← Chapters

ထိုက်စု နန်းတော်ဆီသို့

Vol. 3 Ch. 264

ထိုက်စု နန်းတော်ဆီသို့

Vol. 3 Ch. 264

ထိုအခဏလေး အတွင်းမှာပင် ဆန်းလျန်၏ လက်တစ်ဖက် လှုပ်ရှားသွားပြီး ပိုက်ကွန် တစ်ခုက လျိုစူးနှင့် ယန်မြောင်ယွင်ကို ရစ်ပတ် ထားလိုက် လေတော့သည်။

လျိုစူးက ရုန်းလိုက်သည်နှင့် ဓားဝိညာဉ် တစ်ခု ထွက်ပေါ်လာပြီး သူမ၏ နဖူးတည့်တည့်သို့ ချိန်ရွယ် ထားလိုက်လေသည်။ ဓားဝိညာဉ်မှ အေးစိမ့်သည့် အငွေ့အသက်သည် သူမ၏ တန်ခိုး စွမ်းအားများ အသုံးပြု၍ မရအောင် တားဆီး ထားလေသည်။

ဆန်းလျန်က ယန်မြောင်ယွင်ကို တောင်းပန်သည့် အကြည့်ဖြင့် တစ်ချက် လှမ်းကြည့် လိုက်သည်။

သို့သော် ယန်မြောင်ယွင်မှာ ဒေါသ ထွက်နေလေသည်။ သူမက ဆန်းလျန်အပေါ်တွင် ကိုယ်ချင်းစာ ပေးခဲ့သည့်တိုင် ဆန်းလျန်ကတော့ သူမကို ယုံကြည်ခဲ့ခြင်း မရှိပေ။

လျိုစူး၏ နဖူးကို ချိန်ရွယ်ထားသည့် ဓားဝိညာဉ်သည် ရှေ့သို့ အနည်းငယ်သာ ရောက်လာလျှင် သူမ၏ ဝိညာဉ်မှာ ပျက်စီးသွားရမည် ဖြစ်လေသည်။

“ရှင်က ဘာဖြစ်ချင်တာလဲ”

လျိုစူးက မုန်းတီးစွာဖြင့် မေးလိုက်သည်။

“ပြောစမ်း၊ ရော့ရှီလေးကို ဘာလို့ ခေါ်သွားရတာလဲ”

ဆန်းလျန်၏ လေသံက သိမ်မွေ့သည့်တိုင် အေးစက်နေလေသည်။ ပတ်ဝန်းကျင်မှ လေထု တစ်ခုလုံး အေးခဲ သွားမတတ်ပင် ထင်ရသည်။

“ရှင့်ရဲ့ အဆင့်အတန်းနဲ့ ဆိုရင် ဘာလို့ ကျွန်မကို ဒီလို ခြိမ်းခြောက် နေရတာလဲ၊ သိချင်ရင် ထိုက်စုနန်းတော်က နန်းတော် သခင်မကို တိုက်ရိုက် သွားမေးပါလား ၊ ရော့ရှီ အဲဒီမှာ ရှိတယ်”

သူမက ခနဲ့သလို ရယ်မောရင်း ပြောလိုက်လေသည်။

“ဒါပေါ့၊ ကျုပ်သွားမေးမှာပါ၊ ဒါပေမဲ့ ဘာလို့ သူ့ကို ခေါ်သွားရလဲ ဆိုတာ မင်းဆီက အရင် ကြားချင်လို့”

ဆန်းလျန်က တည်ငြိမ်စွာပင် ပြန်ပြော လိုက်လေသည်။

လျိုစူးက ဆန်းလျန်၏ အမေးကို ပြန်မဖြေပါ။ သူမ၏ မျက်နှာထားက တင်းမာ ခက်ထန် နေလေသည်။

ဓားဝိညာဉ်က တစ်ချက် ရွေ့လျား သွားပြီး လျိုစူး၏ လက်တစ်ဖက်ကို ဖြတ်တောက် ပစ်လိုက်လေသည်။

ဓားဝိညာဉ်၏ အေးစိမ့်မှုကြောင့် ချက်ချင်း ရေခဲသွားသည့် အတွက် လျိုစူး၏လက်မှ သွေးများ ထွက်မလာသလို နာကျင်မှုကိုလည်း မခံစားရပေ။ သို့သော် ပိုက်ကွန်ထဲသို့ ပြုတ်ကျ သွားသည့် သူမ၏ လက်ပြတ်ကြီးကို မြင်နေရလေသည်။

နာကျင်ခြင်း မရှိသည့်တိုင် သူမ ကြောက်လန့် သွားမိလေသည်။

လျိုစူး၏ လက်ကို ဖြတ်ပစ် လိုက်သည့်တိုင် ဆန်းလျန်၏ မျက်ဝန်းများက တည်ငြိမ်နေဆဲ ဖြစ်လေသည်။

ဆန်းလျန် ထိုမျှ သွေးအေးအေးဖြင့် ရက်စက် လိမ့်မည်ဟု လျိုစူး ထင်မထားခဲ့မိပေ။

ထို့ပြင် ထိုက်စု နတ်ဘုရားဂိုဏ်းထဲသို့ ခိုးဝင်လာပြီး ထိုက်စု နတ်ဘုရားဂိုဏ်းမှ တပည့် တစ်ယောက်ကို ဒဏ်ရာရအောင် တိုက်ခိုက်သည်မှာ ဆန်းလျန် အနေဖြင့် လုံးဝ မလုပ်သင့်သည့် အလုပ် ဖြစ်လေသည်။

အထူးသဖြင့် ချင်းရွှမ် နတ်တံခါးသည် အဖက်ဖက်မှ ကျဆင်းနေသည့် အချိန်တွင် ထိုက်စု နတ်ဘုရားဂိုဏ်းနှင့် ပြဿနာ မဖြစ်သည်က အကောင်းဆုံး ဖြစ်လေသည်။ မဟုတ်ပါက လင်ထိုင်တာအို ပြိုင်ပွဲတွင် ချင်းရွှမ်နတ်တံခါးမှာ ကျိန်းသေ ဒုက္ခရောက်ရမည် ဖြစ်လေသည်။

ဆန်းလျန် ရူးများ နေပြီလားဟု လျိုစူးတွေးလိုက်မိသည်။

သို့သော် ဆန်းလျန်၏ အေးစက်လွန်းသည့် အကြည့်ကြောင့် လျိုစူးမှာ ကျောရိုးထဲထိ စိမ့်သွားမတတ် ကြောက်ရွံ့ သွားမိလေသည်။

လျိုစူးမှာ သူမကိုယ်သူမ ကျင့်ကြံမှုအား ကောင်းပြီး တန်ခိုး စွမ်းအားမြင့်မား သူတစ်ယောက်ဟု ယူဆ ထားခဲ့လေသည်။

သို့သော် ယခုတော့ သူမကြောက်ရွံ့နေခဲ့ပြီ။ သူမ၏ တန်ခိုးစွမ်းအားများ ထိန်းချုပ် ခံထားရသည့် အခါ သူမသည် သာမန် လူတစ်ယောက်နှင့် မခြားလှပေ။

ဆန်းလျန်၏ ကိုယ်ပွားမဟုတ်ဘဲ ဆန်းလျန် ကိုယ်တိုင်သာ ဖြစ်ခဲ့ပါက သူမကို ယခုကဲ့သို့ ပြဿနာ ရှာနေမည် မဟုတ်ပေ။ အဖြေကို ရရှိရန်အတွက် လျိုစူး၏ ဝိညာဉ်ကို နှုတ်ယူကာ စစ်ဆေးမှု ပြုလုပ်မည် ဖြစ်လေသည်။ ဆန်းလျန်မှာ ဒေါသကို ထိန်းချုပ်ကာ အတော် သည်းခံနေရခြင်း ဖြစ်သည်။

လျိုစူး၏ စိတ်ဓာတ်များ ကြံ့ကြံ့ မခံနိုင်တော့ဘဲ ပြိုလဲသွားရပြီ။

ယန်မြောင်ယွင်မှာ ဆန်းလျန်မှာ နူးညံ့ သိမ်မွေ့ပုံ ရသည့်တိုင် ယခုကဲ့သို့ သွေးအေးအေးနှင့် ရက်စက် တတ်လိမ့်မည်ဟု ထင်မထားမိပေ။ သူမက ဆန်းလျန်ကို ကူညီခဲ့မိသည့် အတွက် နောင်တ ရနေမိလေသည်။

သို့သော် ဆန်းလျန်က လျိုစူးကိုသာ ဒုက္ခပေးခြင်း ဖြစ်ပြီး သူမကိုတော့ ပြဿနာ မရှာခဲ့ပေ။

“ပြောစမ်း…”

ဆန်းလျန် သာမန် လေသံဖြင့်ပင် ပြောလိုက်ခြင်း ဖြစ်သည်။

သို့သော် လျိုစူးမှာ တုံ့ခနဲ ဖြစ်သွားလေသည်။ ဆန်းလျန်၏ စကားသံသည် သူမ၏ နှလုံးသားကို တူတစ်ချောင်းဖြင့် ပြင်းပြင်းထန်ထန် ထုနှက်လိုက်သည့် အလား ခံစား လိုက်ရလေသည်။

“ရှင့်ရဲ့ တူမလေးက ယွမ်ကျွင်းဧကရီ လူပြန်ဝင်စားတာပါ၊ ယွမ်ကျွင်း ဧကရီ လူပြန်ဝင်စားတယ် ဆိုတာ နှစ်ထောင်ပေါင်း များစွာမှာ တစ်ခါ ဖြစ်ခဲလွန်းတဲ့ ကိစ္စပါ၊ ကျွန်မတို့အဆင့် ကျင့်ကြံသူတွေဟာ ဒီအကြောင်းတွေကို ဘယ်လိုလုပ် သိနိုင်မှာလဲ၊ ကျွန်မတောင်မှ အကြောင်း တိုက်ဆိုင်လို့ သိခွင့်ရခဲ့တာ၊ မိုးကောင်းကင်က နတ်ဘုရားတွေ လူပြန်ဝင်စားတဲ့ အကြောင်း ရှင်လည်း သိမှာပါပဲ၊ ဒါပေမဲ့ ဒီတစ်ခါ သူမ လူ့ပြည် ဆင်းလာတာဟာ ကျင့်ကြံဖို့ မဟုတ်ဘူး၊ အစစ်ဆေးခံဖို့ ရောက်လာတာ၊ သူမ ထိုက်စု နတ်ဘုရားဂိုဏ်းကို ရောက်လာရတာဟာ ကံတရား အတိုင်းပါပဲ၊ ဒါပေမဲ့ နန်းတော်သခင်မက သူမကို တာ့တုန့်ကျမ်းစာကို သင်ကြားမပေးဘူး၊ သူမကို နှလုံးသား စည်းချက် ကျင့်စဉ်ကို သင်ကြား ပေးထားတယ်”

တာ့တုန့် ကျမ်းစာဆိုသည်မှာ ချင်းရွှမ် နတ်တံခါးမှ ထိုက်ရွှီး နည်းဗျူဟာ ကဲ့သို့ပင် အဆင့်အတန်း မြင့်သည့် ကျင့်စဉ်တစ်ခု ဖြစ်လေသည်။ ထိုကျင့်စဉ်က ထိုက်ရွှီး နည်းဗျူဟာ ကျင့်စဉ်လောက် တန်ခိုး စွမ်းအား ကြီးမားခြင်း မရှိသည့်တိုင် နတ်ဘုရား အဖြစ်ကို တန်းပြီး ရောက်ရှိ နိုင်လေသည်။ ထိုကျင့်စဉ်ကို ကျင့်ကြံလျှင် ရော့ရှီ အနေဖြင့် မည်သည့် အခက်အခဲမှ ရှိမည် မဟုတ်ပေ။ သို့သော် နှလုံးသား စည်းချက် ကျင့်စဉ်ကိုတော့ ဆန်းလျန် သိရှိခြင်း မရှိပေ။

“နှလုံးသား စည်းချက် ကျင့်စဉ်ဆိုတာ ဘာလဲ"

ဆန်းလျန်က မေးလိုက်သည်။

“အဲဒါက ဝိညာဉ် စွမ်းအား မြှင့်တင်တဲ့ ကျင့်စဉ်ပါပဲ၊ စပြီး ကျင့်ကြံ လိုက်တာနဲ့ ရပ်တန့်လို့ မရနိုင်ဘူး၊ ရပ်လိုက်တာနဲ့ အကြီးအကျယ် ဒဏ်ရာရလိမ့်မယ်၊ ဒီကျင့်စဉ်ကို စကျင့်ကြံပြီ ဆိုတာနဲ့ အရင်က ကျင့်ကြံသူရဲ့ ဝိညာဉ်ဟာ လက်ရှိ ကျင့်ကြံသူရဲ့ နှလုံးသား ဗဟိုချက်နဲ့ ရွှေပြဒါး အမြုတေထဲမှာ တစ်ခါတည်း အမြစ်တွယ် သွားတယ်၊ ပြီးတော့ အတူတူ ကြီးထွား လာကြတယ်၊ နောက်ဆုံး ယခင်ကျင့်ကြံသူရဲ့ ဝိညာဉ်နဲ့ တန်ခိုးစွမ်းအား အားလုံးက လက်ရှိ ကျင့်ကြံနေသူကို လွှမ်းမိုး သွားတယ်၊ ဒီကျင့်စဉ်ကို နှလုံးသား စည်းချက်ကျင့်စဉ် လို့ခေါ်ပါတယ်”

လျိုစူးမှာ အရာအားလုံးကို ဖွင့်ပြောပြီးသည့်နောက် စိတ်ထဲ ပေါ့သွားသလို ခံစား လိုက်ရလေသည်။

ဤလျှို့ဝှက်ချက်ကို သူမ ထိန်းသိမ်း ထားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်လေသည်။ သူမတို့ သုံးယောက်မှာ နန်းတော် သခင်မ အယုံကြည်ရဆုံး လူများ ဖြစ်သည့်အတွက် နန်းတော် သခင်မက ထိုအကြောင်းများကို ပြောပြထားခြင်း ဖြစ်လေသည်။ မဟုတ်လျှင် သူမအနေဖြင့် သိခွင့်ရမည် မဟုတ်ပေ။

ဆန်းလျန်၏ စိတ်ထဲတွင် ဒေါသတရားများဖြင့် ပြည့်လာတော့သည်။

ဆန်းလျန်သည် သူ့ကိုယ်သူ စိတ်တည်ငြိမ်သူ တစ်ယောက်ဟု အမြဲတမ်း ယူဆခဲ့လေသည်။ သို့သော် ယခုအကြိမ်တွင်တော့ သူ့စိတ် မတည်ငြိမ်နိုင်တော့ပါ။

အမှန်တော့ လိုသည်ထက်ပိုပြီး ဒေါသ ထွက်နေရခြင်းမှာ ဖော့ဝမ့် အဆင့် တက်ရောက် နိုင်တော့မည့် နိမိတ် လက္ခဏာများ ဖြစ်လေသည်။ ဖော့ဝမ့် အဆင့်သို့ စတင် တက်လှမ်းနေပြီ ဖြစ်သည့် အတွက် စိတ်ဂယောက်ဂယက် ဖြစ်နေရခြင်း ဖြစ်လေသည်။

သို့သော် ဆန်းလျန်သည် တူမလေး ရော့ရှီအတွက်တော့ သူ့ကိုယ်သူ အပြစ်တင်မိပြီး များစွာလည်း ယူကျုံးမရ ဖြစ်နေရလေသည်။

ထို့ကြောင့် ဖော့ဝမ့် အဆင့် တက်ရောက်နိုင်မည့် နိမိတ် လက္ခဏာများ ပြသနေသည့်တိုင် သူမပျော်ရွှင် နိုင်တော့ပါ။

ဆန်းလျန် စိတ်ကို တည်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးစားလိုက်သည်။

“အခု ရော့ရှီ ဘယ်မှာလဲ”

“သူမက နန်းတော် သခင်မရဲ့ အတွင်းနန်းတော်မှာပဲ အမြဲနေတာပါ”

လျိုစူးမှာ အစမှအဆုံး ပြောပြီးနေပြီ ဖြစ်သဖြင့် မထူးဇာတ်ခင်းကာ အကုန် ပြောပြ လိုက်လေသည်။

ဆန်းလျန်၏ ဓားဝိညာဉ်က ပိုက်ကွန်ကို နှစ်ခြမ်း ခွဲလိုက်လေသည်။

ထို့နောက် သူ၏ တန်ခိုးစွမ်းအားကို အသုံးပြုကာ ယန်မြောင်ယွင်ကို ရေကန်ဘေးရှိ ကျောက်ဆောင်ကြီး အနားသို့ ပို့ပေး လိုက်လေသည်။

လျိုစူးကိုတော့ ထိုက်စု နန်းတော်ဆီသို့ ခေါ်သွားလေသည်။

ထိုက်စု နန်းတော်သို့ ဝင်သည့် တံခါးမှာ တစ်ခုသာ ရှိလေသည်။ နန်းတော် တံခါးပတ်ဝန်းကျင်တွင် တိမ်ခိုးနှင့် မြူခိုးများက ဝန်းရံ နေကြလေသည်။ သို့သော် နန်းတော် တံခါးမှာ ပန်းချီကားချပ် တစ်ခုအလား ဖြစ်နေပြီး ဆန်းလျန် မည်သို့ပင် ကြိုးစားပါစေ တံခါးနားသို့ပင် မရောက်နိုင် ဖြစ်နေရသည်။

“တံခါးကို ဘယ်လို ဖွင့်ရမလဲ”

ဆန်းလျန်က မေးလိုက်သည်။

လျိုစူးသည် ဆန်းလျန်ကို မဆန့်ကျင်ရဲတော့ပေ။ တံခါးဖွင့်နည်းကို ပြောပြလိုက်လေသည်။

ဆန်းလျန်က လျိုစူး ပြောပြသည့်အတိုင်း တသွေမတိမ်း လိုက်လုပ်လေသည်။ ထိုအခါ သူတို့ရှေ့တွင် ကျောက်ဖြူ စင်္ကြံလမ်းလေး တစ်ခု ပေါ်လာလေသည်။ ထိုစင်္ကြံလမ်း အဆုံးတွင် နန်းတော် တံခါးရှိနေလေသည်။ တံခါးထက်တွင် ထိုက်စု နတ်ဘုရားကို ကိုယ်စားပြုသည့် နဂါး ဇာမဏီ သင်္ကေတကို ရေးထွင်း ထားသည်။

နန်းတော်တံခါးကို တားဆီးထားသည့် အရံအတားမှာ လောက တစ်ခွင်ရှိ ဂမ္ဘီရ ပညာများထဲတွင် အဆင့်အမြင့်ဆုံး ပညာတစ်ခု ဖြစ်လေသည်။

ထိုအချိန်မှာပင်…

သူ့ရှေ့တွင် ခရမ်းရောင် ဝတ်ဆင်ထားသည့် မိန်းမပျို တစ်ယောက်ကို တွေ့လိုက်ရလေသည်။ သူမ၏မျက်နှာမှာ ဆောင်းရာသီတွင် သာသည့် လပြည့်ဝန်းပမာ ကြည်လင် လှပလွန်းလေသည်။ သူမက ဝိညာဉ် တစ်ခုအလား ဆန်းလျန်အနားသို့ ဖြည်းညင်းစွာ တိုးကပ်လာလေသည်။

သူမမှာလည်း ရော့ရှီကို ခေါ်ယူသွားသည့် မိန်းမပျို သုံးယောက်တွင် တစ်ယောက် အပါအဝင် ဖြစ်သည်ကို ဆန်းလျန် ချက်ချင်း မှတ်မိလိုက်သည်။

သို့သော် ကျီယွဲ့ကတော့ ဆန်းလျန်ကို ရုတ်တရက် မှတ်မိခြင်း  မရှိပါ။

သူမ လက်ထဲတွင် ပန်းချီ ကားလိပ်လေး တစ်ခုကို ကိုင်ထားလေသည်။ ဆန်းလျန်က လျိုစူးကို ဖမ်းဆီး ခေါ်ဆောင် လာသည်ကို မြင်လိုက်ရသည့် အခါ သူမ များစွာ အံ့သြသွားရသည်။

သူမက ချက်ချင်းပင် ပန်းချီ ကားလိပ်လေးကို ဆန်းလျန်ဆီသို့ ပစ်လွှတ်ကာ တိုက်ခိုက် လိုက်လေသည်။

ပတ်ဝန်းကျင် တစ်ခုလုံးသို့ ပန်းချီ ကားလိပ်လေးက လွှမ်းခြုံသွားပြီး ခရမ်းရောင် အငွေ့များက ဆန်းလျန်ကို လာရောက် ရိုက်ခတ် လေသည်။ ဆန်းလျန်က လက်တစ်ဖက် တည်းဖြင့်ပင် လေနှင့် မိုးကြိုးကို ဖန်ဆင်းလိုက်ပြီး ခရမ်းရောင် အငွေ့များကို ဖျက်ဆီး ပစ်လိုက်လေသည်။ ထို့နောက် ရေများဖန်ဆင်းပြီး လျိုစူးကို ထိန်းချုပ်ကာ အဝေးသို့ တွန်းပို့ လိုက်လေသည်။

ဆန်းလျန်သည် ပန်းချီ ကားလိပ်ထဲတွင် ပိတ်မိ နေလေသည်။

သူက ပတ်ဝန်းကျင်ကို တစ်ချက် လေ့လာလိုက်သည်။

သူ့ပတ်ဝန်းကျင်တွင် ရေများနှင့် ခရမ်းရောင် အငွေ့များ မျောလွင့်နေလေသည်။ ရေစီး ဆင်းသံများကို ဂီတသံအလား ကြားနေရပြီး ထိုရေစီးဆင်းသံက လူတစ်ယောက်၏ စိတ်ကို ပျော်ရွှင် လာစေလေသည်။

အမှန်တော့ ထိုရေစီးသံက လူတစ်ယောက်၏ အသက်ကို သတ်ဖြတ် ပစ်နိုင်သည့် အစွမ်းရှိလေသည်။

ခရမ်းရောင်ဝတ် မိန်းမပျို ကျီယွဲ့က…

“ဒါက ခရမ်းစိမ်း မြူခိုး အရံအတားပဲ ၊ ရှင်လွတ်မြောက် နိုင်မယ်လို့ မထင်နဲ့တော့”

ဟု သာယာသည့် အသံလေးဖြင့် ပြောလိုက်လေသည်။

ကျီယွဲ့မှာ ပုံမှန်အားဖြင့် အေးဆေး တည်ငြိမ်သည့် မိန်းမပျို တစ်ယောက် ဖြစ်လေသည်။

သို့သော် လက်တစ်ဖက် အဖြတ် ခံထားရသည့် လျိုစူးကို တွေ့လိုက်ရသည့် အခါတွင်တော့ ဒေါသများ အလိပ်လိုက် ထွက်လာလေသည်။ သို့သော် လျိုစူးကို ထိန်းချုပ်ထားသည့် ရေများမှာ တန်ခိုးစွမ်းအား ကြီးမားလွန်းသည့် အတွက် သူမအနေဖြင့် ချိုးဖျက်၍ မရနိုင်ပေ။

ခရမ်းစိမ်း မြူခိုး အရံအတားမှာ အလွန်မှ တန်ခိုး စွမ်းအား ကြီးမားလေသည်။ လူတစ်ယောက်ကို သေစေနိုင်သည့် တန်ခိုး စွမ်းအားများ ပါဝင်လေသည်။ သို့သော် ဆန်းလျန်က ထိတ်လန့် သွားခြင်းမရှိပါ။

ထိုက်ရွှီး နည်းဗျူဟာကို ကျင့်ကြံထားသည့် ကျင့်ကြံသူ တစ်ယောက် အနေဖြင့် ခရမ်းစိမ်း မြူခိုး အရံအတား၏ အားနည်းချက်ကို တစ်ချက် ကြည့်ရုံမျှဖြင့်ပင် သိသွားလေသည်။

သို့သော် အားနည်းချက်ဟုတော့ မဆိုသာပေ။ ဝိညာဉ် စွမ်းအား လမ်းကြောင်း တစ်ခုမျှသာ ဖြစ်လေသည်။ ထိုနေရာမှ ခရမ်းရောင် မြူခိုးများ ထွက်နေပြီး အရံအတား၏ အဓိက ဗဟိုချက် ဖြစ်လေသည်။

ခရမ်းရောင် မြူခိုးများက လူတစ်ယောက်၏ တန်ခိုးစွမ်းအားများကို ဝါးမျိုပစ်ပြီး ရေများကတော့ အသားများကို တိုက်စား သွားနိုင်သည့် အစွမ်းရှိလေသည်။ စီးဆင်းနေသည့် ရေသံများကတော့ ဝိညာဉ်ကို တိုက်စား သွားနိုင်လေသည်။

ခရမ်းရောင် မြူခိုး အရံအတားသည် ကျင့်ကြံသူ တစ်ယောက်၏ အဓိက ဖြစ်တည်မှု သုံးခုဖြစ်သည့် “တန်ခိုးစွမ်းအား၊ ကိုယ်ခန္ဓာ၊ ဝိညာဉ်” သုံးနေရာကို တစ်ပြိုင်နက်တည်း တိုက်စားသွားခြင်း ဖြစ်လေသည်။ အရံအတားကို ဖန်တီးသူမှာ အသေးစိတ် အကွက်ကျကျ ဖန်တီးထားခြင်း ဖြစ်လေသည်။

ဆန်းလျန်က သူ၏ ဓားဝိညာဉ်ဖြင့် ခရမ်းရောင် မြူခိုးများကို တားဆီး ထားလိုက်သည်။ ထို့နောက် မိုးကြိုး စွမ်းအား အင်းသင်္ကေတဖြင့် ရေများကို တားဆီး ထားလိုက်လေသည်။ မိုးကြိုး စွမ်းအားများမှာ စွမ်းအား ပြင်းထန် လွန်းသည့် အတွက် အရံအတား တစ်ခုလုံးမှာ တုန်ခါ လာလေသည်။ ခရမ်းရောင် မြူခိုးများနှင့် ရေများမှာ မိုးကြိုး စွမ်းအားဖြင့် ရိုက်ခတ် မိကြလေသည်။

ဆန်းလျန်သည် မိုးကြိုး စွမ်းအား အင်းသင်္ကေတကို အသုံးပြုကာ အရံအတား၏ ဗဟိုချက် နေရာကို အဆက်မပြတ် တိုက်ခိုက်လိုက်လေသည်။

ထိုမိုးကြိုး အင်းသင်္ကေတများမှာ ရွှမ်ထုံ နတ်မိစ္ဆာ ဘုရင်မ၏ နတ်ဘုရား ဈေးပွဲတော်တွင် ရေခဲအလင်းဖြင့် လဲလှယ်လာခဲ့သည့် အင်းသေင်္ကတများ ဖြစ်လေသည်။ ထိုအင်း သင်္ကေတများ သာမန် အင်းသင်္ကေတများသာ ဖြစ်သော်လည်း အရံအတားများကို ဖျက်ဆီးသည့်နေရာတွင် အလွန် အသုံးဝင်လေသည်။ သို့သော် ကျင့်ကြံသူ အချင်းချင်း တိုက်ခိုက်သည့် အခါတွင်တော့ သိပ်ပြီး အသုံးမဝင်လှပေ။

အချိန် ခဏလေး အတွင်းမှာပင် ခရမ်းစိမ်း မြူခိုးအရံအတား တစ်ခုလုံးက တုန်ခါ လာလေသည်။ မိုးကြိုး ပစ်သံများ ထွက်ပေါ်လာပြီး ခရမ်းစိမ်း မြူခိုး အရံအတား ပန်းချီကားသည် ကျီယွဲ့ လက်ထဲသို့ ပြန်ရောက် လာလေသည်။ ပန်းချီကားထဲမှ အစိမ်းရောင် မြစ်နှင့် ခရမ်းရောင် မြူခိုးများမှာ ပျောက်ကွယ် နေပြီ ဖြစ်လေသည်။ အရံအတားမှာ ပျက်စီး သွားရပြီ ဖြစ်သည်။

ဆန်းလျန်၏ တာအို ဝတ်ရုံသည် လေထဲတွင် လွင့်မျော နေလေသည်။

ဆန်းလျန် ရပ်တန့်နေသည့် ပုံသဏ္ဍန်မှာ လွန်စွာမှ ခမ်းနား လွန်းလှလေသည်။

ဆန်းလျန်ကို ကြည့်ပြီး ကျီယွဲ့မှာ အရိုးထဲထိ စိမ့်သွားအောင် ကြောက်ရွံ့ သွားလေသည်။

ဆန်းလျန်က မဲ့ပြုံးတစ်ချက် ပြုံးလိုက်ရင်း….

“ထိုက်စု နန်းတော်သခင်မ၊ ကျုပ်တို့ တွေ့ကြရအောင်လား"

ယခုတော့ ထိပ်တိုက် ရင်ဆိုင်ရမည့် အချိန်သို့ ရောက်ခဲ့ပြီ ဖြစ်လေသည်။

“သတ္တိရှိတဲ့ လူငယ်ပဲ ၊ ဝင်လာခဲ့ပါ”

ထိုက်စု နန်းတော် အတွင်းမှ နူးညံ့သည့် အသံတစ်သံ ထွက်ပေါ်လာလေသည်။

ထိုအချိန်မှာပင် နန်းတော် တံခါး အပြင်ဘက်တွင် ခရမ်းရောင်၊ အဝါရောင်နှင့် အဖြူရောင် ဝတ်ဆင်ထားကြသည့် တပည့်များစွာ ရောက်ရှိ လာကြလေသည်။ သူတို့ အားလုံးမှာ သူတို့၏ လက်နက်များကို ကိုင်ဆောင် ထားကြပြီး ဆန်းလျန်ကို ဝိုင်းထား ကြလေသည်။

ထျန်းမုန့် နတ်သမီး၏ စကားသံ ထွက်ပေါ်လာတော့မှ သူတို့က ဆန်းလျန်ကို လမ်းဖယ် ပေးလိုက်ကြလေသည်။

အဝါရောင် ဝတ်ဆင်ထားသည့် မိန်းကလေးက ဆန်းလျန်ကို ဖိတ်ခေါ်လိုက်သည်။

“ကြွပါ…”

ဆန်းလျန်မှာ ထိုက်စု နတ်ဘုရား ဂိုဏ်းသို့သာမက ထိုက်စု နန်းတော် အတွင်းထိ ထိုးဖောက် ဝင်ရောက် လာနိုင်သည့် အပြင် ခရမ်းစိမ်း မြူခိုး အရံအတားကိုပင် ချိုးဖျက် ပစ်လိုက် နိုင်လေသည်။

အဝါရောင်ဝတ် မိန်းကလေးမှာ များစွာ အံ့သြနေမိလေသည်။

ထိုက်စုန်နန်းတော် အနောက်ဘက်တွင် အစိမ်းရောင် တောင်ကြီး တစ်လုံးရှိလေသည်။

ထိုတောင်ကြီးသည် လေထဲတွင် လွင့်မျော နေခြင်း ဖြစ်ပြီး ထိုတောင်ပေါ်တွင် နန်းတော် တစ်ခု ရှိနေလေသည်။

ရုတ်တရက် …

ထိုနန်းတော်ထဲမှ အသံတစ်သံ ထွက်ပေါ်လာသည်။

“ထျန်းမုန့်တော့ ပြဿနာ တက်ပြီထင်တယ်”

“ဝင်မပါနဲ့ အစ်မကြီး ၊ ထျန်းမုန့်က အဲဒီလူငယ်ကို အကြွေးတင် နေခဲ့တာပဲ”

နောက်ထပ် အသံတစ်သံက ပြောလိုက်လေသည်။

“ဟွန့် … ဒုတိယအစ်မ၊ ထျန်းမုန့်ရဲ့ အမှားသာ မဟုတ်ရင် အဲဒီ လူငယ်ကို ငါပညာ ပေးလိုက်ချင်တာ”

တတိယ အသံက ထပ်မံ ထွက်ပေါ်လာလေသည်။

အသံများမှာ အမျိုးသမီး အသံများ ဖြစ်ကြလေသည်။

“ယွမ်ကျွင်းဧကရီ လူပြန်ဝင်စားတာက ပြန်လည် အစစ်ဆေးခံဖို့ ရောက်လာတာ၊ ကံတရားအတိုင်း သူ့ဟာနဲ့သူ ဖြစ်သွားမှာပဲ၊ ဒါပေမဲ့ ငါတို့ဂိုဏ်းက နှစ်ထောင်ပေါင်း များစွာ ပျင်းစရာ ကောင်းနေတာ၊ ခုလို ပြဿနာလေး ဖြစ်တော့လည်း အပျင်းပြေတာပေါ့"

ပထမ အသံက ပြောလိုက်လေသည်။

“အစ်မကြီး ပြောတာ တကယ်မှန်တယ်”

ဒုတိယ အစ်မက ရယ်မောရင်း ထောက်ခံ လိုက်သည်။

ထို့နောက် နန်းတော်ထဲတွင် အသံများ ပြန်လည် တိတ်ဆိတ် သွားကြလေသည်။

ဆန်းလျန်ကတော့ ထိုက်စု နတ်ဘုရားဂိုဏ်းမှ နတ်ဘုရား သုံးပါး၏ စကားသံများကို ကြားနိုင်ခြင်း မရှိပါ။

သူက အဝါရောင် အမျိုးသမီး ခေါ်ဆောင်ရာသို့ လိုက်ပါ သွားလေသည်။

ထိုက်စု နန်းတော်ထဲတွင် သူ့ကို စိုက်ကြည့်နေသည့် အကြည့် တစ်ချက်ကို ဆန်းလျန် ရင်ဆိုင် လိုက်ရလေသည်။

***

All Chapters