← Chapters

အခန်း (၇၁၁-၇၁၂)

Vol. 72 Ch. 711-712

အခန်း (၇၁၁-၇၁၂)

Vol. 72 Ch. 711-712

​ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၁၁ + ၇၁၂

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

သို့တိုင်အောင် တန်ဂူစကာ စစ်သည်များသည် သူတို့၏ ဓားများကို ဆွဲထုတ်ကာ ရူးသွပ်စွာ ဆက်လက် တိုက်ပွဲဝင်နေကြဆဲပင် ဖြစ်လေ၏။

“ရွှစ် ရွှစ် ရွှစ်...”

တုပိုင်၏ ခြောက်သွယ် နတ်ဓားသိုင်းသည် ရူးသွပ်စွာ ပစ်ခတ်ထွက်ပေါ်လာလေ၏။ အကြမ်းတမ်းဆုံး လေဆာသေနတ် တစ်လက်အလား ၊ ယင်းက အလွန်တရာ တိကျစွာဖြင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်နေလေတော့သည်။ ချက်ချင်းဆိုသလိုပင် ၊ ရာနှင့်ချီသော လူများ အသတ်ခံလိုက်ရလေ၏။

သွေးမိစ္ဆာစစ်သည် တစ်ထောင့်ငါးရာသည်လည်း စစ်သံဓားကြီးများဖြင့် ရန်သူများအား ခုတ်ပိုင်းပစ်လိုက်ကြလေတော့သည်။

ဤတန်ဂူစကာ စစ်သည်များသည် အမှန်တကယ်ပင် ရဲရင့်ကြလေ၏။ သို့သော်လည်း... ဆယ်မိနစ်အကြာတွင် တိုက်ပွဲမှာ ပြီးဆုံးသွားလေတော့သည်။

ဂျာချင် နယ်စားမင်းနှင့်တကွ ၊ အလားတူပင် တန်ဂူစကာ စစ်သည် တစ်ထောင်လုံးမှာ ခေါင်းဖြတ် အသတ်ခံလိုက်ရလေ၏။

တုပိုင်သည် ဂျင်ထိုက်ဂျိကို ဆက်လက် လိုက်လံချေမှုန်းလေ၏။ အချိန် တစ်နာရီ၏ လေးပုံတစ်ပုံခန့် အကြာတွင် တုပိုင်၏ သွေးမိစ္ဆာမြင်းတပ်သည် ဂျင်ထိုက်ဂျိ၏ ထွက်ပြေးနေသော အဖွဲ့ကို နောက်တစ်ကြိမ် ထပ်မံ၍ အမီလိုက်နိုင်ခဲ့ပြန်သည်။

နောက်ထပ် ဂျာချင် နယ်စားမင်း တစ်ဦးကလည်း စကားတစ်ခွန်းမျှ မဆိုဘဲ တန်ဂူစကာ စစ်သည် တစ်ထောင်ကို ဦးဆောင်ကာ နောက်ချန်၍ ဟန့်တားပေးခဲ့ပြန်လေ၏။

သူတို့သည်လည်း အလွန်တရာ ရဲရင့်ကြဆဲပင် ဖြစ်သည်။

သို့သော်လည်း အချိန် တစ်နာရီ၏ လေးပုံတစ်ပုံခန့် အကြာတွင် တိုက်ပွဲမှာ နောက်တစ်ကြိမ် ပြီးဆုံးသွားခဲ့ပြန်လေ၏။

တန်ဂူစကာ စစ်သည် တစ်ထောင်လုံးမှာ နောက်တစ်ကြိမ် လုံးဝ အသတ်ခံလိုက်ရပြန်သည်။ တုပိုင်က ဂျင်ထိုက်ဂျိကို လိုက်လံ သတ်ဖြတ်လေ၏။

**--**--**--**--**--**--**--**

သုံးနာရီ အကြာတွင် ဂျင်ထိုက်ဂျိ ထွက်ပြေးလွတ်မြောက်ရန် အစောင့်အရှောက်အဖြစ် လိုက်ပါလာကြသော တန်ဂူစကာ စစ်သည် သုံးထောင်လုံး သေဆုံးသွားခဲ့ပြီ ဖြစ်လေ၏။ သူ၏နောက်တွင် လူဒါဇင်အနည်းငယ်သာ ကျန်ရစ်တော့ပြီး ၊ အားလုံးမှာ ဂျာချင်အင်ပါယာ၏ အမြင့်ဆုံး အဆင့်ရှိသူများချည်းသာ ဖြစ်ကြသည်။

သို့သော်လည်း ဤအချိန်တွင် တုပိုင်သည် သတိထားလာခဲ့လေ၏။ အဘယ်ကြောင့်ဆိုသော် ကျန်ရစ်နေသော ဤလူဒါဇင်အနည်းငယ်လုံးမှာ အလွန် အစွမ်းထက်သော သိုင်းပညာရှင်များ ဖြစ်နေသောကြောင့်ပင်။

ဂျင်ထိုက်ဂျိ အပါအဝင် မဟာဆရာသခင် နှစ်ဦးနှင့် ဆရာသခင် ဆယ်ဦး ပါဝင်လေသည်။

အကယ်၍သာ အရမ်းကပ်ပြီး လိုက်လံချေမှုန်းမည်ဆိုပါက ၊ တုပိုင်၏ သွေးမိစ္ဆာစစ်သည်များ ကြီးမားသော ထိခိုက်ပျက်စီးမှုများ ရရှိသွားနိုင်ပေသည်။ ဤမျှ အစွမ်းထက်သော သိုင်းပညာရှင်များနှင့် ရင်ဆိုင်ရချိန်တွင် သူတို့၏ အတွင်းအားများနှင့် ရွှမ်းချီစွမ်းအင်များကို ကုန်ခမ်းသွားစေရန်သာ နည်းလမ်းရှာရမည် ဖြစ်လေ၏။

ထိုနည်းအားဖြင့် ၊ တုပိုင်သည် သွေးမိစ္ဆာစစ်သည် တစ်ထောင့်ငါးရာကို ဦးဆောင်ကာ ဂျင်ထိုက်ဂျိ၏ နောက်မှနေ၍ အရမ်းလည်း မနီးလွန်း ၊ အရမ်းလည်း မဝေးလွန်းဘဲ အနီးကပ် လိုက်ပါလာခဲ့လေသည်။

သို့သော်လည်း စစ်မြင်းများ၏ ခွန်အားမှာ ကန့်သတ်ချက် ရှိလေ၏။ ဤကမ္ဘာလောကရှိ မြင်းများသည် အခြားသော ကမ္ဘာမြေရှိ မြင်းများထက် များစွာ ပိုမို အစွမ်းထက်လှသော်လည်း ၊ မိုင်သုံးရာခန့် ပြေးလွှားပြီးနောက်တွင်မူ ဂျင်ထိုက်ဂျိနှင့် အခြားသူများ၏ စစ်မြင်းများသည်လည်း သေလုမျောပါး အခြေအနေသို့ ရောက်ရှိနေကြပြီ ဖြစ်လေသည်။

ဂျင်ထိုက်ဂျိ အပါအဝင် လူဒါဇင်အနည်းငယ်သည် မြင်းပေါ်မှ ဆင်းသက်ကာ သူတို့၏ ခြေထောက်များဖြင့်သာ ရူးသွပ်စွာ ပြေးလွှားနေကြရတော့၏။

သေချာပေါက်ပင် ဤဂျာချင်အင်ပါယာမှ အမြင့်ဆုံးအဆင့်ရှိသူများ၏ သိုင်းပညာမှာ အလွန်တရာ မြင့်မားလှပြီး ၊ သူတို့၏ ခြေပေါ့သိုင်းကို အသုံးပြု၍ ပြေးလွှားသည့် အမြန်နှုန်းမှာ မြင်းစီးသည်ထက် နှေးကွေးခြင်း မရှိချေ။ သို့သော်လည်း ဤသို့ ပြေးလွှားခြင်းက သူတို့၏ အတွင်းအားများနှင့် ရွှမ်းချီစွမ်းအင်များကို ကြီးမားစွာ ကုန်ဆုံးစေပြီး ယင်းက တုပိုင်၏ ရည်ရွယ်ချက်ပင် ဖြစ်လေ၏။

ဂျာချင် ဧကရာဇ် ဂျင်ထိုက်ဂျိသည် ဤကဲ့သို့ ထွက်ပြေးနေမည့်အစား ၊ ရပ်တန့်ကာ တုပိုင်၏ တပ်မတော်နှင့် ရဲရင့်သော သိုင်းပညာရှင်များအဖြစ် တိုက်ရိုက် ရင်ဆိုင် တိုက်ခိုက်ချင်စိတ်များ မည်မျှပင် ဖြစ်ပေါ်ခဲ့ရသည်ကို သူကိုယ်တိုင်ပင် မသိတော့ချေ။

သို့သော်လည်း လီယွမ်ကတော့ လုံးဝ မရပ်တန့်ချင်ခဲ့ပေ။ သူသည် ပင်လယ်ဆိပ်ကမ်းဆီသို့ ထွက်ပြေးလွတ်မြောက်ကာ အရှေ့ဘက် ပြည်ထောင်စု၏ စစ်သင်္ဘောပေါ်သို့ တက်ရောက်ရန်သာ အလိုရှိနေလေ၏။

“အရှင်မင်းကြီး... အဲဒီလို အတွေးမျိုး လုံးဝ မတွေးပါနဲ့။” လီယွမ် အသည်းအသန် ပြောလိုက်၏။ “တုပိုင်ရဲ့ ဘေးမှာ မဟာဆရာသခင်အဆင့်ရှိတဲ့ လီတောက်ယွဲ့ရယ် ၊ အစွမ်းထက်တဲ့ ရှာမန် ဒါဇင်ပေါင်းများစွာရယ် ရှိနေပါတယ်။ ဒါ့အပြင် အဲဒီ သွေးမိစ္ဆာစစ်သည် တစ်ထောင့်ငါးရာကလည်း ကျွန်တော်တို့ရဲ့ အတွင်းအားတွေနဲ့ ရွှမ်းချီစွမ်းအင်တွေကို ကုန်ခမ်းသွားစေဖို့ လုံလောက်ပါတယ်။”

“အရှင်မင်းကြီး... အရှေ့ဘက် ပြည်ထောင်စုဆီကို ထွက်ပြေးလွတ်မြောက်ဖို့က အရေးကြီးဆုံးပါပဲ။” လီယွမ် ဆက်လက်ပြီး ဟိန်းဟောက်လိုက်၏။ “အရှင်မင်းကြီးက သောင်းနဲ့ချီတဲ့ ခွန်လွန်ကျွန်စစ်သည်တွေကို ဦးဆောင်ပြီး တုပိုင်ရဲ့ အသိုက်အမြုံကို ဖျက်ဆီးပစ်မယ့် အချိန်ရောက်လာရင် ဘယ်လောက်တောင် ပျော်စရာကောင်းလိုက်မလဲဆိုတာ စိတ်ကူးကြည့်စမ်းပါ။ အဲဒီအချိန်က ဘယ်လောက်တောင် အရသာရှိလိုက်မလဲ။”

**--**--**--**--**--**--**--**

ထိုနည်းအားဖြင့် ၊ ဂျင်ထိုက်ဂျိနှင့် အခြားသော လူဒါဇင်အနည်းငယ်သည် နောက်ထပ် မိုင်သုံးလေးရာခန့် ဆက်လက် ပြေးလွှားခဲ့ကြပြီး ၊ တုပိုင်သည်လည်း သွေးမိစ္ဆာစစ်သည် တစ်ထောင့်ငါးရာကို ဦးဆောင်ကာ မိုင်သုံးလေးရာခန့် ဆက်လက်၍ လိုက်လံ ချေမှုန်းလာခဲ့လေ၏။

နောက်ဆုံးတွင်တော့ ၊ သူတို့သည် အန်တုန်းဆိပ်ကမ်းသို့ ရောက်ရှိလာကြ၏။ အန်တုန်းဆိပ်ကမ်းနှင့် မိုင်ဆယ်ဂဏန်းခန့် ကွာဝေးနေသေးချိန်ကတည်းက လီယွမ်သည် သူ၏ စိတ်ထဲတွင် ဆုတောင်းနေခဲ့လေ၏။

သခင်ကြီး တုကျန့်၏ ကုန်တင်သင်္ဘောကြီး လုံးဝ ထွက်ခွာမသွားစေရန်ပင် ဖြစ်သည်။ ဤခရီးစဉ်၌ အဓိကအားဖြင့် ဂျာချင်အင်ပါယာအတွက် အမြောက်များ ၊ အမြောက်ဆန်များနှင့် သေနတ်ကိုင်တပ်သား တစ်ထောင်ကို ပို့ဆောင်ပေးရန်သာ ဖြစ်ပြီး မည်သည့် တိုက်ခိုက်ရေးတာဝန်မှ မရှိခဲ့ချေ။

ထို့ကြောင့် ၊ ဤသင်္ဘောမှာ တန်ချိန် နှစ်ထောင့်ငါးရာကျော်ဝန်ကို တင်နိုင်သည့် ကုန်တင်သင်္ဘောကြီး တစ်စင်းသာ ဖြစ်လေ၏။

သေချာပေါက်ပင် ၊ ပင်လယ်ပြင်၌ ပင်လယ်ဓားပြများနှင့် ကြုံတွေ့ရမှုကို ရှောင်ရှားနိုင်ရန် ဤကုန်တင်သင်္ဘောကြီး၏ ကုန်းပတ်ပေါ်တွင် အမြောက် အလုံးနှစ်ဆယ်ကျော်ကို ယာယီ တပ်ဆင်ထားခဲ့သည်။

အမှန်တကယ်တော့ တုကျန့်သည် မည်သည့် တိုက်ခိုက်ရေးတာဝန်မျှ ရှိလာလိမ့်မည်မဟုတ်ဟု ခံစားခဲ့ရလေ၏။

ဤရှန်ယန်မြို့ တိုက်ပွဲတွင် အရှေ့ဘက် ပြည်ထောင်စု၏ ထောက်ပံ့မှုဖြင့် ဂျာချင်အင်ပါယာ၏ အင်အားသည် တုပိုင်ထက် အဆပေါင်း ဒါဇင်နှင့်ချီ၍ သာလွန်နေသည်။

မျက်စိမှိတ်ထားလျှင်ပင် အလွယ်တကူ အနိုင်ရနိုင်ပေသည်။ တုကျန့် ပြန်မသွားရသေးသည့် အကြောင်းရင်းမှာ စစ်ပွဲ၏ ရလဒ်နှင့် တုပိုင်၏ တပ်မတော်ကြီး ပျက်စီးသွားပြီဟူသော သတင်းကို စောင့်ဆိုင်းနေလိုသောကြောင့်ပင် ဖြစ်လေ၏။

လီယွမ်နှင့် အခြားသူများ အန်တုန်းဆိပ်ကမ်းသို့ အပြေးအလွှား ရောက်ရှိလာကြချိန်တွင် ၊ အရှေ့ဘက် ပြည်ထောင်စု၏ သင်္ဘောကြီး ရှိနေဆဲဖြစ်သည်ကို မြင်တွေ့လိုက်ရသောအခါ သူတို့သည် ဝမ်းသာလွန်း၍ မျက်ရည်များပင် ကျလာခဲ့ကြလေ၏။

နောက်ဆုံးတွင်တော့ ဘုရားသခင်က သူတို့ကို လုံးဝ စွန့်ပစ်မသွားခဲ့ချေ။ ထိုအချိန်တွင် တုပိုင်၏ တန်ဖိုးမရှိသော ဦးလေးခြောက် ဖြစ်သူ တုကျန့်သည် ကုန်းပတ်ပေါ်တွင် ရပ်ကာ ကောင်းကင်ကြီးကို မော့ကြည့်နေလေ၏။

ရုတ်တရက် ၊ မလှမ်းမကမ်းမှ အပြေးအလွှား ရောက်လာကြသော လူဒါဇင်အနည်းငယ်ကို သူ မြင်လိုက်ရလေ၏။

သေချာစွာ အကဲခတ်ကြည့်လိုက်သောအခါ ၊ သူတို့မှာ ဂျင်ထိုက်ဂျိ ၊ လီယွမ်နှင့် အခြားသူများ ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် သူ အလွန်တရာ အံ့အားသင့်သွားရလေတော့သည်။

“ဘာတွေလဲ... ဘာတွေ ဖြစ်ကုန်တာလဲ။”

ထိုနောက် ချက်ချင်းဆိုသလိုပင် ၊ သူတို့၏ နောက်မှ လိုက်လံ ချေမှုန်းလာသော တုပိုင်၏ သွေးမိစ္ဆာမြင်းတပ်ကို သူ မြင်တွေ့လိုက်ရပြန်လေ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် တုကျန့်၏ ဦးနှောက်မှာ ပေါက်ကွဲထွက်တော့မတတ် ဖြစ်သွားရသည်။

ဂျာချင်အင်ပါယာက ဤတိုက်ပွဲတွင် ရှုံးနိမ့်သွားခဲ့လေသလား။ တုပိုင်က နောက်တစ်ကြိမ် အနိုင်ရရှိသွားပြန်လေပြီလား။ ထိုဖြစ်နိုင်ချေကို တွေးတောမိလိုက်သည်နှင့် ၊ တုကျန့်သည် မူးမေ့လဲကျသွားမတတ်ပင် ဖြစ်သွားရလေ၏။

သူသည် တုပိုင်နှင့် တိုက်ရိုက် ရင်ဆိုင်တိုက်ခိုက်ဖူးခြင်း မရှိသော်လည်း ၊ သွယ်ဝိုက်သော နည်းလမ်းဖြင့်မူ အကြိမ်များစွာ တိုက်ခိုက်ခဲ့ဖူးလေသည်။ သူ စည်းရုံးခဲ့သော ရွှမ်ချန်နယ်စားမင်း လုကျန့်နှင့် ကျန့်ကော်နယ်စားမင်း ကျန်းဝမ်ကျောက်တို့ အားလုံးမှာ တုပိုင်၏ လက်ထဲတွင် ရှုံးနိမ့်ခဲ့ရပြီး ၊ တုပိုင်၏ လက်ထဲတွင်ပင် သေဆုံးသွားခဲ့ကြရလေ၏။

ယခုအခါတွင်လည်း ထိုအရာကို နောက်တစ်ကြိမ် ထပ်မံ၍ ကြုံတွေ့ရဦးမည်လား။ ဤသည်မှာ အမှန်တကယ်ပင် ရင်ကွဲနာကျစရာ ကောင်းလှပေသည်။

သင်္ဘောနှင့် မီတာ တစ်ထောင်ကျော်ခန့် အကွာအဝေးသို့ ရောက်ရှိလာချိန်တွင် ၊ လီယွမ်က အသည်းအသန် အော်ဟစ်လိုက်လေ၏။ “သခင်ကြီးတုကျန့်... အမြောက်တွေ ပြင်ထား ၊ သေနတ်ကိုင်တပ်သားတွေ ပြင်ထား ၊ ရွက်လွှင့်ဖို့ ပြင်ထားတော့။”

ထို့နောက် ၊ လီယွမ်နှင့် အခြားသော လူဒါဇင်အနည်းငယ်တို့သည် ဆိပ်ကမ်းဆီသို့ အပြင်းအထန် အရှိန်မြှင့်တင်ကာ တဟုန်ထိုး ပြေးဝင်သွားကြလေ၏။

တုပိုင်၏ သွေးမိစ္ဆာစစ်သည်များမှာ အလွန်တရာ အစွမ်းထက်လှပြီး ၊ မျိုးဗီဇပြောင်း သားရဲဝံပုလွေကြီးများမှာလည်း လွန်စွာ မြန်ဆန်လှသော်လည်း ၊ သူတို့သည် ပင်လယ်ထဲသို့မူ ဆင်းနိုင်စွမ်း မရှိကြချေ။

အကယ်၍သာ လီယွမ် ၊ ဂျင်ထိုက်ဂျိနှင့် အခြားသူများကို စစ်သင်္ဘောပေါ်သို့ ထွက်ပြေးလွတ်မြောက်ခွင့် ပြုလိုက်မည်ဆိုပါက ၊ ဤသည်မှာ အမှန်တကယ်ပင် ထွက်ပြေးလွတ်မြောက်သွားခြင်း ဖြစ်သွားနိုင်ပေသည်။ ထို့အပြင် ဤနေရာသည် ရေဘဝဲဘီလူးကြီး၏ သြဇာလွှမ်းမိုးမှု နယ်ပယ်နှင့်လည်း လုံးဝ ကင်းကွာဝေးကွာလှပေ၏။

“အမြောက်တွေ အားလုံး ပြင်ထားကြစမ်း။”

တုကျန့်က အမိန့်ပေးလိုက်လေ၏။ ရုတ်တရက်ဆိုသလိုပင် ၊ ကုန်တင်သင်္ဘောကြီး၏ ကုန်းပတ်ပေါ်ရှိ အမြောက် အလုံးနှစ်ဆယ်ကျော် အားလုံးသည် ကမ်းခြေဘက်ဆီသို့ ချိန်ရွယ်သွားကြလေ၏။

အမြောက်များ အားလုံးကို ကျည် စတင်ထည့်သွင်းလိုက်ကြပြီး ၊ ယင်းတို့မှာ အလွန်တရာ အစွမ်းထက်လှသော အဖျက်စွမ်းအားရှိသည့် အမြောက်ဆန်များပင် ဖြစ်ကြသည်။

ဤအမြောက်ဆန်များသာ ပေါက်ကွဲသွားမည်ဆိုပါက ၊ သွေးမိစ္ဆာစစ်သည်များနှင့် မျိုးဗီဇပြောင်း သားရဲဝံပုလွေကြီးများပင်လျှင် ခံနိုင်ရည်ရှိမည်မဟုတ်ဘဲ ကြီးမားသော အသေအပျောက် ထိခိုက်ဒဏ်ရာများ ရရှိသွားမည်မှာ အသေအချာပင်။

ရာနှင့်ချီသော သေနတ်ကိုင်တပ်သားများသည်လည်း ကမ်းခြေဘက်ဆီသို့ သေသပ်ညီညာစွာဖြင့် ချိန်ရွယ်ထားလိုက်ကြလေ၏။ ပစ်ကွင်းပစ်ဟပ်အတွင်းသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ၊ ဤသင်္ဘောကြီးပေါ်ရှိ လက်နက်ခဲယမ်း အားလုံးသည် ချက်ချင်းပင် အပြင်းအထန် ပစ်ခတ်ကြမည် ဖြစ်လေသည်။

**--**--**--**--**--**--**--**

နောက်ဆုံးတွင်တော့ ၊ လီယွမ် ၊ ဂျင်ထိုက်ဂျိနှင့် အခြားသူများသည် ဆိပ်ကမ်းဆီသို့ အပြေးအလွှား ရောက်ရှိလာပြသည်။ ကုန်တင်သင်္ဘောကြီးပေါ်မှနေ၍ ၊ သူတို့ကို လာခေါ်ရန် လှေငယ်အချို့ကို စေလွှတ်လိုက်လေ၏။

လုံခြုံသွားပြီ။ နောက်ဆုံးတော့ လုံခြုံသွားခဲ့လေပြီ။

ဆိပ်ကမ်း တစ်ခုလုံးမှာ အရှေ့ဘက် ပြည်ထောင်စု၏ တိုက်ခိုက်မှု အကွာအဝေး အတွင်းသို့ လုံးဝ ကျရောက်နေလေ၏။

တုပိုင်၏ သွေးမိစ္ဆာမြင်းတပ် တစ်ထောင့်ငါးရာသည် မည်မျှပင် အစွမ်းထက်နေပါစေ ၊ သူတို့သည် ပင်လယ်ထဲသို့ ဆင်းနိုင်စွမ်း မရှိကြသလို ၊ ရေလည်း မကူးနိုင်ကြချေ။

လက်ရှိအချိန်၌မူ လီယွမ်သည် လုံးဝ အလျင်စလို မဖြစ်တော့ဘဲ ၊ တုပိုင်ကို ကြည့်ကာ အော်ဟစ်လိုက်လေ၏။ “ညီလေးတုပိုင်... မင်း နောက်တစ်ကြိမ် အောင်ပွဲကြီး ရသွားပြန်ပြီပဲ။ ဒါပေမဲ့... ငါကတော့ မင်းရဲ့ လက်ထဲကနေ ထပ်ပြီး လွတ်မြောက်သွားခဲ့ပြန်ပြီ။”

ဤကဲ့သို့ လိုက်လံ သတ်ဖြတ်ခံရခြင်းမှာ အလွန်တရာ အရှက်ရစရာ ကောင်းလှသဖြင့် ၊ လီယွမ်သည် သူ၏ ရင်တွင်းရှိ နာကြည်းမှုများကို ဖွင့်ထုတ်ပစ်လိုက်ချင်လေ၏။

တုပိုင်သည် သွေးမိစ္ဆာစစ်သည် တစ်ထောင့်ငါးရာကို ဦးဆောင်ကာ ဆိပ်ကမ်းဆီသို့ ရောက်ရှိလာခဲ့သော်လည်း ၊ အရှေ့ဘက် ပြည်ထောင်စု၏ သင်္ဘောကြီးနှင့် မီတာ တစ်ထောင်ကျော်ခန့် အကွာအဝေးတွင် ရပ်တန့်လိုက်ပြီး ဤအမြောက်များ၏ တိုက်ခိုက်မှု အကွာအဝေး အတွင်းသို့ ဝင်ရောက်ခြင်း မပြုခဲ့ချေ။

ဤသည်မှာ စစ်သင်္ဘော တစ်စင်း မဟုတ်ဘဲ ကုန်တင်သင်္ဘော တစ်စင်းသာ ဖြစ်သော်ငြားလည်း ၊ ကုန်းပတ်ပေါ်ရှိ အမြောက်များနှင့် သေနတ်များ၏ သတ်ဖြတ်နိုင်စွမ်းမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှဆဲပင် ဖြစ်လေသည်။

ထို့အပြင် ၊ ဤအမြောက်များထဲတွင် အလွန်တရာ အစွမ်းထက်လှသော အမြောက်ဆန်များကို ထည့်သွင်းထားမည်မှာ အသေအချာပင် ဖြစ်ရာ ၊ ယင်းတို့၏ အဖျက်စွမ်းအားမှာ များစွာ ပိုမို အံ့မခန်း ဖြစ်နေပေလိမ့်မည်။

လီယွမ်က အသံပြဲကြီးဖြင့် အော်ဟစ်လိုက်လေ၏။ “ညီလေးတုပိုင်... ငါ့ကို အပိုင်းပိုင်းအစစ ခုတ်ထစ်ပြီး သတ်ပစ်ချင်နေတယ်ဆိုတာ ငါ သိပါတယ်။ ဒါပေမဲ့ ငါက သေပေးလို့ မရသေးဘူးလေ။ မင်း စောင့်နေလိုက်စမ်းပါ ၊ ငါ အရှေ့ဘက် ပြည်ထောင်စုကို ပြန်ရောက်သွားတဲ့ အချိန်ကျရင် မင်းကို ကလဲ့စားချေဖို့ နည်းလမ်းပေါင်းစုံကို အသုံးပြုသွားမယ်။”

“အကြာကြီးတောင် စောင့်စရာ မလိုပါဘူး ၊ နောက်ထပ် လအနည်းငယ်လောက် ကြာတာနဲ့တင် ငါတို့ အရှေ့ဘက် ပြည်ထောင်စုရဲ့ ရေတပ်ကြီး ရောက်လာပြီး ၊ အရှေ့ဘက် ပြည်ထောင်စုရဲ့ အစွမ်းအထက်ဆုံး တပ်မတော်ကြီးက မင်းရဲ့ အနောက်တောင်ပိုင်းကို ကျူးကျော်ဝင်ရောက်လာလိမ့်မယ်။ မင်းရဲ့ အသိုက်အမြုံတွေ အားလုံး အပျက်အစီးတွေ အဖြစ် ပြောင်းလဲသွားပြီး ၊ မင်းရဲ့ မိန်းမတွေ အားလုံးက လူထောင်ပေါင်းများစွာရဲ့ အောက်ကျခံရမယ့် ကျွန်မတွေ ဖြစ်သွားစေရမယ်။”

“ဟားဟားဟား... ညီလေးတုပိုင်ရေ ၊ ငါတို့ သွားတော့မယ်။ ငါတို့ကို သတိမရနေနဲ့ဦးနော်။”

ထိုသို့ ကျိန်ဆဲလိုက်ခြင်းက ဂျင်ထိုက်ဂျိ သူ့အပေါ် အထင်သေးသွားစေနိုင်မည်ဆိုတာကို လီယွမ် သိထားသော်လည်း ၊ သူသည် တုပိုင်ကို အကြမ်းတမ်းဆုံး စကားလုံးများဖြင့် မကျိန်ဆဲဘဲ မနေနိုင်ခဲ့ချေ။

ထို့နောက် လီယွမ် ၊ ဂျင်ထိုက်ဂျိနှင့် အခြားသူများသည် သင်္ဘောပေါ်သို့ တက်ရောက်ကာ ဆိပ်ကမ်းမှ ထွက်ခွာသွားကြတော့မည် ဖြစ်လေ၏။

တုပိုင်က ရယ်မောကာ ပြောလိုက်၏။ “အစ်ကို လီယွမ်... ဘာမဆို အစောကြီး အရမ်း ဝမ်းသာမနေနဲ့ဦးလေ။ ကျွန်တော့်ဆီမှာ ဘာစွမ်းရည်တွေ ရှိလဲဆိုတာ မေ့သွားပြီလား။”

ထိုစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ၊ ဂျင်ထိုက်ဂျိနှင့် အခြားသူများ၏ မျက်နှာများ အကြီးအကျယ် ပြောင်းလဲသွားကြလေ၏။

တုပိုင်၏ စွမ်းရည်က အဘယ်နည်း။ နဂါးသတ်နည်းစနစ်။ ယခုကဲ့သို့ အေးခဲသော ရာသီဥတုဇုန်တွင် ၊ နဂါးသတ်နည်းစနစ်၏ ကြောက်မက်ဖွယ် အကောင်းဆုံး စွမ်းအားမှာ အဘယ်အရာ ဖြစ်သနည်း။

လေဆင်နှာမောင်းပင် ဖြစ်လေ၏။

“နဂါးသတ်နည်းစနစ်...”

တုပိုင်က ရုတ်တရက် ဖော်ထုတ်ပြသလိုက်လေ၏။ ချက်ချင်းပင် ၊ မိုင်အနည်းငယ်အတွင်းရှိ ရွှမ်းချီစွမ်းအင်များ အားလုံး စတင် စုစည်းသွားကြပြီး ၊ ပို၍ ပို၍ သိပ်သည်းလာကြလေ၏။

အမြင့်ဆုံးအဆင့်ထိ စုစည်းသွားပြီးနောက် ၊ အပူချိန်မှာ အပြင်းအထန် မြင့်တက်လာကာ ၊ ပတ်ဝန်းကျင်ရှိ အေးစက်သော လေထုနှင့် ကြီးမားသော ဆန့်ကျင်ဘက် အခြေအနေ တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

ရုတ်တရက် လေဆင်နှာမောင်းတစ်ခု ထွက်ပေါ်လာလေ၏။ တုန်လှုပ်ချောက်ချားဖွယ်ကောင်းပြီး ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကြီး နောက်တစ်ကြိမ် ထပ်မံ ရောက်ရှိလာခဲ့ပြန်လေပြီ။ ကြီးမားလှသော နဂါးသဏ္ဍာန် လေဆင်နှာမောင်းကြီးသည် ရူးသွပ်စွာ စတင် တိုက်ခတ်လာလေကာ ဆိပ်ကမ်းတစ်လျှောက်မှနေ၍ ပင်လယ်ပြင်ဆီသို့ ရူးသွပ်စွာ လိမ့်ဆင်းသွားလေတော့သည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ တုကျန့်၏ ဦးရေပြားမှာ ထုံကျင်သွားပြီး ၊ သူ၏ ရင်ထဲတွင်လည်း အကြီးအကျယ် တုန်လှုပ်သွားရလေ၏။

“မြန်မြန် ရွက်လွှင့် ၊ ရွက်လွှင့်ကြစမ်း...”

သို့သော်လည်း ယခုအချိန်တွင် ရွက်လွှင့်ရန် နောက်ကျသွားခဲ့ပြီ ဖြစ်လေ၏။ ထိုကြောက်မက်ဖွယ်ကောင်းသော နဂါးသဏ္ဍာန် လေဆင်နှာမောင်းကြီးသည် ဧရာမ ကုန်တင်သင်္ဘောကြီးဆီသို့ တဟုန်ထိုး တိုက်ခတ်လာလေ၏။

“ဘန်းးး ဘန်းးး ဘန်းးး”

ရုတ်တရက် ရွက်ဖျင်များ အားလုံး စုတ်ပြဲသွားပြီး ၊ ရွက်တိုင်များ အားလုံးလည်း ကျိုးကျသွားရလေ၏။ ချက်ချင်းဆိုသလိုပင် ၊ ဧရာမ ကုန်တင်သင်္ဘောကြီး တစ်ခုလုံးမှာ ရွေ့လျားနိုင်စွမ်း လုံးဝ ဆုံးရှုံးသွားရတော့သည်။

ကုန်းပတ်ပေါ်ရှိ စစ်သားများသည်လည်း လေထဲသို့ ရုတ်တရက် လွင့်စင်ပါသွားကြလေ၏။ ဤသည်မှာ စစ်သင်္ဘော တစ်စင်း မဟုတ်သောကြောင့် ၊ ကုန်းပတ်ပေါ်ရှိ အမြောက် အလုံးနှစ်ဆယ်ကျော်မှာ အနည်းငယ်မျှသာ တပ်ဆင် ချည်နှောင်ထားခဲ့ခြင်း ဖြစ်လေသည်။ ထိုအချိန်တွင် ထိုအမြောက်များ အားလုံးသည်လည်း လေထဲသို့ လွင့်စင်ပါသွားကြလေတော့၏။

ပို၍ ကြောက်မက်ဖွယ် ကောင်းသည်မှာ ထိုအမြောက်များထဲတွင် အမြောက်ဆန်များ ထည့်သွင်းထားပြီး ဖြစ်နေခြင်းပင်။

“ဘုန်းးးး ဘုန်းးးး ဘန်းးးး”

လေဆင်နှာမောင်းထဲတွင် ၊ ထိုအမြောက်များသည် တစ်လုံးပြီးတစ်လုံး ဆက်တိုက် ပစ်ခတ်မိသွားကြလေ၏။

အထဲရှိ အဖျက်စွမ်းအားပြင်း အမြောက်ဆန်များသည် အရပ်မျက်နှာ အနှံ့အပြားသို့ ရမ်းသန်း ပစ်ခတ်သွားကြလေတော့သည်။ ထို့အပြင် ယင်းတို့ထဲမှ ထက်ဝက်ခန့်မှာ ဤကုန်တင်သင်္ဘောကြီးပေါ်သို့ ပြန်လည် ကျရောက်လာခဲ့လေ၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် ၊ အရှေ့ဘက် ပြည်ထောင်စု၏ ကုန်တင်သင်္ဘောကြီးမှာ အပိုင်းပိုင်းအစစ ပျက်စီးသွားရလေ၏။ ကုန်တင်သင်္ဘောသည် စစ်သင်္ဘော မဟုတ်သည့်အတွက် သံချပ်ကာ ကာကွယ်မှုများ မပါရှိချေ။

တုပိုင် ဖန်တီးလိုက်သော လေဆင်နှာမောင်းကြီးသည် လျင်မြန်စွာ ထွက်ခွာသွားပြီး ၊ ပင်လယ်ရေနက်ပိုင်းဆီသို့ ဆက်လက် တိုက်ခတ်သွားလေ၏။ သို့သော် ကုန်တင်သင်္ဘောကြီးမှာမူ ထိန်းချုပ်မှု ကင်းမဲ့သွားပြီး ၊ ပင်လယ်ပြင်ပေါ်တွင် အသည်းအသန် လည်ပတ်နေလေတော့သည်။

“ဘုန်းးး ဘုန်းးး ဘုန်းးး”

ထို့နောက် ချက်ချင်းပင် ၊ နောက်ထပ် ပေါက်ကွဲမှု ဆက်တိုက် ဖြစ်ပေါ်လာလေ၏။ ကုန်တင်သင်္ဘောထဲတွင် သိုလှောင်ထားသော အမြောက်ဆန်များသည် မီးဟပ်မှုကြောင့် ပေါက်ကွဲသွားခဲ့ခြင်း ဖြစ်သည်မှာ သိသာထင်ရှားလှပေသည်။ တန်ချိန် နှစ်ထောင်ကျော်ရှိသော ကုန်တင်သင်္ဘောကြီးသည် ပင်လယ်ပြင်ပေါ်တွင် ဧရာမ မီးရှူးတိုင်ကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ၊ လျင်မြန်စွာ နစ်မြုပ်သွားလေတော့၏။

**--**--**--**--**--**--**--**

ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ ၊ လီယွမ် ၊ ဂျင်ထိုက်ဂျိနှင့် အခြားသူများ အားလုံးမှာ လုံးဝ အံ့အားသင့် မှင်သက်သွားကြပြီး လုံးလုံးလျားလျား မျှော်လင့်ချက် ကင်းမဲ့သွားကြရလေ၏။ အကြိမ်တိုင်း ဤသို့သာ ဖြစ်နေခဲ့သည်။ တုပိုင်သည် သူတို့ကို အရင်ဆုံး မျှော်လင့်ချက် ပေးပြီးမှ ၊ လုံးလုံးလျားလျား ဖျက်ဆီးပစ်တတ်လေ၏။

သင်္ဘောသာ မရှိလျှင် သူတို့သည် အရှေ့ဘက် ပြည်ထောင်စုဆီသို့ ဘယ်သောအခါမျှ ထွက်ပြေးလွတ်မြောက်နိုင်တော့မည် မဟုတ်ချေ။

လီယွမ်၏ ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲထွက်တော့မတတ် ဖြစ်နေပြီး သွားကြိတ်ကာ ပြောလိုက်လေ၏။ “အရှင်မင်းကြီး ၊ အရှင်မင်းကြီးက ထိပ်တန်း မဟာဆရာသခင် တစ်ပါးပါ ၊ ပြီးတော့ အရှင်မင်းကြီးရဲ့ ဘေးမှာလည်း မဟာဆရာသခင် တစ်ပါး ရှိနေပါသေးတယ်။ ရွေ့မင်းသား ဒိုမိုဂွန်နဲ့ မင်းသား ဝမ်ယန်ယင်းတူတို့ကလည်း ထိပ်တန်း ဆရာသခင်တွေချည်းပါပဲ။ ကျွန်တော်တို့ တုပိုင်ကို သွားတိုက်ခိုက်ရမယ်။ အခု သေကွင်းသေကွက်ကို ဖန်တီးပြီးမှပဲ အသက်ရှင်ခွင့် ရနိုင်တော့မယ်။” ယခုအခါ သင်္ဘောကြီး ပျက်စီးသွားပြီဖြစ်ရာ နောက်ဆုံး တိုက်ပွဲတစ်ခုသာ ကျန်ရှိတော့လေသည်။

လီယွမ်က တီးတိုးပြောလိုက်၏။ “အရှင်မင်းကြီး ၊ တုပိုင်ရဲ့ အတွင်းအားက နဂါးသတ်နည်းစနစ်ကို တစ်ကြိမ်ပဲ သုံးနိုင်လောက်တဲ့ အထိပါပဲ။ အခုအချိန်မှာ သူ့ရဲ့ အတွင်းအားတွေ ကုန်ခမ်းသွားလောက်ပြီ။ ပြီးတော့ သူတို့ဆီမှာ မဟာဆရာသခင်ဆိုလို့ လီတောက်ယွဲ့ တစ်ယောက်ပဲ ရှိတာလေ။ ကျွန်တော်တို့ တုပိုင်ကို အတိုတောင်းဆုံး အချိန်အတွင်းမှာ ဓားစာခံအဖြစ် ဖမ်းဆီးနိုင်မှပဲ ထွက်ပြေးလွတ်မြောက်နိုင်မယ်။ ဒါက တုပိုင်ကို သတ်ဖြတ်နိုင်ဖို့အတွက် တစ်သက်မှာ တစ်ခါသာ ရနိုင်မယ့် အခွင့်အရေး တစ်ခုတောင် ဖြစ်နိုင်ပါတယ်။ ရွှမ်းချီစွမ်းအင် မရှိတော့ရင် သူက အရမ်း အားနည်းနေပြီလေ။”

ဂျင်ထိုက်ဂျိက မည်သည့် အသံမျှ ထွက်မလာဘဲ ၊ ဧရာမ စစ်သံဓားကြီးကို ရုတ်တရက် ဆွဲထုတ်ကာ ဟိန်းဟောက်လိုက်လေ၏။ “ဂျာချင် သိုင်းပညာရှင်တို့ ၊ ငါ့နောက်ကို လိုက်ခဲ့ ၊ သေသည်အထိ တိုက်ပွဲဝင်ကြစမ်း။”

“သေသည်အထိ တိုက်ပွဲဝင်ကြစမ်း...”

“သေသည်အထိ တိုက်ပွဲဝင်ကြစမ်း...”

ရွေ့မင်းသား ဒိုမိုဂွန် ၊ မင်းသား ဝမ်ယန်ယင်းတူ ၊ မင်းသားကြီးဟောက်ကော်နှင့် အခြားသူများ အားလုံးလည်း သူတို့၏ စစ်သံဓားကြီးများကို ဆွဲထုတ်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်ကြလေ၏။

ထို့နောက် ၊ ဂျာချင် ထိပ်တန်း သိုင်းပညာရှင်များသည် သူတို့၏ အတွင်းအားများနှင့် ရွှမ်းချီစွမ်းအင်များ အားလုံးကို စတင် စုစည်းလိုက်ကြပြီး ၊ တုပိုင်၏ သွေးမိစ္ဆာစစ်သည် တစ်ထောင့်ငါးရာနှင့် သေသည်အထိ တိုက်ပွဲဝင်လိုနေကြလေ၏။

တစ်နည်းအားဖြင့် ကြည့်မည်ဆိုလျှင် လီယွမ် ပြောသည်မှာလည်း မှန်ကန်ပေသည်။

တုပိုင်၏ အတွင်းအားများ ပြည့်ဝနေချိန်တွင် ၊ သူသည် ပဉ္စမအဆင့် ဆရာသခင် တစ်ဦးသာ ဖြစ်သော်လည်း ၊ သူ့ကို ဖမ်းဆီး သတ်ဖြတ်ရန်မှာ အလွန်တရာ ခက်ခဲလှပေသည်။

သို့သော်လည်း ယခုအခါ တုပိုင်သည် သူ၏ အတွင်းအားများ အားလုံးကို ကုန်စင်အောင် အသုံးပြုလိုက်ပြီဖြစ်ရာ ၊ ဤသည်မှာ သူ၏ အားအနည်းဆုံး အချိန်ပင် ဖြစ်လေတော့သည်။

တုပိုင်၏ အနီးအနားတွင် ထိပ်တန်းအဆင့်ရှိ သိုင်းပညာရှင်များ နည်းပါးနေသည်မှာလည်း အမှန်တရား တစ်ခုပင် ဖြစ်လေ၏။

“သတ်... သတ်... သတ်ကြစမ်း...”

ဂျင်ထိုက်ဂျိသည် စစ်သံဓားကြီးကို ဝှေ့ယမ်းကာ ဟိန်းဟောက်လိုက်ပြီး ၊ ဂျာချင်၏ အစွမ်းအထက်ဆုံး လူဒါဇင်ပေါင်းများစွာကို ဦးဆောင်လျက် တုပိုင်၏ သွေးမိစ္ဆာစစ်သည် တစ်ထောင့်ငါးရာဆီသို့ တဟုန်ထိုး ပြေးဝင်လာ၏။

“သတ်ကြစမ်း...” လီယွမ်သည် သူ၏ ဓားကို ဆွဲထုတ်ကာ အော်ဟစ်လိုက်လေ၏။ “တုပိုင်ကို သတ်ကြစမ်း...” ထို့နောက် သူသည်လည်း ဂျင်ထိုက်ဂျိနှင့် အခြားသူများ၏ နောက်မှနေ၍ တဟုန်ထိုး ပြေးဝင်သွားလေသည်။

အံ့မခန်း ကြောက်မက်ဖွယ်ကောင်းသော လူသတ်ငွေ့များ ထွက်ပေါ်နေလေ၏။ ဂျင်ထိုက်ဂျိသည် ထိပ်တန်း မဟာဆရာသခင် တစ်ပါး ဖြစ်ပြီး ၊ သူ၏ သိုင်းပညာသည် လီရူဟိုင်ထက် အနည်းငယ်မျှသာ နိမ့်ကျလေသည်။

ထို့အပြင် ၊ သူ၏ ဘေးတွင် မဟာဆရာသခင် တစ်ပါးနှင့် ဆရာသခင် ဆယ်ပါးလည်း ရှိနေသေးသည်။ သေသည်အထိ တိုက်ပွဲဝင်မည့် အရှိန်အဟုန်မှာ အလွန်တရာ အံ့မခန်း ဖြစ်နေလေ၏။ ဤတိုက်ပွဲတွင် တုပိုင်၏ သွေးမိစ္ဆာစစ်သည်များ မည်မျှအထိ သေဆုံးသွားရမည်ကို မသိနိုင်တော့ချေ။

လီတောက်ယွဲ့သည် သူမ၏ ဓားကို ဆွဲထုတ်ကာ တုပိုင်၏ ရှေ့မှနေ၍ အကာအကွယ် ပေးထားလိုက်လေ၏။ ဖျက်ဆီးပစ်မည့် အရှိန်အဝါများနှင့်အတူ ဂျင်ထိုက်ဂျိနှင့် အခြားသူများသည် ပို၍ ပို၍ နီးကပ်လာခဲ့လေသည်။

တစ်ချိန်တည်းမှာပင် ၊ အသက် တစ်ရာ့ငါးဆယ်အရွယ် ရှာမန် နိုင်ငံတော်ဆရာသခင်သည် အစွမ်းထက်သော ရှာမန် ဒါဇင်ပေါင်းများစွာကို ဦးဆောင်ကာ ကျမ်းစာများကို တိတ်တဆိတ် စတင် ရွတ်ဆိုနေကြလေ၏။

အစွမ်းထက်သော ဝိညာဉ်စွမ်းအား ၊ အစွမ်းထက်သော အသံလှိုင်းတစ်ခုသည် လေထုတစ်ခုလုံးကို နောက်တစ်ကြိမ် လွှမ်းခြုံသွားခဲ့ပြန်လေသည်။

ထို့နောက်တွင်တော့...

“အားးး ဖူးးး”

ရုတ်တရက် ၊ ဂျင်ထိုက်ဂျိ၏ ပါးစပ်ထဲမှ သွေးတစ်ပွက် ပန်းထွက်လာလေ၏။ ထို့နောက် ချက်ချင်းဆိုသလိုပင် ၊ ခန္ဓာကိုယ် တစ်ခုလုံးရှိ ကြွက်သားများနှင့် သွေးကြောများသည် နားလည်၍မရနိုင်သော အကြောင်းပြချက်များဖြင့် ကွဲအက်သွားကြပြီး ၊ သွေးမြူများ ရူးသွပ်စွာ ပန်းထွက်လာလေတော့သည်။

ထိုနောက် ချက်ချင်းပင် ၊ နောက်ထပ် မဟာဆရာသခင် တစ်ပါးသည်လည်း သွေးများ အန်ထွက်လာပြီး ၊ သူ၏ ကြွက်သားများနှင့် သွေးကြောများမှာလည်း ကွဲအက်ကာ ပျက်စီးသွားရလေ၏။

ထို့နောက် ရွေ့မင်းသား ဒိုမိုဂွန် ၊ မင်းသား ဝမ်ယန်ယင်းတူနှင့် ဆရာသခင်အဆင့်ရှိ သိုင်းပညာရှင် ဆယ်ပါးတို့ပင် ဖြစ်လေသည်။

အားလုံးမှာ ချွင်းချက်မရှိ သွေးများ အန်ကျလာကြပြီး ၊ သူတို့၏ ကြွက်သားများနှင့် သွေးကြောများ ကွဲအက်ပျက်စီးသွားကာ မြေပြင်ပေါ်သို့ ဒူးတစ်ဖက် ထောက်ကျသွားကြရလေ၏။

ဂျင်ထိုက်ဂျိ ရှာမန် ဆရာသခင်ကို လက်ညှိုးထိုးကာ ဒေါတကြီးအော်ဟစ်လိုက်လေ၏။ “မင်း... မင်း ငါ့ကို အဆိပ်ခတ်ခဲ့တာလား။”

“ဒါက အဆိပ် မဟုတ်ပါဘူး။” ရှာမန် နိုင်ငံတော်ဆရာသခင်က ခေါင်းရမ်း၏။ “အရှင်က ထိပ်တန်း မဟာဆရာသခင် တစ်ပါးလေ ၊ အရှင့်ကို အဆိပ်ခတ်ရင် သေချာပေါက် သိသွားမှာပေါ့။”

ထို့နောက် သူက သေချာစွာ ရှင်းပြလိုက်လေ၏။ “ဒါက အမွှေးတိုင်ထဲမှာ ထည့်သွင်းထားတဲ့ ကျောက်စိမ်းစွမ်းအင် တစ်မျိုးပါ ၊ ပြီးတော့ အဲဒါကို အရှင်မင်းကြီးရယ် ၊ မင်းသားတွေရယ် ၊ အမတ်မင်းတွေရယ် အားလုံး ရှူရှိုက်မိသွားကြတာပါ။ ဒါက ကြီးမားတဲ့ စွမ်းအင် ဖြည့်စွက်စာ တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ကို လုံးဝ အန္တရာယ် မဖြစ်စေပါဘူး။ ဒါပေမဲ့ အရှင်တို့ရဲ့ ရွှမ်းချီစွမ်းအင်တွေ အားလုံးကို စုစည်းပြီး တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်တာနဲ့ တစ်ပြိုင်နက် ၊ အံ့မခန်း စွမ်းအင်တွေ ပေါက်ကွဲထွက်လာပြီး အရှင်တို့ရဲ့ သွေးကြောတွေကို ဆုတ်ဖြဲပစ်လိုက်လိမ့်မယ်။ အဲဒါက စွမ်းအင်တွေကို ကြီးထွားလာစေပြီး ပေါက်ကွဲစေတတ်တဲ့ အရာမျိုးနဲ့ ဆင်တူပါတယ်။”

​ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၁၁ + ၇၁၂ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters