ပထမဆုံး စက်ကွင်း
Vol. 7 Ch. 96
ရွှီရှင်းသည် ရှေ့ပြေးစူးစမ်းရန်အတွက် သားရဲအချို့ကို စာချုပ်ထပ်ချုပ်ချင်သေးသော်လည်း ချန်ယင်း က တားမြစ်လိုက်၏။
ချန်ယင်းက ရှေ့ပြေးစူးစမ်းရန်အတွက်ဆိုလျှင် သားရဲများကို တိုက်ရိုက်အမိန့်ပေးရုံနှင့် ရသဖြင့် စာချုပ်များကို အလဟဿမဖြုန်းတီးရန် ပြောခြင်းဖြစ်သည်။
လက်စွပ်သည် ဗီဇပြောင်းသားရဲ၏ ခန္ဓာကိုယ်ကို အမှန်တကယ်ထိမှသာ အထဲသို့ သိမ်းဆည်းနိုင်ခြင်းဖြစ်သည်။
ရွှီရှင်းသည် ခြိမ်းခြောက်လိုက်၊ ချော့လိုက်နှင့် အမျိုးမျိုးကြိုးစားသော်လည်း မြန်လှသော ဗီဇပြောင်းချီတာကျားသစ် ကိုတော့ လှမ်းထိ၍မရချေ။
ချီတာကျားသစ်မှာ စာချုပ်ချုပ်ဆိုပြီးသား ဖြစ်သော်လည်း ရွှီရှင်းကိုတော့ လုံးဝအထိမခံသေးချေ။
ရွေးချယ်စရာမရှိသဖြင့် သူသည် ကျားသစ်ကို လက်စွပ်ထဲထည့်မည့် အစီအစဉ်ကို လက်လျှော့လိုက်ပြီး သူ့နောက်ကနေပဲ လိုက်ခိုင်းလိုက်ရတော့သည်။
ရွှီရှင်းနှင့် ချန်ယင်းတို့ အခန်းထဲမှ ထွက်လာသောအခါ ရှုလန် ၊ ကောင်လေးနှင့် အစေခံတို့မှာ အပြင်မှာ စောင့်နေကြဆဲဖြစ်သည်။
ရွှီရှင်းနောက်က လိုက်လာသော ချီတာကျားသစ်ကို မြင်သောအခါ ရှုလန်က အံ့သြသွားသည်။
"နင် ဒီချီတာကျားသစ်ကို တကယ်ပဲ ယဉ်ပါးအောင် လုပ်နိုင်ခဲ့တာလား။ ဒါကို ဖမ်းတုန်းက ငါတို့ တော်တော်လေး အားစိုက်ခဲ့ရတာ။"
ရွှီရှင်း စိတ်ဝင်စားသွားသည်။
"မင်းတို့ ဖမ်းခဲ့တာလား မင်းတို့က အမြဲတမ်း မြေအောက်မှာပဲ ရှိနေတာ မဟုတ်ဘူးလား ဘယ်နေရာကနေ ဖမ်းခဲ့တာလဲ"
"ဒီသားရဲအချို့က မြေပြင်ပေါ်ကနေ ခေါ်လာတာတွေရှိသလို၊ နောက်ပိုင်းမှ ဒီမှာ မွေးမြူထားတာတွေလည်း ရှိတယ်။ ဒီချီတာကျားသစ်ကတော့ အစောပိုင်းကတည်းက ခေါ်လာတဲ့ သားရဲတွေထဲက တစ်ကောင်ပေါ့။"
ဪ... ဒါကြောင့်ကိုး... နေဦး။
ရွှီရှင်း မျက်လုံးပြူးသွားသည်။
"မင်းတို့က... ၄၉ နှစ်လုံး မြေအောက်မှာ ပိတ်မိနေပြီး အပြင်ကို တစ်ခါမှ မထွက်ဖူးဘူး မဟုတ်လား"
"ဟုတ်တယ်လေ။"
ချန်ယင်း၏နောက်တွင်လည်း စူးစမ်းရန်အတွက် ထွားကြိုင်းသော ဗီဇပြောင်းသားရဲ အချို့ လိုက်ပါလာကြသည်။
"ဖြစ်နိုင်တာက ဗီဇပြောင်းသားရဲတွေရဲ့ သက်တမ်းက ပုံမှန်ထက် ပိုရှည်တာမျိုး ဖြစ်လိမ့်မယ်။ အပြင်က သားရဲတွေအကြောင်းတော့ ငါတို့ သိပ်မသိပေမဲ့၊ ဒီမှာ စမ်းသပ်မွေးမြူထားတဲ့ သားရဲတွေကတော့ ဒီလောက်ကြာတဲ့အထိ အိုမင်းတဲ့လက္ခဏာ မပြဘဲ အချိန်ကြာလေ ပိုသန်မာလာလေပဲ ဖြစ်နေကြတယ်။"
ဝိုး တကယ်ကြီးလား။
ရွှီရှင်း အံ့သြသွားသည်။
ဒါဟာ ထာဝရအသက်ရှင်ခြင်းမျိုး မဟုတ်ဘူးလား။
သူပင်လျှင် ဗီဇပြောင်းဆေးရည် တစ်ပုလင်းလောက် စမ်းသောက်ကြည့်ချင်စိတ် ပေါက်သွားသည်။
ဘာပဲဖြစ်ဖြစ် အခြားအခန်းထဲက အမွေးထူထူလူတွေက သက်သေပြနေသလို လူသားတွေလည်း ဗီဇပြောင်းနိုင်သည် မဟုတ်ပါလား။
ချန်ယင်းက ရွှီရှင်း၏ အတွေးကို ရိပ်မိပုံရပြီး စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
"လျှောက်မတွေးနဲ့ဦး။ ဒီဆေးရည်ကို သောက်တဲ့ သားရဲအများစုက အသိစိတ်ပျောက်သွားပြီး ဗီဇအရ တိုက်ခိုက်လိုစိတ်ပဲ ကျန်တော့တာ။ ဒီချီတာကျားသစ် အပါအဝင် အနည်းငယ်ပဲ ဗီဇမပြောင်းခင်က မှတ်ဉာဏ်အချို့ ကျန်ခဲ့တာ။ လူသားတွေအတွက်တော့ ချွင်းချက်မရှိဘဲ အားလုံးက ရူးသွပ်သွားကြတာပဲ။ မင်းက ထာဝရအသက်ရှင်ဖို့အတွက် အရူးတစ်ယောက် အဖြစ်ခံမလား"
ဪ... အဲလိုလား... ဒါဆိုရင်တော့ ထားလိုက်ပါတော့။
နှမြောစရာတော့ ကောင်းသည်။
အကယ်၍ တစ်ကိုယ်လုံး အမွေးတွေပေါက်လာရုံနဲ့ ထာဝရအသက်ရမယ်ဆိုရင် သူ လက်ခံနိုင်၏။
အမွေးရိတ်ဆေးတွေ ဘာတွေ ရှိနေတာပဲလေ။
အမွေးတွေ အရမ်းများနေတာက ပြဿနာမဟုတ်ပါဘူး၊ ဆံပင်တွေ ကျွတ်ကုန်တာကမှ တကယ့် ဝေဒနာပါ။
ရွှီရှင်းက ဗီဇပြောင်းလူသားတွေ ပြည့်နေတဲ့ အခန်းကို ညွှန်ပြလိုက်သည်။
"သူတို့ကိုရော ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ"
"သူတို့လား..."
ချန်ယင်းက ပိတ်ထားသော သစ်သားတံခါးကို နာကျည်းမှု၊ ဝမ်းနည်းမှုတို့ ရောပြွမ်းနေသော အကြည့်ဖြင့် စိုက်ကြည့်ရင်း အံကြိတ်ကာ ပြောသည်။
"သူတို့ကတော့ ဒီနေရောင်ခြည်မရတဲ့ မြေအောက်ထဲမှာပဲ ထာဝရ ရှိနေရလိမ့်မယ်"
ပြောပြောဆိုဆိုနှင့် သူ ခြေထောက်ကို ပြင်းပြင်းထန်ထန် နင်းချလိုက်ရာ၊ တံခါးအောက်မှ ဧရာမ ကျောက်တံတိုင်းကြီး တစ်ခု ထိုးထွက်လာပြီး တံခါးချပ်ကို "ဂျောက် ဂျောက်" ဆိုသည့် အသံနှင့်အတူ အပိုင်းပိုင်းချေမွပစ်ကာ ထိုအခန်းကို လုံးဝ ပိတ်ဆို့ပစ်လိုက်တော့သည်။
ချန်ယင်း၏ စိတ်ခံစားချက်မှာ အနည်းငယ် မတည်မငြိမ် ဖြစ်နေသည်။
ရှုလန်က ရှေ့သို့တိုးကာ သူ၏လက်မောင်းကို ဆုပ်ကိုင်ပေးလိုက်ပြီး၊ ကောင်လေးကလည်း ချန်ယင်း၏ဘေးမှာ ရပ်ကာ စိုးရိမ်တကြီး ကြည့်နေသည်။
"ဖေဖေ..."
သက်ကြီးပိုင်း အစေခံအမျိုးသမီးကတော့ သူတို့နောက်မှာ ရုပ်တုတစ်ခုလို ဘာမှမပြောဘဲ ရပ်နေဆဲပင်။
ရွှီရှင်းကတော့ အနည်းငယ် နှမြောနေမိသည်။
ဗီဇပြောင်းလူသားတွေနှင့်သာ စာချုပ်ချုပ်နိုင်လျှင် စိုက်ပျိုးရေးနှင့် သတ္တုတူးဖော်ရေး အလုပ်တွေကို သူတို့ကို ခိုင်းလို့ရမည်ဟု စဉ်းစားခဲ့သောကြောင့်ပင်။
သို့သော် ချန်ယင်း၏ အမူအရာကို ကြည့်ပြီး သူ ပါးစပ်ပိတ်ထားတာ ပိုကောင်းမည်ဟု ဆုံးဖြတ်လိုက်သည်။
ချန်ယင်း စိတ်ပြန်တည်ငြိမ်သွားသောအခါ ရွှီရှင်းက သူတို့ကို အချက်ပြလိုက်သည်။
"ကဲ သွားကြစို့။ ပထမ တံခါးနှစ်ချပ်ရဲ့ ထောင်ချောက်တွေကို မင်းတို့ ကိုင်တွယ်မယ် ပြောထားတယ် မဟုတ်လား။ လမ်းပြလေ။"
ချန်ယင်း၏ ကျောက်မျက်လုံးများက မှိတ်၍မရသော်လည်း ရွှီရှင်းကို မျက်စောင်းထိုးလိုက်သကဲ့သို့ ခံစားရသည်။
"မင်းကတော့ တကယ့်ကို ကိုယ်ချင်းစာတရား မရှိတဲ့သူပဲ။ သွားကြစို့။"
ထို့နောက် သူသည် စင်္ကြံလမ်း၏ အနက်ပိုင်းသို့ စတင် လျှောက်လှမ်းခဲ့သည်။
နောက်ဆုံး သတ္တုတံခါးကို ကျော်လွန်ပြီးနောက် စင်္ကြံလမ်း၏ ဘေးတစ်ဖက်စီတွင် အခန်းများ မရှိတော့ဘဲ၊ မှောင်အတိကျနေသည့် နက်ရှိုင်းသော ကျောက်သားစင်္ကြံလမ်းကြီးသာ ကျန်ရှိတော့သည်။
ယခင်က အတွေ့အကြုံများအရ လောလောဆယ် စူးစမ်းရန် မလိုအပ်သေးသဖြင့် ချန်ယင်းက သူ၏သားရဲများကို ကိရိယာတစ်ခုထဲသို့ ပြန်သိမ်းလိုက်ပြီး လူစုခွဲကာ ရှေ့သို့ ဆက်တက်ခဲ့ကြသည်။
လမ်းက အတော်လေး ရှည်လျားလှပြီး စင်္ကြံလမ်းအတွင်း ကျောက်ရုပ်တုများ လမ်းလျှောက်သံကိုသာ ကြားနေရသည်။
တစ်နေ့ကုန် ကူညီပေးခဲ့သော ခဲခဲလေးမှာ ယခုတော့ ရွှီရှင်း၏ ပုခုံးပေါ်တွင် အိပ်မောကျနေပြီး တခေါခေါနှင့် ဟောက်နေရှာသည်။
ဗီဇပြောင်း ချီတာကျားသစ်ကတော့ ရွှီရှင်း၏နောက် မီတာအနည်းငယ်အကွာကနေ တိတ်တဆိတ် လိုက်ပါလာသည်။
ရံဖန်ရံခါ လှည့်ကြည့်မှသာ ၎င်းနောက်က ပါလာမှန်း သိနိုင်ပေသည်။
တဖြည်းဖြည်းနှင့် စင်္ကြံလမ်းမှာ ပိုမိုကျယ်ပြန့်လာပြီး အမိုးမှာလည်း ပိုမြင့်လာသည်ကို ရွှီရှင်း သတိပြုမိလိုက်သည်။
"ဒီစင်္ကြံလမ်းက ကျယ်လာတာလား"
ရွှီရှင်းက သူ၏သံသယကို ထုတ်ပြောလိုက်သည်။
"ရှေ့မှာဆို ပိုကျယ်လာလိမ့်ဦးမယ်။ ပထမဆုံး တံခါးဆီရောက်ဖို့က အဝေးကြီး လိုသေးတယ်" ဟု ချန်ယင်းက နောက်လှည့်မကြည့်ဘဲ ပြောသည်။
ရွှီရှင်း တစ်ခုခု မှားနေသလို ခံစားရသည်။
သူ တော်တော်ဝေးဝေး လျှောက်လာခဲ့ပြီဟု ထင်သော်လည်း၊ အသုံးမပြုရသေးသော မြေပုံကို စိတ်ထဲကနေ ဖွင့်ကြည့်လိုက်သည်။
မြေပုံက မြေပြင်ပေါ်က အနေအထားကိုသာ ပြသနေဆဲ ဖြစ်သော်လည်း၊ သူ၏ လက်ရှိတည်နေရာမှာ ဝက်ဝံနက်ဂူ အဝင်ဝနှင့် သူ၏သစ်ပင်အိမ်တို့မှ တဖြည်းဖြည်း ဝေးကွာလာနေပြီး၊ သူ၏ ပုံမှန် ၃ ကီလိုမီတာ အကာအကွယ် နယ်မြေအစွန်အဖျားသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ကံကောင်းသည်မှာ သူ၏သစ်ပင်အိမ် အကာအကွယ်နယ်မြေမှာ သာမန်လူတွေထက် ကြီးမားကာ ၆ ကီလိုမီတာအထိ ရှိနေသဖြင့်၊ လောလောဆယ်တွင် အကာအကွယ်နယ်မြေ အပြင်ဘက်သို့ ရောက်ရှိသွားပြီး မြေအောက်သတ္တဝါများနှင့် တိုးမည့် အန္တရာယ်တော့ မရှိသေးချေ။
ရှေ့သို့ ဆက်သွားသည်နှင့်အမျှ စင်္ကြံလမ်းမှာ ဥမင်လိုဏ်ဂူကြီးတစ်ခုကဲ့သို့ ကျယ်ဝန်းလာသည်။
လမ်းမှာလည်း အပေါ်သို့ အနည်းငယ် စောင်းတက်သွားသည်။
အတက်မှာ အနည်းငယ်သာ ဖြစ်သော်လည်း မြေပြင်ပေါ်သို့ ပြန်တက်နေသည့် ခံစားချက်မျိုး ပေးစွမ်းနေသည်။
လမ်းမှာ ကျယ်ဝန်းလာသော်လည်း ပတ်ဝန်းကျင်မှာတော့ ဘာမှမရှိဘဲ ဟာလာဟင်းလင်းကြီး ဖြစ်နေဆဲပင်။
မိနစ်အနည်းငယ် လျှောက်ပြီးနောက် ရွှီရှင်းသည် ခြေထောက်အောက်မှ မြေပြင်မှာ အနည်းငယ် တုန်ခါလာသည်ကို ခံစားလိုက်ရပြီး၊ ထိုတုန်ခါမှုမှာ ပိုမိုပြင်းထန်လာသည်။
ဥမင်လမ်း၏ အနက်ပိုင်းမှနေ၍ တစ်ခုခုက နံရံများကို တိုက်မိနေသည့် အသံများကိုလည်း ကြားလာရသည်။
"ဘာဖြစ်တာလဲ"
သူ သတိကြီးစွာ ထားလိုက်သည်။
ကျောက်ရုပ်တု လေးခုကတော့ အေးအေးဆေးဆေးပင်။
ချန်ယင်းက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
"စိတ်မပူပါနဲ့၊ ပထမဆုံး ထောင်ချောက် စက်ကွင်း လာနေပြီ။"
ရွှီရှင်း မျက်မှောင်ကြုတ်ကာ ရှေ့ကို စိုက်ကြည့်လိုက်သည်။
သူ မြင်လိုက်ရသည့်အရာကြောင့် မျက်လုံးများ အံ့သြတုန်လှုပ်စွာ ပြူးသွားရတော့သည်။
လိမ့်ဆင်းလာတဲ့ ကျောက်တုံးကြီး။
၎င်းမှာ ဧရာမ ကျောက်တုံးကြီးဖြစ်ပြီး၊ ဥမင်လမ်း၏ အကျယ်ထက် အနည်းငယ်သာ သေးငယ်သည်။
၎င်းသည် အောက်သို့ အရှိန်ဖြင့် လိမ့်ဆင်းလာစဉ် ဘေးတစ်ဖက်စီရှိ ကျောက်နံရံများကို အဆက်မပြတ် တိုက်မိနေသည်။
လမ်း၏ အတက်အဆင်းကြောင့် ကျောက်တုံးမှာ အရှိန် ပိုရလာပြီး၊ စက္ကန့်ပိုင်းအတွင်း သူတို့ထံသို့ ရောက်ရှိလာတော့မည် ဖြစ်သည်။
ကျောက်တုံးက နံရံတွေကို တိုက်မိနေတဲ့ စည်းချက်ကို ကြည့်ပြီး၊ တစ်ဖက်ကို တိုက်မိတဲ့အချိန်မှာ နောက်တစ်ဖက်ကို အမြန် ရှောင်ရပေမည်။
ရွှီရှင်းက ရှောင်ရန် ပြင်ဆင်နေစဉ်မှာပင်၊ ချန်ယင်းက ရှေ့က နံရံကို ဝုန်းခနဲ ရိုက်လိုက်ရာ နံရံတစ်စိတ်တစ်ပိုင်းမှာ အတွင်းသို့ ချိုင့်ဝင်သွားပြီး အမြင့် ၂ မီတာ၊ အကျယ် ၁ မီတာခန့်ရှိသော အပေါက်ငယ်တစ်ခု ဖြစ်ပေါ်လာသည်။
"ဝင်ပုန်းကြ"
ချန်ယင်းက ရွှီရှင်းကို အထဲသို့ ဆွဲသွင်းလိုက်ပြီးနောက် ကျောက်ရုပ်တု လေးခုလုံး ဝင်လိုက်ကြသည်။
...ဒါ လိမ်ပြီးကစားနေတာ မဟုတ်လားဟ၊ ထောင်ချောက်ကို ရှောင်ဖို့ နံရံကို တူးပြီး ပုန်းလိုက်တာလား။
စက္ကန့်အနည်းငယ်အကြာတွင် ဧရာမ ကျောက်တုံးကြီးမှာ အပေါက်ဝရှေ့မှနေ၍ ကျယ်လောင်သော အသံကြီးနှင့်အတူ ဖြတ်သန်းသွားခဲ့သည်။
ကျောက်တုံးမှာ အပေါက်ဝကိုပင် တစ်ချက် တိုက်မိသွားပြီး အောက်သို့ ဆက်လက် လိမ့်ဆင်းသွားတော့သည်။
ကျောက်စအချို့မှာ အပေါက်ဝတွင်ရှိသော ချန်ယင်းပေါ်သို့ လွင့်စင်လာသော်လည်း သူကတော့ ဘာမှမဖြစ်သကဲ့သို့ ဖုန်များကိုသာ ခါချလိုက်သည်။
"...ပြီးပြီလား"
"မပြီးသေးဘူး၊ ခဏစောင့်ဦး။"
ထိုအချိန်တွင် ရွှီရှင်း၏ဘေးက ကောင်လေးက သူ၏အဝတ်ကို ဆွဲကာ ပြောသည်။
"ဦးဦး... သားတို့ ဒီကစားနည်းကို ကစားဖူးတယ်။ ကျောက်တုံးတွေက တစ်လုံးပြီးတစ်လုံး လာဦးမှာ။ ရှောင်နေရတာ ခက်တယ်၊ အပေါက်ထဲမှာပဲ ကျောက်တုံးတွေ အကုန်သွားတဲ့အထိ စောင့်တာ ပိုကောင်းတယ်။"
ကျောက်တုံးတွေ တစ်လုံးပြီးတစ်လုံး ဟုတ်လား။
ရွှီရှင်း မျက်နှာ ပျက်သွားသည်။
အကယ်၍ သူသာ တစ်ယောက်တည်းဆိုလျှင် တစ်လုံးကို ရှောင်နိုင်သော်လည်း၊ ဆက်တိုက်လာမည့် ကျောက်တုံးများကို ရှောင်ရန်မှာ အလွန်ခက်ခဲပေလိမ့်မည်။
ဒါပေမဲ့... ဦးဦး ဟုတ်လား..။
ဘယ်သူ့ က မင်း ဦးဦးလဲဟ အသက်နဲ့ တွက်ရင် ဒီကျောက်ရုပ်ကောင်လေး က အနည်းဆုံး အသက် ၅၀ ရှိပြီဖြစ်သည်။
မင်းကမှ ငါ့ဦးဦး ဖြစ်သင့်တာပါ။
ရွှီရှင်း စိတ်ထဲကနေ တိုးတိုးလေး ကန့်ကွက်လိုက်သည်။
ရွှီရှင်း တစ်ခုခု လိုနေသလို ခံစားလိုက်ရသည်။
"နေဦး၊ ချီတာကျားသစ်ကော ကျားသစ်က အပြင်မှာ ကျန်ခဲ့တယ်"
ရွှီရှင်းသည် သူတို့နောက်က လိုက်လာသော ချီတာကျားသစ် မှာ အပေါက်ထဲ ဝင်မလာသည်ကို သတိပြုမိပြီး စိုးရိမ်သွားသည်။
သူသည် ထိုချီတာကျားသစ် ကို အတော်လေး သဘောကျနေသောကြောင့် ဖြစ်သည်။
"စိတ်မပူပါနဲ့။ သူ အဆင်ပြေပါတယ်။ အဲဒီလောက်မှ မရှောင်နိုင်ရင် ဒီထောင်ချောက်က ဘယ်သူ့ကိုမှ အသက်ရှင်စေချင်မှာ မဟုတ်တော့ဘူး။ ဒါက ပထမဆုံး ထောင်ချောက်ပဲ ရှိသေးတာ၊ သိပ်မပြင်းထန်ပါဘူး" ဟု ချန်ယင်းက အေးအေးဆေးဆေး ပြောလိုက်သည်။
ရွှီရှင်း ကျောက်ရုပ်တုများကြားကနေ အပြင်ကို လှမ်းကြည့်လိုက်ရာ၊ ဗီဇပြောင်း ချီတာကျားသစ် မှာ ဘာဒဏ်ရာမှ မရဘဲ အပြင်မှာ အေးအေးဆေးဆေး လဲလျားကာ သူ၏အမွေးများကို လျှာဖြင့် သပ်နေသည်ကို တွေ့လိုက်ရ၏။
၎င်းသည် လူ ကျပ်ညပ်ပြီး ပုန်းနေသော အပေါက်ကို တစ်ချက် လှမ်းကြည့်လိုက်သော်လည်း အထဲဝင်လာမည့် ပုံစံတော့ မရှိချေ။
ကျားသစ်၏ ပေါ့ပါးနေသော အမူအရာကို မြင်မှ ရွှီရှင်း စိတ်အေးသွားပြီး ကျောက်ဂူနံရံကို မှီကာ သာမန် ပန်းသီးတစ်လုံး ထုတ်စားနေလိုက်သည်။
သူ စားရင်းနှင့်မှ ကင်ထားသော အသားများကို မယူလာမိသည်ကို နောင်တရနေမိသည်။
အပြင်မှာ ကြာလာသည်နှင့်အမျှ သူ အသား အလွန်စားချင်နေသောကြောင့် ဖြစ်သည်။
ဥမင်လမ်း၏ နောက်ဘက်ဆီမှ ကျယ်လောင်သော အသံကြီးကို ကြားလိုက်ရသဖြင့်၊ ကျောက်တုံးကြီးမှာ လမ်းကျဉ်းသွားသည့် နေရာတွင် ညပ်သွားခဲ့ပြီ ဖြစ်ကြောင်း သိလိုက်ရသည်။
မကြာမီ မြေပြင်မှာ ထပ်မံ တုန်ခါလာပြီး၊ အပေါ်မှ လိမ့်ဆင်းလာသံများနှင့် တိုက်မိသံများမှာ ပိုမို စိပ်လာသည်။
ကြည့်ရတာ ကျောက်တုံး သုံးလုံးလောက် ဆက်တိုက် လာနေပုံရသည်။
ရွှီရှင်းသည် ပုန်းနေသော်လည်း အကယ်၍ ရှောင်ရမည်ဆိုလျှင် အကောင်းဆုံးနည်းလမ်းကို စဉ်းစားထားပြီးဖြစ်သည်။
ပထမ ကျောက်တုံးကို ရှောင်ပြီးသည်နှင့် ရှေ့သို့ အမြန်ဆုံး ပြေးရပေမည်။ အဘယ်ကြောင့်ဆိုသော် ရှေ့တွင် လမ်းပိုကျယ်သဖြင့် ရှောင်ရန် နေရာ ပိုများသောကြောင့် ဖြစ်သည်။
"ရှေ့ကို ပြေး ရှေ့မှာ ရှောင်စရာ နေရာ ပိုများတယ်"
ရွှီရှင်း အပြင်က ချီတာကျားသစ် ကို လှမ်းအော်ပြောလိုက်သည်။
ချီတာကျားသစ် က နားလည်ပုံရကာ ရှေ့သို့ လျင်မြန်စွာ ပြေးထွက်သွားတော့သည်။
၎င်း၏ အရှိန်မှာ တကယ့်ကို မြန်လှသည်။
မကြာမီ ကျောက်တုံး သုံးလုံးမှာ အပေါက်ဝရှေ့မှ ဖြတ်သွားပြီး၊ နောက်ဘက်မှ ကျယ်လောင်သော တိုက်မိသံ သုံးချက် ထွက်ပေါ်လာသည်။
"မလောနဲ့ဦး၊ လာဦးမှာ။"
တကယ်ပဲ လာဦးမှာလား... ဒီထောင်ချောက်က တကယ့်ကို သေစေနိုင်တာပဲ။
"အီးးး..."
ရွှီရှင်း၏ ပုခုံးပေါ်က ခဲခဲလေးမှာ ကျယ်လောင်သော အသံကြောင့် လန့်နိုးလာပြီး၊ မျက်လုံးလေးများကို ပွတ်ကာ အခြေအနေကို ကြည့်သည်။
ဘာအန္တရာယ်မှ မရှိမှန်း သိသွားသောအခါမှ ပြန်ပြီး အိပ်ပျော်သွားပြန်သည်။
မြေပြင်က ထပ်မံ တုန်ခါလာပြီး အသံများ ပိုစိပ်လာကာ၊ မကြာမီမှာပင် ကျောက်တုံးကြီး ငါးလုံးမှာ တစ်လုံးပြီးတစ်လုံး အပေါက်ဝမှ ဖြတ်သွားကြပြီး နောက်ဘက်မှာ သွားညပ်ကုန်ကြတော့သည်။
"အခုတော့ မရှိတော့လောက်ပါဘူး။"
ချန်ယင်းက ဥမင်လမ်း၏ အနက်ပိုင်းသို့ လှမ်းကြည့်လိုက်သည်။
"သေချာအောင် ခဏလောက် ထပ်စောင့်ကြတာပေါ့။"
"ကောင်းပြီလေ၊ မင်းသဘောပဲ။"
ချန်ယင်းက ပုခုံးတွန့်ပြလိုက်၏။
---
အခန်း ၉၆ ပြီး။