အစီအစဉ်၏ အဆုံးသတ်
Vol. 7 Ch. 101
မကြာမီမှာပင် အဖွဲ့သားအားလုံး ရွှီရှင်း၏ သစ်ပင်အိမ်သို့ ပြန်လည်ရောက်ရှိလာကြသည်။
ရွှီရှင်း၏ သစ်ပင်အိမ်ကို မြင်လိုက်ရသောအခါ ချန်ယင်းမိသားစု၏ ကျောက်သားမျက်လုံးများမှာ ပြူးထွက်မတတ် အံ့သြသွားကြတော့သည်။
"မင်း... မင်းက ဟိုးအပေါ်မှာ နေတာလား"
ချန်ယင်းက ဧရာမ ညောင်ပင်ကြီးကို လက်ညှိုးထိုးပြရင်း မယုံနိုင်သလို မေးသည်။
"လူတွေက အပင်ပေါ်မှာ ဒီလိုမျိုး နေလို့ရတာလား"
ရွှီရှင်းက သူ့ကို ပြုံးပြလိုက်ပြီး လေမြစ်တစ်ခုကို ကိုင်ကာ ညောင်ပင်အမြစ်များကို ထိန်းချုပ်လိုက်သည်။
ထို့နောက် ကျောက်ရုပ်တု လေးခု၏ ခါးကို အမြစ်များဖြင့် ပတ်ကာ ခဲခဲ၊ ငွေရောင်ဘုရင်နှင့် ကျားသစ်တို့ကိုပါ သစ်ပင်အိမ်၏ တတိယထပ်သို့ တိုက်ရိုက် ခေါ်ဆောင်သွားခဲ့သည်။
ထိုင်ခုံများ မရှိသေးသဖြင့် ရွှီရှင်းသည် သစ်သားကုလားထိုင် အချို့ကို ချက်ချင်း ဖန်တီးလိုက်သည်။
ရှုလန်နှင့် အစေခံတို့မှာ ရှောင်ဟုန်နှင့်အတူ သစ်ပင်အိမ်အတွင်း လှည့်လည်ကြည့်ရှုနေကြစဉ်၊ ချန်ယင်းကတော့ ပြတင်းပေါက်မှာ မှီရပ်ရင်း အပြင်ဘက်ကို လှမ်းကြည့်နေသည်။
"ဘယ်လိုလဲ ဒီနေရာက တော်တော်လေး ကောင်းတယ် မလား"
"ကောင်းတာထက် ပိုပါတယ်"
ချန်ယင်း၏ အကြည့်မှာ အပြင်ဘက် မြင်ကွင်းမှ ခွာမရဘဲ ဖြစ်နေသည်။
"ဒီလောက် ကျယ်ပြောတဲ့ ကမ္ဘာကြီးကို မမြင်ရတာ ကြာလှပြီ။ ဒီနေရာက တကယ့်ကို သက်သောင့်သက်သာ ရှိတာပဲ"
"ရှင်ကျန်သူတိုင်းမှာ ဒီလို သစ်ပင်အိမ် ရှိကြပါတယ်။ ဒါပေမဲ့ ငါ့အိမ်ကတော့ တခြားသူတွေထက် ပိုကြီးတာပေါ့"
"ငါတို့ကို ဒီမှာ ပေးနေမယ်လို့ မင်း ပြောထားတယ်နော်၊ စကားမဖျက်နဲ့ဦး။ ငါတို့ ကိစ္စတွေ ပြီးတာနဲ့ မင်းရဲ့ သစ်ပင်အိမ်မှာ လာပြီး ခိုကပ်တော့မှာ"
ချန်ယင်းသည် နှမြောတသစွာဖြင့် အပြင်က အကြည့်ကို ခွာလိုက်ပြီး သစ်သားကုလားထိုင်ပေါ်တွင် အားပါးတရ ထိုင်ချလိုက်သည်။
"နေလို့ရတာပေါ့၊ ဒါပေမဲ့..."
ရွှီရှင်းက ဗီဇပြောင်းသတ္တဝါ စာချုပ် တစ်စောင်ကို ထုတ်ပြလိုက်သည်။
"အောက်မှာတုန်းကတော့ တစ်စုံတစ်ယောက်က ငါအလိုရှိသလောက် ဒီစာချုပ်တွေ လုပ်ပေးမယ်လို့ ပြောခဲ့သလိုပဲနော်"
"ဟမ့်... မင်းက ငါ့ရဲ့ စာချုပ်တွေကို တစ်ချိန်လုံး မျက်စိကျနေတာကိုး"
ချန်ယင်းသည် ဗလာစက္ကူတစ်ချပ်နှင့် အရင်က သူအသုံးပြုခဲ့သော အလွန်ထူးခြားသည့် ကလောင်တံကို တစ်နေရာမှ ထုတ်ယူလိုက်သည်။
သူက စက္ကူပေါ်တွင် စာလုံးများ ရေးခြစ်ရင်း ပြောလိုက်သည်။
"ဒါပေမဲ့ ငါ မင်းအတွက် အများကြီးတော့ လုပ်မပေးနိုင်ဘူး။ ဒီကလောင်ထဲက မှင်က ကုန်တော့မယ်။ အများဆုံး ငါးစောင်ပဲ ထပ်လုပ်ပေးလို့ ရတော့မယ်"
မှင်ကုန်တော့မယ် ဟုတ်လား။
ရွှီရှင်း ချန်ယင်းလက်ထဲက ကလောင်ကို သေချာ ကြည့်လိုက်သည်။
၎င်းမှာ အနီရင့်ရောင် ကိုယ်ထည်ရှိသော ဖောင်တိန်တစ်ချောင်း ဖြစ်ပြီး အထဲကိုမြင်ရသဖြင့် အတွင်း၌ အနီရောင်မှင် အနည်းငယ်သာ ကျန်တော့သည်ကို မြင်နေရသည်။
"ဒီမှင်က..."
"ဒါက အဆင့်မြင့် ဗီဇပြောင်းသတ္တဝါတွေရဲ့ သွေးနဲ့ လုပ်ထားတာ။ အဲဒါကြောင့်ပဲ အဆင့်နိမ့် သတ္တဝါတွေကို ချည်နှောင်နိုင်တာပေါ့။ မင်းလက်ထဲက လက်ပတ်၊ လက်စွပ်၊ လေညှပ်နဲ့ တံမြက်စည်းတွေကလည်း အနည်းနဲ့အများ အဆင့်မြင့် ဗီဇပြောင်းသတ္တဝါတွေဆီက ရတဲ့ အရာတွေနဲ့ ဆက်စပ်နေတာပဲ" ဟု ချန်ယင်းက ရှင်းပြသည်။
အဆင့်မြင့် ဗီဇပြောင်းသတ္တဝါတွေ ဟုတ်လား။
ယဇ်ပလ္လင်ကနေ ဆင့်ခေါ်ခဲ့တဲ့ သတ္တဝါတွေက အလယ်အလတ်အဆင့်တွေ ဖြစ်ပေမဲ့၊ သူတို့ရဲ့ စွမ်းအားကိုတောင် လျှော့တွက်လို့ မရချေ။
ထိုသတ္တဝါတွေကို နည်းဗျူဟာ မသုံးဘဲ ထိပ်တိုက်ရင်ဆိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပင်။
ထိုထက် ပိုမို အစွမ်းထက်သော အဆင့်မြင့် ဗီဇပြောင်းသတ္တဝါများ၏ စွမ်းရည်မှာတော့ သူ ယခု လက်လှမ်းမီနိုင်သည့် အဆင့် မဟုတ်သေးချေ။
မကြာမီမှာပင် ချန်ယင်းက ဗီဇပြောင်းသတ္တဝါ စာချုပ် ငါးစောင် ရေးသားပြီးသွားကာ ကလောင်ထဲက နောက်ဆုံးမှင်စက်မှာလည်း ကုန်ခမ်းသွားတော့သည်။
"နောက်တစ်ခါ အဆင့်မြင့် ဗီဇပြောင်း ကုန်ကြမ်းတွေကို ဘယ်တော့မှ ထပ်ရဦးမလဲ မသိဘူး"
ချန်ယင်းက ခေါင်းခါယမ်းကာ ကလောင်ကို ပြန်သိမ်းလိုက်သည်။
မွန်းစတားဂူထဲတွင် ရွှီရှင်း စာချုပ် ခြောက်စောင် ရခဲ့ပြီး နှစ်စောင် သုံးစွဲခဲ့သည်။
ယခု ရရှိသည့် ငါးစောင်နှင့်ဆိုလျှင် စုစုပေါင်း ကိုးစောင် ကျန်ရှိနေပြီ ဖြစ်ရာ အချိန်အတော်ကြာ အသုံးပြုနိုင်ပေလိမ့်မည်။
ရှုလန်နှင့် အခြားသူများမှာ သစ်ပင်အိမ်ကို စူးစမ်းပြီး ပြန်ရောက်လာကြသည်။
ထိုအချိန်တွင် မိုးကုပ်စက်ဝိုင်းမှာ နေဝင်ချိန် နီရဲသော တိမ်တိုက်များဖြင့် လင်းထိန်နေပြီး ညနေ ၅ နာရီ ကျော်နေပြီ ဖြစ်သည်။
အစီအစဉ် ပြီးဆုံးရန် နာရီဝက်ခန့်သာ လိုတော့သည်။
"ငါတို့လည်း သွားရတော့မယ်"
ချန်ယင်းက မတ်တပ်ရပ်ကာ နေဝင်ချိန်အောက်တွင် ပျင်းရိစွာ အကြောဆန့်လိုက်သည်။
ရုပ်တုတစ်ခုအနေဖြင့် အကြောဆန့်ရန် မလိုသော်လည်း သူကတော့ လူသားတစ်ယောက်လို ခံစားရအောင် ပြုမူနေခြင်း ဖြစ်ပေလိမ့်မည်။
"ဂရုစိုက်ကြပါဦး။ ကိစ္စတွေ ပြီးသွားရင် ငါ့ဆီကို အချိန်မရွေး ပြန်လာခဲ့ကြပါ"
"ကောင်းပြီလေ"
ကျောက်ရုပ်တု မိသားစုကို သစ်ပင်အိမ်မှ နှုတ်ဆက် လိုက်ပါပို့ဆောင်ပြီးနောက်၊ ပြတင်းပေါက်မှနေ၍ သူတို့၏ ပုံရိပ်လေးများ သေးငယ်သွားသည်အထိ လှမ်းကြည့်ရင်း ရွှီရှင်း တစ်ခုခုကို မယုံနိုင်သလို ခံစားနေရသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သမျှမှာ သူ့အတွက်တော့ အိပ်မက်တစ်ခုလို ထူးဆန်းလွန်းနေသည်။
ထို့နောက်တွင် လျှို့ဝှက်ဆန်းပြားသော အသံက သူ၏နားထဲတွင် ဟိန်းထွက်လာတော့သည်။
[မြေအောက်ဂူ ရတနာရှာဖွေရေး အစီအစဉ် ပြီးဆုံးပါပြီ။ ပစ္စည်းများစွာနှင့် ပြန်လာနိုင်ကြသော ရှင်ကျန်သူများကို ဂုဏ်ယူပါသည်။ ယခုအခါ သင်တို့တွင် မခန့်မှန်းနိုင်သော အရင်းအမြစ်များနှင့် ချမ်းသာကြွယ်ဝမှုများ ရှိနေပြီ ဖြစ်သည်။]
[အစီအစဉ် ပြီးဆုံးပြီးနောက် တစ်ရက်တာ ပြန်လည်ပြင်ဆင်ရန် အချိန်ပေးပါမည်။ ဤရက်ကို အကျိုးရှိရှိ အသုံးပြုကာ သင်တို့၏ အရင်းအမြစ်များဖြင့် သစ်ပင်အိမ်ကို တည်ဆောက်၊ မွမ်းမံကြပါ။]
[ဤအစီအစဉ်တွင် အဆင့်သတ်မှတ်ချက် မရှိပါ။ မြေအောက်ဂူမှ ပြန်လာနိုင်သူ အားလုံးကို ဂုဏ်ယူပါသည်။ သင်တို့အားလုံးဟာ အနိုင်ရရှိသူတွေပါ။ ပြန်လာနိုင်သူ တိုင်းကို ခမ်းနားသော လက်ဆောင်တစ်ခုစီ ပေးအပ်ပါမည်။]
[မြေအောက်ဂူ အဝင်ဝကို ရှာမတွေ့သေးတဲ့ ရှင်ကျန်သူများ၊ သင်တို့အတွက် ဤကမ္ဘာကြီးကို နှုတ်ဆက်ဖို့ နောက်ဆုံး ၁၀ မိနစ် အချိန်ရှိပါသေးတယ်။]
ဤတစ်ကြိမ်တွင် အစီအစဉ်အပြီး၌ ပြန်လည်ပြင်ဆင်ရန် အချိန် တစ်ရက်သာ ပေးထားသည်။
သူသည် ဤရက်ကို အကျိုးရှိရှိ အသုံးပြုရမည်။
ကိုင်တွယ်ဖြေရှင်းရမည့် ကိစ္စများစွာ ရှိနေသေးသည်။
သစ်ပင်အိမ် အပြင်ဘက် ကာကွယ်ရေးများ၊ အတွင်းပိုင်း မွမ်းမံမှုများ၊ ထို့ထက်မက အရေးကြီးသည်မှာ အပြင် ကန်ထဲက အသားစားငါးများကို အမြန်ဆုံး နှိမ်နင်းရန် ဖြစ်သည်။
အစောပိုင်းက ဝက်ဝံနက်ဂူ အဝင်ဝကို ချန်ယင်းတို့နှင့်အတူ ဖြတ်ကျော်လာစဉ်၊ စမ်းချောင်းအောက်ခြေက မိကျောင်းကြီးသည် သူ့ကို ဆက်ဆံသလို သူတို့ကို ဆက်ဆံလိမ့်မည် မဟုတ်ဘဲ တိုက်ခိုက်လာနိုင်သဖြင့် သူ ထိုမိကျောင်းကြီးကို သွားမနှောင့်ယှက်ခဲ့ချေ။
မနက်ဖြန်တွင်တော့ ထိုမိကျောင်းကြီးကို ကန်အလယ်က အသားစားငါးများ ပြဿနာအတွက် ကူညီပေးနိုင်မလားဆိုတာ သွားရောက် တောင်းဆိုကြည့်ရပေမည်။
ဒါပေမဲ့ အခုလောလောဆယ်တော့... စားရမယ့် အချိန်ပဲ။
စားရဖို့ထက် အရေးကြီးတာ ဘာမှမရှိဘူး။
"အီးးး"
ရွှီရှင်း အကင်စင်ဘေးမှာ ထိုင်လိုက်သည်နှင့် အနားမှာ လှဲနေသော ခဲခဲမှာ ချက်ချင်း နိုးလာပြီး ရွှီရှင်း၏ ရင်ခွင်ထဲသို့ ခုန်ဝင်လာတော့သည်။
၎င်း၏ မျက်လုံးများမှာ အကင်စင်ကို စိုက်ကြည့်နေပြီး အမြီးလေးမှာလည်း တဖျပ်ဖျပ် လှုပ်နေရှာသည်။
အစီအစဉ် စတင်ကတည်းက သူတို့ ကောင်းကောင်းမွန်မွန် မစားရသေးသဖြင့် ခဲခဲလေး ဤမျှအထိ စားချင်နေခြင်းမှာ မဆန်းလှချေ။
"ကောင်းပါပြီ... မင်းလည်း စားရမှာပါ။"
ရွှီရှင်းက ခဲခဲကို အစာပြေအဖြစ် ပန်းသီးတစ်လုံး အရင်ပေးလိုက်ပြီးနောက်၊ သာမန် သားရဲသားများကို ထုတ်ကာ ဆားဖြူး၍ စတင် ကင်လိုက်တော့သည်။
ဤညစာ စားပြီးလျှင်တော့ အတွင်းပိုင်းကို ပြန်လည်ပြင်ဆင်ပြီး မီးဖိုချောင်တစ်ခု အတည်တကျ လုပ်ရမည်။
ဟင်းချက်မစားရတာ တော်တော် ကြာနေပြီ မဟုတ်လား။
ကင်ထားသော အသားနံ့က ငွေရောင်ဘုရင်နှင့် ကျားသစ်ကိုပါ ဆွဲဆောင်လိုက်သည်။
ရွှီရှင်းသည် လက်ပတ်ထဲမှ လင်းနို့ကို ပြန်ထုတ်လိုက်ပြီး သူတို့ တစ်ကောင်ချင်းစီကို အသားအချို့ ဝေပေးလိုက်သည်။
သူတို့အားလုံး စားနေကြမှသာ သူသည် အကင်စင်ပေါ်က အသားကို သေချာ ဂရုစိုက်ကာ ကင်နေတော့သည်။
သူ၏ရင်ခွင်ထဲက အမွေးပွ ခဲခဲလေးကို ပွတ်သပ်ပေးရင်း၊ ရွှီရှင်းသည် အခြားသူများ ဘာတွေ ရရှိခဲ့သလဲဆိုသည်ကို သိရန် ဒေသတွင်း ဆက်သွယ်ရေးလိုင်းကို ဖွင့်ကြည့်လိုက်သည်။
ဒေသတွင်း ဆက်သွယ်ရေးလိုင်းတွင် ယခုအခါ လူပေါင်း ၃၉၄၈ ဦးသာ ကျန်တော့သည်။
ဤအစီအစဉ်တွင် လူပေါင်း တစ်ထောင်ကျော် သေဆုံးသွားခဲ့ရသည်။
ရွှီရှင်းနှင့် ကျိချောင်းယန်တို့က နည်းဗျူဟာများ မျှဝေပေးခဲ့သော်လည်း၊ မွန်းစတားဂူအတွင်းရှိ သားရဲများနှင့် ထောင်ချောက်များမှာ လူတိုင်း ကိုင်တွယ်နိုင်သည့် အရာများ မဟုတ်ခဲ့ကြချေ။
နောက်ဆုံးအထိ ဘယ်နှယောက် ကျန်မလဲဆိုတာ စဉ်းစားစရာပင်။
"ညီအစ်ကိုတို့... ငါ အပြာရောင်အဆင့် သစ်သားတွေ အများကြီး ရခဲ့တယ်၊ တကယ့်ကို ရူးချင်စရာပဲ အပြာရောင်အဆင့်ကြီးနော်"
"အဲဒါ ဘာဖြစ်လို့လဲကွ ငါကတော့ အပြာရောင်အဆင့် ကျောပိုးအိတ်တစ်လုံး အလကား ရခဲ့တယ်၊ အထဲမှာ အပြာရောင်အဆင့် လက်နက်တွေလည်း ပါသေးတယ်။ ငါ အခုတော့ ဘယ်သူ့မှ မကြောက်တော့ဘူး"
"မင်းတို့ အပြာရောင်အဆင့် သားရေချပ်ဝတ်ကို မြင်ဖူးကြလားဟေ့ ဘယ်သူမှ မမြင်ဖူးကြဘူး မဟုတ်လား၊ ငါကတော့ အခု ဝတ်ထားပြီဟေ့"
"ဒီအပြာရောင်အဆင့် အသီးတွေက ပုပ်ကုန်ပြီလား မသိဘူး၊ စားလို့ရဦးမလား၊ မြေအောက်မှာ ဘယ်လောက်တောင် ကြာနေပြီလဲ..."
"မင်းတို့ အကုန်လုံးက အပြာရောင်အဆင့် ပစ္စည်းတွေ ရခဲ့ကြတာလား ငါပဲ ရတယ် ထင်နေတာ..."
"မင်းတို့တွေက မွန်းစတားဂူထဲ ဝင်ရဲကြတာပဲလား... ငါကတော့ အဝင်ဝမှာတင် ကြောက်လို့ ပြန်လှည့်လာခဲ့တာ။"
"နောက်ဆုံးတော့ မဝင်ခဲ့တဲ့သူ တစ်ယောက် တွေ့ပြီ။ ငါပဲ ကြောက်နေတာ ထင်နေတာ..."
"မဝင်ရဲတဲ့သူတွေကတော့ စကားမပြောတာ ပိုကောင်းမယ် ထင်တယ်နော်။"
"ခေါင်းဆောင်ရွှီက အဝင်ဝရှာနည်းတွေ ပေးထားတယ်၊ ခေါင်းဆောင်ကျိက လမ်းညွှန်ချက်တွေ ပေးထားတယ်၊ ဒါတောင် မင်းတို့က ဒီလောက်အထိ ကြောက်နေကြတုန်းလား"
"ဘာ.... ဒါ ဘယ်နှကြိမ်မြောက် အစီအစဉ် ရှိနေပြီလဲ၊ အခုထိ မလှုပ်ရှားရဲသေးတဲ့သူတွေ ရှိနေတုန်းလား အခုထိ ဘယ်လိုများ ရှင်သန်နေခဲ့ကြတာလဲ"
ရွှီရှင်းသည် ဆက်သွယ်ရေးလိုင်းအတွင်း လှည့်လည်ကြည့်ရှုရင်း၊ မွန်းစတားဂူက ပြန်လာသူ အားလုံးနီးပါးမှာ အပြာရောင်အဆင့် အရင်းအမြစ်များ ရရှိခဲ့ကြကြောင်း တွေ့လိုက်ရသည်။
သို့သော် ၎င်းတို့မှာ အခြေခံ ပစ္စည်းများသာ ဖြစ်ပြီး ထူးခြားဆန်းသစ်သည့်အရာ ဘာမှမပါဝင်သဖြင့် သူ အနည်းငယ် စိတ်ပျက်သွားမိသည်။
ထို့နောက် သူသည် အရောင်းအဝယ် ကဏ္ဍကို စစ်ဆေးကြည့်လိုက်သည်။
"ဟင်"
ရွှီရှင်း၏ မျက်လုံးများက တစ်ခုခုဆီမှာ ရပ်တန့်သွားသည်။
"ဒါက ညစ်ညမ်းနေတဲ့ ဗီဇပြောင်းသတ္တဝါသားလား တစ်စုံတစ်ယောက်က ဒါကို ရခဲ့တာလား။"
ရွှီရှင်းသည် ထိုသူ့ထံသို့ ချက်ချင်း စာပို့လိုက်၏။
ထိုညစ်ညမ်းအသားမှာ သူ၏လက်ထဲတွင် ရှိမှသာ အသုံးအဝင်ဆုံး ဖြစ်ပေလိမ့်မည်။
---
အခန်း ၁၀၁ ပြီး။