← Chapters

အခန်း (၃၇၉-၃၈၀)

Vol. 35 Ch. 379-380

အခန်း (၃၇၉-၃၈၀)

Vol. 35 Ch. 379-380

အခန်း (၃၇၉)။

ကောင်းကင်ယံတွင် မိုးခြိမ်းသံများမှာ တစ်ချက်ပြီးတစ်ချက် မပြတ်တမ်း မြည်ဟည်းနေ ၏။

မိုးများက သည်းထန်စွာ ရွာသွန်းနေ၏။

ထူထပ်သော တိမ်စိုင်တိမ်မည်းများကြားတွင် ငွေရောင်လျှပ်စီးမြွေများမှာ တစ်လောကလုံး ကို အစိစိမွှာမွှာ ဖျက်ဆီးပစ်တော့မည့်အလား ရူးသွပ်စွာ ကခုန်နေကြသည်။

ဟုန်ယွိ ပြင်ဆင်ထားသော ချိုင့်ဝှမ်းအတွင်း၌ ရွှံ့နွံများဖြင့် ပြည့်နှက်နေပြီး ရေလှိုင်းများမှာ တဟုန်ထိုး တိုးထွက်နေသည်။ သူတို့၏ ပစ္စည်းများကို ပိုမိုမြင့်မားသော နေရာသို့ ရွှေ့ပြောင်းထားကြရသည်။

ဤတစ်ကြိမ် မိုးခြိမ်းသံများမှာ အလွန်ပင် ထူးခြားလှသည်။ ကောင်းကင်နှင့် မြေကြီး အကြားတွင် အရာရာကို ဆေးကြောသန့်စင်ခြင်း၊ ဆန်းသစ်တီထွင်ခြင်းနှင့် ပြောင်းလဲခြင်း အငွေ့အသက်များ ရှိနေသည်။

“ပြင်းထန်တဲ့ လေပြင်းတွေ၊ ကောင်းကင်ယံမှာ ပျံသန်းနေတဲ့ လျှပ်စီးမြွေတွေ... ဒါတွေဟာ တကယ့်ကို ကောင်းကင်ယံရဲ့ ထူးခြားတဲ့ ဖြစ်စဉ်တွေပဲ။ အရာရာကို အသစ်တဖန် ပြောင်းလဲပေးမယ့် ဒယ်အိုးကြီးတစ်လုံးလိုပဲ...” ဟု နင်ဂျာဘုန်းတော်ကြီးက ကောင်းကင်မှ မိုးကြိုးများကို ကြည့်ကာ ရေရွတ်လိုက်သည်။ သူသည် သိုင်းသူတော်စင်တစ်ဦး ဖြစ်သဖြင့် သူ၏ စိတ်ဝိညာဉ်မှာ သိုင်းသူတော်စင်အဆင့်သို့ ရောက်ရှိနေပြီး ကောင်းကင်နှင့် မြေကြီး ၏ ထူးခြားဖြစ်စဉ်များကိုကြည့်ကာ ဤလူ့ဘုံလောက၏ အလားလာများကို ခံစားနိုင် သည်။

“ကောင်းကင်ဖြစ်စဉ်တွေ ပြောင်းလဲရင် လူသားလောကလည်း ပြောင်းလဲတတ်တယ်။ ဒါဟာ တော်ဝင်ချန် မင်းဆက်တစ်ခုလုံး အပြောင်းအလဲများ ဖြစ်မလား။ ဒါမှမဟုတ် တော်ဝင်ချန် တော်ဝင်မိသားစုနဲ့ ဟုန်ရွှန်ကျိတို့ရဲ့ မူဝါဒအသစ်တွေကြောင့် ဒီလောကမှာရှိ တဲ့ အထက်တန်းလွှာ မိသားစုကြီးတွေ ပြိုလဲပျက်ဆီးတော့မှာလား ငါမသိဘူး။ လောကကြီးက ရှုပ်ထွေးနေပြီး လူတွေကလည်း ဗရမ်းဗတာ ဖြစ်နေတာပဲ။ ရှင်းပြဖို့ ခက်တယ်...” ဤအချိန်တွင် သခင်ကျိုးလည်း သက်ပြင်းချရင်း နင်ဂျာဘုန်းတော်ကြီး၏ စကားကို ထောက်ခံလိုက်သည်။

သခင်ကျိုးသည်လည်း အလွန်ပင် ဉာဏ်ပညာကြီးမားသူ ဖြစ်သည်။ ဤနှစ်အတွင်း သူသည် ဟုန်ယွိထံတွင် သစ္စာခံခဲ့သည်။ အစပိုင်းတွင် သူသည် ဟန်ဆောင်ကောင်းခဲ့ သော်လည်း နောက်ပိုင်းတွင် ဟုန်ယွိ၏ တာအိုပညာနှင့် လျှို့ဝှက်ဆန်းကြယ်မှုများမှာ တဖြည်းဖြည်း ကြီးထွားလာခဲ့သည်။ အစပိုင်းတွင် ဟုန်ယွိသည် ထိပ်တန်းအဆင့်တွင် ရှိခဲ့သော်လည်း နောက်ဆုံးတွင် ဒဏ္ဍာရီတစ်ခု ဖြစ်လာခဲ့သည်။ သခင်ကျိုးမှာ လုံးဝ ဥဿုံ အညံ့ခံသွားခဲ့ပြီ ဖြစ်သည်။

ယခုချိန်တွင် ဟုန်ယွိနှင့် နှိုင်းယှဉ်လျှင် သူယခင်က အားကိုးခဲ့ဖူးသော မင်းသားဟီမှာ ဖုန်မှုန့်မျှသာ ရှိတော့သည်။ သူသည် ဟုန်ယွိထံ စိတ်ရင်းဖြင့် ခိုလှုံလိုက်ပြီးနောက် သူ၏ စွမ်းရည်များကို အပြည့်အဝ ထုတ်ဖော်နိုင်ခဲ့သည်။ သူသည် အရာရာကို စနစ်တကျ လုပ်ဆောင်ပေးခြင်း၊ သတင်းထောက်လှမ်းခြင်း၊ မုရုံယန်ကို စီးပွားရေးစီမံခန့်ခွဲရာတွင် ကူညီပေးခြင်း၊ ချမ်းသာ ကြွယ်ဝမှုများကို စုဆောင်းပေးခြင်း၊ အရာရှိများနှင့် ဆက်သွယ် ခြင်းနှင့် အင်အားစု အမျိုးမျိုးနှင့် မိတ်ဖွဲ့ခြင်းတို့ကို လုပ်ဆောင်ပေးခဲ့သည်။ “ထောင်လိုက် နှင့် အလျားလိုက်ပါ မဟာမိတ်များ” တည်ဆောက်ရာတွင် သူသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ("မိတ်ဆွေတွေကို ရန်သူဖြစ်အောင်၊ ရန်သူကို မိတ်ဆွေဖြစ်အောင်" နိုင်ငံရေး ကစားကွက်များတွင် အမြဲပြောင်းလဲနေသော မဟာမိတ်ဆက်ဆံရေးများကို ရည်ညွှန်းခြင်း ဖြစ်ပါသည်။)

ထို့ပြင် သူ၏ ကျင့်ကြံမှုမှာ ခန္ဓာကိုယ်သိမ်းပိုက်ခြင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် အားကိုးထိုက်သော တိုက်ခိုက်ရေးစွမ်းအားလည်း ရှိသည်။

“သခင်လေးက ဒီတစ်ကြိမ် မိုးကြိုးကပ်ဘေး ဘယ်နှစ်ဆင့်အထိ ကျော်ဖြတ်နိုင်မလဲဆိုတာ ငါ သိချင်မိတယ်။ တကယ်လို့, သူသာ စတုတ္ထအဆင့်အထိ တစ်ခါတည်း ကျော်ဖြတ်နိုင်ရင် လောကကြီးကို တုန်လှုပ်စေမယ့် အင်အားစုတစ်ခု ဖြစ်လာလိမ့်မယ်။ ဒီလောကကြီးမှာ ဘယ်သူ့ကိုမှ ကြောက်စရာမလိုတဲ့လူမျိုးက အရမ်းရှားတာ... ဒီလို သခင်မျိုးရှိနေမှ ငါ့ရဲ့ ဘေးကင်းလုံခြုံမှုလည်း ပိုစိတ်ချရပြီ။ နောင်မှာ ငါ အစွမ်းကုန် ကြိုးစားပြီး ကြီးကျယ်တဲ့ အလုပ်တွေကို လုပ်နိုင်တော့မယ်။”

သခင်ကျိုးသည် တွေးတောရင်း အတော်ပင် ရင်ခုန်နေမိသည်။ သို့သော် မုကလေး၊ ရွှေပင့်ကူနှင့် မြေခွေးလေး သုံးကောင်တို့မှာမူ ကောင်းကင်ယံကိုသာ ငေးကြည့်နေကြ သည်။

ချီဇီယန်၊ ဦးလေးဂန်နှင့် မုရုန်ယန်တို့မှာ မြေပြင်တွင် တင်ပလ္လင်ခွေ ထိုင်နေကြသည်။ သူတို့၏ ခေါင်းပေါ်တွင် ရေစိုးမခံရစေရန် အဖြူရောင် ဝံပုလွေသားရေဖြင့် ပြုလုပ်ထား သော တဲငယ်လေးများ ရှိနေသည်။ ဤဝံပုလွေသားရေမှာ အထူးပြုပြင်ထားသဖြင့် ကြာပန်းဖက်ကဲ့သို့ပင် ရေမစိုပေ။ ၎င်းမှာ အကောင်းဆုံး ရေစိုခံကိရိယာ ဖြစ်သည်။ ထို့ကြောင့် သူတို့သုံးဦးစလုံးမှာ ခြောက်သွေ့နေကြသည်။

“ဟင်။” ထိုအခိုက်အတန့်တွင် နင်ဂျာဘုန်းတော်ကြီး၏ မျက်လုံးများက ဝင်းခနဲ လင်းလက် သွားခဲ့သည်။

“အခြေအနေတစ်ခုခု ထူးခြားနေပုံရတယ်။”

ရှူး…၊ လူတိုင်းမှာ အလယ်ဗဟိုရှိ စကြဝဠာအိတ်ကို ကာကွယ်ရန် စုရုံးလိုက်ကြသည်။ စကြဝဠာ အိတ်အတွင်း၌ ဟုန်ယွိနှင့် ချန်ယင်းရှာတို့၏ အရေးကြီးသော ခန္ဓာကိုယ်များ ရှိနေသလို အဖိုးတန် ရတနာများစွာလည်း ရှိနေသည်။ လူတိုင်းမှာ ကြောက်မက်ဖွယ် ရန်သူကို ရင်ဆိုင်နေရသကဲ့သို့ တည်ငြိမ်နေကြသည်။

…

“ခုနက ဘယ်သူလဲ။ ငါ ဒုတိယအဆင့် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ခါနီး အခိုက်အတန့် ကို အခွင့်ကောင်းယူပြီး ရုတ်တရက် တိုက်ခိုက်သွားတာပဲ။ ဟုန်ယွိ၊ မင်း အချိန်မီ ရောက်လာလို့ တော်သေးတာပေါ့။ မဟုတ်ရင် ငါ အစွမ်းကုန် ရုန်းကန်နေရချိန်မှာ ငါ့ကို ဒုတိယအဆင့် မိုးကြိုးစက်ဝန်းထဲ ရိုက်သွင်းပြီး ငါ့ရဲ့ အတွေးစတွေကို ဝါးမြိုကာ သူ့ရဲ့ စိတ်ဝိညာဉ်ကို အားဖြည့်သွားမှာပဲ။”

ကောင်းကင်ယံတွင် ဟုန်ယွိနှင့် ချန်ယင်းရှာတို့ ပြန်လည် စုံစည်းမိကြသည်။ မောက်မာလှ သော ထိုစိတ်ဝိညာဉ် ပျံသန်းလာသည်ကို ဟုန်ယွိက မောင်းထုတ်လိုက်သည်ကို မြင်သော အခါ ချန်ယင်းရှာ၏ မျက်ခုံးများက လှုပ်ခတ်သွားသည်။

အခုနက အခြေအနေမှာ အလွန် ပင် အန္တရာယ်များလှသည်။

ပုံမှန်အားဖြင့် လူတစ်ဦး၏ အတွေးစများကို ဝါးမြိုရန် ကြီးမားသော မှော်စွမ်းအားများနှင့် မှတ်ဉာဏ်များ လိုအပ်သည်။ မိုးကြိုးကပ်ဘေးအတွင်း၌ စိတ်ဝိညာဉ်မှာ အလွန် အားနည်း နေပြီး မှတ်ဉာဏ်များမှာလည်း ဖရိုဖရဲ ဖြစ်နေတတ်သည်။ ဤအခွင့်အရေးကိုသာ ကောင်းကောင်း ဆုပ်ကိုင်နိုင်ပါက အခြေအနေကို အသုံးချနိုင်သည်။ သို့သော် မိုးကြိုး ကပ်ဘေးအတွင်း၌ ထိုသို့လုပ်ဆောင်ရန်မှာ အလွန်တရာ အန္တရာယ်များလှသည်။ ၎င်းမှာ ရေထဲသို့ ခုန်ဆင်းပြီး မိကျောင်းပါးစပ်ထဲက အစာကို လုယူသကဲ့သို့ပင် ဖြစ်သည်။

“ဆန်းကြယ်ကောင်းကင်ဘုံခန်းမသခင် ပြောတာ မှန်တယ်။ မဟာကျိုးမင်းဆက်ရဲ့ အကြွင်းအကျန်တွေ မသေသေးဘူး။ ခုနကလူ သုံးသွားတဲ့ သိုင်းပညာက မဟာကျိုး မင်းဆက်ရဲ့ “ဧကရာဇ်အာဏာစက်ကျမ်း” ထဲက လျှို့ဝှက်လက်သီး အကွက်ပဲ။ ငါ ဒိုင်ဇင် ဘုရားကျောင်းက စာအုပ်တွေထဲမှာ ဖတ်ဖူးတယ်။ ဒီလူဟာ နှစ်ပေါင်းများစွာ လူတွေကြား ထဲ ပုန်းအောင်းနေပြီး တော်ဝင်ချန် ဧကရာဇ် လေးဆက်တိုင်တိုင် ထမင်းမေ့ ဟင်းမေ့ ဖြစ်အောင် ဒုက္ခပေးခဲ့တဲ့ မဟာကျိုးမင်းဆက်ရဲ့ တတိယမင်းသား ဖြစ်ရမယ်။ သူ့ရဲ့ တာအိုပညာက ဒီလောက်အထိ အစွမ်းထက်လိမ့်မယ်လို့ မထင်ထားဘူး။ သူက ငါတို့နဲ့ အတူ မိုးကြိုးကပ်ဘေးကို တတိယအဆင့်အထိ ကျော်ဖြတ်နိုင်ခဲ့တာပဲ။”

“မိုးကြိုးကပ်ဘေး တတိယအဆင့်၊ အခုနက ဘာလို့ ဒီလောက် ဖိအားတွေ ခံစားခဲ့ရလဲဆို တာ အံ့သြစရာ မရှိတော့ပါဘူး...” ချန်ယင်းရှာက စဉ်းစားရင်း မေးလိုက်သည်။ “ဒါနဲ့ မင်းကရော ဘယ်နှစ်ဆင့် ကျော်ဖြတ်နိုင်ခဲ့လဲ။”

“ငါကတော့ အတွေးတစ်ခုနဲ့ ကမ္ဘာတစ်ခု ဖန်တီးနိုင်တဲ့ လျှို့ဝှက်ချက်ကို နားလည်သွားပြီ။ ဒါပေမဲ့ ငါ့ရဲ့ကျင့်ကြံမှုကို ပြန်လည်ကုစားပြီး ခိုင်မာအောင် လုပ်ဖို့ လိုသေးတယ်။ လောရင် အမှားပါတတ်တယ်၊ ဖြည်းဖြည်းချင်းပဲ သွားတာ ပိုကောင်းမယ်။” ဟုန်ယွိက ဆိုသည်။

“ဒုတိယအဆင့် မိုးကြိုးကပ်ဘေးက အလွန် အန္တရာယ်များတယ်။ ငါလည်း ငါ့ရဲ့ ကျင့်ကြံမှု ကို ခိုင်မာအောင် လုပ်ပြီး နောက်ထပ် မိုးကြိုးကပ်ဘေးကို စောင့်ဆိုင်းဖို့ လိုလိမ့်မယ်။ တစ်ဆင့်ဆိုရင်ပဲ လုံလောက်ပါပြီ။” ချန်ယင်းရှာသည်လည်း အားအင်များ ကုန်ခမ်းနေပြီး ပိုမိုစုဆောင်းရန် လိုအပ်ကြောင်း ခံစားလိုက်ရသည်။

“မှန်တယ်။ အားအင်တွေ ပိုမိုစုဆောင်းထားမှ အန္တရာယ် မရှိမှာ။ မဟုတ်ရင် 'မာနကြီးတဲ့ နဂါး နောင်တရတတ်တယ်'ဆိုသလို ဖြစ်သွားနိုင်တယ်။”

ချန်ယင်းရှာ၏ စိတ်ဝိညာဉ်မှာ အနည်းငယ်သာ ပင်ပန်းနေပြီး အားအင်များစွာ ကုန်ခမ်းခြင်း မရှိသည်ကို ဟုန်ယွိ မြင်လိုက်ရသည်။ သူမသည် ပထမအဆင့်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ကြောင်း သူ သိလိုက်သည်။ ၎င်းမှာ အခြားသော တစ္ဆေအင်မော်တယ်များ ကဲ့သို့ ရေခဲလွှာ ပါးပါးပေါ်တွင် လမ်းလျှောက်နေရသကဲ့သို့ တုန်လှုပ်ခြောက်ခြားစရာ မဟုတ်ခဲ့ပေ။ ဤသည်မှာ အားအင်များကို ကြိုတင် စုဆောင်းထားခြင်း၏ ရလဒ်ပင် ဖြစ်သည်။ အကယ်၍ သူမသည် အတိတ်အမိတ္တဘကျမ်းကို မကျင့်ကြံခဲ့ဘဲ၊ မိုးကြိုး ကပ်ဘေးပညာရှင်များ၏ စိတ်ဝိညာဉ်များနှင့် နတ်ဆိုးနတ်ဘုရား သွေးစက်များကို မစုပ်ယူခဲ့ပါက မိုးကြိုးကပ်ဘေးမှာ ဤမျှ လွယ်ကူလိမ့်မည် မဟုတ်ပေ။

“လာ... အောက်ကို ဆင်းရအောင်။ ငါ အနားယူပြီး ပြန်လာရင် လုပ်စရာတွေ အများကြီး ရှိသေးတယ်။ မဟာကျိုးမင်းဆက်ရဲ့ တတိယမင်းသား... ဒါက ပြဿနာကြီး မဟုတ်သေး ဘူး။ တကယ် ကြောက်စရာကောင်းတာက မဟာကျိုးမင်းဆက်ကို တည်ထောင်ခဲ့တဲ့ ဘိုးဘေးကြီးပဲ...။ တတိယမင်းသားရဲ့ ကျင့်ကြံမှု ဒီလောက် မြင့်မားနေတာဟာ သူ့နောက်ကွယ်မှာ တစ်စုံတစ်ယောက် ရှိနေလို့ပဲ ဖြစ်ရမယ်။ မဟုတ်ရင် သူ ဘယ်လိုလုပ် ဒီအဆင့်အထိ ရောက်နိုင်မှာလဲ။”

“မင်းဆက်တစ်ခုကို တည်ထောင်ခဲ့တဲ့ ဘိုးဘေးကြီးဟာ လူသားလမ်းစဉ် (တာအို) ကို တည်ထောင်ခဲ့သူပဲ။ သူ မသေသေးဘူးဆိုရင် သူ ဘယ်လောက်တောင် အစွမ်းထက်နေမ လဲ။ ငါ ကိုယ်တိုင် မြင်ဖူးချင်တယ်။ အနောက်ဘက်ဒေသ စစ်ပွဲမှာ သူက ဘယ်လို အခန်း ကဏ္ဍကနေ ပါဝင်လာမလဲဆိုတာ...” ဟုန်ယွိက စဉ်းစားရင်း ချန်ယင်းရှာနှင့်အတူ ပျံသန်းပြီး အောက်သို့ ဆင်းလာခဲ့သည်။

နင်ဂျာဘုန်းတော်ကြီးနှင့် အခြားသူများသည် ရန်သူကို ရင်ဆိုင်ရန် အသင့်ပြင်နေစဉ်မှာပင် ကောင်းကင်မှ အလင်းတန်း နှစ်ခု ဆင်းသက်လာသည်။ ၎င်းတို့မှာ ဟုန်ယွိနှင့် ချန်ယင်းရှာ တို့ပင် ဖြစ်သည်။ သူတို့သည် ဆင်းသက်လိုက်သည်နှင့် စကြဝဠာအိတ် အတွင်းသို့ ဝင်ရောက်သွားကြပြီးနောက် သူတို့၏ ခန္ဓာကိုယ်များထဲသို့ ပြန်လည် ဝင်ရောက်ကြသည်။

“အားလုံးကို စကြဝဠာအိတ်ထဲ ထည့်လိုက်တော့။ ငါတို့ ကွန်အယ်တောင် အပြင်ဘက်ကို ထွက်ပြီး ချီလက်ပြည်နယ်ရဲ့ ဓားမြို့တော်ကို မြင်းစီးပြီး သွားကြမယ်။ ချီပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးဟာ ငါ့ကို ကိုင်တွယ်ဖို့ နတ်ဘုရားတန်ခိုးရှင်ဆီကနေ အမိန့်ရထား လောက်ပြီလို့ ငါ ထင်တယ်။”

ဟုန်ယွိက လက်ဝှေ့ယမ်းလိုက်ရာ သူ၏ လက်အောက်ငယ်သားများ အားလုံး စကြဝဠာ အိတ်ထဲသို့ ဝင်သွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည် ကွန်အယ်တောင် အပြင်ဘက်သို့ ရောက်ရှိသွားပြီး ချီပြည်နယ်၏ မြို့တော်ဖြစ်သော ဓားမြို့တော်ဆီသို့ အပြင်းနှင်ခဲ့ကြသည်။

…

ချီပြည်နယ်တွင် ပြည်နယ်ခွဲ ငါးခုရှိပြီး မြို့တော်မှာ ဓားမြို့တော် ဖြစ်သည်။ ဓားမြို့တော် သည် ဓားများသွန်းလုပ်ခြင်းနှင့် ဓားသိုင်းပညာရပ်များဖြင့် ကျော်ကြားသည်။ ချီပြည်နယ် ထွက် ဓားများကို နှစ်စဉ် နန်းတွင်းသို့ ဆက်သရ၏။ တစ်ချိန်တည်းမှာပင် တော်ဝင်ချန်၏ 'ရေခဲကွဲသံမဏိ'ကို ဓားမြို့တော် အနီးရှိ ရှိုးကန်တောင်တွင် ထုတ်လုပ်သည်။

ထို့ပြင် ချီပြည်နယ်ရှိ အထက်တန်းလွှာ မိသားစုများစွာသည် ရှေးဟောင်း ဓားသိုင်း အမွေ အနှစ်များကို ပိုင်ဆိုင်ထားကြသည်။ ရှေးယခင်ကတည်းက ချီပြည်နယ်မှ လုပ်ကြံ သတ် ဖြတ်များသည် ကျော်ကြားလှသည်။ မဟာကျိုးမင်းဆက် လက်ထက်တွင် ချီပြည်နယ်ကို "စီပြည်နယ်"ဟု ခေါ်ပြီး ၎င်း၏ အဓိပ္ပာယ်မှာ "လုပ်ကြံသတ်ဖြတ်သူတို့၏ ပြည်နယ်" ဖြစ်သည်။ တော်ဝင်ချန် နှစ်ပေါင်း ၆၀ ပြည့်တွင် ချန်ဧကရာဇ်က ထိုကြောက်မက်ဖွယ် ကောင်းသော အမည်ကို ချီပြည်နယ် (နီရဲသောပြည်နယ်) ဟု ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။

ဤအချက်ကို ကြည့်ခြင်းဖြင့် ချီပြည်နယ်၏ အခြေအနေမှာ မည်မျှ ရှုပ်ထွေးသည်ကို မြင်နိုင်သည်။ မရေတွက်နိုင်သော မိသားစုများမှာ ဓားများ သွန်းလုပ်ပြီး လုပ်ကြံသတ်ဖြတ် သူများကို လေ့ကျင့်ပေးကြသည်။ သူတို့သည် ရှေးဟောင်း လျှို့ဝှက် ဓားသိုင်းများနှင့် လုပ်ကြံသတ်ဖြတ်ခြင်းတာအိုကို ကျင့်ကြံကြသည်။ နာမည် ကြားရရုံနှင့်တင် တုန်လှုပ်စရာ ကောင်းလှသည်။

ရှေးခေတ် ပညာရှင်ကြီး တစ်ဦးသည်ပင် လုပ်ကြံသတ်ဖြတ်သူတစ်ဦး ဖြစ်ခဲ့ဖူးသည်။

ခေတ်အဆက်ဆက် သမိုင်းမှတ်တမ်းများတွင် “လုပ်ကြံသတ်ဖြတ်သူများ၏ ရာဇဝင်’ ဆို သည်မှာ အမြဲ ရှိနေတတ်သည်။ လုပ်ကြံသတ်ဖြတ်သူများ အကြောင်းကို သမိုင်းစာအုပ်များ ၌ပင် မှတ်တမ်းတင်ထားရခြင်း ဖြစ်သည်။

အခြေအနေများ ရှုပ်ထွေးနေသော်လည်း ဟုန်ယွိသည် နန်းတွင်းမှ အမိန့်အရ အနောက် ဘက် ဒေသသို့ စစ်ချီရန် တပ်ကို ဦးဆောင်လာခြင်း ဖြစ်သည်။ သူသည် အရာရာကို အဆင့်ဆင့် လုပ်ဆောင်ရမည်။ နတ်ဘုရားတန်ခိုးရှင် ဘုရင်ယန်တူးသည် ချီပြည်နယ်နှင့် သဲပြည်နယ်တို့တွင် အခြေချနေထိုင်ခဲ့သည်မှာ နှစ်ပေါင်း နှစ်ဆယ်ကျော်ပြီ ဖြစ်သည်။ သူ၏ အမြစ်များမှာ နက်ရှိုင်းလှပြီး၊ ဟုန်ယွိကို ဝင်ရောက် စွက်ဖက်ခွင့်ပေးကာ သူ၏ အခြေခံအုတ်မြစ်ကို ဖျက်ဆီးခွင့် ဘယ်တော့မှ ပေးမည်မဟုတ်ပေ။

အထူးသဖြင့် ယခုအခါ ဟုန်ယွိ၏ ကျော်ကြားမှုမှာ မြင့်တက်နေပြီး သူသည် သိုင်းသူတော် စင်တစ်ဦး ဖြစ်သည်ဟု ကောလာဟလများ ထွက်နေသဖြင့် နတ်ဘုရားတန်ခိုးရှင် ဘုရင် ယန်တူးမှာ သူ့ကို သေချာပေါက် သတိထားနေပေလိမ့်မည်။

နတ်ဘုရားတန်ခိုးရှင် ဘုရင်'ယန်တူး'ဆိုသည်မှာ တစ်ချိန်က ဟုန်ရွှန်ကျိနှင့် တစ်တန်း တည်း နာမည်ကြီးခဲ့သူ ဖြစ်သည်။ သူတို့ နှစ်ဦးစလုံးမှာ အထွက်အထိပ် သိုင်းသူတော်စင် များ ဖြစ်ကြပြီး နန်းတွင်း၏ အဓိက ဒေါက်တိုင်ကြီးများ ဖြစ်ကြသည်။ ဟုန်ယွိသည် ဤလူကို အလေးမထားဘဲ နေမည်မဟုတ်ပေ။ ထို့ပြင် အမှောင်မှောင်ရိပ်ထဲတွင် ပုန်းအောင်းနေသော ကြောက်မက်ဖွယ် မဟာကျိုးမင်းဆက် ဘိုးဘေးကြီးနှင့် တတိယ မင်းသားတို့လည်း ရှိနေသေးသည်။

…

“ဒါဟာ စီပြည်နယ်ရဲ့ ဓားမြို့တော်လား။ တကယ့်ကို အိမ်တိုင်းက ဓားတွေ သွန်းလုပ်နေ ကြတာပဲ၊ ဓားဖိုတွေလည်း အများကြီးပဲ... ဟိုလူတွေကို ကြည့်ပါဦး၊ သူတို့ရဲ့ မျက်လုံးတွေ က စူးရှနေပြီး လက်ချောင်းပေါ်က ကြွက်သားတွေကတောင် နွားကြောတွေလို ခိုင်မာနေ တာပဲ။ သူတို့ဟာ အနည်းဆုံး ဆယ်နှစ်လောက် ဓားသိုင်းလေ့ကျင့်ထားတဲ့ အတွေ့အကြုံ ရှိတယ်။ သူတို့ရဲ့ ခြေလှမ်းတွေက ကြောင်တစ်ကောင်လိုပဲ၊ အသံမထွက်ဘူး။ သူတို့ရဲ့ လုပ်ကြံသတ်ဖြတ်ခြင်း ပညာက တကယ့်ကို ကြောက်စရာကောင်းမှာပဲ...”

ခွပ်.. ခွပ်... ခွပ်.. ခွပ်... ကျောက်ခင်းလမ်းပေါ်တွင် မြင်းခွာသံများ မြည်ဟည်းနေသည်။

ဟုန်ယွိနှင့် အခြားသူများက ဦးဆောင်လာကြသည်။ ဓားမြို့တော် အပြင်ဘက်ရှိ လမ်းမပေါ် တွင် သူတို့သည် သူတို့ရှေ့မှ ခိုင်ခံ့လှသော မြို့ကြီးကို ကြည့်နေကြသည်။

အဝေးမှ ကြည့်လျှင် ဤချီပြည်နယ် ဓားမြို့တော်မှာ စူးရှသော ခံစားချက်ကို ပေးစွမ်းနေ သည်။ ၎င်းမှာ ဓားသွားတစ်ခုကဲ့သို့ အေးစက်နေပြီး ကျူးကျော်၍ မရနိုင်သော အရှိန်အဝါ ဖြစ်သည်။

ဓားမြို့တော် အပြင်ဘက်တွင် နီရဲသော မြစ်ရေများ စီးဆင်းနေသည်။ မြစ်ရေမှာ လှိုင်းထ နေပြီး အဝေးသို့ စီးဆင်းသွားသည်။ မိုးရွာပြီးစ ဖြစ်သဖြင့် မြစ်ရေမှာ သိသိသာသာ မြင့်တက်နေသည်။ ၎င်းမှာ သွေးရောင်ကဲ့သို့ အနည်းငယ် နီမြန်းနေ၏။ ဤနီရဲသော ရေများဖြင့် ဓားများကို အပူပေး အအေးခံ ပြုလုပ်ပါက အလွန်ကောင်းမွန်သော ဓားများကို ရရှိနိုင်သည်။ ဓားသွားများမှာ နှင်းခဲကဲ့သို့ ဖြူဖွေးနေပြီး သွေးမစွန်းဘဲ သတ်ဖြတ်နိုင်သည်။

အဝေးတွင် မရေမတွက်နိုင်သော ဓားဖိုများ ရှိနေသည်။

ချီပြည်နယ်ထွက် ဓားများကို တစ်နိုင်ငံလုံးသို့ ရောင်းချကြသည်။ အများစုကို လူချမ်းသာ များ၊ ပညာတတ် အရာရှိများနှင့် သိုင်းပညာရှင်များက ဝယ်ယူ စုဆောင်းကြသည်။ ယွန်မင်နိုင်ငံပင်လျှင် နှစ်စဉ်နှစ်တိုင်း အမြောက်အမြား ဝယ်ယူသဖြင့် ဤမိသားစုကြီးများ မှာ အလွန် ချမ်းသာကြသည်။ ဤသည်မှာ နှစ်ပေါင်း ထောင်ချီတိုင်အောင် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။

အနောက်ဘက်ဒေသ စစ်ပွဲသည် ချီပြည်နယ်အပေါ်ကိုလည်း သက်ရောက်မှု ရှိသည်။ လမ်းပေါ်တွင် ဟုန်ယွိသည် ချမ်းသာကြွယ်ဝသော မိသားစုများ၏ မြင်းလှည်းများစွာကို မြင်တွေ့ရသည်။ မြင်းစီး စစ်သည်များမှာ ဓားများကို လွယ်ထားပြီး လှုပ်ရှားနေကြသည်။ သူတို့၏ အကြည့်များမှာ စူးရှနေပြီး သူတို့၏ အရှိန်အဝါများကို ထိန်းချုပ်ထားကြသည်။ သူတို့သည် ကြောင်များကဲ့သို့ လှုပ်ရှားနေကြပြီး အသံတစ်ချက်မျှ မထွက်ပေ။

ဤအချက်က သခင်ကျိုးနှင့် အခြားသူများ၏ ရင်ထဲတွင် အေးစိမ့်သွားစေသည်။ တာအို ပညာကျင့်ကြံသူများမှာ သိုင်းပညာရှင်များ၏ လုပ်ကြံခံရကို အကြောက်ဆုံး ဖြစ်ကြောင်း သိထားရမည်။ လုပ်ကြံသတ်ဖြတ်ခြင်းတာအို၏ နှစ်ပေါင်း ထောင်ချီသော အမွေအနှစ်ရှိ သည့် စီပြည်နယ်ကဲ့သို့ နေရာမျိုးတွင် ပို၍ပင် စိုးရိမ်စရာ ကောင်းလှသည်။

“လုပ်ကြံသတ်ဖြတ်တွေရဲ့ လမ်းစဉ်ဟာ သူရဲကောင်းပီသဖို့ပဲ။ ရှေးခေတ် သူတော်စင်တွေ ကတောင် လုပ်ကြံသတ်ဖြတ်သူတွေရဲ့ ကိုယ်ကျင့်တရားကို ချီးမွမ်းခဲ့ကြတယ်။ အမျက် ဒေါသထွက်လာရင် သူတို့ဟာ ဘုရင်ကိုတောင် ချောင်းမြောင်း သတ်ဖြတ်ဝံ့ကြတယ်။ ရွှေနန်းတော်ထဲမှာတင် သေခြင်းရှင်ခြင်းကို ဂရုမစိုက်ဘဲ ခြေလှမ်းငါးလှမ်းအတွင်း ဘုရင် ကို သတ်ပစ်နိုင်ကြတယ်။ ဒါဟာ သိုင်းတာအိုရဲ့ သူရဲကောင်းပီသမှုပါပဲ။ စစ်မှန်တဲ့ စိတ်ဓာတ်... သိုင်းတာအိုရဲ့ အမြင့်ဆုံး နယ်ပယ်ဖြစ်တဲ့ 'လေဟာနယ် ဖျက်ဆီးခြင်း' ဆိုတာကို ရှေးခေတ် သူတော်စင်တွေက သူတို့ရဲ့ စာအုပ်တွေထဲမှာ ခန့်မှန်းခဲ့ကြတယ်။ ကံမကောင်းတာက... အဲဒီ မှတ်တမ်းတွေက ပျောက်ဆုံးကုန်ပြီ။ ချီပြည်နယ်က ဓားသွန်း လုပ်ငန်း လုပ်ကိုင်ကြတဲ့ မိသားစု ခုနစ်ရာ ရှစ်ရာလောက်မှာ ရှေးဟောင်း သတ်ဖြတ်ခြင်း ပညာရပ်တွေကို အမွေဆက်ခံထားတဲ့ ပညာရှင်တွေ ရှိမလားဆိုတာ ငါ သိချင်မိတယ်။ နှမြောစရာကောင်းတာက အဲဒီလို ပညာရှင်တွေဟာ နာမည်ကြီးမှာ မဟုတ်ဘူး... မုန့်ရှန်းကျီရဲ့ တော်ဝင်သတ်ဖြတ်ခြင်းဆိုတာလည်း လုပ်ကြံသတ်ဖြတ်ခြင်း လမ်းစဉ်ပဲ... နောင်တစ်ချိန်မှာ မုန့်ရှန်းကျီကိုရော 'လုပ်ကြံသတ်ဖြတ်သူများ၏ ရာဇဝင်' မှတ်တမ်းထဲမှာ ထည့်သွင်းမှတ်တမ်းတင်မလားဆိုတာ ငါ သိချင်မိသား။”

လုပ်ကြံသတ်ဖြတ်သူများမှာ နာမည်ကြီးရန် မလိုပေ။ နာမည်ကြီးသော လုပ်ကြံသတ်ဖြတ် သူများသည် ပို၍ မြန်မြန် သေတတ်သောကြောင့် ဖြစ်သည်။ ဟုန်ယွိသည် ချီပြည်နယ်၏ ဓားမြို့တော်ကို လက်ညှိုးညွှန်ပြရင်း သက်ပြင်းချလိုက်သည်။

သူတို့အဖွဲ့သည် မဟူရာနတ်ဆိုးချီလင်မြင်းများကို စီးနင်းလာကြပြီး ဓားများနှင့် လှံများကို ပေါ်ပေါ်ထင်ထင် လွယ်ထားသဖြင့် လူအများ၏ အာရုံစိုက်မှုကို ရရှိနေသည်။ သို့သော် မည်သူမျှ သူတို့အနီးသို့ မချဉ်းကပ်ဝံ့ကြပေ။ အမြင်ရှိသူ မည်သူမဆို သူတို့မှာ နန်းတွင်းမှ ဖြစ်ကြောင်း သိနိုင်သည်။ တော်ဝင်ချန် မင်းဆက်မှာ အထွတ်အထိပ်သို့ ရောက်ရှိနေဆဲ ဖြစ်ရာ မည်သူက နန်းတွင်းကို စိန်ခေါ်ဝံ့မည်နည်း။

ဟုန်ယွိနှင့် အခြားသူများ ဓားမြို့တော် အပြင်ဘက်တွင် ရပ်ကြည့်နေစဉ်မှာပင် မြင်းစီးစစ် သည် တစ်အုပ်မှာ မြို့ထဲမှ ချက်ချင်း ပြေးထွက်လာကြသည်။ သူတို့သည် လေပြင်းကဲ့သို့ လျင်မြန်ပြီး ဟုန်ယွိတို့ ရှေ့သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာသည်။ မြင်းပေါ်မှ ဆင်းလိုက်ပြီးနောက် စစ်သည်ခေါင်းဆောင်က ဆိုသည်။ “ဒါ ကွပ်ကဲရေးမှူး ဟုန်လား။ ဒီဗိုလ်ချုပ်က သခင်လေးကို စောင့်နေတာ ကြာပါပြီ။”

“ငါ့ကို မြို့ထဲ ခေါ်သွားပါ။ ငါ့မှာ ဧကရာဇ်ရဲ့ အမိန့်ရှိတယ်။ ချီပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးကို ငါ တွေ့ချင်တယ်။”

ဟုန်ယွိက ထိုစစ်သည်ကို ကြည့်ကာ ရိုးရိုးရှင်းရှင်းပင် ပြောလိုက်သည်။ သူ၏ အသံမှာ လည်ပင်းကို လှီးဖြတ်နိုင်လောက်အောင် စူးရှလှသည်။ စစ်သည်ခေါင်းဆောင်မှာ အစပိုင်း တွင် မောက်မာနေသော်လည်း ဟုန်ယွိ၏ အသံကို ကြားလိုက်ရသည်နှင့် ချက်ချင်းပင် ခေါင်းငုံ့သွားတော့သည်။

“ဟုတ်ကဲ့ပါ…။ သခင်လေး... ကျေးဇူးပြုပြီး ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ။”

ထိုသို့ပြောပြီးသည်နှင့် လူတစ်စုမှာ ဓားမြို့တော်အတွင်းသို့ ဝင်ရောက်သွားကြသည်။

နှစ်နာရီအကြာတွင် ဓားမြို့တော်၏ မိုင် ၅၀ ပတ်လည်အတွင်းရှိ ချမ်းသာကြွယ်ဝသော မိသားစုများနှင့် အင်အားစုအားလုံးမှာ စာပေးပညာရှင်နှင့် သိုင်းပညာရှင် ဖြစ်သော ဟုန်ယွိ ချီပြည်နယ်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိသွားကြတော့သည်။

…

ချီပြည်နယ် အစွန်အဖျားရှိ ချန်မိသားစု စံအိမ်တွင် မိုးကြိုးမုန်တိုင်းမှာ ရပ်တန့်သွားပြီ ဖြစ်သည်။ ကောင်းကင်တွင် တိမ်တိုက်များ ပေါ်လာပြီး ရေကန်ထဲရှိ ကြာပန်းများမှာ မိုးရွာပြီးစ ဖြစ်သဖြင့် ထူးခြားစွာ တောက်ပနေသည်။

တော်ဝင်ချန်၏ ပန်းချီသူတော်စင် 'ချန်ဒေါင်ဇီ'သည် ပြဿဒ်တစ်ခုတွင် ထိုင်နေသည်။ သူသည် ဆုတောင်းဖျာပေါ်တွင် လှုပ်ရှားမှုမရှိဘဲ ထိုင်နေသော အဝါရောင်ဝတ်စုံဝတ် လူငယ်လေးကို ကြည့်လိုက်ပြီးနောက် ကောင်းကင်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက် သည်။

ဤလူငယ်မှာ မဟာကျိုးမင်းဆက်၏ တတိယမင်းသား ဖြစ်သည်။

ရုတ်တရက် ကောင်းကင်မှ ကြယ်အလင်းတန်းတစ်ခု ကျဆင်းလာသည်။ အတွေးစပေါင်း ရှစ်ထောင် ကိုးထောင်ခန့်မှာ လျှပ်စီးသံများနှင့်အတူ ဆင်းသက်လာကြသည်။ သူတို့ ဆင်းသက်လိုက်သည်နှင့် တတိယမင်းသား၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားကြ သည်။ ချန်ဒေါင်ဇီက သူ့ကို အမြန် ထူပေးလိုက်သည်။ “မဆိုးဘူး၊ မဆိုးဘူး။ မင်း မိုးကြိုး ကပ်ဘေးကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ခဲ့တာပဲ။”

“ဟွန့်... ဘိုးဘေးကြီးက ကျွန်တော့်ကို ကောင်းချီးပေးထားတာပဲ။ ကျွန်တော်သာ တတိယ အဆင့် မိုးကြိုးကပ်ဘေးကို မကျော်ဖြတ်နိုင်ရင် မဟာကျိုးမင်းဆက်ရဲ့ တပည့် တစ်ယောက် မဟုတ်တော့ဘူး၊ နှမြောစရာပဲ၊ တကယ့်ကို နှမြောစရာပဲ... ကျွန်တော့်ရဲ့ စိတ်ဝိညာဉ်ကို ပြန်လည် ကုစားဖို့ အချိန်အတော်ကြာ အနားယူရဦးမယ်။ ဒီတစ်ကြိမ် ရလိုက်တာထက် ဆုံးရှုံးလိုက်ရတာက ပိုများတယ်။ အဲဒီလူက ဘယ်သူလဲ။ ပစ္စုပ္ပန်ဗုဒ္ဓ ကျမ်းကို တကယ် သိနေတဲ့လူက ဘယ်သူလဲ။”

တတိယမင်းသားသည် မိုးကြိုးကပ်ဘေးအတွင်း ဖြစ်ပျက်ခဲ့သည်များကို ပြန်လည် စဉ်းစားလိုက်သည်။

“ငါ သေချာပေါက် စုံစမ်းရမယ်... ဒီလိုရန်ငြိုးမျိုး ရှိသွားမှတော့ ငါတို့ထဲက တစ်ယောက် ယောက် သေမှပဲ ပြီးဆုံးတော့မှာ။...”

အခန်း (၃၈၀)။

“မဟာကျိုးမင်းဆက် ပျက်သုဉ်းသွားတာ အနှစ် ၆၀ ရှိပြီ။ မင်းဆက်ကို တည်ထောင်ခဲ့တဲ့ ဘိုးဘေးကြီးက ဘယ်ကမ္ဘာကနေပဲ ပြန်ရောက်လာလာ၊ ပျက်စီးသွားတဲ့ မင်းဆက်ရဲ့ ကံကြမ္မာကို ပြန်ဆယ်လို့ မရနိုင်တော့ဘူး။ တတိယမင်းသားက ဘာလို့ ဒီလောက်အထိ ခေါင်းမာနေရတာလဲ။ ဒီလောကကြီး ရှုပ်ထွေးနေချိန်မှာ ဘေးကင်းကင်းနဲ့ တာအိုလမ်းစဉ် ပေါ်မှာပဲ အာရုံစိုက်နေတာ ပိုမိုကောင်းမွန်ပါတယ်။”

ပန်းချီသူတော်စင် ချန်ဒေါင်ဇီက တတိယမင်းသား၏ ကိုယ်ပေါ်တွင် ကျန်ရှိနေသေးသော အုပ်စိုးရှင် အရှိန်အဝါများကို ကြည့်ကာ သက်ပြင်းချရင်း ဆိုလိုက်သည်။

“မဟာကျိုးမင်းဆက်ရဲ့ ကံကြမ္မာ ကုန်ဆုံးသွားပြီဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ အခု တော်ဝင် ချန်ဧကရာဇ် ယန်ဖန်နဲ့ ဟုန်ရွှန်ကျိတို့က အထက်တန်းလွှာ မိသားစုကြီးတွေကို ဖြုတ်ချဖို့ မူဝါဒအသစ်တွေ လုပ်ဆောင်နေကြတယ်။ ဒါဟာ သေချာပေါက် ကပြောင်းကပြန်တွေ ဖြစ်လာဦးမှာပဲ။ ဒါဟာ ကျွန်တော့်အတွက် အခွင့်အရေးပဲ။”

တတိယမင်းသား၏ မျက်လုံးများထဲတွင် နတ်ဆိုးအလင်းတန်းများ လက်ခနဲ ဖြစ်သွားပြီး ချန်ဒေါင်ဇီကို ကြည့်ကာ ဆက်ပြောသည်။ “ဒါ့အပြင် ကျွန်တော်က မဟာကျိုးမင်းဆက်ကို ပြန်မထောင်နိုင်ရင်တောင်မှ လွန်ခဲ့တဲ့ အနှစ် ၆၀ က တိုင်းပြည်ပျက်ခဲ့ရတဲ့ အမုန်းတရား အတွက် တော်ဝင်ချန်ရဲ့ တော်ဝင်မိသားစုကို သေချာပေါက် ဖျက်ဆီးပစ်မယ်။ ဒီနှစ်တွေ အတွင်းမှာ ချန်တော်ဝင်မိသားစုရဲ့ အရိပ်စောင့်တပ်ဖွဲ့တွေလက်ကနေ လွတ်မြောက် အောင် ကျွန်တော့်ခန္ဓာကိုယ်ကို နှစ်ကြိမ်တောင် ဖြိုခွဲပြီး ထွက်ပြေးခဲ့ရတာ။ အခုတော့ ကျွန်တော့်ရဲ့ ဘိုးဘေးကြီးနဲ့ ပြန်တွေ့ခဲ့ပြီ။ ဒီလို အခွင့်အရေးကောင်းကို ကျွန်တော် ဘယ်လိုလုပ် လက်လွတ်ခံနိုင်မှာလဲ။”

“လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးရာက ဘိုးဘေးကြီးဟာ စိတ်အားထက်သန်နေခဲ့တယ်။ သူဟာ ပြာပုံထဲကနေ ပြန်လည် ထမြောက်လာပြီး တစ်လောကလုံးကို သိမ်းပိုက်ကာ မဟာ ကျိုးမင်းဆက်ရဲ့ အခြေခံအုတ်မြစ်ကို တည်ဆောက်ခဲ့တယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ သူဟာ တာအိုသခင်ကြီး တစ်ယောက် ဖြစ်နေပြီ၊ မိုးကြိုးကပ်ဘေး ငါးဆင့်ကို ကျော်ဖြတ်ထားတဲ့ ပညာရှင်တစ်ဦးပဲ။ သူဟာ 'အတွေးမဲ့ ငြိမ်သက်ခြင်း' နယ်ပယ်ကိုတောင် နားလည်ထားပြီး သိုင်းသူတော်စင်ရဲ့ အထွတ်အထိပ်မှာ ရှိနေခဲ့သလို 'နဂါးနတ်ဘုရားဉီးချိုတုတ်ကောက်' ကိုလည်း ကိုင်ဆောင်ထားခဲ့သူပဲ။” ချန်ဒေါင်ဇီက ဆက်လက်ပြောပြသည်။ “မဟာကျိုးမင်း ဆက် တည်ထောင်ပြီးနောက် မုန့်ရှန်းကျီက သူ့ကို နန်းစွန့်ပြီး လူပြန်ဝင်စားဖို့ လာရောက် တောင်းဆိုခဲ့တယ်။ ဘိုးဘေးကြီးက ငြင်းဆန်ခဲ့လို့ သူတို့နှစ်ယောက် တိုက်ခိုက်ခဲ့ကြတယ်။ နောက်ဆုံးမှာတော့ ဘိုးဘေးကြီးဟာ ဒဏ်ရာအပြင်းအထန်ရပြီး ကမ္ဘာ့ အစွန်အဖျားအထိ ထွက်ပြေးခဲ့ရတယ်။ သူဟာ 'အစွန်းရောက် ဧကရာဇ် ပြောင်းပြန် လှန်ခြင်းပညာ' ကို သုံးပြီး အမည်မသိ ကမ္ဘာတစ်ခုမှာ ပုန်းနေခဲ့ရတာ ငါ သိပါတယ်။ ဒါပေမဲ့ ဘိုးဘေးကြီး အခု ပြန်လာရင်တောင်မှ သူဟာ မုန့်ရှန်းကျီကို ယှဉ်နိုင်လိမ့်မယ်လို့ မင်း ထင်လား။”

“အခုလောလောဆယ်တော့ မုန့်ရှန်းကျီကို မယှဉ်နိုင်သေးတာ အမှန်ပဲ” တတိယမင်းသား ခေတ္တ တိတ်ဆိတ်သွားပြီးမှ ပြန်ပြောသည်။ “ဒါပေမဲ့ မုန့်ရှန်းကျီအနေနဲ့လည်း ဘိုးဘေးကြီး ကို သတ်ဖို့ဆိုတာ လွယ်မှာ မဟုတ်ဘူး။”

“ချန်ဧကရာဇ် ယန်ဖန်ဟာ ယန်မျိုးနွယ်စုရဲ့ အစွမ်းထက်ဆုံး ဧကရာဇ်ပဲ၊ အထူးသဖြင့် ဟုန်ရွှန်ကျိရဲ့ အကူအညီပါ ရှိနေတာ။ ဒီအတွဲမှာ ဖုံးကွယ်ထားတဲ့ နည်းလမ်းတွေ အများ ကြီး ရှိဦးမှာပဲ။” ချန်ဒေါင်ဇီက ဟုန်ရွှန်ကျိ မည်မျှ အစွမ်းထက်သည်ကို သိရှိထားသဖြင့် သတိပေးလိုက်သည်။

“အဲဒါတွေက ဘာမှမဟုတ်ပါဘူး။ သူတို့ ဘယ်လောက်ပဲ အစွမ်းထက်ပါစေ လူသားတွေပဲ လေ။ ကမ္ဘာကြီးသာ ပြိုလဲသွားရင် သူတို့လည်း အသုံးမဝင်တော့ဘူး” တတိယမင်းသားက လှောင်ပြုံး ပြုံးလိုက်သည်။ “အခု အနောက်ဘက်စစ်မျက်နှာက အခြေအနေတွေ တင်းမာ နေတယ်။ ဟွာလျှိုနိုင်ငံရဲ့ အနှစ်သာရနတ်ဘုရားကျောင်းက စစ်သည်တွေ တိုးဝင်လာနေ ပြီ။ အနောက်ဘက်စစ်တပ် ကျဆုံးတော့မယ်။ အဲဒီအချိန်ကျရင် နန်းတွင်းရဲ့ ဂုဏ်သိက္ခာ ထိုးကျသွားလိမ့်မယ်၊ နယ်စားပယ်စားတွေကိုလည်း သူတို့ ထိန်းနိုင်တော့မှာ မဟုတ်ဘူး... လောကကြီးသာ ရှုပ်ထွေးသွားရင် ရည်မှန်းချက်ကြီးတဲ့ ပညာရှင်တွေ အများကြီး ပေါ်လာ လိမ့်မယ်။ ဧကရာဇ် ယန်ဖန် တစ်ယောက်တည်း သူတို့အားလုံးကို မဖိနိုပ်နိုင်ပါဘူး။”

“ယန်မျိုးနွယ်စု ဘယ်လောက်ပဲ အစွမ်းထက်ပါစေ 'လက်နှစ်ဖက်က လက်လေးဖက်' ကို မယှဉ်နိုင်ပါဘူး။ ဒါ့အပြင် စီပြည်နယ်က အဲဒီအဘိုးကြီးတွေက ငါနဲ့ သဘောတူညီမှု ရထားပြီးသားပဲ... စီပြည်နယ်ရဲ့ အထက်တန်းလွှာ မိသားစုတွေဟာ မျိုးဆက်အလိုက် ဓားတွေ သွန်းလုပ်ပြီး 'ဓားနဲ့ လုပ်ကြံသတ်ဖြတ်ခြင်းပညာရပ်တွေကို လေ့ကျင့်လာကြတာ သမိုင်းမှာ မှတ်တမ်းတင်ထားပြီးသား။ သမိုင်းစာအုပ်ထဲက အကြောင်းအရာတွေက နောက်ပြောင်နေတာ မဟုတ်ဘူး။ သူတို့ထဲက တချို့ဟာ နာမည်မကြီးပေမဲ့ သူတို့ရဲ့ စွမ်းအားက ချန်ဧကရာဇ်ထက် မနိမ့်ဘူး။ အထူးသဖြင့် ချောင်းမြောင်း လုပ်ကြံတဲ့ နေရာမှာ ပေါ့။ ခင်ဗျားဟာ ဒဏ္ဍာရီလာ မိုးကြိုးကပ်ဘေး သုံးဆင့် ကျော်ဖြတ်ထားတဲ့လူ ဖြစ်နေပါစေ၊ သတိတစ်ချက် လွတ်သွားတာနဲ့ လုပ်ကြံသတ်ဖြတ်သူဘုရင် သုံးလေးယောက်ရဲ့ လက်ချက်နဲ့ အပြတ်ရှင်းခံရမှာပဲ။ စီပြည်နယ်ထဲမှာ ပုန်းအောင်းနေတဲ့ လုပ်ကြံသတ်ဖြတ် သူဘုရင်တွေဟာ ဒိုင်ဇင်ဘုရားကျောင်းက 'ကောင်းကင်ဘုရင်လေးပါး' ထက် မနိမ့်ဘူးဆို တာ ခင်ဗျား သိထားသင့်တယ်။”

တတိယမင်းသားက ယုံကြည်မှုအပြည့်ဖြင့် ဆက်ပြောသည်။

“ချန်ဧကရာဇ် ယန်ဖန်မှာ စစ်တပ်ရှိတယ်။ သူက ရည်မှန်းချက် ကြီးပေမဲ့ အခုတော့ ဖိနှိပ်ခံ နေရပြီ။ အခု နန်းတွင်းက ဟုန်ယွိကို စေလွှတ်လိုက်တယ်။ သူ့ရဲ့ စာပေပညာရပ်တွေက တစ်လောကလုံးကို တုန်လှုပ်စေခဲ့တယ်။ သူဟာ သိုင်းသူတော်စင်ရဲ့ အထွတ်အထိပ်မှာ ရှိနေတယ်လို့လည်း ကြားရတယ်။ တကယ့်ကို အထင်ကြီးစရာပဲ။ ဒီလိုလူမျိုးက တခြား သူရဲ့လက်အောက်မှာ နေပြီး နတ်ဘုရားတန်ခိုးရှင် ဘုရင်ယန်တူးရဲ့ ခိုင်းစေတာကို ဘယ်လိုလုပ် ခံမှာလဲ။ ကျားနှစ်ကောင် အချင်းချင်း သတ်ဖြတ်ကြရင် တစ်ကောင်ကတော့ သေချာပေါက် ဒဏ်ရာရမှာပဲ။ ဒါ့အပြင် ချန်ပီယံမြို့စားကလည်း အနောက်ဘက်ဒေသရဲ့ စစ်အာဏာကို လိုချင်နေတာ ကြာပြီ။ သူကလည်း စီပြည်နယ်က အစွမ်းထက်တဲ့သူတွေကို စည်းရုံးချင်နေတာ။ ကံမကောင်းတာက သူ မအောင်မြင်သေးဘူး။ သူလဲ အနောက်ဘက် ဒေသက စစ်ပွဲမှာ ဝင်မစွက်ဘဲ နေမှာ မဟုတ်ဘူး။ အခြေအနေ ရှုပ်ထွေးနေတာဟာ ကျွန်တော့်အတွက် အခွင့်အရေးပဲ။ အခွင့်သာရင် ဟုန်ယွိနဲ့ ငါ အသေချာ ဆက်သွယ်ကြည့် ချင်တယ်... ငါတို့ ဘိုးဘေးကြီးရဲ့ စွမ်းအားနဲ့ဆိုရင် သူ့ကို ငါ့လက်အောက်ခံ ဖြစ်အောင် လုပ်ဖို့ မဖြစ်နိုင်တာ မဟုတ်ဘူး။ သူ့အမေ မန်ပိုင်ယွန်ကို ဟုန်ရွှန်ကျိက နှိပ်စက်ခဲ့တာ။ သူက အဲဒါကို အမြဲတမ်း နာကျည်းနေတာပဲ၊ ဒါဟာ အသုံးချလို့ရတဲ့ အခွင့်အရေးတစ်ခုပဲ။”

တတိယမင်းသား၏ မျက်နှာတွင် အလွန်ပင် ယုံကြည်မှုရှိသော အပြုံးတစ်ခု ပေါ်လာသည်။ ထို့နောက် သူသည် ခုနက မိုးကြိုးကပ်ဘေးတွင် ဖြစ်ပျက်ခဲ့သည်ကို သတိရသွားပြီး မျက်နှာ ပျက်သွားပြန်သည်။ “ခုနက ပညာရှင်က ဘယ်သူပါလိမ့်။ ဒိုင်ဇင်ဘုရားကျောင်း ပျက်စီးသွားပြီးတဲ့နောက် နောက်ထပ် ပညာရှင်တစ်ယောက် ပေါ်လာပြန်ပြီ... နှမြောစရာ ပဲ... ဒိုင်ဇင်ဘုရားကျောင်းဟာ ငါတို့ မဟာကျိုးမင်းဆက် တော်ဝင်မိသားစုနဲ့ ရင်းနှီးခဲ့တာ။ ဒီတစ်ကြိမ်မှာ ငါက အောင်မြင်မှုအတွက် စိတ်လောသွားလို့ သူ့ကို ရန်သူဖြစ်အောင် လုပ်မိ သွားပြီ။ ဘိုးဘေးကြီးကိုပဲ ကိုယ်တိုင် ထွက်လာခိုင်းရတော့မယ် ထင်တယ်။ ဒါပေမဲ့ ဘိုးဘေးကြီးက မုန့်ရှန်းကျီလက်ကနေ အမြဲ ပုန်းနေတာဆိုတော့...”

…

ချီပြည်နယ်၊ ဓားမြို့တော်။ အုပ်ချုပ်ရေးမှူး စံအိမ်ရှိ အခန်းတစ်ခုအတွင်း။

ဟုန်ယွိသည် သံမဏိသစ်သား ကုလားထိုင်တစ်ခုတွင် ထိုင်ရင်း ငါးမန်းသားရေအိမ်ဖြင့် ဖုံးအုပ်ထားသော ဓားရှည်တစ်လက်ကို ကိုင်တွယ်ကြည့်ရှုနေသည်။ ဤဓား၏ အစွန်းမှာ နှင်းခဲကဲ့သို့ ဖြူဖွေးနေ၏။ သူ သာမန်ကာလျှံကာ တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် အစိမ်းရောင် အလင်းတန်းများမှာ လျှပ်စီးမျှင်များကဲ့သို့ လက်ခနဲ လင်းလက်သွားသည်။ ဓားသွားပေါ်သို့ ဆံပင်တစ်ပင် တင်လိုက်ရုံဖြင့် မှုတ်စရာပင် မလိုဘဲ အလိုလို ပြတ်တောက် သွားသည်။

ဤသည်မှာ "ရွှမ်ဂန်" သံမဏိဖြင့် သွန်းလုပ်ထားသော ဓားဖြစ်သော်လည်း ၎င်း၏ အရည်အသွေးမှာ "ငါးမန်းသတ်ဓား" နှင့်ပင် ရင်ဘောင်တန်းနိုင်သည်။

“ဓားကောင်းပဲ၊ တကယ့် ဓားကောင်းပဲ... ချီပြည်နယ်က ဓားသွန်းပညာရှင်တွေဟာ ကမ္ဘာ မှာ တကယ် နာမည်ကြီးထိုက်ပါတယ်။ သာမန် ရွှမ်ဂန်ဓားတစ်လက်ကိုတောင် ဒီလောက် ကောင်းအောင် သွန်းလုပ်နိုင်တာ။ သွေးမစွန်းဘဲ သတ်နိုင်တယ်ဆိုတာ တကယ်ပဲ။”

ဟုန်ယွိသည် လက်ထဲမှ ဓားကို ခဏတာ စမ်းသပ်ကြည့်ပြီးနောက် ယူလူလက်ထံသို့ ပစ်ပေးလိုက်သည်။ ယူလူလက်၏ ဘေးတွင် မင်းသားရှီဒီ ရပ်နေသည်။

“ချီပြည်နယ်မှာ အရွယ်အစား အမျိုးမျိုးရှိတဲ့ ဓားသွန်းမိသားစု ရာနဲ့ချီ ရှိတယ်။ သူတို့ဟာ ရှေးဟောင်း လုပ်ကြံသတ်ဖြတ်ခြင်းပညာရပ်တွေကို ပိုင်ဆိုင်ထားကြပြီး၊ ပုန်းကွယ်တဲ့ နေရာမှာလည်း အလွန် ကျွမ်းကျင်ကြတယ်။ တော်ချန်မင်းဆက်ကို တည်ထောင်သူ ဘိုးဘေးကြီးတောင်မှ သူတို့ကို သတိထားခဲ့ရတယ်။ ရန်လိုမှုတွေကို လျှော့ချဖို့အတွက် သူက 'စီပြည်နယ်' ဆိုတဲ့ အမည်ကနေ 'ချီပြည်နယ်'လို့ နာမည်ပြောင်းပေးခဲ့တာ။ လောက မှာ သိုင်းပညာတွေကို တားမြစ်လို့ ရပေမဲ့ ချီပြည်နယ်ရဲ့ ဓားသွန်းလုပ်မှုကိုတော့ ပိတ်ပင်လို့ မရဘူး။ ဒါ့အပြင် သူတို့ နန်းတွင်းကို ပေးဆောင်တဲ့ အခွန်ဟာလည်း မနည်းဘူး၊ နန်ကျိုး ပြည်နယ်(တောင်ပိုင်းပြည်နယ်) ခုနစ်ခုစာလောက် ရှိတယ်။”

ဟုန်ယွိက အေးအေးဆေးဆေး ဆက်ပြောသည်။ “ချန်ပီယံမြို့စားကလည်း စီပြည်နယ်က အင်အားကြီး မိသားစုအားလုံးကို စည်းရုံးချင်ခဲ့တယ်လို့ ငါကြားဖူးတယ်။ အဲဒီ ပုန်းအောင်း နေတဲ့ အဘိုးကြီးတွေကိုရောပဲ။”

“ဟုတ်ပါတယ် သခင်လေး။ ဒါပေမဲ့ စီပြည်နယ်က ချမ်းသာကြွယ်ဝတဲ့ မိသားစုတွေက ချန်ပီယံမြို့စားကို ဂရုမစိုက်ခဲ့ကြဘူး။ ဒါကြောင့် ချန်ပီယံမြို့စားက ဒေါသထွက်ပြီး သူတို့ကို သတ်ဖို့ ပြင်ခဲ့သေးတယ်။ ဒါပေမဲ့ တစ်စုံတစ်ယောက်က တားဆီးခဲ့လို့ မလုပ်ဖြစ်ခဲ့ တာပါ” ယူလူလက်က အမှန်ကို ဖြေကြားလိုက်သည်။

“လုပ်ကြံသတ်ဖြတ်သူ၊ လုပ်ကြံသတ်ဖြတ်သူ... ရှေးဟောင်း ရဲစွမ်းသတ္တိ လမ်းစဉ်ကို အမွေဆက်ခံထားတဲ့သူတွေက တခြားသူရဲ့ လက်အောက်မှာ ဘယ်လိုလုပ် ငြိမ်နေနိုင်မှာ လဲ။ ရှေးခေတ် လုပ်ကြံသတ်ဖြတ်သူတွေဟာ လူနည်းစု ဖြစ်ပေမဲ့ နန်းတော်ထဲအထိ ပုန်းဝင်ပြီး သူတို့ရဲ့ရန်သူတွေကို ဒေါသတကြီး တိုက်ခိုက်ခဲ့ကြတယ်။ ဒါဟာ ဘယ်လောက် တောင် သတ္တိကောင်းလိုက်လဲ။ သမိုင်းမှတ်တမ်းပြုသူတွေတောင် သူတို့ကို ချီးမွမ်းခဲ့ကြ တာပဲ။ ဒီလို သတ္တိရှိတဲ့သူတွေက ဘယ်သူ့လက်အောက်ခံ ဖြစ်ချင်မှာလဲ။ ချန်ပီယံမြို့စားက သူတို့အားလုံးကို သတ်ပစ်ရင်တောင်မှ အညံ့ခံလာအောင် လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သတ္တိ၊ ပညာ၊ မေတ္တာ... ဒါတွေဟာ ရှေးဟောင်း လမ်းစဉ်တွေပဲ...။”

မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ လုပ်ကြံသတ်ဖြတ်သူတိုင်းတွင် 'သတ္တိ' ရှိရမည်။ သမိုင်းမှတ်တမ်းပြုသူများက သူတို့ကို ရာဇဝင်သမိုင်းရေးထိုးခဲ့သည်မှာ ဤသတ္တိကြောင့် ပင် ဖြစ်သည်။

ယူလူလက်သည် ဟုန်ယွိ၏ သက်ပြင်းချသံကို ကြားသောအခါ ဘာမှပြန်မပြောပေ။ မင်းသားရှီဒီမှာမူ အတွေးနက်နေပုံရသည်။

“ယူလူလက်၊ မင်းက တစ်ချိန်က ချန်ပီယံမြို့စားအတွက် ဆန်းကြယ်ကောင်းကင် ကုန်သွယ်ရေးအဖွဲ့နဲ့ မုန်တိုင်းတပ်မဟာကို စီမံပေးခဲ့ဖူးတယ်။ မင်း ချီပြည်နယ်က မိသားစု ကြီးတွေနဲ့လည်း ထိတွေ့ဖူးမှာပဲ။ ငါ့အတွက် တစ်ခုလောက် ကူညီပါ။ အဲဒီ ဓားသွန်းမိသားစု တွေဆီကို ဖိတ်စာတွေ ပို့လိုက်ပါ။ တစ်ချိန်တည်းမှာပဲ လက်ဆောင်အသေးစားလေးတွေပါ ထည့်ပေးလိုက်။ မင်းသားရှီဒီ၊ စကြဝဠာအိတ်ထဲမှာ ဒိုင်ဇင်ဘုရားကျောင်းက စာအုပ်တွေ ရှိတယ်။ မင်း လွန်ခဲ့တဲ့ ရက်ပိုင်းက အဲဒါတွေကို အများကြီး ကူးထားပြီးပြီပဲ။ တချို့ကို ရွေးပြီး လက်ဆောင်အဖြစ် ပေးလိုက်ပါ။ ဒါဟာ ငါ ချီပြည်နယ်ကို ရောက်လာတဲ့အတွက် သူတို့ကို ပေးတဲ့ လက်ဆောင်ပဲ။”

ဟုန်ယွိက ဆက်လက် ညွှန်ကြားသည်။ “ဒီအလုပ် ပြီးသွားရင် မင်းတို့ကို ဘိုးဘေးဟုန်လင်း ရဲ့ စိတ်ဝိညာဉ် အတွေးအပိုင်းတစ်ခုစီ ဆုချမယ်။”

“ဟုတ်ကဲ့ပါ” ယူလူလက်၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားသည်။ သူမသည် မင်းသားရှီဒီ ကို တစ်ချက်ကြည့်လိုက်ပြီး နှစ်ယောက်သား ထွက်သွားကြသည်။

ဤနှစ်ဦးစလုံးမှာ ချန်ပီယံမြို့စားအတွက် အလုပ်လုပ်ခဲ့ဖူးသူများ ဖြစ်သည်။ ယူလူလက် သည် ချန်ပီယံမြို့စား၏ မိန်းမ ဖြစ်ခဲ့သဖြင့် လျှို့ဝှက်ချက်များစွာကို သိရှိထားသည်။ ယခုအခါ ဟုန်ယွိသည် ထိုအချက်ကို အသုံးချကာ သူတို့ကို အလုပ်ခိုင်းနေခြင်း ဖြစ်သည်။ ထို့အပြင် ယူလူလက်သည် လူမှုဆက်ဆံရေးနှင့် သတင်းစုဆောင်းခြင်းကဲ့သို့သော အသေး အဖွဲကိစ္စများတွင် အလွန်ပင် ကျွမ်းကျင်သူ ဖြစ်သည်။

သို့သော် ဤနှစ်ဦးစလုံးကို လုံးဝ ယုံကြည်၍ မရကြောင်းကိုလည်း ဟုန်ယွိက ကောင်းစွာ သိထားသည်။

…

ယူလူလက်နှင့် မင်းသားရှီဒီ ထွက်သွားပြီးနောက် ဟုန်ယွိက အပြင်သို့ လှမ်းခေါ်လိုက် သည်။ ချက်ချင်းပင် ဓားလွယ်ထားသော သိုင်းပညာရှင်တစ်ဦး ဝင်လာသည်။ သူသည် အုပ်ချုပ်ရေးမှူး စံအိမ်၏ အစောင့်တစ်ဦး ဖြစ်သည်။

“အုပ်ချုပ်ရေးမှူးက ဘယ်တော့ ပြန်လာမှာလဲ။”

“သတင်းပို့ပါတယ် အရှင်... အုပ်ချုပ်ရေးမှူးက နတ်ဘုရားတန်ခိုးရှင် ဘုရင်ယန်တူးဆီက နေ စစ်ရိက္ခာနဲ့ လက်နက်တွေအကြောင်း ဆွေးနွေးဖို့ စစ်မိန့် ရထားပါတယ်။ အရှင့်ကို ကြိုဆိုဖို့အတွက် ဒီည အမြန်ပြန်လာမယ်လို့ မှာကြားထားပါတယ်။”

သိုင်းပညာရှင်က ရိုရိုသေသေ ပြန်ဖြေသည်။ “အေး... သိပြီ။ မင်း သွားတော့” ဟု ဟုန်ယွိက လက်ကာပြလိုက်သည်။

…

အစောင့်ထွက်သွားပြီးနောက် ဟုန်ယွိသည် စကြဝဠာအိတ် အတွင်းသို့ ဝင်ရောက်လိုက် သည်။ ချန်ယင်းရှာသည် စကြဝဠာအိတ်အတွင်း၌ သူမ၏ စွမ်းအင်များကို ပြန်လည် ကုစားနေသည်။ ဟုန်ယွိက သူမကို မနှောင့်ယှက်ဘဲ စကြာဝဠာအိတ်၏ အလယ်ဗဟိုရှိ ကမ္ဘာငယ်ထံသို့ သွားလိုက်သည်။

ထိုနေရာ၏ အလယ်ဗဟိုတွင် လူသားအင်မော်တယ် ကိုယ်ပွား ထိုင်နေသည်။

ယခုအခါ ဟုန်ယွိ၏ အတွေးစများမှာ ကိုယ်ပွားအတွင်းမှ ထွက်ခွာသွားပြီ ဖြစ်သဖြင့် ကိုယ်ပွားသည် ချန်ပီယံမြို့စား၏ ကြောက်မက်ဖွယ်ကောင်းသော မျက်နှာပေါက်သို့ ပြန်ပြောင်းသွားသည်။ သူ၏ မျက်လုံးများမှာ ပြင်းထန်သော အလင်းတန်းများ လက်နေ၏။

“ဒီနေ့ကစပြီး ချန်ပီယံမြို့စားရဲ့ လက်သီးဆန္ဒတွေကို ဒီလူသားအင်မော်တယ် ကိုယ်ပွားထဲ ကနေ လုံးဝ မောင်းထုတ်ပစ်တော့မယ်။”

ဟုန်ယွိသည် ကိုယ်ပွား၏ မျက်နှာကို ကြည့်ကာ ပြုံးလိုက်ပြီး မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။ သူသည် မိုးကြိုးကပ်ဘေး လေးဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပြီး “အတွေး တစ်ချက် ကမ္ဘာတစ်ခု ဖန်တီးခြင်း” အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ယခုအခါ နာရီ အနည်းငယ် အနားယူပြီးနောက် သူ၏ စိတ်ဝိညာဉ်စွမ်းအင်များ အတော်အသင့် ပြန်ပြည့် လာပြီဖြစ်ရာ ဤ "နတ်ဘုရားသန္ဓေသား" ခန္ဓာကိုယ်ထဲမှ ချန်ပီယံမြို့စား၏ လက်သီး ဆန္ဒများကို ဖယ်ရှားပစ်ရန် မစောင့်နိုင်တော့ပေ။

အဘယ်ကြောင့်ဆိုသော် ချန်ပီယံမြို့စား၏ လက်သီးဆန္ဒမှာ သူ၏ ရင်ထဲတွင် အမြဲရှိနေ သော ဆူးတစ်ချောင်းသဖွယ် ဖြစ်နေသောကြောင့်ပင်။ ၎င်းကို သေချာပေါက် ဖယ်ရှားပစ်ရ မည်။

“အတွေးအပိုင်းစတွေကို ခွဲထုတ်မယ်၊ အတွေးတစ်ချက် ကမ္ဘာတစ်ခု... ပန်းတစ်ပွင့်၊ အသီးတစ်လုံး၊ သစ်ရွက်တစ်ရွက်... အတွေးတစ်ချက်ဟာ ကမ္ဘာတစ်ခုပဲ။ ကမ္ဘာငယ်လေး ကနေ အလတ်စားကမ္ဘာ ဖြစ်လာမယ်၊ အနန္တအလတ်စားကမ္ဘာတွေ စုစည်းသွားရင် ကမ္ဘာကြီးတစ်ခု ဖြစ်လာလိမ့်မယ်...။”

ဒဏ္ဍာရီများအရ ယန်စိတ်ဝိညာဉ် တာအိုသခင်တစ်ဦး၏ အတွေးအပိုင်းစပေါင်း ၄၈၀ မီလီယံ စုစည်းသွားပါက ကမ္ဘာငယ်တစ်ခုစီ ဖြစ်ပေါ်လာနိုင်ပြီး၊ ၎င်းတို့ ထပ်မံ စုစည်းသွား ပါက အလတ်စားကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်သည်ဟု အဆိုရှိသည်။

သို့သော် အလတ်စားကမ္ဘာအဖြစ် ပြောင်းလဲပြီးနောက်တွင် ယန်စိတ်ဝိညာဉ် တာအိုသခင် မှာ တည်ရှိတော့မည် မဟုတ်ပေ။

သို့သော် ဤအရာများမှာ ဗုဒ္ဓကျမ်းစာလာ ဒဏ္ဍာရီများသာ ဖြစ်သည်။ ရှေးဟောင်းဒဏ္ဍာရီ တစ်ခုတွင်လည်း တာအိုသခင်တစ်ဦးသည် ကမ္ဘာကြီးကို ဖန်တီးပြီးနောက် သူ၏ ခန္ဓာကိုယ် မှာ မြေပြင်ဖြစ်သွားပြီး သူ၏သွေးမှာ မြစ်ချောင်းများဖြစ်သွားကာ နောက်ဆုံးတွင် သူ သေဆုံးသွားခဲ့သည်ဟု ဆိုသည်။ ထိုစကားက ယုံကြည်ထိုက်၍လား မသိနိုင်ပေ။

အတိတ်ကျမ်းထဲမှ ဂါထာအချို့ကို ရွတ်ဆိုရင်း ဟုန်ယွိ၏ အတွေးစများမှာ တစ်ခုပြီးတစ်ခု တက်ကြွလာ၏။ သူ၏ ရှေ့တွင် ယဇ်ပလ္လင်နှင့် ရာဇပလ္လင်ကဲ့သို့သော ကြီးမားသည့် အစီအရင်တစ်ခု ပေါ်ပေါက်လာသည်။

ထိုအစီအရင်၏ အလယ်ဗဟိုတွင် ဗုဒ္ဓတစ်ပါး ထိုင်နေသည်ကို ဝေဝေဝါးဝါး မြင်နိုင်သည်။ ထိုဗုဒ္ဓမှာ “ဗေရောစနဗုဒ္ဓ"ပင် ဖြစ်သည်။

၎င်းအစီအရင်သည် အတိတ်ကျမ်းထဲမှ နက်နဲလှသော "အလင်းအကန့်သတ်စက်ဝိုင်း ခန္ဓာကိုယ် အကာအကွယ်" အစီအရင် ဖြစ်သည်။ မိုးကြိုးကပ်ဘေး လေးဆင့်ကို မကျော်ဖြတ်ဘဲ ဤအစီအရင်ကို အသုံးမပြုနိုင်သလို နားလည်း မလည်နိုင်ပေ။

"အမှောင်ထုအကန့်သတ်စက်ဝိုင်း" ၏ အလယ်တွင် ရွှမ်ထျန်းတာအိုသခင် ရှိသကဲ့သို့၊ "အလင်းအကန့်သတ်စက်ဝိုင်း ခန္ဓာကိုယ် အကာအကွယ်"၏ အလယ်တွင်မူ ဗေရောစနဗုဒ္ဓ ရှိနေသည်။ ဤဗေရောစနဗုဒ္ဓသည် အတိတ်ဗုဒ္ဓ၏ ကိုယ်ပွားတစ်ခု ဖြစ်သည်။

တစ်ခုက အလင်း၊ တစ်ခုက အမှောင်... ၎င်းတို့သည် ဆန့်ကျင်ဘက် နှစ်ခု ဖြစ်သည်။

သူသည် တာအိုနည်းစနစ်ကို အသုံးပြုကာ သေးငယ်သော ""အလင်းအကန့်သတ်စက်ဝိုင်း ခန္ဓာကိုယ် အကာအကွယ်" တစ်ခုကို တည်ဆောက်လိုက်သည်။ ဟုန်ယွိက လက်ဝါးဖြင့် ရိုက်လိုက်သောအခါ ထိုအစီအရင်သည် လူသားအင်မော်တယ် ကိုယ်ပွားကို ပတ်ပတ်လည် မှ ဝိုင်းရံထားလိုက်တော့သည်။

တစ်ချိန်တည်းမှာပင် လူသားအင်မော်တယ် ကိုယ်ပွားအတွင်းရှိ ချန်ပီယံမြို့စား၏ စိတ်ဆန္ဒ မှာ အလွန်တရာ ကြီးမားသည့် အန္တရာယ်တစ်ခု ကျရောက်လာကြောင်း သိရှိသွားပုံရသည်။ ၎င်းက ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ စကြဝဠာအိတ် အတွင်းရှိ ကမ္ဘာငယ်လေးမှာ ပြင်းထန်စွာ တုန်ခါသွားတော့သည်။

သို့သော် ဟုန်ယွိသည် မလှုပ်မယှက် ရှိနေ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ အတွေးစများမှာ လူသားအင်မော်တယ် ကိုယ်ပွား၏ သန့်စင်သော ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက် ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။

ဤတစ်ကြိမ်တွင် သူသည် ကမ္ဘာပေါ်ရှိ ရှိရှိသမျှ အလှအရာအားလုံးကို ပိုင်ဆိုင်ထားသကဲ့ သို့ ဖြစ်နေသည့် ရွှေရောင်အစုအဝေးနှင့် အတားအဆီးမဲ့သည့် သိုင်းတာအို လက်သီးဆန္ဒ ကို ချက်ချင်း မြင်လိုက်ရသည်။

“ချန်ပီယံမြို့စားရဲ့ အမေဟာ ခန္ဓာကိုယ် ပြိုကွဲပျက်ဆီးပြီးနောက် သူမဟာလည်း ကမ္ဘာပေါ် မှာ ထူးခြားတဲ့ အမျိုးသမီးတစ်ယောက်အဖြစ် ပြန်လည်ဝင်စားခဲ့တာပဲ။ ဒီချန်ပီယံမြို့စား က သူ့အမေရဲ့ ခန္ဓာကိုယ်ကိုတောင် ပြန်သိမ်းပိုက်ချင်နေတာလား။ အဲဒါသာ အမှန်ဆိုရင် သူဟာ တကယ့်ကို ကောင်းကင်နတ်ဆိုးတွေထက် ပိုကြောက်စရာကောင်းတဲ့ နတ်ဆိုးပဲ” ဟုန်ယွိ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။

“အတိုင်းအဆမဲ့ အလင်း၊ အတိုင်းအဆမဲ့ သက်တမ်း... ဗုဒ္ဓတို့ရဲ့ လျှို့ဝှက် ရတနာတွေ၊ အလင်းကို ယဇ်ပလ္လင်အဖြစ် သတ်မှတ်ပြီး... ပိတ်ဆို့ကြစို့။”

ဤရွှေရောင် လက်သီးဆန္ဒကို ရင်ဆိုင်ရာတွင် ဟုန်ယွိသည် မည်သည့် သနားကရုဏာမျှ မထားပေ။ အိုးပုံသဏ္ဌာန်ရှိသည့် "အလင်းအကန့်သတ်စက်ဝိုင်း ခန္ဓာကိုယ် အကာအကွယ်" အစီအရင်မှာ ရှေ့သို့ ပြင်းထန်စွာ တိုးဝင်သွားပြီး ထိုလက်သီးဆန္ဒကို မျက်စိတစ်မှိတ် အတွင်း ပိတ်ဆို့လိုက်တော့သည်။ ထို့နောက် ၎င်းအစီအရင်သည် ကိုယ်ပွား၏ မျက်ခုံး နှစ်ခုကြားမှ ပျံထွက်လာခဲ့သည်။

ဟုန်ယွိ၏ လက်ထဲသို့ ကျရောက်လာသည်မှာ လက်ဝါးခန့် အရွယ်အစားရှိသော ဖန်သား ကဲ့သို့ ကြည်လင်သည့် အလင်းယဇ်ပလ္လင်တစ်ခု ဖြစ်သည်။ ယဇ်ပလ္လင်၏ အလယ်ဗဟိုတွင် ရွှေရောင်လက်သီးဆန္ဒမှာ ရုန်းကန်နေပြီး ချန်ပီယံမြို့စား၏ ရူးသွပ်သော အသံများ ထွက်ပေါ်နေသည်။ တခါတရံတွင် ထိုစိတ်ဆန္ဒမှ ချန်ပီယံမြို့စား၏ ကြောက်မက်ဖွယ် ကောင်းသော မျက်နှာမှာ ဝေဝေဝါးဝါး ပေါ်လာတတ်သည်။

“ဟွန့်”

ဟုန်ယွိက နှာခေါင်းရှုံ့လိုက်သည်။ “မင်းက ဒုက္ခပေးချင်သေးတာလား။ အတိတ်ကျမ်းထဲက ဒီ"အလင်းအကန့်သတ်စက်ဝိုင်း ခန္ဓာကိုယ် အကာအကွယ်" အစီအရင်ရဲ့ ပိတ်ဆို့မှုကို အထွက်အထိပ် သိုင်းသူတော်စင် တစ်ယောက်တောင် မလွတ်မြောက်နိုင်ဘူး။ မင်းရဲ့ လက်သီးဆန္ဒလောက်ကတော့ ပြောမနေနဲ့တော့... မီးလျှံဆေးလုံး။”

သူက ပြောပြောဆိုဆိုနှင့် မီးလျှံဆေးလုံးတစ်လုံးကို အစီအရင်အတွင်းသို့ ပစ်ထည့်လိုက် သည်။ ချက်ချင်းပင် ငွေရောင်မီးတောက်များမှာ လေထုထဲတွင် ကခုန်လာပြီး ချန်ပီယံ မြို့စား၏ လက်သီးဆန္ဒကို လုံးဝ စင်ကြယ်သွားအောင် လောင်ကျွမ်းပစ်လိုက်တော့သည်။

မျက်စိစပါးမွှေးဆူးနေသော အရာများ၊ ရင်ထဲက ဆူးများ... အန္တရာယ်ရှိသမျှ အရာအားလုံး ကို ဖယ်ရှားပစ်လိုက်ပြီ ဖြစ်သည်။

ဟုန်ယွိသည် အေးအေးဆေးဆေး ထိုင်နေပြီး အသက်ပြင်းပြင်း ရှူနေသော လူသား အင်မော်တယ် ခန္ဓာကိုယ်ပွားကို ကြည့်ကာ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်မိသည်။

…

တစ်ချိန်တည်းမှာပင်...

အမည်မသိ ကမ္ဘာတစ်ခုတွင် မိုင်ပေါင်းများစွာ ကျယ်ဝန်းသော ကြီးမားသည့် ရေကန်ကြီး တစ်ခု ရှိသည်။ ရေကန်ထဲရှိ ရေများမှာ အစိမ်းရောင် ဖြစ်နေပြီး သင်းပျံ့သော ရနံ့များဖြင့် ပြည့်နှက်နေ၏။ ရေကန်အတွင်း၌ မီးလျှံနဂါး ကိုးကောင်မှာ ကခုန်နေကြပြီး လူသားပုံစံ ပြောင်းလဲလိုက်ကြသည်။

“ငါတို့ မင်းကို မင်းရဲ့ စိတ်ဝိညာဉ်တွေ ခိုင်မာလာအောင် မဟားနည်းစနစ်တစ်ခုနဲ့ ကူညီပေး မယ်။ အဲဒါဆိုရင် မင်းရဲ့ လူသားအင်မော်တယ် ခန္ဓာကိုယ်ပွားထဲက လက်သီးဆန္ဒကို အားဖြည့်ပေးဖို့ လုံလောက်ပြီ။ အချိန်တန်ရင် အဲဒီကိုယ်ပွားကို ဟုန်ယွိက ထိန်းချုပ်လို့ရမှာ မဟုတ်တော့ဘဲ မင်းဆီကို ပြန်ရောက်လာလိမ့်မယ်။” မီးလျှံနဂါး ကိုးကောင်က ဆိုသည်။

ချန်ပီယံမြို့စားသည် ရေကန်ဘေးတွင် တင်ပလ္လင်ခွေ ထိုင်နေသည်။ ရုတ်တရက် သူ၏ တစ်ကိုယ်လုံး တုန်ခါသွားတော့သည်။

“မကောင်းတော့ဘူး။ နောက်ကျသွားပြီ။ ငါ့စိတ်ဆန္ဒတွေကို သူ လောင်ကျွမ်းပစ်လိုက်ပြီ။”

စာစဉ် (၃၅) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။

All Chapters