အရှင်မင်းကြီး ရှေ့တွင် ရိုင်းရိုင်းစိုင်းစိုင်း ပြုမူခြင်း
Vol. 6 Ch. 55
မိုးပြာရောင်အဖွဲ့ ပထမဆုံး ပန်းဝင်သွားခြင်းက လူတိုင်းကို အံ့ဩသွားစေခဲ့သည်။
မူလက အားအထားရဆုံး ဖြစ်ခဲ့သည့် အဖြူရောင်အဖွဲ့နှင့် အနီရောင်အဖွဲ့တို့က လမ်းခုလတ်မှာပင် ရှုံးသွားခဲ့ပြီး သိပ်ပြီး အထင်မကြီးရသည့် မိုးပြာရောင်အဖွဲ့ကတော့ မထင်မှတ်ဘဲ အနိုင်ရရှိသွားခဲ့သည်။
ချူကွေ့ရန် မှာ ဒေါသထွက်လွန်း၍ သွားကြိတ်လိုက်ပြီး အောက်ဘက်သို့ လက်ညှိုးထိုးကာ အသံကျယ်ကြီးဖြင့် အော်လိုက်သည်။
"ပြိုင်ပွဲ ပြန်စရမယ်... ပြန်စရမယ်... အဖြူရောင်အဖွဲ့ရဲ့ နဂါးလှေ ကို တစ်ယောက်ယောက်က တစ်ခုခု လုပ်ထားလို့သာ... လှေမှောက်သွားတာ ဖြစ်ရမယ်... လှေမှောက်သွားတဲ့ အဖွဲ့တွေ ရှိနေတာကို ဆက်ပြိုင်နေတာက မိုးပြာရောင်အဖွဲ့ မတရားနည်းနဲ့ အနိုင်ရသွားတာပဲ..."
သူမက ရှီးပေ တွင် အလိုလိုက်ခံရပြီး နေလာခဲ့ရကာ ရှန်းကျင်းမြို့တော် သို့ ရောက်သည်မှာ အချိန်အတန်ကြာပြီ ဖြစ်သော်လည်း အကျင့်မပြင်နိုင်သေးပေ။
ပါးစပ်ဟလိုက်သည်နှင့် အခြားသူများကို အမိန့်ပေးချင်နေသေးသည်။
သို့သော် ရာထူးအနိမ့်လေးတစ်ခုသာ ရှိသော ကွေ့ရန် တစ်ယောက်က ဤမျှ ရိုင်းစိုင်းစွာ ပြုမူနေခြင်းမှာ မရဏလမ်းကို ရှာနေခြင်းပင် မဟုတ်ပါလား။
ထင်သည့်အတိုင်းပင် လင်ကွေ့ဖေးက ဒေါသတကြီး အော်လိုက်သည်။
"ရိုင်းစိုင်းလိုက်တာ... အရှင်မင်းကြီးနဲ့ စတုတ္ထမင်းသား ရှေ့တော်မှောက်မှာ မင်းလို အောက်တန်းစား အစေခံမက များ စကားဝင်ပြောစရာ လိုလို့လား... ကိုယ့်နေရာကိုယ် သိစမ်း..."
အောက်တန်းစား ဟူသော စကားလုံးကို ကြားလိုက်ရသည်နှင့် ချူကွေ့ရန် ၏ ရင်ထဲတွင် ဒေါသများ ပေါက်ကွဲထွက်လာတော့သည်။
သူမက အခြေအနေ အချိန်အခါနှင့် ကိုယ့်အဆင့်အတန်းကိုပါ လုံးဝ မေ့သွားလေပြီ။
သူမ ချက်ချင်းပင် ပြန်ပြောသည်။
"ကွေ့ဖေးမယ်မယ်က တကယ့်ကို အာဏာပြနေတာပဲနော်... မတရားတာ ဖြစ်နေတာကိုတောင် ပြောခွင့်မရှိဘူးလား... အရင်နှစ်တွေတုန်းကဆို ကျွန်မတို့ ရှီးပေ က နဂါးလှေ အဖွဲ့တွေပဲ အမြဲ နိုင်ခဲ့တာ... ဒီနှစ်ကျမှ ဘယ်လိုဖြစ်ပြီး တိုက်တိုက်ဆိုင်ဆိုင် လှေမှောက်သွားရတာလဲ... မနာလိုဝန်တိုတဲ့သူ တစ်ယောက်ယောက်က နောက်ကွယ်ကနေ တစ်ခုခု လုပ်ထားတာ သေချာတယ်... အရှင်မင်းကြီး... ဒီကိစ္စကို သေချာ စုံစမ်းစစ်ဆေးပေးပါလို့ တောင်းဆိုပါတယ်... ရှီးပေ က လူငယ်တွေအတွက် တရားမျှတမှု ရပါစေ..."
သူမကတော့ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး ခုခံနိုင်သူပါပင်။
လင်ကွေ့ဖေးက နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး မြေပြင်ပေါ်တွင် ဒူးထောက်နေသော ချူကွေ့ရန် ကို စူးစူးရဲရဲကြည့်လိုက်သည်။ အကယ်၍ သူမ၏ လင်ကျစ်နန်းဆောင်ထဲတွင်သာ သည်သို့ ရိုင်းစိုင်းစွာ ပြုမူရဲမည်ဆိုလျှင် သေချာပေါက် ကောင်းကောင်း ဆုံးမပစ်မှာပင်။
သို့သော် ယနေ့က တော်ဝင်မျိုးနွယ်များ အားလုံး ရှိနေသဖြင့် သူမ၏ သဘောထားကြီးပြီး သိမ်မွေ့သည်ဆိုသော နာမည်ကောင်းကိုတော့ ထိန်းသိမ်းထားရမည်။
ထို့ကြောင့် သူမက ဒေါသကို မျိုသိပ်လိုက်ပြီး ပြောလိုက်သည်။
"နဂါးလှေ တွေ အကုန်လုံးကို နန်းတွင်းရေးရာဌာန က တာဝန်ယူ တည်ဆောက်ထားတာပါ... ချူကွေ့ရန် က ဒီလို စွပ်စွဲနေတာ... နန်းတွင်းရေးရာဌာန ထဲမှာ သစ္စာဖောက်တွေ ရှိနေတယ်လို့ ဆိုလိုချင်တာလား... ပြီးတော့ ပါးစပ်ကနေ အမြဲတမ်း 'ကျွန်မတို့ ရှီးပေ က လူငယ်တွေ'၊ 'ကျွန်မတို့ ရှီးပေ အဖွဲ့တွေ' လို့ ပြောနေတာ... ကောင်းကင်အောက်က မြေပြင်အားလုံးဟာ အရှင်မင်းကြီးရဲ့ ပိုင်နက်တွေချည်းပဲ... အားလုံးက တာ့ဝေ့ပြည် ရဲ့ လူငယ်တွေ ဖြစ်ပါလျက်နဲ့... မင်းပါးစပ်ထဲ ရောက်တော့မှ ရှီးပေ က လူတွေ ဖြစ်သွားရတာလား... ဒီအရှင်မ ကြည့်ရတာ... မင်းကို အရင်ဆုံး သေချာ စစ်ဆေးသင့်တယ်လို့ထင်တယ်... တစ်ယောက်ယောက်က ပုန်ကန်ချင်စိတ်တွေ ဝင်နေလို့များ... ဒီလို ပရမ်းပတာ ပြောတတ်တဲ့သူမျိုးကို မွေးထုတ်လိုက်တာလားလို့..."
လင်ကွေ့ဖေးက ချူကွေ့ရန် တစ်ယောက်တည်းကိုသာ ရိုးရိုးရှင်းရှင်း အပြစ်ပေးချင်တာ မဟုတ်။
ထို့ကြောင့် သူမက စကားပြောပြီးသည်နှင့် အေးအေးဆေးဆေး ရှိနေသည့် ယီဖေးကို ကြည့်လိုက်ပြီး သူမ၏ တုံ့ပြန်မှုကို စောင့်ကြည့်နေလိုက်သည်။
ယီဖေးက လင်ကွေ့ဖေးကို အသာအယာ ပြုံးပြလိုက်ပြီးနောက် အရှင်မင်းကြီး ရှိရာဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"ကွေ့ဖေးမယ်မယ် ပြောတာ မှန်ပါတယ်... ကောင်းကင်အောက်က မြေပြင်အားလုံးဟာ အရှင်မင်းကြီးရဲ့ ပိုင်နက်တွေချည်းပါပဲ... ကျွန်တော်မျိုးမတို့ လျိုမိသားစု က တာ့ဝေ့ပြည် အတွက် ရှီးပေ နယ်ကို မျိုးဆက်အဆက်ဆက် ကာကွယ်ပေးလာခဲ့တာ... ဘိုးဘေးတွေ လက်ထက်ကတည်းက စတွက်မယ်ဆိုရင်... စစ်မြေပြင်မှာ အသက်စွန့်ခဲ့ရတဲ့ ဆွေမျိုးသားချင်း တစ်ရာရှစ်ဆယ့်ကိုးယောက် တောင် ရှိနေပါပြီ... ဒီလောက်တောင် ပေးဆပ်ခဲ့ရတာကိုမှ တခြားသူတွေရဲ့ သံသယဝင်မှုနဲ့ မကျေနပ်မှုတွေကို ခံရဦးမယ် ဆိုရင်... စစ်မြေပြင်က စစ်သည်တွေရဲ့ စိတ်နှလုံး ညှိုးနွမ်းသွားပါလိမ့်မယ်..."
အရှင်မင်းကြီးက ဘာမှ ဝင်မပြောသည်ကို မြင်သောအခါ ယီဖေးက ချူကွေ့ရန် အရှေ့သို့ လျှောက်သွားပြီး ပါးရိုက်ချပစ်လိုက်သည်။
"အဘိုးက အိမ်မှာ ဘယ်လို ဆုံးမခဲ့လဲ... စစ်သူကြီးချူ က အရှင်မင်းကြီးအတွက် တာဝန်ထမ်းဆောင်ဖို့ပဲ အာရုံစိုက်နေလို့... နင့်ကို စည်းကမ်းတွေ သေချာ သင်ပေးမဲ့သူ ရှာပေးသင့်တာ... ဒီလို နေရာမျိုးမှာတောင် ကွေ့ဖေးမယ်မယ်ကို ပြန်ပြောရဲတယ်ဆိုတော့ နင် တကယ် သေချင်နေတာလား... ကွေ့ဖေးမယ်မယ်ကို အခုချက်ချင်း တောင်းပန်စမ်း..."
သူမကေတာ့ တကယ့်ကို ပြဿနာကြီးကို အသေးဖြစ်အောင်၊ အသေးကို ပျောက်သွားအောင် လုပ်တတ်သူပင်။
ချူကွေ့ရန် မှာ လင်ကွေ့ဖေး၏ စကားများကြောင့် ဒေါသထွက်လွန်း၍ စည်းဘောင်ကျော်မိကာ အပြစ်ပေးခံရတော့မည့် အခြေအနေမှ ယခုတော့ ယီဖေး၏ ပါးရိုက်မှုကြောင့် သတိဝင်သွားခဲ့လေပြီ။
ညာဘက်ပါးပြင်က ရဲခနဲ ဖောင်းတက်လာသော်လည်း သူမက ယီဖေး၏ အာဏာနှင့် နည်းလမ်းများကို အမြဲတမ်း ကြောက်ရွံ့ခဲ့ရသည်ဖြစ်၍ ဒေါသကို မျိုသိပ်ကာ ဘာမှ ထပ်မပြောရဲတော့ပေ။
ယီဖေး၏ သတိပေးသည့် အကြည့်များကို မြင်သောအခါ သူမ ဘယ်လောက်ပင် မကျေနပ်ပါစေ လင်ကွေ့ဖေးကို ခေါင်းငုံ့ကာ တောင်းပန်ရတော့သည်။
"မယ်မယ် ခွင့်လွှတ်ပါ... ကျွန်တော်မျိုးမ ခုနက ရှုံးဟွမ်သေရည် နည်းနည်း ပိုသောက်မိသွားလို့... မူးပြီး သတိလွတ်သွားပြီး မယ်မယ့်ကို စော်ကားမိတာပါ..."
လင်ကွေ့ဖေးလည်း ထိုအခြေအနေကို မြင်သောအခါ သက်ပြင်းချလိုက်မိသည်။ သူမကို သတ်ပစ်လို့ မရနိုင်မှတော့ ခွင့်လွှတ်ပေးလိုက်ရုံသာ ရှိတော့သည်။
ထို့ကြောင့် သူမက သဘောထားကြီးသည့် အပြုံးတစ်ခုကို ဆင်မြန်းလိုက်ပြီး မြေပြင်ပေါ်တွင် ဒူးထောက်နေသော ချူကွေ့ရန် ကို ကြည့်ကာ ပြောလိုက်သည်။
"ချူကွေ့ရန် က သေရည်မူးနေတာ ဆိုတော့လည်း စောစော ပြန်ပြီး အနားယူလိုက်ပါ... ဟိုတစ်ခေါက်က ဒီအရှင်မအတွက် ကူးခိုင်းထားတဲ့ ဗုဒ္ဓကျမ်းစာ တွေလည်း အခုထိ မရောက်သေးဘူး... သေရည်မူးပြေသွားရင် ဆက်ကူးလိုက်ပါ... စိတ်ငြိမ်သွားတာပေါ့..."
"ဟုတ်ကဲ့ပါ..."
ချူကွေ့ရန် က လင်ကွေ့ဖေးအတွက် ဗုဒ္ဓကျမ်းစာ ကူးပေးရမည်ဟူသည့် အမိန့်မှာ သွယ်ဝိုက်သော နည်းဖြင့် ထပ်ပြီး အကျယ်ချုပ်ချလိုက်တာပင် မဟုတ်လား။
သူမမှာ ဒေါသထွက်လွန်းသော်လည်း ဘာမှ မလုပ်နိုင်ပေ။
တော်သေးသည်က ပထမရသွားသည့် မိုးပြာရောင်အဖွဲ့က အပြင်ဘက်တွင် ရောက်နေပြီး အရှင်မင်းကြီးနှင့် တွေ့ဆုံခွင့် တောင်းနေသဖြင့် တင်းမာနေသော အခြေအနေမှာ ပြေလည်သွားရသည်။
သူမက တိတ်တဆိတ်ထရပ်လိုက်ပြီး အနောက်သို့ဆုတ်သွားလိုက်ကာ ဘာမှ ထပ်မပြောရဲတော့ချေ။
သူမ စိတ်ညစ်နေရသည်နှင့် ဆန့်ကျင်စွာ လင်ဝမ်ယိ၏ မျက်နှာပေါ်တွင်တော့ ပျော်ရွှင်မှုများ အထင်းသား ပေါ်လွင်နေသည်။
အစ်ကိုကြီး... ဟိုမှာ အစ်ကိုကြီး...
မိုးပြာရောင်အဖွဲ့ထဲမှာ အစ်ကိုကြီး ရှိနေတယ်...
သူမမှာ အစောက အစ်ကိုဖြစ်သူကို ကြည့်နေရုံနှင့်ပင် အလုပ်များနေခဲ့၍ သူ ဘယ်အဖွဲ့မှာ ရှိနေလဲဆိုတာကိုပင် သေချာ သတိမထားမိခဲ့ပေ။
ယခု သေချာ မြင်လိုက်ရချိန်မှာတော့ သူမ၏ မျက်ဝန်းထဲတွင် မျက်ရည်များလည်နေပြီး နှုတ်ခမ်းကို တင်းတင်းစေ့၍ ရှိုက်သံထွက်မသွားအောင် မနည်း ထိန်းထားရ၏။
အရှင်မင်းကြီးက ယနေ့ စတုတ္ထမင်းသား ကို ဖိတ်ခေါ်လာရသည့် ရည်ရွယ်ချက်ကို လူတိုင်းက အနည်းနှင့်အများ သိထားကြသည်။
ထို့ကြောင့် မိုးပြာရောင်အဖွဲ့က အပြင်ဘက်တွင် စောင့်နေပြီဖြစ်ရာ သေချာပေါက် ခေါ်တွေ့မည်သာ။
"အမြန် ခေါ်လိုက်..."
"မိုးပြာရောင်အဖွဲ့... ဝင်ခဲ့ပါ..."
သုန်ယွီကျုံး ၏ အော်သံ အဆုံးတွင် မိုးပြာရောင်အဖွဲ့မှ လူများက အပြင်ဘက်မှ အသာဝင်လာကြသည်။
လူအယောက်နှစ်ဆယ်ကျော်က ဆယ်ယောက်တစ်တန်း တန်းစီရပ်လိုက်ပြီး အရှင်မင်းကြီး ရှိရာဘက်သို့ လှည့်ကာ ဒူးထောက်၍ အရိုအသေပေးလိုက်ကြသည်။
"ကျွန်တော်မျိုးတို့ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်... အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ... သက်တော်ရာကျော် ရှည်ပါစေ... သက်တော်ရာကျော် ရှည်ပါစေ..."
အသံများက ဟိန်းထွက်နေပြီး အလွန် ကြီးကျယ်ခမ်းနားလှသည်။
အရှင်မင်းကြီးက တစ်ချက် ကြည့်လိုက်ကာ သူ၏ အကြည့်များထဲတွင် ရှားရှားပါးပါး အပြုံးရိပ်များ သန်းလာပြီး အောက်ဘက်ရှိ လူများကို ကြည့်၍ ပြောလိုက်သည်။
"အားလုံး ထကြပါ..."
"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး..."
"ကောင်းတယ်... ကောင်းတယ်... အရှင်မင်းကြီး တိုင်းပြည်ကို အုပ်ချုပ်လာခဲ့တဲ့ နှစ်တွေအတွင်းမှာ တိုင်းပြည်က သာယာဝပြောပြီး ပြည်သူတွေကလည်း အေးချမ်းနေကြတယ်... ဆွေတော်မျိုးတော်တွေနဲ့ မှူးမတ်တွေရဲ့ သားသမီးတွေတောင် မောက်မာတဲ့ အကျင့်တွေ မရှိကြဘဲ အားလုံးက တည်ငြိမ်ရင့်ကျက်နေကြတာ... တကယ့်ကို ကောင်းပါတယ်..."
စတုတ္ထမင်းသား က အချက်ကျကျ ချီးကျူးလိုက်သဖြင့် အရှင်မင်းကြီးလည်း သဘောကျကာ တဟားဟားရယ်မောလိုက်သည်။
လင်ကွေ့ဖေးက ဘေးမှနေ၍ တစ်ချက် ကြည့်လိုက်ကာ သူမ၏ မျက်နှာပေါ်တွင် ရှုပ်ထွေးသော ခံစားချက်များ ပေါ်လွင်နေ၏။
"ဒီနေ့ နဂါးလှေ ပြိုင်ပွဲက ကိုယ်တော်နဲ့ စတုတ္ထဦးရီးတော် ကိုရော... အားလုံးကိုပါ အမြင်ကျယ်သွားစေတယ်... တည်တည်ငြိမ်ငြိမ်နဲ့ အခက်အခဲတွေကိုဖြတ်ကျော်ပြီး စည်းလုံးညီညွတ်မှု ရှိတာ... မိုးပြာရောင်အဖွဲ့က တကယ် တော်တယ်ကွာ... ခေါင်းဆောင်က ဘယ်သူလဲ..."
မျက်နှာပေါက် ခက်ထန်ပြီး တည်ကြည်လေးနက်သော လူတစ်ယောက်က ချက်ချင်းပင် မတ်တပ်ရပ်ကာ ရှေ့သို့ ထွက်လာသည်။
ထို့နောက် နောက်တစ်ကြိမ် ဒူးထောက်လိုက်ပြီး အရှင်မင်းကြီးကို ကြည့်ကာ ပြောလိုက်သည်။
"ကျွန်တော်မျိုးရဲ့ ဖခင်က မြို့တော်ကင်းစောင့်တပ် ဒုတိယတပ်မှူး ဖုန်းကျစ်ချွင်း ပါ... ကျွန်တော်မျိုးက အခု တော်ဝင်ချပ်ဝတ်စစ်တပ် မှာ တပ်မှူး အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်..."
"အော်... စတုတ္ထဦးရီးတော် ရဲ့ လက်အောက်က လူကိုး... ဒါကြောင့်လည်း ဒီလောက် ရဲရင့်ပြီး ဉာဏ်ကောင်းနေတာပေါ့..."
အရှင်မင်းကြီး၏ ဤချီးကျူးစကားကြောင့် စတုတ္ထမင်းသား မှာ ပျော်ရွှင်စွာ ရယ်မောနေသော်လည်း ဘေးနားရှိ ကျန်းမင်းသား ကတော့ မျက်နှာပျက်သွားသ၏။
သူဟာ အောင်ပွဲခံနေသည့် စတုတ္ထမင်းသား ကို မော့ကြည့်လိုက်ရင်း ရင်ထဲတွင် မကျေနပ်မှုများ ပြည့်နှက်နေသည်။
ယခင်ဧကရာဇ် နတ်ရွာစံခါနီးတွင် သတ်မှတ်ခဲ့သော အမတ်ချုပ်ကြီးများ စာရင်းထဲတွင် စတုတ္ထမင်းသား လုံးဝ မပါဝင်ခဲ့ပေ။ ဆွေတော်မျိုးတော်များ အားလုံးကလည်း ကျန်းမင်းသားအိမ်တော် ကိုသာ ဦးဆောင်သူအဖြစ် သတ်မှတ်ထားကြသည်။
သို့သော် အရှင်မင်းကြီး နန်းတက်ပြီးနောက်ပိုင်းတွင်တော့ သူတို့ အမတ်ချုပ်ကြီးများကို တဖြည်းဖြည်း အဝေးသို့ တွန်းပို့ကာ စစ်တပ်ထဲတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော စတုတ္ထမင်းသား ကိုသာ တရင်းတနှီးဆက်ဆံလာတော့၏။
အကယ်၍ စတုတ္ထမင်းသား ၏ လက်ထဲတွင် တော်ဝင်ချပ်ဝတ်စစ်တပ် ကိုသာ မကိုင်ထားလျှင် သူစောစောစီးစီးကတည်းက နည်းလမ်းရှာပြီး ဖယ်ရှားပစ်လိုက်ပြီး ယခုလို မျက်နှာလိုမျက်နှာရလာလုပ်ခွင့်ပေးထားမည်မဟုတ်ချေ။
တကယ့်ကို ဒေါသထွက်စရာ ကောင်းလိုက်တာ။
---