအားများသည် ဆန်းလျန်၏ တန်ခိုးစွမ်းအားများ ပြန်လည် ရရှိရန်အတွက် များစွာ အထောက်အကူ ပြုလေသည်။ အသက်ဓာတ် စွမ်းအားများနှင့် ဝိညာဉ် စွမ်းအားများကို ဆန်းလျန် စုပ်ယူလိုက်သည်နှင့် တန်ခိုးစွမ်းအား အဖြစ် တိုက်ရိုက် ပြောင်းလဲ သွားလေသည်။
ဆန်းလျန်က ချင်းဆွေမြစ်မှ ဝိညာဉ် စွမ်းအားများကို သုံးစွဲလိုက်သည့် အတွက် ဘုရင်မ၏ စွမ်းအားများ လျော့ကျ သွားမည်ကိုလည်း စိုးရိမ်စရာမရှိပါ။ ဘုရင်မ၏ နတ်ဘုရား နှလုံးသား အတွင်းသို့ ဝိညာဉ်စွမ်းအားများ အမြဲမပြတ် စီးဆင်း ဝင်ရောက်နေသရွေ့ ဘုရင်မ၏ စွမ်းအားများက ကြီးမားနေမည် ဖြစ်လေသည်။
သို့သော် ချင်းဆွေမြစ်မှ ဝိညာဉ် စွမ်းအားများနှင့် အသက်ဓာတ် စွမ်းအားများကို အခြားသော ကျင့်ကြံသူများ အနေဖြင့် စုပ်ယူချင်တိုင်း စုပ်ယူ၍ ရမည်မဟုတ်ပေ။
ထိုသို့ စုပ်ယူခွင့်ရရန်မှာ ဘုရင်မအပေါ်တွင် မူတည်လေသည်။ ဘုရင်မမှာ ချင်းဆွေ မြစ်စောင့် နတ်သမီး ဖြစ်သွားပြီဖြစ်သည့် အတွက် ချင်းဆွေမြစ်နှင့် မြစ်ဝှမ်းဒေသ တစ်ခုလုံးသည် သူမ၏ အသက်ဓာတ်ပင် ဖြစ်လေသည်။ ထို့ကြောင့် သူမထံမှ ဝိညာဉ် စွမ်းအားများနှင့် အသက်ဓာတ် စွမ်းအားများ စုပ်ယူလိုက်ပါက ပြန်လည် ပေးအပ်ရန် လိုအပ်လေသည်။ စွမ်းအားများကို ပြန်လည် ပေးအပ်ခြင်း မပြုဘဲ အမြောက်အမြား စုပ်ယူသွားပါက ဘုရင်မအနေဖြင့် ဒဏ်ရာ ရရှိ သွားနိုင်လေသည်။
သို့သော် ဘုရင်မသည် ဆန်းလျန်၏ တန်ခိုးစွမ်းအားများ အမြန်ပြန်လည် ရရှိစေရန် အတွက် သူမ၏ ဝိညာဉ် စွမ်းအားများကို သုံးစွဲခွင့် ပြုလိုက်ခြင်းပင် ဖြစ်လေသည်။
ဘုရင်မ၏ သဘောထားကြီးမှုကြောင့် ဆန်းလျန်မှာ သူ၏ တန်ခိုးစွမ်းအားများ အားလုံးကို တစ်လ အတွင်းမှာပင် ပြန်လည် ရရှိသွားလေသည်။ သူ့အတွက် တန်ခိုးစွမ်းအားများ ပြန်လည်ရရှိရန် သုံးနှစ် သို့မဟုတ် ငါးနှစ်အထိ ကျင့်စဉ်များ ပြန်လည် ကျင့်ကြံရန် မလိုအပ်တော့ပေ။
ဆန်းလျန် မျက်လုံးများကို ဖွင့်ကြည့် လိုက်လေသည်။ သူ၏ မျက်ဝန်းများက အဆုံးမရှိ တည်ငြိမ် နေလေသည်။
ဘုရင်မမှာ ဆန်းလျန် တန်ခိုး စွမ်းအားများ အားလုံး ပြန်လည် ရရှိသွားသည့် အတွက် ပျော်ရွှင် နေလေသည်။
ဘုရင်မက လုပ်ခုပ် တစ်ချက် တီးလိုက်ရင်း သဘောကျစွာ ရယ်မောပြီး…
"ကြည့်စမ်း၊ ခုတော့ မင်း နတ်ဘုရား တစ်ပါးတောင် ဖြစ်ခါနီးတော့မယ်"
ဟု ပြောလိုက်လေသည်။
"နတ်ဘုရား တစ်ပါးဖြစ်ဖို့တော့ သိပ်မလွယ်ပါဘူးဗျာ၊ ကျုပ် ဖော့ဝမ့်အဆင့်ကို နှစ်တစ်ရာ အတွင်း တက်ရောက် နိုင်မယ်ဆိုရင်တောင် တော်တော် ဝမ်းသာစရာ ကောင်းနေပြီ"
"ငါတို့အတွက်တော့ နှစ်ပေါင်း တစ်ရာဆိုတာ ဘာကြာလို့လဲ၊ ထည့်ပြောစရာတောင် မလိုပါဘူး၊ ဒါနဲ့ မင်းအခု ပြန်တော့မလို့လား"
ဘုရင်မ၏ "ပြန်တော့ မလို့လား" ဆိုသည့် မေးခွန်းတွင် ခွဲခွာရတော့မည့် အတွက် စိတ်မကောင်းသံများ ပါဝင် နေလေသည်။
"ဟုတ်တယ်၊ ကျုပ်သွားရတော့မယ်၊ ဒီတစ်ခေါက် တောင်ပေါ်က ဆင်းလာတာ ကိစ္စတစ်ခု ရှိလို့သာ ဆင်းလာတာ၊ တကယ်တော့ ကျုပ်အနေနဲ့ ချင်းရွှမ်ကနေ ထွက်မလာသင့်ဘူး၊ တောင်ပေါ်မှာပဲ ရှိနေသင့်တာ"
ဆန်းလျန်က မြောက်ဘက်သို့ ငေးကြည့်ရင်း ပြောလိုက်လေသည်။
"မင်းနဲ့ ငါက မတူညီတဲ့ အချက်တွေ အများကြီးပဲ၊ မင်းက သိမြင်တာတွေ များတယ် ၊ ဒါပေမယ့် သံယောဇဉ် မပြတ်နိုင်ဘူးပဲ၊ ငါကတော့ ဘာကိုမှ ပြန်လှည့် မကြည့်တတ်ဘူး"
ဘုရင်မက သက်ပြင်း တစ်ချက်ချရင်း ပြောလိုက်လေသည်။
သူတို့နှစ်ယောက်သည် ယခုတော့ ချင်းဆွေ မြစ်ရေပေါ်တွင် မတ်တတ် ရပ်နေကြလေသည်။
"ကျုပ်က သံယောဇဉ် မပြတ်တာ မဟုတ်ပါဘူးဗျာ၊ ကျုပ် လုပ်သင့်တယ်လို့ ထင်တာတွေကို လုပ်နေတာပါ၊ အချို့အရာတွေက ကျုပ်ဘဝရဲ့ အစိတ်အပိုင်း ဖြစ်နေတယ်လေ၊ ဒီအတိုင်း ဖြစ်ချင်ရာ ဖြစ်ဆိုပြီး အကြင်နာတရား မရှိဘဲ ဘယ်လိုလုပ် ပစ်ထားခဲ့ရက် ပါ့မလဲဗျာ"
ဆန်းလျန်က ရယ်မောရင်း ပြောလိုက်လေသည်။
ထို့နောက် ဆန်းလျန်သည် လှိုင်းကို စီးကာ ထွက်ခွာသွားပြီး ဘုရင်မ၏ မျက်စိရှေ့မှ လျင်မြန်စွာ ပျောက်ကွယ် သွားလေတော့သည်။
ယွမ်ကျိုးနယ်၏ မြောက်ဖျားဒေသတွင် နှင်းများ ဖုံးလွှမ်းနေသည့် တောင်တန်းနှင့် တောအုပ်များ တည်ရှိလေသည်။
ထိုမြောက်ဖျားဒေသတွင် ထိုက်စု နတ်ဘုရား ဂိုဏ်းတည်ရှိလေသည်။ သို့သော် ထိုက်စု နတ်ဘုရား ဂိုဏ်းကို ရှာဖွေရန်မှာ လွယ်ကူသည့် ကိစ္စတော့ မဟုတ်ပေ။
နေဝင်သွားပြီ ဖြစ်လေသည်။
နေဝင်သွားသည်နှင့် ဒဏ္ဍာန်ရီထဲမှ ဂဠုန်ငှက်ကြီးက အတောင်ဖြန့်ကာ ကောင်းကင်ကို ဖုံးကွယ် လိုက်သကဲ့သို့ ပတ်ဝန်းကျင် တစ်ခုလုံး ပိန်းပိတ်အောင် မှောင်မိုက် သွားရလေသည်။
ဆန်းလျန်သည် ကွင်းပြင်ထဲတွင် တစ်ယောက်တည်း ထိုင်နေလေသည်။ သူ၏ မျက်ခုံးများကို ဖြေလျော့ထားပြီး သူမ၏ မျက်ဝန်းများက ကြည်လင် နေလေသည်။ သူ၏ မျက်ဝန်းများထဲတွင် ထူးခြား ဆန်းကြယ်သည့် တန်ခိုးစွမ်းအားများ တည်ရှိနေပြီး တစ်ခါတစ်ရံတွင် သူ၏ မျက်ဝန်းများမှာ ကြယ်စင်များ လက်သကဲ့သို့ ဖျတ်ခနဲ ဖျတ်ခနဲ လင်းလက် သွားလေသည်။
ညက တိတ်ဆိတ်နေလေသည်။
မြောက်ဖျားဒေသသည် ဆန်းလျန်နှင့် ရင်းနှီးသည့် ပင်လယ်ဒေသနှင့် ဆင်တူလေသည်။
အဆုံးမရှိ၊ တိတ်ဆိတ်၊ ငြိမ်သက်၊ အေးချမ်းလျက် ရှိလေသည်။ ထို့အတူ မာယာလည်းများ လွန်းလေသည်။
ဆန်းလျန်က ကောင်းကင်ထက်မှ ပျံသန်းသွားသည့် အရာတစ်ခုကို ကြည့်နေလေသည်။ ထိုအရာမှာ သက်တံကဲ့သို့ အလင်းတန်း ရောင်စုံ တောက်ပနေပြီး အခိုးအငွေ့များ ကဲ့သို့ ဖြစ်လေသည်။ တစ်ခါတစ်ရံတွင် ငြိမ်သက်နေပြီး တစ်ခါတစ်ရံတွင် လှုပ်ရှား နေပြန်သည်။
ထို့နောက် အလင်းရောင် စက်ဝန်းတစ်ခု ထိုအရာ၏ ပတ်ဝန်းကျင်တွင် ထွန်းလင်း တောက်ပ သွားလေသည်။ ထိုအလင်းရောင် စက်ဝန်းများမှာ တဖြည်းဖြည်း တောက်ပသည်ထက် တောက်ပ လာလေသည်။ နောက်ဆုံးတွင် ကောင်းကင်ထက်တွင် လတစ်စင်း သာနေသည့် အလားပင် လင်းထိန် နေတော့သည်။
ထိုအလင်းရောင် စက်ဝန်းမှ အလင်းရောင်ကြောင့် ကွင်းပြင် တစ်ခုလုံး မီးထွန်း လိုက်သလို လင်းလက် သွားရလေသည်။ ယခုတော့ အရာအားလုံးကို ရှင်းလင်းစွာ မြင်တွေ့ရပြီ ဖြစ်လေသည်။
မြောက်ဖျား အလင်းတန်း ပေါ်ထွက်လာခဲ့ပြီ။
ဆန်းလျန် ရက်ပေါင်းများစွာ စောင့်ဆိုင်း နေခဲ့ရသည့် "မြောက်ဖျား အလင်းတန်း" သည် ထွက်ပေါ် လာခဲ့ပြီ ဖြစ်လေသည်။
***