အနက်ရောင်ရွှေ
Vol. 7 Ch. 104
ရွှီရှင်း ခေတ္တမျှ စဉ်းစားပြီးနောက် သစ်သီးနှင့် ဟင်းသီးဟင်းရွက် အချို့ကို အရင်စိုက်ရန် ဆုံးဖြတ်လိုက်သည်။
သစ်သီးများစွာ စိုက်ရန် မလိုအပ်ချေ။
သာမန် အစိမ်းရောင်အဆင့် သစ်သီးများသည် ဗိုက်ဖြည့်ရန်နှင့် ရေငတ်ပြေရန်အတွက်သာ အသုံးဝင်ပြီး အခြားထူးခြားသော အာနိသင်မရှိချေ။
ထို့အပြင် ယခုအချိန်တွင် တောအုပ်အတွင်း၌ သစ်သီးများ ပေါများနေသဖြင့် မည်သူမျှ မပြတ်လပ်ကြရာ၊ စိုက်ပျိုးပြီး ရောင်းချရန်လည်း ဈေးကွက်မရှိချေ။
ပေါ့ပလာပင် နှင့် ထင်းရှူးပင်ကဲ့သို့ အစိမ်းရောင်အဆင့် သစ်ပင်ကြီးများမှာလည်း အလွန်မြင့်မားလှသဖြင့် အိမ်တွင်းအမြင့် ၅ မီတာ၊ ၆ မီတာမှာ ၎င်းတို့ကို စိုက်ရန် မလုံလောက်ချေ။
ပေါ့ပလာပင် = အသားပွသော ပင်စောက်တစ်မျိုး
ရွှီရှင်းသည် အမိုးအမြင့်ဆုံးဖြစ်သော အလယ်ဗဟိုနားတွင် ပန်းသီးပင်တစ်တန်းနှင့် လိမ္မော်ပင်တစ်တန်းကို စိုက်ပျိုးလိုက်သည်။
ဤအပင်နှစ်မျိုးကို အမြင့် ၃ မီတာဝန်းကျင်တွင်သာ ထိန်းသိမ်းထားနိုင်သဖြင့် အိမ်တွင်းစိုက်ပျိုးရန် သင့်တော်သည်။
ကျန်ရှိသော နေရာလွတ်များတွင်တော့ ရွှီရှင်းသည် အနီရောင်အသီးငယ်များ သို့မဟုတ် စတော်ဘယ်ရီစေ့များကို အလွယ်တကူ ဖြူးလိုက်သည်။
လောလောဆယ် စိုက်ထားပြီးမှ၊ အိမ်တွင်းစိုက်ရန် သင့်တော်သော အစိမ်းရောင်အဆင့် ကုန်ကြမ်းသစ်စေ့များ ရှာတွေ့လျှင် အစားထိုးလဲလှယ်ရမည်။
ရွှီရှင်း ဂွမ်းစိုက်ရန် စဉ်းစားခဲ့သော်လည်း၊ ပန်းအိုးအနည်းငယ်နှင့်ဆိုလျှင် အထွက်နှုန်းမှာ တကယ်ကို နည်းပါးလွန်းလှသည်။
မိုးရာသီ ကုန်လွန်သွားမှသာ အောက်ထပ်တွင် မြေကွက်ဖော်၍ စိုက်ပျိုးခြင်းက ပိုကောင်းပေလိမ့်မည်။
အောက်ထပ်ရှိ ထင်းရှူးတောနှင့် ဘရန့် တောများမှာလည်း အပြည့်အဝ မကြီးထွားသေးရာ၊ မိုးဒဏ်ကြောင့် ထိခိုက်မလားဆိုသည်မှာ မသေချာချေ။
ခဲခဲ လေးသည်လည်း အပေါ်ဆုံးထပ်တွင် ရှိနေပြီး၊ ဖန်သားပြင်မှတစ်ဆင့် ကောင်းကင်ကြီးကို ငေးကြည့်နေရှာသည်။
၎င်းမှာ ကြယ်စင်များကို စိတ်ဝင်စားနေပုံရသည်။
ရွှီရှင်းက ခဲခဲကို ပွေ့ချီကာ တတိယထပ်သို့ ပြန်ခေါ်ရန် ပြင်လိုက်သည်။
"အီးးး" ခဲခဲက ရုတ်တရက် ကောင်းကင်ကို လက်ညှိုးထိုးပြသည်။
"အန္တရာယ်လား" ရွှီရှင်း ချက်ချင်းပင် သတိကြီးစွာ ထားလိုက်သည်။
"အီးးး။" ခဲခဲက ခေါင်းခါပြပြီး ကောင်းကင်ကို ထပ်မံ ညွှန်ပြပြန်သည်။
"အီးးး"
"အန္တရာယ် မရှိဘူးလား" ရွှီရှင်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။
"ဘာကို ဆိုလိုတာလဲ ဟိုးအပေါ်မှာ တစ်ခုခု ရှိနေတယ်လို့ ပြောတာလား"
"အီးးး" ခဲခဲက ခေါင်းငြိမ့်ပြသည်။
"အဲဒီအရာက အန္တရာယ် မရှိဘူးပေါ့"
ရွှီရှင်းလည်း ကောင်းကင်ကို မော့ကြည့်လိုက်သည်။
ဖန်သားပြင်မှတစ်ဆင့် ကျဲပါးနေသော ကြယ်ပွင့်လေးများကိုသာ သူ မြင်ရသည်။
ခဲခဲက ခေါင်းခါပြပြန်သည်၊ ထို့နောက် ခေါင်းငြိမ့်ပြပြီး ၎င်း၏ ခေါင်းလေးကို ကုတ်နေပြန်သည်။
ဘယ်လို ပြောပြရမှန်း မသိတော့ဟန်ဖြင့် ရွှီရှင်း၏ ရင်ခွင်ထဲသို့ ခေါင်းတိုးဝင်သွားတော့သည်။
ရွှီရှင်းသည် တလှုပ်လှုပ်ဖြစ်နေသော ၎င်း၏ အမြီးပွကြီးကို ပွတ်သပ်ပေးရင်း တွေးတောနေမိသည်။
"ဖြစ်နိုင်တာက နောက်အစီအစဉ်က မိုးရာသီဆိုတော့၊ ခဲခဲက ရာသီဥတု အပြောင်းအလဲကို ကြိုတင် ခံစားမိတာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ်ရင်လည်း... ဒီမိုးရာသီဆိုတာက တစ်ခုခုက ဖန်တီးလိုက်တာမျိုး ဖြစ်ပြီး၊ အခု အဲဒီအရာက ငါတို့ ခေါင်းပေါ်တည့်တည့်မှာ ရောက်နေတာများလား။"
ဘယ်လိုပဲဖြစ်ဖြစ်၊ ရွှီရှင်းမှာတော့ လောလောဆယ်တွင် ၎င်းကို တုန့်ပြန်နိုင်စွမ်း မရှိသေးချေ။
သူ လုပ်နိုင်တာကတော့ အကောင်းဆုံး ရှင်သန်နိုင်ရန် ပြင်ဆင်ဖို့သာ ဖြစ်သည်။
အိမ်အတွင်းပိုင်း အားလုံးကို အခြေခံအားဖြင့် ပြီးစီးသွားပြီ ဖြစ်ရာ၊ နောက်တစ်ဆင့်မှာ အပြင်ဘက်တွင် လက်နက်များ တပ်ဆင်ရန် ဖြစ်သည်။
ယခုအခါ သူ့တွင် အပြင်ဘက်၌ အကြီးစား မြှားသေနတ် တစ်လက်သာ ရှိပြီး၊ ၎င်း၏ တိုက်ခိုက်မှု အတိုင်းအတာမှာ အလွန် ကျဉ်းမြောင်းလှသည်။
သစ်ပင်အိမ်မှာ လေးဘက်လေးတန် ရှိနေသဖြင့် နောက်ထပ် သုံးလက် ထပ်မံ တပ်ဆင်ရန် လိုအပ်သည်။
သွေးရောင်တောကြောင်ကို အမဲလိုက်စဉ်က သူသည် အကြီးစား မြှားသေနတ်ကို အဆင့်မြှင့်ရန် အသုံးပြုနိုင်သော ထူးခြားသည့် ကုန်ကြမ်းနှစ်မျိုး ရရှိခဲ့ဖူးသည်။
ရွှီရှင်းသည် လီဝမ်ရှီးထံသို့ စာပို့ကာ သံတုံးအချို့ လိုချင်ကြောင်း ပြောလိုက်သည်။
လီဝမ်ရှီးက ချက်ချင်း ပြန်စာပို့သော်လည်း ၎င်းမှာ အရောင်းအဝယ် ကိစ္စ မဟုတ်ချေ။
"ရွှီရှင်း... ကျွန်မ သတ္တုသတ္တုရိုင်း အသစ်တစ်ခု ရခဲ့တယ်"
ဟင် သတ္တုရိုင်း အသစ်လား ရွှီရှင်းသည် အရောင်းအဝယ် ကိစ္စကို ခေတ္တ ဘေးဖယ်ထားပြီး လီဝမ်ရှီးထံသို့ ဗီဒီယိုဖုန်း ခေါ်လိုက်တော့သည်။
ဗီဒီယိုထဲတွင် လီဝမ်ရှီးမှာ အတော်လေး စိတ်လှုပ်ရှားနေပုံရသည်။
"ရွှီရှင်း သတ္တုဟေ့ အသစ်စက်စက် သတ္တုပဲ၊ အဲဒါက အပြာရောင်အဆင့် တဲ့"
လီဝမ်ရှီးသည် မည်းနက်နေသော ကျောက်တုံးတစ်တုံးကို ကိုင်ထားသည်။
၎င်းမှာ ရိုးရိုးရှင်းရှင်းပုံရသော်လည်း ရွှီရှင်း၏ မျက်စိထဲတွင်တော့ အပြာရောင်အလင်းတန်းများ ထွက်ပေါ်နေသည်။
"ဒါက ဘာသတ္တုရိုင်းလဲ မြေအောက်ဂူထဲက သေတ္တာထဲမှာ ရခဲ့တာလား"
"မဟုတ်ဘူး၊ ကျွန်မကိုယ်တိုင် တူးခဲ့တာ။ မြေအောက်ဂူရဲ့ ထွက်ပေါက်က သတ္တုတွင်းကြီး တစ်ခု ဖြစ်နေတာ၊ အဲဒီမှာ ဒီသတ္တုရိုင်းတွေ အများကြီးပဲ"
လီဝမ်ရှီးက ပြောပြောဆိုဆိုနှင့် အခြားသော အနက်ရောင် သတ္တုတုံး တစ်တုံးကို မြှောက်ပြပြန်သည်။
၎င်းမှာ အနက်ရောင် ဖြစ်သော်လည်း သတ္တုရောင် တလက်လက် တောက်နေသည်။
ထိုသတ္တုတုံးမှာ အတော်လေး လေးပုံရသည်။
သူမ မနည်း မြှောက်ပြနေရသည်ကို ကြည့်လျှင် သိနိုင်သည်။
"ဒါကတော့ သန့်စင်ပြီးသား သတ္တုတုံးပဲ။ နာမည်ကလည်း ထူးဆန်းတယ်၊ အနက်ရောင်ရွှေရိုင်း နဲ့ အနက်ရောင်ရွှေတုံး တဲ့။ ဒါပေမဲ့ ဘာအတွက် သုံးရမှန်းတော့ ကျွန်မမသိဘူး။"
သတ္တုတွင်းတဲ့လား ဒါဆိုရင် သတ္တုရိုင်းတွေက အကန့်အသတ်မရှိ ရနေတော့မှာပေါ့။
ဤသူဌေးမလေးမှာတော့ ဘာအစွမ်းတွေ ရှိနေမှန်း မသိချေ။
အိမ်မှ သတ္တုတွင်းကလည်း အဆက်မပြတ် ကျယ်ပြန့်နေသည်မှာ တကယ့်ကို အားကျစရာပင်။
"အင်း... ဒါက မင်းအတွက်တော့ အသုံးမဝင်ဘူး မဟုတ်လား အဲဒါကြောင့်..."
ရွှီရှင်းသည် ထိုအနက်ရောင်ရွှေတုံးကို လီဝမ်ရှီးထံမှ ရယူရန် စိတ်အားထက်သန်နေသည်။
သူ၏ အစွမ်းအရ ထိုအနက်ရောင်ရွှေတုံးကို ရရှိပြီး သူ့တွင်ရှိပြီးသား ကုန်ကြမ်းများနှင့် ပေါင်းစပ်လိုက်သည်နှင့် အနက်ရောင်ရွှေနှင့် ပတ်သက်သော ဖော်စပ်နည်းများကို သူ ဖွင့်နိုင်မည် မဟုတ်ပါလား။
"ဟဲဟဲ... ရှင် သတ္တုကိရိယာတွေ လုပ်နိုင်တဲ့ အစွမ်းရှိမှန်း ကျွန်မသိတာပေါ့။ ကျွန်မ ဒါကို ရှင့်ကို ပေးရင် ရှင် ကျွန်မ ကို ဘာပြန်ပေးမလဲ..ဟား ဟား ဟား"
လီဝမ်ရှီးက အနက်ရောင်ရွှေတုံးကို လှုပ်ယမ်းရင်း ရယ်မောနေသည်။
သို့သော် ၎င်းမှာ လေးလံလွန်းသဖြင့် သူမ လက်ထဲမှ လွတ်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။
"ဒုန်း" ဆိုသည့် အသံနှင့်အတူ ပြုတ်ကျသွားရာ လီဝမ်ရှီးက အမြန် ကောက်ယူလိုက်ရင်း သူမ၏ ရင်ဘတ်ကို ပုတ်ကာ "ကံကောင်းလို့၊ ကံကောင်းလို့... ကြမ်းပြင် မကျိုးသွားလို့ တော်သေးတာပေါ့"
သူမ၏ လေသံအရ ကြည့်လျှင် ထိုအနက်ရောင်ရွှေများကို သူ့ကို ပေးရန် ဆုံးဖြတ်ထားပြီးပုံရသည်။
ရွှီရှင်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။
"အနက်ရောင်ရွှေနဲ့ ပတ်သက်ပြီး ငါလုပ်သမျှ အရာတိုင်းမှာ မင်းလည်း ဝေစုရမှာပေါ့၊ ဘယ်လိုလဲ"
ရွှီရှင်းက ပြုံး၍ မေးလိုက်သည်။
"ရှင် ပြောတာနော်၊ စကားမဖျက်နဲ့။ ကျွန်မ က ကုန်ကြမ်းတွေ ပေးမယ်၊ ရှင် က ကျွန်မ အတွက် အလကား လုပ်ပေးရမယ်"
လီဝမ်ရှီးမှာ ထင်သလောက် မရိုးလှချေ။
သို့သော် ရွှီရှင်း ပြောသကဲ့သို့ပင်၊ သူမအတွက်တော့ ဤသတ္တုမှာ အုတ်ခဲတစ်ခဲလို လေးလံလှရုံမှလွဲ၍ အသုံးမဝင်ချေ။
ထို့ကြောင့် အသုံးပြုနိုင်မည့်သူထံ ပေးအပ်ခြင်းက နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည် ဖြစ်သည်။
"အလကား လုပ်ပေးရမယ် ဟုတ်လား"
ရွှီရှင်းက ခက်ခဲဟန် ပြလိုက်ရင်း "ပြီးတော့ မင်းရဲ့ ကုန်ကြမ်းတွေက..."
"ဘာမှ မပေးရဘူး ရှင် ကြိုက်သလောက် သုံး၊ ဒါပေမဲ့ ရှင်လုပ်တဲ့ အရာတိုင်းကို ကျွန်မအတွက် တစ်ခု ပိုလုပ်ပေးရမယ်"
လီဝမ်ရှီးက အမြဲတမ်း ရက်ရောသည့်အတိုင်း သူမ၏ လက်ကလေးကို ဝှေ့ယမ်းကာ အရောင်းအဝယ် တစ်ခု ပြုလုပ်ပြီး အနက်ရောင်ရွှေတုံးကို သူ့ထံ အလကား ပေးလိုက်တော့သည်။
ဤအမြတ်မှာ ရွှီရှင်းအတွက် အချောထည် တစ်ခုနှင့် ကုန်ကြမ်း နှစ်ခုကို လဲလှယ်လိုက်ရသကဲ့သို့ ဖြစ်ရာ၊ အမြတ်မှာ ရာနှုန်းပြည့်ပင် ဖြစ်သည်။
နည်းပညာနှင့် အရင်းအမြစ်တို့၏ နှစ်ဦးနှစ်ဖက် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုပင်။
ရွှီရှင်း ထိုအနက်ရောင်ရွှေတုံးကို လက်ခံရရှိလိုက်သည်။
သူ ကိုင်လိုက်သည့် ခဏမှာပင် လေးလံမှုကြောင့် လက်မှာ နိမ့်ဆင်းသွားပြီး လွတ်ကျလုနီးပါး ဖြစ်သွားရသည်။
တကယ်ကို လေးတာပဲ။
[အနက်ရောင်ရွှေတုံး (အပြာရောင်အဆင့်): မာကျောမှုနှင့် ကြံ့ခိုင်မှုမှာ အလွန်အမင်း မျှတနေသော သတ္တုတုံး ဖြစ်သည်။ အလွန် ခိုင်မာပြီး လျှပ်စစ်စီးကူးနိုင်စွမ်း အလွန် ကောင်းမွန်လှသည်]
လျှပ်စစ်စီးကူးနိုင်စွမ်း အလွန်ကောင်းတယ် ဟုတ်လား။
ဒါဆိုရင်...
ရွှီရှင်း ဖန်တီးမှု စာရင်းကို ချက်ချင်း ဖွင့်ကြည့်လိုက်ရာ၊ ပေါ်လာသော ပုံစံသစ်ကြောင့် သူ မျက်လုံးပြူးသွားရတော့သည်။
[အခြေခံ လျှပ်စစ်လုပ်ငန်းခုံ (အပြာရောင်အဆင့်): အခြေခံ လျှပ်စစ်ပစ္စည်းများကို ဖန်တီးရန် အသုံးပြုနိုင်သည်။ (လိုအပ်သော ကုန်ကြမ်း: အနက်ရောင်ရွှေတုံး (အပြာရောင်အဆင့်) ၅ တုံး၊ သံတုံး (အစိမ်းရောင်အဆင့်) ၂၀ တုံး၊ သစ်သား (အစိမ်းရောင်အဆင့်) အခု ၂၀)]
လျှပ်စစ်ပစ္စည်းတွေတဲ့လား။
ရွှီရှင်း ချက်ချင်းပင် စိတ်လှုပ်ရှားသွားသည်။
လျှပ်စစ်ပစ္စည်းများ ဖန်တီးရန်အတွက် ကြေးနီနှင့် ငွေတုံးများ လိုအပ်လိမ့်မည်ဟု သူ ထင်ခဲ့သော်လည်း၊ မမျှော်လင့်ဘဲ ဤထူးခြားသော သတ္တုက အဓိက ဖြစ်နေခြင်းပင်။
"မင်းဆီမှာ အနက်ရောင်ရွှေတုံး ဘယ်နှတုံး ရှိပြီလဲ"
ရွှီရှင်းက လီဝမ်ရှီးကို အမြန် မေးလိုက်သည်။
"ကျွန်မ အခု ၅ တုံး၊ ၆ တုံးလောက် သန့်စင်ပြီးပြီ။ ဘာလို့လဲ၊ ရှင် ပုံစံသစ်တစ်ခုခု ပွင့်သွားလို့လား ဘာပွင့်သွားတာလဲ"
လီဝမ်ရှီးက စူးစမ်းကာ မေးသည်။
သူမလက်ထဲက သတ္တုတုံးရဲ့ ဖော်ပြချက်မှာတော့ ထူးခြားသော ဂုဏ်သတ္တိရှိသည့် အလွန်မာကျောသော သတ္တု ဟုသာ ပါရှိပြီး၊ အသုံးဝင်ပုံကို ဖော်ပြမထားသောကြောင့် ဖြစ်သည်။
"လျှပ်စစ်ပစ္စည်းတွေလေ။ ငါတို့ လျှပ်စစ်ပစ္စည်းတွေကို သုံးနိုင်တော့မယ်ထင်တယ်။ ငါ့ကို နောက်ထပ် ၄ တုံးလောက် ပေးပါဦး၊ ငါ လုပ်ငန်းခုံတစ်ခု လုပ်ချင်လို့"
"တကယ်ကြီးလား ကျွန်မ အခု သွားယူလိုက်မယ်"
လီဝမ်ရှီးလည်း မျက်လုံးပြူးသွားပြီး ဖန်သားပြင်ရှေ့မှ ချက်ချင်း ထွက်သွားတော့သည်။
ဆယ်စက္ကန့်ခန့်အကြာတွင် သူမ ပြန်ပြေးလာပြီး ရွှီရှင်းထံသို့ အနက်ရောင်ရွှေတုံး ၄ တုံးကို အရောင်းအဝယ် ပြုလုပ်ပေးခဲ့သည်။
ရွှီရှင်းသည် အခြေခံ လျှပ်စစ်လုပ်ငန်းခုံ (အပြာရောင်အဆင့်) ကို ချက်ချင်း ဖန်တီးလိုက်သည်။
ထို့နောက် သူသည် စိတ်အားထက်သန်စွာဖြင့် ထိုလုပ်ငန်းခုံ၏ စာရင်းကို ဖွင့်ကြည့်လိုက်သည်။
သို့သော် သူ စိတ်ပျက်သွားရသည်မှာ၊ စာရင်းတွင် လောလောဆယ် ဖန်တီးနိုင်သည့် အရာ တစ်ခုသာ ရှိနေခြင်းပင် ဖြစ်သည်။
၎င်းမှာ မိုးကြိုးလွှဲ ဖြစ်သည်။
ဒါ...
မိုးကြိုးလွှဲက လျှပ်စစ်ပစ္စည်းထဲမှာ ပါတာလား။
[မိုးကြိုးလွှဲ (အပြာရောင်အဆင့်): မိုးကြိုးဒဏ်ကို ရှောင်ရှားနိုင်စေသည့် သတ္တုတိုင် ဖြစ်သည်။ ၎င်းမှ စုပ်ယူလိုက်သော မိုးကြိုးစွမ်းအင်သည် သစ်ပင်အိမ်အတွက် လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးနိုင်သည်။ (လိုအပ်သော ကုန်ကြမ်း: အနက်ရောင်ရွှေတုံး (အပြာရောင်အဆင့်) ၅ တုံး)]
ရွှီရှင်းသည် မိုးကြိုးလွှဲကို အသုံးမဝင်ဟု မထင်တော့ချေ။
ဒါက မိုးသက်မုန်တိုင်း အားသွင်းစက်ကြီးပဲ။
ဒါပေမဲ့... ဒီစာရင်းမှာ ဒီပစ္စည်း တစ်ခုတည်းသာ ရှိနေပြီး၊ တခြား လျှပ်စစ်ပစ္စည်းတွေ ဒါမှမဟုတ် လျှပ်စစ်သိုလှောင်တဲ့ ကိရိယာတွေ မပါသေးသဖြင့်... လောလောဆယ်တွင် မိုးကြိုးဒဏ် ရှောင်တာကလွဲ၍ အခြား အသုံးမဝင်သေးချေ။
သို့သော်လည်း မိုးရာသီ ရောက်တော့မည်ဖြစ်ရာ အချိန်ကိုက်ပင် ဖြစ်သည်။
"ဘာလို့ တခြား လျှပ်စစ်ပစ္စည်းတွေ မရှိတာလဲ၊ ကြေးနီနဲ့ ငွေရိုင်းတွေ လိုနေသေးလို့လား"
ရွှီရှင်း တွေးတောနေမိသည်။
"ငါ့ရဲ့ အစွမ်းက ကုန်ကြမ်းတွေ ရှိမှ ပုံစံတွေ ပွင့်တာဆိုတော့၊ အဲဒီ လျှပ်စစ်ပစ္စည်းတွေက တခြား ကုန်ကြမ်းတွေ လိုနေဦးမှာ သေချာတယ်။"
ဖန်သားပြင်၏ အခြားတစ်ဖက်မှ လီဝမ်ရှီး၏ အသံ ထွက်ပေါ်လာသည်။
"ဘယ်လိုလဲ ဘယ်လို လျှပ်စစ်ပစ္စည်းတွေ လုပ်လို့ရလဲ၊ ကျွန်မတို့ လျှပ်စစ်ဓာတ်အား သုံးလို့ ရတော့မှာလား"
"မင်းကို စိတ်ပျက်စေမိလို့ တောင်းပန်ပါတယ်"
ရွှီရှင်း ဖန်သားပြင်ရှေ့ ပြန်သွားကာ လက်နှစ်ဖက်ကို ဖြန့်ပြလိုက်ရင်း -
"တခြား လျှပ်စစ်ပစ္စည်းတွေ ပွင့်ဖို့က တခြား သတ္တုတွေ လိုဦးမှာပဲ။ အခု လုပ်ငန်းခုံက မိုးကြိုးလွှဲပဲ လုပ်လို့ ရသေးတယ်။ နောက်ဆိုရင် ကြေးနီတွင်းတွေ၊ ငွေတွင်းတွေ ရှိမလား သေချာ စောင့်ကြည့်ဦးနော်"
"ဪ... အလကား စိတ်လှုပ်ရှားသွားရတာပဲ။ ကျွန်မ ကြေးနီတွင်းတွေကိုတော့ ရှာနေတာပဲ၊ အခုထိတော့ မတွေ့သေးဘူး။ ဒါပေမဲ့ မိုးကြိုးလွှဲလည်း ကောင်းတာပါပဲ၊ မိုးရာသီက ရောက်တော့မှာလေ။ အဲဒါ လုပ်ဖို့ အနက်ရောင်ရွှေတုံး ဘယ်နှတုံး လိုလဲ၊ ကျွန်မ ပေးမယ်"
"တစ်ခုလုပ်ဖို့ ၅ တုံး လိုတယ်၊ ငါ့ကို ၁၀ တုံးလောက် ပေး"
ရွှီရှင်းက တွက်ချက်ပြလိုက်သည်။
"ဘာ အဲလောက်တောင် များတာလား။ ရှင် ကျွန်မ သတ္တုတွေကို လိမ်ယူမလို့လား"
လီဝမ်ရှီးက ရွှီရှင်းကို သံသယဖြင့် ကြည့်လိုက်ပြီးနောက်၊ ရိုးသားစွာ ဖျောင်းဖျလာသည်။
"တကယ်တော့ လိမ်ယူနေဖို့ မလိုပါဘူး၊ ကျွန်မအတွက် တစ်ခု ပိုလုပ်ပေးရုံပဲလေ၊ ရှင် ကြိုက်သလိုသာ သုံးပါ"
"ဘယ်သူက မင်းသတ္တုကို လိမ်ယူနေလို့လဲဟ"
ရွှီရှင်းက သူမကို စိတ်ပျက်ဟန်ဖြင့် ကြည့်လိုက်ပြီး၊ မိုးကြိုးလွှဲ ၏ အချက်အလက်များကို ပို့ပေးလိုက်သည်။
"မင်းဘာသာ ဖတ်ကြည့်လိုက်ဦး"
"တကယ်ကြီး အဲလောက် လိုတာလား..."
လီဝမ်ရှီးက သူမ၏ ခေါင်းကို ရှက်ကိုးရှက်ကန်း ပွတ်ရင်း
"နေဦး... ကျွန်မ ဒီတစ်ခါ ယူလာတဲ့ သတ္တုရိုင်းက လုံလောက်ရဲ့လား ကြည့်ရမယ်။ ဟိုဘက်ကို သွားဖို့ကလည်း အရမ်းဝေးတာ၊ ဘယ်တော့မှ သယ်ယူပို့ဆောင်ရေး ကိရိယာတွေ ရမလဲ မသိဘူး"
"..."
ရွှီရှင်း သူ၏ ငွေရောင်ဘုရင်အကြောင်း ကြွားပြောချင်စိတ်ကို အောင့်ထားလိုက်ရသည်။
လီဝမ်ရှီး စိတ်မသက်မသာ ဖြစ်သွားမှာ စိုးသောကြောင့် ဖြစ်သည်။
ကံကောင်းသည်မှာ ငွေရောင်ဘုရင်သည် ထောင့်တစ်နေရာတွင် အနားယူနေလေ့ရှိပြီး၊ ဗီဒီယိုထဲတွင်တော့ လုံးဝ မမြင်ရချေ။
"ခဏလောက် စောင့်ဦး၊ သတ္တုရိုင်းကတော့ လုံလောက်ပါတယ်၊ ဒါပေမဲ့ သန့်စင်ဖို့က နည်းနည်း ကြာလို့ပါ။ ရှင် ကျွန်မအတွက်လည်း လုပ်ငန်းခုံ တစ်ခု လုပ်ပေးပါလား။ ဒါဆို ကျွန်မဘာသာ လုပ်လို့ ရတာပေါ့"
"မင်းဆီမှာ ဖန်တီးမှု ပုံစံတွေ မပွင့်သေးတော့၊ ငါ လုပ်ငန်းခုံ ပေးလည်း မင်း သုံးလို့ ရမှာ မဟုတ်ဘူး"
"အင်း... ရှင် ပြောတာလည်း ဟုတ်သားပဲ။ ကဲ... ဒါဆိုရင် ထားလိုက်ပါတော့။ နောက် ၂ နာရီလောက်နေရင် အနက်ရောင်ရွှေတုံးတွေ ပေးမယ်"
"ကောင်းပြီလေ။ ငါ့ကို သံတုံးအချို့လည်း လဲပေးဦး၊ ငါ့ဆီမှာ သံတုံးတွေ ကုန်တော့မယ်"
"အိုကေ... ဒါနဲ့၊ အစောပိုင်းက ကျွန်မ သတိမထားမိဘူး၊ ရှင် သစ်ပင်အိမ်ကို တော်တော် လှလှပပ ပြင်ထားတာပဲ၊ အထင်ကြီးစရာပဲ"
"ဟားဟား... တစ်သက်လုံး ဒီလို အကြမ်းထည်ကြီးနဲ့ပဲ မနေချင်တော့လို့ပါ"
ဗီဒီယိုကို ပိတ်လိုက်ပြီးနောက်၊ ရွှီရှင်းသည် အထူး အပြာရောင်အဆင့် အကြီးစား မြှားသေနတ် နှစ်လက်နှင့် သာမန် အပြာရောင်အဆင့် တစ်လက်တို့ကို ချက်ချင်း ဖန်တီးလိုက်သည်။
ထို့နောက် ၎င်းတို့ကို အခြားသော လမ်းကြောင်း သုံးခုတွင် တပ်ဆင်လိုက်ရာ၊ ယခုအခါ မြှားသေနတ်များ၏ ပစ်ခတ်မှု အတိုင်းအတာမှာ သစ်ပင်အိမ် ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံသွားပြီ ဖြစ်သည်။
သို့သော် လုံးဝဥဿုံတော့ မဟုတ်ချေ။
အဘယ်ကြောင့်ဆိုသော် မြှားသေနတ်များကို ပထမထပ် နံရံ၏ အောက်ပိုင်းတွင် တပ်ဆင်ထားသဖြင့်၊ သစ်ပင်အိမ်၏ အောက်ပိုင်းကို ပစ်နိုင်သော်လည်း၊ ပင်စည်နား အလွန်နီးကပ်သော နေရာ ကိုတော့ ပစ်၍ မရသောကြောင့် ဖြစ်သည်။
ထိုနေရာများကို တိုက်ခိုက်ရန်အတွက်တော့ လောလောဆယ်တွင် ရွှီရှင်းကိုယ်တိုင် အပြင်ထွက်ကာ၊ သစ်ပင်အိမ် အမြစ်များဖြင့် သူ့ကို အောက်တွင် တွဲလောင်းချခိုင်းပြီးမှ မြှားသေနတ် သို့မဟုတ် လှံဖြင့် တိုက်ခိုက်ရပေလိမ့်မည်။
ဤသို့ဖြင့် သူသည် သစ်ပင်အိမ်၏ အတွင်းအပြင် အားလုံးကို ပြန်လည် မွမ်းမံပြီးစီးသွားခဲ့ပြီ ဖြစ်သည်။
နောက်တစ်ဆင့်တွင်တော့ ရွှီရှင်းသည် အလွန်အရေးကြီးသော ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရန် လိုအပ်နေသည်။
ငွေရောင်ဘုရင်ကို ဗီဇပြောင်းသတ္တဝါ တစ်ကောင် ဖြစ်လာစေရန် ဗီဇပြောင်းဆေးရည် တိုက်သင့်၊ မတိုက်သင့် ကိုဆုံးဖြတ်ရပေမည်။
---
အခန်း ၁၀၄ ပြီး။