အသက်လုပြီး လှေပေါ်မှ ခုန်ချရခြင်း
Vol. 6 Ch. 54
ချူကွေ့ရန် ပြောသော သူမ၏ အစ်ကိုဖြစ်သူ ချူရှင့် က ယခု အဖြူရောင်အဖွဲ့၏ ရှေ့ဆုံးတွင် ရပ်နေပြီး သူ ဝတ်စားထားပုံကလည်း အခြားသူများနှင့် အနည်းငယ် ကွဲပြားနေသဖြင့် အဖြူရောင်အဖွဲ့၏ ခေါင်းဆောင်မှန်း တစ်ချက်ကြည့်ရုံနှင့် သိသာလှပေသည်။
သူ၏ မျက်နှာပေါက်က ချူကွေ့ရန် နှင့် အတော်လေး ဆင်တူသော်လည်း ပိုမို ကြံ့ခိုင်တောင့်တင်းသည့် ပုံစံရှိသည်။
ကြည့်ရသည်မှာလည်း အလွန် တက်ကြွပြီး အားအင်ပြည့်ဝနေပုံပေါ်သော်လည်း သူ၏ အကြည့်များထဲတွင် ချူကွေ့ရန် ကဲ့သို့ပင် အမြဲတမ်း သူတစ်ပါးကို အထင်သေးသည့် အကြည့်များအပြည့်နှင့်။
တကယ့်ကို သွေးသားရင်းချာ မောင်နှမတွေပါပဲ။
သူတို့နှစ်ယောက်၏ အပြုအမူများကို ကြည့်ရုံဖြင့် သူတို့ မိသားစု၏ သွန်သင်ဆုံးမမှုက ဘယ်လိုမျိုးလဲ ဆိုတာကို အကြမ်းဖျင်း ခန့်မှန်းနိုင်သည်။
ယနေ့ နဂါးလှေ ပြိုင်ပွဲတွင်ဝင်ပြိုင်မည့် အဖြူရောင်အဖွဲ့ဟာ ရှီးပေ နယ်မှ လာသူများ ဖြစ်ပြီး အားလုံး၏ အဖေ ဒါမှမဟုတ် အစ်ကိုတို့က အနောက်မြောက်စစ်တပ်တွင် အရာရှိ ဖြစ်ကြသူချည်းသာ။
ထို့ကြောင့် သူတို့က ယနေ့ ပြိုင်ပွဲတွင် မဖြစ်မနေ အနိုင်ရရမည်ဟု အပြည့်အဝ ယုံကြည်ချက် ရှိနေကြသည်။
ယခုအခါ ချူရှင့် ၏ အသက်မှာ နှစ်ဆယ့်ငါးနှစ် ရှိနေပြီဖြစ်ပြီး ပြိုင်ပွဲဝင်များအားလုံးထဲတွင် အသက်အကြီးဆုံး ဖြစ်သည်။ ထို့ပြင် သူက အနောက်မြောက်စစ်တပ် တွင်လည်း နာမည်ရနေပြီ ဖြစ်သဖြင့် သူခေါင်းဆောင်လုပ်သည်ကို မည်သူကမျှ ကန့်ကွက်ခြင်း မရှိပေ။
ချူရှင့်က အဖြူရောင် နဂါးလှေ ပေါ်တွင် မတ်တပ်ရပ်ကာ လက်ကို မြှောက်၍ ဟစ်အော်လိုက်သည်။
"ရှီးပေက ညီအစ်ကိုတွေ..."
"ရှိပါတယ်..."
"ဒီနေ့ အစွမ်းကုန် ကြိုးစားကြ... အရှင်မင်းကြီးကို ငါတို့ရဲ့ စွမ်းရည်တွေ ပြလိုက်ကြမယ်… ရှီးပေမြို့စားမင်း ရဲ့ သွန်သင်ဆုံးမမှုတွေကို အချည်းနှီး မဖြစ်စေနဲ့..."
"ဟုတ်ကဲ့ပါ..."
အဖြူရောင်အဖွဲ့က အရင်စတင် အော်ဟစ်လိုက်ရာ အခြားအဖွဲ့များကလည်း နောက်မကျခံဘဲ သူတို့၏ အဖွဲ့လိုက် ကြွေးကြော်သံများကို ဟစ်လိုက်ကြသည်။
ပြိုင်ပွဲက ပိုမို စည်ကားလာပြီး လူတိုင်း၏ မျက်နှာပေါ်တွင်လည်း စိတ်လှုပ်ရှား တက်ကြွမှုများ အပြည့်အဝ ပေါ်လွင်နေတော့သည်။
ထိုအထဲတွင် လင်ရှင်းကျစ် နှင့် ကျန်းဟွမ့်ချင်း တို့ နှစ်ယောက်သာလျှင် အခြားသူများနှင့် မတူကွဲပြားနေကြ၏။
သူတို့ထဲမှ တစ်ယောက်က ညီမဖြစ်သူကို လာကြည့်ခြင်း ဖြစ်ပြီး နောက်တစ်ယောက်က ညီမလေးကို လာကြည့်သည့် အစ်ကိုဖြစ်သူကို အဖော်လိုက်လုပ်ပေးခြင်း ဖြစ်သဖြင့် သူတို့၏ ပုံစံက အခြားသူများနှင့် မတူညီသည်မှာ သဘာဝပင်။
သို့သော် ညီမဖြစ်သူကိုသာ မျက်စိဒေါက်ထောက် ကြည့်နေသော လင်ရှင်းကျစ် နှင့် မတူဘဲ ကျန်းဟွမ့်ချင်း ကတော့ အသက်ငယ်သော်လည်း စကားပြောရာတွင် အလွန် ရင့်ကျက်တည်ငြိမ်သည်။
တစ်ကမ္ဘာလုံးက သူဘယ်လောက်တော်ကြောင်း ပြချင့်နေသည့် ချူရှင့်၏ မာနတစ်ခွဲသားနှင့် ရုပ်ကို ကျန်းဟွမ့်ချင်း မြင်သောအခါ မျက်စိနောက်လွန်းသဖြင့် မကြည့်ချင်တော့ပေ။
သူက မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး လင်ရှင်းကျစ် ကို ချက်ချင်း ဆွဲခေါ်လိုက်ပြီး ပြောလိုက်သည်။
"ဟယ့်စုန်း... မြန်မြန် ပြင်တော့ မင်းညီမလည်း အပေါ်ကနေ ကြည့်နေတာပဲ မဟုတ်လား... ဟိုလူ့ကို ကြည့်စမ်း... သူ့ညီမ နန်းတော်ထဲမှာ ဘယ်လောက်တောင် မျက်နှာရနေလို့... သူက ဒီလောက်တောင် ဘဝမြင့်နေတာလဲ မသိဘူး..."
ကျန်းဟွမ့်ချင်း က နန်းတော်ထဲသို့ မရောက်ဖူးသော်လည်း နန်းတွင်းရေးရာများကိုတော့ အကဲခတ်နိုင်စွမ်း ရှိသည်။
ထို့ကြောင့် သူ ပြောလိုက်သော စကားတိုင်းက ချက်ချာလှသည်။
လင်ရှင်းကျစ် က သူ့ကို တစ်ချက် ကြည့်လိုက်ပြီး သူတာလည်း မှန်တာပဲဟု တွေးပြီး လင်ဝမ်ယိ ရှိရာဘက်သို့ ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီးနောက် သွေးပူလေ့ကျင့်ခန်းစလုပ်လိုက်၏။
သူနှင့် ကျန်းဟွမ့်ချင်း က နောက်ကျမှ အဖွဲ့ထဲ ဝင်လာရသူများ ဖြစ်သော်လည်း လေ့ကျင့်ရေးတွင် တစ်ချက်လေးမှ အပျင်းမထူခဲ့ကြပေ။
မဟုတ်လျှင် သူတို့နှစ်ယောက်လုံး သည်လောက် နေလောင်ပြီး အသားတွေ မည်းတူးနေမည် မဟုတ်ချေ။
မိုးပြာေရာင်အဖွဲ့ကတော့ စကားသိပ်မများကြပေ။ သူတို့၏ အဖွဲ့လိုက်စွမ်းရည်က အဖွဲ့ရှစ်ဖွဲ့ထဲတွင် အကောင်းဆုံး မဟုတ်သလို ပထမရဖို့ ရေပန်းစားနေသည့် အဖွဲ့လည်း မဟုတ်ပေ။
သို့သော် ထိုအချက်ကြောင့်ပင် သူတို့တွင် နိုင်ရမည်ဆိုသည့် စိတ်ဖိစီးမှု မရှိဘဲ အားလုံးက တည်ငြိမ်အေးဆေးစွာ ရှိနေကြသည်။
အခြားအဖွဲ့များက ဆူညံစွာ အော်ဟစ်နေကြချိန်တွင် မိုးပြာရောင်အဖွဲ့ကတော့ နဂါးလှေ ထဲတွင် ဝင်ထိုင်နေကြလေပြီ။
သူတို့အားလုံးဟာ မျက်လုံးကိုမှိတ်ပြီး အသက်ရှူမှန်အောင် ထိန်းထားကာ ရေလှိုင်းများနှင့် လှော်တက်များကိုသာ အာရုံစိုက်နေကြသည်။
သူတို့၏ ဤကဲ့သို့ တည်ငြိမ်နေမှုက အရှင်မင်းကြီးနှင့် စတုတ္ထမင်းသား ၏ အမြင်တွင်တော့ ထူးခြားနေသည်။
သူတို့နှစ်ဦးလုံးက မျက်လုံးကို မှေးကာ အခြားအဖွဲ့များနှင့် ကွဲပြားနေသော မိုးပြာရောင်အဖွဲ့ကို စိုက်ကြည့်နေကြရင်း သူတို့၏အကြည့်များထဲတွင် အပြုံးရိပ်များ သန်းလာကြသည်။
ယနေ့ စတုတ္ထမင်းသား ကို ဖိတ်လိုက်ရသည့် အဓိက ရည်ရွယ်ချက်မှာ တော်ဝင်ချပ်ဝတ်စစ်တပ် အတွက် လူသစ်များ ရွေးချယ်ရန်ပင်။
အဖြူရောင်အဖွဲ့ကဲ့သို့ အနောက်မြောက်စစ်တပ် မှ လူများကိုတော့ စတုတ္ထမင်းသား က လုံးဝ စိတ်မဝင်စားပေ။ သူ တပ်ဖွဲ့ကို ဦးဆောင်ခဲ့သည့်အချိန်တွင် အမုန်းဆုံးအရာမှာ အလွန် ထင်ပေါ်ချင်ကြသူများနှင့် ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းသူများပင်။
ထို့ကြောင့် ဟိုခုန်ဒီပေါက် လုပ်နေပြီး တော်ကြောင်းပြချင်နေသူများကို မြင်သည်နှင့် သူက လှစ်လျူရှုလိုက်တော့သည်။
သို့သော် မိုးပြာရောင်အဖွဲ့ကတော့ သူ့ကို အာရုံစိုက်သွားစေပြီး ဒီလို တည်ငြိမ်သူတွေ၏ ရလဒ်က ဘယ်လိုဖြစ်လာမလဲ ဆိုတာကို သူ သိချင်နေမိသည်။
စည်တော်သံ ထွက်ပေါ်လာသည်နှင့် လူအားလုံးက နဂါးလှေ ထဲတွင် အသီးသီး နေရာယူလိုက်ကြပြီး အသင့်ပြင်ထားလိုက်ကြသည်။
အနိုင်ရဖို့ သေချာနေသလို ဖြစ်နေသော ချူရှင့် တို့နှင့် ယှဉ်လျှင် လင်ရှင်းကျစ် က ပိုမို တည်ငြိမ်ရင့်ကျက်သည့် ပုံပေါက်နေသည်။
သူ့အတွက်ကတော့ အဖွဲ့သားများနှင့် ဘယ်လို ပူးပေါင်းဆောင်ရွက်ပြီး နဂါးလှေ ကို မြန်မြန်ဆန်ဆန်နှင့် တည်တည်ငြိမ်ငြိမ် ရှေ့ကိုရောက်အောင် ဘယ်လိုလှော်ရမလဲ ဆိုသည်ကသာ အရေးအကြီးဆုံးပင်။
ထို့ကြောင့် ပြိုင်ပွဲစတင်မည့် အချက်ပြသံ ထွက်ပေါ်လာချိန်တွင်မိုးပြာရောင်အဖွဲ့ တစ်ခုလုံးက ညီညီညွတ်ညွတ်ဖြင့် မျှမျှတတ ပူးပေါင်းဆောင်ရွက်နေကြ၏။
ရှေ့ဆုံးတွင် ထိုင်နေသည့် စည်တီးသမားက အခြားအရာများကို ဂရုမစိုက်ဘဲ သူတို့ နဂါးလှေ ၏ စည်းချက်ကိုသာ အပြည့်အဝ အာရုံစိုက်နေသည်။
လှော်ခတ်သူများကလည်း အခြားအရာများကို စိတ်မဝင်စားဘဲ စည်တီးသမား၏ အချက်ပြသံကိုသာ နားထောင်ကာ အားကုန် လှော်ခတ်နေကြသည်။
သူတို့၏ အော်ဟစ်သံများကလည်း တစ်သားတည်း ဖြစ်နေသည်။
ရှေ့…နောက်…ရှေ့…နောက်…ရှေ့…နောက်…
အောက်ဘက်ရှိ နဂါးလှေ များက ပန်းတိုင်ဆီသို့ အပြိုင်အဆိုင် လှော်ခတ်သွားကြပြီး အရှေ့ဆုံးမှ ထွက်သွားသည်က သေချာပေါက် အဖြူရောင်အဖွဲ့ ဖြစ်ကာ ၎င်း၏ နောက်တွင်တော့ အနီရောင်အဖွဲ့ က ကပ်ပါသွားသည်။
ထိုအဖွဲ့နှစ်ဖွဲ့က အချင်းချင်း နောက်ကောက်ချရန်အတွက် အရှိန်ပြင်းပြင်းဖြင့် အပြိုင်အဆိုင် လှော်ခတ်နေကြသည်။
မိုးပြာရောင်အဖွဲ့ကတော့ တတိယနေရာတွင်သာ ရှိနေပြီး အခြားအဖွဲ့များကတော့ အစကတည်းက အရှိန်လျော့သွားသဖြင့် လမ်းတစ်ဝက်လောက် ရောက်ချိန်တွင် လှေတစ်ဝက်စာခန့် နောက်ကျကျန်နေခဲ့ပြီ ဖြစ်၍ သူတို့မှာ လုံးဝနောက်ကျ ကျန်နေခဲ့ကြတော့သည်။
ချူရှင့် က နဂါးလှေ ၏ အရှေ့ဆုံးတွင် ထိုင်နေပြီး သူက ခေါင်းဆောင်ဖြစ်သလို ပထမဆုံး လှော်ခတ်သူလည်း ဖြစ်သည်။
ထို့ကြောင့် သူ၏ အရှိန်က အလွန်အရေးကြီးလှသည်။
ပုံမှန် လေ့ကျင့်ချိန်များတွင်လည်း အားလုံးက သူ့ အရှိန်အတိုင်းသာ လိုက်လုပ်ကြရသည်။
သို့သော် ယနေ့တွင် အနီရောင်အဖွဲ့မှ လှော်ခတ်သူများကလည်း အရှုံးမပေးချင်သဖြင့် အစကတည်းက လှေလှော်သည့် အရှိန်ကို မြှင့်တင်လိုက်ရာ အဖြူရောင်အဖွဲ့ကို အနည်းငယ် ကျော်တက်သွားသည်။
ချူရှင့်က ယင်းကိုမြင်မှတော့ ဘယ်လိုလုပ် သည်းခံနေနိုင်မည်နည်း။
သူက ဒေါသတကြီး အော်ဟစ်လိုက်ပြီး စည်တီးချက်ကို ဂရုမစိုက်တော့ဘဲ သူ့သဘောနှင့်သူ ဇွတ်လှော်ချလိုက်ရာ သူတို့ နဂါးလှေ တစ်ခုလုံး၏ အရှိန်က ကမောက်ကမ ဖြစ်သွားတော့သည်။
အနောက်မှ လူများက ချက်ချင်း အရှိန်မထိန်းလိုက်နိုင်ဘဲ ရမ်းသမ်းလှော်မိကုန်ကြသည်။
လှေလှော်သည့် အရှိန်မညီတော့ရာ နဂါးလှေ ၏ အရှိန်ကလည်း သဘာဝကျကျပင် နှေးသွားတော့သည်။
ဥပမာဆိုရလျှင် အားကုန် ပြေးနေသည့် လူတစ်ယောက်က ရုတ်တရက် ခြေနှစ်ချောင်း မညီတော့လျှင် သေချာပေါက် လဲကျသွားမည်သာ။
အဖြူရောင်အဖွဲ့က အနီရောင်အဖွဲ့ကို နောက်ကောက်ကျသွားသောအခါ ချူရှင့် က ဤကဲ့သို့သော အခြေအနေမျိုးကို ဘယ်လိုလုပ် လက်ခံနိုင်မည်နည်း။
သူက ဒေါသထွက်လွန်းသဖြင့် အနောက်မှ လူများကို လှည့်ကာ အော်ဟစ်လိုက်သည်။
"မင်းတို့ မျက်လုံးကန်းနေတာလား... မြန်မြန် လှော်လေကွ..."
အခြားလူများက ယခုလို အခြေအနေမျိုးကို တစ်ခါမှ မကြုံဖူးကြသဖြင့် မျက်လုံးများ နီရဲကာ ဒေါသထွက်နေသော ချူရှင့် ကို ကြည့်ပြီး လန့်သွားကြပြီး လက်ထဲမှ လှော်တက်များပင် ရေထဲ ပြုတ်ကျမတတ် ဖြစ်သွားကြသည်။
ရုတ်တရက် အနောက်မှာကျန်ခဲ့ရုံသာမက လှေတစ်ဝက်စာလောက်ပါ နောက်ကောက်ကျသွားရာ ပထမရဖို့မဆိုနှင့်… ဘိတ်ချီးဖြစ်ဖို့ပင်နီးစပ်နေလေပြီ။
လက်ရန်းနားတွင် ရပ်နေသော ချူကွေ့ရန် ၏ မျက်နှာမှာ ဖြူရော်သွားပြီး အချိန်အခါသင့်မသင့်ပင် ဂရုမစိုက်နိုင်တော့ဘဲ အောက်ကိုလှမ်းအော်လိုက်၏။
"အစ်ကို... မြန်မြန် လှော်လေ..."
သူမ ထိုသို့ အော်လိုက်သည်နှင့် နဂါးလှေပေါ်မှာ သူတို့မိသားစုဝင်များရှိနေသည့် အခြား ကိုယ်လုပ်တော်များနှင့် ဆွေမျိုးများကလည်း လိုက်အော်ကြတော့ မြင်ကွင်းက ချက်ချင်းပင် ဆူညံပွက်လောရိုက်သွားတော့သည်။
ထိုအချိန်တွင် မိုးပြာရောင်အဖွဲ့ကတော့ အတားအဆီးမရှိလိုပင် ပန်းတိုင်ဆီသို့ အမြန်ဦးတည်သွားနေသည်။
အနီရောင်အဖွဲ့ကလည်း နောက်ကျမခံ၊ အပေါ်မှ ကြည့်လျှင် မိုးပြာရောင်အဖွဲ့ထက် အနည်းငယ် ရှေ့ရောက်နေသည်။
ချူရှင့်က သူ မနိုင်နိုင်တော့မှန်း သိသွားသည့်အချိန်တွင်တော့ လှော်တက်ကို ကန့်လန့်ဖြတ်လိုက်ကာ လှေမှောက်ပြီး လူတွေ ရေထဲကျအောင် တမင် လုပ်လိုက်သည်။
ထို့ပြင် အနီရောင်အဖွဲ့၏ လှေပဲ့ပိုင်းကိုပါ ဝင်တိုက်ပစ်လိုက်သည်။
ဟန်ချက်ပျက်သွားသော အနီရောင်အဖွဲ့မှာလည်း ချက်ချင်းပင် စည်တီးချက်များ ကမောက်ကမ ဖြစ်သွားပြီး ရေကန်ထဲတွင် ချာချာလည်သွားကာ ဘေးနားရှိ အခရမ်းရောင်အဖွဲ့နှင့် အပြာရောင်အဖွဲ့တို့ကိုပါ ဝင်တိုက်မိသွားတော့သည်။
"အား..."
အနီရောင်အဖွဲ့၏ လှေက ရေဝင်သွားပြီး လှေပဲ့ပိုင်းမှ အပေါက်ထဲသို့ ရေများ ဒလဟော ဝင်ရောက်လာတော့သည်။
ထို့ပြင် အထဲတွင် ထိုင်နေသူများကလည်း လူတိုင်းက ခန္ဓာကိုယ် ကြီးမားသူများ ဖြစ်သဖြင့် ရေဝင်သည့် အရှိန်က ပိုမြန်သွားသည်။
မကြာမီမှာပင် အားလုံးက အသက်လု၍ လှေပေါ်မှ ခုန်ချရတော့သည်။
ကောင်းကောင်းမွန်မွန် ကျင်းပနေသော နဂါးလှေ ပြိုင်ပွဲကြီးမှာ လမ်းတစ်ဝက်တွင် ရေထဲသို့ ကျနေသော လူများနှင့် မှောက်ရက်ဖြစ်နေသော လှေများဖြင့် ပြည့်နှက်သွားတော့သည်။
ချူရှင့်က ဒေါသတကြီးဖြင့် အရှေ့သို့ လှမ်းကြည့်လိုက်သည်။
မကြာမီမှာပင် နဂါးလှေ တစ်စင်းက ပန်းတိုင်မျဉ်းကို ဖြတ်ကျော်သွားသည်။
ပွဲကြည့်စင်ပေါ်မှ လူများဆီမှ အောင်ပွဲခံ အော်ဟစ်သံများဖြင့် ဆူညံသွားတော့သည်။