ခရမ်းစိမ်းမြူခိုး အရံအတား
Vol. 3 Ch. 263
ခဏ အကြာတွင်တော့ …
ကျီယွဲ့နှင့် ရော့ရှီမှာ ခန်းမတစ်ခု အတွင်းသို့ ရောက်ရှိ လာကြလေသည်။ ခန်းမ၏ ခေါင်မိုးထက်တွင် ပုလဲလုံး သုံးလုံး ရှိနေပြီး ထိုပုလဲသုံးလုံးမှ အလင်းရောင်များ ဖြာထွက်ကာ ခန်းမ တစ်ခုလုံးမှာ လင်းထိန် တောက်ပ နေလေသည်။
ကျောက်လှေကား ထစ်များထက်တွင် ဝိညာဉ်ကမ္ဘာမှ အလှတရားမျိုးဖြင့် အမျိုးသမီး တစ်ဦး ရပ်နေလေသည်။ သူမ၏ ဆံနွယ်များက တိမ်များကဲ့သို့ လွင့်မျောနေပြီး မျက်ဝန်းများက ခက်ထန် တင်းမာ နေလေသည်။ သူမက အသက်အရွယ် ငယ်ရွယ်သည့်ပုံတော့ မပေါက်ပေ။
သို့သော် အိုမင်းမှုနှင့် ခက်ထန် တင်းမာမှုများက သူမ၏ အလှတရားကို ထိခိုက် သွားခြင်း မရှိပေ။ သူမ၏ အလှတရားကို ကြယ်စင်များနှင့် ရှုမျှော်ခင်းများကပင် ယှဉ်ပြိုင် နိုင်မည် မဟုတ်ပေ။
ထို အမျိုးသမီးမှာ ထိုက်စု နတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ် ထျန်းမုန့် နတ်သမီးပင် ဖြစ်လေသည်။
"နန်းတော်သခင်မကို ဂါရဝ ပြုပါတယ်"
ကျီယွဲ့က ဂါရဝ ပြုလိုက်သည်။
ကျီယွဲ့မှာ နန်းတော် သခင်မကို ပထမဆုံး တွေ့ဖူးခြင်း မဟုတ်ပေ။ သို့တိုင်အောင် သူမ၏ စိတ်များမှာ မတည်မငြိမ် ဖြစ်နေရသည်။
ထိုက်စု နတ်ဘုရားဂိုဏ်းတွင် လွန်ခဲ့သည့် မျိုးဆက်မှ နတ်ဘုရား သုံးပါး ရှိသေးသည်။ သို့သော် သူတို့က ထိုက်စု နတ်ဘုရား ဂိုဏ်း၏ ကိစ္စရပ်များတွင် ပါဝင် ပတ်သက်လေ့ မရှိပေ။
ထို့ကြောင့် ထျန်းမုန့် နတ်သမီးတွင်သာ အာဏာ အပြည့် ရှိလေသည်။ သူမ၏ တန်ခိုးစွမ်းအား များမှာလည်း နန်းတော် တစ်ခုလုံးတွင် ထိပ်တန်း အဆင့် ဖြစ်လေသည်။
အခြားသော နန်းဆောင် သခင်မ သုံးယောက်မှာ သူမနှင့် အဆင့်တူသည့် သူများ ဖြစ်သည့်တိုင် သူမကို မဆန့်ကျင်ရဲကြပေ။
ကျီယွဲ့၏ စိတ်များ မတည်မငြိမ် ဖြစ်နေသည်ကို ထျန်းမုန့် နတ်သမီး သတိ ပြုလိုက် မိလေသည်။ သို့သော် သူမက မည်သည့် စကားမှ မဆိုပေ။
သူမက ရော့ရှီလေးကို ခေါ်လိုက်သည်။
"သမီးလေး ရှီအော်.... ဒီကို လာခဲ့ပါ"
သူမ၏ မျက်ဝန်းများက ရော့ရှီလေးကို ရတနာတစ်ပါးကို တန်ဖိုးထားသလို ချစ်ခင် မြတ်နိုးစွာဖြင့် ကြည့်နေ လေသည်။ သူမ၏ အသံမှာလည်း အလွန်ပင် နူးညံ့ သိမ်မွေ့ နေလေသည်။
ရော့ရှီက သူမအနားသို့ ရိုသေစွာဖြင့် လျှောက်သွား လိုက်သည်။ ထျန်းမုန် နတ်သမီးက ရော့ရှီလေး၏ လက်လေးကို ကိုင်လိုက်သည်။
ရော့ရှီလေး ထိုက်စု နန်းတော်သို့ ရောက်လာသည်မှာ ခုနစ်နှစ် ရှိပြီ ဖြစ်လေသည်။
သို့သော် သူမ အခြား နေရာများသို့ မရောက်ဖူးပေ။ သူမကို ခေါ်လာသည့် ဂိုဏ်းတူ အစ်မသုံးယောက်မှ လွဲပြီး မည်သူ့ကိုမှလည်း သူမ သိရှိခြင်း မရှိပေ။ မည်သူ့ကိုမှလည်း သူမ မတွေ့ရပေ။ နန်းတော်မှ လူများမှာလည်း ထျန်းမုန့် နတ်သမီး တပည့် တစ်ယောက် မွေးထားသည် ဆိုသည့် အချက်မှ လွဲပြီး ထိုတပည့်မှာ မည်သူမှန်း မသိကြပေ။
"ငါတို့ ထိုက်စုဂိုဏ်းက တန်ခိုးစွမ်းအား မပြလို့ ထင်တယ်၊ ခိုးဝင်ရဲတဲ့ သူတောင် ပေါ်လာပြီ ၊ ဒီ ခရမ်းစိမ်း မြူခိုး အရံအတားကို နန်းတော် အပြင်ဘက်မှာ ထားလိုက်၊ ခိုးဝင်လာတဲ့သူ ဘယ်သူလဲ ဆိုတာ ငါသိချင်တယ်"
သူမက စကားဆုံးသွားသည်နှင့် ခရမ်းရောင် မြူခိုးများ ရစ်သိုင်းနေသည့် ပန်းချီ ကားလိပ်လေး တစ်လိပ်ကို ကျီယွဲ့ထံသို့ ပစ်ပေးလိုက်လေသည်။
ထိုပန်းချီ ကားလိပ်လေးမှာ ခရမ်းစိမ်း မြူခိုး အရံအတား ဖြစ်လေသည်။ ထျန်းမုန့်နတ်သမီး နှစ်ပေါင်းရာနှင့် ချီ ကျင့်ကြံထားသည့် တန်ခိုးစွမ်းအားများ ပါဝင်လေသည်။ ခရမ်းစိမ်း မြူခိုး အရံအတား၏ ဆန်းကြယ်မှုများကို ကျီယွဲ့ပင် နားမလည်နိုင်ပေ။
လွန်ခဲ့သည့် နှစ်ငါးဆယ်ခန့်က ပုရွှီး အဆင့် ကျင့်ကြံသူ တစ်ယောက် နန်းတော်သခင်မကို နှောင့်ယှက် ဖူးလေသည်။ ထျန်းမုန့်နတ်သမီးက ထိုသူမှာ ခရမ်းစိမ်း မြူခိုး ပန်းချီကားလိပ်ထဲတွင် ပိတ်ထား လိုက်လေသည်။ ထိုသူမှာ သုံးရက်အတွင်း အရိုးစုဘဝသို့ ကူးပြောင်း သွားရလေသည်။
ကျီယွဲ့က ပန်းချီ ကားလိပ်လေးကို လက်ခံ ယူလိုက်ပြီး ထွက်ခွာရန် ပြင်ဆင် လိုက်လေသည်။
“နောက်ရက်တွေကျရင် ငါ ကျင့်စဉ် တစ်ခု လေ့ကျင့်စရာ ရှိတယ်၊ သမီးလေး ရှီအော် ပျင်းနေမယ် ဆိုရင် ကျီယွဲ့တို့ လျိုစူးတို့နဲ့ အတူ နန်းတော်ထဲ လျှောက်လည်လို့ ရတယ်နော်”
ထျန်းမုန် နတ်သမီးက ရော့ရှီလေးကို ပြောလိုက်တော့ ရော့ရှီလေးက ခေါင်းညိတ် ပြလိုက်သည်။
သို့သော် သူမ ပျော်ရွှင်ခြင်း မရှိပါ။
သူမဘဝသည် ငယ်စဉ်အခါက ဖခင်ဖြစ်သူချင်း ဟယ်ကျွမ်းဝမ်၏ အိမ်တော်တွင် နေရသကဲ့သို့ အကျယ်ချုပ် ကျနေသည့် သဖွယ်ပင် ဖြစ်လေသည်။ ထိုသို့သော ဘဝမျိုးက အဘယ်မှာ ပျော်ရွှင်စရာ ကောင်းပါမည်နည်း။
သူမ၏ ဦးလေးကိုသာ သူမ အရမ်းသတိ ရနေမိလေသည်။
ယန်မြောင်ယွင်နှင့် လျိုစူးတို့မှာ အဖြူရောင် တိမ်တိုက်ပေါ်တွင် ပျံသန်း နေကြလေသည်။
လျိုစူးက…
“တခြား နေရာတွေကို သွားကြည့်ရအောင်၊ ဘာမှ မတွေ့ဘူးဆိုရင် ခုန ရေကန်ထဲမှပဲ ငါတို့တွေ ရေသွား ကစားကြမယ်လေ”
လျိုစူး၏ စကားကြောင့် ယန်မြောင်ယွင်မှာ ရေကန်နားတွင် ဆန်းလျန်နှင့် တွေ့ခဲ့သည့် အကြောင်းများကို ပြန်စဉ်းစား လိုက်မိလေသည်။
ထို့ကြောင့်…
“ကျွန်မတော့ ရေမကစား ချင်တော့ဘူး”
ဟု ပြောလိုက်လေသည်။
မြောင်ယွင်၏ စကားကြောင့် လျိုစူးက တအံ့တသြဖြင့်…
“ဘာလဲ၊ ငါ့ကို ညစ်ပတ်နေတယ် ထင်လို့လား၊ မင်းကိုယ်မင်းတော့ သန့်တယ် ထင်နေတယ်ပေါ့လေ၊ ငါက အများကြီး ကျင့်ကြံထားတာ၊ ငါ့ရဲ့ ကျောရိုးထဲက ရွှေပြဒါး အမြုတေထဲ အထိ သန့်စင်တယ်၊ မင်းမယုံဘူးလား”
ပြောရင်းနှင့်ပင် လျိုစူးက မြောင်ယွင်၏ နူးညံ့သည့် နှုတ်ခမ်းလေးများကို သူမ၏ လက်ချောင်းလေးများဖြင့် တို့ထိ လိုက်လေသည်။
လျိုစူး၏ မယဉ်ကျေးသည့် အပြုအမူများမှာ လွန်လာပြီ ဖြစ်လေသည်။ သို့သော် မြောင်ယွင်က သူမကို တွန်းလှန်နိုင်ခြင်း မရှိပါ။
“ရေကန်မှာ ရေသွားကစားရင် ခိုးဝင်လာတဲ့ သူက ကျွန်မတို့ကို လာခိုးကြည့်ရင်း ဘယ်လို လုပ်မလဲ”
လျိုစူးက ပြုံးလိုက်ရင်း…
“ဘာလဲ၊ ဝင်လာတဲ့သူက ယောကျ်ားလေးမို့လို့ ငါတို့ကို လာခိုးကြည့်မှာလား၊ မင်းက ဘယ်လိုလုပ် သိတာလဲ”
“မသိပါဘူး ၊ ဒါပေမဲ့ ယောကျ်ားလေး ဖြစ်နေခဲ့ရင် ကျွန်မတို့တော့ ဒုက္ခပဲလို့ တွေးမိလို့ပါ”
မြောင်ယွင် ပျာပျာသလဲ ပြန်ဖြေလိုက်သည်။
“ကြည့်စမ်း၊ မင်းစိတ်တွေ အရမ်းကို မတည်မငြိမ် ဖြစ်နေတာပဲ၊ ကြည့်ရတာ တစ်ခုခု ဖြစ်လာတာလားပဲ”
လျိုစူးက မြောင်ယွင်၏ နားရွက် ဖျားလေးများကို ကိုက်လိုက်ရင်း တိုးလျစွာ ဆိုလိုက်သည်။
မြောင်ယွင် မည်သို့ တုံံ့ပြန်ရမှန်း မသိ ဖြစ်နေချိန်မှာပင် ရုတ်တရက် လျိုစူးက မြောင်ယွင်၏ လည်ပင်းကို ညှစ်ထားလိုက်ပြီး အဓိက သွေးကြောများကို ပိတ်ပစ် လိုက်လေသည်။ မြောင်ယွင်၏ တန်ခိုး စွမ်းအားများ အားလုံးကို ထိန်းချုပ် လိုက်လေသည်။
“ရှင်ထွက်လာခဲ့စမ်း၊ ထွက်မလာရင် သူမကို သတ်ပစ်လိုက်မယ်”
လျိုစူးက အေးစက်စွာ ပြောလိုက်သည်။
ယန်မြောင်ယွင်မှာ လျိုစူးက ထိုသို့ လုပ်လိမ့်မည်ဟု ထင်မထားမိပေ။
“အစ်မလျိုစူး ၊ ဘာလုပ်တာလဲ”
လျိုစူးက မဲ့ပြုံး တစ်ချက် ပြုံးလိုက်ရင်း…
“ငါတို့ ထိုက်စု နတ်ဘုရား ဂိုဏ်းမှာ အစွန်းရောက် ယင်စွမ်းအားနဲ့ အအေးစွမ်းအားကို ကျင့်ကြံတဲ့ ပညာမျိုး မရှိဘူး၊ မင်းကိုယ်ပေါ်က အအေး စွမ်းအားကို ဖုံးကွယ်လို့ ရမယ်များ ထင်နေလား၊ မင်းဘာလို့ အဲဒီလူကို ကာကွယ် ပေးနေရတာလဲ”
ကိုယ်ယောင် ဖျောက်ထားသည့် ဆန်းလျန်မှာ သက်ပြင်း တစ်ချက်သာ ချလိုက်မိတော့သည်။
သူအသုံး ပြုလိုက်သည့် ရေခဲ အလင်းစွမ်းအားများမှာ ယန်မြောင်ယွင်၏ ကိုယ်ပေါ်တွင် ကျန်ရှိ နေခဲ့သည်ကို သူသတိ မထားခဲ့မိပေ။
ကောင်းကင်ထက်တွင် ဆန်းလျန် ပေါ်လာလေသည်။
“ဒီမိန်းကလေးကို ဒုက္ခမပေးပါနဲ့၊ ကျုပ်က သူ့ကို ခြိမ်းခြောက်ခဲ့တာပါ”
“အိုး… ရှင်က အရမ်းချောတာပဲ၊ မြောင်ယွင် မင်းသမီးလေး၊ သူက မင်းကို လာရှာတာ ဆိုရင်လည်း ဘာလို့ ဖုံးကွယ် ထားရတာလဲ၊ ငါတို့ ထိုက်စု နတ်ဘုရားဂိုဏ်းမှာ ချစ်သူ မရှာရဘူးလို့ တားမြစ် မထားပါဘူး”
လျိုစူးက ပြောလိုက်လေသည်။
“ကျွန်မနဲ့ သူနဲ့ ဒီနေ့မှ တွေ့ဖူးတာပါ အစ်မလျိုစူး ၊ အစ်မ အထင်လွဲနေပြီ ၊ ဒါပေမဲ့ သူက လူဆိုး တစ်ယောက် မဟုတ်ပါဘူး”
ယန်မြောင်ယွင်က ဆန်းလျန်ကို တောင်းပန်သည့် မျက်ဝန်းများဖြင့် ကြည့်လိုက်လေသည်။
ဆန်းလျန်မှာ တန်ခိုး စွမ်းအားကြီးမားသူ တစ်ယောက် ဖြစ်ကြောင်း သူမသိလေသည်။ လျိုစူးမှာ ဆန်းလျန်ကို ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။ သူတို့ နှစ်ယောက် တိုက်ခိုက်ကြလျှင် ဆန်းလျန်မှာလည်း ဤနေရာမှ အေးအေးဆေးဆေး ထွက်ခွာ သွားနိုင်တော့မည် မဟုတ်သလို လျိုစူးမှာလည်း ကျိန်းသေ ဒဏ်ရာရရှိမည် ဖြစ်လေသည်။
ထို့ကြောင့် သူမက ဆန်းလျန်ကို အမြန် ထွက်ခွာ သွားစေချင်မိလေသည်။
မြောင်ယွင် အနေဖြင့် အပြစ်ပေး ခံရမည် ဆိုလျှင်တောင် အသက် အန္တရာယ် ထိခိုက်သည် အထိတော့ ဖြစ်မည် မဟုတ်ပေ။
“ဟုတ်ပါတယ်၊ ဒီမိန်းကလေးနဲ့ ကျုပ်နဲ့က ဒီနေ့မှ ပထမဆုံး အကြိမ် တွေ့ဖူးတာပါ၊ ဒါပေမဲ့ မင်းနဲ့ကတော့ ပထမဆုံး အကြိမ် တွေ့ဖူးတာ မဟုတ်ဘူးနော် လျိုစူး”
“ဘာလဲ၊ ကျွန်မတို့က အရင်က တွေ့ဖူးလို့လား၊ ကျွန်မကို လှည့်စားဖို့ မကြိုးစားနဲ့နော်”
လျိုစူးက ပြန်ပြောလိုက်သည်။
“ငါတို့အားလုံးက ကျင့်ကြံသူတွေပဲ၊ မင်းမှတ်ဉာဏ်တော့ ကောင်းလောက်မှာပါ၊ လွန်ခဲ့တဲ့ ခုနစ်နှစ်တုန်းက မင်းတို့ခေါ်သွားတဲ့ ကလေးမလေးကို မှတ်မိသေးလား”
ဆန်းလျန်က တည်ငြိမ်စွာဖြင့် စကားကိုဆိုလိုက်သည်။
သို့သော် ထိုစကားလုံးများ နောက်တွင် အချိန်မရွေး ပေါက်ကွဲ ထွက်နိုင်သည့် မျိုသိပ် ထားသည့် ဒေါသတရားများ ရှိနေလေသည်။
ဆန်းလျန်၏ စကားကြောင့် လျိုစူး တစ်ကိုယ်လုံး တောင့်တင်း သွားရသည်။
“လက်စသတ်တော့ ရှင်ကိုး၊ ရှင့်အဆင့်အတန်းနဲ့ ဒီနေရာကို ခိုးဝင်လို့ မသင့်တော်ပါဘူး"
“ဪ… မင်းက ကျုပ်အဆင့်အတန်းကို သိနေပြီးသားပေါ့လေ"
ဆန်းလျန်က အေးစက်စွာဖြင့် ပြန်ပြောလိုက်သည်။
ယန်မြောင်ယွင်မှာ စိတ်ရှုပ်သွားရသည်။ ဤလူငယ်လေးမှာ ဂုဏ်သရေရှိ ကျင့်ကြံသူ အသိုင်းအဝိုင်းမှ လူငယ် တစ်ယောက်လေလား။
လျိုစူး စိတ်မသက်မသာ ခံစားနေရသည်ကိုတော့ သူမ ရိပ်မိ လိုက်လေသည်။
“ရှင်ပြန်ပါတော့၊ ရှင့်တူမလေး အစစအရာရာ အဆင်ပြေ နေပါတယ်၊ ကျွန်မတို့ နန်းတော် သခင်မက သူမကို ရှင်နဲ့ ပြန်ထည့် ပေးမှာ မဟုတ်ဘူး ၊ ရှင်လက်လျှော့ လိုက်တာ ကောင်းမယ်”
လျိုစူးက ပြောလိုက်သည်။
ဆန်းလျန်က သက်ပြင်း တစ်ချက် ချလိုက်ရင်း….
“မင်းက ဒီလို ပြောတော့မှပဲ ကျုပ်တူမလေးကို တကယ်ပဲ ပြန်ခေါ် သွားချင်နေပြီ၊ မင်းတို့ ထိုက်စု နတ်ဘုရားဂိုဏ်းက ကလေးမလေး တစ်ယောက်ကို ဘာလို့ အသုံးချနေတာလဲ၊ ဘာအကြောင်း ပြချက်နဲ့လဲ”
ဆရာသခင် ကျန်းရော့ ရွှီးပြောခဲ့သည့် “တူမလေးအတွက် စိတ်ပူစရာမရှိ” ဟူသည့် စကားကြောင့်သာ မဟုတ်လျှင် သူမက လွန်ခဲ့သည့် နှစ်ပေါင်း များစွာ ကတည်းက ရော့ရှီလေးကို လိုက်ရှာမှာ ဖြစ်လေသည်။
သို့သော် လျိုစူး၏ စကားများက သူ့ကို သံသယ ဝင်စေလေသည်။
သို့သော် ဆရာသခင် ကျန်းရော့ရွှီးကို သူယုံကြည်ဆဲ ဖြစ်လေသည်။ ဆရာသခင် ကျန်းရော့ရွှီးသည် အမြဲတမ်း အကျိုးသင့် အကြောင်းသင့် လုပ်ဆောင် တတ်သူ ဖြစ်လေသည်။
လျိုစူး၏ ပြောစကား အရဆိုလျှင် ရော့ရှီလေးသည် အစစအရာရာ အဆင်ပြေနေသည်။ သို့သော် ဆန်းလျန်ကတော့ ရော့ရှီလေးကို ခေါ်သွားခွင့်မရှိပေ။ ထိုက်စု နတ်ဘုရားဂိုဏ်းမှာ တန်ခိုး စွမ်းအား ကြီးမားသည့် နတ်ဘုရား ဂိုဏ်းတစ်ခု ဖြစ်လေသည်။ သူတို့အနေဖြင့် ဆန်းလျန်မှာ ချင်းရွှမ် နတ်တံခါး၏ ဂိုဏ်းချုပ် ဖြစ်သည်ကို မသိမဟုတ်၊ သိမည်ဖြစ်လေသည်။ သို့တိုင်အောင် ယခုကဲ့သို့ စကား ပြောထွက်သည်မှာ အံ့သြစရာပင် ဖြစ်လေသည်။
ထို့ပြင် ရော့ရှီလေးမှာ ထိုက်စု နတ်ဘုရားဂိုဏ်းထဲတွင် လျှို့ဝှက်စွာဖြင့် ရှိနေခဲ့ခြင်း ဖြစ်လေသည်။ လွန်ခဲ့သည့် သုံးနှစ်က ထိုက်စု နတ်ဘုရား ဂိုဏ်းအတွင်းသို့ ဝင်ရောက် လာခဲ့သည့် ယန်မြောင်ယွင်ပင်လျှင် ရော့ရှီလေး အကြောင်းကို တစ်လုံးမှမသိပေ။
လျိုစူးမှာ သူမ ရင်ဆိုင်နေရသည့် သူမှာ အလွန် ဉာဏ်ထက်သလို တန်ခိုးစွမ်းအား ကြီးမားသူ တစ်ယောက်လည်း ဖြစ်ကြောင်း ချက်ချင်း သဘောပေါက် သွားသေည်။ ထိုလူငယ်သည် ယွမ်ကျိုးနယ် တစ်ခုလုံးတွင် သြဇာ အကြီးမားဆုံး လူတစ်ယောက် ဖြစ်လာသည်ကို သူမ မအံ့သြတော့ပေ။
သူမသည် ချက်ချင်းပင် စိတ်စွမ်းအားကို အသုံးပြုကာ ဂိုဏ်းထဲမှ အခြားသူများကို ခိုးဝင်သည့် သူအကြောင်း သတင်းပို့ လိုက်လေတော့သည်။
***