ထူးခြားသော မြေအောက်ဂူ
Vol. 7 Ch. 94
အပေါ်ဘက်တွင် တွဲလောင်းခိုနေသော လင်းနို့များသည် ရွှီရှင်း ထင်မှတ်ထားသကဲ့သို့ ရုန်းရင်းဆန်ခတ် ဖြစ်မလာခဲ့ချေ။
ထိုအစား သူတို့အားလုံးသည် အတောင်ပံများဖြင့် ကိုယ်ကိုတင်းတင်းပတ်ကာ ပိုမိုသေးငယ်သွားသည်အထိ ကျုံ့ဝင်သွားကြသည်။
..ဒီတံမြက်စည်းရဲ့ အစွမ်းအားက မမျှော်လင့်ဘဲ ကောင်းလှပါလား။
သူ အပေါ်သို့ တက်လှမ်းလာသည်နှင့်အမျှ၊ လင်းနို့များသည် ပိုမိုတင်းကျပ်စွာ ပိတ်ဆို့နေလေလေ ဖြစ်သည်။
အချို့မှာ အနည်းငယ်ပင် တုန်ရင်နေကြသည်။
ရွှီရှင်းသည် လင်းနို့များ ပြည့်နှက်နေသော ဤလမ်းပိုင်းကို လုံးဝ ကျော်ဖြတ်သွားသည်အထိ၊ ထိုသွေးရောင်လင်းနို့အုပ်ကြီးမှာ သူ့ကို တိုက်ခိုက်ရန် အစပျိုးခြင်းပင် မရှိခဲ့ချေ။
ကောင်းလိုက်တာ။
ဒါကို တံခါးဝမှာ ချိတ်ထားရင်တောင် ဘေးဥပါဒ်ကင်းဝေးစေမယ့် အဆောင်တစ်ခုလို ဖြစ်နေတော့မှာပဲ။
လင်းနို့ဧရိယာကို ကျော်ဖြတ်ပြီးနောက်၊ ရွှီရှင်းသည် အလွန်ရှည်လျားလှသော လှေကားလမ်းကြောင်းကြီးကို ကြည့်လိုက်သည်။
သူ မျက်လုံးအစုံကို လှန်ကြည့်လိုက်မိသည်၊ ခေတ္တမျှတော့ နောက်ပြန်လှည့်သွားဖို့ စဉ်းစားမိသေးသည်။
ဤလမ်းကြောင်းမှာ တောင်တက်ရသကဲ့သို့ အလွန်ပင် ရှည်လျားလှသောကြောင့် ဖြစ်သည်။
သို့သော် ရွှီရှင်းသည် ဝင်္ကပါထဲတွင် အပြန်လမ်းကို အမှတ်အသား သေသေချာချာ လုပ်ထားခဲ့သည်ဖြစ်ရာ၊ အကယ်၍ ဤလမ်းက ဆက်သွား၍ရနေဆဲဆိုလျှင် ပြန်လှည့်ခြင်းမှာ သူ့အတွက် လွယ်ကူသော အလုပ်တစ်ခု ဖြစ်ပေလိမ့်မည်။
သူသည် ဤဖြစ်နိုင်ခြေကို လက်မလွှတ်လိုသလို၊ ချန်ယင်းနှင့် ရှုလန်တို့၏ စကားများကိုလည်း အတည်ပြုချင်နေသဖြင့် အပေါ်သို့ ဆက်လက် တက်လှမ်းခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် သူ့တွင် ခွန်အားပြန်လည်ဖြည့်တင်းပေးသည့် ဆီးသီး များ ရှိနေသဖြင့်၊ လှေကားတက်ခြင်းက သူ၏အင်အားကို အလွန်အမင်း ကုန်ခမ်းစေခြင်း မရှိချေ။
(ဘာသာပြန်သူမှတ်စု အက်ပရီကော့ ကို ဆီးသီး လို့ပြောင်းသုံးပါမယ်ဗျ။)
"ခဲခဲ... မင်းဘာသာ လမ်းလျှောက်တော့"
ရွှီရှင်းက ခဲခဲ၏ ခေါင်းလေးကို ပွတ်လိုက်သည်။
ဤကောင်လေးမှာ အများဆုံးရှိလှ ၅ ကီလိုဂရမ်ခန့်သာ ရှိသော်လည်း ရွှီရှင်းအနေဖြင့် အင်အားကို ချွေတာလိုသည်။
သူ၏ကျောပိုးအိတ်ထဲတွင် ပစ္စည်းများစွာ ရှိနေပြီး၊ ၎င်းတို့ကို အောက်မှာ ချန်ထားခဲ့ရန်လည်း စိတ်မချချေ။
"အီးးး"
ခဲခဲက အနည်းငယ် မကျေမနပ်ဖြစ်သွားသော်လည်း ရွှီရှင်း၏ ပုခုံးပေါ်မှ လိမ္မာပါးနပ်စွာ ဆင်းပေးရှာသည်။
လှေကားထစ်များက အလွန်စိုစွတ်ချောကျိနေဆဲဖြစ်ကာ၊ ရေစက်ကျသံများမှာ ပဲ့တင်ထပ်နေသည်။
ရွှီရှင်းက တစ်လှမ်းချင်း တက်နေစဉ် ခဲခဲမှာတော့ အရင်အတိုင်းပင် လှေကားထစ် ဆယ်ဂဏန်းခန့်ကို အပြေးတက်သွားလိုက်၊ ရွှီရှင်းကို ပြန်လှည့်ကြည့်လိုက်၊ သူ အနားရောက်မှ နောက်ထပ် ဆယ်ဂဏန်းခန့်ကို ထပ်ပြေးသွားလိုက်နှင့် အဖော်ပြုပေးနေသည်။
အပြာရောင်အဆင့် ဆီးသီး၏ အာနိသင်ကြောင့် ရွှီရှင်းမှာ အင်အားကုန်ခမ်းမှု အလွန်နှေးကွေးနေသည်ကို ခံစားရပြီး၊ လျစ်လျူရှုထားနိုင်လောက်သော အခြေအနေဖြစ်သည်။
နာရီဝက်ခန့် ကြာပြီးနောက်၊ နောက်ဆုံးတွင် သူသည် အဝင်ဝဖြစ်သော ကြေးဝါရောင်တံခါးကြီးဆီသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
တံခါးမှာ သူအောက်သို့မဆင်းမီကအတိုင်း တင်းတင်းကျပ်ကျပ် ပိတ်ထားဆဲပင်။
ရွှီရှင်းက အားကုန်သုံး၍ တွန်းကြည့်သော်လည်း မလှုပ်ချေ။
ပတ်ဝန်းကျင်ကို ရှာဖွေကြည့်သော်လည်း တံခါးဖွင့်ရန် စက်ကွင်း သို့မဟုတ် မည်သည့်အရာကိုမျှ ရှာမတွေ့ခဲ့ချေ။
သူ၏လှံနှင့် သံဓားကို အသုံးပြု၍ အားကုန်တိုက်ခိုက်ကြည့်သော်လည်း တံခါးပေါ်တွင် အရာလေးတစ်ခုပင် ထင်ကျန်ရစ်ခြင်း မရှိချေ။
ခဲခဲမှာ တံခါးရှေ့တွင် ဟိုပြေးဒီပြေးလုပ်ရင်း ရှာဖွေနေသော်လည်း တန်ဖိုးရှိသည့်အရာ ဘာမှမတွေ့ချေ။
"ကြည့်ရတာ ဒါက တကယ်ပဲ လမ်းဆုံးပဲ။"
ရွှီရှင်း သက်ပြင်းတစ်ချက်ချရင်း ပိတ်ထားသော တံခါးကို မှီထိုင်လိုက်သည်။
ဒီခရီးကတော့ အချည်းနှီး ဖြစ်သွားခဲ့ပြီ။
ရုတ်တရက် ရွှီရှင်း၏ နာရီက တုန်ခါလာသည်။
"ဟင် ဒီမှာ သစ်ပင်အိမ်နာရီကို သုံးလို့ရတာလား"
ရွှီရှင်း လျင်မြန်စွာ သူ၏ဘယ်ဘက်လက်ကို မြှောက်ကြည့်လိုက်သည်။
နာရီမှာ အဆက်မပြတ် တုန်ခါနေပြီး၊ တစ်နေ့တာလုံးက ပို့ထားသမျှ သတင်းအချက်အလက်အားလုံး ချက်ချင်း ရောက်ရှိလာတော့သည်။
လီဝမ်ရှီးနှင့် ကျိချောင်းယန်တို့ နှစ်ဦးလုံးက သူ့ထံ စာတိုများ ပို့ထားကြခြင်းဖြစ်သည်။
ကျိချောင်းယန်က သူ့ထံ နှစ်ကြိမ်သာ ပို့ထားပြီး နှစ်နာရီခန့် ခြားသည်။
"ရွှီရှင်း... ငါ မြေအောက်မြို့တော်ထဲ ရောက်နေပြီ။ မင်း ဘယ်လိုလဲ"
"မင်း စာတွေ မရတာလား"
လီဝမ်ရှီးဘက်မှာတော့ စာတိုပေါင်း ဆယ်စောင်ကျော် ရှိနေသည်။
"ကျွန်မ အဝင်ဝကို ရှာတွေ့ပြီ ရှင့်ရဲ့နည်းလမ်းက တကယ်အလုပ်ဖြစ်တယ်"
"ဒီစင်္ကြံလမ်းက အရမ်းရှည်တာပဲ၊ ပြီးတော့ အရမ်းချောတယ်။ ရှင့်ဘက်မှာ ဘာတွေတွေ့လဲ"
"ကျွန်မရဲ့ မြေအောက်မြို့တော်ထဲမှာ သေတ္တာတွေ အများကြီးပဲ၊ အကုန်လုံးက ရှင်ကျန်သူတွေ ချန်ထားခဲ့တဲ့ အရင်းအမြစ်တွေချည်းပဲ"
"ရွှီရှင်း... ရှင် ရှိသေးရဲ့လား"
"ရှင် ဘယ်မှာလဲ တစ်ခုခုတော့ မဖြစ်ပါဘူးနော်"
"မြေအောက်မြို့တော်ထဲမှာ ဗီဇပြောင်းသတ္တဝါတွေ ရှိနေတယ်။ ရွှီရှင်း... ရှင် အသက်ရှင်သေးရဲ့လား"
"ရှင့်ရဲ့ နာမည်က မီးခိုးရောင် ပြောင်းမသွားသေးဘူး၊ ရှင် အသက်ရှင်နေတာ သေချာတယ်"
"စာတွေ ပို့လို့မရတာလား"
တစ်ချိန်တည်းမှာပင် စူးစမ်းရှာဖွေသူများ အဖွဲ့ထဲတွင်လည်း ဆက်သွယ်မှု မှတ်တမ်းများဖြင့် ပြည့်နှက်နေသည်။
ရွှီရှင်း မျက်မှောင်ကြုတ်လိုက်မိ၏။
သူတို့ကို မြေအောက်မြို့တော်ထဲမှာ နာရီအသုံးပြုခွင့် ပိတ်ပင်မထားဘူးလား။
ဒါဆို ငါတစ်ယောက်တည်းပဲ ထူးခြားနေတာလား။
သူသည် အဖွဲ့ထဲက စကားဝိုင်းများကို လိုက်လံဖတ်ရှုကြည့်ရာ၊ လူတိုင်းမှာ သတင်းအချက်အလက်များ ဖလှယ်နေကြသည်ကို တွေ့ရသည်။
မိနစ်ပိုင်းအတွင်းမှာပင် ရွှီရှင်းသည် သူတို့၏ အချက်အလက်များကို စုစည်းကြည့်လိုက်ပြီးနောက် သူ၏ သံသယမှာ ပိုမိုနက်ရှိုင်းလာတော့သည်။
ဤလူများထဲမှ တစ်ဦးတစ်ယောက်မျှ မြေအောက်လမ်းကြောင်းများတွင် လင်းနို့အုပ်ကြီးများနှင့် မတွေ့ခဲ့ကြချေ။
သူတို့၏ လမ်းကြောင်းများမှာ စိုစွတ်ချောကျိနေခြင်းမှလွဲ၍ အခြား ဘာအန္တရာယ်မှ မရှိချေ။
သူတို့ဝင်ခဲ့သော မြေအောက်မြို့တော်များတွင် ခြောက်ခြားဖွယ်ရာ ကျောက်ရုပ်တုများ သို့မဟုတ် ဗီဇပြောင်းသတ္တဝါများနှင့် ပတ်သက်သော ကိရိယာမျိုးစုံလည်း မရှိကြချေ။
သို့သော် သူတို့၏ မြေအောက်မြို့တော်များရှိ သေတ္တာများထဲတွင် အဆင့်မြင့် အရင်းအမြစ်များစွာ ရှိနေကြပြီး၊ ရွှီရှင်း ရှာတွေ့ခဲ့သည်ထက်ပင် ပိုများနေကြသည်။
တစ်ခုတည်းသော တူညီချက်မှာ သူတို့၏ မြေအောက်မြို့တော်များတွင်လည်း ဗီဇပြောင်းသတ္တဝါများစွာ ရှိနေခြင်းပင် ဖြစ်သည်။
ထိုသတ္တဝါများသည် အခန်းအချို့တွင် ပုန်းအောင်းနေတတ်ကြပြီး တံခါးဖွင့်လိုက်သည်နှင့် တိုက်ခိုက်တတ်ကြသည်။
အတိုချုပ်ပြောရလျှင် သာမန် ရတနာခန်းများနှင့် ထောင်ချောက်ခန်းများသာ ဖြစ်ကြသည်။
"ကြည့်ရတာ ငါရောက်နေတဲ့ မြေအောက်မြို့တော်က ချန်ယင်းမိသားစုရဲ့ လွှမ်းမိုးမှုကြောင့် တခြားသူတွေထက် ပိုပြီး ထူးခြားနေပုံရတယ်"
ရွှီရှင်းသည် စာတွေအများကြီး ပို့ထားသော လီဝမ်ရှီးထံ "ငါ အဆင်ပြေပါတယ်၊ စိတ်မပူနဲ့" ဟု စာပြန်လိုက်ပြီးနောက်၊ အဖွဲ့ထဲတွင်လည်း မေးခွန်းတစ်ခု မေးလိုက်သည် "မင်းတို့ အပြင်ထွက်မယ့်လမ်း ရှာတွေ့ကြပြီလား"
အဖွဲ့သားများက ချက်ချင်း ပြန်ဖြေကြသည်။
ဝမ်လေ့ - "ဝိုး ဒါ ခေါင်းဆောင်ရွှီပဲ ခေါင်းဆောင် နောက်ဆုံးတော့ စကားပြောပြီ"
ကျောက်ရှောင်ချွမ်း - "ခေါင်းဆောင်ရွှီ... ခေါင်းဆောင် စကားမပြောတာ ကြာတော့ တစ်ခုခု ဖြစ်ပြီလို့ ထင်နေတာ"
ဝမ်ကွေ့ရှင်း - "နင် အဆင်ပြေနေတာပဲ တော်သေးတာပေါ့"
လီဝမ်ရှီး - " နောက်ဆုံးတော့ အသံထွက်လာပြီပဲ ကျွန်မ ထင်နေတာက..."
ချင်ယွန်လုံ - "မင်း နောက်ဆုံးတော့ စကားပြောပြီပဲ"
စကားတစ်ခွန်းတည်းနှင့် ဤမျှ တုန့်ပြန်မှုများလာလိမ့်မည်ဟု ရွှီရှင်း မထင်ထားခဲ့ချေ။
သို့သော် သူ ရှင်းပြနေရန် ပျင်းရိနေသဖြင့် "ငါ့ရဲ့ မွန်းစတားဂူထဲမှာ ဘာလို့ လိုင်းမမိတာလဲ မသိဘူး၊ အခုမှ ပြန်ရတာ" ဟုသာ ပြန်ဖြေလိုက်သည်။
ရွှီရှင်းသည် သူကြုံတွေ့ခဲ့ရသည်များကို သူတို့ကို ပြောပြရန် အစီအစဉ်မရှိချေ။
၎င်းမှာ အချိန်ဖြုန်းရုံသာ ဖြစ်သလို၊ အဓိပ္ပာယ်လည်း မရှိလှချေ။
ထို့ပြင် သူ၏ အင်အားကိုလည်း လျှို့ဝှက်ထားရန် လိုအပ်သည်။
"ခေါင်းဆောင်ရွှီရဲ့ နာရီက ခရမ်းရောင်အဆင့် မဟုတ်လား ဒါတောင် ငါတို့လိုင်းထက် ညံ့နေတာလား၊ တကယ့်ကို ဝမ်းနည်းစရာပဲ"
"ဘယ်က ညံ့ရမှာလဲ ခေါင်းဆောင်ရွှီရဲ့ မွန်းစတားဂူက ပိုပြီး အဆင့်မြင့်လို့ နေမှာပေါ့၊ အရင်းအမြစ်တွေလည်း အများကြီး ရှာတွေ့မှာပဲ"
ရွှီရှင်းမှာ ဤလူများက စကားများနေကြသည်ကို မြင်သောအခါ မတတ်နိုင်တော့ဘဲ စာတစ်စောင် ထပ်ပို့လိုက်သည်။
"မင်းတို့တွေက အားနေကြတာလား မွန်းစတားဂူထဲကနေ အပြင်ထွက်နိုင်ကြပြီလား"
ဝမ်လေ့ - "ဟုတ်တယ်၊ ငါ ထွက်လာပြီ၊ အခု သစ်ပင်အိမ်ဆီကို သွားနေတာ"
ကျောက်ရှောင်ချွမ်း - "ထွက်ခါနီးပြီ၊ မြေပြင်ပေါ်က ထွက်ပေါက်ကို မြင်နေရပြီ"
ဝမ်ကွေ့ရှင်း - "နင်တို့က အရမ်းနှေးတာပဲ၊ ငါကတော့ သစ်ပင်အိမ် ပြန်ရောက်နေပြီ။ ဒီလောက် လွယ်ကူတဲ့ ကိစ္စလေးကို ဘာလို့ နှစ်ရက်တောင် အချိန်ပေးထားတာလဲ မသိဘူး"
ချင်ယွန်လုံ - "အဲလိုတော့ ပြောလို့မရဘူးလေ၊ တခြားသူတွေဆို အဝင်ဝရှာတာနဲ့တင် အချိန်ကုန်နေကြတာ။ ရွှီရှင်းရဲ့ နည်းလမ်းသာ မရှိရင် ငါတို့ အဝင်ဝကို ဒီလောက်မြန်မြန် ရှာတွေ့ပြီး ဝင်္ကပါထဲကနေ ထွက်နိုင်မှာ မဟုတ်ဘူး"
ဒါဆို... သူတို့က တကယ်ပဲ အပြင်ထွက်နိုင်ကြပြီပေါ့။
"မင်းတို့ စင်္ကြံလမ်းအတိုင်း လိုက်သွားပြီး ထွက်ခဲ့ကြတာလား"
"ဟုတ်တယ်၊ စင်္ကြံလမ်းထဲမှာ ထောင်ချောက်အချို့နဲ့ ဗီဇပြောင်းသတ္တဝါအချို့ ရှိနေပေမဲ့ ငါတို့အတွက်တော့ ကလေးကစားစရာလိုပဲ"
"ငါကတော့ အားနဲ့ပဲ တိုးထွက်လာတာ။ ဗီဇပြောင်းသတ္တဝါတွေက သာမန်ထက် ပိုသန်မာပေမဲ့ အရွယ်အစားက သေးသေးလေးတွေပဲ၊ တကယ်တော့ ကြွက်ကြီးတွေပါပဲ။ ဒါပေမဲ့ ပေးတဲ့အမှတ်ကတော့ တော်တော်များသား"
အဖွဲ့ထဲတွင် ရှုပ်ယှက်ခတ်နေသဖြင့် ရွှီရှင်းသည် လီဝမ်ရှီးထံသို့ တိုက်ရိုက် စာပို့လိုက်သည်။
"မင်းလည်း အပြင်ထွက်နိုင်ပြီလား"
လီဝမ်ရှီးက ချက်ချင်း ပြန်ဖြေသည်။
"ဟုတ်တယ်၊ အခု သစ်ပင်အိမ်ဆီ သွားနေတာ။ အတော်ကြာအောင် တိတ်နေတော့ ကျွန်မ တကယ်လန့်သွားတာပဲ၊ လိုင်းမကောင်းလို့ ကိုး"
ရွှီရှင်းက အသံဖြင့် ခေါ်ဆိုလိုက်သည်။
"မင်း ဘယ်လို ထွက်ခဲ့တာလဲဆိုတာ ပြောပြလို့ ရမလား"
ရွှီရှင်းက မေးလိုက်သည်။
"ရှင်... ပြော... တာ... လိုင်း... မ... ကောင်း..."
တစ်ဖက်မှ အသံမှာ ထစ်ငေါ့နေသည်။
ရွှီရှင်းက နေရာအချို့ ရွှေ့ကြည့်လိုက်ရာ၊ နာရီကို တံခါးနှင့် ကပ်ထားမှသာ လိုင်းအနည်းငယ် ပိုကောင်းလာသည်ကို တွေ့ရသည်။
"ရှင် မြေအောက်ထဲမှာ ရှိနေတုန်းပဲလား ရှင်လိုင်းမရတာကို အခုမှ ယုံတော့တယ်"
လီဝမ်ရှီး၏ အသံမှာ ကြည်လင်လာသည်။
"ငါ ဒီမှာ အခက်အခဲလေး တစ်ခု ကြုံနေလို့ပါ၊ မင်း ဘယ်လို ထွက်ခဲ့တာလဲဆိုတာ ပြောပြလို့ ရမလား"
ရွှီရှင်းက ထပ်မံ မေးလိုက်သည်။
"ရတာပေါ့"
ထို့နောက် လီဝမ်ရှီးက မွန်းစတားဂူအတွင်းသို့ ဝင်ရောက်ခဲ့ပုံမှစ၍ မြေပြင်ပေါ်သို့ ပြန်လည်ရောက်ရှိခဲ့ပုံအထိကို ရွှီရှင်းအား ပြောပြခဲ့သည်။
ရွှီရှင်း မျှော်လင့်ထားသည့်အတိုင်းပင်၊ လီဝမ်ရှီးသည် လှေကားထစ်များအတိုင်း ဆင်းသွားစဉ် အန္တရာယ် မကြုံခဲ့ရချေ။
သူမ၏ မွန်းစတားဂူမှာလည်း တံခါးပေါင်းများစွာ ရှိသော စင်္ကြံရှည်ကြီးတစ်ခု ဖြစ်ပြီး၊ အခန်းတိုင်းတွင် ရတနာ၊ ထောင်ချောက် သို့မဟုတ် ဗီဇပြောင်းသတ္တဝါ တစ်မျိုးမျိုး ရှိနေတတ်သည်။
သို့သော် အပြာရောင်အဆင့် သံချပ်ကာကို ဝတ်ဆင်ထားသဖြင့် သူမမှာ ထောင်ချောက်များနှင့် ဗီဇပြောင်းသတ္တဝါများ၏ ရန်မှ ဘာဒဏ်ရာမှ မရခဲ့ဘဲ အရင်းအမြစ်အားလုံးကို လွယ်လွယ်ကူကူ စုဆောင်းနိုင်ခဲ့သည်။
အခန်းအားလုံးကို စူးစမ်းပြီးနောက်၊ သူမသည် စင်္ကြံလမ်း၏ အနက်ပိုင်းသို့ ဆက်လက် လျှောက်လှမ်းခဲ့ရာ၊ လမ်းတစ်လျှောက် ထောင်ချောက်များနှင့် သတ္တဝါများကို တစ်ခုပြီးတစ်ခု ကျော်ဖြတ်ပြီးနောက် မြေပြင်ပေါ်သို့ တိုက်ရိုက် ရောက်ရှိသွားခဲ့သည်။
သူတို့၏ မွန်းစတားဂူများမှာ ဤမျှလောက်အထိ လွယ်ကူနေလိမ့်မည်ဟု ရွှီရှင်း မထင်ထားခဲ့ချေ။
သူတို့အတွက်သာ လွယ်ကူခြင်း ဖြစ်သော်လည်းပေါ့။
လီဝမ်ရှီး ရင်ဆိုင်ခဲ့ရသော ထောင်ချောက်များမှာ ရုတ်တရက် ပစ်ထွက်လာသော မြှားများ၊ မြေပြင်မှ ထွက်လာသော သံချွန်များ၊ နံရံမှ ထွက်လာသော မီးတောက်များနှင့် လမ်းကြောင်းအပြည့် ရှိသော လိမ့်ဆင်းလာသည့် ကျောက်တုံးကြီးများပင် ဖြစ်သည်။
သာမန်လူတစ်ယောက်အတွက်ဆိုလျှင် တစ်ချက်မှားသည်နှင့် သေသွားနိုင်ပေသည်။
"မင်း တော်တော်တော်တာပဲ၊ ဒီလောက် ထောင်ချောက်တွေကြားမှာ ဘာဒဏ်ရာမှ မရခဲ့ဘူးလား"
ရွှီရှင်း မအံ့သြဘဲ မနေနိုင်တော့ချေ။
"ဟဲဟဲ... ကံကောင်းလို့ပါ၊ ကံကောင်းလို့ပါ။ ရှင့်ရဲ့ အခြေအနေကကော ဘယ်လိုလဲ၊ ကျွန်မနဲ့ တူရဲ့လား"
"အင်း... နည်းနည်းတော့ ကွဲပြားတယ်၊ ငါ အပြင်ရောက်မှ ပြောပြမယ်နော်"
"အိုကေ... ဒါဆိုရင်လည်း ကံကောင်းပါစေနော်"
ဖုန်းချပြီးနောက် ရွှီရှင်းသည် သတ္တုတံခါးကို မှီလျက် စဉ်းစားနေမိသည်။
သူ့ဘက်က ထောင်ချောက်တွေက လီဝမ်ရှီး ကြုံခဲ့ရသလို ရိုးရိုးလေး မဟုတ်နိုင်တာ သေချာသည်။
အကယ်၍သာ ရိုးရှင်းနေပါက၊ လွန်ခဲ့သော ၁၂ နှစ်က ရှင်ကျန်သူသည် အပြင်မထွက်နိုင်ဘဲ ဤနေရာမှာတင် သေဆုံးသွားလိမ့်မည် မဟုတ်ချေ။
ရွှီရှင်းသည် ကျိချောင်းယန်ထံသို့ စာပို့ကာ သူ၏ အခြေအနေကို လှမ်းမေးလိုက်သည်။
သူ မိနစ်အနည်းငယ်ကြာ စောင့်ဆိုင်းသော်လည်း ကျိချောင်းယန်ထံမှ ပြန်စာ မလာခဲ့ချေ။
အစောပိုင်းက သူ အဖွဲ့ထဲမှာ စကားမပြောသော်လည်း၊ ယခင်က ဆွေးနွေးမှုများတွင် ပါဝင်ခဲ့သည်ကို ကြည့်လျှင် သူသည်လည်း မွန်းစတားဂူထဲမှာ လိုင်းရနေပြီး ဆက်သွယ်နိုင်ကြောင်း သိသာသည်။
တစ်ခုခုကို ကိုင်တွယ်နေလို့ ဖြစ်ရပေမည်။
ရွှီရှင်းသည် ဤနေရာတွင် အချိန်ဆက်ဖြုန်းနေရန် စိတ်ကူးမရှိတော့ချေ။
တံခါးကို နောက်ဆုံးအကြိမ် ထပ်မံ တွန်းကြည့်သော်လည်း မထူးခြားသဖြင့်၊ ရွှီရှင်းသည် သတ္တုတံခါးမှ ခွာကာ လှေကားထစ်များအတိုင်း အောက်သို့ ပြန်ဆင်းခဲ့သည်။
လင်းနို့အုပ်ကြီးကို ဖြတ်ကျော်စဉ်၊ ရွှီရှင်းသည် အကြီးဆုံး လင်းနို့တစ်ကောင်ကို ရွေးချယ်ကာ လက်ထဲက ဗီဇပြောင်းသတ္တဝါ စာချုပ် ကို ချိုးလိုက်ရာ၊ ကြောက်လန့်တုန်ရင်နေသော သွေးရောင်လင်းနို့နှင့် လွယ်လွယ်ကူကူပင် စာချုပ်ချုပ်ဆိုနိုင်ခဲ့သည်။
စာချုပ်ချုပ်ဆိုပြီးသော သွေးရောင်လင်းနို့မှာ ရွှီရှင်းလက်ထဲက တံမြက်စည်းကို မကြောက်တော့ဘဲ၊ သူ၏ ပုခုံးပေါ်သို့ ပျံတက်လာကာ ခြေသည်းများဖြင့် သူ၏ သားရေချပ်ဝတ်ကို တွယ်ကပ်ထားတော့သည်။
"အီးးး"
ခဲခဲမှာ သူ၏ နယ်မြေကို ကျူးကျော်ခံလိုက်ရသလို ခံစားရပုံရကာ၊ ရွှီရှင်း၏ အခြားတစ်ဖက် ပုခုံးပေါ်သို့ အမြန်ကူးသွားပြီး လင်းနို့ကို ကြည့်ကာ သွားဖြဲပြရင်း လက်ကလေးများကို ဝှေ့ယမ်းနေသည်။
နောက်ဆုံးတွင် ရွှီရှင်းသည် လက်စွပ်ဝတ်ထားသော လက်ဖြင့် လင်းနို့ကို ပုတ်လိုက်ရာ၊ ကြောင်တောင်တောင် ဖြစ်နေသော လင်းနို့မှာ လက်စွပ်အတွင်းသို့ ဝင်သွားခဲ့သဖြင့် ဤပြဇာတ်မှာ အဆုံးသတ်သွားတော့သည်။
ဤလင်းနို့က ပျံသန်းနိုင်သဖြင့် လက်လှမ်းမမှီသော နေရာများကို စူးစမ်းရန် အသုံးချလို့ ရပေသည်။
မကြာခင် လမ်းပြဖို့အတွက် မြေပြင် သတ္တဝါအချို့ကိုလည်း ငါ စာချုပ်ချုပ်ရမယ်။
ချန်ယင်းမိသားစုက စာချုပ်တွေ လုပ်ပေးနိုင်တာဆိုတော့၊ ငါ အပြင်ရောက်ရင် သူတို့ကို ပိုလုပ်ခိုင်းလို့ ရတာပဲ။
အကယ်၍ ငါ အပြင်မထွက်နိုင်ဘူးဆိုရင်တော့ ဒါတွေကို သိမ်းထားလည်း အလကားပဲ၊ အခုကတည်းက အသုံးချလိုက်တာ ပိုကောင်းတယ်။
အခန်း ၉၄ ပြီး။