← Chapters

စစ်တပ်ထဲဝင်ရသည့် အကြောင်းရင်း

Vol. 6 Ch. 58

စစ်တပ်ထဲဝင်ရသည့် အကြောင်းရင်း

Vol. 6 Ch. 58

"သူ တော်ဝင်ချပ်ဝတ်စစ်တပ်ထဲ ဝင်သွားတော့ရော ဘာဖြစ်လဲ… တပ်ကြပ်အဆင့်လောက်လေးပဲလေ… အထက်ကို တက်နိုင်ပါ့မလား ဆိုတာ မပြောနဲ့ဦး... ဓားပြနှိမ်နင်းတာတို့…သူပုန်နှိမ်နင်းတာတို့မှာများ ကံမကောင်းလို့ အသက်ပါသွားခဲ့ရင်တော့ လင်မိသားစုရဲ့ ဒီ ပထမသခင်လေးအတွက် နှမြောစရာပဲ..."

သညမစကားကို ကြားလိုက်ရတော့ ဒုတိယသခင်မ သခင်မဝမ်၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွားသည်။

"အမေ ပြောတာ မှန်ပါတယ်... ချွေးမကပဲ တွေးပြီးပူလွန်းနေတာပါ..."

မင်းသမီးရုံခန့်က ချွေးမဖြစ်သူ သခင်မဝမ်ကို မျက်စောင်းတစ်ချက် ထိုးကြည့်လိုက်သည်။ လူက သိပ်နုံလှသော်လည်း နောက်ခံမိသားစုကတော့ မဆိုးလှပေ။ ထို့ကြောင့် တစ်ခါတရံတွင် သူမက မျက်စိတစ်ဖက်ပိတ်ပြီး လွှတ်ထားပေးလိုက်ခြင်းပင်။

"အရှေ့ဆောင်ကိစ္စတွေကို နင် ဝင်မပါစမ်းပါနဲ့... သူတို့ အခက်အခဲတွေနဲ့ သူတို့... လင်ကွမ်ကျစ်ရော ဘယ်လိုနေလဲ... တော်ဝင်ကျောင်းတော်မှာ စာသင်ရတာ အဆင်ပြေရဲ့လား..."

မင်းသမီးရုံခန့် ပြောသည့် လင်ကွမ်ကျစ်ဆိုသည်မှာ နန်းရင်းဝန်အိမ်တော်၏ ဒုတိယသခင်လေး ဖြစ်သည်။ တစ်ချိန်တည်းမှာပင် မင်းသမီးရုံခန့်တို့ သွေးသားထဲမှ တစ်ဦးတည်းသော မြေးဖြစ်သဖြင့် လင်မိသားစု တစ်ခုလုံးက အရေးပေးကြသည်။

သို့သော် ငယ်ငယ်ကတည်းက အလိုလိုက်ထားလွန်းသဖြင့် ဆိုးသွမ်းသည့် သခင်လေး အကျင့်များ ရှိနေသည်ယ ထို့ကြောင့်လည်း မင်းသမီးရုံခန့်က နည်းလမ်းရှာပြီး တော်ဝင်ကျောင်းတော်သို့ အလေ့အကျင့်ကောင်းများ ရအောင် ပို့ထားလိုက်သည်။

သွားသည်မှာ နှစ်လခန့် ရှိနေပြီ ဖြစ်သော်လည်း ဘာသတင်းမှ ပြန်မကြားရသေးချေ။ မြေးကို ချစ်လွန်းသည့် မင်းသမီးရုံခန့်မှာ နေ့တိုင်း စိတ်ပူနေရပြီး အိမ်ကစာလေး တစ်စောင်များ လွတ်သွားမလား ဆိုကာ မျှော်နေရသည်။

သခင်မဝမ်က သူမသားအကြောင်း ပြောလာတော့ သဘာဝကျကျပင် မျက်နှာလေး ပြံးရွှင်သွား၏။

"အမေ စိတ်ချပါ... လင်ကွမ်ကျစ်ရဲ့ အကျင့်ကို အမေလည်း မသိတာမှ မဟုတ်တာ…သွက်လက်ပြီး လူချစ်လူခင် ပေါတော့ ကြားရသလောက် တော်ဝင်ကျောင်းတော် တစ်ခုလုံးက သူ့ကို အရေးတယူ ဆက်ဆံကြတယ်တဲ့လေ..."

"ငါမေးချင်တာက လင်ကွမ်ကျစ်ရဲ့ ပညာရေးက ဘယ်လိုလဲလို့ မေးတာ..."

မင်းသမီးရုံခန့်က အေးစက်စက် နှာမှုတ်လိုက်သည်။ ကျန်းမင်းသားအိမ်တော်ကနေ ထောက်ခံစာဖြင့် သွားသူ၊ ထို့အပြင် အမတ်ချုပ်လင်၏ အသည်းကျော်မြေးကို ဘယ်သူကများ အခက်တွေ့အောင် လုပ်ရဲမည်နည်း။ ဒီဒုတိယချွေးမက တကယ့်ကို ဦးနှောက်မရှိပေ။

"လင်ကွမ်ကျစ်က အတတ်မြန်ပါတယ်... ကစားမက်တာလေး တစ်ခုပဲ ရှိတာပါ…အချိန်တန်ရင် အောင်မြင်မှုအကြီးကြီးတွေ ရမှာသေချာတယ်…"

အမေက အလိုလိုက်လျှင် သားပျက်စီးတတ်သည် ဆိုသော စကားက တကယ်ကို အမှန်ပင်။

တော်သေးသည်က သူ့ အသက်က ငယ်သေးသဖြင့် အသက်နှစ်ဆယ်ပြည့်၍ အလုပ်တစ်ခုခု ရှာပေးလိုက်လျှင် အကျင့်လေး နည်းနည်း ပြင်လိုက်ရုံနှင့် အဆင်ပြေသွားမည်ပင်။

ထိုသို့ တွေးမိတော့ မင်းသမီးရုံခန့်လည်း စိတ်နည်းနည်း အေးသွားပြီး သခင်မဝမ်နှင့်အတူ ရှန်းကျင်းမြို့တော်ထဲက သတင်းများအကြောင်း ဆက်ပြောနေကြတော့သည်။

တစ်ဖက်တွင်တော့ အရှေ့ဆောင်မှာ လင်ရှင်းကျစ် စစ်တပ်ထဲ ဝင်တော့မည်ဆိုသည့် သတင်းကို ကြားလိုက်ရသော သခင်မသုန်တစ်ယောက် အသက်ရှူတောင် ရပ်မတတ် ဖြစ်သွားရသည်။

"သား ရူးသွားပြီလား... ချန်ချန်လည်း နန်းတော်ထဲ ရောက်သွားပြီ… နောက်ဆို တွေ့ဖို့တောင် ခက်ခဲတော့မှာ အမေတို့ အဖေတို့ အနားမှာ သားတို့ ညီအစ်ကို နှစ်ယောက်ပဲ ရှိတော့တာလေ…သားပါ ထွက်သွားရင် အမေတို့က ဘယ်လို လုပ်ရမလဲ…စစ်မြေပြင်ဆိုတာ ဓားတွေ လှံတွေက မျက်စိပါတာ မဟုတ်ဘူး... တကယ်လို့များ...တကယ်လို့များ… အမေနဲ့ အဖေ ဘယ်လို ဆက်ရှင်သန်ရမလဲ..."

သခင်မသုန်က ငိုရင်းဖြင့် ဆူပူနေသည်။ လင်ရှင်းကျစ်က မြေပြင်ပေါ်တွင် ဒူးထောက်နေပြီး အမေပြောသမျှကို နားထောင်နေသော်လည်း သူ၏ မျက်နှာပေါ်မှ ပြတ်သားမှုများကတော့ ဘယ်သူလာပြောပြော ပြောင်းလဲမည့်ပုံ မပေါ်ချေ။

သခင်ကြီး လင်ကွမ်ကျူလည်း သားဖြစ်သူကို စိုးရိမ်စွာ ကြည့်နေပြီး စကားများ ပါးစပ်ဖျားရောက်လာသော်လည်း အကြိမ်ကြိမ် မျိုချနေရသည်။

ထိုအချိန်တွင် ဘေးနားမှ အငယ်ဆုံးသား လင်မုကျစ်က ရှေ့ထွက်လာပြီး အမေဖြစ်သူ သခင်မသုန်ကို အရင်ဆုံး ထိုင်ခိုင်းလိုက်ကာ ပဝါလေး ကမ်းပေးလိုက်သည်။ ထို့နောက် တိုးတိုးလေး ဖြောင်းဖျလိုက်သည်။

"အမေ... အစ်ကိုကြီးက စိတ်လိုက်မာပါ လုပ်တတ်တဲ့သူမျိုး မဟုတ်ပါဘူး… သူ ဒီလို လုပ်တာ သေချာပေါက် အကြောင်းရင်း ရှိလို့နေမှာပါ… အစ်ကိုကြီး ပြောတာကို အရင်ဆုံး သေချာ နားထောင်ကြည့်ပြီးမှ ဆုံးဖြတ်ကြတာပေါ့..."

လင်မုကျစ်က အသက်သာ ငယ်သော်လည်း စကားပြောရာတွင် လူကြီးလူကောင်းဆန်ပြီး ယုံကြည်ချင်စရာ ကောင်းလှသည်။ လူငယ်လေး၏ မျက်နှာတွင် တည်ငြိမ်မှုများ အပြည့်ရှိနေသည်။ လင်မိသားစု၏ မြေးများထဲတွင် ရုပ်ရည်အရဆိုလျှင် သူက အမတ်ချုပ်လင်နှင့် အတူဆုံးပင်။

သို့သော် နှမြောစရာကောင်းသည်က သူက အရှေ့ဆောင်တွင် မွေးဖွားလာသဖြင့် ငယ်ငယ်ကတည်းက အဘိုးဖြစ်သူ၏ ဂရုစိုက်မှုကို သိပ်မရခဲ့ချေ။ ယခု အသက် ဆယ့်သုံးနှစ် ရှိနေပြီ ဖြစ်သော်လည်း အဘိုးနှင့် မျက်နှာချင်းဆိုင် တွေ့ဖူးသည့်အချိန်မှာ လက်ချိုးရေလို့ ရသည်။ သွန်သင်ဆုံး‌မပေးဖို့ဆိုတာတော့ ဝေးလာဝေးပင်။

"သားငယ် ပြောတာ မှန်တယ်…ဟယ့်စုန်း ဘာပြောမလဲ အရင် နားထောင်ကြည့်ရအောင်..."

လင်ကွမ်ကျူလည်း ဇနီးဖြစ်သူကို ဝင်ရောက် ဖြောင်းဖျလိုက်သည်။ မိသားစုဆိုသည်မှာ ဘာရန်ငြိုးမှ ရှိသည်မဟုတ်၍ စကားကို ပွင့်ပွင့်လင်းလင်း ပြောလိုက်လျှင် ပြီးသွားမှာပင်။

သားအဖ နှစ်ယောက်လုံးက အကျိုးအကြောင်းသင့် ပြောလာတော့မှ သခင်မသုန်လည်း ငိုနေရာမှ ရပ်သွားသည်။ သူမက မျက်လုံးနီရဲရဲလေးဖြင့် အကြီးဆုံးသားကို ကြည့်ပြီး မေးလိုက်၏။

"ပြောလေ... သား ဘာလို့ ဒီစစ်တပ်ထဲကို မဖြစ်မနေ ဝင်ချင်ရတာလဲ..."

လင်ရှင်းကျစ်က အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး မိသားစုဝင်များကို အလေးအနက် ကြည့်လိုက်သည်။ အထူးသဖြင့် အမေဖြစ်သူကိုပင်။ အနောက်ဆောင်က ဒုတိယသခင်မနှင့် ယှဉ်လိုက်လျှင် သူ့အမေမှာ ပူပင်သောကများ များလွန်းသဖြင့် ရှိရင်းစွဲအသက်ထက်ပင် ပိုအိုနေသယောင်။

ထို့နောက် သူက ဖြည်းညှင်းစွာ ပြောလိုက်သည်။

"အမေ... သား နဂါးလှေပြိုင်ပွဲတုန်းက ချန်ချန်ကို တွေ့ခဲ့တယ်..."

"ဘာ... သူ ဘယ်လိုနေလဲ…နေကောင်းရဲ့လား... ပိန်သွားသေးလား..."

မေးခွန်းများ ဆက်တိုက် ထွက်လာသဖြင့် လင်ရှင်းကျစ်တောင် ပြန်ဖြေဖို့ အချိန်မရလိုက်ချေ။ သို့သော် သခင်မသုန်၏ စိုးရိမ်တကြီး မျက်နှာကို မြင်တော့ သူ စိတ်မကောင်းဖြစ်ရသော်လည်း အမှန်တိုင်း ပြောပြရတော့သည်။

"မကောင်းဘူး… သား ကြည့်ရသလောက် နည်းနည်း ပိန်သွားတယ်… ပြီးတော့ သူ ဘာမှမပြောပေမဲ့ သူ့ခြေလှမ်းတွေက သိပ်မမှန်ဘူး... ခြေထောက် ခေါက်ထားလို့ ပြန်ကောင်းလာခါစလိုမျိုးပဲ…"

ထိုစကားကို ကြားလိုက်ရလျှင် သခင်မသုန်တစ်ယောက် ခုံပေါ်မှာတင် အရုပ်ကြိုးပြတ် ခွေကျသွားတော့။ ဘေးမှ လင်မုကျစ်သာ ဖမ်းမထိန်းထားလျှင် မြေပြင်ပေါ် ပုံကျသွားလောက်ပြီ။ ရင်ထဲတွင် ချက်ချင်းဆိုသလို ယူကျုံးမရ ဖြစ်သွားရသည်။

"ငါ့သမီးလေးရယ်... ဘာလို့ တစ်ယောက်ပြီး တစ်ယောက် ဒီလောက်တောင် ဒုက္ခရောက်နေကြရတာလဲ..."

သူမ ရှိုက်ကြီးတငင် ငိုကြွေးနေသော်လည်း လင်ရှင်းကျစ်က အနာပေါ် ဆားထပ်ပက်လိုက်သည်။

"ပြီးတော့ အဲဒီနေ့က သူ တစ်ယောက်ယောက်ရဲ့ လုပ်ကြံလို့ ရေထဲ ပြုတ်ကျသွားသေးတယ်…အဲဒီအချိန်မှာ သားသာ အနားမှာ ရှိမနေလို့ ရေထဲသွားမဆယ်လိုက်နိုင်ရင်... အခုချိန်ဆို အမေတို့ နာရေးသတင်းပဲ ကြားနေရလောက်မှာ"

"ဘာ…"

သခင်ကြီး လင်ကွမ်ကျူက ဒေါသတကြီးဖြင့် စားပွဲကို လက်သီးဖြင့် ထုချလိုက်ပြီး ချက်ချင်း မတ်တပ်ရပ်ကာ အပြင်သို့ ထွက်ရန် ပြင်လိုက်သည်။

"အဖေ... အဖေ ဘယ်သွားမလို့လဲ..."

"ငါ ဟိုဘက်ခြံဝင်းကို သွားပြီး သေချာ မေးကြည့်ရမယ်… သူတို့သမီးက နန်းတော်ထဲမှာ ကွေ့ဖေး ဖြစ်နေတာ မဟုတ်ဘူးလား…ကိုယ့်ညီမလေး တစ်ယောက်လုံး ဒီလောက် အနိုင်ကျင့်ခံနေရတာကို ဘယ်လိုများ ရပ်ကြည့်နေရက်ရတာလဲ… ဘယ်လိုပဲဖြစ်ဖြစ် လင်မိသားစုရဲ့ သွေးသားပဲလေ… သံယောဇဉ် နည်းနည်းလေးတောင် မရှိတော့ဘူးလား..."

ဤစကားကို ကြားတော့ လင်ရှင်းကျစ်က သရော်သလို ပြုံးလိုက်သည်။

"အဖေ... အခုချိန်ထိ အဖေ နားမလည်သေးဘူးလား…အနောက်ဆောင်နဲ့ ရုံဟယ့်ဆောင်က ဘယ်တုန်းကများ ကျွန်တော်တို့ကို မိသားစုလို့ သတ်မှတ်ဖူးလို့လဲ… ချန်ချန်ကို နန်းတော်ထဲ ဝင်ခိုင်းတာကလည်း လင်ကွေ့ဖေးရဲ့ နေရာမှာ မြဲနေဖို့ပဲ… ကျွန်တော်နဲ့ ညီလေးကိုလည်း ဘာအခွင့်အရေးမှ မရအောင် အမြဲတမ်း နှိပ်ကွက်ထားတယ်…ပြီးတော့ အမေ့ကိုလည်း နေ့တိုင်း ပြဿနာရှာသေးတယ်…ဒီလောက် နှစ်တွေ ကြာခဲ့ပြီ... ငွေလိုတဲ့အချိန်လေးကလွဲရင် သူတို့က အရှေ့ဆောင်က လူတွေကို ဘယ်တုန်းကများ အရေးတယူ ဆက်ဆံဖူးလို့လဲ..."

"အဖေ သွားပြီး ရန်တွေ့မလို့လား… ဒုတိယဦးလေးက အဖေ့ကို ဂရုစိုက်မယ် ထင်နေလား…ဒါမှမဟုတ် ဒုတိယအဒေါ်ကပဲ အဖေ့ကို ဂရုစိုက်မလား…သူတို့ထဲက တစ်ယောက်က ဝန်ထမ်းရေးရာဌာန လက်ထောက်အမတ်…နောက်တစ်ယောက်က စစ်ရေးအမတ်ရဲ့ သမီးလေ…ကျွန်တော်တို့ဘက်ကို ပြန်ကြည့်ပါဦး... အမေက ကုန်သည်မျိုးရိုးက ဆင်းသက်လာတာ…အဖေကရော... တော်ဝင်နက္ခတ္တဗေဒင်ဌာနမှာ နာမည်ပဲ ရှိတဲ့ အဆင့်ရှစ်အရာရှိလေးလေ… ကျွန်တော်တို့က ဟိုဘက်အိမ်နဲ့ ဘာသွားယှဉ်နိုင်မှာလဲ... ဘာသွားပြိုင်နိုင်မှာလဲ..."

လင်ရှင်းကျစ်၏ မျက်လုံးများ နီရဲနေပြီး နှစ်ပေါင်းများစွာ မိသားစု တစ်ခုလုံး အနိုင်ကျင့်ခံခဲ့ရသည့် အမှန်တရားများကို ဖွင့်ချလိုက်သည်။ အခန်းထဲရှိ လူအားလုံး ကြက်သေသေသွားကြပြီး အထူးသဖြင့် လင်ကွမ်ကျူမှာ နေရာမှာတင် ရပ်လျက်သားဖြင့် ဘာမှဆက်မလုပ်ရဲတော့ချေ။

"အမေက ကျွန်တော့်ကို ဘာလို့ စစ်တပ်ထဲ ဝင်ချင်ရတာလဲလို့ မေးတယ်မလား… အဲဒါက ကျွန်တော်က သူများတွေ စိတ်ကြိုက်လှီးဖြတ်မဲ့ အသားတစ် ဖြစ်မနေချင်တော့လို့ပဲ…ကျွန်တော်တို့က အမြင့်ကို မတက်လှမ်းနိုင်ဘဲ ဒီခြံလေးထဲမှာပဲ အောင်းနေမယ်ဆိုရင်... တစ်နေ့ကျရင် ကျွန်တော်နဲ့ ညီလေးလည်း ဟိုဘက်အိမ်ရဲ့ ခြေနင်းတုံးတွေ ဖြစ်သွားမှာပဲ…ပြီးတော့ ချန်ချန်လည်း… မိသားစုရဲ့ ကျောထောက်နောက်ခံ မရှိတဲ့ ကိုယ်လုပ်တော် တစ်ယောက်က နန်းတော်ထဲမှာ ဘယ်လို ဘဝမျိုးနဲ့ ရှင်သန်ရမလဲဆိုတာ အမေတို့ သိကြလား..."

"အခုချိန်မှာတော့ လင်ကွေ့ဖေးအတွက် သူက အသုံးဝင်နေသေးလို့ အသက်ရှင်နေနိုင်တာပေါ့…ဒါပေမဲ့ အနာဂတ်မှာ ဘာဖြစ်လာမလဲ ဘယ်သူသိမှာလဲ… သူက တစ်သက်လုံး လင်ကွေ့ဖေးရဲ့ မျက်နှာအရိပ်အကဲကြည့်ပြီး နေသွားရမှာလား… အမေတို့ကိုယ်တိုင် တွေးကြည့်ကြပါ... အဲဒီလိုဖြစ်စေချင်ကြတာလား..."

All Chapters