← Chapters

ခိုင်မာသည့်ဆုံးဖြတ်ချက်

Vol. 3 Ch. 265

ခိုင်မာသည့်ဆုံးဖြတ်ချက်

Vol. 3 Ch. 265

ဆိုးသွမ်းသည့် အကြည့်များ၊ အေးစက်သည့် အကြည့်များ၊ ချစ်ခင်မြတ်နိုးသည့် အကြည့်များ….။ ဆန်းလျန်၏ ဘဝတွင် ထိုသို့သော အကြည့်ပေါင်းများစွာကို ရင်ဆိုင် ခဲ့ရဖူးပါသည်။

သို့သော် ယခုသူ့ကို စိုက်ကြည့်နေသည့် အကြည့်ကတော့ သူမျှော်လင့် မထားသည့် အကြည့်မျိုး ဖြစ်လေသည်။

ထိုအကြည့်သည် စိတ်ဝိညာဉ် အတွင်းပိုင်းထိ အသေးစိတ် ထိုးဖောက် ဝင်ရောက်နိုင်သည့် အကြည့်မျိုး ဖြစ်လေသည်။

ထိုအကြည့်က ဆန်းလျန်ထံသို့ ကျရောက် လာသည်။ ဆန်းလျန်သည် ထိုအကြည့် တစ်ချက်ကြောင့် ဖြစ်ပေါ်လာသည့် ခံစားချက်ကို ဖော်ပြ၍ မရနိုင်ပေ။ သူ့အပေါ်သို့ မိုးရေစက်များ ရွာသွန်း ကျလာသကဲ့သို့ပင် ဖြစ်လေသည်။

ထိုက်စု နန်းတော်ထဲတွင် အနုပညာဖြင့် ဖန်တီးထားသည့် တောင်အတု တစ်ခုရှိနေသည်။ ထိုတောင်ပေါ်မှ ရေတံခွန်အတုမှ ရေများ ကျဆင်းနေလေသည်။

အသက်ဓာတ် စွမ်းအားများ စိမ့်ထွက်နေပြီး ရေစီး ဆင်းသံကို ကြားနေရသည်။

နန်းတော် သခင်မသည် နန်းတော် အတွင်းရှိ အနုပညာများထဲတွင် အလှပဆုံး အနုပညာတစ်ခု ဖြစ်လေသည်။ ထိုအချက်က သူမသည် မည်မျှ ထူးခြားသည့် အမျိုးသမီး တစ်ယောက် ဖြစ်ကြောင်း မီးမောင်း ထိုးပြနေလေသည်။

လှပစွာထုံးဖွဲ့ထားသည့် သူမ၏ ဆံထုံးထက်တွင် ကျောက်စိမ်း ဆံထိုး တစ်ခု ထိုးစိုက်ထားပြီး အဖြူရောင်နှင့် အစိမ်းရောင် ပေါင်းစပ်ထားသည့် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမကို ကြည့်ရသည်မှာ မြင့်မြတ်သည့် နတ်ဘုရား တစ်ပါးနှင့် တူပြီး ဝိညာဉ်ကမ္ဘာမှ ဝိညာဉ် နတ်ဘုရား တစ်ပါးနှင့် ပိုပြီး ဆင်တူလေသည်။

သူမသည် အိပ်မက် ကမ္ဘာထဲမှ နတ်သမီး တစ်ပါးအလား ဖြစ်လေသည်။ သူမကို မြင်တွေ့ရပြီး ဘယ်တော့မှ အိပ်မက်မှ နိုးထလိုစိတ် မရှိတော့ သလိုပင် ဖြစ်ရလေသည်။

ဆန်းလျန်က သူမကို မော့ကြည့်လိုက်သည်။

သူ၏ မျက်ဝန်းထဲတွင် အိပ်မက် ကမ္ဘာကို ထိုးဖောက်ပြီး သတ်ဖြတ်လိုသည့် အရိပ်အငွေ့များဖြင့် ပြည့်နေ လေသည်။

“ကျုပ်တူမလေး ဘယ်မှာလဲ”

ဆန်းလျန်၏ အသံက သိမ်မွေ့စွာ ထွက်ပေါ်လာသည်။

သူ၏ ပုံစံက တည်ငြိမ်နေလေသည်။ သို့သော် သူ့ရင်ထဲမှ ပေါက်ကွဲ ထွက်တော့မည့် ဒေါသများကိုတော့ မည်သူမျှ တွေ့မြင်နိုင်မည် မဟုတ်ပေ။

“ရော့ရှီက ယွမ်ကျွင်း ဧကရီ လူပြန်ဝင်စားတာပဲ၊ အဲဒါ ဘာအဓိပ္ပာယ်လဲ မင်းသိလား”

ထျန်းမုန့် နတ်သမီးက သူမထိုင်နေသည့် ထိုင်ခုံ လက်တန်းကို တတောက်တောက် ခေါက်ရင်း ပြောလိုက်သေည်။

ဆန်းလျန်က သူမကို စကားပြန်မဆိုပါ။

အမှန်တော့ ဆန်းလျန်က သူ၏ အစစ်အမှန် ခန္ဓာကိုယ်ကို ဆင့်ခေါ်နေခြင်း ဖြစ်လေသည်။ မည်သည့် နည်းနှင့်ဖြစ်စေ ရော့ရှီလေးကို ခေါ်သွားမည်ဟု ဆန်းလျန် ဆုံးဖြတ်ချက် ခိုင်မာစွာ ချလိုက်ပြီ ဖြစ်သည်။

ထိုအချိန်မှာပင်…

ဆန်းလျန် အစစ်သည် ထုန်ထျန်း တန်ခိုး စွမ်းအားကို အသုံးပြုကာ တိတ်တဆိတ် ဝင်ရောက်လာခဲ့ပြီ ဖြစ်လေသည်။

ထျန်းမုန့် နတ်သမီးသည် သူနှင့် ရင်ဆိုင် ဆုံတွေ့နေသူမှာ ဆန်းလျန်၏ ကိုယ်ပွား ဖြစ်သည်ကို သိရှိခြင်းမရှိပေ။

သာမန် မိုးကြိုး အင်းသင်္ကေတလေးကိုသာ အသုံးပြုပြီး သူမ၏ ခရမ်းစိမ်း မြူခိုး အရံအတားကို ချိုးဖျက် နိုင်ကတည်းက သူမသည် ဆန်းလျန်ကို အထင်မသေးဝံ့တော့ပေ။

သူမက ဆန်းလျန်နှင့် မတိုက်ခိုက်လိုပါ။

သူမက နှလုံးသား စည်းချက် ကျင့်စဉ်ကို ကျင့်ကြံခဲ့သည့် အတွက် ယခင်မျိုးဆက်မှ နတ်ဘုရား အဘွားကြီး သုံးပါးမှာ သူမနှင့် သိပ်ပြီး အဆင်မပြေလှပါ။ နတ်ဘုရား သုံးပါး၏ အကူအညီ မပါလျှင် သူမအနေဖြင့် ဆန်းလျန်ကို အနိုင်ယူရန်မှာ ခက်ခဲမည်ဖြစ်လေသည်။

“ဟိုးအရင် အချိန်တွေတုန်းက ယွမ်ကျွင်း ဧကရီလို့ ခေါ်တဲ့ ထိုက်စုယွမ်ကျွင်းဟာ မြောက်ဖျား ဒေသကို အပိုင်သိမ်းထားတဲ့ ဖယောင်း နဂါးကြီး ကျူကျိုယင်းကို နှိမ်နင်းခဲ့တယ်၊ ပြီးတော့ သူမ ချန်ထားခဲ့တဲ့ တာအို ကျင့်စဉ်တွေနဲ့ ထိုက်စု နတ်ဘုရားဂိုဏ်းကို စတင် တည်ထောင်ခဲ့တယ်၊ ငါတို့ရဲ့ ဘိုးဘွား ဆရာသခင်တွေက ထိုက်စုယွမ်ကျွင်းရဲ့ ပညာတွေကို ခေတ်အဆက်ဆက် ထိန်းသိမ်း ခဲ့ကြတယ်၊ အဲဒီ အချိန်ကစပြီး ထိုက်စု နတ်ဘုရား ဂိုဏ်းဆိုတာ ပေါ်ထွက်လာတာပဲ၊ ထိုက်စု နတ်ဘုရား ဂိုဏ်းအပြင်ဘက်က မြောက်ဖျား အလင်းတန်းဟာ ကျူကျိုယင်းရဲ့ အကြွင်းအကျန်တွေနဲ့ အစီအရင် လုပ်ထားခဲ့တာ၊

ထိုက်စုယွမ်ကျွင်းဟာ ကြယ်စင်တွေ အားလုံးထဲမှာ အတောက်ပဆုံး ကြယ်စင်ပဲ၊ သူမက ကျူကျိုယင်းကို သတ်ပြီးတဲ့နောက် ကြယ်တွေ ကြားထဲမှာ တိတ်တဆိတ် နေထိုင်ခဲ့တယ်၊ သူမဟာ တာအိုဆရာ သခင်ကြီးနဲ့ ဗောဓိသကျကိုတောင် အထင်ကြီးခဲ့တဲ့သူ မဟုတ်ဘူး၊ ဒါပေမယ့် သူမရဲ့ တာအိုကျင့်စဉ်နဲ့ တန်ခိုးစွမ်းအားတွေက တာအို ဆရာသခင်ကြီးနဲ့ ဗောဓိ သကျလိုမျိုး ပြီးပြည့်စုံခြင်း မရှိဘူး၊ ဒါကြောင့် သူမက သူမရဲ့ နတ်ဘုရား ဉာဏ်စဉ်တွေကို အပိုင်းပိုင်း ခွဲလိုက်ပြီး စကြဝဠာပေါင်းများစွာမှာ ဖြန့်ကြက် ထားလိုက်တယ်၊ စစ်ဆေးမှု ပေါင်းထောင်နဲ့ ချီပြီး ပြုလုပ်နိုင်ဖို့၊ ကျင့်စဉ်လမ်းနဲ့ တန်ခိုးစွမ်းအား ပြီးပြည့်စုံမှု ရရှိဖို့ အဲဒီ နတ်ဘုရား ဉာဏ်စဉ်တွေကို အသုံးပြုခဲ့တယ်၊ ထိုက်စုယွမ်ကျွင်းရဲ့ ဖြန့်ကြက်ထားတဲ့ နတ်ဘုရား ဉာဏ်စဉ်တွေ လူသားအဖြစ် ဖြစ်တည်လာတာကို ယွမ်ကျွင်း ဧကရီလူ ပြန်ဝင်စားတယ်လို့ ခေါ်တာပဲ၊ ရော့ရှီဟာ ယွမ်ကျွင်း ဧကရီရဲ့ ထောင်ပေါင်း များစွာသော နတ်ဘုရား ဉာဏ်စဉ်တွေထဲက တစ်ခုပဲ၊

အရင်က ငါတို့ ထိုက်စု နတ်ဘုရား ဂိုဏ်းထဲမှာ ယွမ်ကျွင်း ဧကရီ ဝင်စားတဲ့သူ တစ်ယောက် နှစ်ယောက် ရှိခဲ့ဖူးတယ်၊ ကျင့်စဉ်လမ်း အောင်မြင်ပြီး သူတို့လိုချင်တဲ့ တရား စစ်ဆေးမှုကို ရသွားတာနဲ့ သူတို့က ပျောက်ကွယ် သွားကြတာပါပဲ၊ အရင်က ယွမ်ကျွင်း ဧကရီ လူဝင်စားတွေ အကြောင်းကို အသေးစိတ် ပြောပြ မနေတော့ပါဘူး၊ ဒါပေမဲ့ ငါမင်းကို သိစေချင်တာက ရော့ရှီရဲ့ ကျင့်ကြံမှု အဆင့်က ဘယ်လောက်ပဲ မြင့်မားနေပါစေ အဆုံးသတ်မှာ သူမဟာ ပျောက်ကွယ် သွားမှာပဲ”

ထျန်းမုန့် နတ်သမီးက လျှို့ဝှက်ချက်ကို ဆန်းလျန်သိအောင် သေချာ ရှင်းပြခဲ့လေသည်။ ထိုက်စု နန်းတော်ထဲတွင် ဆန်းလျန်နှင့် ထျန်းမုန့် နတ်သမီး နှစ်ယောက်သာ ရှိလေသည်။

“ဒီတော့ ခင်ဗျားပြောလို့ ပြီးသွားပြီလား”

ဆန်းလျန်က ပြောလိုက်သည်။

ထျန်းမုန့် နတ်သမီးက ဆန်းလျန်ကို စိုက်ကြည့်ရင်း သက်ပြင်း တစ်ချက် ချလိုက်မိလေသည်။

ပတ်ဝန်းကျင်ရှိ လေထုမှာ အနည်းငယ် တုန်ခါနေပြီး သူတို့ နှစ်ယောက်လုံးမှာ စိတ်ဖိစီးမှု ကိုယ်စီ ခံစား နေကြရလေသည်။

“ရော့ရှီသာ နှလုံးသား စည်းချက် ကျင့်စဉ်ကို ကျင့်ကြံ အောင်မြင်သွားရင် သူနဲ့ ငါက တစ်သားတည်း ဖြစ်သွား လိမ့်မယ်၊ ဒါဆိုရင် ရော့ရှီက မူလ ထိုက်စု ယွမ်ကျွင်းနဲ့ အဆက်အသွယ် ပြတ်သွားလိမ့်မယ်၊ အနည်းဆုံးတော့ သူမ ပျောက်ကွယ် မသွားတော့ဘူးပေါ့၊ ငါနဲ့ တစ်သားတည်း ကျသွားမယ် ဆိုပေမယ့် သူမရဲ့ မှတ်ဉာဏ်တွေနဲ့ ခံစားချက်တွေက အရင်အတိုင်း ကျန်ရစ်ခဲ့မှာပါ၊ မင်းအနေနဲ့ ငါ့ကို အခက်တွေ့အောင် မလုပ်စေချင်ဘူး၊ မင်းသာ ရော့ရှီကို လက်လွှတ် လိုက်မယ်ဆိုရင် ကွမ်းချင်း နတ်ဘုရား ဂိုဏ်းနဲ့ ရင်ဆိုင်ရတဲ့ခါ ငါ မင်းဘက်ကနေ ကူညီပါ့မယ်၊ ဒါ ငါမင်းကို အဆုံးစွန်ထိ တောင်းဆိုတဲ့ အပေးအယူပါပဲ”

လူပြန်ဝင်စားခြင်းကို ဖြတ်တောက်သည့် လျှို့ဝှက် နည်းလမ်းပေါင်း များစွာ ရှိလေသည်။ ထျန်းမုန့် နတ်သမီး ပြောသည့် နှလုံးသား စည်းချက် ကျင့်စဉ်အပြင် အခြားသော နည်းလမ်းများစွာ ရှိလေသည်။

“သုံးဘဝခြား” ဆိုသည့် ကျင့်စဉ် တစ်ခုမှာလည်း လူပြန်ဝင်စားခြင်းကို သုံးဘဝ တိုင်တိုင် ဖြတ်တောက် ပေးနိုင်သည့် အစွမ်းထက်သည့် ကျင့်စဉ်တစ်ခု ဖြစ်လေသည်။

ဆန်းလျန်က ထျန်းမုန့် နတ်သမီး၏ စကားများကို ယုံကြည်ပါသည်။

သို့သော်…

“ကျုပ်တူမလေးကို ပြန်ခေါ်သွားမယ်”

ဟု ပြောလိုက်လေသည်။

“နှလုံးသား စည်းချက် ကျင့်စဉ်က စတင် ကျင့်ကြံပြီ ဆိုတာနဲ့ ရပ်တန့်လို့ မရဘူး၊ အဲဒါကို မင်းသိလား”

ထျန်းမုန့် နတ်သမီးက သက်ပြင်း တစ်ချက် ချရင်း ပြောလိုက်သည်။

ဆန်းလျန်သည် အဘယ့်ကြောင့် သံယောဇဉ် ကြီးမားနေရသည်လဲ ဆိုသည်ကို သူမ နားမလည်နိုင်ပေ။ တာအို ကျင့်စဉ်လမ်း လျှောက်လှမ်းရာတွင် ဆွေမျိုးသားချင်း ဆိုသည်က အရေးကြီးသည့် ကိစ္စမဟုတ်ပေ။ ကျင့်စဉ်လမ်းကို အတားအဆီး ဖြစ်လာပါက မိဘများကိုပင်လျှင် စွန့်ပစ်ကြသည့် သာဓကများ ရှိခဲ့လေသည်။

ထျန်းမုန့် နတ်သမီး၏ စကားကြောင့် ဆန်းလျန် နာကျည်းစွာဖြင့် ရယ်မောလိုက်သည်။

သူ၏ ဒေါသများ ထိန်းမရတော့ပေ။

ဆန်းလျန်ဆီမှ ဓားဝိညာဉ်သည် ထျန်းမုန့် နတ်သမီးထံသို့ လွင့်ပျံ ထွက်သွားလေသည်။

ထျန်းမုန့် နတ်သမီးက ကိုယ်ကိုလှည့်ကာ ရှောင်တိမ်း လိုက်သည့်အတွက် ဓားဝိညာဉ်က နန်းတော် တစ်နေရာသို့ စိုက်ဝင်သွား သည်။

နန်းတော် ခေါင်မိုး တစ်ခုလုံးတွင် သတ်ဖြတ်လိုသည့် အငွေ့အသက်များ စတင် ဖုံးလွှမ်းလာလေသည်။

ကျီယွဲ့နှင့် အခြားတပည့်များမှာ မျက်နှာများ ဖြူဖပ်ဖြူလျော် ဖြစ်သွားကြလေသည်။

“ငါတို့တော့ ဘာမှ လုပ်လို့ရမှာ မဟုတ်ဘူး၊ ငါတို့ နန်းဆောင် သခင်မ သုံးယောက်နဲ့ ဆရာ ဘွားဘွား သုံးယောက်ကို သွားခေါ်ကြမယ်လေ”

ကျီယွဲ့က ပြောလိုက်သည်။

အဝါရောင်မိန်းမပျိုက ခေါင်းကို ခါယမ်းလိုက်ရင်း…

“ငါတို့ မရဏ ထောင်ချောက်ကို လုပ်ရမယ်၊ ဆရာတွေနဲ့ ဆရာဘွားဘွားတွေကို အကြောင်းကြားဖို့ ညီမ တစ်ယောက်ကို ငါ လွှတ်လိုက်ပြီးပြီ”

ထိုက်စု နတ်ဘုရားဂိုဏ်းတွင် တပည့်ပေါင်းရာနှင့် ချီပြီး ရှိလေသည်။ တပည့်အများစုမှာ ရုဟွအဆင့် ကျင့်ကြံသူများ ဖြစ်ကြပြီး ကျီဝေ့နှင့် အဝါရောင် မိန်းမပျိုတို့မှာ ဟိုင်သန်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြလေသည်။ သူတို့က တန်ခိုး စွမ်းအားများကို အကာအကွယ် ပုံသဏ္ဌာန် ပြုလုပ်ကာ ဆန်းလျန် လွတ်မြောက် သွားခြင်း မရှိအောင် စတင် ပိတ်ဆို့ ထားကြလေသည်။

ထျန်းမုန့် နတ်သမီးမှာ တန်ခိုး စွမ်းအား ကြီးမားသူ ဖြစ်လေသည်။ ထို့ကြောင့် သူတို့က ထျန်းမုန့် နတ်သမီးကို စိုးရိမ်ခြင်း မရှိပါ။

သို့သော် နန်းတော် တစ်ခုလုံးကို ဖုံးလွှမ်းနေသည့် သတ်ဖြတ်လိုသည့် အငွေ့အသက်များကတော့ စိတ်ပူစရာပင်ဖြစ်လေသည်။

သူတို့သည် ဆရာဘွားဘွား သုံးယောက်နှင့် နန်းဆောင်သခင်မ သုံးယောက်ကို စောင့်မျှော် နေကြလေသည်။

သူတို့ဘဝတွင် ထိုက်စု နတ်ဘုရား ဂိုဏ်းထဲသို့ ထိုမျှ ရမ်းရမ်းကားကား ဝင်လာရဲသည့် သူမျိုးကို တစ်ခါမှ မတွေ့ခဲ့ဖူးပေ။ ထို့ကြောင့် စိုးရိမ်ပူပန်ကာ စိတ်မတည်မငြိမ် ဖြစ်နေ ကြရလေသည်။

လူတစ်ရာခန့်က မရဏ ထောင်ချောက်ကို ပြုလုပ်ထားကြသည့်တိုင် နန်းတော် ခေါင်မိုး တစ်ခုလုံးတွင် ပျံ့နှံ့နေသည့် ဆန်းလျန်၏ လူသတ်လိုသည့် အငွေ့အသက် များကိုး တားဆီးနိုင်ခြင်း မရှိပေ။

ထိုက်စု နတ်ဘုရားဂိုဏ်းမှာ မြောက်ဖျားတွင် တန်ခိုးစွမ်းအား အကြီးမားဆုံး နတ်ဘုရား ဂိုဏ်းတစ်ခု ဖြစ်လေသည်။ သူတို့အတွက် အရှုံးဆိုသည့် အရာကို ရင်ဆိုင်ဖူးခြင်း မရှိပေ။

ထို့ပြင် ထိုက်စု နတ်ဘုရား ဂိုဏ်းမှာ တပည့် အရေအတွက် များသည့်တိုင် ဟိုင်သန်း အဆင့်ကျင့်ကြံသူမှာ သိပ်မရှိလှပေ။

သူတို့က နန်းတော်နေရာ တစ်ခုလုံးကို ဝန်းရံ ထားကြလေသည်။

နန်းတော်ထဲတွင် နတ်ဘုရား အလင်းတန်းများ ဖြာလင်း နေလေသည်။ ဆန်းလျန်၏ ဓားဝိညာဉ်မှာ ဦးတည်ချက် အမျိုးမျိုး ပြောင်းလဲကာ ထျန်းမုန့် နတ်သမီးကို တိုက်ခိုက် နေလေသည်။ အဝေးမှ တပည့်များမှာ တိုက်ပွဲကို တွေ့မြင်နေကြရလေသည်။

သူတို့သည် ဆန်းလျန်၏ ဓားသိုင်းပညာကို မချီးကျူးဘဲ မနေနိုင်ကြပေ။

နန်းတော် သခင်မမှာ တန်ခိုးစွမ်းအား ကြီးမားလွန်းပြီး တပည့်များကလည်း မရဏ ထောာင်ချောက်များ ပြုလုပ်ကာ အရံအတား ပြုလုပ် ထားကြသည့် အတွက်သာ အနည်းငယ် စိတ်အေး နေကြရလေသည်။

သူတို့က ဆန်းလျန်မှာ လွတ်လမ်း မရှိဟု တွေးထင် ထားကြလေသည်။

ဆန်းလျန်နှင့် ထျန်းမုန့် နတ်သမီး၏ တိုက်ပွဲမှာ နေ့တစ်ဝက်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်လေသည်။

နေဝင်တော့မည် ဖြစ်လေသည်။

သို့သော်… ပတ်ဝန်းကျင် တစ်ခုလုံးမှာ ဆန်းလျန်နှင့် ထျန်းမုန့် နတ်သမီး၏ တန်ခိုး စွမ်းအား အလင်းတန်းများဖြင့် တောက်ပ နေလေသည်။

ထျန်းမုန့် နတ်သမီးက တိုက်ပွဲတွင် တဖြည်းဖြည်း အသာ ရလာလေသည်။

အဘယ်ကြောင့် ဆိုသော် ဆန်းလျန်၏ ဓားဝိညာဉ်မှာ အားနည်း သွားသောကြောင့် ဖြစ်လေသည်။

အမှန်တော့ ထိုသို့ မဟုတ်ပေ။ ထျန်းမုန့် နတ်သမီးနှင့် တိုက်ခိုက်နေသူမှာ ဆန်းလျန်၏ ကိုယ်ပွားမျှသာ ဖြစ်ပြီး တန်ခိုးစွမ်းအား တဖြည်းဖြည်း လျော့နည်း လာခြင်းကြောင့်သာ ဖြစ်လေသည်။

ယန်မြောင်ယွင်မှာ ထိုက်စု နန်းတော် အတွင်းသို့ တစ်ယောက်တည်း ဝင်လာလေသည်။ သူမဘေးတွင် မည်သူမျှ ရှိမနေပါ။

သို့သော် သူမက …

“ရှင့်ကို နန်းတော် သခင်မနေတဲ့ အတွင်း နန်းဆောင်ကို ခေါ်သွားပေးမယ်၊ ရှင့်တူမလေး အဲဒီမှာ ရှိတယ်၊ ရှင့်တူမလေးကို ခေါ်ပြီးရင်တော့ ရှင်ထွက်သွားပါတော့”

ဟု ပြောနေလေသည်။

***

All Chapters