ထိုက်စု နတ်ဘုရားဂိုဏ်းသို့ တိတ်တဆိတ် ဝင်ရောက်ခြင်း
Vol. 3 Ch. 261
ထိုက်စု နတ်ဘုရားဂိုဏ်းမှာ ဗလာနယ်တစ်ခု အတွင်းတွင် တည်ရှိသည့် နတ်ဘုရား ဂိုဏ်းတစ်ခု ဖြစ်လေသည်။ လက်ရှိနေထိုင်သည့် လောကမှ ခွဲထွက်ကာ အသစ် ဖန်ဆင်းထားသည့် ဗလာနယ်ထဲတွင် တည်ရှိ လေသည်။
လူအများက ထိုက်စု နတ်ဘုရားဂိုဏ်းမှာ မြောက်ဖျားဒေသတွင် တည်ရှိသည်ဟုသာ သိရှိ ထားကြလေသည်။
သို့သော် ... အခြားနတ်ဘုရား ဂိုဏ်းများကဲ့သို့ တောင်ပေါ်တွင် တည်ရှိခြင်း မဟုတ်ဘဲ ဗလာနယ်ထဲတွင် တည်ရှိခြင်း ဖြစ်သည်ကို မည်သူမျှ မသိကြပေ။ ထိုက်စု နတ်ဘုရား တည်ရှိရာ ဗလာနယ် ရှေ့တည့်တည့်သို့ ရောက်ရှိ နေသည့်တိုင် အတွင်းသို့ ဝင်ရောက် နိုင်ရန်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။
မြောက်ဖျား အလင်းတန်းမှာ မိုးမြေ စွမ်းအားများနှင့် ဆက်စပ် တည်ရှိပြီး ထိုက်စု နတ်ဘုရား ဂိုဏ်းတည်ရှိရာ ဗလာနယ်ကို ကာကွယ် ပေးထားသည့် မူလ အရံအတား တစ်ခု ဖြစ်လေသည်။
သာမန် လူသားများကတော့ မြောက်ဖျား အလင်းတန်းမှာ သဘာဝအတိုင်း ဖြစ်တည်လာသည့် အလင်းတန်း တစ်မျိုးဟုသာ ထင်ကြလေသည်။ ထိုအလင်းတန်းကို အနီးကပ် လေ့လာကြည့်ရှုပါက ဝိညာဉ်စွမ်းအားများ လှည့်ပတ်နေသည်ကို တွေ့ရှိရမည် ဖြစ်သည်။
မြောက်ဖျား အလင်းတန်း၏ ထူးခြားချက်ကို သိရှိသည့် တိုင်အောင် အရံအတားကို ကျော်ဖြတ်ကာ အတွင်းသို့ ခိုးဝင်ရန်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။
ထိုက်ရွှီး နည်းဗျူဟာကို ကျင့်ကြံသူ ဖြစ်သည့် ဆန်းလျန်ကတော့ မိုးမြေ စွမ်းအားများ အကြောင်းကို ကောင်းစွာ နားလည်သူ ဖြစ်လေသည်။ သူက မြောက်ဖျား အလင်းတန်းကို တစ်ချက် ကြည့်ရုံမျှဖြင့် ထိုအလင်းတန်း ဖွဲ့စည်းပုံနှင့် ဝင်ရောက်ရမည့် လမ်းကြောင်းကို ချက်ချင်း နားလည် သွားခဲ့သည်။
မြောက်ဖျား အလင်းတန်းမှာ ကြီးမားသည့် ကွန်ရက်ကြီး တစ်ခုအလား ဖွဲ့စည်းထားခြင်း ဖြစ်ပြီး အဆုံးမရှိ ပြောင်းလဲနေလေသည်။ အဆက်မပြတ် ပြောင်းလဲနေသည့် ကွန်ရက်များကို ဖြတ်ကျော် ဝင်ရောက်ရန်မှာ လွယ်ကူသည့် ကိစ္စတော့ မဟုတ်ပေ။
ဆန်းလျန်က အလျင်လိုခြင်း မရှိပါ။ သူက အလင်းတန်းနောက်သို့ လိုက်သွားပြီး ဝင်ရောက်ခြင်း မရှိသေးဘဲ လေ့လာ နေလေသည်။
ဖြောက်ဖျား အလင်းတန်း နောက်သို့လိုက်ပြီး ကိုးရက်ခန့် လေ့လာပြီးသည့် နောက်တွင်တော့ အဆက်မပြတ် ပြောင်းလဲနေသည့် ကွန်ရက်၏ အနေအထားများကို ဆန်းလျန် လုံးဝ နားလည် သွားခဲ့လေသည်။
မြောက်ဖျား အလင်းတန်း ကွန်ရက်ထဲတွင် အလွန် လျှို့ဝှက်သည့် ကွန်ရက် ပြောင်းလဲမှု ပုံစံကို ဆန်းလျန် တွေ့ရှိ သွားလေသည်။
ထိုအခါတွင်တော့… ဆန်းလျန်က အင်းချပ်တစ်ခုကို ထုတ်ယူလိုက်ပြီး သူ၏ စိတ်အာရုံ စူးစိုက်မှုများကို အင်းချပ် အတွင်းသို့ ထည့်သွင်း လိုက်သည်။
ထိုအင်းချပ်သည် ဆန်းလျန်နှင့် တစ်ထေရာတည်း တူသည့် လူငယ်တစ်ယောက် အသွင်သို့ ချက်ချင်းပင် ကူးပြောင်း သွားလေသည်။
ဆန်းလျန် အသုံးပြုလိုက်သည့် အင်းချပ်ထဲတွင် နတ်ဘုရား ကျင့်စဉ် တစ်ခုဖြစ်သည့် "အသွင်သုံးပါး ဖန်ဆင်းခြင်းပညာ" ထည့်သွင်း ထားလေသည်။ အလွန်အဖိုးတန်သည့် အင်းချပ်ဖြစ်ပြီး ချင်းရွှမ် နတ်တံခါးတွင် တစ်ခုသာ ကျန်ရှိတော့သည်။ ဆန်းလျန် အနေဖြင့်လည်း မသုံးမဖြစ်သည့် အတွက်သာ သုံးရခြင်း ဖြစ်လေသည်။
အင်းချပ်ထဲတွင် ထည့်သွင်းထားသည့် "အသွင်သုံးပါး ဖန်ဆင်းခြင်းပညာ" ဖြင့် ဖော့ဝမ့်အဆင့် ကျင့်ကြံသူ သုံးယောက်ကို ဖန်ဆင်း နိုင်လေသည်။ သို့သော် နှစ်ပေါင်းများစွာ ကြာခဲ့ပြီးသည့်နောက် ဖော့ဝမ့်အဆင့် ကျင့်ကြံသူ နှစ်ယောက်ကို ဖန်ဆင်း အသုံးပြုခဲ့ပြီး ယခု တစ်ယောက်သာလျှင် ဖန်ဆင်း၍ ရတော့မည်။ သို့သော် ဆန်းလျန် အတွက်တော့ အသုံးဝင်နေဆဲ ဖြစ်လေသည်။
ဖန်ဆင်းထားသည့် ဖော့ဝမ့် အဆင့်ကျင့်ကြံသူသည် တစ်နေ့တခြား တန်ခိုးစွမ်းအား လျော့နည်းလာမည် ဖြစ်ပြီး ရက်ပေါင်း သုံးဆယ်ကြာလျှင် အလိုလို ပျောက်ကွယ် သွားမည် ဖြစ်လေသည်။ လူပေါင်းများစွာကို ကိုယ်ပွားအဖြစ် ပြောင်းလဲပစ်နိုင်သည့် ယန်ရွှီး၏ ပကတိ ဖန်ဆင်းခြင်း ပညာနှင့် ယှဉ်လိုက်လျှင်တော့ ခြေဖျားပင် မီမည် မဟုတ်ပေ။
ကိုယ်ပွား ဖန်ဆင်းနိုင်သည့် ကျင့်စဉ်မှာ အနည်းငယ်သာ ရှိပြီး လောက နတ်ဘုရားများသာလျှင် ကျင့်ကြံ နိုင်လေသည်။ ယန်ရွှီး ကျင့်ကြံထားသည့် ပကတိ ဖန်ဆင်းခြင်း ပညာမှာတော့ အလွန်မှ ထူးဆန်းပြီး ရှားပါးသည့် ပညာရပ်တစ်ခု ဖြစ်လေသည်။
အမှန်တော့ အသွင်သုံးပါး ဖန်ဆင်းခြင်း ပညာမှာ ကိုယ်ပွား ဖန်ဆင်းသည့် ကျင့်စဉ်တစ်ခု မဟုတ်ပေ။ ထိုပညာကို တီထွင်ခဲ့သူမှာ တာအိုဆရာသခင် ထိုက်စန့် ဖြစ်ပြီး ကျင့်စဉ်လမ်း အဆင့်တက်ရန် အတွက်သာ တီထွင်ခဲ့ခြင်း ဖြစ်လေသည်။ သို့သော် ရှေးခေတ် အချိန်များ ကတည်းကပင် ထိုပညာကို ကျင့်ကြံ အောင်မြင်သည့်သူ အနည်းငယ်သာ ရှိလေရာ ယခု အချိန်တွင်တော့ ကျင့်ကြံသူ မရှိသလောက် နည်းပါးခဲ့ပြီ ဖြစ်လေသည်။
ဖော့ဝမ့် အဆင့် ကျင့်ကြံသူ တစ်ယောက်မျှ ဖန်တီးနိုင်ရုံဖြင့် ချင်းရွှမ် နတ်တံခါး အတွက်လည်း အသုံးမဝင်လှသည့် အတွက် ဆန်းလျန်က ထိုအင်းချပ်ကို ကိုယ်ကျိုးအတွက် အသုံးပြုလိုက်ခြင်း ဖြစ်လေသည်။
ဆန်းလျန်အနေဖြင့် ကိုယ်တိုင် ဝင်ရောက်ခြင်း မရှိဘဲ ကိုယ်ပွား ဖန်ဆင်းပြီး ဝင်ရခြင်းမှာ အကြောင်း ရှိလေသည်။
အဘယ်ကြောင့်ဆိုသော် ထိုက်စု နတ်ဘုရားဂိုဏ်း အတွင်းသို့ ဝင်ပြီးပါက ပြန်ထွက်လာနိုင်ရန် လမ်းမမြင်ပေ။ ထို့ကြောင့် သူက ထိုသို့ ပြုလုပ်ရခြင်း ဖြစ်လေသည်။
သူက တူမလေးဖြစ်သူ ရော့ရှီကို ရှာဖွေချင်လွန်း၍သာ ယခုကဲ့သို့ ပြုလုပ်ရခြင်း ဖြစ်ပြီး သူမကို ပြန်ခေါ် မလာနိုင်သည့်တိုင် သူမ၏ အခြေအနေ မည်သို့ ရှိသည်ကို သိချင်မိလေသည်။ မဟုတ်လျှင် သူ့ဘဝ တစ်ခုလုံး နောင်တရ၍ ဆုံးမည် မဟုတ်တော့ပေ။
ထိုက်စု နတ်ဘုရားဂိုဏ်းမှာ အလွန် ထူးဆန်းသည့် နတ်ဘုရား ဂိုဏ်းတစ်ခု ဖြစ်သည့် အတွက်ကြောင့် ဂိုဏ်းအတွင်းသို့ ဝင်ရောက်ရသည် စွန့်စားရသည့် အလုပ်တစ်ခုပင် ဖြစ်လေသည်။
ဆန်းလျန်က သူ၏ ကိုယ်ပွား အတွင်းသို့ သူ၏ စိတ်အာရုံ စူးစိုက်မှုများကို ထည့်သွင်း ပေးလိုက်လေသည်။ ထိုသို့ ထည့်သွင်းပေးလိုက်သည်နှင့် သူ၏ စိတ်မှာ ပေါ့ပါးသွားပြီး မီရာတွယ်ရာ ကင်းမဲ့သွားသကဲ့သို့ ခံစား လိုက်ရလေသည်။
ထို့နောက်တွင်တော့ ဆန်းလျန်၏ ကိုယ်ပွားသည် ကွန်ရက်များဖြင့် ဖွဲ့စည်းထားသည့် မြောက်ဖျား အလင်းတန်း အတွင်းသို့ ဝင်ရောက် သွားလေတော့သည်။
ဝိညာဉ်စွမ်းအား ကွန်ရက်များ အတိုင်း လိုက်ပါ သွားပြီးသည့်နောက် တုန်ခါနေသည့် နေရာတစ်ခုသို့ ရောက်ရှိ လာလေသည်။ ထိုနေရာအတွင်းသို့ သူပြုတ်ကျသွားပြီး မှန်ရောင်ကဲ့သို့ ကြည်လင်သည့် ရေကန်တစ်ခုကို တွေ့ရလေသည်။ ရေကန် ပတ်ဝန်းကျင်တွင် မြူနှင်းများ ဝန်းရံနေလေသည်။
ဆန်းလျန်က ကိုယ်ယောင် ဖျောက်ထားလိုက်ပြီး အခြေအနေကို လေ့လာနေလိုက်သည်။
ထိုစဉ်…
အဝေးတစ်နေရာမှ အဝါရောင် တိမ်တိုက်တစ်ခု လွင့်မျော လာလေသည်။ တိမ်တိုက် အတွင်းမှ အလွန်ချောမော လှပသည့် အဝါရောင်ဝတ် မိန်းမပျိုတစ်ယောက် ထွက်ပေါ် လာလေသည်။
သူမက ကျောက်ဆောင် တစ်ခုဘေးတွင် ရပ်လိုက်ပြီး မှန်သားကဲ့သို့ ကြည်လင်သည့် ရေကန်ကို ငေးကြည့် နေလေသည်။ ထို့နောက် သူမ၏ အဝတ်အစားများကို ချွတ်လိုက်ပြီး ရေကန် အတွင်းသို့ ဆင်းသွားလေသည်။
ကိုယ်ယောင် ဖျောက်ထားသည့် ဆန်းလျန်မှာ မျက်မှောင်တစ်ချက် ကြုတ်လိုက်မိသည်။ ကျင့်ကြံသူ မိန်းကလေး တစ်ယောက်သည် ရေကန်ထဲတွင် အဘယ်ကြောင့် ရေလာချိုး ရပါသနည်း။
ထိုက်စု နတ်ဘုရားဂိုဏ်းမှာ ချင်းရွှမ် နတ်တံခါးကဲ့သို့ပင် အသက်ဓာတ် စွမ်းအားများ ပြည့်ဝနေသည့် နေရာတစ်ခု ဖြစ်လေသည်။ ကြည်လင်နေသည့် ရေကန်မှာလည်း ဝိညာဉ် စွမ်းအားများနှင့် ပြည့်ဝနေပြီး အလွန်သန့်စင်နေလေသည်။
သို့သော် ကျင့်ကြံသူ တစ်ယောက်၏ ကိုယ်ခန္ဓာလောက် ရေကန်က သန့်စင်ခြင်း မရှိနိုင်ပေ။
ကိုယ်ခန္ဓာတွင် အညစ်အကြေးများ ရှိနေလျှင်လည်း ကျင့်ကြံသူများအနေဖြင့် တန်ခိုး စွမ်းအားဖြင့် ဖယ်ရှား ပစ်နိုင်လေသည်။ ရေချိုးရန် မလိုအပ်လှပေ။ သို့သော် အဘယ့်ကြောင့် ထိုမိန်းကလေးက ရေချိုး နေရပါသနည်း။ ရေကူးရသည်ကို ဝါသနာပါလို့ များလားဟု ဆန်းလျန် တွေးလိုက်မိသည်။
ဆန်းလျန်မှာ မိန်းကလေးများရေချိုးသည်ကို ခိုးကြည့် တတ်သူမျိုး မဟုတ်ပါ။
သို့သော် သူ့မှာလည်း အခြေအနေကို မသိရသေးသည့်အတွက် ခိုးကြောင်ခိုးဝှက် ဖြစ်နေရလေသည်။ ထိန်မိန်းကလေးကို ရော့ရှီလေးကို ရှာဖွေရန်အတွက် အသုံးချရန် ဆန်းလျန် တွေးလိုက်မိသည်။
အခြေအနေက အနည်းငယ်တော့ ကြောင်တောင်တောင် နိုင်လေသည်။
ထို့ကြောင့် ဆန်းလျန်က တစ်ခဏမျှ လုပ်သင့် မလုပ်သင့် ချီတုံချတုံ ဖြစ်နေသေးသည်။
နောက်ဆုံးတွင်တော့ ဆုံးဖြတ်ချက် ကျသွားပြီး ဆန်းလျန်၏ လက်မှ အလင်းရောင်တစ်ချက် လက်ခနဲ ပေါ်ထွက်လာကာ မိန်းမပျို ရေချိုးနေသည့် ရေကန် တစ်ခုလုံးမှာ အေးခဲသွားလေသည်။
ဆန်းလျန်က ရေခဲ အလင်းတန်ခိုး စွမ်းအားကို အသုံးပြုလိုက်ခြင်း ဖြစ်လေသည်။ အဝါရောင်ဝတ် မိန်းကလေးမှာ ရုဟွ အဆင့်ကျင့်ကြံသူ တစ်ယောက်မျှသာ ဖြစ်သည့်အတွက် ဆန်းလျန်၏ ရေခဲအလင်း စွမ်းအားကို မခုခံနိုင်ခဲ့ပေ။
ရေခဲထဲတွင် အဝတ်အစားမရှိဘဲ ပိတ်မိနေသည့် မိန်းမပျိုလေးသည် ထိတ်လန့် တုန်လှုပ် နေလေသည်။ ဘာဖြစ်လို့ ဖြစ်သွားမှန်းပင် သူမမှာ သိရှိလိုက်ခြင်း မရှိပေ။
ဆန်းလျန်မှာ မိန်းမပျို၏ အဝတ်အစားများကို ယူလိုက်ပြီး ရေညှိများ တက်နေသည့် ကျောက်တုံးကြီး တစ်တုံးနောက်သို့ ဝင်ပုန်းနေလိုက်သည်။ ကျောက်တုံးကြီး ပတ်ဝန်းကျင်တွင် မက်မွန်ပင်များ ကာရံ ထားလေသည်။
ထို့နောက် ဆန်းလျန်က ရေခဲ အလင်းများကို အရည် ပျော်စေလိုက်ပြီး အဝတ်အစားများကို မိန်းမပျိုထံသို့ တန်ခိုး စွမ်းအားသုံးကာ ပစ်ပေးလိုက်သည်။
"အဝတ်အစား အရင်ဝတ်လိုက်ပါဦး"
ထိုက်စု နတ်ဘုရားဂိုဏ်းမှာ မိန်းကလေးများကိုသာ သီးသန့် လက်ခံသည့် နတ်ဘုရား ဂိုဏ်းတစ်ခု ဖြစ်လေသည်။ ထိုက်စု နတ်ဘုရားဂိုဏ်းမှ မိန်းမပျိုများမှာ လွန်စွာမှ ချောမော လှပကြသည်။
ယခု အဝါရောင်ဝတ် မိန်းမပျိုလေးမှာလည်း ကျောက်ရှောင်ယွီလောက် လှပခြင်း မရှိသည့်တိုင် အလွန် ချောမောသည်ဟု ဆိုနိုင်လေသည်။
သူမက ဆန်းလျန်ကို တွေ့လိုက်သည့် အခါတွင်တော့ မူးမေ့ သတိလစ် မတတ် ဖြစ်သွားရလေသည်။ ချောမောလှပပြီး နူးညံ့ သိမ်မွေ့သည့် ယောကျ်ားပျို တစ်ယောက်ကို မြင်တွေ့ လိုက်ရသည့် အတွက် ရင်ထဲတွင်လည်း များစွာ တုန်လှုပ်သွားရသည်။
ကျင့်ကြံသူများသည် ရမ္မက်ဆန္ဒများ နည်းနိုင်သမျှ နည်းအောင် ကြိုးစားကြသည့်တိုင် တစ်ခါတစ်ရံတွင်တော့ ထိုဆန္ဒကို မလွန်ဆန်နိုင်ကြပေ။ အချို့ကျင့်ကြံသူများက ယင်စွမ်းအားကို ယန်စွမ်းအားဖြင့် ဖြည့်ဆည်း ကျင့်ကြံ ကြလေသည်။ ထို့ကြောင့် ဘဝလက်တွဲဖော် ရှာဖွေကြခြင်း ဖြစ်လေသည်။
ထိုက်စု နတ်ဘုရားဂိုဏ်းမှ ကျင့်ကြံသူ မိန်းကလေးများသည် အလွန်သန့်စင်သည့် အပျိုစင် စစ်စစ်လေးများ ဖြစ်ကြလေသည်။ သို့သော် သူတို့ လူ့လောကသို့ သွားရောက်ကြသည့် အခိုက်အတန့်တွင် ရိုင်းစိုင်းသော ကျင့်ကြံသူများ၏ အတင်းအဓမ္မ သိမ်းပိုက်ခြင်းများကို ခံရသည်လည်း ရှိလေသည်။
သို့သော် ထိုက်စု နတ်ဘုရားဂိုဏ်းမှ ကျင့်စဉ်များမှာ တန်ခိုးစွမ်းအား အလွန်ထက်မြက်ရကား ထိုသို့ အတင်းအဓမ္မ သိမ်းပိုက်သည့် ကျင့်ကြံသူများမှာ အဆုံးသတ် မလှကြသည်က များလေသည်။
ယခု ထိုက်စု နတ်ဘုရား ဂိုဏ်းအတွင်းသို့ ဝင်ရောက်လာသည့် လူငယ်မှာ သူမကို အတင်းအဓမ္မ သိမ်းပိုက်လိုသည့် မိစ္ဆကျင့်ကြံသူ များလေလား။ အတွေးက သူမကို ကြောက်ရွံ့ တုန်လှုပ်စေသည်။
ထိုက်စု နတ်ဘုရား ဂိုဏ်းအတွင်းသို့ ယောကျ်ားလေး တစ်ယောက် ခိုးဝင်လာသည်မှာ ပထမဆုံး အကြိမ် ဖြစ်လေသည်။
မြောက်ဖျား အလင်းကို ထိုးဖောက် ဝင်ရောက် လာနိုင်သူသည် ပုရွှီး အဆင့်ထက် မနိမ့်သော ကျင့်ကြံသူ ဖြစ်ရပေမည်။
ဆန်းလျန်က ကြက်သေသေနေသည့် အဝါရောင်ဝတ် မိန်းကလေး၏ သွေးချော ဆုံချက်များ အားလုံးကို ပိတ်ပစ် လိုက်သည်။ ထို့ကြောင့် သူမ၏ တန်ခိုးစွမ်းအားများ အသုံးပြု၍ မရတော့ပေ။ သူမ အော်ဟစ် လိုက်ရမလား၊ သို့မဟုတ် တစ်စုံတစ်ယောက် ကြားအောင် စိတ်စွမ်းအားဖြင့် ဆုတောင်း လိုက်ရမလား စဉ်းစားနေမိသည်။
သို့သော် ဆန်းလျန်က သူမကို အဝတ်အစားများ ဝတ်လိုက်ရန် ပြောသည့်အတွက် သူမကို အတင်း အဓမ္မပြုကျင့်မည့် မိစ္ဆာကျင့်ကြံသူ တစ်ယောက်တော့ မဖြစ်နိုင်ဟု တွေးလိုက်မိသည်။
သို့သော် သူမ၏ ဝတ်လစ်စလစ် ခန္ဓာကိုယ်ကို ယောကျ်ားပျို တစ်ယောက် တွေ့မြင် သွားသည့် အတွက် သူမမှာ ရှက်နေမိလေသည်။ ဒီနေ့ ရေလာချိုးမိတာ မှားတာပဲ ဟူ၍သာ ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲမိတော့သည်။
ဆန်းလျန်၏ပုံမှာ နူးညံ့ ချောမောလွန်းသည့် အတွက် သူမစိတ်ထဲတွင် စက်ဆုပ် ရွံရှာခြင်းတော့ မဖြစ်မိပေ။
ထို့ပြင် ဆန်းလျန်မှာ ကိုယ်ပွား ရုပ်သွင်ဖြစ်သည့် အတွက် တန်ခိုးစွမ်းအားများက ပိုပြီး သန့်စင်နေကာ လောကမှ အခြားသော ယောကျ်ားလေးများနှင့် မတူဘဲ ကွဲပြား ခြားနားနေလေသည်။
မိန်းကလေးက အဝတ်များကို ကမန်းကတန်း ပြန်ဝတ်လိုက်သည်။
သူမခန္ဓာကိုယ်ပေါ်တွင် ရေစက်လေးများ ထင်ကျန်နေပြီး အနက်ရောင် ဆံနွယ်များမှာလည်း ရေများ စိုနေသည့် အတွက် သူမ၏ပုံစံမှာ နှင်းစက်လေးများ စိုနေသည့် ကြာပန်းလေး တစ်ပွင့်နှင့်ပင် တူလေသည်။
ကမ္ဘာ့ထိပ်တန်း အလှတရား တစ်ခုကို မြင်တွေ့ နေရသည့်တိုင် ဆန်းလျန် ရင်ထဲတွင် မည်သို့မျှ မခံစားရပါ။
ထို့ပြင် သူ၏ ကိုယ်ပွားမှာလည်း တန်ခိုးစွမ်းအားဖြင့် ဖန်ဆင်းထားသည့် ကိုယ်ပွား တစ်ခုမျှသာ ဖြစ်သည့်အတွက် ရမ္မက်ဆန္ဒ တစ်စက်မျှ မရှိပေ။
သို့သော် မိန်းမပျိုလေးမှာ ရှက်နေလေတော့သည်။ ထို့ကြောင့် ဆန်းလျန်က သူမ စိတ်တည်ငြိမ် သွားသည်အထိ စောင့်နေလိုက်လေသည်။
"ရှင်ကဘယ်သူလဲ ၊ ထိုက်စု နတ်ဘုရား ဂိုဏ်းထဲကို ဘာ့ကြောင့် ခိုးဝင်လာရတာလဲ"
အဝါရောင် မိန်းကလေးမှာ အနည်းငယ် စိတ်တည်ငြိမ် သွားသည်နှင့် ဆန်းလျန်ကို မေးခွန်း ထုတ်လိုက်လေသည်။
"လူပြန်ဝင်စားတဲ့ ယွမ်ကျွင်း ဧကရီ ဘယ်မှာလဲ မင်းသိလား"
ဆန်းလျန်က မေးလိုက်လေသည်။
အဝါရောင် မိန်းကလေးမှာ အံ့သြသွားပြီး…
"လူပြန်ဝင်စားတဲ့ ယွမ်ကျွင်း ဧကရီဆိုတာ ဘယ်သူလဲ"
ဟု ပြန်မေးလိုက်လေသည်။
သူမ၏ စိတ်ခံစားချက်နှင့် အမူအရာများမှာ လိမ်ပြောနေခြင်း မဟုတ်ကြောင်း ဆန်းလျန် ရိပ်မိလိုက်သည်။
"လွန်ခဲ့တဲ့ ခုနစ်နှစ်လောက်က မင်းတို့ဂိုဏ်းက ခေါ်သွားတဲ့ အသက် လေးငါးနှစ်လောက် အရွယ် ကလေးမလေး တစ်ယောက်လေ၊ သူမပုံစံက ဒီလိုမျိုး ၊ သူမက ကျုပ်တူမလေးပဲ"
ဆန်းလျန်က ကျောက်ဆောင်ပေါ်တွင် သူ၏ လက်ချောင်းများဖြင့် ရော့ရှီလေး၏ မျက်နှာကို ပုံဆွဲ ပြလိုက်သည်။ ရော့ရှီလေး၏ မျက်နှာမှာ ထင်ရှားစွာ ပေါ်လာလေသည်။
ကျောက်ဆောင်ထက်မှ ကလေးမလေး၏ ပန်းချီပုံမှာ အလွန်ချစ်စရာ ကောင်းပြီး အသက်ဝင် လွန်းလှသည်။ သူမ၏ မျက်လုံးများမှာ ဝိုင်းစက် လှပနေလေသည်။
ဆန်းလျန်ပဲ ပန်းချီဆွဲ တော်ခြင်းလေလား၊ ထိုကလေးမလေးကပဲ တကယ် လှပလွန်းခြင်းလား မဝေခွဲနိုင်ပေ။
"သူမကို တစ်ခါမှ မတွေ့ဖူးပါဘူး"
မိန်မပျိုက ပြန်ဖြေ လိုက်လေသည်။
အဝါရောင်မိန်းကလေးက ဆန်းလျန်မှာ ကလေးမလေးတစ်ယောက်ကို ရှာဖွေရန်အတွက် ထိုက်စု နတ်ဘုရားဂိုဏ်းသို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း သိရှိလိုက်ရသည့် အတွက် စိတ်အေး သွားရလေသည်။ သူမက ကျင့်ကြံသူ တစ်ယောက် ဖြစ်သည့်တိုင် မိန်းကလေး တစ်ယောက် ဖြစ်လေသည်။ ထို့ကြောင့် သူမဘ၀ တစ်ခုခု ဖြစ်သွားမည်ကိုတော့ ကြောက်လေသည်။
သို့သော် တူမလေးကို ရှာဖွေရန်အတွက် ထိုက်စု နတ်ဘုရား ဂိုဏ်းအတွင်းသို့ စွန့်စား ဝင်ရောက်လာသည့် လူငယ်သည် မည်သို့မျှ လူဆိုးတစ်ယောက် မဖြစ်နိုင်ပေ။
ဆန်းလျန်မှာ ယခင်တစ်ချိန်က "တူမလေးအတွက် စိတ်ပူစရာမရှိ" ဟု မြွေမိစ္ဆာကြီး ကျင်းချင်းကို စေလွှတ်ပြီး ဆရာသခင် ကျန်းရော့ရွှီး အမှာစကား ရှိခဲ့သည်ကို သတိရနေမိလေသည်။
ဆရာသခင် ကျန်းရော့ရွှီးကတော့ သူ့ကို လိမ်ပြောမည့်သူ မဟုတ်ပေ။
ထို့ပြင် ထိုက်စု နတ်ဘုရားဂိုဏ်းမှ ရော့ရှီလေးကို ခေါ်ဆောင် သွားသည်မှာလည်း အသေအချာပင် ဖြစ်လေသည်။ ထိုနေ့က မိန်းမပျို သုံးဦး ဝတ်ဆင်ထားသည့် အဝတ်အစားများက သက်သေ ဖြစ်လေသည်။ ထို့ပြင် ထိုက်စု နတ်ဘုရားဂိုဏ်းနှင့် ပတ်သက်သည့် မှတ်တမ်း မှတ်ရာများစွာကို ဆန်းလျန် လေ့လာ ထားခဲ့လေသည်။
"ကျွန်မက ထိုက်စု နတ်ဘုရားဂိုဏ်းကို ရောက်တာ သုံးနှစ်ပဲ ရှိပါသေးတယ်၊ အရင်က ရွှမ်ကျန်း ကျောင်းတော်ကပါ၊ ကြည့်ရတာ ဒီကလေးမလေးက ကျွန်မတို့ ဂိုဏ်းထဲမှာ ရှိပေမယ့် ကျွန်မက မသိတာလည်း ဖြစ်နိုင်ပါတယ်"
မိန်းမပျိုက ပြောလိုက်လေသည်။
ရွှမ်ကျန်း ကျောင်းတော်ဆိုသည်မျာ မြောက်ဖျားရှိ တိုင်းပြည် တစ်ခုတွင် တည်ရှိသည့် ကျောင်းတော်တစ်ခု ဖြစ်လေသည်။ ထိုကျောင်းတော်တွင် ကျင့်ကြံသူ မိန်းကလေးများ အများအပြား ရှိကြလေသည်။
ရွှမ်ကျန်း ကျောင်းတော်မှာ ထိုက်စု နတ်ဘုရား ဂိုဏ်း၏ အနွယ်တော် ဂိုဏ်းခွဲတစ်ခု ဖြစ်လေသည်။
ရှင်သန်စေခြင်း ကျောင်းတော်မှာ ချင်းရွှမ်နတ်တံခါး၏ အနွယ်တော် ဂိုဏ်းခွဲ ဖြစ်သကဲ့သို့ပင် ဖြစ်လေသည်။
ထိုက်စု နတ်ဘုရားဂိုဏ်းသည် ရွှမ်ကျန်း ကျောင်းတော်မှ တပည့်များကို အချိန်ကြာမြင့်စွာ စောင့်ကြည့် လေ့လာပြီးမှ ထိုက်စု နတ်ဘုရားဂိုဏ်းသို့ ခေါ်ဆောင် လေသည်။ သို့သော် ရွှမ်ကျန်း ကျောင်းတော်မှ ထိုက်စု နတ်ဘုရားဂိုဏ်းသို့ ဝင်ခွင့်ရသည့် တပည့်များမှာ မရှိသလောက် ရှားပါး လေသည်။
ထိုက်စုနတ်ဘုရားဂိုဏ်းသည် မြောက်ဖျားဒေသတွင် သြဇာ လွှမ်းမိုးမှု များစွာရှိလေသည်။
ထိုက်စု နတ်ဘုရားဂိုဏ်းက တပည့်သစ် စုဆောင်းခြင်းသည့် ပုံစံကလည်း ထူးခြားလေသည်။ သူတို့က မြောက်ဖျား တိုင်းပြည်များနှင့် မျိုးနွယ်စုများမှ အရည်အချင်း ရှိသည့် မိန်းကလေး ငယ်လေးများကို ငယ်စဉ်ကပင် ထိုက်စု နတ်ဘုရားဂိုဏ်းသို့ ခေါ်ဆောင်ကာ လေ့ကျင့် သင်ကြားပေးခြင်းကို ပြုလုပ်လေသည်။
အဝါရောင်ဝတ် မိန်းမပျိုလေးမှာ ငယ်စဉ်ကပင် ထိုက်စု နတ်ဘုရား ဂိုဏ်းသို့ ခေါ်ဆောင်ခြင်း ခံရသူ တစ်ယောက် မဟုတ်ပေ။ ထို့ကြောင့် သူမသည် အဆင့်မြင့် တပည့်တစ်ယောက် မဖြစ်နိုင်ပေ။
ရွှမ်ကျန်းကျောင်းတော်မှ ထိုက်စုနတ်ဘုရားဂိုဏ်းသို့ အကြောင်းတစ်ခုခုဖြင့် ဝင်ရောက်ခွင့် ရလာသည့် တပည့် တစ်ယောက်သာ ဖြစ်လေသည်။
ထိုအချိန်မှာပင် သာယာသည့် ခေါင်းလောင်းသံများ ထွက်ပေါ်လာပြီး အဝေးတစ်နေရာတွင် နန်းတော်ကြီး တစ်ခု ပေါ်လာလေသည်။
ခေါင်းလောင်းသံများမှာ နန်းတော်ကြီးဆီမှ ထွက်ပေါ်လာခြင်း ဖြစ်လေသည်။
"ရှင်အမြန် ထွက်သွားသင့်တယ်၊ နန်းတော်သခင်မသာ ရှင့်ကို ဖမ်းမိသွားရင် လွတ်နိုင်မှာ မဟုတ်ဘူး"
အဝါရောင် မိန်းကလေးက ဆန်းလျန်ကို ပြောလိုက်သည်။
နန်းတော် သခင်မဆိုသူမှာ ထိုက်စု နတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်ရမည်ဟု ဆန်းလျန် တွေးလိုက်သည်။
ထိုက်စု နတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်မှာ နှစ်ပေါင်း နှစ်ရာနီးပါး ကျင့်ကြံနေခဲ့သည့် ကျင့်ကြံသူ တစ်ဦးဖြစ်ပြီး ရန်သူအားလုံးကို အရှုံးမရှိ အနိုင်ယူထားသည့် နတ်သမီးတစ်ပါး ဖြစ်လေသည်။
ထို့ကြောင့် ရော့ရှီလေး၏ အခြေအနေကို မသိရသေးခင် ဆန်းလျန်က သူမနှင့် တွေ့ဆုံ လိုစိတ် မရှိပါ။
ထို့ပြင် ထိုက်စု နတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်အပြင် လွန်ခဲ့သည့် မျိုးဆက်မှ လောကနတ်ဘုရား သုံးပါးလည်း ရှိနေသေးသည်။
ထိုနတ်ဘုရား သုံးပါးမှာ အပြင်သို့ ထွက်လာခဲ့လေသည်။
ထိုနတ်ဘုရားသုံးပါးသာ ပေါ်ထွက်လာခဲ့လျှင် ဆန်းလျန်မှာ ရော့ရှီကို ရှာနိုင်တော့မည် မဟုတ်သလို သူ၏ ကိုယ်ပွားကိုလည်း ကြာရှည် ထိန်းထားနိုင်တော့မည် မဟုတ်ပေ။
***