← Chapters

အားလုံးအတူတကွ

Vol. 6 Ch. 59

အားလုံးအတူတကွ

Vol. 6 Ch. 59

လင်ရှင်းကျစ်မှာ ပြောရင်း ပြောရင်း ပိုပိုပြီး ဒေါသထွက်လာရသည်။

မျက်လုံးမှိတ်လိုက်သည်နှင့် လင်ဝမ်ယိ ရေထဲပြုတ်ကျသွားသည့် မြင်ကွင်းက ပြန်ပေါ်လာသည်။ ရေထဲပြုတ်ကျသွားသည်က သူမ။ နစ်နာသွားသည်ကလည်း သူမ။ ဒါတောင် အခြားသူများ၏ ဝေဖန်ကဲ့ရဲ့တာကို ခံနေရသေးသည်။ သူမကို ကယ်တင်ဖို့ အနားတွင် ချွမ်ချီနှင့် ရှအန်းကလွဲလျှင် ဘယ်သူမှ မရှိ။ သမားတော် တစ်ယောက်တောင် လာမကြည့်ပေ။

တကယ်လို့ ရေထဲကျသွားသည်က လင်ကွေ့ဖေး ဒါမှမဟုတ် တခြား ဩဇာအာဏာကြီးသည့် မိသားစုမှ ကိုယ်လုပ်တော် တစ်ယောက်ယောက်သာ ဆိုလျှင် ဤသို့ အပြောခံရပါ့မလား။

ထို့ကြောင့် လင်ရှင်းကျစ်က သူ၏ ကိုယ်ပိုင် အနာဂတ်အတွက်တင် မဟုတ်၊ သူ့ညီမလေး နန်းတော်ထဲတွင် ပိုပြီး အဆင်ပြေပြေ နေနိုင်ရန်အတွက်လည်း စစ်တပ်ထဲကို မဖြစ်မနေ ဝင်ရမည်။

ထို့အပြင် နာမည်ရလာအောင်လည်း အစွမ်းကုန် ကြိုးစားရမည်။

အရှေ့ဆောင်က လူများကို ရုံဟယ့်ဆောင်နှင့် အနောက်ဆောင်က လူများ ထပ်ပြီး ဖိနှိပ်လို့ မရအောင် လုပ်ပြရမည်။

သူ့မိဘတွေနှင့် သူ့ ညီလေး၊ ညီမလေးတို့ အားလုံး ခေါင်းမော့ပြီး နေနိုင်အောင် လုပ်ပေးရမည်။

သူ၏ ရည်ရွယ်ချက်ကို သိလိုက်ရတော့ သခင်မသုန်မှာ လင်ရှင်းကျစ်ကို စစ်တပ်ထဲ မဝင်ရန် တားဆီးမည့် စကားများ ထပ်မထွက်လာတော့ချေ။ သားဖြစ်သူက သူ၏ အသက်ကို ပဓာနမထားဘဲ စစ်မြေပြင်သို့ ထွက်သွားရခြင်းမှာ သေချာတွေးကြည့်လျှင် မိဘများဖြစ်သည့် သူမတို့ အစွမ်းအစ မရှိသောကြောင့်ပင်။ မွေးဖွားလာသည့် ဇာတိကို ပြောင်းလဲလို့ မရသော်လည်း ရလာသည့် အခွင့်အရေးကိုမှ မဆုပ်ကိုင်နိုင်လျှင်တော့ တစ်သက်လုံး ဤသို့ဘဝဖြင့်သာ နေသွားရတော့မည်။

လင်ရှင်းကျစ် မြို့တော်ကင်းစောင့်တပ်တွင် အလုပ်လုပ်လာသည်မှာ နှစ်တော်တော်ကြာပြီ ဖြစ်သော်လည်း ဘာမှ ထူးခြားမလာကတည်းက ရှန်းကျင်းမြို့တော်ထဲတွင် အမြင့်သို့ တက်နိုင်ရန် လမ်းကြောင်းက ဟိုဘက်အိမ်၏ ပိတ်ပင်မှုများကြောင့် လုံးဝ ပိတ်နေပြီဆိုတာ သိသာလှသည်။

သည်လိုဆိုမှတော့ နှောင်ကြိုးများကို ဖြတ်ကာ စစ်တပ်ထဲ ဝင်ပြီး ကိုယ်ပိုင် အရည်အချင်းဖြင့် သွေးထွက်သံယို တိုက်ပွဲဝင်ပြီး အမြင့်သို့တက်ရသည်က ပိုကောင်းသည်။

"တကယ်လို့များ ကောင်းကင်ဘုံက မျက်နှာသာပေးလို့... သား တကယ်ပဲ အောင်မြင်တဲ့ လမ်းစတစ်ခုကို ရှာတွေ့ခဲ့မယ်ဆိုရင်... အမေတို့ ခြံဝင်းထဲက လူတွေလည်း မျှော်လင့်ချက်လေး ရှိလာမှာပါ… နန်းတော်ထဲက ချန်ချန်အတွက်လည်း အားကိုးစရာ ဖြစ်လာမှာပေါ့… တကယ်လို့များ ကောင်းကင်ဘုံက မကူညီဘဲ သား တစ်ခုခု ဖြစ်သွားခဲ့မယ်ဆိုရင်လည်း အဲဒါ သားရဲ့ ကံကြမ္မာပဲလေ…ဘာမှမလုပ်နိုင်ဘဲ လူရာမဝင်တဲ့ ဘဝနဲ့ တစ်သက်လုံး ရှင်သန်နေရတာထက်တော့ ပိုကောင်းပါတယ်..."

သူ၏ ပြတ်သားသော စကားများကြောင့် သခင်မသုန်က နှုတ်ခမ်းကို တင်းတင်းကိုက်ထားပြီး တစ်ခုခု ပြန်ပြောရန် ပြင်လိုက်သော်လည်း သခင်ကြီး လင်ကွမ်ကျူက ဖြတ်ပြောလိုက်သည်။

"ကောင်းပြီ... ငါတို့ လင်မိသားစုရဲ့ သိတတ်တဲ့သားလေး..."

သခင်ကြီး လင်ကွမ်ကျူက မျက်ရည်ဝဲနေသည့် မျက်လုံးများဖြင့် အကြီးဆုံးသားကို ကြည့်လိုက်သည်။ ယခုဆိုလျှင် သားက သူ့ထက်တောင် ခေါင်းတစ်ဝက်လောက် အရပ် ပိုရှည်နေပြီ။ သူတို့ နောက်ကွယ်တွင် ပုန်းနေရမည့် ကလေးလေး မဟုတ်တော့ချေ။ ထို့ကြောင့် သူက ဆက်ပြောလိုက်သည်။

"ဟယ့်စုန်း ပြောတာ မှန်တယ်… ဒီလို အနိုင်ကျင့်ခံပြီး အချည်းနှီး အသက်ရှင်နေရမဲ့အစား... သူ့ကို အပြင်ထွက်ပြီး စွန့်စားခွင့် ပေးလိုက်တာက ပိုကောင်းတယ်… ဒီလို အခွင့်အရေးမျိုးက ရဖို့ တကယ် ခဲယဉ်းတယ်…ပြီးတော့ စတုတ္ထမင်းသားရှေ့မှာ မျက်နှာရထားတာ ဆိုမှတော့ ငါတို့ မိဘတွေအနေနဲ့ ထောက်ခံပေးသင့်တာပေါ့..."

သူ့တစ်သက်လုံးက ဘာမှမလုပ်နိုင်ဘဲ နေလာခဲ့ရသည်လေ။ ပထမတစ်ချက်က သူ့၏ သဘောကောင်းလွန်းသည့် စရိုက်ကြောင့် ဒေါသထွက်လျှင်ပင် သူ့မှာ ဘာမှ မလုပ်တတ်ပေ။ ဒုတိယအချက်ကမူ အရည်အချင်း မရှိ၍ တစ်ချိန်တုန်းက အဖေဖြစ်သူက အခွင့်အရေး ပေးခဲ့သော်လည်း သူ မဆုပ်ကိုင်နိုင်ခဲ့ချေ။ တတိယအချက်ကတော့ ဒါက အရေးအကြီးဆုံးပင်။ ကျန်းမင်းသားအိမ်တော်နှင့် မင်းသမီးရုံခန့်တို့က အာဏာကြီးလွန်းသည်။ သူတို့ဘက်မှာတော့ ဘာကျောထောက်နောက်ခံမှ မရှိ။ သည်လို အခြေအနေတွင် အတင်းဝင်တိုက်စစ်ဆင်ခြင်းက ပုရွက်ဆိတ်က ဆင်ကို ရန်စသလို ကိုယ့်သေတွင်း ကိုယ်တူးတာသာဖြစ်၏။

ယခု ကလေးများလည်း ကြီးလာပြီဆိုတော့ သူ့အတွက် ပူစရာများလည်း နည်းသွားပြီ။ သားဖြစ်သူ ပြောသလိုပင် သူလည်း ကလေးများ၏ အနာဂတ်အတွက် သေချာ တွေးသင့်နေပြီ။

သခင်ကြီး လင်ကွမ်ကျူက အငယ်ဆုံးသား လင်မုကျစ်၏ ကျောကို ပုတ်လိုက်သည့်အချိန်တွင် သားငယ်၏ မျက်လုံးများထဲတွင်လည်း မျှော်လင့်ချက်များ ပြည့်နှက်နေသည်ကို မြင်လိုက်ရသည်။ သူတို့ တစ်မိသားစုလုံး အားလုံး ဖက်ငိုလိုက်ကြပြီး ပြောစရာ စကားများကတော့ ရင်ထဲမှာပင် အပြည့်အဝ နားလည်သွားကြလေပြီ။

နန်းတော်အပြင်ဘက်တွင်တော့ ပြဇာတ်ကြည့်သူက ကြည့်၊ ဈေးရောင်းသူက ရောင်းနှင့် အသီးသီး အလုပ်ရှုပ်နေကြသည်။ နန်းတော်တွင်းမှာလည်း ထိုနည်းလည်းကောင်းပင် အထက်လူကြီးကို ဖားသူက ဖား၊ အောက်ခြေကလူကို နင်းသူက နင်း ဖြင့်သာ။

လင်ဝမ်ယိ နိုးလာတော့ ပထမဆုံး မြင်လိုက်ရတာက ချွမ်ချီနှင့် ရှအန်းပင်။ မိန်းကလေး နှစ်ယောက်က သူမ မျက်လုံးပွင့်လာသည်ကို မြင်တော့ စိုးရိမ်နေကြသည့်ဟန်မှ ချက်ချင်း ဝမ်းသာသွားကြသည်။

"သခင်မလေး... နိုးလာပြီလား..."

အဟွတ်…အဟွတ်… လင်ဝမ်ယိက ရေမွန်းသွားသဖြင့် လည်ချောင်းနှင့် အဆုတ်ထဲတွင် နေရခက်နေသေးသည်။ ရှအန်းက ချက်ချင်း ရေနွေးလေး တစ်ခွက် ယူလာပေး၍ လင်ဝမ်ယိလည်း သောက်လိုက်ပြီးမှ နည်းနည်း နေသာထိုင်သာ ရှိသွားသည်။

"အစ်ကိုကြီး နန်းတော်ထဲက ထွက်သွားပြီလား..."

"ဟုတ်ကဲ့... ပထမသခင်လေးက တခြားသူတွေနဲ့အတူ အရင် ပြန်သွားပါပြီ..."

"ဒါဆို တော်သေးတာပေါ့... နန်းတော်ထဲမှာက ပြဿနာတွေ များတယ်…သူ နည်းနည်းပဲ ပတ်သက်ရတာ အကောင်းဆုံးပဲ..."

အထူးသဖြင့် ယခုလို အစ်ကိုကြီးက အတောင်အလက် မစုံသေးသည့် အချိန်မျိုးတွင် လင်ကွေ့ဖေးနှင့် ဝေးဝေးနေတာ အကောင်းဆုံးပင်။ မဟုတ်လျှင် သူတို့ တစ်ခုခု ကြံစည်နေသည်ကို လင်ကွေ့ဖေး ရိပ်မိသွားလျှင် အစ်ကိုကြီးကို ထပ်ပြီး ဒုက္ခပေးလိမ့်မည်။

"ယင်းဖင်ဘက်မှာရော ဘယ်လို အခြေအနေ ရှိလဲ..."

သူမ နိုးနိုးချင်း ပထမဆုံး မေးရသည့် အကြောင်းရင်းက ယင်းဖင်က အရှင်မင်းကြီး၏ သွေးသားကို လွယ်ထားရသူပေ။ အကယ်၍များ တစ်ခုခု ဖြစ်သွားလျှင် သူမလည်း အေးအေးဆေးဆေး နေရမှာ မဟုတ်ပေ။

သူမ မေးလိုက်တော့ ချွမ်ချီ၏ မျက်နှာက ချက်ချင်း မှုန်ကုပ်သွားသည်။ ထိုအရာကို မြင်တော့ လင်ဝမ်ယိလည်း စိုးရိမ်သွားပြီး ရှအန်းဘက် လှည့်မေးလိုက်သည်။

"ဘာဖြစ်လို့လဲ... တစ်ခုခု ပြဿနာတက်လို့လား..."

ရှအန်းကတော့ ပွင့်ပွင့်လင်းလင်းပင် ပြန်ဖြေလိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် သခင်မလေးက အနှေးနှင့်အမြန် သိရမှာပင် ဖုံးထား၍လည်း ဘာမှမထူး။

"ယင်းဖင်မယ်မယ်က ဘာမှမဖြစ်ပါဘူး... သူ ကိုယ်ဝန်ငါးလ ရှိနေပြီဆိုတာ သိသွားလို့... အရှင်မင်းကြီးကိုယ်တိုင် ယောင်ယွဲ့နန်းဆောင်ကို လိုက်ပို့ပေးပြီး ယင်းကွေ့ဖင်အဖြစ် ရာထူးတိုးပေးဖို့ အမိန့်ချလိုက်တယ်လေ..."

လင်ဝမ်ယိထင်ထားသလိုပင်။ ဖေးအဆင့်အထိ ချက်ချင်းတိုးမပေးလိုက်သည်သာရှိသည်။ မီးဖွားပြီးသည့်အချိန်မှ ရာထူးထပ်တိုးပေးဖို့ စဉ်းစားထားသည်လည်း ဖြစ်နိုင်သည်။

ဒါဆိုလျှင်တော့ ယင်းကွေ့ဖင် ဖေးအဆင့်ထိ ရာထူးတက်ဖို့က သေချာသလောက် ရှိသွားလောက်သည်။ သို့သော် ယခုအချိန်တွင် သူမဗိုက်ထဲက ကလေးက တခြားလူများအတွက်တော့ မျက်စိ စပါးမွှေးစူးစရာ ဖြစ်နေတော့မှာပင်။

သူမ ဘာမှမပြောဘဲ ငြိမ်နေတာကို မြင်တော့ ချွမ်ချီက သူမ ဝမ်းနည်းနေသည်ဟု ထင်သွားသည်။ သူမက ချက်ချင်းပင် အားပေးစကား ပြောလိုက်သည်။

"သခင်မလေး စိတ်မပူပါနဲ့... သခင်မလေး အိပ်ဆောင်ဝင်ရတာ အချိန်သိပ်မကြာသေးတော့ ကလေးမရသေးတာ ပုံမှန်ပါပဲ…သခင်မလေး နေကောင်းသွားရင် တော်ဝင်ဆေးကုသဆောင်က တော်ဝင်သမားတော်ကို အားဖြည့်ဆေး ကောင်းကောင်းလေးတွေစပ်ခိုင်းလိုက်ရင်... သေချာပေါက် ကလေးရလာမှာ..."

ထိုသို့ ပြောတာတောင် အားမရသေးဘူး ထင်ပါ၏။ သူမက ထပ်ဖြည့်ပြောလိုက်သေးသည်။

"ပြီးတော့ သခင်မလေးရဲ့ ကလေးကိုလည်း အရှင်မင်းကြီးက သေချာပေါက် ချစ်မှာပါ…"

သူမက ယုံကြည်ချက် အပြည့်ဖြင့် ပြောရင်း လင်ဝမ်ယိကိုပါ ယုံကြည်သွားအောင် ခေါင်းကို အားရပါးရ ညိတ်ပြလိုက်သေးသည်။

ထိုပုံစံလေးကြောင့် လင်ဝမ်ယိတောင် ရယ်ချင်သွားသည်။

"အရူးမလေး..."

ယခုအချိန်က ပြဿနာများ အများကြီး ရှိနေသည့် အချိန်လေ။ သူမမှာ ဘယ်လိုလုပ် သည်လိုကိစ္စမျိုးကို တွေးချိန်ရမည်နည်း။ သူမကိုယ်တိုင်ပင် အန္တရာယ်တောထဲ နေနေရသည့်အချိန်တွင် ဘယ်လိုလုပ် ကလေးလေးကိုပါ အန္တရာယ်တောထဲ ဆွဲထည့်နိုင်မည်နည်း။

သူမ တွေးနေတုန်းမှာပင် အပြင်ဘက်ကနေ ချိုးမင်၏ အသံ ထွက်လာသည်။

"သခင်မလေး... သုန်ကုန်းကုန်း ရောက်နေပါတယ်..."

"အမြန်ဝင်ခိုင်းလိုက်ပါ..."

သူမက ကုတင်ပေါ်တွင် လဲနေရတုန်းမို့ ဧည့်သည်တွေ့ဖို့ သိပ်အဆင်မပြေလှပေ။ ထို့ကြောင့် ချွမ်ချီနှင့် ရှအန်းက ကုတင်ပေါ်က ခြင်ထောင်ကို ချပေးလိုက်သည်။

သုန်ယွီကျုံးက အခန်းထဲ ဝင်လာကတည်းက မျက်နှာတွင် အပြုံးများ ဝေဆာနေပြီး ပျော်ရွှင်နေသည့် ပုံစံပင်။ သူက လင်ဝမ်ယိ၏ ကုတင်ဘက်ကို လှည့်ပြီး အရိုအသေပေးလိုက်သည်။

"ဒီအစေခံက သခင်မလေးကို ဂါရဝပြုပါတယ်…သခင်မလေးအတွက် မင်္ဂလာသတင်းပါ..."

လင်ဝမ်ယိမှာ နားမလည်နိုင်အောင် ဖြစ်သွားသည်။ သို့သော် သုန်ယွီကျုံးက သူမ မျက်နှာကို မမြင်ရပေ။ ထို့ကြောင့် သူမက မေးလိုက်သည်။

"ကုန်းကုန်းရဲ့ စကားက ဘာကို ဆိုလိုတာလဲ..."

"အရှင်မင်းကြီးက ခုလေးတင် အမိန့်ချလိုက်ပါတယ်…သခင်မလေးက ယင်းကွေ့ဖင်ကို ကယ်တင်ခဲ့တဲ့ ကျေးဇူးရှိလို့... ချန်ကျိုက်အဖြစ် ရာထူးတိုးပေးလိုက်ပါတယ်…သခင်မလေးက အခုဆိုရင် တရားဝင် ကိုယ်လုပ်တော်တစ်ပါး ဖြစ်သွားပါပြီ…"

ချန်ကျိုက်လား…

သူမ နန်းတော်ထဲ ဝင်လာတာ ဘယ်လောက်မှ မကြာသေးဘူးလေ...

ဒီလောက် မြန်မြန် ရာထူးတိုးတာက သင့်တော်ရဲ့လား...

လင်ဝမ်ယိ ခေါင်းထဲမှာ ထိုအကြောင်းများကိုသာ တွေးနေမိသည်။ အပြင်ဘက်တွင် ရှိနေသည့် ရှအန်းနှင့် ချွမ်ချီကတော့ ရင်ထဲမှ လှိုက်လှိုက်လှဲလှဲကို ပျော်နေကြပြီ။ ချွမ်ချီက ချက်ချင်းပင် သုန်ကုန်းကုန်းကို ကျေးဇူးတင်စကား ပြောလိုက်သည်။

"လာပြောပြတဲ့ ကုန်းကုန်းကို ကျေးဇူးတင်ပါတယ်…ဒါလေးက သခင်မလေးက ကုန်းကုန်းကို လက်ဖက်ရည်ဖိုး ပေးတာပါ... လက်ခံပေးပါဦး..."

ပြောရင်းဖြင့် ပိုက်ဆံအိတ်လေး တစ်လုံး ကမ်းပေးလိုက်သည်။ သိပ်မလေးသော်လည်း အထဲတွင် ငွေလက်မှတ်များ ထည့်ထားသည်။ သုန်ယွီကျုံးကတော့ ဘယ်တော့မှ မငြင်းပေ။ ဘယ်သူကပဲ ဆုချချ အမြဲတမ်း ပျော်ပျော်ရွှင်ရွှင်နှင့် လက်ခံလေ့ရှိသည်။ ထို့နောက် သူက ဆက်ပြောလိုက်သည်။

"သခင်မလေး ကောင်းကောင်းသာ အနားယူပါ... အရှင်မင်းကြီးက မနက်ဖြန် သခင်မလေးဆီ လာခဲ့မယ်လို့ ပြောထားပါတယ်..."

ဤစကားကို ကြားသော်လည်း လင်ဝမ်ယိကမူ သိပ်ပြီး ပျော်ဟန်မပေါ်ပေ။

All Chapters