သွမ့်ဝူပွဲတော်
Vol. 6 Ch. 52
စည်းမျဉ်းစည်းကမ်းများနှင့်အညီ လင်ဝမ်ယိတို့က စားပွဲတော်၏ အနောက်ဆုံးတန်းတွင် နေရာရသည်။
ထိုနေရာသည်လည်း ရေပြင်နှင့် နီးကပ်နေသဖြင့် လေပြေလေညင်းလေးများ တိုက်ခတ်လာတိုင်း လူကို လန်းဆန်းသွားစေ၏။
တာရင်များထိုင်ရသည့် တန်းတွင် လူလေးယောက်သာ ရှိပြီး လင်ဝမ်ယိအပြင် မုလန်ချွမ်း၊ နန်းတွင်းသို့ အသစ်ရောက်လာသော ရှန့်ကွမ်းတာရင် နှင့် နန်းတွင်းရောက်သည်မှာ ကြာပြီဖြစ်သော ဟန်တာရင်တို့ ဖြစ်ကြသည်။
အားလုံးက စကားနည်းသူများ ဖြစ်ကြ၍ ယနေ့လို စည်ကားလှသည့် ပွဲတော်ကိုရောက်နေကြသော်လည်း စပ်စပ်စုစု မကြည့်ရဲကြပေ။
လင်ဝမ်ယိ၏ ဘေးတွင် ထိုင်နေသူမှာမူ မုတာရင်ပင်။
သူမက ဤမြင်ကွင်းကို ကြည့်ရင်း အနည်းငယ် အားနာနေဟန်ဖြင့် လင်ဝမ်ယိ အနားသို့ တိုးလာကာ ပြောလိုက်သည်။
"လွန်ခဲ့တဲ့ ရက်ပိုင်းက ညီမလေး အတွေးတိမ်သွားပြီ မမကိုတောင် အခက်တွေ့အောင် လုပ်မိတယ်... မမက အဲဒီကိစ္စကြောင့် ညီမလေးအပေါ် စိတ်မကွက်ပါနဲ့နော်..."
ပြောပြီးသည်နှင့် လင်ဝမ်ယိကို ဝမ်းနည်းပက်လက် ကြည့်လာလေပြီး မျက်ရည်များကျဆင်းလာတော့သည်။
ထိုအခါ ဘေးနားရှိ ဘေးနားရှိ တာရင် ကိုယ်လုပ်တော်များက စပ်စုချင်စိတ်များအပြည့်ဖြင့် လှမ်းကြည့်လာကြသည်။
လင်ဝမ်ယိက ပဝါလေးဖြင့် သူမ၏ မျက်ရည်များကို သုတ်ပေးလိုက်ပြီးနောက် သဘောကောင်းစွာဖြင့် ပြောလိုက်သည်။
"ညီမလေး ဒီလိုငိုတာက သိပ်ပြီး အကျိုးမရှိလှဘူးနော်... ဒီမှာ လေလည်း မတိုက်ဘူး... သဲလည်း မဝင်ဘူးဆိုတော့ အစ်မက ညီမလေးငိုတာကို ဘယ်လိုအကြောင်းပြချက်နဲ့ ဖုံးပေးမလဲမသိတော့ဘူး..."
လင်ဝမ်ယိက စစနောက်နောက်နှင့်ပြောလာသောအခါ မုလန်ချွမ်း မှာ ငိုနေရာမှ ရုတ်တရက် ရယ်ချလိုက်မိသည်။
"မမက ညီမလေးကို အပြစ်မတင်ရင် တော်ပါပြီ..."
"စိတ်ချပါ... သိပ်ပြီး ကြီးကျယ်လှတဲ့ ကိစ္စလည်း မဟုတ်ပါဘူး... ကြားတာတော့ ဒီနေ့ ကောက်ညှင်းထုပ်က အချိုရော အငန်ရော ပါတယ်တဲ့... ညီမလေးက တကယ် အားနာနေတယ် ဆိုရင်... အစ်မအတွက် နှစ်ထုပ်လောက် ပိုစားပေးလိုက်ပေါ့..."
"မမက ကောက်ညှင်းထုပ် မကြိုက်ဘူးလား..."
"ကောက်ညှင်းနဲ့ လုပ်ထားတဲ့ အစားအစာတွေကို သိပ်မကြိုက်ဘူးလေ... စားပြီးရင် ဗိုက်ထဲမှာ လေးနေသလို ခံစားရလို့..."
"အော်... ဒါဆိုရင်လည်း မမ စိတ်ချသာနေ... မမ စားပွဲပေါ်က ဟာတွေကို ညီမလေး အကုန် စားပစ်လိုက်မယ်..."
မုလန်ချွမ်း က ယခင်ကလိုပင် လင်ဝမ်ယိနှင့် အလွန် ရင်းနှီးစွာ ပြောဆိုနေသည်။
သို့သော် အနောက်တွင် ရပ်နေသော ချွမ်ချီ နှင့် ရှအန်း တို့၏ မျက်ဝန်းထဲတွင်တော့ စောင့်ကြည့်နေသည့်အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။
သူတို့နှစ်ယောက်၏ အနောက်တွင်တော့ နျန်ဇစ် လေးငါးယောက် ထိုင်နေကြသည်။ သူတို့က ကိုယ်လုပ်တော်အဆင့်တောင် မဟုတ်ဘဲ အရှင်မင်းကြီး၏ အိပ်ဆောင်ဝင် အစေခံများသာ ဖြစ်ကြသည်။
ထိုအထဲမှ ရုပ်ရည်ပြေပြစ်ပြီး သွက်လက်သော မိန်းကလေးတစ်ယောက်က လက်ဖက်ရည် သောက်ရင်း ဘေးနားရှိ လူနှင့် စကားစပြောလိုက်သည်။
"ကျန်းနျန်ဇစ်... အရင်တုန်းကရော ဒီသွမ့်ဝူပွဲတော် စားပွဲကို တက်ဖူးလား..."
"နှစ်ခေါက် တက်ဖူးတယ်... ယွမ်ဟယ်ခေတ် ခုနစ်နှစ်မြောက်တုန်းက တစ်ခါ... ဆယ့်လေးနှစ်မြောက်တုန်းက တစ်ခါလေ..."
"အော်... ဒါဆို နန်းတော်ထဲမှာ နေလာတာ အကြာကြီးဆိုတော့ ဒီစားပွဲမှာ သတိထားရမဲ့ အချက်တွေကို သေချာပေါက် သိမှာပေါ့... ခဏနေရင် ကျွန်မ ရှင့်နောက်ကနေပဲ လိုက်တော့မယ်... ရှင် ဘာလုပ်လုပ် အဲဒီအတိုင်း လိုက်လုပ်မယ်လေ..."
ကျန်းနျန်ဇစ် က စကားပြောလာသူကို မျက်စောင်းဖြင့် တစ်ချက် ကြည့်လိုက်ပြီး သူမမှာ ငြင်းလိုက်ချင်သော်လည်း ပြတ်ပြတ်သားသား မငြင်းသာသဖြင့် အသာပြုံးရင်း ပြောလိုက်သည်။
"ဟယ့်နျန်ဇစ်... ရှင်က နန်းတွင်းကို အခုမှ ရောက်တာဆိုတော့ စည်းကမ်းတွေ သိပ်မသိတာ ကိစ္စမရှိပါဘူး... ကျွန်မက နန်းတော်ထဲမှာ သည်လောက် ကြာနေတာတောင် နျန်ဇစ် အဆင့်ပဲ ရှိသေးတာ... ရှင် ဒီလောက်ကြီး အားမကိုးပါနဲ့..."
ဟယ့်နျန်ဇစ် ဟု ခေါ်သော မိန်းကလေးမှာ ချက်ချင်းပင် နှုတ်ခမ်းဆူသွားပြီး စိတ်ထဲတွင် လုံးဝ မကျေမနပ် ဖြစ်သွားသော်လည်း မျက်နှာပေါ်တွင်တော့ ချိုချိုသာသာဟန်လေး လုပ်ထားရသည်။
ထို့နောက် ကျန်းနျန်ဇစ် ကို ကြည့်ကာ ပြောလိုက်သည်။
"နျန်ဇစ်ကလည်း ကျွန်မက စည်းကမ်းဖောက်မိမှာ စိုးလို့ ဒီလို ပြောလိုက်တာပါ... ရှင့်ကို ထိခိုက်စေမဲ့ အလုပ်မျိုး တကယ် မလုပ်ပါဘူး..."
သူမ၏ စကားကို ကြားပြီးနောက် ကျန်းနျန်ဇစ် လည်း ဆက်မပြောတော့ပေ။
မည်သို့ပင်ဆိုစေကာမူ သူတို့အားလုံးက ဤအနောက်ဆုံးတန်းတွင် ထိုင်နေကြရသည်ဖြစ်ရာ အရှင်မင်းကြီး၏ ကျောပြင်ကို အဝေးကနေ မြင်ရလျှင်ပင် ကံကောင်းလှပြီပင်။
စည်းမျဉ်းနှင့် အညီနေသည်ဖြစ်စေ မနေသည်ဖြစ်စေ... ဘယ်သူကများ သူတို့ကို ဂရုစိုက်နေမည်နည်း။
ဟယ့်နျန်ဇစ် ကလည်း သူမ ဆက်မပြောတော့သည်ကို မြင်သောအခါ ပါးစပ်ပိတ်သွားပြီး အနေရသက်သာစေရန် ရေပြင်ပေါ်မှ လှိုင်းကြက်ခွပ်လေးများကိုသာ လှည့်ကြည့်နေလိုက်တော့သည်။
စတုတ္ထမင်းသား၏ ကြင်ယာတော်က လင်ကွေ့ဖေးနှင့် စကားအနည်းငယ် ပြောပြီးသည့်အချိန်တွင် ချင်းယွမ်စံအိမ် အပြင်ဘက်မှ အသံတစ်ခု ထွက်ပေါ်လာသည်။
"အရှင်မင်းကြီး ကြွလာပါပြီ..."
မိန်းမစိုး၏ စူးရှသော အသံက ယခုအချိန်တွင်တော့ သကာရည်လောင်းထားသည့်အတိုင်းပင်ာ လူတိုင်းက ချက်ချင်း မတ်တပ်ရပ်ကာ အရှင်မင်းကြီးကို ခရီးဦးကြိုလိုက်ကြသည်။
"အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ... သက်တော်ရာကျော် ရှည်ပါစေ... သက်တော်ရာကျော် ရှည်ပါစေ..."
ထို့နောက် အရှင်မင်းကြီးသည် ခန့်ညားထည်ဝါသော ခြေလှမ်းများဖြင့် ဝင်ရောက်ပြီး အဝါရောင်တောက်တောက် တော်ဝင်ဝတ်ရုံကို ဝတ်ဆင်ထားသဖြင့် အလွန်ပင် ကျက်သရေရှိလှပေသည်။
သူ့အနောက်တွင်တော့ လူလတ်ပိုင်းအရွယမ အမျိုးသား အချို့ လိုက်ပါလာပြီး။ကြည့်ရသည်မှာ အရှင်မင်းကြီးနှင့် အနည်းငယ် ဆင်တူကြ၏။
ချင်းယွမ်စံအိမ် ထဲသို့ ဝင်လာသည်နှင့် အရှင်မင်းကြီးက လင်ကွေ့ဖေး၏ အဝတ်အစားများကို ချက်ချင်း သတိထားမိလိုက်သည်။
သူက မျက်မှောင်အနည်းငယ် ကြုတ်လိုက်သော်လည်း ချက်ချင်းပင် ပြန်ပြေလျော့သွားပြီး မည်သည့် ခံစားချက်မျှ မပါသော လေသံဖြင့် ပြောလိုက်သည်။
"အားလုံး ထကြပါ..."
"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး..."
သူ့အနောက်မှ လိုက်ပါလာသော ဦးရီးတော်များကလည်း လက်ယှက်ကာ အရိုအသေပေးလိုက်ကြသည်။
"ကျွန်တော်မျိုးတို့ လင်ကွေ့ဖေးမယ်မယ်ကို ဂါရဝပြုပါတယ်..."
"ဦးရီးတော်တို့ အားနာစရာပါ... အမြန်ထကြပါရှင်..."
လင်ကွေ့ဖေးက အသာအယာ တွဲထူသည့် ဟန်လေး ပြုလုပ်လိုက်ပြီးမှ အရှင်မင်းကြီး၏ ဘေးတွင် ဝင်ရပ်ကာ သဘောထားကြီးပြီး ယဉ်ကျေးသိမ်မွေ့သည့် ပုံစံလေး ဖမ်းထားလိုက်သည်။
လင်ဝမ်ယိတို့က အဝေးတွင် ရှိနေသဖြင့် ထိုဦးရီးတော်များ၏ မျက်နှာကို သေချာ မမြင်ရပေ။
သို့သော် သူတို့၏ အသံများကို ကြားရုံဖြင့် တစ်ယောက်ချင်းစီတိုင်းက အင်အားကြီးပြီး ဩဇာညောင်းသူများ ဖြစ်ကြောင်း သိနိုင်သည်။
အရှင်မင်းကြီးက ပလ္လင်ပေါ်တွင် ဝင်ထိုင်လိုက်ပြီးနောက် ကျန်လူများလည်း သူတို့ နေရာအသီးသီးတွင် ဝင်ထိုင်လိုက်ကြသည်။
ထိုအခါ လင်ကွေ့ဖေးက လက်တစ်ချက် ဝှေ့ယမ်းလိုက်ပြီး မိန်းမစိုး တစ်သိုက် ရောက်လာကာ စန္ဒကူးအခန်းကန့် များကို ဖယ်ရှားလိုက်ကြသည်။
ထိုအခါ ဘယ်ညာ နှစ်ဖက်လုံးက အချိုးကျကျ ညီညာနေသည်ကို တွေ့လိုက်ရသည်။
"ဒီနေ့က နန်းတွင်းစားပွဲတော် ဖြစ်သလို မိသားစု စားပွဲလည်း ဖြစ်တယ်... အားလုံးကို ဒီနဂါးလှေ ပြိုင်ပွဲကို အတူတူ ကြည့်ဖို့ ဖိတ်ခေါ်ထားတာပါ... ကောင်းကင်ဘုံက ကိုယ်တော်တို့ တာ့ဝေ့ပြည်ကို ထာဝရ သာယာဝပြောပြီး အဓွန့်ရှည်တည်တံ့အောင် စောင့်ရှောက်ပါစေလို့ ဆုတောင်းတယ်..."
ဧကရာဇ် ယွီဝမ်ဟုန် က အရက်ခွက်ကို မြှောက်လိုက်ပြီး လူအားလုံးကလည်း သူတို့ ရှေ့ရှိ အရက်ခွက်များကို မြှောက်ကာ မော့သောက်လိုက်ကြသည်။
ဂီတသံများ ထွက်ပေါ်လာသည်နှင့် သွမ့်ဝူပွဲတော်ကြီးလည်း တရားဝင် စတင်လေတော့သည်။
မူလကတော့ လင်ကွေ့ဖေး၏ ညွှန်ကြားချက်အရ ယဲ့ကွေ့ရန်နှင့် တုချန်ကျိုက်တို့က အစားအသောက်များကို ဖွယ်ဖွယ်ရာရာ စီစဉ်ထားခဲ့ကြသည်။
သို့သော် အရှင်မင်းကြီး၏ အမိန့်ထွက်လာသည့်နောက်တွင်တော့ အများကြီး ရိုးရှင်းသွားခဲ့လေပြီ။
မည်မျှပင် ရိုးရှင်းစေကာမူ ပွဲတော်တွင် ပါဝင်သင့်သည်များကတော့ ပါဝင်နေဆဲပင်။ ဥပမာအားဖြင့် စွန်ပလွံသီးအချို၊ ကောက်ညှင်းထုပ်နှင့် ယူနန်ဝက်ပေါင်ခြောက် ကောက်ညှင်းထုပ်တို့ကို ရတနာရှစ်မျိုး ပန်းကန်ပြားလေးများတွင် ထည့်ကာ လူတစ်ယောက်လျှင် တစ်ပွဲစီ ချပေးထားသည်။
ကြည့်ရသည်မှာ စားချင်စရာ ကောင်းသော်လည်း လင်ဝမ်ယိက လက်ဖြင့် ဖွဖွလေးသာ ထိကြည့်လိုက်သည်။
ဤကဲ့သို့ ကောက်ညှင်းထုပ်များကို သူမသာ စားလိုက်လျှင် နောက်နှစ်ရက်လောက်တော့ အိပ်ရာထဲ လဲနေရမှာ သေချာသည်။ ထို့ကြောင့် ဘေးနားရှိ မုလန်ချွမ်း ဘက်သို့ ကြည့်လိုက်သည်။
မုလန်ချွမ်း ၏ ပန်းကန်ထဲတွင်တော့ ဘာမှ မကျန်တော့ဘဲ ပြောင်ရှင်းနေပြီ ဖြစ်ကာ သူမက လင်ဝမ်ယိကို မျက်လုံးပြူးကာ ကြည့်နေသည်။
"စားလေ... ဒါပေမဲ့ ညီမလေးမသွားနဲ့ဦးနော်..."
"သိပါပြီ... မမသာ စိတ်ချ... ညီမလေးရဲ့ အစာအိမ်က သံမဏိနဲ့ လုပ်ထားတာ... ဘာစားစား အကုန် ကြေတယ်..."
သူတို့က ပင်မစားပွဲနှင့် အလွန် ဝေးကွာနေပြီး စကားပြောလျှင်လည်း အသံကို တိုးထားသဖြင့် ဘေးနားမှ လူများပင် သတိမထားမိကြပေ။
သို့သော် အလယ်တွင် ထိုင်နေသော အရှင်မင်းကြီးကတော့ လင်ဝမ်ယိကို အသာအယာ တစ်ချက် ကြည့်လိုက်ပြီးနောက် ဦးရီးတော်များနှင့် ဆက်လက်၍ သေရည်သောက်ကာ စကားပြောနေလိုက်သည်။
လင်ကွေ့ဖေးကတော့ ဤကဲ့သို့သော အခမ်းအနားမျိုးကို အလွန် နှစ်သက်သည်။ ယခုအခမ်းအနားမျိုးတွင် သူမ တစ်ယောက်တည်းသာ အရှင်မင်းကြီး၏ ဘေးတွင် ထိုင်ခွင့်ရှိသည်လေ။
သူတို့ဘက်တွင် စကားစမြည် ပြောဆိုနေကြစဉ် အပြင်ဘက် ရှို့နန်ရေကန် ပေါ်မှ အောင်ပွဲခံ အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။
"အရှင်မင်းကြီး... ကြည့်ရတာ လူငယ်လေးတွေ အဆင်သင့် ဖြစ်နေကြပြီ ထင်တယ်... ဒီဦးလေးတော့ ကြားနေရတာတောင် သွေးတွေ ဆူလာသလိုပဲ..."
စကားပြောလိုက်သူမှာ အခြားလူ မဟုတ် ဧကရာဇ် ယွီဝမ်ဟုန် ၏ စတုတ္ထမြောက် ဦးရီးတော်၊ ယခင်ဧကရာဇ် ၏ ညီတော်အရင်း ယွီဝမ်ချန်း ပင်။