← Chapters

အခန်း (၃၇၇-၃၇၈)

Vol. 35 Ch. 377-378

အခန်း (၃၇၇-၃၇၈)

Vol. 35 Ch. 377-378

အခန်း (၃၇၇)။

“မင်းက မိုးကြိုးကပ်ဘေးကနေ အသက်ရှင် လွတ်မြောက်နိုင်မယ်လို့ ထင်နေတာလား။”

မိုးကြိုး၏အလိုဆန္ဒအရ ပေါ်ပေါက်လာသော ဟုန်ရွှန်ကျိ ပေါင်း ၇,၂၀၀ တို့သည် သူတို့၏ မျက်နှာထက်တွင် အထက်တန်းလွှာ မိသားစုအကြီးအကဲတစ်ဦး၏ အထင်အမြင်သေး သော အပြုံးများကို ဖော်ပြလိုက်ကြသည်။

ထိုအပြုံးမျိုးမှာ ချမ်းသာကြွယ်ဝသော မိသားစုကြီးတစ်ခု၏ အကြီးအကဲ တစ်ဦးထံမှ ထွက်ပေါ်လာသော မာန်မာနထောင်လွှားမှုနှင့် အထင်သေးမှုတို့ဖြင့် ပြည့်နှက်နေသည်။ မင်း ဘာပဲလုပ်လုပ် သူတို့က ဘယ်တော့မှ ကျေနပ်မည်မဟုတ်ပေ။

“မင်းကို ငါခေါ်ထားသရွှေ့ မင်းက ငါ့ထက် အမြဲတမ်း နိမ့်ကျနေဦးမှာပဲ။ ငါ မင်းကို ဘာပဲ ပေးပေး ‘အဲဒါက ကြီးမားတဲ့ ဆုလာဘ်တစ်ခု၊ ဒါမှမဟုတ် ခွေးတစ်ကောင်ကို ကျွေးတဲ့ ဆုလာဘ်တစ်ခုလိုပင်။’ ထိုအပြုံးမျိုးမှာ ဟုန်ယွိ၏ အရိုးထဲထိအောင် စွဲထင်နေခဲ့သော အရာ ဖြစ်သည်။

သူသည် ဝူဝမ်မြို့စား စံအိမ်တွင် ၁၅ နှစ်ကြာ နေထိုင်ခဲ့သည်။ ထိုကာလအတွင်း ဟုန်ရွှန်ကျိ သည် သူ့ကို တစ်နှစ်လျှင် အကြိမ်အနည်းငယ်သာ တွေ့ဆုံခဲ့သည်။ တွေ့တိုင်းလည်း ဤကဲ့သို့သော မျက်နှာထားမျိုးသာ ရှိခဲ့သဖြင့် ဟုန်ယွိသည် အိမ်မက်ထဲတွင်ပင် သူ့ကို အလွန်တရာ မုန်းတီးနေခဲ့ရသည်။

ဟုန်ရွှန်ကျိ ထိုသို့ ပြုံးလိုက်သည့် အခိုက်အတန့်မှာပင် ဟုန်ယွိ၏ အတွေးစအားလုံးသည် အစွမ်းထက်သော သိုင်းဆန္ဒအဖြစ် ပြောင်းလဲသွားတော့သည်။ သိုင်းတာအို၏ အနှစ်သာရ အားလုံးမှာ သူ၏ စိတ်ထဲတွင် စတင် လည်ပတ်လာသည်။ မိုးကြိုးလျှပ်စီးဆေဘာကျမ်း၊ နွားသိုးနတ်ဆိုးခွန်အားလက်သီးပညာရပ်၊ ကျားနတ်ဆိုးအရိုးပုံသွင်းခြင်းလက်သီးပညာရပ် အစစ်မှန် သိုင်းသူတော်စင်ခန္ဓာ၊ မိုရာနတ်ဘုရားတူ၊ နဂါးနှင့်ဆင်တံဆိပ်၊ ဒိုင်ဇင် ဘုရားကျောင်း၏ သိုင်းပညာရပ်မျိုးစုံမှာ သူ၏ စိတ်ထဲတွင် တစ်ခုတည်းအဖြစ် ပေါင်းစပ် သွားသည်။ နောက်ဆုံးတွင် သူသည် ဉာဏ်ပညာလက်သီးတံဆိပ်ကို ဖော်ဆောင်လိုက်ပြီး ဟုန်ရွှန်ကျိထံသို့ ဗုဒ္ဓလက်ဝါးဖြင့် ရိုက်ချလွှတ်လိုက်တော့သည်။

ဤအခိုက်အတန့်တွင် သူ၏ စိတ်ထဲ၌ မည်သည့် တွန့်ဆုတ်မှုမျှ မရှိတော့ပေ။ ဟုန်ရွှန်ကျိက သူ့အပေါ် ထားရှိခဲ့သော ထိုမာနထောင်လွှားသည့် အမူအရာကို သူ ချေမှုန်းပစ်ချင်သည်။

၎င်းမှာ သူ၏ဂုဏ်သိက္ခာကို နင်းချေခဲ့သည့် အချိန်အတော်ကြာအောင် ဖိနှိပ်ခံထားရသော အရာ ဖြစ်သည်။ ယခု မိုးကြိုးကပ်ဘေးအတွင်းမှာ ထိုခံစားချက်များသည် နောက်ဆုံး၌ ပေါက်ကွဲထွက်လာခဲ့ပြီ ဖြစ်သည်။ သူသည် အင်အားကို အသုံးပြုကာ သူ၏ စိတ်ဝိညာဉ်ကို နာကျင်စေခဲ့သောအရာ အားလုံးကို ဖယ်ရှားပစ်ချင်သည်။ ကိုယ့်ကိုယ်ကိုယ် လေးစားမှု၊ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင်လုပ်ဆောင်မှု၊ ကိုယ့်ကိုယ်ကိုယ် အားကိုးမှုနှင့် မသေနိုင် သော ဝိညာဉ်တစ်ခုကိုသာ ချန်ထားရစ်ချင်တော့သည်။

…

“မင်း သေချင်နေတာပဲ။”

တတိယအဆင့် မိုးကြိုးကပ်ဘေးအတွင်းရှိ ဟုန်ရွှန်ကျိပေါင်း ထောင်ပေါင်းများစွာတို့သည် ဟုန်ယွိက သူတို့ထံ ပြေးဝင်လာသည်ကို မြင်သောအခါ တပြိုင်တည်း ဟစ်ကြွေးလိုက်ကြ သည်။ သူတို့၏ မျက်လုံးထဲမှ နတ်ဆိုးအလင်းတန်းများမှာ တောက်ပလာသည်။ သူတို့သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ကိုယ်ဟန်ပြင်လိုက်ကြသည်။ သူတို့၏ လက်ချောင်းများမှာ ကြာပန်းတစ်ပွင့်ကဲ့သို့ ပွင့်ကားသွားပြီး ထောင်ပေါင်းများစွာ သော ကြာပန်းပွင့်ချပ်များမှာ ဟုန်ယွိ၏ လက်သီးနှင့် တပြိုင်တည်း ထိပ်တိုက်တွေ့သွား တော့သည်။

၎င်းမှာ ဟုန်ယွိနှင့် ကျောက်စိမ်းမြို့တော်အပြင်ဘက် တိုက်ပွဲတွင် အသုံးပြုခဲ့ဖူးသော “ကြာပန်းတစ်ထောင်” အကွက်ပင် ဖြစ်သည်။

ဟုန်ယွိသည် အနည်းငယ်မျှပင် နောက်မဆုတ်ပေ။ ဉာဏ်ပညာတံဆိပ်မှာ ‘လေဟာနယ် ထိန်းချုပ်ခြင်း လက်ဝါးတံဆိပ်’ ပြောင်းလဲသွားပြီး အထက်အောက် လည်ပတ်ကာ ဟုန်ရွှန်ကျိ၏ လက်ချောင်းများနှင့် ထိတွေ့သွားသည်။

လက်သီးများ၊ လက်ချောင်းများ၊ လက်ဝါးများ၊ တံတောင်များ၊ ဒူးများနှင့် ခြေထောက် များမှာ တစ်ခုနှင့်တစ်ခု ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် တိုက်ကွက် ထောင်ပေါင်းများစွာ တိုက်ခိုက်ပြီးနောက် ဟုန်ရွှန်ကျိက ဟစ်ကြွေးလိုက်ပြီး သူ၏ လက်ချောင်းများကို ဖြန့်လိုက်သည်။ ၎င်းမှာ အခြားမဟုတ်ဘဲ ကောင်းကင်ဘုံ မဟာသူတော်စင်လက်ဝါး ဖြစ်ပြီး ဟုန်ယွိ၏ ဦးခေါင်းကို ရိုက်ချလိုက်ခြင်း ဖြစ်သည်။

ဘုန်း…။

ဟုန်ယွိ၏ ဦးခေါင်းမှာ ကောင်းကင်ဘုံ မဟာသူတော်စင်လက်ဝါး၏ ရိုက်ချက်ကို ခံလိုက်ရပြီး ကွဲအက်သံ ထွက်ပေါ်လာသည်။ ထို့နောက် ဦးခေါင်း နှစ်ခြမ်းကွဲသွားသည့် အသံကို ကြားလိုက်ရသည်။

“တတိယအဆင့် မိုးကြိုးကပ်ဘေးရဲ့ ဆန္ဒတွေက တကယ့်ကို အစွမ်းထက်တာပဲ။”

ဟုန်ယွိ၏ အတွေးစများ တုန်ခါသွားသည်။ ဟုန်ရွှန်ကျိ၏ စွမ်းအားမှာ တတိယအဆင့် မိုးကြိုးကပ်ဘေး၏ အလယ်ဗဟိုအချက်အချာမှ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း သူ သိလိုက်သည်။ ၎င်းမှာ အလွန် အစွမ်းထက်လှပြီး ဤစွမ်းအားသည် ဟုန်ယွိ၏ ရင်ထဲတွင် ရှိနေသော ဟုန်ရွှန်ကျိ၏ မျက်နှာထား၊ သူ၏ အလွန် အစွမ်းထက်သော သိုင်းပညာ လက်သီးဆန္ဒနှင့် စိတ်ဓာတ်တို့ကိုပါ ပုံဖော်ထားခြင်း ဖြစ်သည်။

ဟုန်ယွိသည် ဟုန်ရွှန်ကျိနှင့် နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ဖူးခဲ့ပြီး ရန်သူဖြစ်သူ သူအဖေ၏ သိုင်းပညာရပ်များမှာ သူ့ရင်ထဲတွင် အမြဲ စွဲထင်နေခဲ့သည်။

ယခုအခါ မိုးကြိုးကပ်ဘေး၏ အစွမ်းထက်သော အတွေးစများသည် ထိုလက်သီးဆန္ဒကို အသုံးချ၍ ဟုန်ယွိကို သတ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။ အကယ်၍ ဟုန်ယွိသာ မတောင့်ခံနိုင်ပါက သူသည် ချက်ချင်းပင် ပျက်စီးသွားလိမ့်မည်။ ညှိနှိုင်း၍ရသော အရာ မဟုတ်ပေ။

၎င်းမှာ မိုးကြိုးကပ်ဘေး၏ ရက်စက်မှုပင် ဖြစ်သည်။ ထို့ကြောင့် ရှေးယခင်ကတည်းက ကျင့်ကြံသူများသည် မိုးကြိုးကပ်ဘေးကို အရာအားလုံးထက်မဆို ပိုမို ကြောက်ရွံ့ခဲ့ကြ ခြင်း ဖြစ်သည်။

မိုးကြိုးကပ်ဘေးသည် ကျင့်ကြံသူများအတွက် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှု ဖြစ်သော်လည်း သူတို့စိန်ခေါ်လိုသော အရာလည်း ဖြစ်နေပြန်သည်။

…

“အတိတ်နဲ့ အနာဂတ်၊ မပြောင်းလဲနိုင်သလို မသေနိုင်ဘူး...။”

ဟုန်ယွိ၏ အတွေးစများမှာ ဟုန်ရွှန်ကျိ၏ လက်ချက်ဖြင့် ကွဲအက်သွားသော်လည်း သူသည် ချက်ချင်းပင် အတိတ်အမိတ္တဘာကျမ်းကို အသက်သွင်းလိုက်သည်။ တစ်ချိန်တည်းမှာပင် အနာဂတ်ဗုဒ္ဓကျမ်း၏ လျင်မြန်သော အပြောင်းအလဲများနှင့် ပေါင်းစပ်လိုက်ရာ ကွဲအက် သွားသော အတွေးစများမှာ ချက်ချင်း ပြန်လည် ကောင်းမွန်လာခဲ့သည်။

ထိုသို့ ပြန်လည် ကောင်းမွန်လာသည်နှင့် တပြိုင်နက် သူ၏ အတွေးစတစ်ခုချင်းစီမှ မိုးခြိမ်း သံကြီး ထွက်ပေါ်လာသည်။ သူသည် မိုးကြိုးတိမ်တိုက်ထဲရှိ လျှပ်စီးစွမ်းအားများနှင့် လုံးဝ ဟန်ချက်ညီသွားပြီး မိုးကြိုးနတ်ဘုရားတာအိုဂိုဏ်း၏ “ကောင်းကင်ဘုံကိုးခုမိုးခြိမ်းသံ” သိုင်းကွက်ဖြင့် ပြန်လည် တိုက်ခိုက်လိုက်သည်။

မိုးကြိုးနတ်ဘုရားဂိုဏ်း၏ သိုင်းပညာရပ်များမှာ မူလကတည်းက ရှေးဟောင်း တာအို ပညာရှင်များက မိုးကြိုးနှင့် လျှပ်စီးကို တုပကာ ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ယခု မိုးကြိုး ကပ်ဘေးအတွင်းမှာ ၎င်း၏ စွမ်းအားမှာ အဆပေါင်းများစွာ တိုးတက်လာခဲ့ပြီ ဖြစ်သည်။

ထိုတိုက်ကွက်ကို ထုတ်ဖော်လိုက်သောအခါ လက်သီးအရိပ်များစွာ ထွက်ပေါ်လာပြီး ဟုန်ရွှန်ကျိကို ထိမှန်သွားတော့သည်။

“ကောင်စုတ်လေး။”

ဟုန်ရွှန်ကျိက ဟစ်ကြွေးရင်း သူ၏ လက်မောင်းများကို ဝေ့ယမ်းလိုက်သည်။ သူသည် သေခြင်းရှင်ခြင်းအလှည့်ပြောင်း အကွက်ကို အသုံးပြုကာ၊ လျင်မြန်လှသော ကိုယ်ဟန် အမူအရာဖြင့် ဟုန်ယွိ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။ ထို့နောက်, ဟုန်ယွိ၏ ဟာကွက်ကို ရှာဖွေကာ အမြောက်ဆန်တစ်ခုကဲ့သို့ ဟုန်ယွိထံသို့ ပြန်လည် ထိုးနှက်လိုက် သည်။

ဝုန်း... ဝုန်း…။

ဟုန်ယွိ၏ အတွေးစများ ထပ်မံ၍ နှစ်ခြမ်းကွဲသွားပြန်သည်။

သို့သော် နောက်တစ်စက္ကန့်မှာပင် ဟုန်ယွိသည် ချက်ချင်း ပြန်လည် ကောင်းမွန်လာပြီး မိုးကြိုးလျှပ်စီးဆေဘာကျမ်း၏ အဓိက သတ်ဖြတ်ကွက် သုံးကွက် ဖြစ်သော လျှပ်တပြက် မိုးကြိုးစက်ဝိုင်း၊ ယင်ယန်ကပ်ဘေးနှင့် ကောင်းကင်နှင့်မြေကြီးမီးဖို တို့ကို ထုတ်ဖော်လိုက် သည်။ ဤသတ်ဖြတ်ကွက် သုံးကွက်မှာလည်း ဆေဘာသူတော်စင် ဂွန်ယန်ယုကိုယ်တိုင် ကောင်းကင်ယံမှ မိုးကြိုးများကို တုပကာ ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့မှာ မိုးကြိုး နတ်ဘုရားတာအိုဂိုဏ်း၏ သိုင်းပညာရပ်များနှင့် ဆင်တူသော အကျိုးသက်ရောက်မှု ရှိသည်။

သူ ထိုအကွက်များကို ထုတ်ဖော်လိုက်သည်နှင့် ဟုန်ရွှန်ကျိနှင့် ထပ်မံ ထိပ်တိုက်တွေ့သွား ပြန်သည်။

ဤတိုက်ပွဲကြောင့် ကောင်းကင်ရော မြေကြီးပါ မှောင်အတိ ကျသွားသကဲ့သို့ပင်။

ဟုန်ယွိ၏ သိုင်းဆန္ဒမှာ ဟုန်ရွှန်ကျိနှင့် တိုက်ခိုက်ရင်း ပိုမို သန့်စင် လာခဲ့သည်။ ဝိုးတဝါး အနေထားမှ ဟုန်ယွိ၏ သိုင်းဆန္ဒမှာ အလွန်ပင် ခိုင်မာသော အဆင့်သို့ ရောက်ရှိသွားပြီး သူ၏ အတွေးစတိုင်းကို လွှမ်းခြုံထားကြောင်း ခံစားလိုက်ရသည်။

အတွေးစပေါင်း ၇,၂၀၀ ထံမှ ပြင်းထန်သော မြည်ဟီးသံများ ထွက်ပေါ်လာသည်။ ၎င်းမှာ ကွဲအက်သံ မဟုတ်ဘဲ မီးဖိုအတွင်း၌ ဖန်သားများကို အစွမ်းကုန် အပူပေးကာ အညစ်အကြေးများကို စစ်ထုတ်ပစ်နေသည့် အသံမျိုး ဖြစ်သည်။

ဟုန်ယွိသည် တတိယအဆင့် မိုးကြိုးကပ်ဘေးအတွင်း၌ သူ၏ အကြီးမားဆုံး ရန်သူဖြစ်သူ ဟုန်ရွှန်ကျိနှင့် တိုက်ခိုက်နေခြင်း ဖြစ်သည်။ သူသည် သူ၏ အတွေးစများထဲရှိ သိုင်းဆန္ဒကို ပိုမို သန့်စင်အောင် လေ့ကျင့်နေသည်။ ဤသည်မှာ သူ၏ သိုင်းဆန္ဒအတွက် ကြီးမားသော အပြောင်းအလဲတစ်ခု ဖြစ်သလို သူ၏ အတွေးစများကို ပိုမို ခိုင်မာသွားစေသည်။

အတွေးစများပေါ်ရှိ အလင်းတန်းများမှာ စူးရှတောက်ပသော အဆင့်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

အကယ်၍ လူတစ်ဦးတစ်ယောက်သည် ဟုန်ယွိ၏ အတွေးစ ၇,၂၀၀ ကို မိုးကြိုးကပ်ဘေး အတွင်း မြင်တွေ့ရပါက ထိုအလင်းတန်းမှာ စူးရှလွန်းသဖြင့် မျက်ရည်များပင် ထွက်ကျလာ ပေလိမ့်မည်။ ထိုပုံဆောင်ခဲ အလင်းတန်းမှာ အလွန်ပင် ပြင်းထန်လှသည်။

…

အချိန်မည်မျှကြာအောင် တိုက်ခိုက်ခဲ့သည်ကို မသိရသော်လည်း ဟုန်ယွိသည် ရုတ်တရက် သူ၏ သိုင်းပညာရပ်များတွင် မဟာပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားသကဲ့သို့ ခံစား လိုက်ရသည်။ သူ၏ သိုင်းပညာအားလုံးမှာ လုံးဝ ဟန်ချက်ညီသွားခဲ့ပြီ ဖြစ်သည်။

ဘုန်း…။

ပစ္စုပ္ပန်ဗုဒ္ဓကျမ်းရှိ အပ်စိုက်မှတ် ၁၀၈ ခု ကျင့်စဉ်၏ တစ်ဝက်ခန့်မှာ ကောင်းကင်ယံရှိ ကြယ်တာရာများနှင့် ဆက်သွယ်သွားသည်။ ကောင်းကင်ယံရှိ ကြယ်များနှင့် မည်သို့ ဆက်သွယ်ရမည်၊ ခန္ဓာကိုယ်၏ စွမ်းရည်များကို မည်သို့ ထုတ်ဖော်ရမည် ဆိုသည့် ကျမ်းစာ များမှာ ဟုန်ယွိ၏ အတွေးစများထဲတွင် စီးဆင်းလာသည်။

ထိုကျမ်းစာများ စီးဆင်းလာသည်နှင့် ဟုန်ယွိ၏ အတွေးစ ၇,၂၀၀ မှာ အလွန် အစွမ်းထက် သော ဗုဒ္ဓတစ်ပါးအဖြစ် ပြောင်းလဲသွားတော့သည်။

ဤဗုဒ္ဓမှာ အတိတ်ဗုဒ္ဓ သို့မဟုတ် အနာဂတ်ဗုဒ္ဓ၏ အင်မော်တယ် မူလဝိညာဉ် မဟုတ်ပေ။ ယင်းအစား ၎င်းမှာ လက်ရှိပစ္စုပ္ပန်ကာလကို လွှမ်းမိုးထားပြီး လက်ရှိပစ္စုပ္ပန် အခြေအနေကို ဆုပ်ကိုင်ထားသော ဗုဒ္ဓ ဖြစ်သည်။

“ပစ္စုပ္ပန်ဗုဒ္ဓ။”

အတိတ်က အရေးမကြီးတော့သလို၊ အနာဂတ်ကလည်း အရေးမကြီးပေ။

အရေးကြီးဆုံးမှာ လက်ရှိအခိုက်အတန့်ကို ဆုပ်ကိုင်ထားနိုင်ဖို့ ဖြစ်သည်။ ထို့ကြောင့်ပင် လောကသုံးပါး၏ ဗုဒ္ဓများအနက် ပစ္စုပ္ပန်ဗုဒ္ဓမှာ အလယ်ဗဟိုတွင် ရှိနေခြင်း ဖြစ်ပြီး၊ သူ၏ စွမ်းအားမှာ အနန္တဖြစ်ကာ၊ သိုင်းတာအိုမှာလည်း အတိုင်းအဆ မရှိပေ။ သူသည် ဒဏ္ဍာရီ လာ နယ်ပယ်ကို အရှင်သခင်တစ်ဦးကဲ့သို့သော အရှိန်အဝါမျိုးဖြင့် ထုတ်ဖော်ပြလိုက်သည်။

ဟုန်ယွိမှ ပြောင်းလဲထားသော ပစ္စုပ္ပန်ဗုဒ္ဓ၏ အပ်စိုက်မှတ် ၁၀၈ ခုမှာ လင်းလက်လာသည်။ ဟင်းလင်းပြင်ထဲတွင် အတိုင်းအဆမဲ့ ကြယ်တာရာစွမ်းအားများမှာ ထိုအပ်စိုက်မှတ်များ နှင့် ဆက်သွယ်နေပုံရသည်။

“ဗုဒ္ဓနတ်ဘုရားလက်ဝါး၊ ပစ္စုပ္ပန်လက်သီး။”

အတွေးစပေါင်း ၇,၂၀၀ သည် တပြိုင်တည်း ဟစ်ကြွေးလိုက်ကြသည်။ ပြင်းထန်သော လက်သီးတစ်ချက်ကို ထိုးနှက်လိုက်ရာ အနန္တစွမ်းအားနှင့် စိတ်ဝိညာဉ် အတွေးစများ ပေါက်ကွဲထွက်လာသည်။ လက်သီးတစ်ချက်တည်းနှင့်ပင် ဟုန်ရွှန်ကျိမှာ ပေါက်ကွဲပျက်စီး သွားတော့သည်။

ဘုန်း... ဘုန်း... ဘုန်း...။

ပေါက်ကွဲပျက်စီးသွားသော အသံများ ဆက်တိုက် ထွက်ပေါ်လာသည်။

ဒဏ္ဍာရီလာ ဘာသာရေး အရှင်သခင်ကြီး ဖြစ်သော ပစ္စုပ္ပန်ဗုဒ္ဓ၏ ရှေ့တွင် ဟုန်ရွှန်ကျိ ကဲ့သို့သော အစွမ်းထက်သူပင်လျှင် အနည်းငယ်မျှပင် ခုခံနိုင်စွမ်း မရှိဘဲ တိုက်ရိုက် အမှုန့်ဖြစ်သွားရသည်။ ဒဏ္ဍာရီလာ အရှင်သခင်ကြီး ထွက်ပေါ်လာသောအခါ မိုးကြိုး ကပ်ဘေးအတွင်းရှိ ကောင်းကင်နှင့် မြေကြီး၏အလိုဆန္ဒပင်လျှင် မည်သည့်အရာက အစစ်မှန် စွမ်းအားဖြစ်ကြောင်း သိမြင်သွားပုံရသည်။

ဟုန်ရွှန်ကျိ လက်သီးတစ်ချက်တည်းနှင့် ပေါက်ကွဲသွားပြီးနောက် ဟုန်ယွိ၏ အတွေးစများ သည် ကောင်းကင်နှင့် မြေကြီး၏ အလိုဆန္ဒများနှင့် မိုးကြိုးကပ်ဘေးမှ ပေါ်ပေါက်လာသော ဝိညာဉ်များကို ဝါးမြိုကာ သူ၏ စိတ်ဝိညာဉ်ကို ပိုမို သန်မာအောင် ပြုလုပ်လိုက်သည်။

ဖြောက်... ဖြောက်...

အတွေးစပေါင်း ၇,၂၀၀ မှာ ထပ်မံ၍ နှစ်ခြမ်းကွဲသွားပြီး အတွေးစ တစ်သောင်းကျော် ဖြစ်လာခဲ့သည်။ အားနည်းသော အတွေးစအချို့မှာမူ ပိုမိုခိုင်မာလာသော်လည်း နှစ်ခြမ်းကွဲ ခြင်း မရှိပေ။ သို့သော် အများစုမှာ အလွန် ခိုင်မာနေသဖြင့် နှစ်ခြမ်းစီ ကွဲသွားကြသည်။

တိတိကျကျ ဆိုရလျှင် အတွေးစပေါင်း ၁၂,၈၀၀ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

ထိုအတွေးစများမှာ ရပ်တန့်မသွားပေ။ သူတို့သည် ပစ္စုပ္ပန်ဗုဒ္ဓအဖြစ် ပြောင်းလဲကာ တတိယအလွှာ မိုးကြိုးကပ်ဘေးအတွင်း အုပ်စိုးရှင်းတစ်ဦးကဲ့သို့ ဆင်းသက်လာပြီး အရပ် မျက်နှာအနှံ့ရှိ မိုးကြိုးဝိညာဉ်များကို သတ်ဖြတ်နေတော့သည်။

မိုးကြိုးနှင့် လျှပ်စီးစွမ်းအင်များ၏ ဆန္ဒမှာ အစွမ်းထက်သော ဟုန်ရွှန်ကျိအဖြစ် ထပ်မံ မပြောင်းလဲတော့ပေ။ ယင်းအစား ၎င်းတို့မှာ လွင့်စင်သွားကြတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဟုန်ယွိသည် မိုးကြိုးစွမ်းအင်များကို ဝါးမြိုလိုက်ပြီး သူ၏ အတွေးစများမှာ ထပ်မံ အားကောင်းလာခဲ့သည်။ ကြည်လင်တောက်ပနေသည့် သောင်းချီ သော အတွေးစများအတွင်း၌ လျှပ်စီးအလင်းတန်းများ စဉ်ဆက်မပြတ် စီးဆင်းနေသည်။ တစ်ချိန်တည်းမှာပင် ထိုအတွေးစများထံမှ လျှပ်စီးသံများ ထွက်ပေါ်နေသဖြင့် လူတိုင်းကို တုန်လှုပ်စေနိုင်သည်။

ဟုန်ယွိသည် နောက်ဆုံးတွင် တတိယအဆင့် မိုးကြိုးကပ်ဘေး၏ နယ်ပယ်ကို သိရှိ နားလည်သွားခဲ့ပြီ။

ပထမအဆင့် မိုးကြိုးကပ်ဘေးတွင် သူ၏စိတ်ဝိညာဉ်၌ စင်ကြယ်သော ယန်စွမ်းအင်များ ပါဝင်လာသည်။ သူ၏ အတွေးစများမှာ ကြည်လင်တောက်ပလာသည်အထိ သန့်စင်ခြင်း ခံခဲ့ရသည်။

ဒုတိယအဆင့် မိုးကြိုးကပ်ဘေးတွင်မူ သူ၏ အတွေးစများမှ အလင်းတန်းများ ထွက်ပေါ် လာသည်။

တတိယအဆင့် မိုးကြိုးကပ်ဘေးတွင် သူ၏ အတွေးစများ၌ လျှပ်စီးအလင်းတန်းများနှင့် လျှပ်စီးလက်သည့် အသံများ ပါဝင်လာသည်။ ၎င်းမှာ အလွန် အစွမ်းထက်လှပြီး မည်သည့် တစ္ဆေအင်မော်တယ်ကိုမဆို အနိုင်ယူရန် လုံလောက်လှသည်။

စတုတ္ထအဆင့် မိုးကြိုးကပ်ဘေးတွင်မူ ဟုန်ယွိသည် ကောင်းကင်မြွေဘုရင်မနှင့် တိုက်ခိုက် ခဲ့စဉ်က ကြုံတွေ့ခဲ့ရသည့်အတိုင်း တစ်ဖက်လူမှာ အတွေးတစ်ချက်တည်းနှင့် ကမ္ဘာတစ်ခု ကို ဖန်တီးနိုင်သည်။ ဤနယ်ပယ်တွင် ဟုန်ယွိသည် အတွေးတစ်ချက်နှင့် မတည်ငြိမ်သေး သော ကမ္ဘာငယ်တစ်ခုကို ဖန်တီးနိုင်ပြီး၊ တစ်ချိန်တည်းမှာပင်၊ ၎င်းကို မည်သည့်အရာကို မဆို ချိပ်ပိတ်ရန်အတွက် အသုံးပြုနိုင်သည်။

မိုးကြိုးကပ်ဘေး လေးဆင့်ကို ကျော်ဖြတ်ပြီးနောက် သူသည် အစစ်မှန် ပညာရှင်တစ်ဦး ဖြစ်လာလိမ့်မည်။ သူ၏ အတွေးစများမှာ အရည်အသွေးပိုင်းအရ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဟုန်ယွိသည် မိုးကြိုးကပ်ဘေး လေးဆင့်ကို ကျော်ဖြတ်နိုင်သရွေ့ ချန်ပီယံမြို့စား လူသားအင်မော်တယ် ကိုယ်ပွားအတွင်း၌ ချန်ထားရစ်ခဲ့သော သိုင်းတာအို ဆန္ဒကို လုံးဝ ချိပ်ပိတ်နိုင်မည် ဖြစ်ကြောင်း သိလိုက်သည်။ ထိုအချိန်တွင် သူသည် ကမ္ဘာငယ်၏ စွမ်းအားကို အသုံးပြုကာ ထိုသိုင်းတာအိုဆန္ဒကို ဖျက်ဆီးပြီး ထိုကိုယ်ပွားကို သူ၏ ကိုယ်ပိုင်အဖြစ် အမှန်တကယ် ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။

သူ၏ အတွေးစများကို အသုံးပြုကာ ကမ္ဘာငယ်တစ်ခု ဖန်တီးပြီး ချန်ပီယံမြို့စား၏ သိုင်းတာအိုဆန္ဒကို ပတ်ပတ်လည်မှ ဝိုင်းရံထားကာ ထိုကမ္ဘာငယ်ကို ဖျက်ဆီးပစ်ရမည်။ ထိုအခါ သိုင်းတာအိုဆန္ဒသည်လည်း ကမ္ဘာငယ်လေး ပျက်စီးခြင်းနှင့်အတူ ကွယ်ပျောက် သွားမည် ဖြစ်သည်။

…

“ငါ အစွမ်းကုန် ကြိုးစားပြီး တစ်ခါတည်းနဲ့ မိုးကြိုးကပ်ဘေး လေးဆင့်လုံးကို ကျော်ဖြတ် လိုက်တာ ပိုကောင်းမယ်။ ငါသာ ကောင်းကင်မြွေဘုရင်မလို ပညာရှင်တစ်ယောက် ဖြစ်လာခဲ့ရင် လူသားအင်မော်တယ် ကိုယ်ပွားကို အားကိုးနေစရာ မလိုတော့ဘူး။ မဟာ လေဟာနယ်လက်ဝါး တစ်ခုတည်းနဲ့တင် ကောင်းကင်မြွေဘုရင်မကို တိုက်ရိုက် ရင်ဆိုင်ဖို့ လုံလောက်သွားပြီ။ အဲဒါမှ အစစ်မှန် ပညာရှင်ပဲ။ တကယ်လို့, မုန့်ရှန်းကျီက ငါ့ကို ကိုင်တွယ်ချင်ရင်တောင် ငါ့ကိုယ်ငါ ကာကွယ်နိုင်စွမ်း ရှိသွားပြီ။”

မိုးကြိုးကပ်ဘေး သုံးဆင့်ကို တစ်ပြိုင်တည်း ကျော်ဖြတ်ပြီးနောက် ဟုန်ယွိသည် သူ၏ အတွေးစတိုင်းမှာ အနည်းငယ် ပင်ပန်းနေကြောင်း ခံစားလိုက်ရသည်။ သူ လုံးဝ အားကုန် သွားခြင်း မဟုတ်သော်လည်း “ပင်ပန်းနွမ်းနယ်မှု” ခံစားချက်တော့ ရှိနေသည်။

သို့သော် ယခု အခြေအနေမှာ အလွန် အရေးကြီးလှသည်။ ဆန်းကြယ်ကောင်းကင်ဘုံ ခန်းမသခင်နှင့် ကောင်းကင်မြွေဘုရင်မတို့က လာရောက် တွေ့ဆုံကာ၊ ဟွာလျှိုနိုင်ငံနှင့် တော်ဝင်ချန်မင်းဆက်တို့အကြား စစ်ပွဲတွင် မုန့်ရှန်းကျီသာမက လွန်ခဲ့သော နှစ်ပေါင်း ၃၀၀ က မဟာကျိုးမင်းဆက်ကို တည်ထောင်ခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် ထိုက်ကျူလည်း ပေါ်လာပြီး ပြဿနာများ ဖန်တီးနိုင်သည်ဟု သတိပေးထားသည်။

ချန်ပီယံမြို့စားပင်လျှင် ဝင်ရောက် စွက်ဖက်လာနိုင်သည်။

ထို့ကြောင့် ဟုန်ယွိတွင် အချိန်မရှိတော့ပေ။ သူသည် သူ၏ စွမ်းအားကို တိုးတက်အောင် အစွမ်းကုန် ကြိုးစားရမည်သာ ဖြစ်သည်။

သူသည် စတုတ္ထအဆင့်သို့ ရောက်ရှိပြီး ချန်ပီယံမြို့စား၏ သိုင်းတာအိုဆန္ဒကို ဖျက်ဆီးနိုင် မှသာ ထိုလူသားအင်မော်တယ် ကိုယ်ပွားကို ကျင့်ကြံနိုင်မည် ဖြစ်သည်။ ယခုအချိန်တွင် ထိုကိုယ်ပွားမှာ ကျင့်ကြံမှု မပြုရသေးသဖြင့် ဟုန်ရွှန်ကျိ၏ ပြိုင်ဘက် မဟုတ်သေးပေ။

…

သူ ဆုံးဖြတ်ချက် ချလိုက်ပြီ။ ဟုန်ယွိသည် မိုးကြိုးပေါက်ကွဲမှု၏ အနက်ရှိုင်းဆုံး နေရာဆီသို့ ပြင်းထန်စွာ ထိုးဝင်လိုက်တော့သည်။

ကောင်းကင်တစ်ခုလုံးမှာ ယခုအခါ ပြင်းထန်လှသော မိုးကြိုးနှင့် လျှပ်စီးများက ပြည့်နှက် နေသည်။ ပေါက်ကွဲသံများက မရပ်မနား ထွက်ပေါ်နေသည်။ တောင်ပေါ်ရှိ ချောက်ကမ်းပါး များမှာ ပြင်းထန်စွာ တုန်ခါနေပြီး မိုးသည်းထန်စွာ ရွာသွန်းနေသည်။

ချိုင့်ဝှမ်းအတွင်း၌ ရွှေပင့်ကူ၊ မြေခွေးလေး သုံးကောင်၊ နင်ဂျာဘုန်းတော်ကြီးနှင့် အခြားသူများမှာ တိမ်တိုက်မည်းကြီးများနှင့် ကောင်းကင်ကို ဖြိုးခွင်းနေသော မြွေပုံစံ လျှပ်စီးတန်းများကို ကြည့်နေကြသည်။ လူတိုင်း၏ ရင်ထဲတွင် ထိတ်လန့်နေကြ၏။

မြေပြင်မှနေ၍ ကောင်းကင်ယံရှိ ပြင်းထန်သော မိုးကြိုးများကို ကြည့်ရသည်မှာပင် တုန်လှုပ်ဖွယ် ခံစားချက် ဖြစ်နေလျှင်၊ ကောင်းကင်သို့ ပျံတက်ပြီး မိုးကြိုးပေါက်ကွဲမှု၏ ဗဟိုအချက်အချာဆီသို့ ဝင်ရောက်သွားခြင်းမှာ ပြောနေစရာပင် မလိုတော့ပေ။ နင်ဂျာ ဘုန်းတော်ကြီးပင်လျှင် သူ၏ ဦးရေခွံများ ထုံကျင်လာသည်အထိ ခံစားနေရသည်။

ထိုအခိုက်အတန့်တွင် သူသည် သိုင်းပညာကို ကျင့်ကြံခဲ့မိခြင်းအတွက် ဝမ်းသာနေမိသည်။ မဟုတ်ပါက တာအိုပညာရပ်များကို ကျင့်ကြံရင်း ကောင်းကင်နှင့် မြေကြီး၏ ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို ရင်ဆိုင်ရမည်ဆိုပါက အလွန် ထိတ်လန့်စရာ ကောင်းပေလိမ့်မည်။

“အမွှေးတိုင် တစ်တိုင်စာ ထွန်းညှိချိန်လောက် အချိန်ရှိပြီ။ ဟုန်ယွိနဲ့ ချန်ယင်းရှာတို့ မိုးကြိုးပေါက်ကွဲမှုတွေကြားမှာ ဘယ်လိုနေမလဲ မသိဘူး” နင်ဂျာဘုန်းတော်ကြီးသည် သူ၏ မျက်နှာပေါ်မှ မိုးရေများကို သုတ်လိုက်သည်။ သူ စကားပြောပြီးသည်နှင့် ရုတ်တရက် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ကမ္ဘာပျက်မတတ် ပေါက်ကွဲသံကြောင့် မြေပြင်မှာ တုန်ခါသွားသည်။ ၎င်းမှာ ကောင်းကင်မှ ထပ်မံ ထွက်ပေါ်လာသော မိုးခြိမ်းသံ ဖြစ်ပြီး သူ၏ စကားကို အတင်းအဓမ္မ ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။

ဖြောက်... ဖြောက်…။

ချိုင့်ဝှမ်းအတွင်းရှိ သစ်ပင်ကြီးအချို့မှာ မိုးကြိုးထိမှန်သွားပြီး မိုးသည်းထန်စွာ ရွာနေသည့် ကြားမှပင် မီးလောင်ကျွမ်းသွားကြသည်။ ထို့နောက် မီးငြိမ်းသွားပြီး လောင်ကျွမ်းနံ့များ ပြန့်လွင့်လာသည်။ လူတိုင်းမှာ ပါးစပ်အဟောင်းသား ဖြစ်နေကြပြီး မည်သူမျှ နင်ဂျာ ဘုန်းတော်ကြီး၏ စကားကို ပြန်မဖြေနိုင်ကြပေ။ ထိုပေါက်ကွဲသံမှာ သူတို့၏ အသည်းနှလုံးကို ကွဲအက်မတတ် ဖြစ်စေခဲ့သောကြောင့် ဖြစ်သည်။

…

“ဒါက အတွေးတစ်ခုနဲ့ ကမ္ဘာတစ်ခု ဖန်တီးနိုင်တဲ့ ဗဟိုအချက်အချာလား။”

ဟုန်ယွိသည် အလယ်ဗဟိုဆီသို့ ထိုးဝင်လိုက်ရာ ရုတ်တရက် သူ၏ အမြင်အာရုံမှာ လင်းလက်သွားခဲ့သည်။ ထို့နောက် အရာရာမှာ မှောင်အတိ ကျသွားသည်။ အတွေးစပေါင်း ၁၂,၈၀၀ လုံးမှာ မှောင်မိုက်နေပြီး ချိပ်ပိတ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။

ထိုသို့နှင့် ဟုန်ယွိ၏ အတွေးစ ၁၂,၈၀၀ လုံးမှာ ကမ္ဘာငယ် ၁၂,၈၀၀ ၏ ချိပ်ပိတ်ခြင်းကို ခံလိုက်ရသည်။

နောက်တစ်စက္ကန့်မှာပင် ထိုစိတ်ဝိညာဉ်ဟင်းလင်းပြင်များမှာ တပြိုင်တည်း ပျက်စီးသွား တော့သည်။

ကမ္ဘာပျက်သကဲ့သို့ ကြီးမားသော ဖျက်ဆီးအားကြောင့် ဟုန်ယွိ၏ အတွေးစအားလုံးမှာ အစိပ်စိပ် အမွှာမွှာ ကြေမွသွားခဲ့ပြီ။

“ဟားဟား... ဟားဟား... တကယ့်ကို ရိုးရှင်းပြီး တိုက်ရိုက်ကျတာပဲ။ တကယ်လို့, ငါသာ ကမ္ဘာငယ်လေးတွေ ပျက်စီးတာကို အတွေ့အကြုံ မရှိခဲ့ရင် တကယ်ပဲ သေသွားနိုင်တယ်။”

အတွေးစများ ကြေမွသွားပြီးနောက် အသက်ရှူချိန် သုံးကြိမ်စာ အကြာတွင် ဟုန်ယွိသည် ထိုပျက်ဆီးခြင်းကြားမှ ပြန်လည် မွေးဖွားလာခဲ့သည်။ ပျက်စီးသွားသော စိတ်ဝိညာဉ် ဟင်းလင်းပြင်များ အားလုံးမှာ သူ၏ စိတ်ဝိညာဉ်အတွင်းသို့ ပေါင်းစပ်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် အတွေးစ ၁၂,၈၀၀ သည် ပျက်စီးသွားသော စိတ်ဝိညာဉ် ဟင်းလင်းပြင်များနှင့် ပေါင်းစပ်သွားပြီး၊ စိတ်ဝိညာဉ်ဟင်းလင်းပြင် ၁၂,၈၀၀ အဖြစ် ဖွဲ့စည်းတော့မည့်သဏ္ဌာန် ရှိနေသည်။

ပန်းတစ်ပွင့်၊ အရွက်တစ်ရွက်၊ အသီးတစ်လုံး၊ အတွေးတစ်ချက်၊ ကမ္ဘာတစ်ခု။

စတုတ္ထအဆင့် မိုးကြိုးကပ်ဘေး။

အခန်း (၃၇၈)။

ဟုန်ယွိသည် စတုတ္ထအဆင့် မိုးကြိုးကပ်ဘေး၏ အချက်အချာ အလွှာအတွင်း၌ မိုးကြိုး စွမ်းအင်များ မည်သို့ ဖွဲ့စည်းထားသည်ကို နောက်ဆုံးတွင် နားလည်သွားခဲ့ပြီ ဖြစ်သည်။

စတုတ္ထအဆင့်ရှိ မိုးကြိုးစွမ်းအင် အတွေးစများမှာ သင့်ကို သတ်ဖြတ်ရန် သို့မဟုတ် ဝါးမြို ရန် လာရောက်ကြသည့် တတိယအဆင့် အတွေးစများကဲ့သို့ မဟုတ်ပေ။ ယင်းအစား ၎င်းတို့သည် ကမ္ဘာငယ်လေး တစ်ခုပြီးတစ်ခု တည်ဆောက်ကာ သင့်ကို ၎င်းတို့အတွင်း၌ ပတ်ပတ်လည်မှ ဝိုင်းရံထားလိုက်ကြသည်။ ထို့နောက် ၎င်းကမ္ဘာငယ်များမှာ ပျက်စီးသွား ပြီး သင်၏ အတွေးစများကို ဖုန်မှုန့်များကဲ့သို့ ကြေမွသွားအောင် ပြုလုပ်ကြခြင်း ဖြစ်သည်။

ကမ္ဘာငယ်တစ်ခု၏ ဖြစ်တည်မှုနှင့် ပျက်စီးမှုမှာ မည်မျှအထိ အစွမ်းထက်သနည်း။ ၎င်းမှာ စိတ်ကူးကြည့်ရန်ပင် ခက်ခဲလောက်အောင် အစွမ်းထက်လှသည်။

ဟုန်ယွိသည် ပစ္စုပ္ပန်ဗုဒ္ဓကျမ်း၏ ကျန်တစ်ဝက်ကို ရရှိခဲ့စဉ်က ထိုကျမ်းစာကို သိမ်းဆည်း ထားသော နေရာမှာလည်း စာအုပ်အရွယ်အစားခန့်ရှိသော ကမ္ဘာငယ်လေးတစ်ခု ဖြစ်သည်။ ထိုအတွင်းရှိ ကမ္ဘာလေး ပြိုလဲသွားပါက ထွက်ပေါ်လာသော ဖျက်ဆီးအားသည် မည်သည့် နတ်ဘုရားလက်နက်ကိုမဆို မျက်စိတစ်မှိတ်အတွင်း ဖျက်ဆီးပစ်ရန် လုံလောက်သည်။

အကယ်၍ စကြဝဠာအိတ်ကဲ့သို့သော ကမ္ဘာငယ်တစ်ခု ပြိုလဲသွားပါက ထိုစွမ်းအားမှာ မည်မျှအထိ ကြောက်စရာကောင်းမည်ကို စဉ်းစား၍ပင် မရနိုင်ပေ။ မုန့်ရှန်းကျီကဲ့သို့သော ပညာရှင်တစ်ဦးပင် ဖြစ်လင့်ကစား အကယ်၍ စကြာဝဠာအိတ်သာ ရုတ်တရက် ပြိုကွဲ ပျက်စီးသွားပါက သူကိုယ်တိုင်လည်း ပျက်စီးသွားရပေလိမ့်မည်။

မှန်ပါသည်၊ စကြဝဠာအိတ်မှာ ယခုအချိန်ထိ အကောင်းတိုင်း ရှိနေပါသေးသည်။ အကယ်၍, ပျက်စီးသွားမည် ဆိုပါကလည်း နောက်ထပ် နှစ်ပေါင်း တစ်ထောင် သို့မဟုတ် နှစ်ပေါင်းထောင်ချီ ကြာမြင့်ဦးမည် ဖြစ်သည်။

အစစ်မှန် ခုနှစ်စဉ်ကြယ်ဂိုဏ်း၏ အခြေစိုက်စခန်းမှာမူ ကြယ်စင်တိုက်ပွဲကမ္ဘာဟု ခေါ်သော ကြီးမားသည့် ကမ္ဘာငယ်တစ်ခု ဖြစ်သည်။ ၎င်း၏ သက်တမ်းမှာ "အိုမင်းခြင်း" အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် အမြင့်ဆုံး မဟာအကြီးအကဲ ကိုးဦးမှာ ထိုနေရာတွင် နေ့ညမပြတ် နေထိုင်ကျင့်ကြံရင်း သူတို့၏ စိတ်ဝိညာဉ် အတွေးစများဖြင့် ၎င်းကို ခိုင်မာအောင် လုပ်ဆောင်နေရခြင်း ဖြစ်သည်။

ကမ္ဘာငယ်တစ်ခုတွင်လည်း ကိုယ်ပိုင် သက်တမ်း ရှိနေသည်။ တာအိုပညာရပ် အဆင့်မြင့် လေ၊ ဖန်တီးလိုက်သော ကမ္ဘာငယ်မှာ ပိုမိုကြီးမားပြီး ပိုမိုတည်ငြိမ်လေလေ ဖြစ်သည်။ ၎င်း၏ သက်တမ်းမှာ ပိုမိုရှည်ကြာသလို ၎င်းပြိုလဲသွားသည့်အခါ ထွက်ပေါ်လာသော စွမ်းအားမှာလည်း ပိုမို ပြင်းထန်လှသည်။

ထို့ပြင် ကမ္ဘာငယ်လေးများသာမက မဟာကမ္ဘာကြီးများတွင်လည်း ကိုယ်ပိုင် သက်တမ်း ရှိကြောင်း ဟုန်ယွိ သိရှိသွားခဲ့သည်။ သို့သော် ၎င်းတို့သည် နှစ်ဘီလီယံပေါင်း မည်မျှ ကြာရှည်မည်ကိုမူ သူ မသိပေ။ ၎င်းမှာ နှစ်ဘီလီယံပေါင်း တစ်ဆယ်၊ ဘီလီယံ တစ်ရာ၊ တစ်ထရီလီယံ သို့မဟုတ် နှစ်ပေါင်း ကုဋေကုဋာ မည်မျှ ရှိမည်ကို တွက်ချက်ရန် မဖြစ်နိုင်ပေ။

ယန်စိတ်ဝိညာဉ်အဆင့် ပညာရှင်တစ်ဦးပင်လျှင် သက်တမ်း တစ်သောင်း သို့မဟုတ် နှစ်တစ်သိန်းပင် မရှိပေ။ ၎င်းမှာ ကမ္ဘာကြီးများ၏ နှစ်ပေါင်း ထရီလီယံချီသော သက်တမ်း နှင့် နှိုင်းယှဉ်လျှင် ဘာမျှ မဟုတ်ပေ။

ဟုန်ယွိသည် နိဗ္ဗာနနယ်ပယ်ကို ကျော်ဖြတ်ခြင်း ဆိုသည်မှာ လူသားတစ်ဦး၏ သက်တမ်း သည် ကမ္ဘာကြီးများ၏ သက်တမ်းကို ကျော်လွန်သွားခြင်း ဖြစ်ကြောင်း ရုတ်တရက် နားလည်သွားခဲ့သည်။ ကမ္ဘာကြီး၏ သက်တမ်း ကုန်ဆုံးသွားသည့်တိုင်အောင် ထိုလူသား ၏ သက်တမ်းမှာ ကုန်ဆုံးမည် မဟုတ်ပေ။ ဤသည်မှာ စစ်မှန်သော လွတ်မြောက်ခြင်းပင် ဖြစ်သည်။

၎င်းသည် နိဗ္ဗာန်နယ်ပယ် ဖြစ်သည်။

ထိုနယ်ပယ်သည် မည်သည့် နယ်ပယ်မျိုးနည်း။

…

မိုးကြိုးကပ်ဘေးအတွင်း ပြိုလဲသွားသော ကမ္ဘာငယ်များမှာ ဟုန်ယွိ၏ အတွေးစ ၁၂,၈၀၀ လုံးကို ဝိုင်းရံထားပြီး ၎င်းတို့ကို ဖုန်မှုန့်များကဲ့သို့ ကြေမွအောင် လုပ်ဆောင်ခဲ့သော်လည်း ဟုန်ယွိမှာ ပုံမှန်ထက် ထူးကဲစွာ အစွမ်းထက်သူ ဖြစ်သည်။ သူ၏ တာအိုပညာရပ်များမှာ နက်နဲလှသည်။ အတိတ်အမိတ္တကျမ်းကို သူ၏ နားလည်မှုအပေါ် အားကိုးကာ သူသည် ပြန်လည် ကုစားပြီးနောက် သူ၏ အတွေးစတိုင်းသည် ပျက်စီးသွားသော ကမ္ဘာငယ်များ၏ အရေးပါသော စွမ်းအင်များကို စုပ်ယူလိုက်သည်။ သူ၏ အတွေးစတိုင်း လက်ခနဲ ဖြစ်သွားချိန်တွင် ၎င်းတို့၌ ကိုယ်ပိုင် ကမ္ဘာငယ်များကို ဖန်တီးနိုင်စွမ်း ရှိလာပုံရသည်။

ဤသည်မှာ စတုတ္ထအဆင့် မိုးကြိုးကပ်ဘေး၏ စစ်မှန်သော လျှို့ဝှက်ချက်ပင် ဖြစ်သည်။

သို့သော် ဟုန်ယွိက ပြန်လည် ကောင်းမွန်လာပြီး ကမ္ဘာငယ်လေးများ၏ လျှို့ဝှက်ချက်များ ကို နားလည်သွားချိန်တွင် သူ ပြန်ဆုတ်ရန် ပြင်လိုက်သော်လည်း သူ၏ အတွေးစတိုင်းမှာ မိုးကြိုးများမှ ပေါ်ပေါက်လာသော ကမ္ဘာငယ်များ၏ ဝိုင်းရံခြင်းကို ထပ်မံ ခံလိုက်ရသည်ကို တွေ့လိုက်ရသည်။

သူ အမှန်တကယ်ပင် နောက်ဆုတ်၍ မရတော့ပေ။

စတုတ္ထအဆင့် မိုးကြိုးကပ်ဘေးမှာ မည်မျှအထိ ပြင်းထန်သနည်း။ ဤလောကတွင် ၎င်းကို ကျော်ဖြတ်နိုင်သူမှာ လက်ချိုးရေတွက်၍ပင် ရနိုင်သည်။ မဟာနတ်ဆိုးအင်မော်တယ် ရှစ်ဦး၏ အကြီးအကဲ ဖြစ်ပြီး နှစ်ပေါင်း မည်မျှကြာအောင် အသက်ရှင်နေထိုင်ခဲ့မှန်း မသိရတော့သည့် ဒေါင်းဘုရင်ပင်လျှင် တတိယအဆင့်မှာတင် ရပ်တန့်နေခဲ့ပြီး စတုတ္ထ အဆင့်ကို ရင်ဆိုင်ရန် ငြင်းဆန်ခဲ့သည်။ ၎င်းသည် မည်မျှအထိ အန္တရာယ်ကြီးမားသည်ကို ခန့်မှန်းကြည့်နိုင်သည်။

ဖျစ်…၊ ဖျစ်…။

အက်ကွဲနေသော အသံများ ဆက်တိုက် ထွက်ပေါ်လာသည်။

ဟုန်ယွိ ယခုလေးတင် ပြန်လည် ဖွဲ့စည်းလိုက်သော အတွေးစ ၁၂,၈၀၀ မှာ ကမ္ဘာငယ်လေး များ၏ ဝိုင်းရံခြင်းကို ထပ်မံ ခံလိုက်ရပြန်ပြီး ထပ်မံ ကြေမွသွားပြန်သည်။ ဤတစ်ကြိမ်တွင် ဟုန်ယွိသည် ပင်ပန်းနွမ်းနယ်သည့် ခံစားချက်ကို ခံစားလိုက်ရသည်။

ဟုတ်ပါသည်၊ သူ "အားအင်ကုန်ခမ်း" သွားပြီ ဖြစ်သည်။

မိုးကြိုးကပ်ဘေး သုံးဆင့်ကို ဆက်တိုက် ကျော်ဖြတ်ပြီးနောက် ဟုန်ယွိသည် နောက်ဆုံး တွင် သူ၏ အတွေးစများထဲရှိ စွမ်းအားအားလုံးကို အသုံးပြုလိုက်ရပြီ ဖြစ်သည်။ သူ စတင် ပင်ပန်းလာပြီး အားအင်များ ကုန်ခမ်းလာသည်။ အတိတ်အမိတ္တဘကျမ်းကို လည်ပတ်စေ ရန်နှင့် သူ၏ စိတ်ဝိညာဉ် အတွေးစများအတွင်း၌ အတိတ်ဗုဒ္ဓကို တည်ရှိစေရန်အတွက်ပင် အလွန်ပင် ခက်ခဲလာခဲ့ပြီ ဖြစ်သည်။

ဟုန်ယွိ၏ အတွေးစတိုင်းမှာ အိပ်ငိုက်တော့သည့် ခံစားချက်မျိုး ရှိလာနေသည်။ သူသည် လဲလျောင်းလိုက်ချင်ပြီး ဘာကိုမှ မစဉ်းစားဘဲ၊ ဘာမှ မလုပ်ဘဲ ကောင်းကောင်းကြီးသာ အိပ်စက်ပစ်လိုက်ချင်တော့သည်။

“အန္တရာယ်ပဲ...”

ကျင့်ကြံသူတစ်ဦး၏ အတွေးစများ၌ အိပ်ငိုက်ချင်သည့် ခံစားချက် ပေါ်ပေါက်လာရခြင်းမှာ အစစ်မှန် အန္တရာယ် ဖြစ်ကြောင်း ဟုန်ယွိ သိလိုက်သည်။ ဤသည်မှာ သေခြင်းတရား မရောက်မီ အသိစိတ်အားလုံး ပျောက်ကွယ်သွားတော့မည့် ရှေ့ပြေးနိမိတ် ဖြစ်သည်။ မိုးကြိုးကပ်ဘေး၏ အချက်အချာအတွင်း၌ ခုခံလိုစိတ် ပျောက်ကွယ်သွားသည်နှင့် သင်သည် ပျက်သုန်းသွားတော့မည်ဟု ဆိုလိုသည်။

…

“ငါ ကောင်းကင်တာအိုကို တိုင်တည်ပြီး ကြီးမားတဲ့ သစ္စာကတိ ပြုထားပြီးပြီ။ ဒီလောကမှာ ရှိတဲ့ လူတိုင်းဟာ နဂါးတစ်ကောင်လို၊ လူကြီးလူကောင်းတစ်ယောက်လို ဖြစ်လာစေဖို့ ငါ ထာဝရကျမ်းစာကို ရေးသားချင်ခဲ့တာ။ ဒီလို မိုးကြိုးကပ်ဘေးအတွင်းမှာ ငါ ဘယ်လိုလုပ် အဖျက်ဆီးခံရမှာလဲ။ ဘုန်း…၊ ကမ္ဘာတစ်ခုနဲ့ ကမ္ဘာတစ်ခု ထိပ်တိုက်တွေ့ကြစို့။ အတွေးတစ်စကနေ ဖန်တီးခြင်း၊ လေဟာနယ်အဖြစ် ပြောင်းလဲစေ၊ မဟာကမ္ဘာ တစ်ထောင်ကို ဖောက်ထွင်းပြီး မူလအစကို အလင်းပေးစေ။ အမိန့်တော်အတိုင်း အမြန်ဆုံး ဖြစ်စေ။”

ထိုတခဏမှာပင် ဟုန်ယွိ၏ အတွေးစအားလုံးသည် ငါးကြိမ်တိုင်တိုင် ဖျက်ဆီးခံလိုက်ရပြီး ငါးကြိမ်တိုင်တိုင် ပြန်လည် မွေးဖွားလာခဲ့သည်။ ပြိုလဲလုနီးပါး ဖြစ်နေသော နောက်ဆုံး အခိုက်အတန့်တွင် သူသည် ယခုလေးတင် နားလည်ထားသော “အတွေးတစ်ချက်ဖြင့် ကမ္ဘာတစ်ခု ဖန်တီးခြင်း” စွမ်းရည်ကို ထုတ်ဖော်လိုက်တော့သည်။

ဘုန်း….၊

ဟုန်ယွိ၏ အတွေးစတိုင်းမှာ ပေါက်ကွဲနေသော မီးအိမ်တစ်ခုကဲ့သို့ပင်။ ပြင်းထန်သော ပေါက်ကွဲမှုနှင့်အတူ ၎င်းတို့မှာ လူ့ဦးခေါင်းခွံခန့် အရွယ်အစားရှိသော၊ နေမင်းငယ်လေး များကဲ့သို့ စက်လုံးများအဖြစ် ပြောင်းလဲသွားသည်။ ထိုစက်လုံးများအတွင်း၌ ကြီးမားသော ဟင်းလင်းပြင်ကြီး ရှိနေပြီး၊ လူတစ်ယောက် အမှန်တကယ်ပင် ဝင်ဆန့်နိုင်သည်။

ဤသည်မှာ ကမ္ဘာငယ်လေးပင် ဖြစ်သည်။

ဟုန်ယွိ ဖန်တီးလိုက်သော ကမ္ဘာငယ်လေးမှာ မကြီးမားသော်လည်း လူတစ်ယောက်ကို ဝင်ဆန့်နိုင်သည်။ သို့သော် ၎င်း၏ သက်တမ်းမှာလည်း အလွန်တရာ တိုတောင်းလှသည်။ ထိုကမ္ဘာငယ်များ ပေါ်လာသည်နှင့် ၎င်းတို့မှာ မိုးကြိုးအတွင်းရှိ ကမ္ဘာငယ်များကို ချက်ချင်း ဝိုင်းပတ်လိုက်ပြီး ဖျစ်ညှစ်ထုတ်ပစ်ကြသည်။ မိုးကြိုးစွမ်းအင်မှ ဖြစ်ပေါ်လာသော ကမ္ဘာငယ်လေးများမှာ ဟုန်ယွိ၏ အတွေးစများအတွင်း ကြေမွသွားခဲ့ရပြီး၊ ဟုန်ယွိကို အန္တရာယ် မပေးနိုင်တော့ပေ။ ယင်းအစား ၎င်းတို့သည် ဟုန်ယွိအတွက် ကြီးမားသော အားဆေးတစ်ခု ဖြစ်သွားခဲ့သည်။

“ဒါဟာ ငါ့အတွက် အခွင့်အရေးပဲ။”

ထိုအခွင့်အရေးကို အရယူကာ ဟုန်ယွိ၏ အတွေးစ ၁၂,၈၀၀ မှာ ဟစ်ကြွေးလိုက်ပြီး ပြင်းထန်စွာ ပြန်ဆုတ်လိုက်ကြသည်။ ကြယ်တံခွန်တစ်ခု ကျဆင်းလာသည့် အရှိန်နှုန်းဖြင့် သူသည် စတုတ္ထအဆင့် မိုးကြိုးကပ်ဘေး အလွှာအတွင်းမှ ဆုတ်ခွာလာခဲ့တော့သည်။

ဟူး....

သူ ဆုတ်ခွာလိုက်သည်နှင့် တစ်ကိုယ်လုံး လွတ်လပ်ပေါ့ပါးသွားခဲ့သည်။

“ပဉ္စမအဆင့် မိုးကြိုးကပ်ဘေးက ဘယ်လိုမျိုးလဲ မသိဘူး။ ဆဋ္ဌမ၊ သတ္တမ၊ အဋ္ဌမနဲ့ နဝမအဆင့်တွေကရော။ မိုးကြိုးကပ်ဘေးရဲ့ ဗဟိုအချက်အချာမှာ ဘယ်လို လျှို့ဝှက်ချက် တွေ ရှိနေမလဲ။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ပဉ္စမအဆင့်ကို ရင်ဆိုင်ဖို့ ငါ့မှာ မျှော်လင့်ချက် မရှိတော့ဘူး။ စတုတ္ထအဆင့်က ငါ့ရဲ့ အကန့်အသတ်ပဲ။ ပြီးတော့ ငါ ကောင်းကင်နဲ့ မြေကြီး ကို ပူဇော်ခဲ့ပြီး ငါ့ရဲ့ အတွေးစတွေကို သန့်စင်ဖို့ ကြီးမားတဲ့ သစ္စာကတိ ပြုခဲ့ရတာ။ အင်း....”

ဟုန်ယွိ ဆုတ်ခွာလာချိန်တွင် သူသည် မိုးကြိုးကပ်ဘေး၏ ဗဟိုအချက်အချာကို အာရုံခံ ကြည့်လိုက်သည်။ သို့သော် သူသည် ပဉ္စမအဆင့်၏ လျှို့ဝှက်ချက်များကိုမူ ခံစား၍ မရပေ။ ထိုမသိရသေးသော လျှို့ဝှက်ချက်များက သူ့ကို အလွန်ပင် ဆွဲဆောင်နေပြီး အတွင်းသို့ ဝင်ရောက်စူးစမ်းရန် တိုက်တွန်းနေသော အတွေးစတစ်ခုလည်း ရှိနေသည်။

စတုတ္ထအဆင့် မိုးကြိုးကပ်ဘေးမှာပင် ကမ္ဘာကြီးနှင့် ကမ္ဘာငယ်တို့အကြား အလွန်တရာ နက်နဲဆန်းကြယ်ပြီး ခန့်မှန်းရ ခက်လှသည်။ ဟင်းလင်းပြင်၏ လျှို့ဝှက်ချက်များမှာ ဟုန်ယွိအတွက် အချိန်အတော်ကြာအောင် လေ့လာရန် လုံလောက်လှသည်။

ထိုသို့ဆိုလျှင် ပဉ္စမအဆင့်မှာ မည်ကဲ့သို့သော လျှို့ဝှက်ချက်များ ရှိနေမည်နည်း။

“တာအိုပညာရပ်တွေမှာ ပြောထားတာ မမှားပါဘူး။ သေခြင်းရှင်ခြင်းကို ကျော်လွန်ပြီး တစ္ဆေအင်မော်တယ် ဖြစ်လာတာဟာ ပထမဆုံး ခြေလှမ်းပဲ ရှိသေးတာ။ အဲဒီနောက်မှာ လည်း လျှို့ဝှက်ချက်တွေ အများကြီး ရှိနေသေးတယ်။ မိုးကြိုးကပ်ဘေး ရှစ်ဆင့်အထိ ကျော်ဖြတ်ထားတဲ့ မုန့်ရှန်းကျီဆိုရင်ရော ဘယ်လို နယ်ပယ်မျိုးမှာ ရှိနေမလဲ။ ကျင့်ကြံမှု မြင့်မားလေ၊ ကိုယ်မသိတာတွေ ပိုများလေပါလား။”

ဟုန်ယွိ၏ ရင်ထဲတွင် ရိုသေလေးစားမှုတစ်ခု ပေါ်ပေါက်လာသည်။ သို့သော် ထိုလေးစားမှု မှာ အားငယ်သော စိတ်ခံစားချက်မျိုး မဟုတ်ပေ။ ၎င်းအစား မိမိကိုယ်ကို မာန်မာန မထောင်လွှားရန်နှင့် အားမနည်းသွားစေရန် သတိပေးချက်တစ်ခုသာ ဖြစ်သည်။ သေခြင်းရှင်ခြင်း ကျင့်ကြံမှု လမ်းခရီးပေါ်တွင် ခြေတစ်လှမ်းချင်း ခိုင်ခိုင်မာမာနဲ့ ရှေ့ဆက် သွားခြင်းသည် လူကြီးလူကောင်းတစ်ဦး၏ မြင့်မြတ်သော ဂုဏ်ရည်ပင် ဖြစ်သည်။

ချန်ပီယံမြို့စားတွင်မူ ထိုကဲ့သို့သော ဂုဏ်ရည်မျိုး မရှိပေ။

…

“ငါ့ရဲ့ အားအင်တွေ ပြန်ပြည့်ဖို့ ရက်အတော်ကြာ အနားယူရဦးမယ်။ ငါ အခု အရမ်း အားနည်းနေတယ်။ ဒါနဲ့ ယင်းရှာရော ဘယ်လိုနေလဲ မသိဘူး။”

ဟုန်ယွိ ဆုတ်ခွာလာပြီးနောက် သူ၏ အတွေးစတိုင်း၌ ပင်ပန်းနွမ်းနယ်မှုနှင့် အားနည်းမှုကို ခံစားလိုက်ရသည်။ သူသည် မိုးကြိုးများကြားတွင် တုန်ယင်နေသော်လည်း ချန်ယင်းရှာကို သတိရလိုက်သည်။ သူသည် အမြန် အာရုံခံကြည့်လိုက်ရာ အခြားသော တိမ်တိုက်မည်း အုပ်စုတစ်ခုအတွင်း၌ ချန်ယင်းရှာ၏ အငွေ့အသက်ကို တွေ့လိုက်ရသည်။

“အငွေ့အသက် ရှိနေသေးတယ်ဆိုတော့ ကောင်းတာပေါ့။ ဒါဟာ သူမ မိုးကြိုးကပ်ဘေးကို ဘေးကင်းကင်း ကျော်ဖြတ်နိုင်ခဲ့တယ်လို့ အဓိပ္ပာယ်ရတယ်။ ဒါပေမဲ့ ပုံမှန်ဆိုရင် ပထမ အဆင့်က ဒီလောက်အထိ မခက်ခဲသင့်ဘူး။ ယင်းရှာက ငါ့နောက်ကို လိုက်ပြီး ဒုတိယ အဆင့်ကိုပါ ကျော်ဖြတ်ဖို့ ကြိုးစားနေတာလား။ အဲဒါကတော့ အနည်းငယ် ခက်ခဲလိမ့် မယ်။”

ချန်ယင်းရှာ၏ အငွေ့အသက်ကို အာရုံခံမိပြီးနောက် ဟုန်ယွိသည် စိတ်သက်သာရာရသွား ပြီး ထိုနေရာသို့ ပျံသွားလိုက်သည်။ သူသည် တိမ်တိုက်မည်းများအကြားတွင် လက်ခနဲ ဖြစ်နေသော ချန်ယင်းရှာ၏ အတွေးစများကို မြင်နိုင်ခဲ့သည်။ သူမသည် ပထမအဆင့် မိုးကြိုးကပ်ဘေးအတွင်း ကူးခတ်နေပြီး ဒုတိယအဆင့်သို့ ဝင်ရောက်ရန် ပြင်ဆင်နေသည်။

ရုတ်တရက်။

အခြေအနေမှာ ပြောင်းလဲသွားခဲ့ပြီ။

မိုးသည်းထန်စွာ ရွာသွန်းနေသည့် တိမ်တိုက်မည်းကြီးများအတွင်း၌ အခြားသော အစွမ်းထက်သည့် စိတ်ဝိညာဉ် အတွေးစလှိုင်းများ ဝေဝေဝါးဝါး ပေါ်ပေါက်လာခဲ့သည်။

“အဲဒါ ဘာလဲ။ တစ်စုံတစ်ယောက်က မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်နေတာလား။ မကောင်းတော့ဘူး။ အဲဒါ သူခိုးပဲ။”

ဟုန်ယွိသည် အလွန် အာရုံခံစားမှု ကောင်းလှသည်။ ထိုတခဏမှာပင် သူသည် အလွန် ဝေးကွာသော နေရာမှ သောင်းချီသော အတွေးစများကို မြင်လိုက်ရသည်။ ၎င်းတို့အားလုံး မှာ ကြည်လင်တောက်ပနေသည်။ ၎င်းတို့သည် လက်ခနဲ လင်းလက်နေရုံသာမက အတွေးစများ၏ အလယ်ဗဟိုတွင် လျှပ်စီးအလင်းတန်းများလည်း လင်းလက်နေ၏။ ၎င်းတို့ထံမှ အလွန် အစွမ်းထက်သော လျှပ်စီးသံများ ထွက်ပေါ်နေသည်။

ဤသည်မှာ တတိယအဆင့် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ထားသော လူတစ်ယောက် သာ ထုတ်ဖော်နိုင်သည့် နည်းစနစ် ဖြစ်သည်။ သူတို့၏ အတွေးစများမှာ အလွန် အစွမ်းထက်လှပြီး အလယ်ဗဟို၌ လျှပ်စီးစွမ်းအားများကို ထုတ်ဖော်နိုင်သည်။

မဟာနတ်ဆိုးအင်မော်တယ် ရှစ်ဦးအနက် ဉဒေါင်းဘုရင်၌သာ ဤနည်းစနစ် ရှိသည်။ မှန်ပါ သည်၊ ဉဒေါင်းဘုရင်တွင် ကြည်လင်ကောင်းကင်ပုလဲဟုခေါ်သော ကိုယ်ပွားတစ်ခု ရှိသည်။ ၎င်းသည်လည်း တတိယအဆင့် မိုးကြိုးကပ်ဘေး ပညာရှင်တစ်ဦးနှင့် ညီမျှသည်။ တစ်နည်းအားဖြင့် ဉဒေါင်းဘုရင် တစ်ဦးတည်းသည်ပင် တတိယအဆင့် မိုးကြိုးကပ်ဘေး ပညာရှင် နှစ်ဦးနှင့် ညီမျှသည်။ ဤသည်မှာလည်း သူသည် ကောင်းကင်မြွေဘုရင်မထက် အဆင့်ပိုမြင့်ရခြင်း၏ အကြောင်းရင်း ဖြစ်သည်။

သို့သော် ယခုတွေ့လိုက်ရသူမှာ မည်သို့ကြည့်ကြည့် ထူးကဲသော ပညာရှင်တစ်ဦး ဖြစ်သည်။ ထို့ပြင် သူသည် တတိယအဆင့် မိုးကြိုးကပ်ဘေးကို ယခုလေးတင် လောလောလတ်လတ် ကျော်ဖြတ်ထားသူလည်း ဖြစ်သည်။

ထိုပညာရှင်သည် မိုးကြိုးကပ်ဘေး ဒုတိယအဆင့်မှ တတိယအဆင့်သို့ ကူးပြောင်းခဲ့ခြင်း ဖြစ်သည်။ တတိယအဆင့်ကို ကျော်ဖြတ်ပြီးနောက် သူ၏ အတွေးစများမှာ အလွန်မင်း အားနည်းနေပေလိမ့်မည်။ ထို့ကြောင့် သူသည် မိုးကြိုးကပ်ဘေး ရင်ဆိုင်နေသော ချန်ယင်းရှာကို မြင်သောအခါ သူမ အလွန် အားနည်းနေချိန်တွင် သူမ၏ အတွေးစများကို ဝါးမြိုကာ မိမိ၏ စွမ်းအားကို ဖြည့်တင်းရန် ပျံသန်းလာခြင်း ဖြစ်သည်။

ဤသည်မှာ အကောင်းဆုံး အခွင့်အရေးပင်။ အကယ်၍ ချန်ယင်းရှာ၏ အသိစိတ်ကို မိုးကြိုး ကပ်ဘေးက ဖယ်ရှားပစ်လိုက်ပါက သူသည် ထိုအခွင့်အရေးကို အသုံးချကာ သူမ၏ အတွေးစများကို ဝါးမြိုပြီး သူ၏ စွမ်းအားကို ချက်ချင်း ပြန်လည် ရရှိနိုင်မည် ဖြစ်သည်။ ထိုအခါ သူသည် မိုးကြိုးကပ်ဘေးအပြီး အားနည်းသော အခြေအနေကို ရှောင်ရှားနိုင်မည် ဖြစ်သည်။

…

လျှပ်စီးသံများနှင့် လျှပ်စီးအလင်းတန်းများ ပါဝင်သော ထိုအတွေးစများမှာ လေထုထဲတွင် ကခုန်နေကြသည်။ ချန်ယင်းရှာသည် အန္တရာယ်ကို ခံစားမိသည်။ သူမသည် ဒုတိယအလွှာ သို့ ဝင်ရောက်မည့် အစီအစဉ်ကို ရုတ်တရက် ရပ်တန့်လိုက်သည်။ အတွေးစပေါင်း သုံးထောင်ကျော်မှာ တပြိုင်တည်း စုစည်းသွားပြီး သူမ၏ ပုံသဏ္ဌာန်အဖြစ် ပြောင်းလဲသွား သည်။ သူမသည် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး စိတ်ဝိညာဉ်ကို ခိုင်မာအောင် လုပ်ဆောင်လိုက်သည်။ ထို့နောက် သူမသည် တိုးဝင်လာသော အတွေးစများထံသို့ “ကောင်းကင်ဘုံကိုးခုမိုးခြိမ်းသံ” အကွက်ကို ပြင်းထန်စွာ ရိုက်လွှတ်လိုက်သည်။

“တတိယမင်းသားက မင်းကို ဝါးမြိုတော့မှာ။ မင်းက ခုခံဝံ့သေးတယ်ပေါ့။”

ရုတ်တရက် ပျံသန်းလာသော ထိုအတွေးစများထံမှ ခံ့ညားထည်ဝါပြီး ဩဇာအာဏာ ကြီးမားသော အသံတစ်ခု ထွက်ပေါ်လာသည်။ အတွေးစပေါင်း ရှစ်ထောင်၊ ကိုးထောင်ခန့် မှာ ရုတ်တရက် စုစည်းသွားပြီး လူပုံသဏ္ဌာန် ဖြစ်လာသည်။ သူသည် ဝါဂွမ်းရောင် ဝတ်စုံနှင့် မြင့်မားသော ကျောက်စိမ်းသရဖူကို ဆောင်းထားသည်။ သူ၏ ခန္ဓာကိုယ်မှာ သွယ်လျပြီး ဟန်ချက်ညီကာ လှုပ်ရှားမှုတိုင်းတွင် အနှိုင်းမဲ့ အုပ်စိုးသူ အရှိန်အဝါများ ထွက်ပေါ်နေသည်။

သူသည် မိုးကြိုးကပ်ဘေး အလယ်ဗဟို၌ တိုက်ခိုက်နေခြင်း ဖြစ်သည်။

ထိုကဲ့သို့သော သတ္တိမျိုးမှာ အနှိုင်းမဲ့လှ၏။

“ကမ္ဘာကို အုပ်စိုးနိုင်သော တော်ဝင်စွမ်းအား။”

မိမိကိုယ်ကို တတိယမင်းသားဟု ခေါ်ဆိုသူသည် သူ၏ အတွေးစများကို စုစည်းကာ ချန်ယင်းရှာထံသို့ တိုးဝင်သွားတော့သည်။ သူသည် မိုးကြိုးပေါက်ကွဲမှုများအကြားတွင် ဘုရင်တစ်ပါး၏ အရှိန်အဝါဖြင့် ဒေါသတကြီး ဟစ်ကြွေးလိုက်သည်။ သူ လက်သီးတစ်ချက် ထိုးလိုက်သောအခါ လေထုထဲတွင် လေပွေတစ်ခု ဖြစ်ပေါ်လာပြီး ရှေးခေတ် အုပ်စိုးရှင် တစ်ဦး လူ့လောကသို့ ဆင်းသက်လာသကဲ့သို့ပင်။

… …

“ကမ္ဘာကို အုပ်စိုးနိုင်သော တော်ဝင်လက်သီး။ မဟာကျိုးမင်းဆက်ရဲ့ တော်ဝင်သိုင်းပညာ ပဲ။ တတိယမင်းသားလား။ ဒီလူဟာ လွန်ခဲ့တဲ့ အနှစ် ၆၀ က မဟာကျိုးမင်းဆက် ပျက်သုဉ်း ပြီးနောက် သာမန်လူ့လောကထဲ ထွက်ပြေးလွတ်မြောက်သွားတဲ့ တတိယမင်းသားလား၊ သူက မိုးကြိုးကပ်ဘေးအတွင်းမှာ ယင်းရှာကို ဝါးမြိုပြီး သူ့ရဲ့ အားနည်းနေတဲ့ အခြေအနေ ကို ကျော်လွှားဖို့ ကြိုးစားနေတာလား။ သူ သေချင်နေတာပဲ။”

ဟုန်ယွိသည် မိုးကြိုးကပ်ဘေးအတွင်း၌ ဤမျှ ကြမ်းတမ်းပြီး လွှမ်းမိုးနိုင်စွမ်းကြီးမားသော ပညာရှင်တစ်ဦးနှင့် ဆုံတွေ့ရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

သူသည် တွန့်ဆုတ်မနေဘဲ သူ၏ အတွေးစများကို စုစည်းကာ ပစ္စုပ္ပန်ဗုဒ္ဓအဖြစ် ပြောင်းလဲ လိုက်သည်။ သူသည် ရှေ့သို့ တိုးဝင်ကာ ချန်ယင်းရှာ၏ ရှေ့တွင် ရပ်တန့်လိုက်ပြီး ဉာဏ်ပညာတံဆိပ်နှင့် ဗုဒ္ဓလက်ဝါးကို ထုတ်ဖော်လိုက်တော့သည်။

“တထာဂတ ဗုဒ္ဓတံဆိပ်။”

တတိယမင်းသားသည် ဟုန်ယွိ ရုတ်တရက် ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ဗုဒ္ဓလမ်းစဉ်၏ အရှင်သခင်တစ်ဦး၏ အရှိန်အဝါနှင့် ခံ့ညားလှသော ဗုဒ္ဓတစ်ပါး ဆင်းသက် လာသည်ကို သူ မြင်လိုက်ရ၏။ ထိုလက်သီးမှာ ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံထားပြီး မိုးကြိုးတိမ်တိုက်များကိုပင် အရောင်မှိန်သွားစေသည်။ သူ၏ မျက်နှာထားမှာ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။

ဘုန်း….။

လက်သီးနှစ်ခု ထိပ်တိုက် တွေ့ဆုံသွားကြသည်။

လျှို့ဝှက်ဆန်းကြယ်သော တတိယမင်းသား၏ ပုံရိပ်မှာ လက်ခနဲ ဖြစ်သွားပြီး အတွေးစ ကိုးထောင်အဖြစ် ကွဲထွက်သွားသည်။ သူ၏ အတွေးစများမှာ ထပ်မံ အားနည်းသွားပြီး ပြင်းထန်သော ဒဏ်ရာ ရရှိသွားပုံရသည်။ သူသည် သူ၏ စွမ်းအားအားလုံးကို အသုံးပြုကာ ထိုနေရာမှ ထွက်ပြေးရန် ကြိုးစားလိုက်သည်။

“မင်း ဘယ်ကို ပြေးမလို့လဲ။”

ဟုန်ယွိက ဒေါသတကြီး ဟစ်ကြွေးလိုက်သည်။ သူသည် အခွင့်ကောင်းယူရန် ကြိုးစားပြီး သူ့ကို သတ်ရန် ကြံစည်ခဲ့သော တတိယမင်းသားကို လိုက်လံ ဖမ်းဆီးတော့မည် ဖြစ်သည်။ ထိုအချိန်မှာပင် ကောင်းကင်မှ မိုးကြိုးများမှာ ပိုမို ပြင်းထန်လာခဲ့သည်။ လျှပ်စီးတန်းများမှာ ပိုက်ကွန်တစ်ခုသဏ္ဌာန် ဖြန့်ကျက်လာကြသည်။

ကြည့်ရသည်မှာ မိုးကြိုးများ ထပ်မံ စုစည်းလာခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဟုန်ယွိသည် အားနည်းမှုကို ခံစားလိုက်ရသည်။ အကယ်၍ သူသာ တတိယမင်းသားကို ဤအတိုင်း ဆက်လိုက်ပါက၊ တတိယမင်းသားတွင် အကူအညီများ ရှိနေလျှင် သူ ဒုက္ခရောက်သွားနိုင်သည်။ ထို့ကြောင့် သူ ရပ်တန့်လိုက်သည်။

“ဆန်းကြယ်ကောင်းကင်ဘုံခန်းမသခင် ပြောတာ မမှားဘူး၊ မဟာကျိုးမင်းဆက်ရဲ့ အကြွင်းအကျန်တွေ ပြန်ပေါ်လာပြီပဲ။ ဒါဟာ မဟာကျိုး တော်ဝင်မိသားစုရဲ့ ဒဏ္ဍာရီလာ တတိယမင်းသားပဲ။ မဟာကျိုးမင်းဆက်ကို တည်ထောင်ခဲ့တဲ့ ဘိုးဘေးကြီးကရော ဘယ်မှာလဲ။ ဒီတတိယမင်းသားက ဟုန်လင်းဘိုးဘေး အဆင့်မှာ ရှိနေပြီး တတိယအဆင့် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ထားတာပဲ။ ဒါပေမဲ့ မဟာကျိုးမင်းဆက်က မရှိတော့ဘူး။ မင်းသာ ငါ့ကို လာမထိရင် ငါ မင်းကို ဂရုစိုက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အခုတော့ မင်း ငါ့ကို လာထိပြီဆိုတော့ မင်းကို ငါ လာရှာမှာပဲ။”

တော်ဝင်ချန်မင်းဆက်ကို တည်ထောင်သူ ဘိုးဘေးကြီးသည် မဟာကျိုးမင်းဆက်ကို ဖျက်ဆီးခဲ့စဉ်က မဟာကျိုးမင်းဆက်၏ တတိယမင်းသားကို မဖမ်းဆီးနိုင်ခဲ့ပေ။ ဤသည် မှာ အရပ်သားများအကြား ဒဏ္ဍာရီတစ်ခု ဖြစ်ခဲ့သည်။ သို့သော် ယခုအခါ သူသည် ဟုန်ယွိ၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

All Chapters