မောင်နှမနှစ်ယောက် ပြန်တွေ့ကြခြင်း
Vol. 6 Ch. 53
သူက အသက် ငါးဆယ်ကျော်နေပြီ ဖြစ်သော်လည်း စကားပြောရာတွင် အသံဩဩဖြင့် နားထောင်လို့ကောင်းလှသည်။ ထို့ပြင် ယခင်ခေတ်အဆက်ဆက်က စစ်သူကြီးများကဲ့သို့ပင် ခန္ဓာကိုယ် တောင့်တင်းခိုင်မာပြီး မျက်နှာတွင်လည်း မုတ်ဆိတ်မွေးများ အပြည့် ရှိနေသည်။
လင်ဝမ်ယိသည် သူမ၏ အစ်ကိုကြီးထံမှ ဤစတုတ္ထမင်းသား အကြောင်းကို ကြားဖူးခဲ့သည်။ အစ်ကိုကြီးက သူ၏ အကြည့်များထဲ၌ လေးစားအားကျမှုများအပြည့်ဖြင့် ပြောပြခဲ့ဖူး၏။
အစ်ကိုကြီးက သူ့ကို သစ္စာရှိပြီး ရဲရင့်ကာ သဘောကောင်းသူတစ်ယောက် ဟု ပြောပြခဲ့သည်။
ထို့ပြင် သူသည် တော်ဝင်မိသားစုမှ ဆင်းသက်လာသော်လည်းအာဏာကို ဘယ်တော့မှ မမက်မောဘဲ စစ်တပ်ထဲတွင် နေထိုင်ရသည်ကို ပိုနှစ်သက်သည် ဟုလည်း ဆိုခဲ့သည်။
ထို့ကြောင့် သူက ထီးနန်းလုပွဲမှ စောစောစီးစီး နုတ်ထွက်ခဲ့ပြီး ယခင်ဧကရာဇ် ကို ထီးနန်းရသည်အထိ ကာကွယ်ပေးခဲ့ရုံသာမက လက်ရှိ ဧကရာဇ်အပေါ်တွင်လည်း အလွန် သစ္စာရှိသူ ဖြစ်သည်။
ထို့ကြောင့် လွန်ခဲ့သော ခြောက်နှစ်က တာ့ဝေပြည် အန်းချင်ဝမ် ဟူသော ဘွဲ့ကို ချီးမြှင့်ခံရပြီး ဘယ်မင်းသားမှ မရဖူးသည့် သေဒဏ်ကင်းလွတ်ခွင့်ရွှေတံဆိပ်ပြား ကိုပါ ရရှိခဲ့သည်။
သူ ဦးဆောင်သည့် တော်ဝင်ချပ်ဝတ်စစ်တပ် သည် တာ့ဝေ့ပြည် ၏ အင်အားအကြီးဆုံး စစ်တပ် နှစ်ခုထဲမှ တစ်ခု ဖြစ်ပေသည်။
တစ်ခုကတော့ ရှီးပေမြို့စားမင်း မျိုးရိုးစဉ်ဆက် အုပ်ချုပ်လာခဲ့သော အနောက်မြောက်စစ်တပ် ဖြစ်ပြီး ဘိုးဘေးများ လက်ထက်ကတည်းက လျိုမိသားစု က ကွပ်ကဲလာခဲ့ရာ ယခုဆိုလျှင် ပဉ္စမမြောက် မျိုးဆက်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
လက်ရှိ ရှီးပေမြို့စားမင်း သည် အနောက်မြောက်စစ်တပ် ၏ စစ်သေနာပတိချုပ် ဖြစ်ပြီး စကားပြောတတ်စကတည်းက စစ်တပ်ထဲတွင် ကြီးပြင်းလာခဲ့ပြီး ယခုဆိုလျှင် နှစ်ခြောက်ဆယ်ကျော်ပင် ရှိနေလေပြီ။
သူ၏ စစ်ရေးစွမ်းရည်များက ထူးချွန်ပြောင်မြောက်လှပြီး အောင်ပွဲများစွာကိုလည်း ရယူပေးနိုင်ခဲ့သည်။
သူ့လက်အောက်ရှိ စစ်သည် ခြောက်သိန်းက ရှီးပေနယ်ပေါင်း ဆယ့်ခြောက်နယ်တွင် တပ်စွဲထားပြီး တာ့ဝေ့ပြည် တစ်ခုလုံးအတွက် မြောက်ပိုင်းလူမျိုးစု နှင့် ရှီးရုံလူမျိုးစု တို့၏ မြင်းသည်တော်များကို ခုခံကာကွယ်ပေးနေ၏။
ယခုအခါ သူ၏ သားသမီး ဆွေမျိုးများ အများစုသည်လည်း အနောက်မြောက်စစ်တပ် ၏ အရေးပါသော နေရာများတွင် တာဝန်ထမ်းဆောင်နေကြသည်။
ထို့ကြောင့် ဤအနောက်မြောက်စစ်တပ် ကို ပြည်သူများက လျိုမြို့စားမင်းစစ်တပ် ဟုလည်း ခေါ်ဝေါ်ကြသည်။
အခြားတပ်ကတော့ စတုတ္ထမင်းသား ကိုယ်တိုင် ကွပ်ကဲသော တော်ဝင်ချပ်ဝတ်စစ်တပ် ဖြစ်သည်။ လူအင်အား နှစ်သိန်းသာ ရှိသော်လည်း တစ်ယောက်ချင်းစီတိုင်းက အဆင့်ဆင့် ရွေးချယ်ခံထားရပြီး သေမင်းနှင့်စစ်ခင်းရသည့် တိုက်ပွဲများတွင် အသက်ရှင်ကျန်ရစ်ခဲ့သူများပေ။
သူတို့၏ တိုက်ခိုက်ရေး စွမ်းရည်က အနောက်မြောက်စစ်တပ် ၏ အဓိက တပ်ဖွဲ့များနှင့် ယှဉ်လျှင်ပင် လုံးဝ မလျော့ချေ။
ထို့ကြောင့် ဤနှစ်များတစ်လျှောက် ဟွာကျိုးနယ် တွင် တပ်စွဲကာ တာ့ဝေ့ပြည် ၏ ရှန်းကျင်းမြို့တော် နှင့် ပတ်ဝန်းကျင် လွင်ပြင်ဒေသများကို ကာကွယ်ပေးထားပြီး စစ်မီးကို ရှန်းကျင်းမြို့တော် ထဲသို့ တစ်ခါမျှ မကူးစက်လာခဲ့အောင် တားဆီးပေးနိုင်ခဲ့၏။
တာ့ဝေ့တွင် တောင်နှင့်မြောက် အင်အားစုနှစ်စု ယှဉ်တွဲ တည်ရှိနေသည်။
ထို့ကြောင့် တာ့ဝေ့ပြည် မှ ရဲရင့်သော လူငယ်များအားလုံးက ဤစစ်တပ် နှစ်ခုထဲမှ တစ်ခုခုသို့ ဝင်ခွင့်ရခြင်းကို သူတို့ ဘဝ၏ အကြီးမားဆုံး ဂုဏ်ကျက်သရေအဖြစ် သတ်မှတ်ထားကြသည်။
စတုတ္ထမင်းသား ၏ စကားကို ကြားသောအခါ လူအားလုံးက ဘေးသို့ လှည့်ကြည့်လိုက်ကြရာ ရှို့နန်ရေကန် ပေါ်တွင် လူအုပ်ကြီးဖြင့် စည်ကားနေသည်ကို မြင်တွေ့လိုက်ရ၏။
နဂါးလှေ ပြိုင်ပွဲဟာ အလွန် ကြီးကျယ်ခမ်းနားသော ပွဲကြီးတစ်ခု ဖြစ်သည်။
ယခုနှစ်တွင်တော့ ပို၍ပင် ကြီးကျယ်ခမ်းနားနေသည်။
အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ အပြာ၊ မိုးပြာ၊ ခရမ်း၊ အဖြူ ဟူ၍ အဖွဲ့ရှစ်ဖွဲ့ ခွဲထားပြီး ပြိုင်ပွဲဝင်များ၏ လက်မောင်းတွင် မိမိတို့ အဖွဲ့၏ အရောင်ပါသော အဝတ်စများကို ပတ်ထားကြသည်။ ထို့ပြင် နဂါးလှေ၏ အစွန်ဆုံးတွင်လည်း ထိုအရောင်တူ ပိုးချည်ဘောလုံးများကို ဆွဲချိတ်ထားကာ ခွဲခြားထား၏။
လင်ဝမ်ယိက လည်ပင်းကို ဆန့်ကာ ကြည့်လိုက်သော်လည်း ပြိုင်ပွဲနေရာနှင့် အလွန် ဝေးလွန်းနေရှာသည်။
အစ်ကိုဖြစ်သူကို မဆိုထားနှင့် နဂါးလှေ၏ ပုံစံကိုပင် သေချာ မမြင်ရပေ။
သူမ စိုးရိမ်တကြီး ကြည့်နေပုံကို အရှင်မင်းကြီးက တွေ့သွား၏။
သူက ချောင်းနှစ်ချက် ဟန့်လိုက်ပြီး ပြောလိုက်သည်။
"စတုတ္ထဦးရီးတော်... ဒီနေရာကနေ ကြည့်ရတာ သိပ်ပြီး အားမရဘူး... အရှေ့ကို နည်းနည်း တိုးသွားရင်ရော ဘယ်လိုလဲ..."
စတုတ္ထမင်းသား က ပေါင်ကို ဖြန်းခနဲ ရိုက်ချလိုက်ပြီး ချက်ချင်းပင် ပြန်ပြောလိုက်သည်။
"ကောင်းတာပေါ့... ဒီအမတ်ကြီးလည်း အရှင်မင်းကြီးနောက်ကနေ လိုက်ခဲ့ပါ့မယ်..."
အရှင်မင်းကြီးက ပြုံးလိုက်ပြီး နေရာတွင် ရှိနေသူများအားလုံးကို ကြည့်ကာ ပြောလိုက်သည်။
"ဒီလောက် ပွဲဖို့ကောင်းနေတာကို အားလုံးလည်း ပေါ့ပေါ့ပါးပါးပဲနေကြ... အရှေ့ကို သွားကြည့်ချင်တဲ့သူတွေ သွားကြည့်လို့ ရတယ်..."
ပြောပြီးသည်နှင့် သူက အရင်ဆုံး ရှေ့သို့ ထွက်သွားသည်။
ထင်သည့်အတိုင်းပင် နန်းဆောင်ထဲမှ လက်ရန်း အနီးသို့ ရောက်သွားသောအခါ မြင်ကွင်းက ပိုမို ကျယ်ဝန်းသွားသည်။ ထိုနေရာမှနေ၍ ရှို့နန်ရေကန် ကို လှမ်းကြည့်လိုက်လျှင် ထိုလူငယ်လေးများ၏ မျက်နှာပေါ်မှ အမူအရာများကိုပင် အထင်းသား မြင်တွေ့နိုင်သည်။
အရှင်မင်းကြီးက နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်အထိ ပြုံးလိုက်ပြီး လက်ရန်းကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ တာ့ဝေ့ပြည် မှ လူငယ်များစွာ၏ ရဲရင့်တက်ကြွနေသော ပုံစံကို ကြည့်ရင်း ရင်ထဲတွင် ရည်မှန်းချက်ကြီးများဖြင့် ပြည့်နှက်နေလေတော့သည်။
အရှင်မင်းကြီး ကိုယ်တိုင်က ဦးဆောင်နေပြီ ဖြစ်ရာ လင်ကွေ့ဖေးလည်း သူနာမည်ကောင်းရဖို့ အခွင့်အရေးကို လက်လွတ်မခံချေ။
သူမက ချက်ချင်းပင် မတ်တပ်ရပ်လိုက်ပြီး ယဉ်ကျေးသိမ်မွေ့စွာ ပြောလိုက်သည်။
"အရှင်မင်းကြီးကတောင် ခွင့်ပြုထားမှတော့တို့ ညီအစ်မတွေလည်း သွားကြည့်ကြတာပေါ့..."
ပြောပြီးသည်နှင့် သူမက အရင်ဆုံး ထွက်သွားပြီး သူမ၏ နောက်တွင် ယီဖေး၊ လန်ဖေး နှင့် စတုတ္ထမင်းသား၏ ကြင်ယာတော် တို့ ပါသွားကြသည်။
လူတိုင်းက အရှေ့ကိုသွားနေကြတော့ လင်ဝမ်ယိလည်း အစ်ကိုဖြစ်သူကို ကြည့်ခွင့်ရမည့် သည်အခွင့်အရေးကို လက်လွတ်မခံဘဲ ချက်ချင်း ထရပ်ကာ လိုက်သွားသည်။
တော်သေးသည်က လက်ရန်းက အလွန်ရှည်သဖြင့် အားလုံး အတူတူ ကြည့်ဖို့ နေရာဆန့်၏။
မကြာမီမှာပင် လင်ဝမ်ယိသည် မိုးပြာရောင်အဖွဲ့ထဲမှ သူမ လွမ်းနေရသည့် အစ်ကိုဖြစ်သူကို ရှာတွေ့သွားသည်။
အရင်တုန်းက နေ့တိုင်း တွေ့နေရချိန်မှာတော့ ဒီလောက် လွမ်းရမယ်လို့ မထင်ခဲ့မိပေ။
အခုတော့ အဝေးကနေ သူ့ကျောပြင်လေးကို မြင်ရုံနှင့်တင်... မျက်လုံးများ စပ်ဖျဉ်းလာပြီး နှာခေါင်းတွေ မွှန်လာသလို ခံစားလိုက်ရသည်။
တော်သေးသည်က ယပ်တောင် ပါလာသဖြင့် လင်ဝမ်ယိက မျက်နှာကို ကွယ်လိုက်ပြီး မျက်ရည်မကျခင် ပဝါလေးဖြင့် အမြန် သုတ်လိုက်သည်။ ထို့နောက် ခပ်တိုးတိုးလေး တစ်ချက်ရှိုက်လိုက်ပြီး ပွဲကို ပြန်ကြည့်နေလိုက်သည်။
သူမအနားမှ တစ်ဖဝါးမှ မခွာသည့် မုလန်ချွမ်း က သူမကို ကြည့်ပြီး သိချင်စိတ်ဖြင့် မေးလာသည်။
"မမ ဘာဖြစ်လို့လဲ..."
"အစ်မ မျက်လုံးက လေတိုက်ရင် မျက်ရည်ကျတတ်လို့လေ... ခုနက လေတိုက်သွားတော့ နေရခက်သွားလို့... ဒါကြောင့်ပါ..."
မုလန်ချွမ်း က ပြုံးလိုက်ပြီး စစနောက်နောက်ဖြင့် ပြန်ပြောသည်။
"မမရဲ့ ဒီရောဂါက ညီမလေးရဲ့ အဘွားနဲ့ သွားတူနေတာပဲ... အရင်တုန်းကဆို လေတိုက်ရင် မျက်ရည်ကျတာက လူကြီးတွေပဲ ဖြစ်တတ်တာလို့ ညီမလေး ထင်နေခဲ့တာ..."
လင်ဝမ်ယိ ပြုံးလိုက်သော်လည်း သူမ၏ စကားကိုတော့ ပြန်မဖြေခဲ့ပေ။
ထိုအချိန်တွင် လူအုပ်ထဲမှာ ရပ်နေသည့် လင်ရှင်းကျစ် ကလည်း ချင်းယွမ်စံအိမ် ဘက်သို့ အဆက်မပြတ် လှမ်းကြည့်နေသည်။
သူ့ဘေးတွင် ရုပ်ရည်သန့်ပြန့်ပြီး အနည်းငယ် ပိန်ပါးသော သခင်လေး တစ်ယောက် ရပ်နေသော်လည်း ထိုသူ၏ မျက်ဝန်းများမှာတော့ ထူးထူးခြားခြားတည်ငြိမ်နေ၏။
"ဟယ့်စုန်း... မင်း ညီမလေးက တကယ်ပဲ အပေါ်မှာ ရှိနေတာလား... ဘာလို့ ရှာမတွေ့တာလဲ..."
ဟယ့်စုန်း ဆိုသည်မှာ လင်ရှင်းကျစ် ၏ ငယ်နာမည် ဖြစ်ပြီး သူနှင့် အတော် ရင်းနှီးသည့်သူများသာ ထိုသို့ ခေါ်တတ်ကြသည်။
သူ့ကို ထိုသို့ ခေါ်လိုက်သူမှာ အခြားလူမဟုတ် မြို့စားအိမ်တော် ၏ တစ်ဦးတည်းသော မြေးဖြစ်သူ ကျန်းဟွမ့်ချင်းပေ။
မြို့စားအိမ်တော် ၏ တစ်ဦးတည်းသော မြေးဆိုသည်မှာ လူအများ အားကျရမည့် ဂုဏ်ပုဒ်တစ်ခု ဖြစ်သော်လည်း အရှေ့တွင် ရုံချန် ဟူသော စကားလုံး ပါလာသည့်အခါတွင်တော့ တားမြစ်ချက် တစ်ခု ဖြစ်သွားတော့၏။
အရင်တုန်းကဆိုလျှင် ရုံချန် မြို့စားအိမ်တော်သည် အလွန် ကြီးကျယ်ခမ်းနားပြီး အာဏာရော စည်းစိမ်ပါ အပြည့်အဝ ရှိခဲ့သော အိမ်တော်ကြီး ဖြစ်ခဲ့သည်။
မူလကတော့ အစက ကျန်းမင်းသားအိမ်တော် နှင့် စေ့စပ်ထားခဲ့သော်လည်း ဝမ်းနည်းပူဆွေးခြင်း ကာလအတွင်း မယားငယ်ကို မြှောက်စားခဲ့သည့် အရှုပ်အရှင်းများ ဖြစ်ပေါ်ခဲ့ရာ ကျန်းမင်းသားအိမ်တော် မှ ဒေါသထွက်ကာ စေ့စပ်ထားသည်ကို ဖျက်သိမ်းခဲ့ပြီး ရုံချန် မြို့စားအိမ်တော် ကို မျိုးဆက်သုံးဆက်တိုင်အောင် ခေါင်းမထောင်နိုင်စေရဟု ကြိမ်းဝါးခဲ့သည်။
ထို့ကြောင့် ရုံချန် မြို့စားအိမ်တော်ဟာ မျိုးဆက် တစ်ဆက်ထက် တစ်ဆက် ပိုပိုပြီး စီးပွားပျက်လာခဲ့၏။
ကျန်းမင်းသားအိမ်တော် က သားသမီး မြေးမြစ်များဖြင့် စည်ကားပြီး အာဏာကြီးမားလာသည်ကို ကြည့်ရင်း သူတို့ မြို့စားအိမ်တော် မှာတော့ ခြောက်ကပ်ကာ သနားစရာ ကောင်းနေတော့သည်။
ယခု မျိုးဆက်တွင်လည်း ဤတစ်ဦးတည်းသော သားလေးသာ ရှိတော့ပြီး အသက် ဆယ့်ခုနစ်နှစ် ကျော်လာသည်အထိ မည်သည့် အနာဂတ်လမ်းကိုမှ မမြင်ရသေးပေ။ ထို့ကြောင့် လင်မိသားစုမှ အစ်ကိုကြီးနှင့် ဘဝတူညီအစ်ကိုတွေ ဖြစ်လာခဲ့ကြသည်။
ထို့ကြောင့် ယနေ့ နဂါးလှေ ပြိုင်ပွဲတွင် လင်ဝမ်ယိကို တွေ့နိုင်မည်ဟု သိလိုက်ရသောအခါ လင်ရှင်းကျစ်လည်း နည်းလမ်းပေါင်းစုံ သုံးပြီး နောက်ဆုံးတွင် ရုံချန် မြို့စားအိမ်တော် မှ လူများ၏ အကူအညီဖြင့် ဤအဖွဲ့ထဲသို့ ဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ပိန်သွားတဲ့ ကုလားအုတ်က မြင်းထက်တော့ ကြီးသေးတာပဲလေ... လင်ရှင်းကျစ်ကို အမတ်နေရာ ပေးဖို့ မဟုတ်ဘဲ လှေလှော်တဲ့ အဖွဲ့ထဲ ထည့်ဖို့လောက်ကတော့ သိပ်မခက်ခဲပါဘူး…။
ဤသည်မှာ ကျန်းဟွမ့်ချင်း ကိုယ်တိုင် ပြောခဲ့သော စကားပင် ဖြစ်သည်။
"သေချာတာပေါ့... သူက အရှင်မင်းကြီးရဲ့ တာရင်လေ... ဒီလို ပွဲမျိုးမှာ သေချာပေါက် ရှိမှာပေါ့..."
လင်ရှင်းကျစ် ၏ မျက်ဝန်းထဲတွင် စိုးရိမ်မှုများ အထင်းသား ပေါ်လွင်နေသော်လည်း လင်ဝမ်ယိကို မြင်လိုက်ရသော ခဏတွင်တော့ အရာအားလုံးက အံ့ဩဝမ်းသာမှုအဖြစ် ပြောင်းလဲသွားသည်။
"ဟိုမှာ"
သူ လက်ညှိုးထိုးပြလိုက်သော နေရာတွင် လင်ဝမ်ယိရှိနေလေ၏။
လင်ဝမ်ယိသည်လည်း အစ်ကိုကြီး သူ့ကို လက်ညှိုးညွှန်ရင်း ကြည့်နေသည်ကိုတွေ့သောအခါ မောင်နှမ နှစ်ယောက်မှာ ရှို့နန်ရေကန်ကြီး၏ တစ်ဖက်တစ်ချက်တွင် ဘာစကားမှမဆိုနိုင်ကြဘဲ ငေးကြည့်နေမိကြသည်။
အရှင်မင်းကြီး ရှိနေသဖြင့် လူတိုင်းက အရှင်မင်းကြီး သူတို့ကို အထင်ကြီးလာဖို့ အကောင်းဆုံးကြိုးစားနေကြပြီး ဤအခွင့်အရေးက သူတို့အတွက် တက်လမ်း ဖြစ်လာနိုင်သည်ဟု ယုံကြည်နေကြသည်။
လင်ရှင်းကျစ် ကတော့ အခြားအရာများကို ဂရုမစိုက်နိုင်တော့ပေ။ သူတို့ဟာ နန်းတော်ထဲသို့ ဆက်သွယ်ရန် နည်းလမ်းပေါင်းစုံ ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ယခုမှ လင်ဝမ်ယိကို ခဲယဉ်းစွာ တွေ့လိုက်ရသဖြင့် သူက ထိုအရာတွင်သာ အာရုံစိုက်နေမိသည်။
လင်ဝမ်ယိသည်လည်း အစ်ကိုဖြစ်သူနှင့် တွေ့ပြီး စကားပြောခွင့်ဖို့မျှော်လင့်နေမိသော်လည်း ဒါက မဖြစ်နိုင်မှန်း သိနေသည်။
အစ်ကိုဖြစ်သူအနေဖြင့် ဤအခွင့်အရေးကို ဆုပ်ကိုင်ထားနိုင်မည်ဟု သူမ မျှော်လင့်မိသည်။ ဗြုန်းခနဲ တန်းပြီးတိုးတက်သွားတာ မဟုတ်လျှင်တောင် လူအများ၏ မျက်စိထဲတွင် အမှတ်ရစရာတစ်ခု ဖြစ်သွားလျှင်ပင် မဆိုးလှပေ။
မဟုတ်လျှင်တော့ တစ်သက်လုံး အညတရ ဘဝဖြင့်သာ နေသွားရမည် ဖြစ်ပြီး သူ၏ ကိုယ်ကျင့်တရားနှင့် အရည်အချင်းများအတွက် တကယ့်ကို နှမြောစရာပင် ဖြစ်သွားပေလိမ့်မည်။
မောင်နှမ နှစ်ယောက် အပြန်အလှန် အလွမ်းသယ်နေကြပုံက တစ်ဖက်က ချူကွေ့ရန် နှင့်တော့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။
ယနေ့ ချူကွေ့ရန် ၏ မျက်နှာပေါ်တွင် မာန်မာနများ အထင်းသား ပေါ်လွင်နေကာ သူမက လင်ဝမ်ယိနှင့် ဖြစ်ခဲ့သော ပြဿနာများကို အကုန်မေ့ထားလိုက်ပြီး အောက်ဘက်တွင် ရပ်နေသော အစ်ကိုဖြစ်သူ ချူရှင့် ကိုသာ မျက်စိဒေါက်ထောက် ကြည့်နေသည်။
"နင်တို့ ကြည့်လိုက်စမ်း... ဟိုမှာ ငါ့အစ်ကိုလေ..."
သူမက ဂုဏ်ယူဝင့်ကြွားစွာဖြင့် သူမအစ်ကိုကို ကြည့်နေပြီး သူမ၏ အစ်ကိုမှာ ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်စစ်သူကြီး တစ်ပါးလိုပင် ထင်မှတ်နေလေ၏။
_________