လူပြန်ဝင်စားသည့် ယွမ်ကျွင်းဧကရီ
Vol. 3 Ch. 262
"ကျုပ်သွားပါတော့မယ်၊ မင်းက တကယ် စိတ်ကောင်းရှိတာပဲ၊ ဒီနေ့ မင်းကို နှောင့်ယှက်မိတာ တောင်းပန်ပါတယ်၊ ဒီ တန်ခိုးစွမ်းအား သန့်စင်တဲ့ ဂါထာက ကျုပ်ရေးစပ်ထားတာပါ၊ မင်းအတွက် အသုံးဝင်မယ် ထင်ပါတယ်"
ဆန်းလျန်က ပြောလိုက်လေသည်။
ထို့နောက် ဆန်းလျန်က လက်တစ်ဖက် ဝှေ့ယမ်း လိုက်လေသည်။ ကျောက်ဆောင်ထက်မှ ရော့ရှီ၏ ပန်းချီကားလေးပေါ်တွင် ဂါထာ တစ်ပုဒ်ပေါ်လာလေသည်။
ဆန်းလျန်၏ တန်ခိုးစွမ်းအားကို မိန်းမပျိုမှာ အံ့သြ သွားရလေသည်။
သူမက ဂါထာကို ဖတ်လိုက်သည်။ တန်ခိုး စွမ်းအား သန့်စင်စေသည့် အချက်များကို ပြောပြထားသည့် ဂါထာ တစ်ပုဒ်ဖြစ်ပြီး သူမ ထိုဂါထာကို ကောင်းကောင်း နားလည်နိုင်စွမ်း ရှိလေသည်။ သူမ ဆုံတွေ့ခဲ့ရသည့် လူငယ်မှာ မိစ္ဆာတစ်ယောက် မဟုတ်ကြောင်း ယုံကြည် စိတ်ချသွားပြီး ဒေါသ ထွက်မိခြင်း မရှိတော့ပေ။
ထိုလူငယ်က တူမလေးကို ရှာဖွေရန် အတွက် ရောက်လာခြင်း ဖြစ်လေသည်။ ထိုလူငယ်၏ ရင်ထဲမှ တူမလေး အပေါ် ထားရှိသည့် မေတ္တာတရားကို သူမ ခံစားမိလေသည်။ သို့သော် လူငယ်သည် အဘယ့်ကြောင့် ထိုက်စု နတ်ဘုရားဂိုဏ်းသို့ တိုက်ရိုက် လာရောက် တွေ့ဆုံကာ မမေးမြန်းဘဲ ခိုးချောင် ခိုးဝှက်ဖြင့် ဝင်လာ ရပါသနည်းဟု တွေးနေမိလေသည်။
သူမက ထွက်ခွာရန် ပြင်နေသည့် ဆန်းလျန်ကို လှမ်းကြည့် လိုက်ရင်း…
"ရှင့်နာမည် ဘယ်လို ခေါ်ပါသလဲ၊ ရှင်ပြောတဲ့ ကလေးမလေးကို ရှာတွေ့ရင် ကျွန်မ အကြောင်း ကြားလိုက်မယ်လေ"
ဆန်းလျန်က ခေါင်းတစ်ချက် ခါယမ်း ပြလိုက်ပြီး ထွက်ခွာရန် ပြင်လိုက်သည်။
"ကျွန်မနာမည်က ယန်မြောင်ယွင်ပါ၊ ရှင်အဖမ်းခံခဲ့ရရင် ကျွန်မနာမည် ပြောလိုက်လို့ ရပါတယ်"
ဆန်းလျန်က သူမကို လှည့်ကြည့်ပြီး တစ်ချက် ပြုံးလိုက်သည်။
"ကောင်းပါပြီ"
မျက်စိတစ်မှိတ် အတွင်းမှာပင် ဆန်းလျန် ပျောက်ကွယ် သွားလေသည်။
ထိုအချိန်မှာပင် ရေကန်နားသို့ ရွေ့လျားလာနေသည့် အဖြူရောင် တိမ်တိုက် တစ်ခုကို တွေ့လိုက် ရလေသည်။
ယန်မြောင်ယွင်က သူမ၏ အဝတ်အစားများကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ကမန်းကတန်း ပြင်ဆင်လိုက်ပြီး ကောင်းကင်ထက်သို့ ပျံတက် သွားလေသည်။
အဖြူရောင် တိမ်တိုက်သည် ယန်မြောင်ယွင်ရှေ့သို့ ရောက်လာလေသည်။ တိမ်တိုက်ပေါ်တွင် အဖြူရောင် ဝတ်ဆင်ထားသည့် မိန်းကလေး တစ်ယောက် ရှိလေသည်။ သူမက ဆံပင်ကို တြိဂံ ပုံသဏ္ဌာန် ထုံးဖွဲ့ထားပြီး ဆံပင်ရှည်များမှာ ခါးထိ ရှည်လျားလေသည်။ အသားအရေမှာလည်း နှင်းပွင့်ကဲ့သို့ ဖြူစင် လွန်းလေသည်။
သို့သော် သူမက ယန်မြောင်ယွင်လောက် ချောမော လှပခြင်း မရှိပေ။ တချွင်ချွင် မြည်သံ သာယာစွာ ထွက်ပေးနေသည့် ကျောက်စိမ်း ပြားလေး တစ်ခုကို သူမ၏ခါးတွင် ချိတ်ဆွဲ ဝတ်ဆင် ထားလေသည်။
"ဂိုဏ်းတူအစ်မ လျိုစူး"
ယန်မြောင်ယွင်က နှုတ်ဆက် လိုက်သည်။
အဖြူရောင်ဝတ် မိန်းကလေးမှာ လျိုစူး ဖြစ်လေသည်။ သူမက ပိုင်စုခန်းဆောင်မှ ဂိုဏ်းတူအစ်မ ဖြစ်ပြီး နောင်တစ်ချိန်တွင် သူမသည် ပိုင်စုခန်းဆောင်၏ နန်းဆောင်သခင်မ ဖြစ်လာမည့် မိန်းမပျို ဖြစ်လေသည်။
ထိုက်စု နတ်ဘုရားဂိုဏ်းမှ တပည့်များ အားလုံးက ထိုက်စု နန်းတော်တွင်ပင် နေထိုင် ကြလေသည်။
ထိုက်စု နတ်ဘုရား ဂိုဏ်း၏ ဂိုဏ်းချုပ်မှာ နန်းတော် သခင်မဖြစ်ပြီး နန်းတော်သခင်မ၏ လက်အောက်တွင် ကျီစု နန်းဆောင်သခင်မ၊ ဟွမ်စု နန်းဆောင်သခင်မနှင့် ပိုင်စု နန်းဆောင် သခင်မများ ရှိကြလေသည်။
လျိုစူးမှာ နန်းတော်သခင်မ အားထားရသည့် တပည့်တစ်ယောက် ဖြစ်လေသည်။ သူမက အသက်ငယ်စဉ်ကပင် ပိုင်စုနန်းဆောင်တွင် ပညာသင်ကြားခဲ့သူ ဖြစ်လေသည်။
ယန်မြောင် ယွင်ကတော့ ဟွမ်စုနန်းဆောင်မှ တပည့် တစ်ယောက် ဖြစ်လေသည်။
"မြောင်ယွင် မင်းသမီးလေး၊ ဘယ်လိုလုပ် ဒီကို ရောက်နေရတာလဲ၊ ဒီနေ့ ငါတို့ဂိုဏ်းထဲကို လူတစ်ယောက် ခိုးဝင်လာတယ် သိလား၊ နန်းတော်သခင်မက အဲဒီကိစ္စကို အသေးစိတ် စုံစမ်း ခိုင်းလိုက်တယ်၊ မင်းအားနေရင် အဲဒီ ခိုးဝင်တဲ့သူကို ငါနဲ့အတူ လိုက်ရှာပေးပါလား"
လျိုစူးက ပြောလိုက်လေသည်။
ယန်မြောင်ယွင်က ခိုးဝင်သည့် လူငယ်နှင့် ဆုံတွေ့ခဲ့သည့် အကြောင်းကို လျိုစူးကို ပြောပြသင့် မပြသင့် စဉ်းစားနေလေသည်။ ထို့နောက် ပြောမပြတော့ရန် ဆုံးဖြတ်လိုက်လေသည်။
ထိုလူငယ်မှာ တန်ခိုး စွမ်းအား ကြီးမားလေသည်။ သူမကသာ လျိုစူးကို ပြောပြလိုက်၍ လျိုစူးက ထိုလူငယ်ကို ရှာတွေ့သွားလျှင် နှစ်ဦးနှစ်ဖက် အကျိုးမရှိနိုင်ပေ။
နောက်တစ်ချက်မှာ ယန်မြောင်ယွင်က သနားတတ်သူ တစ်ယောက် ဖြစ်လေသည်။ သူမနှင့် တွေ့ခဲ့သည့် လူငယ်မှာ လူယုတ်မာ တစ်ယောက် မဟုတ်ပေ။ သူမကိုလည်း ဒုက္ခမပေးခဲ့ပေ။ သူ၏ တူမလေးကို ရှာဖွေရန် အတွက်သာ ထိုက်စု နတ်ဘုရားဂိုဏ်းသို့ ရောက်လာခြင်း ဖြစ်လေသည်။ ထိုက်စု နန်းတော်ဆီမှ အချက်ပေး ခေါင်းလောင်းသံများ ထွက်ပေါ်လာသည့် အချိန်တွင်ပင် သူမက ထိုလူငယ်ကို အမြန် ထွက်သွားရန် ပြောခဲ့သေးသည်။
တစ်နေရာသို့ ငေးနေရင်း အတွေးထဲတွင် နစ်မျောနေသည့် ယန်မြောင်ယွင်ကို လျှိုစူးက စိုက်ကြည့် နေလိုက်သည်။
"မြောင်ယွင် မင်းသမီးလေး၊ ဘာတွေ အတွေး လွန်နေတာလဲ၊ ဘာလဲ… ခိုးဝင်လာတဲ့ သူနဲ့များ တွေ့လိုက်လို့လား"
လျိုစူး၏ အမေးကို ယန်မြောင်ယွင်က ပျာပျာသလဲ ငြင်းလိုက်သည်။
"ဟင့်အင်း … မတွေ့ပါဘူး အစ်မလျိုစူး ၊ ပြီးတော့ ကျွန်မကို မင်းသမီးလေးလို့ မခေါ်ပါနဲ့၊ ရှက်စရာကြီး"
လျိုစူးက ယန်မြောင်ယွင်ကို အဖြူရောင် တိမ်တိုက်ပေါ်သို့ ဆွဲတင် လိုက်သည်။
"ဘာလို့ မင်းသမီးလေးလို့ မခေါ်ရမှာလဲ ၊ ငါဆိုရင် မင်းသမီး အရမ်းဖြစ်ချင်တာ၊ မဟုတ်ဘူး၊ ငါသာ ယောကျ်ားလေး ဖြစ်ရင် မြောင်ယွင် မင်းသမီးလေးရဲ့ ချစ်သူ ဖြစ်ချင်တာ"
လျိုစူးက ယန်မြောင်ယွင်၏ နားနားသို့ ကပ်ကာ ပြောလိုက်ခြင်း ဖြစ်လေသည်။ ယန်မြောင်ယွင်မှာ ထိုစကားများကြောင့် တစ်ကိုယ်လုံး ပျော့ခွေကျ မတတ် ဖြစ်သွားရလေသည်။
ဆန်းလျန်က မိန်းမပျို နှစ်ယောက်နှင့် မနီးမဝေးတစ်နေရာတွင် ပုန်းအောင်းနေခြင်း ဖြစ်လေသည်။
သူက အဖြူရောင်ဝတ် မိန်းမပျိုကို တွေ့လိုက်သည်နှင့် လွန်ခဲ့သည့် ခုနစ်နှစ်ခန့်က ရော့ရှီလေးကို ဖမ်းခေါ်သွားသည့် မိန်းကလေး သုံးယောက်မှ တစ်ယောက် ဖြစ်ကြောင်း ချက်ချင်း မှတ်မိလိုက်သည်။
ဆန်းလျန်မှာ ချင်းရွှမ်နတ်တံခါး၏ ဂိုဏ်းချုပ် တစ်ယောက် ဖြစ်နေသည့်တိုင် ထိုက်စု နတ်ဘုရားဂိုဏ်းသို့ တိုက်ရိုက် လာရောက်ခြင်း မရှိဘဲ ခိုးကြောင်ခိုးဝှက် ဝင်လာရသည်မှာ အကြောင်း ရှိလေသည်။
ထိုက်စု နတ်ဘုရားဂိုဏ်းမှာ ချင်းရွှမ် နတ်တံခါးကဲ့သို့ပင် နှစ်ပေါင်း တစ်သောင်းကျော် ကြာပြီ ဖြစ်သည့် အထင်ကရ နတ်ဘုရား ဂိုဏ်းကြီးတစ်ခု ဖြစ်လေသည်။ ထို့ပြင် အဓိက နတ်ဘုရား ဂိုဏ်းကြီး လေးဂိုဏ်းတွင်လည်း တစ်ဂိုဏ်း အပါအဝင် ဖြစ်လေသည်။
ရော့ရှီလေးမှာ ထိုက်စု နတ်ဘုရား ဂိုဏ်းတွင် အရေးပါသူ တစ်ယောက် ဖြစ်နိုင်လေသည်။
အကယ်၍ ဆန်းလျန်သာ ထိုက်စု နတ်ဘုရား ဂိုဏ်းသို့ ရောက်လာပြီး ရော့ရှီကို မေးမြန်းခဲ့လျှင် ထိုက်စု နတ်ဘုရားဂိုဏ်းက ရော့ရှီလေး အကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြလျှင် ကိစ္စမရှိပေ။ ထိုသို့မဟုတ်ဘဲ ရော့ရှီလေး မရှိဘူးဟု ငြင်းဆန်လိုက်ပါက နတ်ဘုရား ဂိုဏ်းနှစ်ဂိုဏ်း အချင်း များရပေမည်။
ထို့ကြောင့် ဆန်းလျန်က ရော့ရှီလေးအကြောင်းကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တိတ်တဆိတ် အရင်စုံစမ်းသည်က ပိုကောင်းသည်ဟု ယူဆခဲ့ခြင်း ဖြစ်လေသည်။ သူ့ကို ဖမ်းမိ သွားခဲ့လျှင်လည်း သူ၏ ကိုယ်ပွားကို ဖျက်ဆီး ပစ်လိုက်ရုံသာဖြစ်ပြီး ထိုက်စု နတ်ဘုရားဂိုဏ်းသို့ ခိုးဝင်သူမှာ ဆန်းလျန်ဖြစ်သည်ဟု မည်သူမျှ သိရှိမည်မဟုတ်ပေ။
သူ့ကို မဖမ်းမိသေးသရွေ့ ပြဿနာမရှိဘဲ ရော့ရှီလေး အကြောင်းကို စုံစမ်းနိုင်မည် ဖြစ်လေသည်။
ထို့ပြင် သူက ထိုက်စု နတ်ဘုရားဂိုဏ်းသို့ တိုက်ရိုက်လာခဲ့ပါက ထိုက်စု နတ်ဘုရားဂိုဏ်းက ရော့ရှီလေးကို အခြား တစ်နေရာသို့ ပို့ချင် ပို့ပစ် လိုက်နိုင်သေးသည်။ ထိုအခါ သူကလည်း ချင်းရွှမ် နတ်တံခါး၏ ဂိုဏ်းချုပ် တစ်ယောက် အနေဖြင့် သိက္ခာ ထိန်းချင်မှ ထိန်းနိုင်မည် ဖြစ်သည်။
ထိုက်စု နတ်ဘုရားဂိုဏ်းနှင့် ပြဿနာ ဖြစ်လျှင် သူ့အတွက် မည်သို့မျှ မကောင်းနိုင်ပေ။
ယန်မြောင်ယွင်က လျိုစူးကို သူနှင့်တွေ့သည့် အကြောင်း ပြောမပြသည့် အတွက် ဆန်းလျန်က အံ့သြ သွားမိသည်။ သူက လျိုစူးမှ တစ်ဆင့် ရော့ရှီအကြောင်း စုံစမ်းရန် ဆုံးဖြတ် လိုက်လေသည်။
ထိုက်စုနန်းတော်တွင် နန်းဆောင် လေးခု ရှိလေသည်။ ကျီစုနန်းဆောင်၊ ဟွမ်စုနန်းဆောင်၊ ပိုင်စုနန်းဆောင်နှင့် နန်းတော် သခင်မနေသည့် နန်းဆောင် ဖြစ်လေသည်။ နန်းတော် သခင်မနေသည့် နန်းဆောင်မှာ ထိုက်စု နန်းတော်၏ အတွင်းပိုင်းတွင် တည်ရှိသည့် အတွင်းနန်းဆောင် ဖြစ်လေသည်။
ခရမ်းရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် မိန်းမပျို တစ်ယောက်သည် အတွင်းနန်းဆောင်သို့ ရောက်လာ လေသည်။
သူမက တိမ်တိုက်များ အပေါ်တွင် ဆောက်လုပ်ထားသည့် စင်္ကြံလမ်းအတိုင်း လမ်းလျှောက်လာပြီး တံခါးတစ်ခုရှေ့တွင် ရပ်တန့် လိုက်သည်။ တံခါးမှာ ကျောက်ဖြူ တံခါးတစ်ချပ် ဖြစ်ပြီး တံခါးပေါ်တွင် "ထိုက်စု ကောင်းကင်ဘုံ" ဟု ရေးထိုး ထားလေသည်။
"ကျီယွဲ့ … နန်းတော်သခင်မကို ဂါရဝ ပြုပါတယ်"
ခဏ ကြာပြီးသည့်နောက် ကျောက်ဖြူ တံခါး ဖြည်းညင်းစွာ ပွင့်လာပြီး အသက် ဆယ့်တစ်နှစ်၊ ဆယ့်နှစ် နှစ်ခန့်သာရှိဦးမည့် ကလေးမလေး တစ်ယောက် ထွက်လာလေသည်။
ဆန်းလျန်သာ ရှိမည်ဆိုလျှင် ထိုမိန်းကလေးမှာ သူ၏ တူမလေးမှန်း ချက်ချင်း မှတ်မိမည် ဖြစ်လေသည်။
ရော့ရှီလေးမှာ ယခင်ကထက် ပိုပြီး ချောမော လှပလာလေသည်။ သူမ၏ ပုံစံမှာ တိုင်းပြည်ကို အုပ်စိုးတော့မည့် ဘုရင်မ တစ်ပါးအလား ခမ်းနား လှလေသည်။
"ဆရာက အထဲမှာ စောင့်နေပါတယ် မမကျီယွဲ့၊ ကျွန်မနောက်က လိုက်ခဲ့ပါ"
ကျီယွဲ့က သူမကိုကြည့်ရင်း…
"ယွမ်ကျွင်း ဧကရီ လူဝင်စားတဲ့ မိန်းကလေးငယ်က တစ်နေ့တခြား ချောမော လှပလာတာပဲ"
ဟု တွေးလိုက်မိလေသည်။
ရော့ရှီလေးသည် တစ်နေ့တွင် ထိုက်စု နတ်ဘုရားဂိုဏ်းတွင် အလှဆုံး မိန်းမပျိုလေး ဖြစ်လာမည်မှာ အသေအချာပင်။ သို့သော် ကျီယွဲ့က သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ရော့ရှီလေး၏ ကံကြမ္မာကို ကျီယွဲ့အနေဖြင့် မည်သို့ ခန့်မှန်း နိုင်ပါမည်နည်း။
"ရော့ရှီ ၊ ညီမလေး လိုချင်တာ တစ်ခုခုများ ရှိသေးလား၊ လိုချင်တာရှိရင် မှာလိုက်နော်၊ မမ နောက်တစ်ခါ ယူလာခဲ့မယ်၊ ပြီးတော့ ညီမလေး ထန်ဟူ လူတုတ်ထိုးမုန့်တွေ ကြိုက်တယ် မဟုတ်လား၊ မမ နှစ်တစ်ထောင် ဝိညာဉ် သစ်သီးတွေကို တုတ်ထိုး လုပ်ခဲ့မယ်လေ"
ကျီယွဲ့က နူးညံ့စွာဖြင့် ပြောလိုက်သည်။
ထန်ဟူ လူတုတ်ထိုး မုန့်ဆိုသည့် အသံကြားသည်နှင့် ရော့ရှီ မျက်ဝန်းလေးများ တောက်ပ သွားလေသည်။
သို့သော် သူမက ခေါင်းတစ်ချက် ခါယမ်းလိုက်ရင်း…
"ရပါတယ် မမ၊ ဆရာကပြောတယ် အခု ကျွန်မက ကျင့်စဉ်လမ်းမှာ အရေးကြီးတဲ့ အဆင့် ရောက်နေပြီတဲ့၊ စိတ်ကိုသာ သန့်စင်အောင် မလုပ်နိုင်ရင် ကျင့်စဉ် လမ်းအဆင့် တက်ဖို့ ခက်ခဲ လိမ့်မယ်တဲ့"
"ကျင့်စဉ်လမ်း မြန်မြန်အောင်မြင်လေ၊ ညီမလေး အသက်ရှင်ဖို့ အချိန်နည်းလေပဲကွယ်"
ထိုစကားကို ကျီယွဲ့စိတ်ထဲမှ ပြောလိုက်မိခြင်း ဖြစ်လေသည်။
မည်သို့ပင်ဖြစ်စေ ရော့ရှီလေး ကျင့်စဉ်လမ်း အောင်မြင်ရန်အတွက် နောက်ထပ်နှစ်ပေါင်း အနှစ်သုံးဆယ်၊ လေးဆယ်ခန့်တော့ ကြာဦးမည် ဖြစ်လေသည်။ အခြားသော ကျင့်ကြံသူများထက် သူမက အသက်တိုမည် ဖြစ်လေည်။ ကျီယွဲ့ကတော့ ရော့ရှီလေး၏ ဘဝကို စိတ်ချမ်းချမ်းသာသာနှင့် အကောင်းဆုံး ဖြတ်သန်း စေချင်ခဲ့မိလေသည်။
"အထဲကို သွားကြစို့နော်"
ဟူ၍သာ ကျီယွဲ့ ပြောလိုက်မိလေသည်။
ရော့ရှီလေးက ကျီယွဲ့၏ လက်ကို ကိုင်လိုက်ရင်း…
"မမကျီယွဲ့ ၊ သမီးရဲ့ဦးလေး ဘယ်ရောက်နေလဲ သိလားဟင်"
ရော့ရှီလေးသည် ဆန်းလျန်မှာ သူမ၏ အစ်ကို မဟုတ်ဘဲ ဦးလေး ဖြစ်ကြောင်း သိရှိနားလည် နေခဲ့ပြီ။
သူမ၏ ဦးလေးဖြစ်သူ ဆန်းလျန်ကို အလွန် သတိရလေသည်။
သို့သော် ဆရာဖြစ်သူက ကျင့်စဉ်လမ်း မအောင်မြင်မချင်း ဘယ်မှ မသွားရဟု အမိန့် ထုတ်ထားလေသည်။ ထို့ကြောင့် သူမက မနားမနေ ကြိုးစားပြီး ကျင့်စဉ်များကို ကျင့်ကြံခဲ့လေသည်။ သူမ ကျင့်စဉ် လမ်းအောင်မြင်လျှင် ဆန်းလျန်နှင့် တွေ့ရမည်ဟု မျှော်လင့်ထားမိလေသည်။
"ညီမလေးရဲ့ ဦးလေးက အဆင်ပြေ နေပါတယ်ကွယ်၊ နန်းတော်သခင်မက ညီမလေး ကျင့်စဉ်လမ်း အဆင့် တက်နိုင်ရင် ညီမလေးရဲ့ ဦးလေး ဘယ်မှာလဲဆိုတာ ပြောပြလိမ့်မယ်"
ကျီယွဲ့က ပြောလိုက်သည်။
"ဟုတ်…"
ဟု သာ ရော့ရှီလေးက ပြန်ပြောလိုက်သည်။
ကျီယွဲ့မှာ ရော့ရှီလေး၏ ဦးလေးမှာ ချင်းရွှမ် နတ်တံခါးမှ ဆန်းလျန်ဆိုသည်ကို သိထားပြီ ဖြစ်လေသည်။
သူမကြားရသည့် သတင်းများ အရဆိုလျှင် ဆန်းလျန်မှာ ချင်းရွှမ် နတ်တံခါး၏ ဂိုဏ်းချုပ် ဆန်းတန်ခိုးရှင်ဟု နာမည် ဂုဏ်သတင်းကြီးသည့် တန်ခိုးစွမ်းအား အလွန်ကြီးမားသူ တစ်ယောက် ဖြစ်နေပေပြီ။
သို့သော် အနာဂတ် တစ်ချိန်တွင် ထိုက်စု နတ်ဘုရားဂိုဏ်းနှင့် ချင်းရွှမ် နတ်တံခါးတို့၏ ဆက်ဆံရေးမှာ ကောင်းမွန် လာနိုင်မည် မဟုတ်ပေ။ ရန်ဘက်များပင် ဖြစ်လာနိုင်လေသည်။
နန်းတော် သခင်မ ဘက်ကတော့ မည်သည့် နည်းနှင့်မှ အလျှော့ပေးမည့်ပုံ မပေါ်ပေ။
အပြစ်တင်မည် ဆိုလျှင် ယွမ်ကျွင်း ဧကရီလူ ပြန်ဝင်စားသည့် ရော့ရှီလေး၏ ကံကြမ္မာကိုပင် အပြစ်တင် ရမည် ဖြစ်လေသည်။
***