ချန်ကျိုက် အသစ်လေး
Vol. 6 Ch. 60
အရှင်မင်းကြီး သည်ည ဘာကြောင့် မလာလဲဆိုသည်မှာ တွေးကြည့်ရုံနှင့်ပင် သိသာပါသည်။ နန်းတော်ထဲတွင် သူ့အတွက် သွေးသားလေး မွေးဖွားပေးမည့် ကိုယ်လုပ်တော် နောက်တစ်ယောက် တိုးလာမှတော့ သေချာပေါက် သွားပြီး အားပေးနှစ်သိမ့်ရမည်မဟုတ်လား။ ထို့ကြောင့် သူမက ယဉ်ယဉ်ကျေးကျေးပင် ပြန်ဖြေလိုက်သည်။
"ကုန်းကုန်းက အရှင်မင်းကြီးကို ပြန်လျှောက်တင်ပေးပါ... ကျွန်မဆီမှာ အားလုံး အဆင်ပြေပါတယ်လို့… ယင်းကွေ့ဖင်ရဲ့ ကိစ္စတွေကိုပဲ ဦးစားပေးဖို့ ပြောပေးပါဦး..."
"သခင်မလေးက တကယ့်ကို သဘောကောင်းတာပါပဲ… ဒီအစေခံ နားလည်ပါပြီ..."
ပြောပြီးသည်နှင့် သူက အနောက်သို့ ဆုတ်ပြီး ပြန်ထွက်သွားဖို့ ပြင်လိုက်သည်။ သို့သော် ရုတ်တရက် တစ်ခုခုကို သတိရသွားကာ ခြေလှမ်းနေရာမှ ရပ်လိုက်ပြီး ဆက်ပြောသည်။
"ဒါနဲ့... နောက်ဆောင်က ချူကွေ့ရန်ကို ချူတာရင်အဖြစ် ရာထူးချလိုက်ပြီး ချန်နင်နန်းဆောင်ရဲ့ ဘေးဆောင်ကို ပြောင်းရွှေ့ခိုင်းလိုက်ပါတယ်…ဒါကြောင့် အခု အနောက်ဆောင်က လွတ်သွားပါပြီ… သခင်မလေးရဲ့ အခု ရာထူးနဲ့ဆိုရင် အဲဒီကို ပြောင်းနေချင်မလား"
တစ်ယောက်က တက်ပြီး နောက်တစ်ယောက်က ကျသွားတယ်... ဒီရီဟွားနန်းဆောင်က တကယ့်ကို စည်ကားတာပဲ။
ချူကွေ့ရန် ရာထူးချခံရတာက လင်ဝမ်ယိအတွက်တော့ ပျော်စရာလည်း မဟုတ်သလို ဝမ်းနည်းစရာလည်း မဟုတ်ပေ။ သူမ အဖေက တာ့ဝေ့ပြည်အတွက် တာဝန်ထမ်းဆောင်နေသရွေ့ ကွေ့ရန်အဖြစ် ပြန်ရောက်လာဖို့ဆိုသည်မှာ အချိန်စောတာနှင့် နောက်ကျတာပဲကွာမှာပင်။ လောလောဆယ် ခဏသာ အခက်တွေ့နေရုံ။
သူမလည်း ချူကွေ့ရန်ကို သွားပြီး ပြဿနာရှာလောက်အောင် နုံချာမနေပါချေ။
"ကျွန်မ ဒီ ရှန်ယိနန်းဆောင်မှာပဲ နေသားကျနေပါပြီ…ပြောင်းရွှေ့နေရရင် နေကောင်းအောင် အနားယူဖို့လည်း အနှောင့်အယှက် ဖြစ်မှာမို့ သုန်ကုန်းကုန်းရဲ့ စေတနာကိုပဲ ကျေးဇူးတင်ပါတယ်..."
သုန်ယွီကျုံးက ပြုံးလိုက်သည်။ သူ မမေးခင်ကတည်းက လင်ဝမ်ယိ သည်လိုပင် ဖြေမည်ကို သိပြီးသားပင်။ သို့သော် နန်းတော်ထဲတွင် အလုပ်လုပ်သည့်အခါ ပိုပြီး သေချာအောင် တစ်ခွန်းလောက် ပိုမေးလိုက်တာက အမှားကင်းနိုင်သည်လေ။
"ဒါဆိုရင်လည်း ဒီအစေခံက နန်းတွင်းရေးရာဌာန မိန်းမစိုးချုပ်ကို ချန်နင်နန်းဆောင်ကိုပဲ ပြင်ဆင်ခိုင်းဖို့ ပြန်ပြောလိုက်ပါ့မယ်..."
ပြောပြီးမှ ဖြည်းဖြည်းချင်း အနောက်ဆုတ်ကာ ထွက်သွားတော့သည်။
ချိုးမင်နှင့် ရှောင်လုကျစ်တို့က အပြင်မှာ စောင့်နေကြသည်။ တစ်ယောက်က ဆေးကြိုပေးရပြီး နောက်တစ်ယောက်က တံခါးစောင့်ရသည်။
ချွမ်ချီနှင့် ရှအန်းက ခြင်ထောင်ကို မပြီး ဘေးနှစ်ဖက်တွင် ဆွဲချိန်လိုက်ကြသည်။ အထူးသဖြင့် ချွမ်ချီ၏ မျက်နှာပေါ်မှ ပျော်ရွှင်မှုများက တော်တော်လေးကို သိသာနေသည်။
"သခင်မလေး... တကယ်ပဲ လင်ချန်ကျိုက် ဖြစ်သွားပြီပေါ့နော်… ကျွန်မ မှတ်မိသလောက်ဆိုရင် ဟို တုချန်ကျိုက်ဆိုရင် နန်းတော်ထဲ ရောက်နေတာ နှစ်တော်တော်ကြာမှ... နှစ်သစ်ကူးပွဲတော် အချိန်ကျမှ ရာထူးတိုးခံရတာလေ…သခင်မလေးက ဒီလောက် မြန်မြန်ဆန်ဆန် ရာထူးတိုးမယ်လို့ မထင်ထားဘူး… တကယ့်ကို ဘုရားမတာပဲ…"
သူမက ယခုအချိန်တွင် အလွန်ပင် ပျော်ရွှင်နေသည်။ အစပိုင်းက ယင်းကွေ့ဖင် ကိုယ်ဝန်ရှိသွားသည့် ကိစ္စအပေါ် သိပ်မကျေနပ်ခဲ့သော်လည်း ယခုမူ တကယ်ပင် ကျေးဇူးတင်ရမလို ဖြစ်နေချေပြီ။
"ချန်ကျိုက် နေရာဆိုတာ... အခု အသစ်ဝင်လာတဲ့ ကိုယ်လုပ်တော်တွေထဲမှာ မင်ချန်ကျိုက်အပြင် သခင်မလေးပဲ ရှိတော့တာလေ… တကယ့်ကို ဝမ်းသာစရာ ကိစ္စပါပဲ..."
ရှအန်းကလည်း ပျော်ရွှင်နေပေသည့် သူမကတော့ ချွမ်ချီလို အပြင်သို့ သိပ်မထုတ်ပြချေ။
လင်ဝမ်ယိကမူ သူတို့လောက် မပျော်ရွှင်နိုင်ပေ။ သစ်ပင်များထဲတွင် အရပ်အရှည်ဆုံး သစ်ပင်သည် လေတိုက်လျှင် အရင်ဆုံး အချိုးခံရတတ်သည် မဟုတ်လော။ ထို့အပြင် လင်ကွေ့ဖေးကလည်း မျက်စိဒေါက်ထောက် ကြည့်နေသေးသည်။ သူမက နန်းတွင်းထဲမှာ ရာထူးတစ်ဆင့် တက်သွားသလို အစ်ကိုကြီးသည်လည်း တော််ဝင်မျိုးနွယ်များနှင့် မှူးမတ်များရှေ့တွင် မျက်နှာရသွားသည်။ ပထမအိမ်တော်အတွက် ကောင်းသော်ငြား အနောက်ဆောင်မှ လူများက အမေ့ကို ပြဿာနာသွားရှာလျှင်တော့ ဒုက္ခရောက်တော့မှာပင်။
"ချိုးကုန်းကုန်းကို ခေါ်ပေးပါဦး..."
"ဟုတ်ကဲ့ပါ..."
ချိုးမင်က ရှအန်းနောက်မှ အသာဝင်လာပြီး ဂါရဝပြုလိုက်သည်။
"သခင်မလေး... ဘာများ ခိုင်းစရာ ရှိလို့ပါလဲ..."
"ချိုးကုန်းကုန်း... ကျွန်မ နန်းတော်ထဲ ရောက်ကတည်းက အိမ်နဲ့ ဘာမှ အဆက်အသွယ် မလုပ်ရသေးဘူး…အမေက ကျွန်မကို လွမ်းပြီး ဖျားနေမှာတောင် စိုးရိမ်မိတယ်… ကုန်းကုန်းအနေနဲ့ စကားလေး နှစ်ခွန်းလောက် အပြင်ကို ပို့ပေးနိုင်မဲ့ နည်းလမ်းများ ရှိနိုင်မလား..."
တကယ်တော့ လင်ဝမ်ယိအနေဖြင့် ပိုးထည်ဂိုဒေါင်မှ ဖန့်မားမား အပြင်ထွက်သည့် အချိန်တွင် စာပို့ခိုင်း၍ ရပေသည်။ သို့သော် ထိုနည်းလမ်းကို အလွယ်တကူမသုံးတာက ပိုကောင်းမည်ဟု သူမ ယူဆမိသည်။ ယခုချိန်တွင် နန်းတော်ထဲမှ လူများက သူမနှင့် ဖန့်မားမား၏ ပတ်သက်မှုကို မသိကြသေးပေ။ သိသွားလျှင် ပြဿနာတစ်စုံတစ်ရာ တက်လာမည်ကို စိုးရိမ်ရ၏။ ထို့ကြောင့်လည်း သူမ ချိုးမင်ကို ခေါ်၍ မေးရခြင်းပင်။
ချိုးမင်က အရှင်မင်းကြီးရှေ့တွင် အလုပ်လုပ်ခဲ့ဖူးသူဖြစ်၍ ယခုမှ နန်းတွင်းထဲ အသစ်ရောက်လာသည့် သူမထက် နည်းလမ်းများ ပိုသိမည်မှာ သေချာလှသည်။ အရေးအကြီးဆုံးမှာ သူမှတစ်ဆင့် သည်လိုလုပ်လိုက်လျှင် သုန်ကုန်းကုန်းဆီတွင် အသိပေးပြီးသား ဖြစ်သွားပေမည်။ နောက်ပိုင်း တစ်ယောက်ယောက်က သည်ကိစ္စကို အသုံးချပြီး ပြဿနာရှာလာလျှင်တောင် သူမ၌ ဖြေရှင်းရန် အထောက်အထား ရှိနေမည် ဖြစ်သည်။
ချိုးမင်က ခဏမျှ စဉ်းစားပြီးမှ ရိုသေစွာ ပြန်ဖြေလိုက်သည်။
"တစ်လတစ်ခါ နန်းတွင်းရေးရာဌာနက ပစ္စည်းဝယ်ဖို့ နန်းတော်အပြင်ကို ထွက်ရပါတယ်…တကယ်လို့ သခင်မလေးက အိမ်ကို စကားပါးချင်ရုံလောက်ပဲ ဆိုရင်တော့ ချင်ကုန်းကုန်းကို အကူအညီတောင်းလို့ ရပါတယ်…သူ စီစဉ်ပေးတာက ကျွန်တော်တို့ ကိုယ်တိုင် လုပ်တာထက် အများကြီး ပိုပြီး လုံခြုံစိတ်ချရပါတယ်..."
လင်ဝမ်ယိ၏ မူလ အစီအစဉ်ကလည်း အဲဒီလိုပင်။ သို့သော် ချိုးမင်ကိုယ်တိုင် ပြောပြသည်က ပိုကောင်းသည်လေ။
"အင်း... ဒါဆို သိပ်ကောင်းတာပဲ… ရှောင်လုကျစ်ကို သွားခိုင်းလိုက်ပါ…အရင်တုန်းက အရှင်မင်းကြီး ဆုချထားတဲ့ လက်ဖက်ရည်တွေထဲက နည်းနည်းပါ ချင်ကုန်းကုန်းဆီ လက်ဆောင်အဖြစ် ထည့်ပေးလိုက်ပါ…နန်းတော်ထဲ ရောက်ကတည်းက သူ့ကို အကူအညီ တောင်းရတာ အကြိမ်ကြိမ် ရှိနေပြီလေ..."
"ဟုတ်ကဲ့... ဒီအစေခံ အခုပဲ သွားစီစဉ်လိုက်ပါ့မယ်..."
ချိုးမင် ထွက်သွားပြီးနောက် ချွမ်ချီက သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။
"ဒီနေ့ ပထမသခင်လေးကို မြင်လိုက်ရတော့ ကျွန်မ ရင်ထဲမှာ နည်းနည်း ဝမ်းနည်းသွားတယ်…အရင်တုန်းကဆို နေ့တိုင်း တွေ့နေရတဲ့ လူတွေက အခုတော့ နန်းတော်တံတိုင်းကြီး ခြားသွားလို့ စကားတစ်ခွန်း ပြောဖို့တောင် သတင်းလေး တစ်ချက် ပို့ဖို့တောင် ဒီလောက် ခက်ခဲနေရတယ်..."
"နီရဲနေတဲ့ နန်းတော်တံတိုင်းကြီးက တားဆီးထားသလို စိမ်းလဲ့နေတဲ့ ရေကန်ကြီးကလည်း ပိတ်လှောင်ထားတယ်... ဒီလို စာပို့တာလောက်ပဲ တတ်နိုင်တော့တယ်…"
နှစ်ယောက်သား၏ အတွေးများ တိုက်ဆိုင်သွားကြသည်။
သို့သော် ချွမ်ချီက အမြဲတမ်း ဝမ်းနည်းနေတတ်သည့်သူမျိုး မဟုတ်ပေ။ သူမက ခဏလောက်သာ ဝမ်းနည်းသွားပြီး ချက်ချင်းပင် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။
"ဟွန်း... ဟို ချူကွေ့ရန် တစ်ယောက် မောက်မာချင်တိုင်း မောက်မာပြီး သခင်မလေးကို အနိုင်ကျင့်ချင်နေတာ…အခုတော့ သူ့ရာထူးက သခင်မလေးရဲ့ အောက်ကို ရောက်သွားပြီ... သူ ဘယ်လို ဆက်ပြီး လေလုံးထွားနိုင်ဦးမလဲ ကြည့်ရသေးတာပေါ့…"
သူမ ပြောသည်မှာ အမှန်ပင်။ ရှအန်းသည်လည်း စိတ်ထဲမှာ ထိုသို့ပင် တွေးနေခဲ့သည်။ သို့သော် ချွမ်ချီ့လို စကားပြောမကောင်းသဖြင့် မပြောဖြစ်ခြင်းသာ။
"ချူတာရင်က သိပ်ပြီး ရန်စလို့ကောင်းတဲ့သူ မဟုတ်ဘူး... နင်တို့ သတိထားကြဦး…နန်းဆောင် ပြောင်းရမယ် ဆိုတော့ ဒီရက်ပိုင်း နင်တို့လည်း အပြင်သိပ်မထွက်ကြနဲ… မဟုတ်ရင် ပက်ပင်းတိုးပြီး ဘာပြဿနာတွေ ထပ်ရှာဦးမလဲ မသိဘူး…"
"သခင်မလေး စိတ်ချပါ…ကျွန်မက ပါးစပ်ကသာ ပြောတာပါ... ချိုးမင် ကုန်းကုန်းလည်း ရှိနေတာပဲ…ကျွန်မက ဘယ်လိုလုပ် ပြဿနာရှာရဲပါ့မလဲ…"
ချွမ်ချီက ကိုယ်ကို နည်းနည်း စောင်းကာ အပြင်ဘက်တွင် ချိုးမင် မရှိသည်ကို သေချာအောင် ကြည့်လိုက်သည်။ ပြီးမှ အသံကို နှိမ့်၍ ဆက်ပြောသည်။
"ကျွန်မက နန်းတွင်းစည်းကမ်းတွေ မကူးချင်ဘူး... စာအုပ်အထူကြီးကို အလွတ်ကျက်ရတာတောင် ခေါင်းကိုက်နေပြီ…ကူးရမယ် ဆိုရင်တော့ မတွေးရဲစရာပဲ..."
လင်ဝမ်ယိလည်း သူမ၏ စကားများကြောင့် အတော် ရယ်လိုက်ရပြီး ခန္ဓာကိုယ်ထဲမှ နာကျင်မှုများပင် သက်သာသွားသကဲ့သို့ ခံစားလိုက်ရသည်။
သုံးရက်ကြာပြီးနောက် ချန်နင်နန်းဆောင်ကို ပြင်ဆင်၍ ပြီးသွားသည်။ အစေခံများက ချူတာရင်ကို ပြောင်းရွှေ့ရန် လာခေါ်သည့်အခါ သူမက ဒေါသတကြီးဖြင့် အော်ဟစ်ပေါက်ကွဲတော့သည်။
သူမ နန်းတော်ထဲ ဝင်လာကတည်းက မည်သည့်အရာမျှ အဆင်မပြေခဲ့ပေ။ အရှင်မင်းကြီးက သူမကို အစပိုင်းမှာ တစ်ခါလောက်သာ အိပ်ဆောင်ဝင်ခိုင်းပြီး နောက်ပိုင်းတွင် လုံးဝ မေ့သွားပုံပင်။
သူမက ချန်အန်းနန်းဆောင်သို့ သတင်းများ ပို့၊ စားစရာများ ပို့ကာ မည်မျှပင် ကြိုးစားခဲ့စေကာမူ မည်သည့်တုံ့ပြန်မှုမှ ပြန်မရခဲ့ပေ။ ထို့ကြောင့်လည်း နန်းတော်ထဲ ရောက်ရောက်ချင်းမှာတင် အရှင်မင်းကြီး၏ မျက်နှာသာပေးမှုကို ရခဲ့သည့် လင်ဝမ်ယိကို သည်လောက် မုန်းတီးနေရခြင်း ဖြစ်သည်။
ရီဟွားနန်းဆောင်၏ အနောက်ဆောင်တွင် ရှိသည့် ခမ်းခမ်းမားမား အလှဆင်ပစ္စည်းများကို ကြည့်ရင်း သူမ ပို၍ ဒေါသထွက်လာသည်။ သူမက အရာအားလုံးကို ရိုက်ခွဲပစ်လိုက်ရုံမက ရှန်ယိနန်းဆောင်ဘက်သို့ လှည့်ကာ ကျိန်ဆဲနေသေးသည်။
သူမနှင့်အတူ နန်းတော်ထဲ လိုက်လာသည့် ယွဲ့ကျန့်က ယဲ့ယိုနန်းဆောင်သို့ အပို့ခံလိုက်ရပြီဖြစ်ရာ မည်သည့် မျှော်လင့်ချက်မျှ မရှိတော့ပေ။ ယွဲ့ဖေ့နှင့် ယွဲ့ပိုင်တို့ကလည်း အရိုက်ခံထားရသည့် ဒဏ်ရာများ မကျက်သေးခင်မှာပင် သူမဆီ ပြန်လာ၍ အစေခံရသည်။ သို့သော် ချူတာရင်က အမြဲတမ်း မကျေမနပ် ဖြစ်နေပြီး သူတို့ကိုသာ လက်သီးဖြင့်ထိုး၊ ခြေထောက်ဖြင့်ကန် လုပ်နေတော့သည်။
သူတို့၏ နေ့စဉ်ဘဝတို့မှာ ကြောက်လန့်မှုများနှင့် ပြည့်နှက်နေသော်လည်း တိုင်စရာ နေရာမရှိ၊ အားကိုးစရာ လူမရှိ ဖြစ်နေကြရှာသည်။
ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော ပန်းကန်ကွဲစများကို ကြည့်ရင်း ချန်နင်နန်းဆောင်၏ တာဝန်ခံ အန်းဟွေ့၏ မျက်လုံးထဲ၌ အထင်သေးသည့် အရိပ်အယောင်များ ပေါ်လာသည်။
ဒေါသကြီးပြီး ဦးနှောက်မရှိတဲ့ သခင်မနောက်တစ်ယောက်ပါလား။
သူမကို နန်းဆောင် ပြောင်းခိုင်းသည်မှာ အရှင်မင်းကြီးလေ။ သည်နေရာကို လာပြီး ဘယ်သူ့ကိုရည်ရွယ်ကာ ပန်းကန်ေတွ လာရိုက်ခွဲပြနေသနည်း။ အကယ်၍ တစ်ယောက်ယောက်သာ သည်ကိစ္စကို အရှင်မင်းကြီးထံ သွားရောက်လျှောက်တင်လိုက်လျှင် သူမအတွက် ကောင်းကျိုးတစ်ခုခု ရလာမည်ဟု ထင်နေသည်လော။ ရယ်ဖို့ကောင်းလိုက်လေခြင်း။
ထို့နောက် အန်းဟွေ့က အေးစက်စက် မျက်နှာထားဖြင့် ပြောလိုက်သည်။