← Chapters

အခန်း (၇၁၃-၇၁၄)

Vol. 72 Ch. 713-714

အခန်း (၇၁၃-၇၁၄)

Vol. 72 Ch. 713-714

​ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၁၃ + ၇၁၄

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ထို့နောက် ၊ ရှာမန် နိုင်ငံတော်ဆရာသခင် ဆက်ပြောသည်။ “အရှင်မင်းကြီး... အရှင်က အရမ်း အားထုတ်လွန်းသွားတာပါ ၊ အဲဒီလိုမှ မဟုတ်ရင် အရှင့်ရဲ့ ကြွက်သားတွေနဲ့ သွေးကြောတွေက ပေါက်ကွဲထွက်သွားမှာ မဟုတ်ပါဘူး။”

ဤရှာမန် အုပ်စု၏ လူတွေကို ဒုက္ခပေးသည့် နည်းလမ်းများမှာ အမှန်တကယ်ပင် ကာကွယ်ရန် ခက်ခဲလှပေသည်။

“အားးး အားးး အားးး” ဂျင်ထိုက်ဂျိ ရူးသွပ်စွာ ဟိန်းဟောက်လိုက်လေ၏။ “ငါ နာကြည်းတယ် ၊ ငါ အရမ်း နာကြည်းတယ်။” ထိုနောက် ချက်ချင်းပင် ၊ နောက်ထပ် သွေးတစ်ပွက် ပန်းထွက်လာပြန်လေ၏။

သွေးအလိမ်းလိမ်း ဖြစ်နေသော ဂျင်ထိုက်ဂျိသည် သူရဲကောင်း တစ်ဦး၏ ဇာတ်သိမ်းသို့ အမှန်တကယ်ပင် ရောက်ရှိသွားခဲ့လေပြီ။ သူသည် ရုန်းကန် မတ်တပ်ရပ်ကာ တုပိုင်ကို မကျေမချမ်း စိုက်ကြည့်၍ ကြုံးဝါးလေ၏။ “ငါ လုံးဝ မကျေနပ်ဘူး ၊ ငါ တကယ် မကျေနပ်ဘူး။ ငါက တားမြစ်နန်းတော်ကြီးထဲက ပလ္လင်နဲ့ အရမ်းကို နီးစပ်ခဲ့တာ ၊ အရမ်းကို နီးစပ်ခဲ့တာကွ။”

“ဘုရားသခင် ၊ ဘာလို့ ဒီလောက်တောင် တရားမမျှတရတာလဲ။ ဘာလို့ ငါ့ရဲ့ သူရဲကောင်းပီသတဲ့ စိုးမိုးမှုကို ဒီလိုနည်းလမ်းနဲ့ ဖျက်ဆီးပစ်ချင်ရတာလဲ။” ဂျင်ထိုက်ဂျိသည် မျှော်လင့်ချက် ကင်းမဲ့နေပြီး ၊ သူ၏ မျက်လုံးများထဲတွင် သွေးများနှင့် မျက်ရည်များ ရောယှက်နေလေ၏။

“ဒါပေမဲ့ ဘယ်သူမှ ငါ့ကို မသတ်နိုင်စေရဘူး။ ငါကိုယ်တိုင်ကလွဲပြီး ဘယ်သူမှ ငါ့ကို သတ်လို့မရဘူး။” ဂျင်ထိုက်ဂျိ မာနတခွဲသားဖြင့် ဟိန်းဟောက်လိုက်၏။ “ဝမ်ယန်ယင်းတူ ၊ အမိန့်တော်ကို နာခံစမ်း။”

ဝမ်ယန်ယင်းတူသည် ရုတ်တရက် ဒူးထောက်ကာ ဦးညွှတ်လိုက်လေ၏။ “ကျွန်တော်မျိုး အမိန့်တော်ကို နာခံပါ့မယ်။”

“ငါတို့ ဂျာချင်မျိုးနွယ်တွေ မျိုးသုဉ်း မပျောက်ကွယ်သွားရလေအောင် ၊ အရှင်တုပိုင်ဆီမှာ လက်နက်ချ အညံ့ခံဖို့ ငါ အမိန့်ပေးတယ်။” ဂျင်ထိုက်ဂျိ လေးနက်ပြတ်သားစွာ အမိန့်ပေးလိုက်၏။

ထို့နောက် သူသည် စစ်သံဓားကြီးကို သူ၏ လည်ပင်းပေါ်သို့ တင်ကာ အားကုန်သုံး၍ သူ၏ ခေါင်းကို ဖြတ်ချလိုက်လေတော့သည်။ ရုတ်တရက် ၊ ဂျာချင် အရှင်သခင်ကြီးမှာ လုံးဝ သေဆုံးသွားလေတော့၏။

ဂျင်ထိုက်ဂျိသည် အလွန်တရာ ရက်စက်သော နည်းလမ်းဖြင့် သေဆုံးသွားခဲ့သော်လည်း ၊ တုပိုင်ကမူ မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မျှ မရှိဘဲ ၊ အေးစက်သော မျက်လုံးများဖြင့် ကြည့်ရှုနေကာ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်ပေါ်နေလေ၏။

သို့သော်လည်း လီယွမ်မှာမူ ဤအချိန်တွင် လုံးလုံးလျားလျား တုန်လှုပ်သွားရပြီး ၊ အမှန်တကယ်ပင် လုံးဝ မျှော်လင့်ချက် ကင်းမဲ့သွားခဲ့လေပြီ။ သူ ထွက်ပြေးချင်သော်လည်း ၊ မည်သည့် နေရာသို့ ထွက်ပြေးနိုင်မည်နည်း။

တုပိုင်၏ အကြည့်များ လီယွမ်၏ မျက်နှာပေါ်သို့ ကျရောက်သွားပြီး ၊ သူ ရက်စက်စွာ မဲ့ပြုံးပြုံးလျက် ဆိုလေ၏။ “အစ်ကို လီယွမ်... ဂုဏ်ယူပါတယ် ၊ ခင်ဗျား အခုချက်ချင်း သေလို့ မရသေးဘူး။ ဘာလို့လဲဆိုတော့ ခင်ဗျားကို ကျွန်တော် လင်းချီ စီရင်ပြီး အပိုင်းပိုင်းအစစ ခုတ်ထစ်ပစ်မှာမို့လို့ပဲ။ ပြီးတော့ ခင်ဗျားကို နေ့ရက်အတော်ကြာအောင် အော်ဟစ် ငိုကြွေးခိုင်းပြီးမှ သေခွင့်ပေးမယ်။”

ဂျင်ထိုက်ဂျိ၏ သေဆုံးမှုမှာ အလွန်တရာ ရုတ်တရက် ဆန်လွန်းလှသဖြင့် ၊ ဂျာချင်အင်ပါယာ၏ အမြင့်ဆုံးရှိသူများမှာ လုံးဝပင် တုံ့ပြန်နိုင်ခြင်း မရှိခဲ့ကြချေ။

သူ၏ သားအကြီးဆုံး ဖြစ်သူ ဟောက်ကော်သည် သူ၏ အလောင်းကို ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေပြီးနောက် အမျက်ချောင်းချောင်းထွက်ကာ အော်ဟစ်လိုက်လေ၏။ “ဂျာချင် စစ်သည်တွေ အားလုံး... ရန်သူတွေနဲ့ အသေခံ တိုက်ခိုက်ကြစမ်း။ တစ်ယောက်သတ်နိုင်ရင် ကျေနပ်ပြီ ၊ နှစ်ယောက်သတ်နိုင်ရင် မြတ်ပြီ။” ဟောက်ကော်၏ စိတ်ထဲတွင်တော့ သတ္တိကြောင်သူများသာလျှင် မိမိကိုယ်ကို အဆုံးစီရင်တတ်ကြသည်။

ထို့နောက် သူ၏ နောက်ကွယ်ရှိ ဂျာချင် ဆရာသခင် ဒါဇင်ပေါင်းများစွာသည်လည်း သူ၏ နောက်မှနေ၍ တုပိုင်၏ တပ်မတော်ဆီသို့ အသက်စွန့်ကာ တဟုန်ထိုး ပြေးဝင်သွားကြလေ၏။

ရုတ်တရက် ၊ ရွေ့မင်းသား ဒိုမိုဂွန်သည် သူ၏ နောက်မှ လိုက်ပါလာပြီး သူ၏ ဓားကို ဝှေ့ယမ်းကာ ရူးသွပ်စွာ သတ်ဖြတ်လေတော့သည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ၊ သူသည် တိုက်ခိုက်ရန် ပြေးဝင်သွားကြသော ဂျာချင် ဆရာသခင် ဒါဇင်ပေါင်းများစွာ အားလုံးကို ခုတ်ပိုင်း သတ်ဖြတ်ပစ်လိုက်လေ၏။

ဟောက်ကော်မှာ မှင်သက်သွားရပြီး ၊ အခြားသော ဂျာချင်အင်ပါယာ ဆရာသခင် ဒါဇင်ပေါင်းများစွာမှာလည်း လုံးလုံးလျားလျား အံ့အားသင့် မှင်သက်သွားကြရလေ၏။

ရွေ့မင်းသား ဒိုမိုဂွန် သူ့ကို တိုက်ခိုက်လိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။

“ဦးလေး... ခင်ဗျား ရူးနေပြီလား။ ခင်ဗျားကပါ သစ္စာဖောက်တော့မလို့လား။” ဟောက်ကော် ဒေါသတကြီး အော်ဟစ်လိုက်၏။

ဒိုမိုဂွန် တင်းမာစွာဖြင့် တုံ့ပြန်လေသည်။ “ဟောက်ကော်... မင်းက ငါတို့ ဂျာချင် မျိုးနွယ်စုကို မျိုးတုံးသွားအောင် လုပ်ချင်နေတာလား။”

ထိုစကားကို ကြားလိုက်ရသောအခါ ဟောက်ကော်မှာ မှင်သက်မသွားဘဲ မနေနိုင်တော့ချေ။ ရွေ့မင်းသား ဒိုမိုဂွန်၏ မျက်နှာမှာ တစ္ဆေသရဲ တစ်ကောင်အလား အလွန်တရာ အရုပ်ဆိုး အကျည်းတန်နေပြီး အော်ဟစ်လိုက်လေ၏။ “သတ္တိကြောင်တဲ့ ကောင်တွေပဲ ကိုယ့်ကိုယ်ကိုယ် သတ်သေကြတာ။ ငါက အရမ်း အသက်ရှင်ချင်တယ် ၊ လက်နက်ချ အရှုံးပေးရမယ် ဆိုရင်တောင်မှ ငါ အသက်ရှင်ချင်သေးတယ်။”

သူ တုပိုင်ကို မျှော်လင့်ချက်မဲ့စွာ စိုက်ကြည့်လျက် ညည်းတွားလိုက်၏။ “နယ်စားမင်း တုပိုင်... ဒါပေမဲ့ မင်းက ငါ့ကို လက်နက်ချ အရှုံးပေးခွင့် ပြုမှာ မဟုတ်ဘူး မလား။ ဘာလို့လဲဆိုတော့ ငါက ရည်မှန်းချက် အရမ်းကြီးလွန်းတယ် ၊ ငါက အရမ်း ကောက်ကျစ်စဉ်းလဲလွန်းတယ် ၊ အဲဒီတော့ ငါက သေလမ်းပဲ ရှိတော့တယ်။”

တုပိုင်သည် အေးစက်စွာဖြင့် နှုတ်ဆိတ်နေလေ၏။

ရွေ့မင်းသား ဒိုမိုဂွန် ဟောက်ကော်ဘက်သို့ လှည့်ကြည့်ကာ အေးစက်စွာ သတိပေးလိုက်၏။ “ဟောက်ကော်... မင်းလည်း လက်နက်ချလို့ မရဘူး။ ဘာလို့လဲဆိုတော့ မင်းက အရမ်း ပုန်ကန်ချင်စိတ် ပြင်းထန်လွန်း​ပြီး မင်းရဲ့ နှလုံးသားထဲမှာ အမုန်းတရားတွေ ပြည့်နှက်နေလို့ပဲ။”

“ယင်းတူ... ဂျာချင် မိသားစုရဲ့ ကံကြမ္မာက မင်းရဲ့ အပေါ်မှာပဲ မူတည်နေတော့တယ်။” ဒိုမိုဂွန် ဝမ်ယန်ယင်းတူကို လေးနက်စွာ ကြည့်၍ မှာတမ်းခြွေလေ၏။

ထို့နောက် ၊ သူသည် သူ၏ နှလုံးသားကို ထက်မြက်သော ဓားဖြင့် ထိုးသွင်းကာ ပွဲချင်းပြီး သေဆုံးသွားလေတော့သည်။ ဟောက်ကော်သည် ဂျင်ထိုက်ဂျိ၏ အလောင်းကို ကြည့်လိုက် ၊ ဒိုမိုဂွန်၏ အလောင်းကို ကြည့်လိုက်လုပ်ပြီးနောက် ရုတ်တရက် သားရဲတစ်ကောင်အလား ဟိန်ဟောက်လိုက်လေ၏။

“အားးးးးးးး” ထို့နောက် သူသည် သူ၏ ဓားကို လည်ပင်းပေါ်သို့ တင်ကာ ၊ အရာအားလုံးကို ခုတ်ပိုင်းပစ်လိုက်ပြီး ၊ သူ၏ ကိုယ်ပိုင် ဦးခေါင်းကို ဖြတ်တောက်လိုက်လေတော့သည်။

ထို့နောက်တွင်တော့ ၊ ကျန်ရစ်နေသော ဂျာချင် ဆရာသခင်များ ၊ ဂျာချင်အင်ပါယာ၏ အမြင့်ဆုံး အဆင့်ရှိသူများ အားလုံးသည်လည်း သူတို့ကိုယ်သူတို့ အဆုံးစီရင်သွားကြလေတော့၏။

ဝမ်ယန်ယင်းတူသည် မြေပြင်ပေါ်တွင် မလှုပ်မယှက် ဒူးထောက်နေကာ ၊ အချိန်အတန်ကြာပြီးနောက်တွင် ညဘီးလူးငှက် တစ်ကောင်အလား ငိုကြွေးလာလေ၏။

“ဘာလို့လဲ... ဘာလို့လဲ။” ဝမ်ယန်ယင်းတူ သွေးမျက်ရည်များ ကျဆင်းကာ ဟိန်းဟောက်လိုက်လေ၏။ “ဘာလို့ ခင်ဗျားတို့ကျတော့ သေသွားနိုင်ရတာလဲ။ ဘာလို့ ငါလဲ။ ငါလည်း သေချင်တယ်... ငါလည်း သေချင်တယ်...”

“လွန်ခဲ့တဲ့ အနှစ်သုံးဆယ်တုန်းက ၊ တာ့နင်အင်ပါယာမှာ လျှို့ဝှက်သူလျှိုလုပ်ဖို့ ခင်ဗျားတို့ ငါ့ကို ရွေးချယ်ခဲ့တယ်။ လွန်ခဲ့တဲ့ ဆယ့်နှစ်နှစ်တုန်းက ၊ ခင်ဗျားတို့ ငါ့ကို ဂျာချင်အင်ပါယာဆီ ပြန်လာခွင့်ပြုခဲ့တယ်။ အခုကျတော့ ခင်ဗျားတို့ ငါ့ကို လက်နက်ချစေချင်နေပြန်ပြီ။” ဝမ်ယန်ယင်းတူသည် မြေပြင်ပေါ်သို့ လဲကျကာ ငိုကြွေးနေပြီး ၊ သူ၏ အသံမှာ မျှော်လင့်ချက် ကင်းမဲ့ခြင်းများ ပြည့်နှက်နေလေ၏။ “ဘာလို့ ငါလဲ။ ငါ သေချင်တယ်... ငါ သေချင်တယ်။” ဝမ်ယန်ယင်းတူသည် အမှန်တကယ်ပင် သေချင်နေခဲ့လေပြီ။

ဤသည်မှာ သူ သေချင်ခဲ့သည့် ပထမဆုံးအကြိမ်လည်း မဟုတ်ချေ။ သို့သော်လည်း အဘယ်ကြောင့် အကြိမ်တိုင်းတွင် သူ သေခွင့် မရနိုင်ခဲ့ရသနည်း။ ပြီးခဲ့သည့်အကြိမ် သူ သေချင်ခဲ့စဉ်က ၊ သူ၏ ဇနီးသည် သူ့ကို ကလေးတစ်ယောက် မွေးဖွားပေးခဲ့လေ၏။

သို့သော်လည်း ယခုတစ်ကြိမ် သူ သေချင်နေချိန်တွင်မူ ၊ မျိုးနွယ်စု တစ်ခုလုံး၏ ကံကြမ္မာကြီးက သူ့အပေါ်သို့ ကျရောက်လာခဲ့ပြန်လေသည်။

ယခုအချိန်တွင် လီယွမ်မှာမူ အဘယ်ကြောင့်မှန်း မသိဘဲ ယှဉ်ပြိုင်၍ မရနိုင်လောက်အောင်ပင် အသက်ရှင်ချင်နေခဲ့ပြီး ၊ အသိစိတ်မရှိဘဲ အလိုအလျောက် အသက်ရှင်ချင်စိတ်များ ဖြစ်ပေါ်နေခဲ့လေ၏။

သူ တုပိုင်ကို ခြိမ်းခြောက်ချင်သည်။ ‘ငါ အရှေ့ဘက် ပြည်ထောင်စုကွ။ မင်း ငါ့ကို သတ်လို့ မရဘူး ၊ သတ်ရင် မင်း လက်စားချေခံရလိမ့်မယ်’

သို့သော်လည်း ပြီးခဲ့သည့်အကြိမ်က ထိုကဲ့သို့ ပြောခဲ့သူမှာ ဖန်းကျန်ကျစ်ပင် ဖြစ်လေသည်။ သူ၏ ရာထူးအဆင့်အတန်းမှာ လီယွမ်ထက် များစွာ ပိုမို မြင့်မားလှသော်လည်း ၊ သူ၏ ဦးခေါင်း အဖြတ်မခံရမီတွင် တုပိုင်၏ သင်းကွပ်ခြင်းကို ခံခဲ့ရသေးလေ၏။

သူ ဒူးထောက်ကာ ခွေးတစ်ကောင်လို သူ၏ အသက်ကို ချမ်းသာပေးရန် တုပိုင်ကို အသနားခံချင်နေပြီး ၊ သို့မဟုတ်လျှင်လည်း တုပိုင်အပေါ် သစ္စာစောင့်သိပါမည်ဟု ပြောချင်နေခဲ့သည်။

သို့သော်လည်း သူ့ကို မည်သူမျှ ယုံကြည်ကြတော့မည် မဟုတ်ချေ။

“ညီလေး တုပိုင်... ငါ တာ့နင်အင်ပါယာကို သစ္စာမဖောက်ချင်ခဲ့ပါဘူး ၊ တကယ်ကို သစ္စာမဖောက်ချင်ခဲ့တာပါ။” လီယွမ်သည် ဒူးထောက်ကာ ငိုကြွေးလိုက်လေ၏။ “ငါ ဂျာချင်အင်ပါယာကို လက်နက်ချ အရှုံးပေးပြီးတဲ့နောက် ၊ ငါ့ကို နယ်စားမင်းအဖြစ် သူကောင်းပြုခဲ့ပြီး ဂျင်ထိုက်ဂျိရဲ့ သစ္စာခံ ညီအစ်ကို ဖြစ်လာခဲ့ပေမယ့်...”

“ငါ့ဆီမှာ စစ်တပ်ကို ခွဲဝေအုပ်ချုပ်ခွင့် အာဏာ မရှိခဲ့ပါဘူး။ ငါ အရှေ့ဘက် ပြည်ထောင်စုရဲ့ လျှို့ဝှက်သူလျှို တစ်ယောက်မှန်း သူတို့ သိကြပါတယ်။ သူတို့ ငါ့ကို ယုံကြည်မယ့်အစား ယွမ်ထိန် နယ်စားမင်းနဲ့ လန်အောက် နယ်စားမင်းတို့ကို ပိုပြီး ယုံကြည်ခဲ့ကြတယ်။ သူတို့ကိုပဲ စစ်အာဏာတွေ ပေးအပ်ခဲ့ကြတယ်။”

လီယွမ် အသံပြဲကြီးဖြင့် အော်ဟစ် ငိုကြွေးလိုက်လေ၏။

“ငါ တာ့နင်အင်ပါယာမှာ ရာထူးမြင့်မြင့် ရခဲ့တယ် ၊ ဧကရာဇ်အသစ်လည်း ငါ့ကို အရမ်း လေးစားခဲ့ပြီး ငါ့လက်အောက်မှာ စစ်တပ်အင်အား တစ်သိန်းနီးပါးလောက် ရှိခဲ့တယ်။ ငါ အင်ပါယာ တစ်ခုလုံးရဲ့ တက်သစ်စ စစ်သူကြီး တစ်ယောက်ပါ။ ငါ တကယ်ကို လက်နက်ချ အရှုံးမပေးချင်ခဲ့ပါဘူး။ ဒါပေမဲ့ ငါ လက်နက်မချရင် အရှေ့ဘက် ပြည်ထောင်စု ငါ့ကို သတ်ပစ်လိမ့်မယ်။ ညီလေး တုပိုင်... မင်းထက်တောင် သခင်လေးကို ငါ ပိုမုန်းတယ်ဆိုတာ မင်း သိလား။ သူ ငါ့ကို ဒီလို အခြေအနေဆိုးကြီးထဲ ရောက်အောင် တွန်းပို့ခဲ့တဲ့ လူပဲ။”

ထို့နောက် လီယွမ် ငိုကြွေးနေမှုကို ရပ်တန့်ကာ အသည်းအသန် တောင်းဆိုလိုက်လေ၏။ “ညီလေး တုပိုင်... မင်းရဲ့ ဘေးမှာ ရှာမန်တွေ အများကြီး ရှိနေတယ်လေ။ မင်း ငါ့ကို အဆိပ်တစ်မျိုးမျိုး တိုက်လိုက်ပါ။ အဆိပ်ဖြေဆေးကို မင်း တစ်ယောက်တည်းပဲ ကိုင်ထားပေါ့။ ပြီးရင် ငါ အရှေ့ဘက် ပြည်ထောင်စုမှာ လျှို့ဝှက်သူလျှို သွားလုပ်ပေးမယ် ၊ မင်းရဲ့ လျှို့ဝှက်သူလျှို လုပ်ပေးမယ်လေ။ ဘယ်လိုလဲ။” ဤကဲ့သို့ စဉ်းစားတွေးတောနိုင်ခဲ့ခြင်းသည် အမှန်တကယ်ပင် ရှက်ဖွယ်ကောင်းလှပေသည်။

အသက်ရှင်သန်နိုင်ရန်အတွက် ၊ သူသည် အရာအားလုံးကို အမှန်တကယ် လုပ်ဆောင်ခဲ့ပြီး ၊ တုပိုင်အတွက် လျှို့ဝှက်သူလျှို လုပ်ပေးမည့် အကြံအစည်ကိုပင် ထုတ်ဖော် ပြောဆိုလာခဲ့လေ၏။

တုပိုင် သူ့ကို ကြည့်ကာ ခေါင်းရမ်းလိုက်လေ၏။ “မရဘူး လီယွမ်။ မင်းမှာ ဘာတန်ဖိုးမှ မရှိတော့ဘူး။ မင်းရဲ့ တစ်ခုတည်းသော တန်ဖိုးက... ငါ့ရဲ့ ဒေါသတွေကို ဖြေဖျောက်ဖို့အတွက် ငါ့လက်ချက်နဲ့ သေပေးရမှာပဲ။”

လီယွမ်သည် သူ၏ ပါးစပ်ကို ဟကာ အသည်းအသန် အသနားခံရန် ပြင်လိုက်ပြီး ၊ သူသည် လည်ပတ်စွာ ပြောဆိုရတော့မည် ဖြစ်လေ၏။

သို့သော်လည်း နောက်တစ်စက္ကန့်တွင်တော့ သူသည် စူးရှစွာ အော်ဟစ်လိုက်ရပြီး မည်သည့် စကားကိုမျှ ထပ်မံ ပြောဆိုနိုင်စွမ်း မရှိတော့ချေ။

အဘယ်ကြောင့်ဆိုသော် သူ၏ လျှာမှာ ဖြတ်တောက်ခံလိုက်ရပြီး ၊ သွေးလွန်ကာ သေဆုံးခြင်းမျိုး မဖြစ်စေရန်အတွက် သွေးထွက်ခြင်းကို ချက်ချင်း ရပ်တန့်ပစ်လိုက်သောကြောင့်ပင်။

“အ... အ... အားးးး” လီယွမ်သည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်သံကြီးဖြင့် အော်ဟစ်လိုက်ရသည်။

ထိုနောက် ချက်ချင်းဆိုသလိုပင် ၊ သူ၏ ခြေလက်များရှိ သွေးကြောများ အားလုံး ဖြတ်တောက်ခံလိုက်ရပြီး ၊ သူ၏ သိုင်းပညာများ လုံးဝ ဖျက်ဆီးခံလိုက်ရကာ တင်းကျပ်စွာ တုပ်နှောင်ခံလိုက်ရလေ၏။ ထို့နောက် မျိုးဗီဇပြောင်း သားရဲဝံပုလွေကြီး၏ ကျောပေါ်သို့ တင်ခံလိုက်ရပြီး အကျဉ်းသား တစ်ဦး ဖြစ်သွားရတော့သည်။

တုပိုင် အမိန့်ပေးလိုက်၏။ “သွားမယ်။”

ထို့နောက် ၊ တုပိုင်သည် သွေးမိစ္ဆာစစ်သည် တစ်ထောင့်ငါးရာနှင့်အတူ ရှန်ယန်မြို့ဆီသို့ လျင်မြန်စွာ ပြန်လည် ထွက်ခွာသွားခဲ့ပြီး ၊ မျက်စိတစ်မှိတ်အတွင်းမှာပင် အရိပ်အယောင်မျှ မကျန်တော့ဘဲ ပျောက်ကွယ်သွားကြလေတော့၏။

ဝမ်ယန်ယင်းတူ တစ်ယောက်တည်းသာ ဒူးထောက်ကာ အဆက်မပြတ် ငိုကြွေးရင်း ကျန်ရစ်နေခဲ့လေသည်။

ဂျင်ထိုက်ဂျိ ၊ ဟောက်ကော် ၊ ဒိုမိုဂွန်နှင့် အခြားသူများ၏ အလောင်းများမှာမူ မြေပြင်ပေါ်တွင် ထင်သလို ပစ်ချထားခြင်း ခံခဲ့ရလေတော့၏။

တုပိုင် ရှန်ယန်မြို့သို့ ပြန်လည်ရောက်ရှိလာချိန်တွင် တိုက်ပွဲမှာ ပြီးဆုံးနေခဲ့ပြီ ဖြစ်လေ၏။ မူလက ဂျာချင်အင်ပါယာတွင် စစ်တပ်အင်အား သုံးသိန်း ရှိခဲ့ပြီး ၊ ဂျာချင်စစ်သည် တစ်သိန်း ၊ မွန်ဂိုစစ်သည် ငါးသောင်းနှင့် လက်နက်ချ ဟန်စစ်တပ် တစ်သိန်းခွဲတို့ ပါဝင်လေ၏။

ယခုအချိန်တွင်မူ ၊ ဂျာချင်စစ်သည် နှစ်သောင်း ၊ မွန်ဂိုစစ်သည် နှစ်သောင်းနှင့် ဟန်စစ်သည် ရှစ်သောင်းသာ ကျန်ရှိတော့လေ၏။ လူသုံးသိန်းအနက် ၊ တစ်သိန်းရှစ်သောင်းမှာ တိုက်ပွဲအတွင်း သေဆုံးသွားခဲ့ကြပြီ ဖြစ်သည်။ ကျန်ရှိနေသော လူတစ်သိန်းနှစ်သောင်းမှာ ဒူးထောက်ကာ လက်နက်ချ အရှုံးပေးခဲ့ကြလေ၏။

တုပိုင်သည် သူ၏ မိတ်ဆွေဟောင်း နှစ်ဦးနှင့် တွေ့ဆုံခဲ့လေသည်။ ယင်းတို့မှာ တာ့နင်အင်ပါယာ၏ ကျန်းပေနယ်စားမင်း ယွမ်ထိန်နှင့် ရွှမ်ဟွာနယ်စားမင်း လန်အောက်တို့ပင် ဖြစ်လေ၏။ ထိုအချိန်တွင် လူနှစ်ဦးမှာ မြေပြင်ပေါ်၌ ဒူးထောက်ကာ တုန်ယင်နေကြလေသည်။

“အပြစ်သားက နယ်စားမင်း တုပိုင်ကို ဂါရဝပြုပါတယ်။” ယွမ်ထိန် နယ်စားမင်း အံကြိတ်ကာ ဦးညွှတ်လိုက်လေ၏။

ယနေ့ကဲ့သို့သော နေ့ရက်မျိုး ရောက်လာလိမ့်မည်ဟု သူ တကယ်ကို တွေးမထားခဲ့ဖူးချေ။ တစ်ချိန်က သူသည် တာ့နင်အင်ပါယာ၏ အကြီးမားဆုံးသော စစ်ဘုရင် တစ်ပါး ဖြစ်ခဲ့ပြီး ၊ ရာစုနှစ်တစ်ခုစာ ဂုဏ်သတင်း ကြီးမားသူ တစ်ဦး ဖြစ်ခဲ့ရာ ၊ သူ၏ မျက်စိထဲတွင် တုပိုင်ဆိုသည်မှာ လုံးဝ မရှိခဲ့ချေ။ သူသည် တုပိုင်ကို ဖြောင့်ဖြောင့်ပင် ကြည့်မည် မဟုတ်ပေ။ သူ့မပြောနှင့် ၊ သူ၏ သားဖြစ်သူ ယွမ်ထင်ပင်လျှင် ယခင် တုပိုင်ကို အဖက်လုပ်၍ ကြည့်မည် မဟုတ်ချေ။

ယခုအခါတွင်မူ ၊ ခမ်းနားကြီးကျယ်လှသော ကျန်းပေနယ်စားမင်းကြီးသည် တုပိုင်၏ အကျဉ်းသား တစ်ဦး ဖြစ်လာခဲ့ရလေပြီ။ ဂျာချင်အင်ပါယာကို လက်နက်ချ အရှုံးပေးခဲ့စဉ်က ရှက်စရာကောင်းခဲ့သည် ဆိုသော်ငြားလည်း ၊ ယနေ့ကဲ့သို့ နာကျင် ရှက်ဖွယ်ကောင်းခြင်းမျိုး မရှိခဲ့ချေ။ သို့သော်လည်း သူတို့၏ ကိုယ်ပိုင် အသက်အန္တရာယ်အတွက် သာမက ၊ မိသားစု၏ ကံကြမ္မာအတွက်ပါ ယွမ်ထိန် နယ်စားမင်းနှင့် လန်အောက် နယ်စားမင်းတို့သည် ဒူးထောက်ခဲ့ကြရလေ၏။

တုပိုင်သည် နယ်စားမင်း နှစ်ဦးကို ကြည့်လိုက်ပြီး ၊ သူ၏ ရင်ထဲတွင် အနည်းငယ် ရှုပ်ထွေးသွားခြင်းကို မတားဆီးနိုင်ခဲ့ချေ။

တစ်ချိန်က တုပိုင်သည် ယွမ်ထိန်၏ သားဖြစ်သူ ယွမ်ထင်က သူ၏ အဓိက ပြိုင်ဘက် ဖြစ်လာလိမ့်မည်ဟု ခံစားခဲ့ရဖူးသော်လည်း ၊ ယခုအချိန်တွင် ယွမ်ထိန် နယ်စားမင်းက သူ၏ အရှေ့၌ လာရောက် ဒူးထောက်နေလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့သလို ၊ ယွမ်ထင်ဆိုသူကိုလည်း တုပိုင် ကောင်းကောင်းပင် မမြင်ဖူးခဲ့ချေ။

ရိုးရိုးသားသား ပြောရလျှင် ၊ တုပိုင်သည် ယွမ်ထိန်နှင့် လန်အောက်တို့အပေါ်တွင် ကြီးမားသော သတ်ဖြတ်လိုစိတ်မျိုး မရှိခဲ့ပေ။ ဤလူနှစ်ဦးမှာ စံပြ စစ်ဘုရင်များပင် ဖြစ်ကြလေ၏။ သူတို့သည် ယခင်က ဧကရာဇ် ထျန်ယွင်ကို ဆန့်ကျင်ခဲ့ကြပြီး ၊ ဖန်းအုပ်စုနှင့်လည်း ကာလရှည်ကြာ ပူးပေါင်း ကြံစည်ခဲ့ကြသည်။ သူတို့သည် ဘယ်ဘက်လက်ဖြင့် ဧကရာဇ်၏ ငွေများကို ယူကာ ၊ ညာဘက်လက်ဖြင့် ဖန်းအုပ်စု၏ ငွေများကို ယူခဲ့ကြလေ၏။ သူတို့သည် နေ့စဉ်နှင့်အမျှ အင်ပါယာ၏ အုတ်မြစ်ကို တူးဆွပြီး မိမိတို့၏ မိသားစုကို ကြီးပွားတိုးတက်စေရန် လုပ်ဆောင်ခဲ့ကြသူများ ဖြစ်သည်။

သို့သော်လည်း သူတို့သည် တုပိုင်နှင့် မည်သည့် ကိုယ်ရေးကိုယ်တာ ရန်ငြိုးမျှ မရှိခဲ့ကြချေ။ သို့သော်လည်း ဤလူနှစ်ဦးကို တုပိုင် မဖြစ်မနေ သတ်ဖြတ်ရမည် ဖြစ်လေ၏။ သူ၏ အကျိုးစီးပွား အရ ကြည့်မည်ဆိုလျှင် ၊ သူတို့ကို လီယွမ်ထက်ပင် ပို၍ သတ်ဖြတ်သင့်လေသည်။

လီယွမ်တွင် မည်သည့် အုတ်မြစ်မျှ မရှိခဲ့ချေ။ ဧကရာဇ်ယုံတယ်ကို သစ္စာဖောက်ပြီးနောက် ၊ သူသည် တာ့နင်အင်ပါယာတွင် ခြေကုပ်ယူစရာ နေရာ မရှိတော့ပေ။

သို့သော် ယွမ်ထိန်နှင့် လန်အောက်တို့မှာမူ ကွဲပြားလေ၏။ သူတို့သည် တစ်ချိန်က အင်ပါယာ၏ အကြီးမားဆုံးသော မြင့်မြတ်သည့် စစ်ဘုရင်များ ဖြစ်ခဲ့ကြပြီး ၊ နက်ရှိုင်းသော အုတ်မြစ်များ ရှိကြလေသည်။ အကယ်၍ သူတို့ကိုသာ အသက်ရှင်ခွင့် ပေးလိုက်မည်ဆိုပါက ၊ တုပိုင် မြောက်ပိုင်းမှ ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက် ၊ ဤလူနှစ်ဦးက ပြဿနာများ ဖန်တီးလာမည်ကို သူ စိုးရိမ်မိလေ၏။ မြောက်ပိုင်း တစ်ခုလုံးတွင် စစ်ရေးခေါင်းဆောင် တစ်ဦးတည်းသာ ရှိနိုင်ပြီး ၊ ထိုသူမှာ တုပိုင်၏ ဇနီးဖြစ်သူ မင်းသမီးနင်းရွှဲ့ပင် ဖြစ်လေ၏။

“နယ်စားမင်း နှစ်ပါး... ကျုပ်စိတ်မကောင်းပါဘူး” တုပိုင် သက်ပြင်းချကာ ဆိုပြီးနောက် ၊ သူ၏ လက်ကို ရုတ်တရက် ဝှေ့ယမ်းလိုက်လေ၏။

ယွမ်ထိန် နယ်စားမင်းမှာ တုန်လှုပ်သွားပြီး အသည်းအသန် အော်ဟစ်လိုက်လေ၏။ “နယ်စားမင်း တုပိုင်... ကျွန်တော်တို့ လက်နက်ချပါ့မယ် ၊ ကျွန်တော်တို့ မိသားစုတွေကို အနောက်တောင်ပိုင်းကို ပြောင်းရွှေ့ပေးပါ့မယ်။ ကျွန်တော့်ရဲ့ ယွမ်မိသားစုက မင်းကို မျိုးဆက် အဆက်ဆက် သစ္စာခံပါ့မယ်။”

လန်အောက် နယ်စားမင်း ကြောက်လန့်တကြား တောင်းဆိုလေ၏။ “နယ်စားမင်း တုပိုင်... ကျွန်တော်က လန်မိသားစုရဲ့ လူတွေ အားလုံး ၊ စစ်သည်တွေ အားလုံး ၊ ငွေကြေးတွေ အားလုံးကို အပ်နှင်းပါ့မယ်။ ကျွန်တော်တို့ကို သနားညှာတာပြီး အသက်ချမ်းသာပေးဖို့ပဲ တောင်းဆိုချင်တာပါ။”

တုပိုင် ခေါင်းရမ်းကာ ငြင်းဆန်လိုက်၏။ “စိတ်မကောင်းပါဘူး နယ်စားမင်း နှစ်ပါး။ ခင်ဗျားတို့ရဲ့ မိသားစုတွေက အနောက်တောင်ပိုင်းမှာဆိုရင် ကျုပ်တို့ နှိမ်နင်းရမယ့် အင်အားစု တစ်ခု ဖြစ်နေတယ်။ အဲဒီတော့ ခင်ဗျားတို့ကို အနောက်တောင်ပိုင်းဆီ ပြန်ဖိတ်ခေါ်လို့ မရဘူး။ အပြင်မှာ ထားဖို့ကလည်း စိတ်မချရဘူး ၊ အနောက်တောင်ပိုင်း နယ်မြေထဲကို ဝင်လာရင်လည်း ထပ်ပြီး ညစ်ညမ်းသွားစေလိမ့်မယ်။ အဲဒီတော့ ကျွန်တော် လုပ်နိုင်တာက... အမြစ်ပြတ် ရှင်းလင်းပစ်ဖို့ပဲ။ စိတ်မကောင်းပါဘူး။”

တုပိုင်သည် သူ၏ ညာလက်ကို ရုတ်တရက် ဝှေ့ယမ်းလိုက်လေ၏။ မဟာဆရာသခင် လီတောက်ယွဲ့သည် ရှေ့သို့ တက်လှမ်းလာပြီး ထက်မြက်သော ဓားဖြင့် ခုတ်ပိုင်းချလိုက်လေတော့သည်။

ယွမ်ထိန် နယ်စားမင်းနှင့် လန်အောက် နယ်စားမင်းတို့၏ ဦးခေါင်းများ မြေပြင်ပေါ်သို့ လိမ့်ဆင်းသွားလေ၏။

တစ်သက်တာလုံး ထင်ပေါ်ကျော်ကြားခဲ့သော ထိုလူနှစ်ဦးသည် ၊ နောက်ဆုံးတွင်တော့ အေးစက်လှသော လျောင်တုန်းဒေသ၌ သေဆုံးသွားခဲ့ကြရလေတော့သည်။ အစမှ အဆုံးထိ တုပိုင်သည် စိတ်မကောင်းဘူးဟု ပြောနေခဲ့သော်လည်း အကြည့်များကမူ အေးစက်နေလေ၏။

ထို့နောက်တွင်တော့ ၊ တုပိုင်၏ တပ်မတော်သည် အရှေ့ပိုင်း လျောင်တုန်းဒေသရှိ ပြည်နယ်များနှင့် စီရင်စုခွဲများ အားလုံးကို အလွယ်တကူ ပြန်လည် သိမ်းပိုက်နိုင်ခဲ့လေ၏။

ဟန်စစ်တပ် ရှစ်သောင်းနှင့် မွန်ဂိုစစ်တပ် နှစ်သောင်းကို ပြန်လည် ဖွဲ့စည်းခြင်းမှာ အလွန်တရာ ချောမွေ့ခဲ့လေသည်။ ထိုလူတစ်သိန်းမှာ လုံးလုံးလျားလျား ကြောက်လန့်တုန်လှုပ်နေခဲ့ကြ၏။ သူတို့သည် ငုံးတစ်ကောင်ထက်ပင် ပို၍ ကြောက်လန့်ရိုကျိုးနေကြပြီး တုပိုင်၏ မည်သည့် အမိန့်ကိုမဆို နာခံကြသည်။

သို့သော်လည်း ၊ ဂျာချင်စစ်သည် နှစ်သောင်းကို စုဆောင်း သိမ်းသွင်းခြင်းမှာမူ အတော်လေး စိတ်ပျက်ဖွယ် ကောင်းနေခဲ့လေ၏။

သူတို့သည် မည်သည့် ခုခံမှုမျိုးကိုမျှ မပြုလုပ်ခဲ့ကြသော်လည်း ၊ နှုတ်ဆိတ်နေကြပြီး ၊ တုပိုင်၏ အမိန့်များကို ရင်ထဲမှနေ၍ နာခံခြင်း မရှိဘဲ ၊ ဂရုမစိုက်သော ၊ ဆန့်ကျင်လိုသော သဘောထားကိုသာ ပြသနေကြလေသည်။

သူတို့၏ တိုက်ခိုက်ရေး စွမ်းရည်မှာ အလွန်တရာ အစွမ်းထက်လှပြီး ၊ မွန်ဂိုစစ်သည်များနှင့် ဟန်စစ်သည်များထက် သာလွန်ပေသည်။ သို့သော်လည်း တုပိုင်၏ သည်းခံနိုင်စွမ်းမှာ အလွန်အမင်း နည်းပါးနေခဲ့လေပြီ။ သူတို့၏ ဂရုမစိုက်မှုနှင့် ဆန့်ကျင်လိုမှုများကို ခံစားလိုက်ရပြီးနောက် ၊ သူ၏ ပထမဆုံးသော အတွေးမှာ သူတို့ကို သတ်ပစ်ရန်သာ ဖြစ်လေ၏။

ဂျာချင် လူဦးရေမှာ နည်းပါးလှပြီး ၊ ထိုလူနှစ်သောင်းမှာ သူတို့၏ တစ်ခုတည်းသော ကျန်ရစ်သည့် စစ်သည်များ ဖြစ်နေလေပြီ။ အကယ်၍ သတ်ပစ်လိုက်မည် ဆိုပါက ၊ အားလုံး မျိုးတုံးသွားမည်သာ ဖြစ်လေသည်။

“ဒါဆိုရင်လည်း သတ်ပစ်လိုက်။” တုပိုင် အေးစက်စွာ အမိန့်ပေးလိုက်၏။ “သူတို့က အရမ်း အစွမ်းထက်တယ် ဆိုရင်တောင်မှ ၊ သဘောမပေါက်ရင် သေဖို့ပဲ ရှိတယ်။ ငါက ဒီလူနှစ်သောင်းလောက်ကို အထင်ကြီးနေတာ မဟုတ်ဘူး။”

တုပိုင်သည် ထိုဂျာချင်စစ်သည် နှစ်သောင်းလုံးကို သတ်ပစ်ရန် အမိန့်ပေးတော့မည် ဖြစ်လေ၏။

ထိုအချိန်တွင် ဝမ်ယန်ယင်းတူ အပြေးအလွှား ရောက်ရှိလာပြီး ၊ တုပိုင်၏ အရှေ့၌ တိုက်ရိုက် ဒူးထောက်ကာ သူ၏ ဖိနပ်များကို အသည်းအသန် ဦးတိုက်လိုက်လေ၏။ “သခင်ကြီး... သနားညှာတာပါ။ သခင်ကြီး... သနားညှာတာပါ။” တုပိုင်သည် ဝမ်ယန်ယင်းတူကို ကြည့်လိုက်လေသည်။

ရက်အနည်းငယ်မျှ မတွေ့လိုက်ရချိန်အတွင်းမှာပင် ၊ သူ၏ ဆံပင်များမှာ လုံးဝနီးပါး ဖြူဖွေးသွားခဲ့လေပြီ။ ထိုနေ့က ၊ ဂျာချင်များ မျိုးတုံးပျောက်ကွယ်သွားမည့် ဘေးဆိုးကြီးမှ ကင်းဝေးစေရန်အတွက် ၊ ဝမ်ယန်ယင်းတူကို တုပိုင်ထံ လက်နက်ချ အရှုံးပေးရန် ဂျင်ထိုက်ဂျိက နောက်ဆုံး အမိန့်တော်ကို ချမှတ်ခဲ့ခြင်း ဖြစ်လေ၏။

တုပိုင် အန်တုန်းဆိပ်ကမ်းမှ ထွက်ခွာသွားစဉ်က ၊ ဝမ်ယန်ယင်းတူသည် နောက်မှ လိုက်မလာခဲ့ဘဲ ဂျင်ထိုက်ဂျိ၏ အလောင်းဘေးတွင် ဒူးထောက်ကာ အသံပြဲကြီးဖြင့် ငိုကြွေးနေခဲ့သည်။

တုပိုင် တည်ငြိမ်စွာဖြင့် မေးလိုက်၏။ “ဝမ်ယန်ယင်းတူ... မင်းက သေချင်နေတာ မဟုတ်ဘူးလား။ ဘာလို့ မသေသေးတာလဲ။”

ဝမ်ယန်ယင်းတူ၏ မျက်လုံးများထဲတွင် အလွန်တရာ နာကျင်နေသည့် အရိပ်အယောင်များ ထွက်ပေါ်နေပြီး ၊ တုန်ယင်စွာဖြင့် ဖြေကြားလေ၏။ “ဒီကျေးကျွန်က... သေခွင့် မရှိပါဘူး။ ဒီကျေးကျွန်သာ သေသွားရင် ဂျာချင်တွေ အားလုံး မျိုးတုံးသွားပါလိမ့်မယ်။”

တုပိုင် ခပ်ပြတ်ပြတ် ဆိုလေ၏။ “ဂျာချင်စစ်သည်တွေက အရမ်း အစွမ်းထက်ပါတယ်။ ဒါပေမဲ့ ငါ့တပ်မတော်အတွက် အမြဲတမ်း တိုက်ခိုက်ပေးဖို့ သူတို့ကို မလိုအပ်ပါဘူး။ ငါ့ကို အကြောင်းပြချက် တစ်ခု ပေးစမ်းပါ။ ဒီဂျာချင်စစ်သည် နှစ်သောင်းကို မသတ်ဖို့အတွက် မင်းမှာ စကားနှစ်ခွန်းပဲ ပြောခွင့်ရှိတယ်။”

ဝမ်ယန်ယင်းတူ ဦးညွှတ်ကာ ကတိပေးလေ၏။ “ကျေးကျွန်က ဂျာချင်စစ်သည်တွေကို ဦးဆောင်ပြီး သခင်ကြီးကို မျိုးဆက် အဆက်ဆက် သစ္စာခံပါ့မယ်။”

“ငါ အဲဒါကို အထင်မကြီးဘူး။” တုပိုင် မဲ့ပြုံးပြုံးလျက် တုံ့ပြန်လိုက်၏။ “ပထမ စကားတစ်ခွန်း ပြီးသွားပြီ။”

ယခင်က အကြိမ်တိုင်းတွင်မူ ၊ အခြားသူများကသာ တုပိုင်အား စကားသုံးခွန်း ပြောရန် အခွင့်အရေး ပေးခဲ့ကြခြင်း ဖြစ်သော်လည်း ၊ ယခုအခါတွင်မူ အခြားသူများကို စကားနှစ်ခွန်း ပြောရန် အခွင့်အရေး ပေးရမည့် တုပိုင်၏ အလှည့် ရောက်ရှိလာခဲ့လေပြီ။ စကားတစ်ခွန်းက မျိုးနွယ်စု တစ်ခုလုံး၏ ကံကြမ္မာကို ဆုံးဖြတ်ပေးလေ၏။

ဝမ်ယန်ယင်းတူမှာ တစ်ကိုယ်လုံး တုန်ယင်သွားပြီး ၊ သူ၏ နဖူးကို တုပိုင်၏ ခြေဖဝါးအောက်သို့ လုံးဝ အပ်နှင်းထားလိုက်ကာ တုန်ယင်စွာဖြင့် လျှောက်တင်လေ၏။ “အရှေ့ဘက် ပြည်ထောင်စုကို အနိုင်ယူဖို့အတွက် ၊ သခင်ကြီးက နောက်ထပ် နည်းလမ်းတစ်ခုကို ရှာဖွေရပါလိမ့်မယ်။ အကယ်လို့ သေနတ်တွေ တီထွင်ဖို့ ကြိုးစားမယ်ဆိုရင် ၊ သူတို့ကို လုံးဝ အမီလိုက်နိုင်မှာ မဟုတ်ပါဘူး။ အဲဒီတော့ သခင်ကြီးက တခြားကမ္ဘာက စွမ်းအင်လမ်းကြောင်း တစ်ခုကို သွားသင့်ပါတယ်။ အဲဒီအတွက် စမ်းသပ်ခံလူ အမြောက်အမြား လိုအပ်လာပါလိမ့်မယ်။ ကျွန်တော့်ရဲ့ ဂျာချင်စစ်သည် နှစ်သောင်းက သခင်ကြီးရဲ့ စမ်းသပ်ခံအဖြစ် လုပ်ဆောင်ပေးဖို့ ဆန္ဒရှိပါတယ်။ စမ်းသပ်မှုရဲ့ ရလဒ်တွေက ဘယ်လောက်ပဲ ကြောက်စရာကောင်းနေပါစေ... ကျွန်တော်တို့ ကျေနပ်ပါတယ်။”

ထိုအကြောင်းပြချက်က တုပိုင်ကို အလွန်တရာ အံ့အားသင့်သွားစေခဲ့လေ၏။

ထို့နောက် ၊ ဝမ်ယန်ယင်းတူ အလွန်တရာ နာကျင်စွာဖြင့် သစ္စာဆိုလေ၏။ “သခင်ကြီး... ကျေးကျွန်က တစ်ကြိမ် သစ္စာဖောက်ဖူးပါတယ်။ ဒုတိယတစ်ကြိမ် ထပ်ပြီး သစ္စာဖောက်ရတာက တကယ့်ကို အစစ်အမှန် သစ္စာဖောက်လိုက်တာပါ။ ဘာပဲဖြစ်ဖြစ်ပါ... ကျေးကျွန်က သခင်ကြီးရဲ့ အသစ္စာအရှိဆုံး ခွေးတစ်ကောင် ဖြစ်လာမှာပါ။ တစ်သက်လုံး သစ္စာဖောက်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်တော့ပါဘူး။”

ဤကဲ့သို့သော စကားမျိုးကို နှလုံးသား၊ ဝိညာဉ်တို့ဖြင့် ခံစားကာ ၊ သွေးဆူပွက်လောက်အောင် စိတ်အားထက်သန်စွာဖြင့် ပြောဆိုရမည် ဖြစ်လေသည်။ သို့သော်လည်း ဝမ်ယန်ယင်းတူ၏ ပါးစပ်မှ ထွက်ပေါ်လာချိန်တွင်မူ ၊ ယင်းက အလွန်တရာ နာကျင်ဖွယ် ကောင်းနေလေ၏။

​ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၁၃ + ၇၁၄ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters