အပေးအယူ
Vol. 7 Ch. 91
ကျောက်ရုပ်တုနှစ်ခုမှာ ရွှီရှင်းထံသို့ ဖြည်းဖြည်းချင်း ဆက်လက်ချဉ်းကပ်လာသည်။
ထိုအချိန်တွင် အမျိုးသားရုပ်တုက စတင်စကားပြောလာပြီး သူ၏အသံမှာ အိပ်ရာနိုးကာစလူတစ်ယောက်ကဲ့သို့ ပျင်းရိသည့်လေသံမျိုး ပါဝင်နေသည်။
"ငါလုပ်ထားတဲ့ စာချုပ်ကတ်ပြားကို မင်းယူသွားတာလား"
ဒါဆိုရင် ထိုစာချုပ်ကတ်ပြားကို ဤရုပ်တုက အမှန်တကယ် ပြုလုပ်ခဲ့ခြင်းပေါ့။
ရွှီရှင်းသည် သူ၏မြှားသေနတ်ကို မြှောက်ကာ ရုပ်တုထံသို့ ချိန်ရွယ်လိုက်သည်။
"မင်းဘာအကြောင်းပြောနေတာလဲ ငါမသိဘူး။"
အမျိုးသားရုပ်တုက ရယ်မောလိုက်ပြီး "ငါ မင်းကို စမ်းသပ်နေတာ မဟုတ်ပါဘူး။ ငါ့စာချုပ်က မင်းရဲ့ကျောပိုးအိတ်ထဲမှာ ရှိနေတာကို ငါခံစားမိတယ်။ ပြီးတော့..."
အမျိုးသားရုပ်တုက ရွှီရှင်းကို လက်ညှိုးညွှန်လိုက်သည်...
"မင်းဝတ်ထားတဲ့ လက်စွပ်က ငါသူ့ကိုပေးထားတဲ့ လက်စွပ်ပဲ။"
ရွှီရှင်းသည် သူ၏လက်မှ ဗီဇပြောင်းသတ္တဝါလက်စွပ်ကို တစ်ချက်ကြည့်လိုက်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။
အခြေအနေမှာ မရှင်းလင်းသေးသော်လည်း သူ အနည်းငယ်တော့ ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်။
အမျိုးသမီးရုပ်တုက လက်နှစ်ဖက်ကို အောက်သို့ဖိချသည့် အမူအရာလုပ်ပြကာ "စိတ်အေးအေးထားပါ။ ငါတို့ နင့်အပေါ် ရန်လိုတဲ့စိတ်မရှိပါဘူး၊ အနည်းဆုံးတော့ အခုလောလောဆယ်မှာပေါ့။ နင့်ရဲ့မြှားသေနတ်က ခရမ်းရောင်အဆင့်တောင် မရှိဘူး၊ အဲဒါက ငါတို့အပေါ် အလုပ်ဖြစ်မှာမဟုတ်ဘူး။"
သူမသည် ကိရိယာတွေရဲ့ အဆင့်အတန်းကို သိနေရုံတင်မကဘဲ ရွှီရှင်းလက်ထဲက လက်နက်ရဲ့အဆင့်ကိုပါ ခွဲခြားသိမြင်နေသည်။
သူတို့၏ ကျောက်သားခန္ဓာကိုယ်များမှာ ယခုအခါ အပြာရောင်အဆင့် ဖြစ်နေပြီဖြစ်ရာ အစိမ်းရောင်အဆင့်မြှားများ တပ်ဆင်ထားသော အပြာရောင်အဆင့်မြှားသေနတ်ဖြင့် ပစ်ခတ်ခြင်းမှာ သူတို့အပေါ် အမှန်တကယ်ပင် သက်ရောက်မှုရှိမည်မဟုတ်ချေ။
"မင်းတို့က... တကယ်တော့ ဘယ်သူတွေလဲ"
ရွှီရှင်းသည် မြှားသေနတ်ကို ပြန်သိမ်းလိုက်ပြီး ကျောပိုးအိတ်ထဲမှ ယုန်နားရွက်လှံကို ထုတ်ယူကာ လှံဦးကို သူတို့နှစ်ဦးထံသို့ ချိန်ရွယ်လိုက်သည်။
ခရမ်းရောင်အဆင့်အောက်က ပထမဆုံးသော ဤလှံကတော့ ထိုအရာနှစ်ခုကို ယှဉ်ပြိုင်နိုင်စွမ်းရှိပေလိမ့်မည်။
"အိုး"
အမျိုးသားရုပ်တုက အံ့အားသင့်သည့်အသံ ပြုလုပ်လိုက်သည်။
"မင်းရဲ့လှံက တကယ်ပဲ အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါရဲ့ ကုန်ကြမ်းတွေနဲ့ လုပ်ထားတာပဲ။"
"သူ့ရဲ့မြှားသေနတ်လည်း အတူတူပဲ" ဟု အမျိုးသမီးရုပ်တုက ဖြည့်စွက်ပြောသည်။
"အာ... မြှားသေနတ်က သေးလွန်းလို့ ငါသတိမထားမိလိုက်ဘူး။"
အမျိုးသားရုပ်တုက လူသားတစ်ယောက်ကဲ့သို့ သူ၏နှာခေါင်းကို ပွတ်လိုက်၏။
ဤအချိန်တွင် ကျောက်ရုပ်တုများမှာ ရွှီရှင်းနှင့် အလွန်နီးကပ်နေပြီဖြစ်ကာ ပတ်ဝန်းကျင်က တုန်ခါမှုများမှာလည်း ရုပ်တုများ၏ ခြေလှမ်းတိုင်းနှင့်အတူ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
ရွှီရှင်းသည် သူတို့၏ စကားဝိုင်းမှ သတင်းအချက်အလက်အချို့ကို ရရှိလိုက်သည်။
ယဇ်ပူဇော်ပြီးနောက် ပေါ်ထွက်လာသော ဗီဇပြောင်းသတ္တဝါများမှာ "အလယ်အလတ်အဆင့်" ဗီဇပြောင်းသတ္တဝါများ ဖြစ်ကြောင်း သူသိလိုက်ရသည်။
ထိုအချိန်တွင် တတိယမြောက်အခန်းမှ ကောင်လေးရုပ်တုလေးမှာလည်း ပြေးထွက်လာသည်။
ရုပ်တုနှစ်ခုကို မြင်သောအခါ သူက ပျော်ရွှင်စွာ ပြေးလာရင်း အော်ဟစ်လိုက်သည် "ဖေဖေ မေမေ"
ဒါက တကယ်ပဲ မိသားစုသုံးယောက်ပါလား။
ရွှီရှင်း၏ မျက်နှာအမူအရာမှာ ထူးဆန်းနေပြီး သူတကယ်ကို နားမလည်နိုင်အောင် ဖြစ်နေရသည်။
"အီးးး။"
ခဲခဲက သူတို့ရှေ့က ကျောက်ရုပ်တုမိသားစုကို လက်သည်းလေးဖြင့် ညွှန်ပြကာ အသံတိုးတိုးလေး အော်လိုက်ပြီးနောက် ရွှီရှင်း အရင်က ဝင်ခဲ့သော တံခါးနှစ်ချပ်ကို ညွှန်ပြပြန်သည်။
"အီးးး"
ရွှီရှင်းသည် ခဲခဲ ၏ ဆိုလိုရင်းကို နားလည်လိုက်သည်။
ခဲခဲ က ဤသုံးယောက်မှာ လောလောဆယ် အန္တရာယ်မရှိသော်လည်း ထိုတံခါးနှစ်ချပ်ထဲက အရာများမှာ ပို၍အန္တရာယ်ရှိလာပြီဟု အချက်ပြနေခြင်းဖြစ်သည်။
ဆိုလိုသည်မှာ ဗီဇပြောင်းသတ္တဝါများနှင့် ဗီဇပြောင်းလူသားများမှာ အသက်ပြန်ဝင်လာပြီဖြစ်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် ထိုအခန်းနှစ်ခန်းထဲမှ ဟိန်းဟောက်သံများနှင့် လှောင်အိမ်ကို ရိုက်သံများ ထွက်ပေါ်လာ၏။
"ဒီအခန်းနှစ်ခန်းထဲက မွန်းစတားတွေ အသက်ဝင်လာပြီ။ မင်းတို့ တစ်ခုခုမလုပ်ဘူးလား"
ရွှီရှင်းက သူ၏အသံကို တည်ငြိမ်အောင် ထိန်းထားရင်း ထိုတံခါးနှစ်ချပ်ကို ညွှန်ပြလိုက်သည်။
"အဲဒီအရာတွေလား။"
အမျိုးသားရုပ်တု၏ အသံမှာ အရေးမစိုက်သည့်လေသံနှင့် ပြည့်နှက်နေသည်။
သူသည် ထိုတံခါးနှစ်ချပ်ရှေ့တွင် ရပ်လိုက်ပြီး သူ၏ကျောက်သားခြေထောက်ကို မြှောက်ကာ မြေပြင်ကို အားကုန်နင်းချလိုက်သည်။
"ဒုန်း"
မမြင်ရသော တုန်ခါမှုလှိုင်းတစ်ခုမှာ အမျိုးသားရုပ်တု၏ ခြေထောက်အောက်မှ ပျံ့နှံ့သွားကာ ရွှီရှင်း၏ ခြေထောက်အောက်က မြေပြင်ပါ တုန်ခါသွားသဖြင့် သူဟန်ချက်ပျက်ကာ လဲကျလုနီးပါး ဖြစ်သွားသည်။
တစ်ချိန်တည်းမှာပင် ထိုအခန်းနှစ်ခန်းထဲမှ အသံများမှာလည်း ပျောက်ကွယ်သွားကာ အလွန်တိတ်ဆိတ်သွားတော့သည်။
"ဘယ်လိုလဲ... တော်တော်လေး မိုက်တယ်မလား"
အမျိုးသားရုပ်တုက လက်နှစ်ဖက်ကို ဖြန့်ကာ ပြုံးလျက်ပြောသည်။
"ဖေဖေက တကယ့်ကို အစွမ်းထက်တာပဲ"
ကောင်လေးရုပ်တုက လက်ခုပ်တီးလိုက်ရာ ကျောက်ခဲချင်း ရိုက်မိသံ ထွက်ပေါ်လာသည်။
"သူတို့ကို ကြောက်အောင် မလုပ်စမ်းနဲ့။"
အမျိုးသမီးရုပ်တုက အမျိုးသားရုပ်တု၏ ပုခုံးကို ချစ်စနိုးဖြင့် တစ်ချက်ပုတ်လိုက်ရာ ၎င်းမှာလည်း ကျောက်ချင်း ထိမိသံ ထွက်လာသည်။
အမျိုးသားရုပ်တု ပြသလိုက်သည့် အစွမ်းက ရွှီရှင်းကို အနည်းငယ် ထိတ်လန့်သွားစေသည်။
ရုပ်တု၏ တစ်ချက်တည်းသော နင်းချမှုက လမ်းကြောင်းတစ်ခုလုံးကို တုန်ခါစေလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
သူ့ရှေ့က အရာအားလုံးမှာ အလွန်ထူးဆန်းနေသဖြင့် ရွှီရှင်းမှာ လက်တွေ့ဘဝထဲမှာ ရှိမနေသကဲ့သို့ ခံစားနေရ၏။
ကျောက်သားမိသားစုမှာ ရွှီရှင်းထံသို့ ချဉ်းကပ်လာသည်။
နောက်ထပ်တစ်လှမ်းသာ ရှေ့တိုးလိုက်ပါက ရွှီရှင်း၏လှံမှာ သူတို့၏ ကျောက်သားခန္ဓာကိုယ်များကို ထိုးမိတော့မည်ဖြစ်သည်။
"နင့်ရဲ့လက်နက်ကို အောက်ချလိုက်ပါ။ ငါတို့ ကောင်းကောင်းမွန်မွန် စကားပြောလို့ မရဘူးလား"
အမျိုးသမီးရုပ်တု၏ အသံမှာ ညင်သာပြီး နှစ်သိမ့်မှုပေးနိုင်သဖြင့် ရွှီရှင်းမှာ သူ၏လက်နက်ကို အလိုအလျောက် ချထားချင်စိတ် ပေါ်လာသည်။
သို့သော် ခေတ္တမျှသာဖြစ်ပြီး သူ၏စိတ်မှာ ပြန်လည်ကြည်လင်လာကာ ကျောက်လှံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ရင်း ရှေ့ကကျောက်သားမိသားစုကို ပိုမိုသတိကြီးစွာ စောင့်ကြည့်လိုက်သည်။
သူမရဲ့ စကားတွေက ငါ့ရဲ့စိတ်ကို လွှမ်းမိုးနိုင်တာပဲ။
"အီးးး"
ခဲခဲ ကလည်း ခြိမ်းခြောက်မှုကို ခံစားမိပုံရကာ အမျိုးသမီးရုပ်တုကို ကြည့်၍ သွားဖြဲပြနေသည်။
"အိုး... ဒီသတ္တဝါလေးက တော်တော်လေး ရက်စက်တာပဲ၊ စမ်းသပ်ခံအဖြစ် သုံးဖို့ ကွက်တိပဲ။"
အမျိုးသားရုပ်တုက ဟိန်းဟောက်နေသော ခဲခဲ ကို ခြောက်လှန့်သည့် အမူအရာလုပ်ပြသည်။
"အီးးး"
ခဲခဲ က ရွှီရှင်း၏နောက်သို့ ပုန်းလိုက်ပြီး ခေါင်းလေးကိုသာ ထုတ်၍ ဆက်လက် သွားဖြဲပြနေသည်။
သူတို့၏ အမူအရာမှာ မည်မျှပင် ရင်းနှီးဖော်ရွေပုံရစေကာမူ ရွှီရှင်း သူတို့ကို မယုံကြည်နိုင်ချေ။
အကယ်၍ သူတို့က ရှင်ကျန်သူတွေကို အန္တရာယ်မပြုဘူးဆိုလျှင် ထိုအခန်းထဲက ဗီဇပြောင်းရှင်ကျန်သူ အုပ်စုကြီးနှင့် အဝင်ဝက ထွင်းထုထားသော စာသားများကို ဘယ်လိုရှင်းပြမလဲ။
"မလိုပါဘူး၊ မင်းတို့ပြောစရာရှိတာကို ဒီအတိုင်းပဲ ပြောလို့ရပါတယ်။"
"ဟေ့ လူကလေး... မင်းကတော့ တကယ့်ကို ကျေးဇူးကန်းတာပဲ..."
"ချန်ယင်း ။"
အမျိုးသမီးရုပ်တုက အမျိုးသားရုပ်တု၏ လက်မောင်းကို ဆွဲလိုက်၏။
"...အင်းလေ၊ ထားလိုက်ပါတော့၊ သာမန်ရှင်ကျန်သူ တစ်ယောက်ရဲ့ အဆင့်အတန်းအထိ နှိမ့်ပြီး ငါမငြင်းခုံတော့ပါဘူး။"
ချန်ယင်းဟု ခေါ်သော အမျိုးသားရုပ်တုမှာ သက်ဝင်လှုပ်ရှားသော အမူအရာဖြင့် နှုတ်ခမ်းစူလိုက်သည်။
ဤအမျိုးသားရုပ်တုမှာ အခန်းထဲတွင် စာရေးနေစဉ်က အထက်တန်းလွှာ ပုဂ္ဂိုလ်ကြီးတစ်ဦးကဲ့သို့ မြင့်မြတ်သောအရှိန်အဝါ ရှိခဲ့သော်လည်း ပါးစပ်ဖွင့်လိုက်သည်နှင့် ထိုအရှိန်အဝါမှာ လုံးဝ ပျက်စီးသွားတော့သည်။
"မင်းတို့ ဘာပြောချင်တာလဲ" ရွှီရှင်းက မေးလိုက်သည်။
ယခုအချိန်တွင် ရွှီရှင်း လာခဲ့သည့်လမ်းအတိုင်း ပြန်လှည့်သွားနိုင်သည်၊ အဘယ်ကြောင့်ဆိုသော် သူ့တွင် အဆင့်နိမ့်ဗီဇပြောင်းသတ္တဝါများကို မောင်းထုတ်နိုင်သည့် တံမြက်စည်းရှိနေသဖြင့် ထိုလင်းနို့များကို ကိုင်တွယ်နိုင်ပေလိမ့်မည်။
သို့သော် ဤမိသားစုသုံးယောက်က တစ်ခုတည်းသော လမ်းကြောင်းကို ပိတ်ဆို့ထားသဖြင့် ရွှီရှင်းမှာ သူတို့၏ခွန်အားကို မသိရသေးဘဲ စိတ်လိုက်မာန်ပါ မလှုပ်ရှားဝံ့ချေ။
မှန်ပါသည်၊ သူ့တွင် နောက်ထပ် ရွေးချယ်စရာတစ်ခုရှိသေးသည်။
၎င်းမှာ နောက်သို့ ဆက်လျှောက်သွားခြင်းဖြစ်သည်။
သူ၏နောက်ကွယ်တွင် အခန်းများ မရှိတော့သော်လည်း စင်္ကြံလမ်းမှာ အလွန်ရှည်လျားကာ ရှေ့သို့ ဆန့်ထွက်နေသည်။
သို့သော် ထိုနောက်ကွယ်မှာ ဘာရှိသည်ကို ရွှီရှင်းမသိချေ၊ ၎င်းမှာ လမ်းဆုံးလည်း ဖြစ်နေနိုင်သဖြင့် အကောင်းဆုံးနည်းလမ်းမှာ လာခဲ့သည့်လမ်းအတိုင်း ပြန်လှည့်သွားခြင်းပင် ဖြစ်သည်။
"မင်း ငါတို့ရဲ့အိမ်ကိုလာပြီး ပစ္စည်းတွေ အများကြီးခိုးသွားတယ်၊ အခုကျတော့ ငါတို့ဘာပြောချင်လဲလို့ မေးနေတာလား"
အမျိုးသားရုပ်တုက လက်ပိုက်လိုက်ပြီး ရွှီရှင်းကို မယုံကြည်နိုင်သော အမူအရာဖြင့် ကြည့်လိုက်သည်။
"သူက သားရဲ့ လေညှပ်လေးကိုလည်း ယူသွားသေးတယ်"
ကောင်လေးလေးက အမျိုးသားရုပ်တု၏ ခြေထောက်ကို ဖက်ထားရင်း ရွှီရှင်းကို လက်ညှိုးထိုးကာ အော်ပြောသည်။
"အေးပါ... အေးပါ... ခဏနေရင် ပြန်ယူပေးမယ်နော်။"
အမျိုးသမီးရုပ်တုက ကောင်လေး၏ခေါင်းကို ပုတ်လိုက်ရာ ကျောက်ချင်းပွတ်တိုက်သံ ထွက်ပေါ်လာသည်။
ရှေ့က အရာအားလုံးမှာ အလွန်ထူးဆန်းနေသဖြင့် ရွှီရှင်း ဘာပြောရမှန်း မသိတော့ဘဲ လက်ထဲက လှံကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်သည်။
သူ တကယ်ကို သိချင်နေသည်မှာ ဤရုပ်တုတွေက တကယ်တော့ ဘာတွေလဲဆိုတာပင်။
မြေအောက်ထဲတွင် မြေပုံကို အသုံးပြုလို့မရတာ နှမြောစရာကောင်းလှသည်၊ မဟုတ်ပါက သူတို့က ရန်သူ ဟုတ်၊ မဟုတ်ကို မြင်နိုင်ပေလိမ့်မည်။
အကယ်၍ အနီစက်ပြလျှင် ရန်သူဖြစ်ကာ၊ ခဲခဲ ဒါမှမဟုတ် မိကျောင်းကြီးတို့ကဲ့သို့ အမှတ်မပြလျှင်တော့ ရန်သူမဟုတ်နိုင်ချေ။
ရွှီရှင်း ခဏမျှ တိတ်ဆိတ်နေသည်ကို မြင်သောအခါ တစ်ဖက်လူက အရင်စတင်ပြောဆိုလာသည်။
"မင်း ဒီနေရာမှာ အရာအားလုံးကို မြင်ပြီးပြီဆိုတော့ ငါတို့ဘာလုပ်နေလဲဆိုတာ မင်းသိမှာပါ ဟုတ်တယ်မလား"
ချန်ယင်းဟု အမည်ရသော အမျိုးသားရုပ်တုမှာ ရွှီရှင်းလက်ထဲက ယုန်နားရွက်လှံကို သတိထားနေဆဲဖြစ်ပုံရကာ ရှေ့သို့ ဆက်မတိုးလာချေ။
"...ခင်ဗျားတို့က ဒီမှာ ဗီဇပြောင်းသတ္တဝါတွေကို မွေးမြူနေတာပဲ။"
"မှန်တာပေါ့"
ချန်ယင်းက သူ၏ကျောက်သားလက်များကို ဖြန့်လိုက်ရာ သူ၏ကျောက်သားမျက်လုံးများမှာ နီဖျော့ဖျော့ အလင်းတန်းများ ထွက်ပေါ်လာပြီး..
"ရန်သူတွေရဲ့ အသားနဲ့ သွေးတွေကို ဆေးရည်တွေအဖြစ် ပြောင်းလဲပြီး ငါတို့ဘက်က ခွန်အားတွေကို မြှင့်တင်ဖို့ ဒါက ငါတို့လုပ်နေတဲ့ အရာပဲ။ ဘယ်လိုလဲ... အစွမ်းထက်တယ် မဟုတ်လား"
ရန်သူတွေ...
ရွှီရှင်း မျက်မှောင်ကြုတ်လိုက်သည်။
ဤရုပ်တုက ထိုဗီဇပြောင်းသတ္တဝါတွေကို ရန်သူတွေလို့ ခေါ်တာလား။
"အကယ်၍ မင်းက ငါတို့နဲ့ ပူးပေါင်းချင်တယ်ဆိုရင်တော့ အမြဲတမ်း ကြိုဆိုပါတယ်"
ချန်ယင်း၏ ကျောက်သားမျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာ၏။
"ငါတို့နဲ့ ပူးပေါင်းခဲ့တဲ့ နောက်ဆုံးလူကတော့ မတော်တဆ သေသွားခဲ့တယ်၊ အဲဒါကြောင့် ပူးပေါင်းဖို့ ရှင်ကျန်သူတစ်ယောက် လိုအပ်နေတာ။ အော်... မင်းလွယ်ထားတာက သူ့ရဲ့ ကျောပိုးအိတ်ပဲ။"
နောက်ဆုံးလူ...သေသွားတယ်လား....
ရွှီရှင်းသည် ဤကျောပိုးအိတ်ထဲက ဗီဇပြောင်းသတ္တဝါ စာချုပ်နှစ်စောင်ကို ရုတ်တရက် သတိရလိုက်သည်။
ဤကျောပိုးအိတ်ပိုင်ရှင်က တကယ်တော့ ရုပ်တုတွေရဲ့ ပူးပေါင်းဆောင်ရွက်သူ ဖြစ်နေခဲ့တာလား..။
---
အခန်း ၉၁ ပြီး။