တာရင်အဆင့်သို့ လျှော့ချခံရခြင်း
Vol. 6 Ch. 56
"ကောင်းတယ်... မိုးပြာရောင်အဖွဲ့က ဒီနေ့ အခုလို ရလဒ်ကောင်းကို ရလာနိုင်တာက မင်းရဲ့ ဦးဆောင်မှု ကောင်းလို့ပဲ... ကိုယ်တော် မင်းကို ဟန်ထယ်ဓားမြှောင် တစ်လက် ဆုချမယ်... ကျန်တဲ့သူတွေ အားလုံးကိုလည်း ရာထူး တစ်ဆင့်စီ တိုးပေးမယ်..."
ထင်သည့်အတိုင်းပင် ဤစကားကို ကြားလိုက်ရသည်နှင့် ဘေးနားရှိ လူများက တီးတိုးပြောဆိုလာကြသည်။
သူတို့အားလုံးက တော်ဝင်မျိုးနွယ်နှင့် မှူးမတ်အိမ်တော်များမှ ဆင်းသက်လာသူများ ဖြစ်ကြသဖြင့် အစကတည်းက အခြားသူများထက် အခွင့်အရေး ပိုများနေပြီး ဖြစ်သည်။ ယခုလို ရာထူးတစ်ဆင့် ထပ်မံ တိုးမြှင့်ခံရခြင်းက သူတို့၏ မိသားစုများနှင့် သူတို့ကိုယ်တိုင်အတွက်ပါ ဂုဏ်ယူစရာပင်။
လင်ကွေ့ဖေးက လင်ရှင်းကျစ် ကို မျက်လုံးလေးများ မှေးကာ ကြည့်ရင်း စိတ်ထဲတွင် အနည်းငယ် သတိထားလာမိသည်။
သူက မူလက မြို့တော်ကင်းစောင့်တပ် တွင် ရာထူးအဆင့်အတန်း မရှိသော သာမန် အစောင့်တစ်ယောက်သာ ဖြစ်သည်။ ယခု ရာထူးတစ်ဆင့် တိုးသွားလျှင်ပင် အဆင့်ကိုးတွင်သာရှိဦးမည်ဖြစ်ပြီး နန်းတွင်းကိုယ်ရံတော် အဆင့်ကိုပင် မမီသေးချေ။
သို့သော် နှစ်ပေါင်းများစွာ ဒုတိယအိမ်တော် က ပထမအိမ်တော် ကို ဖိနှိပ်လာခဲ့သည်မှာ အကျင့်ပါနေပြီ ဖြစ်၍ ယခုလို ရုတ်တရက် ရာထူးတိုးသွားသည်ကို မြင်ရချိန်တွင်တော့ သူမ သဘာဝကျကျပင် မနှစ်မြို့ဖြစ်သွားရသည်။
သို့သော် အရှင်မင်းကြီး ကိုယ်တိုင် အမိန့်ပေးလိုက်ပြီ ဖြစ်ရာ သူမက ဘယ်လောက်ပင် မကျေနပ်ပါစေ ပြောင်းလဲလို့ မရတော့ပေ။
အနောက်ဘက်တွင် ရပ်နေသော လင်ဝမ်ယိကတော့ ထိုစကားကို ကြားလိုက်ရလျှင် အလွန်ပျော်ရွှင်သွားတော့၏။
နောက်ဆုံးတော့ နောက်ဆုံးတော့လေ...
အစ်ကိုကြီးက သူ့ရဲ့ ကိုယ်ပိုင် စွမ်းရည်နဲ့ အောင်မြင်ဖို့ လမ်းစကို ရှာတွေ့သွားပြီ...။
အခုမှ ရာထူးအဆင့်အတန်းလေး ရလာတာဆိုတော့ တခြားသူတွေနဲ့ ယှဉ်လို့ မရသေးပေမဲ့...။
အနည်းဆုံးတော့ အစကောင်းလေးပါ…။
သူမ တွေးနေစဉ်မှာပင် ရုတ်တရက် ခါးတွင် တစ်ခုခုနှင့် ဆွဲပတ်ခံလိုက်ရသလို ခံစားလိုက်ရပြီး အနောက်သို့ ဆွဲခေါ်သွားခံလိုက်ရကာ လူအုပ်ကြီးထဲမှ လွတ်ထွက်သွားသည်။
ထို့နောက် ခြေချော်သွားပြီး ခန္ဓာကိုယ်က ဘေးဘက်သို့ လဲကျသွားတော့မလို ဖြစ်သွား၏။
ထိုအချိန်တွင် သူမ၏ ဘေးတွင် ရပ်နေသူမှာ ယင်းဖင်…။
သူမမှာ ကိုယ်ဝန်ရှိနေတာလေ...။
အကယ်၍ သူမသာ လဲကျသွားပြီး ယင်းဖင် ဗိုက်ထဲက ကလေးကို တစ်ခုခု ဖြစ်သွားစေခဲ့ရင်...
နောက်ဆို သူမရဲ့ နန်းတော်ထဲက ဘဝလေးလည်း အဆုံးသတ်ပြီပဲ…
အစ်ကိုကြီးက ခုလေးတင် အရှင်မင်းကြီးရဲ့ မျက်နှာသာပေးမှုကို ရထားတာ...
သူမက အခု ချက်ချင်း ပြဿနာတစ်ခုခု သွားရှာမိလိုက်ရင်...
သူတို့ မိသားစု တစ်ခုလုံးရဲ့ မျှော်လင့်ချက်တွေ အားလုံးကို ဖျက်ဆီးပစ်လိုက်သလို ဖြစ်သွားတော့မှာပဲ…။
သူမက အချိန်ဆွဲမနေနိုင်တော့ဘဲ ကိုယ်ကို အနည်းငယ် စောင်းလိုက်ပြီး ယင်းဖင်၏ အောက်မှာ ခံပေးလိုက်သည်။
သူမ အော်ဖို့ အချိန်တောင် မရလိုက်ခင်မှာပင် သူတို့ ရပ်နေသော နေရာမှ လက်ရန်းနှင့် ကြမ်းပြင်များက ရုတ်တရက် ကျိုးကျသွားပြီး တစ်ကိုယ်လုံး အောက်သို့ ပြုတ်ကျသွားတော့သည်။
သူမ၏ ခေါင်းထဲတွင်တော့ ယင်းဖင် က သူမကြောင့် ဘာမှ ထိခိုက်လို့ မဖြစ်ဘူး ဆိုတာကိုသာ တွေးနေမိသည်။
ထို့ကြောင့် လက်ကို နောက်ပြန်လှည့်ကာ အစွမ်းကုန် အားယူပြီး ယင်းဖင် ကို အပေါ်သို့ တွန်းတင်လိုက်၏။
ယင်းဖင် က အစွန်းနားတွင် ကွက်တိလေး တင်ကျန်ရစ်ခဲ့ပြီး လန့်လွန်းသဖြင့် စကားပင် မပြောနိုင်တော့ချေ။
သို့သော် လင်ဝမ်ယိကတော့ ရှို့နန်ရေကန် ကြီးထဲသို့ တစ်ကိုယ်လုံး ထိုးကျသွားပြီး သူမနှင့်အတူ သစ်သားတိုင်များနှင့် ကျောက်တုံးများလည်း ပြုတ်ကျသွားတော့၏။
"သခင်မလေး..."
"ချန်ချန်..."
လင်ရှင်းကျစ် က မူလကတည်းက အနောက်ဘက်တွင် ရပ်နေပြီး လင်ဝမ်ယိ နှင့် အလွန်နီးနေတာပင်။
သူက အသံကြားသည်နှင့် ပထမဆုံး တုံ့ပြန်လိုက်ပြီး လှမ်းဆွဲရန် ကြိုးစားလိုက်သည်။
သို့သော် အောက်သို့ ပြုတ်ကျသွားသော လင်ဝမ်ယိ၏ လက်ကို မဆွဲမိလိုက်ပေ။ သူမ ပြုတ်ကျသွားသည်ကို မြင်လိုက်ရသောအခါ သူလည်း အခြားဘာမှ ဂရုမစိုက်နိုင်တော့ဘဲ လိုက်ခုန်ချသွားတော့၏။
"လူကယ်ကြ... လူကယ်ကြ..."
ကျန်းဟွမ့်ချင်း က ရေထဲသို့ ခုန်ချရင်း အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည်။
သူ ပြောလိုက်သည်နှင့် တစ်ပြိုင်နက်... မိုးပြာရောင်အဖွဲ့မှ လူများလည်း ရှို့နန်ရေကန် ထဲသို့ အသီးသီး ခုန်ချသွားကြပြီး ရေပေါ်တွင် မျောနေသော သစ်တုံးများကို ဖယ်ရှားကာ လင်ရှင်းကျစ် အတွက် လမ်းဖွင့်ပေးလိုက်ကြသည်။
လင်ဝမ်ယိက ရေမကူးတတ်ပေ။ ဒါကို လင်အိမ်တော်မှ လူ အားလုံး သိကြသည်။
ထို့ကြောင့် သူမ ပြုတ်ကျသွားသည်ကို မြင်သည်နှင့် လင်ရှင်းကျစ် ၏ ပထမဆုံး တုံ့ပြန်မှုက ရေထဲခုန်ချပြီး ကယ်တင်ရန်သာ။
တော်သေးသည်က ထိုနေရာက ရှို့နန်ရေကန် ၏ အစွန်ဘက်တွင် ဖြစ်ပြီး ရေသိပ်မနက်ဘဲ တစ်လံခန့်သာ ရှိသည်။
ထို့ပြင် လင်ရှင်းကျစ် ၏ အမြန်နှုန်းကလည်း အလွန် မြန်ဆန်သဖြင့် သူမကို ရေထဲမှ ချက်ချင်း ဆွဲတင်နိုင်ခဲ့ရာ လင်ဝမ်ယိက ရေအနည်းငယ်သာ မွန်းသွားပြီး အကြီးအကျယ် ထိခိုက်ဒဏ်ရာရသွားခြင်း မရှိခဲ့ပေ။
သို့သော် ကယ်တင်ခံလိုက်ရသည့် ယင်းဖင်ကတော့ လန့်ဖြန့်ကာ သတိလစ်သွားလေပြီ။
တစ်ယောက်က သတိလစ်သွားပြီး နောက်တစ်ယောက်က ရေထဲပြုတ်ကျသွားသဖြင့် ကောင်းကောင်းမွန်မွန် ကျင်းပနေသော ပွဲတော်ကြီးက ရုတ်တရက် ကမောက်ကမ ဖြစ်သွားတော့၏။
သူတို့နှစ်ယောက်နှင့် အနီးတွင်ရပ်နေကြသည့် ကိုယ်လုပ်တော်များနှင့် အစေခံများကလည်း လန့်ပြီး အော်ဟစ်လိုက်ကြသည်။ သူတို့က နည်းနည်း ဝေးနေသဖြင့်သာ တော်တော့သည်။ မဟုတ်လျှင် သူတို့ပါ ရေထဲ ပြုတ်ကျသွားမည် မဟုတ်လော။
ချွမ်ချီ နှင့် ရှအန်း တို့က ကမ်းစပ်သို့ အမြန် ပြေးသွားကြပြီး သွားနေရင်းနှင့်ပင် သူတို့၏ အပေါ်ဝတ်ရုံများကို ချွတ်ကာ လင်ဝမ်ယိကို ခြုံပေးဖို့ ပြင်လိုက်ကြ၏။
လူအများရှေ့တွင် ရေထဲပြုတ်ကျသွားခြင်း ဖြစ်ရာ သူတို့ သခင်မလေးသာ တစ်ခုခုမှားသွားလျှင် အရှက်မရှိဘူးဟု နာမည်ဆိုးတပ်ခံရမည်ပင်။
သူတို့က ထိုသို့ တွေးနေသကဲ့သို့ အခြားသူများကလည်း ထိုသို့ပင် တွေးနေကြသည်။
အထူးသဖြင့် လင်ဝမ်ယိကို ညှိုးနေသည့် ချူကွေ့ရန် က ချက်ချင်း ခုန်ထွက်လာပြီး အသံကျယ်ကြီးဖြင့် အော်လိုက်သည်။
"အမလေး... လင်တာရင် က တခြား ယောက်ျားလေး တစ်ယောက်နဲ့ ပလူးပလဲလုပ်နေတာပဲ… တကယ့်ကို အရှက်မရှိလိုက်တာ..."
သူမ ထိုသို့ အော်လိုက်သည်နှင့် လူတိုင်း၏ အကြည့်များက ထိုနေရာသို့ ရောက်သွားကြသည်။
လူကယ်ခြင်းနှင့် အကယ်ခံရခြင်းသာဖြစ်သော်လည်း တာ့ဝေ့ပြည် ကဲ့သို့ ရှေးရိုးစွဲ အယူသီးသည့် နိုင်ငံမျိုးတွင် ဤကဲ့သို့ မြင်ကွင်းမျိုးက လူအများကို ဝေဖန်ပြောဆိုစရာ ဖြစ်လာစေသည်မှာ အမှန်ပင်။
အရှင်မင်းကြီးက ချူကွေ့ရန် ကို အေးစက်စွာ ကြည့်လိုက်ပြီး သူမ ရုတ်တရက် ဝင်ပြောလိုက်သည်ကို အလွန် မနှစ်မြို့ဖြစ်သွား၏။
လင်ကွေ့ဖေးကလည်း လင်ဝမ်ယိ မောင်နှမအပေါ် အနည်းငယ် စောင့်ကြည့်နေတာဖြစ်သော်လည်း ယခုအချိန်တွင်တော့ လင်အိမ်တော်၏ နာမည်ကို ထိခိုက်ခံ၍ မဖြစ်ပေ။
ထို့ကြောင့် သူမက ချက်ချင်းပင် စိုးရိမ်တကြီး ဝင်ပြောလိုက်သည်။
"ချူကွေ့ရန်... လျှောက်မပြောနဲ့... အဲဒါက ဒီအရှင်မ နဲ့ လင်တာရင် ရဲ့ အစ်ကိုကြီးလေ... အစ်ကိုဖြစ်သူက ညီမလေး ရေထဲကျသွားတာကို မြင်နေရက်နဲ့... သေပါစေဆိုပြီး မကယ်ဘဲ နေရမှာလား..."
လင်တာရင် ရဲ့ အစ်ကိုတဲ့လား...
ဒါဆို တခြား ယောက်ျားလေး မဟုတ်ဘူးပေါ့…,
ထို့ပြင် လင်ကွေ့ဖေး ပြောတာလည်း မှန်သည်။ အစ်ကိုဖြစ်သူက ညီမလေး ရေထဲကျသွားတာကို မြင်နေရက်နှင့်... ဘာမှမလုပ်ဘဲ ရပ်ကြည့်နေဖို့က ကောင်းပါ့မလား။
ထို့ကြောင့် လူတိုင်းက ချူကွေ့ရန် ကို အပြစ်တင်သည့် အကြည့်များဖြင့် ဝိုင်းကြည့်လိုက်ကြရာ သူမမှာ ချက်ချင်းပင် ဘာစကားမှ ဆက်မပြောနိုင်တော့ဘဲ ဆွံ့အသွားတော့သည်။
တကယ်ပဲ... ဒီလင်မိသားစုနဲ့ ချူမိသားစုက ရေစက်မပါဘူး ထင်တယ်...
ညီမဖြစ်သူက ငါ့ကို အမြဲတမ်း ပြဿနာရှာနေပြီး…
အစ်ကိုဖြစ်သူကလည်း ငါ့အစ်ကိုရဲ့ နေရာကို လုသွားတယ်…။
ဟွန့်...
တစ်မိသားစုလုံးက အောက်တန်းစားတွေချည်းပဲ...။
သူမ၏ မျက်နှာပေါ်တွင် မကျေနပ်မှုများ ပြည့်နှက်နေသည်ကို အရှင်မင်းကြီး ကိုယ်တိုင်ပင် မြင်တွေ့လိုက်ရသည်။
သူက အေးစက်စက် တစ်ချက် နှာမှုတ်လိုက်ပြီးနောက် ခပ်တင်းတင်း ပြောလိုက်သည်။
"ချူကွေ့ရန်... မင်းရဲ့ စကားအပြောအဆို အပြုအမူတွေက ရိုင်းစိုင်းလွန်းတဲ့အတွက်... တာရင် အဆင့်ကို လျှော့ချလိုက်ပြီး သုံးလတိတိ အကျယ်ချုပ် ချမှတ်လိုက်တယ်..."
ထိုစကားကို ကြားလိုက်ရသည်နှင့် နေရာတွင် ရှိနေသူ အားလုံး အံ့ဩသွားကြတော့၏။
တစ်ချက်ကတော့ ဤကဲ့သို့ နေ့ထူးနေ့မြတ်ကြီးတွင် သည်လိုပြဿနာမျိုး ဖြစ်လာမည်ဟု မထင်ထားခဲ့သောကြောင့်။
နောက်တစ်ချက်ကတော့ ချူကွေ့ရန် က လွန်ခဲ့သည့် နှစ်လခန့်ကမှ နန်းတွင်းသို့ ရောက်လာသော လူသစ်လေး ဖြစ်ပြီး ယခုလို အရှင်မင်းကြီး ရှေ့တော်မှောက်မှာတင် အပြစ်ပေးခံလိုက်ရသည်ကို တွေးပြီး သနားစရာ ကောင်းသည်ဟု ထင်သွားမိကြသောကြောင့်ပင်။
သို့သော် သူမ၏ စောနက အပြုအမူများကို ပြန်တွေးကြည့်လိုက်သည့်အခါတွင်တော့ လူတိုင်းကလည်း အေးစက်စွာသာ ကြည့်နေကြပြီး ဘာမှ ဝင်မပြောကြတော့ပေ။
ယီဖေးကလည်း ချူတာရင် အဖြစ် ကျဆင်းသွားသော ချူကွေ့ရန် ကို ကြည့်ပြီး သူမက တကယ်ကို မြှောက်စားလို့ မရတဲ့သူ တစ်ယောက်ပဲဟု တွေးလိုက်မိသည်။
သို့သော် သူမကလည်း ရှီးပေ မှ လာသူဖြစ်ရာ ချူကွေ့ရန် သည်လို အဆုံးသတ်သွားမည်ကိုတော့ နှမြောမိသေးသည်။
ထို့ကြောင့် သူမအတွက် ဝင်ပြီး တောင်းပန်ပေးဖို့ ပြင်လိုက်၏။
သို့သော် လင်ကွေ့ဖေးက သူမ၏ စကားကို ဖြတ်ပြောလိုက်ပြီး ယင်းဖင် ကို စမ်းသပ်ပေးနေသော တော်ဝင်သမားတော် ကို လှမ်းမေးလိုက်သည်။
"တော်ဝင်သမားတော်... အခြေအနေ ဘယ်လိုရှိလဲ... ယင်းဖင် ညီမလေး ဘာများ ဖြစ်သွားသေးလဲ..."
ထိုတော်ဝင်သမားတော် က ခုနကတည်းက သွေးခုန်နှုန်းကို အသေအချာ စမ်းသပ်နေခဲ့ပြီး အကြိမ်ကြိမ် သေချာအောင် စစ်ဆေးပြီးမှသာ ပျော်ရွှင်စွာဖြင့် ပြန်ဖြေလိုက်သည်။
"အရှင်မင်းကြီးကို ဂုဏ်ပြုပါတယ်... အရှင်မင်းကြီးကို ဂုဏ်ပြုပါတယ်... ယင်းဖင်မယ်မယ် မှာ ကိုယ်ဝန်ငါးလ ရှိနေပါပြီ..."
"ဘာ..."
ထိုစကားကို ကြားလိုက်ရသည်နှင့် အံ့ဩသွာရဆုံးသူမှာ ကိုယ်ဝန်လွယ်ထားရသော လန်ဖေး ပင်။
သူမဟာ သည်ကိုယ်ဝန်ကြောင့် နန်းတွင်းတွင် နေရာတစ်ခု ရလာခဲ့ပြီး သူမ တစ်ယောက်တည်းသာ သည်လို အခွင့်ထူး ရထားသည်ဟု ထင်မှတ်နေခဲ့သော်လည်း ယခုတော့ ယင်းဖင် တွင်လည်း ကိုယ်ဝန်ရှိနေသည်တဲ့လား။
ပြီးတော့ ငါးလတောင် ရှိနေပြီ ဆိုတော့ တကယ်ကို လျှိုထားတတ်တာပဲ…။
သူမ၏ ကြည်လင်နေသော မျက်ဝန်းများထဲတွင် အာဃာတ အရိပ်အယောင်လေး ဖြတ်ပြေးသွားပြီး ယင်းဖင် ၏ ဗိုက်ကို ကြည့်ရင်း ရင်ထဲတွင် မကျေနပ်မှုများ ဖြစ်ပေါ်လာသည်။
သို့သော် ထိုအရာက တစ်ခဏသာ ဖြစ်ပြီး ချက်ချင်းပင် မတ်တပ်ရပ်ကာ သူမ၏ ဗိုက်ကို လူအများ မြင်သာအောင် တမင် လုပ်ပြလိုက်ပြီး ယဉ်ကျေးသိမ်မွေ့စွာ ပြုံးပြရင်း ပြောလိုက်သည်။
"အရှင်မင်းကြီးကို ဂုဏ်ပြုပါတယ်... ယင်းဖင် ညီမလေးမှာလည်း ကိုယ်ဝန်ရှိနေပြီ ဆိုတော့ ဒီနှစ်ကုန်ရင် နန်းတော်ထဲမှာ တစ်ပြိုင်နက်တည်း ကလေးနှစ်ယောက်တောင် တိုးလာတော့မှာပဲနော်..."
သူမ ဤသို့ ပြောလိုက်မှသာ လူအားလုံးက သတိဝင်လာကြသည်။
ကိုယ်လုပ်တော်များ၏ မျက်နှာပေါ်တွင်တော့ အံ့ဩနေသူတွေ၊ အားကျနေသူတွေ ပါဝင်သလို မနာလို ဖြစ်နေသူတွေလည်း ရှိနေ၏။
သို့သော် မည်သူမျှ အရေးမလုပ်ခံရသော ချူတာရင် လောက်တော့ ဆိုးရွားမည် မဟုတ်ပေ။
သူမက တစ်ခုခု ထပ်ပြောဖို့ ကြိုးစားလိုက်သေးသော်လည်း တက်လာသော မိန်းမစိုးများက သူမ၏ ပါးစပ်ကို ပိတ်ကာ မေ့လဲသွားအောင် ခေါင်းကိုက်ရိုက်ချပြီး ဆွဲခေါ်သွားကြလေပြီ။