အခန်း (၇၁၇-၇၁၈)
Vol. 72 Ch. 717-718
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၁၇ + ၇၁၈
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ဂူအာမင် မေးမြန်းလာ၏။ “သခင်ကြီး... ဒီစာအုပ်ထဲက ဆောင်းပါးတွေနဲ့ ကဗျာတွေ အားလုံးကို သခင်ကြီး ကိုယ်တိုင် ရေးသားခဲ့တာလား။”
တုပိုင် ပြန်ဖြေ၏။ “ဟုတ်တယ်၊ ဘာဖြစ်လို့လဲ။”
ဂူအာမင် ရှင်းပြလာ၏။ “ဘာမှမဖြစ်ပါဘူး၊ နည်းနည်း ထူးဆန်းနေလို့ပါ။ အရေးအသား ပုံစံတွေက တစ်သားတည်း မဖြစ်နေဘူး။ ဒါပေမဲ့ အလွန်ကို ကောင်းမွန်စွာ ရေးသားထားပါတယ်။ ကျွန်တော် အခါတစ်ထောင်လောက်တောင် ဖတ်ပြီးသွားပါပြီ။”
ထို့နောက် သူ ထွက်ခွာသွားလေ၏။ မထင်မှတ်ထားဘဲ သူသည် တုပိုင်၏ ပရိသတ်တစ်ဦး ဖြစ်နေသည်။
ဂူအာမင် ထွက်ခွာသွားပြီးနောက် တုပိုင်မှာမူ တွေးတောဆင်ခြင်ခြင်းထဲသို့ နစ်မြောသွားခဲ့လေ၏။
လက်ရှိအချိန်တွင် လောကတစ်ခွင်ရှိ လူတိုင်းသည် မေးခွန်းတစ်ခုကို မေးမြန်းရန် တွေးတောနေကြလောက်ပေမည်။ တုပိုင် ပုန်ကန်မည်လော။ ဧကရာဇ်ကို ချုပ်ကိုင်ပြီး မှူးမတ်များကို အမိန့်ပေးမည်လော။ ယခုအခါ သူသည် အမှန်တကယ်ပင် သူ၏ စွမ်းဆောင်မှုများအတွက် ဆုချီးမြှင့်ရန်ပင် မရှိတော့သည့် အနေအထားသို့ ရောက်ရှိနေခဲ့လေပြီ။
အခြားသော ခေတ်ကာလ မင်းဆက်များတွင်သာဆိုလျှင် ဧကရာဇ်သည် ငှက်ကုန်လျှင် လေးကိုသိမ်းကာ ယုန်သေလျှင် ခွေးကိုသတ်စားသည့် အခြေအနေမျိုးသို့ ဆိုက်ရောက်သွားမည်မှာ သေချာလှပေသည်။
သို့သော်လည်း လက်ရှိအချိန်တွင်မူ ထိုသို့ ပြုလုပ်ရန် မဖြစ်နိုင်ပေ။ ဧကရာဇ်သည် ထိုသို့ ပြုလုပ်လိုခဲ့လျှင်ပင် သူ၏ လက်ထဲတွင် စွမ်းဆောင်နိုင်စွမ်း မရှိခဲ့ချေ။
တုပိုင် မေးလိုက်၏။ “လီတောက်ယွဲ့... မင်းရဲ့ စိတ်ထဲမှာ ငါက ပုန်ကန်လိမ့်မယ်လို့ ထင်လား။”
လီတောက်ယွဲ့ တုပိုင်၏ လည်ပင်းအား သူမ၏ လက်မောင်းများဖြင့် ချက်ချင်း ရစ်သိုင်းဖက်တွယ်လိုက်ကာ ချွဲနွဲ့လေ၏။ “သေချာပေါက် မထင်ပါဘူး။ တုလန်က ဘယ်လိုလုပ်ပြီး ပုန်ကန်မှာလဲ။”
တုပိုင် ထောက်ခံလေ၏။ “ဟုတ်တယ် ၊ ငါက ဘယ်လိုလုပ်ပြီး ပုန်ကန်နိုင်မှာလဲ။”
ထို့နောက် လီတောက်ယွဲ့၏ နူးညံ့သော နှုတ်ခမ်းများက နမ်းရှိုက်လာခဲ့ကာ သူမ၏ ကျောက်စိမ်းကဲ့သို့ ဖြူဝင်းသော လက်လေးမှာ တုပိုင်၏ အဝတ်အစားများ အတွင်းသို့ တိုးဝင်လာခဲ့လေ၏။
တုပိုင် တားဆီးလိုက်၏။ “ငါက မင်းကို မေးခွန်းတစ်ခု မေးရုံသက်သက်ပါ ၊ ချစ်တင်းနှောဖို့ မဟုတ်ဘူး။”
သို့သော်လည်း အချိန်နှောင်းသွားခဲ့လေပြီ။ လီတောက်ယွဲ့သည် သူမ၏ အဝတ်အစားများကို ကိုယ်တိုင် စတင် ချွတ်ပစ်နေခဲ့လေပြီ ဖြစ်သည်။
ပြီးခဲ့သည့် အကြိမ်က တုပိုင်သည် ကိစ္စတစ်ခုခု ရှိနေပါက အလျင်စလို ချစ်တင်းမနှောသင့်ကြောင်း သတိပေးခဲ့ချိန်တွင် လီတောက်ယွဲ့ ဆိုသော ဤမိန်းမသည် အလွန် ဂန္ထဝင်မြောက်သော စကားတစ်ခွန်းကို ဆိုခဲ့ဖူးလေ၏။
“တုလန်... အဝတ်အစားတွေကို ချွတ်ပြီးသွားပြီပဲ ၊ အဲဒီတော့ ပြန်ဝတ်လို့ မရတော့ဘူးလေ။”
သူ ပုန်ကန်ပြီး ဧကရာဇ်ကို ချုပ်ကိုင်ကာ မှူးမတ်များကို အမိန့်ပေးလိမ့်မည်ဟု ပြောဆိုနေကြသည်လော။ သူတို့အားလုံး အမှန်တကယ်ပင် မျက်ကန်းများ ဖြစ်နေကြချေပြီ။ သူတို့သည် သူ့အား အလွန်တရာ အထင်သေးလွန်းနေကြလေပြီ။
**--**--**--**--**--**--**--**
မြို့တော်၌ ဧကရာဇ်ယုံတယ်သည် တုပိုင်အား ယခင်က တစ်ခါမျှ မရှိခဲ့ဖူးသော အမြင့်မားဆုံး အခမ်းအနား ကျင့်ဝတ်များဖြင့် ကြိုဆိုနှုတ်ဆက်လေ၏။
သူသည် မင်းသား သုံးပါးနှင့်တကွ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ မှူးမတ်အရာရှိ ရာပေါင်းများစွာအား ဦးဆောင်ကာ မြို့တော်မှ မိုင်သုံးဆယ် အကွာအဝေးထိ ထွက်ခွာလာပြီး ကြိုဆိုခဲ့လေ၏။ သူတို့၏ နောက်တွင်မူ တော်ဝင်စစ်သည် နှစ်ထောင်နှင့် မြို့တော်ရှိ ပြည်သူသောင်းပေါင်းများစွာ လိုက်ပါလာခဲ့ကြလေသည်။
ဤကဲ့သို့ ကြိုဆိုမှု အခမ်းအနားမျိုးမှာ သမိုင်းတွင် တစ်ခါမျှ မရှိခဲ့ဖူးချေ။ တုပိုင်၏ တပ်မတော်ကြီးမှာ တဖြည်းဖြည်း ပို၍ နီးကပ်လာသည်။
အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများသည် တပ်မတော်အား ဦးဆောင်လာသော နယ်စားမင်း တုပိုင်ကို စူးစိုက်ကြည့်နေခဲ့ကြကာ ဤမျှ ကြီးမားလှသော စွမ်းဆောင်ရည်ကြီးကို ရရှိခဲ့ပြီးနောက် သူ မောက်မာ ထောင်လွှားနေမည်လား ဆိုသည်ကို သိရှိလိုနေကြလေ၏။
ဧကရာဇ်နှင့် မီတာတစ်ရာခန့် အကွာအဝေးသို့ ရောက်ရှိချိန်တွင် တုပိုင် သူ၏ မြင်းပေါ်မှ ဆင်းကာ ဧကရာဇ် ရှိရာဆီသို့ အမြန် လျှောက်လှမ်းသွားခဲ့လေ၏။
ဧကရာဇ်၏ အရှေ့သို့ ရောက်သောအခါ သူ၏ ဝတ်ရုံကို ချက်ချင်း မကာ သုံးကြိမ်တိုင်တိုင် ဒူးထောက် ဦးညွှတ်လိုက်လေ၏။
“ကျေးကျွန်က အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ... ရှည်ပါစေ... ရှည်ပါစေ။”
သူ ဒူးမထောက်နိုင်မီတွင်ပင် ဧကရာဇ်ယုံတယ် တုပိုင်အား အသည်းအသန် ဖမ်းဆုပ် ထူမလိုက်ကာ ဒူးထောက်ခွင့် မပြုခဲ့ချေ။
ချက်ချင်းဆိုသလိုပင် ဧကရာဇ်ယုံတယ် တုပိုင်အား ဦးညွှတ်လိုက်ကာ မိန့်ကြားလေ၏။ “နင်မိသားစုရဲ့ ဘိုးဘေးတွေကို ကိုယ်စားပြုပြီးတော့ နယ်စားမင်း တုပိုင်ရဲ့ ကြီးမားလှတဲ့ ကျေးဇူးတော်အတွက် ငါကိုယ်တော် ကျေးဇူးတင်ပါတယ်။ မှူးမတ်အရာရှိ အားလုံး... တိုင်းပြည်ကို ကယ်တင်ပေးခဲ့တဲ့ နယ်စားမင်း တုပိုင်ရဲ့ ကျေးဇူးကို ဒူးထောက်ပြီး ကျေးဇူးတင်စကား ဆိုကြလော့။”
ရုတ်တရက်ဆိုသလိုပင် ဧကရာဇ်၏ နောက်ကွယ်ရှိ မင်းသား သုံးပါး အပါအဝင် အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ မှူးမတ်အရာရှိ အားလုံးသည် တုပိုင်၏ အရှေ့တွင် ညီညာစွာ ဒူးထောက်ချလိုက်ကြကာ အသံကျယ်လောင်စွာ ကြွေးကြော်လိုက်ကြလေ၏။ “တိုင်းပြည်ကို ကယ်တင်ပေးခဲ့တဲ့ နယ်စားမင်း တုပိုင်ကို ကျေးဇူးတင်ပါတယ်။”
တုပိုင် အလျင်စလို ပြန်လည် အရိုအသေပေးလိုက်ကာ မင်းသား သုံးပါးအား ချက်ချင်း ထူမပေးလိုက်လေ၏။
ဤကြိုဆိုမှု အခမ်းအနားမှာ အလွန်တရာ မြင့်မားလွန်းနေပြီဖြစ်၏။ ထို့နောက် ဧကရာဇ်ယုံတယ် အမိန့်ပေးလိုက်လေ၏။ “တုပိုင်... အမိန့်တော်ကို နာခံလော့။”
“ငါကိုယ်တော်သည် တုပိုင်အား အိမ်ရှေ့စံ၏ ဆရာသခင်အဖြစ် ခန့်အပ်လိုက်သည်။ ဤအမိန့်တော်ကို မှတ်သားလော့။”
တုပိုင် ဦးညွှတ်အရိုအသေပေး၏။ “အရှင်မင်းကြီးရဲ့ ကြီးမားလှတဲ့ ကျေးဇူးတော်အတွက် ကျေးကျွန်က ကျေးဇူးတင်ပါတယ်။”
ချက်ချင်းဆိုသလိုပင် မိန်းမစိုး အကြီးအကဲ တစ်ဦး ရှေ့သို့ တက်လှမ်းလာကာ အမိန့်တော်စာလွှာ တစ်ခုအား ဖြန့်ဖွင့်လိုက်ပြီး အသံကျယ်လောင်စွာ ကြွေးကြော်လေ၏။ “တုပိုင်... အမိန့်တော်ကို ခံယူလော့။”
“ကောင်းကင်ဘုံ၏ အလိုတော်အရ ဧကရာဇ်မင်းမြတ်၏ အမိန့်တော်အရ... တုပိုင်အား ကျန့်ရှီးဘုရင် အဖြစ် ခန့်အပ်လိုက်သည်။ ဤအမိန့်တော်ကို မှတ်သားလော့။”
ထို့နောက် တန်းစီနေသော အဖွဲ့ထဲရှိ မိန်းမစိုး ရာပေါင်းများစွာသည် တူရိယာ မျိုးစုံအား တီးမှုတ်လိုက်ကြကာ ဗုံသံများမှာလည်း တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့လေ၏။
နယ်မြေခွဲဝေပေးပြီး ဘုရင်ဘွဲ့ ချီးမြှင့်လိုက်ခြင်းလော။
တုပိုင်မှာ လုံးဝ တုန်လှုပ်သွားခဲ့ရလေ၏။
အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ မှူးမတ်အရာရှိများ အားလုံးလည်း အံ့အားသင့် မှင်သက်သွားကြရသည်။
ဘုရင်ဘွဲ့ကိုပင် ချီးမြှင့်လိုက်ခြင်းလော။ တာ့နင်အင်ပါယာ၏ သမိုင်းတစ်လျှောက်တွင် မျိုးရိုးမတူညီသော သူတစ်ဦးအား ဘုရင်ဘွဲ့ ချီးမြှင့်ခဲ့ခြင်းမျိုး တစ်ခါမျှ မရှိခဲ့ဖူးချေ။
ယခုအခါ ထိုသမိုင်းမှတ်တမ်းသည် တုပိုင်၏ အပေါ်တွင် ချိုးဖျက်ခံလိုက်ရပြီ ဖြစ်ကာ ဧကရာဇ်ယုံတယ်သည်လည်း ဤကိစ္စနှင့် ပတ်သက်၍ အရာရှိများအား ကြိုတင် အသိပေး တိုင်ပင်ခဲ့ခြင်း မရှိခဲ့ချေ။
သေချာပေါက်ပင် အကယ်၍သာ ဧကရာဇ်သည် ကြိုတင် တိုင်ပင်ခဲ့မည်ဆိုပါက အရာရှိများသည် ဤကိစ္စကို သေချာပေါက် တားဆီးကြမည်သာ ဖြစ်လေသည်။ အကြောင်းမူကား သူတို့၏ အမြင်တွင် တစ်ကြိမ် ဘုရင်အဖြစ် ခန့်အပ်လိုက်ပြီးသည်နှင့် နောက်ဆက်တွဲ အခြေအနေများမှာ ပြန်လည် ပြင်ဆင်၍မရနိုင်လောက်အောင် ဖြစ်သွားနိုင်သောကြောင့်ပင်။
ယခုအခါတွင်မူ အမိန့်တော်ကို လူသိရှင်ကြား ဖတ်ကြားပြီးသွားခဲ့ပြီ ဖြစ်ရာ မည်သို့မျှ ပြန်လည် ရုပ်သိမ်း၍ မရနိုင်တော့ချေ။
ဧကရာဇ်ယုံတယ် တုပိုင်အား အပြုံးတစ်ပွင့်ဖြင့် ကြည့်ကာ မိန့်ကြားလေ၏။ “ကျန့်ရှီးဘုရင်... အမိန့်တော်ကို ခံယူလော့။”
တုပိုင် လျှောက်တင်လေ၏။ “တာ့နင်အင်ပါယာက မျိုးရိုးမတူတဲ့ သူတွေကို ဘုရင်ဘွဲ့ မချီးမြှင့်ပါဘူး။ ကျေးကျွန်က ဒီအမိန့်တော်ကို လက်ခံဖို့ မဝံ့ရဲပါဘူး။ ကျေးဇူးပြုပြီး အမိန့်တော်ကို ပြန်လည် ရုပ်သိမ်းပေးတော်မူပါ။”
ထိုစကားများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ မှူးမတ်အရာရှိများ အလွန်တရာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြကာ တုပိုင် နောက်ဆုံးတွင်မူ အသိတရား ရလာလေပြီဟု တွေးလိုက်ကြ၏။
သို့သော် ဧကရာဇ်ယုံတယ်က ဆက်လက်ပြီး မိန့်ကြားလေ၏။ “ငါကိုယ်တော်က ဘယ်လိုလုပ်ပြီး ပြန်ရုပ်သိမ်းနိုင်မှာလဲ။”
တုပိုင် လျှောက်တင်လေ၏။ “ကျေးကျွန်က အမှန်တကယ်ကို လက်ခံဖို့ မဝံ့ရဲပါဘူး။”
ဧကရာဇ်ယုံတယ် အမိန့်ပေးလေ၏။ “မှူးမတ်အရာရှိတွေ အားလုံး... ကျန့်ရှီးဘုရင်ကို ဒူးထောက် အရိုအသေ မပေးကြဘူးလား။”
ရုတ်တရက်ဆိုသလိုပင် အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ မှူးမတ်အရာရှိများ တုပိုင်၏ အရှေ့တွင် နောက်ထပ် တစ်ကြိမ် ညီညီညာညာ ဒူးထောက်ချလိုက်ကြကာ အသံကျယ်လောင်စွာ ကြွေးကြော်ကြလေ၏။ “ကျေးကျွန်တွေက ကျန့်ရှီးဘုရင်မင်းမြတ်ကို ဂါရဝပြုပါတယ်။”
ဧကရာဇ်ယုံတယ် မိန့်ကြားလေ၏။ “ကျန့်ရှီးဘုရင်... အကယ်လို့ မင်းကသာ အမိန့်တော်ကို လက်မခံဘူးဆိုရင် မှူးမတ်အရာရှိတွေကလည်း ထနိုင်ကြတော့မှာ မဟုတ်ဘူး။”
တုပိုင် ဆက်လက် ငြင်းဆန်နေဆဲပင် ဖြစ်၏။ “ကျေးကျွန်က ရှက်ရွံ့မိပါတယ် ၊ လက်ခံဖို့ မဝံ့ရဲပါဘူး။”
ဧကရာဇ်ယုံတယ် မိန့်ကြားလေ၏။ “မှူးမတ်အရာရှိတွေ ဒူးထောက် အရိုအသေပေးတာကိုတောင် ကျန့်ရှီးဘုရင်က အမိန့်တော်ကို လက်မခံဘူးဆိုရင်... ငါကိုယ်တိုင်ပဲ ကျန့်ရှီးဘုရင်ရဲ့ ဘွဲ့ကို လက်ခံဖို့ မင်းကို ပန်ကြားရတော့မှာပေါ့။ စွမ်းဆောင်မှုတွေအတွက် ဆုမချဘူးဆိုတာကို ငါကိုယ်တော် ဘယ်တော့မှ ယုံကြည်မှာ မဟုတ်ဘူး။ အချစ်တော်အမတ်က အံ့မခန်း စွမ်းဆောင်မှုကြီးကို ပြုလုပ်ခဲ့တာ ၊ ငါကိုယ်တော်က ဘယ်လိုလုပ်ပြီး ဘုရင်ဘွဲ့ ချီးမြှင့်ဖို့ နှမြောတွန့်တိုနေနိုင်မှာလဲ။ ဘိုးဘေးတွေ လက်ထက်မှာ မျိုးရိုးမတူတဲ့ သူတွေကို ဘုရင်ဘွဲ့ ချီးမြှင့်ခဲ့တဲ့ သမိုင်း မရှိခဲ့ပေမယ့်လည်း ဘိုးဘေးတွေ လက်ထက်မှာ အချစ်တော်အမတ်လိုမျိုး ကြီးမားတဲ့ စွမ်းဆောင်မှုမျိုးလည်း မရှိခဲ့ဘူးလေ။ ဒါကြောင့် အချစ်တော်အမတ်ကို ကျန့်ရှီးဘုရင်အဖြစ် ခန့်အပ်တာက လုံးဝကို သင့်တော်မှန်ကန်လှပါတယ်။”
ထို့နောက် ဧကရာဇ်ယုံတယ် မှူးမတ်အရာရှိများ၏ အရှေ့တွင် ဦးညွှတ်ကာ မိန့်ကြားလေ၏။ “ကျေးဇူးပြုပြီး အချစ်တော်အမတ်က ဘုရင်ဘွဲ့ကို လက်ခံပေးပါ။ အဲဒီလိုမှ မဟုတ်ရင် ငါကိုယ်တော် စိတ်သက်သာရာ ရမှာမဟုတ်ဘူး။”
မှူးမတ်အရာရှိများ လုံးဝ အံ့အားသင့် မှင်သက်သွားကြလေ၏။
အခမ်းအနားကို လာရောက် ကြည့်ရှုနေကြသော ပြည်သူသောင်းပေါင်းများစွာလည်း အံ့အားသင့် မှင်သက်သွားကြလေသည်။
ဧကရာဇ်ယုံတယ် လက်အောက်ငယ်သားများအပေါ် ဤမျှအထိ ယဉ်ကျေးပျူငှာစွာ ဆက်ဆံလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြချေ။ ဤသည်မှာ ပထမဧကရာဇ်ထက်ပင် သာလွန်နေသေးလေ၏။
တုပိုင် ဤဘုရင်ဘွဲ့ ချီးမြှင့်ခြင်းအား အမှန်တကယ် တန်ဖိုးမထားခဲ့သော်လည်း ဤအချိန်တွင်မူ သူ ဆက်လက် ငြင်းဆန်၍ မရနိုင်တော့ချေ။
“ကျေးကျွန်က အရှင်မင်းကြီးရဲ့ ကြီးမားလှတဲ့ ကျေးဇူးတော်အတွက် ကျေးဇူးတင်ပါတယ်။” တုပိုင် ဒူးထောက် ဦးညွှတ်လိုက်လေ၏။
ရုတ်တရက်ဆိုသလိုပင် မှူးမတ်အရာရှိများနှင့် ပြည်သူသောင်းပေါင်းများစွာ ဒူးထောက်ချလိုက်ကြကာ အသံကျယ်လောင်စွာ ကြွေးကြော်ကြလေ၏။ “အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ... ရှည်ပါစေ... ရှည်ပါစေ။”
“ကျန့်ရှီးဘုရင်မင်းမြတ် သက်တော်ထောင်ကျော် ရှည်ပါစေ... ရှည်ပါစေ... ရှည်ပါစေ။”
ထို့နောက် ဧကရာဇ်ယုံတယ် မိန့်ကြားလေ၏။ “ကျေးဇူးပြုပြီး ကျန့်ရှီးဘုရင်က မြင်းပေါ် တက်ပါ။ မင်းအတွက် ငါကိုယ်တိုင် မြင်းကိုဆွဲပြီး မြို့တော်ထဲကို ခေါ်ဆောင်သွားပေးမယ်။”
တုပိုင် ဦးညွှတ်ကာ လျှောက်တင်လေ၏။ “အရှင်မင်းကြီး... အဲဒီလို လုံးဝ မလုပ်သင့်ပါဘူး ၊ လုံးဝ မလုပ်သင့်ပါဘူး။”
နောက်ဆုံးတွင်မူ နှစ်ဖက်စလုံး အလျှော့ပေးလိုက်ကြကာ ဧကရာဇ်သည် တော်ဝင်ဝါရောင် ရထားလုံးကို စီးနင်းလိုက်ပြီး တုပိုင်မှာမူ သူ၏ ဘေးမှ မြင်းစီးကာ အစောင့်အရှောက်အဖြစ် လိုက်ပါလာခဲ့လေ၏။
မှူးမတ်အရာရှိ တစ်စု နောက်မှ လိုက်ပါလာခဲ့ကြပြီး တော်ဝင်တပ်မတော်မှ သူတို့အား စောင့်ကြပ်ကာ မြို့တော်အတွင်းသို့ ခမ်းနားကြီးကျယ်စွာ ဝင်ရောက်လာကြလေ၏။
မြို့တော်အတွင်းသို့ ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် တုပိုင် ပြည်သူများ၏ ရူးသွပ်မတတ် စိတ်လှုပ်ရှားစွာ ကြိုဆိုနေကြသော ပင်လယ်ပြင်ကြီးထဲသို့ ကျရောက်သွားလေ၏။
ဧကရာဇ် တုပိုင်အား ကြိုဆိုရန်အတွက် ပြည်သူသိန်းပေါင်းများစွာကို စည်းရုံးထားခဲ့လေ၏။ လမ်းဆုံတိုင်း ၊ လမ်းသွယ်တိုင်းနှင့် ပြတင်းပေါက်တိုင်းတွင် အားပေးကြွေးကြော်နေကြသော မရေမတွက်နိုင်သည့် ပြည်သူများ ရှိနေလေသည်။
“အင်ပါယာ၏ ကယ်တင်ရှင်။”
“အင်ပါယာ၏ ကယ်တင်ရှင်။”
“နယ်စားမင်း တုပိုင်... မျိုးဆက် သောင်းချီတိုင်အောင် တည်တံ့ပါစေ။”
ဤခမ်းနားကြီးကျယ်လှသော ကြိုဆိုမှု အခမ်းအနားကြီးမှာ သမိုင်းတွင် တစ်ခါမျှ မရှိခဲ့ဖူးချေ။ ဧကရာဇ်ယုံတယ်သည် တုပိုင်အား တာ့နင်အင်ပါယာ၏ သမိုင်းတစ်လျှောက် အမြင့်မားဆုံးသော ဂုဏ်ထူးဆောင်ဘွဲ့ကို ချီးမြှင့်ခဲ့လေ၏။
ဤသည်မှာ နှစ်ရာပေါင်းများစွာ အတွင်း အမတ်တစ်ဦးအနေဖြင့် ရရှိနိုင်သော အမြင့်မားဆုံး ဂုဏ်ပြုခံရမှုပင် ဖြစ်လောက်ပေသည်။
**--**--**--**--**--**--**--**
တုပိုင် ဘုရင်အဖြစ် ခန့်အပ်ခံရလိမ့်မည်ဟု အမှန်တကယ်ပင် မတွေးမိခဲ့ချေ။ သူ၏ အမြင်တွင် နယ်စားမင်း ဘွဲ့များကို အဆင့်များစွာ ခွဲခြားနိုင်ပြီး ပထမအဆင့် မဟာနယ်စားမင်းများကို နိုင်ငံတော်အဆင့် နယ်စားမင်းများ အဖြစ်ပင် ခန့်အပ်နိုင်သေးလေ၏။
သို့သော်လည်း ဧကရာဇ်ယုံတယ် သူ့အား ဘုရင်အဖြစ် တိုက်ရိုက် ခန့်အပ်လိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။ ထို့အပြင် မှူးမတ်အရာရှိများနှင့် မရေမတွက်နိုင်သော ပြည်သူများ၏ အရှေ့တွင် သူ့အား ယခင်က တစ်ခါမျှ မရှိခဲ့ဖူးသော အမြင့်မားဆုံးသော အခမ်းအနား ကျင့်ဝတ်များနှင့် ဂုဏ်ထူးဆောင်ဘွဲ့ကို ချီးမြှင့်ခဲ့လေ၏။
ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုလျှင် ဤကိစ္စသည် တုပိုင်အတွက် အနည်းငယ်သော အကျပ်အတည်းကို ဖြစ်ပေါ်စေနိုင်ပြီး နောက်ဆက်တွဲ စေ့စပ်ဆွေးနွေးမှုများကိုလည်း ခံစစ် အနေအထားသို့ ရောက်ရှိသွားစေနိုင်လေသည်။
တစ်နေကုန် အောင်ပွဲခံ အခမ်းအနားများ ကျင်းပပြီးနောက် တုပိုင် ဧကရာဇ်နှင့်အတူ ထိုက်မြောင်ကျောင်းတော်သို့ သွားရောက်ကာ ဘိုးဘေးများကို ပူဇော်ကန်တော့ပြီး ကောင်းကင်နှင့် မြေကြီးကို ပူဇော်ခဲ့၏။
မွန်းလွဲပိုင်းတွင် သူတို့ နှစ်ဦး ကွယ်လွန်သူ ဧကရာဇ်ထျန်ယွင်၏ ဂူဗိမာန်သို့ သွားရောက်ကြကာ လီယွမ်၏ သေဒဏ်ကို တရားဝင် အကောင်အထည်ဖော်ပြီး သူ့အား ဓားချက်ပေါင်း ထောင်ချီကာ အသားလွှာသည့် ပြစ်ဒဏ်ကို စတင်ခဲ့လေ၏။
ထို့အပြင် ဧကရာဇ်ယုံတယ် ကိုယ်တိုင် ပထမဆုံး ဓားချက်ကို ခုတ်ထစ်ခဲ့လေ၏။
ဤရှက်ရွံ့စရာကောင်းသော သစ္စာဖောက်ကြီး နောက်ဆုံးတွင်မူ အဆိုးရွားဆုံးသော နိဂုံးချုပ်ကို ခံစားလိုက်ရလေပြီ။ ဓားချက်ပေါင်း ထောင်ချီ အလွှာခံရသည့် အလယ်တွင် သူ အော်ဟစ် ငိုယိုရင်း အကြိမ်ကြိမ် အခါခါ သတိလစ် မေ့မြောသွားလေ၏။
သို့သော်လည်း သူ သေဆုံး၍ မရနိုင်ခဲ့ချေ။ အကြောင်းမူကား သူ့အား ဂျင်ဆင်းဟင်းရည် အဆက်မပြတ် တိုက်ကျွေးကာ အသက်ဆက်ထားခဲ့ပြီး သူ သေဆုံးရန်အတွက် ဓားချက်ပေါင်း ထောင်ချီကို ခံစားရမည် ဖြစ်သောကြောင့်ပင်။
တုပိုင် လီလျန်တင်း၏ အုတ်ဂူကျောက်တိုင်ဆီသို့ ဦးညွှတ်ကာ လျှောက်တင်လေ၏။ “ဘိုးဘေးကြီး... ကျွန်တော် ဘိုးဘေးကြီးအတွက် လက်စားချေပေးလိုက်ပါပြီ။”
ညနေပိုင်း နန်းတော်သို့ ပြန်ရောက်သောအခါ တုပိုင်နှင့် ဧကရာဇ်တို့ မယ်တော်ကြီးထံ သွားရောက် ဂါရဝပြု တွေ့ဆုံကြလေ၏။
ညအချိန်သို့ ရောက်သောအခါ နောက်ဆုံးတွင်မူ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားခဲ့ပြီး ဧကရာဇ်နှင့် အမတ်တို့ နှစ်ဦးတည်း သီးသန့် စကားပြောဆိုနိုင်ကြလေပြီ။
နန်းတော်၏ စာကြည့်ဆောင် အတွင်း၌ တုပိုင်နှင့် ဧကရာဇ်ယုံတယ် နှစ်ဦးတည်းသာ ရှိ၏။ ယခင်က ရှိနေခဲ့သော တင်းမာမှုများနှင့် အနေရခက်မှုများ အားလုံး အရိပ်အယောင်မျှပင် မကျန်တော့သကဲ့သို့ လေထုမှာ အလွန်တရာ သဟဇာတဖြစ်ကာ ရွှင်လန်း တက်ကြွနေလေ၏။
တုပိုင် လျှောက်တင်လေ၏။ “အခုဆိုရင် လျောင်တုန်းစစ်ပွဲက ပြီးဆုံးသွားခဲ့ပါပြီ ၊ ကျေးကျွန်ကို လျောင်တုန်း ဘုရင်ခံ ရာထူးကနေ နုတ်ထွက်ခွင့် ပြုပါ။”
တုပိုင် သူကိုယ်တိုင် အစပြု၍ ရာထူးမှ နုတ်ထွက်ခဲ့ခြင်း ဖြစ်ရာ ဤသည်မှာ ဧကရာဇ်၏ ကျေးဇူးကို တုံ့ပြန်ခြင်း တစ်မျိုးဟုပင် ဆိုနိုင်ပေသည်။
ဧကရာဇ် ပြုံးကာ မိန့်ကြားလေ၏။ “ခွင့်ပြုတယ်။ အချစ်တော်အမတ်ရဲ့ အမြင်မှာဆိုရင် ဒီရာထူးကို ဆက်ခံဖို့ ဘယ်သူက သင့်တော်မလဲ။”
တုပိုင် လျှောက်တင်လေ၏။ “အခုဆိုရင် ဂျာချင်အင်ပါယာက ပျက်စီးသွားခဲ့ပြီ ဖြစ်သလို တံတိုင်းဂိတ်အပြင်ဘက် မိုင်ထောင်ချီတဲ့ နယ်မြေတွေကလည်း ကျွန်တော်တို့ တာ့နင်အင်ပါယာရဲ့ နယ်မြေတွေ ဖြစ်လာခဲ့ပါပြီ။ ဒါကြောင့် လျောင်တုန်းနယ်စပ်မြို့နဲ့ ကျီကျိုးနယ်စပ်မြို့ကို ကျီလျောင်နယ်စပ်မြို့ အဖြစ် ပေါင်းစည်းဖို့ ကျေးကျွန် တောင်းဆိုချင်ပါတယ်။”
နယ်စပ်မြို့ နှစ်ခုသာ ပေါင်းစည်းသွားမည်ဆိုပါက ကျီလျောင်နယ်စပ်မြို့သည် တာ့နင်အင်ပါယာ၏ အကြီးမားဆုံးသော ကာကွယ်ရေးဇုန်ကြီး တစ်ခု ဖြစ်လာမည်ဖြစ်ကာ အမြင့်မားဆုံးသော စစ်ရေးအင်အားလည်း ဖြစ်လာပေမည်။
ဧကရာဇ်ယုံတယ် မိန့်ကြားလေ၏။ “ခွင့်ပြုတယ်။ ဒီကျီလျောင်နယ်စပ်မြို့ရဲ့ အုပ်ချုပ်ရေးမှူးအဖြစ် ဘယ်သူက သင့်တော်မယ်လို့ အချစ်တော်အမတ် ထင်သလဲ။”
တုပိုင် လျှောက်တင်လေ၏။ “ဒီရာထူးကို မင်းသမီးနင်းရွှဲ့ တာဝန်ယူဖို့ ကျေးကျွန် အကြံပြုပါတယ်။ ဗိုလ်ချုပ်ဖူဟုန်ပင်းက ရှန်ဟိုင်ကွမ် တပ်မှူးချုပ် အဖြစ် တာဝန်ယူပြီး လီလင်းက ရှန်ယန် အစောင့်တပ်မှူးချုပ် အဖြစ် တာဝန်ယူဖို့ပါ။”
ဧကရာဇ်ယုံတယ် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် မိန့်ကြားလေ၏။ “ခွင့်ပြုတယ်။”
ဤနည်းအားဖြင့် ကျွီယုံကွမ်မှသည် ရှန်ဟိုင်ကွမ်နှင့် လျောင်တုန်း တစ်ခုလုံးရှိ စစ်ရေးအာဏာ အားလုံး မင်းသမီးနင်းရွှဲ့၏ လက်ထဲသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်လေ၏။
ထို့နောက် ဧကရာဇ် ဆက်လက် မိန့်ကြားလေ၏။ “ဝါန ခန်းနိတ်နိုင်ငံက အနည်းငယ် အားနည်းနေတယ် ဆိုပေမယ့်လည်း ငါကိုယ်တော်တို့ သတိထားပြီး ကာကွယ်ရမယ်။ ရွှမ်ဟွာနယ်စားမင်း လန်အောက် သေဆုံးသွားခဲ့ပြီ။ ရွှမ်ဟွာနယ်စပ်မြို့ရဲ့ အုပ်ချုပ်ရေးမှူး နေရာကို အချိန်အကြာကြီး လစ်လပ်မထားသင့်ဘူးလို့ ငါကိုယ်တော် ထင်တယ်။ ရွှမ်ဟွာနယ်စပ်မြို့ကို ပြန်လည် စတင်ဖို့နဲ့ စစ်သည်အင်အား ငါးသောင်း တပ်စွဲထားဖို့ ငါကိုယ်တော် ရည်ရွယ်ထားတယ်။ အချစ်တော်အမတ် ဘယ်လိုထင်လဲ။”
တုပိုင် လျှောက်တင်လေ၏။ “ဒီကိစ္စကိုတော့ အရှင်မင်းကြီး စိတ်ကြိုက် ဆုံးဖြတ်နိုင်ပါတယ်။”
ဧကရာဇ်ယုံတယ် မိန့်ကြားလေ၏။ “ရူလင်းနယ်စားမင်း မိသားစုကို ရွှမ်ဟွာ အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ဖို့ ငါကိုယ်တော် ရည်ရွယ်ထားတယ်။ အချစ်တော်အမတ် သဘောထားကရော ဘယ်လိုရှိလဲ။”
ရူလင်းနယ်စားမင်း မိသားစုသည် တာ့နင်အင်ပါယာ၏ မှူးမတ်မျိုးနွယ်စုများထဲမှ တစ်ခု ဖြစ်လေ၏။ သူ၏ ဖခင်သည် တစ်ချိန်က ရွှမ်ဟွာ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသော်လည်း လွန်ခဲ့သော ဆယ်စုနှစ် အနည်းငယ်ခန့်က စစ်ပွဲကြီးတစ်ခုတွင် ရှုံးနိမ့်ခဲ့မှုနှင့် နိုင်ငံရေးတိုက်ပွဲတွင် ကျရှုံးခဲ့မှုတို့ ပေါင်းစပ်သွားကာ ရွှမ်ဟွာ အုပ်ချုပ်ရေးမှူး နေရာမှာ လန်အောက်၏ လက်ထဲသို့ ကျရောက်သွားခဲ့ရလေ၏။
ယခုအခါ ဧကရာဇ်သည် ဤအချိန်ကာလ ကြာမြင့်စွာ ပျောက်ကွယ်နေခဲ့သော ရူလင်းနယ်စားမင်းအား ပြန်လည် အသက်သွင်းပေးလိုနေခြင်း ဖြစ်ရာ တစ်ဖက်လူသည် သူ့အပေါ် အလွန်တရာ ကျေးဇူးတင်နေမည်မှာ ထင်ရှားလှပေသည်။
တုပိုင် ချီးမွမ်းလျှောက်တင်လေ၏။ “အရှင်မင်းကြီး ဉာဏ်ပညာ ကြီးမားလှပါတယ်။”
ဤအချိန်အထိ နှစ်ဖက်စလုံးမှာ အတော်လေး ကျေနပ်နေကြလေ၏။
တုပိုင် ကျီလျောင်နယ်စပ်မြို့ရှိ စစ်ရေးနှင့် အုပ်ချုပ်ရေးအာဏာကို ရရှိခဲ့ကာ ဧကရာဇ်သည်လည်း ရွှမ်ဟွာနယ်စပ်မြို့ကို ရရှိခဲ့လေ၏။
**--**--**--**--**--**--**--**
သူတို့ နှစ်ဦး လက်ဖက်ရည် တစ်ခွက်စီ သောက်ကြလေ၏။
နောက်ထပ် ဆွေးနွေးမည့် ကိစ္စမှာမူ အရေးကြီးဆုံး ကိစ္စပင် ဖြစ်လေ၏။
ထို့နောက် ဧကရာဇ်ယုံတယ် ပြုံးကာ မေးမြန်းလေ၏။ “အချစ်တော်အမတ်မှာ တခြား တောင်းဆိုစရာတွေ ရှိသေးလား။”
တုပိုင် လျှောက်တင်လေ၏။ “အနောက်တောင်ပိုင်း မူဝါဒသစ်က ထူးခြားပြောင်မြောက်တဲ့ ရလဒ်တွေကို ရရှိခဲ့ပါပြီ ၊ ဒါကြောင့် အတိုင်းအတာ တစ်ခုအထိ ထပ်ပြီး ဖြန့်ကျက်ဖို့ ကျေးကျွန် ရည်ရွယ်ထားပါတယ်။”
ဤစကားများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဧကရာဇ်ယုံတယ်၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားလေ၏။ “အချစ်တော်အမတ်က ဘယ်ပြည်နယ်တွေကို ဖြန့်ကျက်ဖို့ ရည်ရွယ်ထားတာလဲ။”
တုပိုင် ဖြေကြားလေ၏။ “စိချွမ်းနဲ့ ဟူနန် ပြည်နယ်တွေပါ။”
ရုတ်တရက်ဆိုသလိုပင် ဧကရာဇ်၏ မျက်နှာမှာ အကြီးအကျယ် ပြောင်းလဲသွားလေတော့၏။
အချိန်အတန်ကြာပြီးနောက် ဧကရာဇ် မချိပြုံး ပြုံးကာ မိန့်ကြားလေ၏။ “အချစ်တော်အမတ်... ဒါက နည်းနည်းတော့ မသင့်တော်ဘူး။ မင်းက အနောက်တောင်ပိုင်း ပြည်နယ်သုံးခုကို အုပ်စိုးနေရုံတင်မကဘဲ ဘုရင်ဘွဲ့ကိုပါ ရရှိထားတာဆိုတော့ လုံးဝကို လုံလောက်နေပါပြီ။ နင်မိသားစုက ဘုရင်တွေတောင် ပြည်နယ်တစ်ခု ၊ ခရိုင်တစ်ခုစာ နယ်မြေလောက်ပဲ ပိုင်ဆိုင်ကြတာပါ။”
တုပိုင် ဦးညွှတ်ကာ လျှောက်တင်လေ၏။ “အရှင်မင်းကြီး... ကျေးကျွန်က စိချွမ်းနဲ့ ဟူနန်ပြည်နယ်တွေကို လိုချင်တာက အာဏာမက်လို့ မဟုတ်ပါဘူး။ တာ့နင်အင်ပါယာအတွက်နဲ့ မကြာခင် အရှေ့ဘက် ပြည်ထောင်စုနဲ့ ရင်ဆိုင်ရမယ့် စစ်ပွဲအတွက်ပါ။”
ဧကရာဇ်မှာ တိတ်ဆိတ်သွားလေ၏။
တုပိုင် ဆက်လက် ရှင်းပြလေ၏။ “ဖန်းမိသားစုရဲ့ အစီအစဉ်အရဆိုရင်... တာ့နင်အင်ပါယာရဲ့ မြောက်ပိုင်း တစ်ခုလုံးကို ဖျက်ဆီးပစ်ဖို့ ဂျာချင်အင်ပါယာကို အသုံးပြုပြီး ဂျင်ထိုက်ဂျိကို တားမြစ်မြို့တော်မှာ ဧကရာဇ်အဖြစ် ကြေညာခိုင်းဖို့ ရည်ရွယ်ခဲ့တာပါ။ အဲဒီလိုဆိုရင် အရှေ့ဘက် ပြည်ထောင်စုအနေနဲ့ တာတာတွေကို နှင်ထုတ်ဖို့ မြောက်ပိုင်းကို စစ်ချီနိုင်တဲ့ တရားဝင် အကြောင်းပြချက် ရသွားပြီး ဟန်လူမျိုးတွေရဲ့ နာမည်ကို ပြန်လည် အသက်သွင်းရင်း နန်ကျင်းက ယန်မင်းသားကို ထီးနန်းတက်စေပြီးတော့ တာ့နင်အင်ပါယာရဲ့ တရားဝင် ဆက်ခံသူအဖြစ် သတ်မှတ်လို့ ရသွားပါလိမ့်မယ်။ အဲဒီကနေတစ်ဆင့် တိုင်းပြည်ကို ခိုးယူမယ့် လုပ်ရပ်ကို အခွင့်ကောင်းယူ ပြီးမြောက်စေမှာပါ။”
ဧကရာဇ်ယုံတယ် ဆက်လက် တိတ်ဆိတ်နေလေ၏။
တုပိုင် ဆက်လက်လျှောက်တင်လေ၏။ “ဒါပေမဲ့ ဖန်းမိသားစုရဲ့ ပူးပေါင်းကြံစည်မှုက လုံးဝ ကျရှုံးသွားခဲ့ပါပြီ။ ဂျာချင်အင်ပါယာကိုလည်း ကျေးကျွန် ဖျက်ဆီးပစ်လိုက်ပါပြီ။ တောင်ပိုင်းပြည်နယ်တွေက အခွန်အခတွေနဲ့ ရိက္ခာတွေကို မြို့တော်ဆီ ဆက်ပြီး သယ်ဆောင်လာတော့မှာ မဟုတ်ပါဘူး။ ရေကြောင်းပို့ဆောင်ရေးက အချိန်မရွေး ပြတ်တောက်သွားနိုင်တဲ့ အန္တရာယ်လည်း အမြဲရှိနေပါတယ်။ ကျေးကျွန်က စိချွမ်းနဲ့ ဟူနန်ပြည်နယ်တွေကို ထိန်းချုပ်လိုက်မယ်ဆိုရင် ကုန်းလမ်းကနေ သယ်ယူရင်တောင် မြို့တော်နဲ့ မြောက်ပိုင်းဒေသတွေအတွက် လုံလောက်တဲ့ ရိက္ခာကို ထောက်ပံ့ပေးနိုင်မှာပါ။”
ဧကရာဇ် တည်ငြိမ်စွာ မိန့်ကြားလေ၏။ “ဒီနှစ် ရှန်းတုန်း ၊ ဟီနန် ၊ ဟူပေ ၊ ရှန်ရှီးနဲ့ ရှန်အန်းရှီး ပြည်နယ်တွေမှာ ရာသီဥတု ကောင်းမွန်တာကြောင့် အထွက်နှုန်း ကောင်းနိုင်ပါတယ်။”
ဤစကား၏ သွယ်ဝိုက်သော အဓိပ္ပာယ်မှာ အနောက်တောင်ပိုင်းမှ ရိက္ခာလိုအပ်ချက်သည် ကြီးမားတော့မည် မဟုတ်သောကြောင့် တုပိုင်၏ အကြောင်းပြချက်မှာ ခိုင်လုံမှု မရှိကြောင်း ဆိုလိုခြင်းပင် ဖြစ်လေ၏။
တုပိုင် ဆက်လက်လျှောက်တင်လေ၏။ “အရှေ့ဘက် ပြည်ထောင်စုရဲ့ မဟာဗျူဟာအရ သူတို့က တာ့နင်အင်ပါယာရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် နိုင်ငံရေးနည်းလမ်းတွေကို အမြဲတမ်း အသုံးပြုချင်ခဲ့တာပါ။ ဒါပေမဲ့ အခုတော့ ကျွန်တော်တို့ အပြည့်အဝ အောင်ပွဲခံနိုင်ခဲ့ပြီဆိုတော့ နောက်တစ်ဆင့်အနေနဲ့ ကျေးကျွန်ရဲ့ အနောက်တောင်ပိုင်းဟာ အရှေ့ဘက် ပြည်ထောင်စုရဲ့ စစ်ရေးအရ တိုက်ခိုက်မှုတွေကို ရင်ဆိုင်ရနိုင်ပါတယ်။ ကုန်းကြောင်းရော ရေကြောင်းကပါ ဘက်စုံ တိုက်ခိုက်လာနိုင်ပါတယ်။”
“ဒီအချိန်က လအနည်းငယ် ဒါမှမဟုတ် ဒီထက်တောင် ပိုတိုတောင်းနိုင်ပါတယ်။ အရှေ့ဘက် ပြည်ထောင်စုနဲ့ ဆင်နွှဲရမယ့် ဒီအဆုံးအဖြတ် တိုက်ပွဲက ကျွန်တော်တို့ ထင်ထားတာထက် ပိုမြန်မြန် ရောက်လာနိုင်ပါတယ်။” တုပိုင် ရှင်းပြလေ၏။ “အရှေ့ဘက် ပြည်ထောင်စုရဲ့ အင်အားကိုတော့ ထပ်ပြီး ရှင်းပြနေစရာတောင် မလိုတော့ပါဘူး။ သူတို့နဲ့ ယှဉ်လိုက်ရင် ဂျာချင်အင်ပါယာ ဆိုတာက လူရိုင်းတွေ သက်သက်ပါပဲ။ စိချွမ်းနဲ့ ဟူနန် ပြည်နယ်တွေကို ထိန်းချုပ်နိုင်မှသာ ကျေးကျွန်ရဲ့ အနောက်တောင်ပိုင်းက ပြီးပြည့်စုံတဲ့ နယ်မြေတစ်ခု ဖြစ်လာပြီး ရန်သူတွေရဲ့ ညှပ်ပိတ်တိုက်ခိုက်တာကို တားစီးနိုင်မာပါ။”
ဤသည်မှာ အကြီးမားဆုံးသော အမှန်တရားပင် ဖြစ်လေ၏။ ဟူနန်ပြည်နယ်၏ ရိက္ခာများကို ရရှိရန် အာမခံနိုင်ခြင်း ၊ ထို့အပြင် ဖန်းအုပ်စုအား တိုက်ခိုက်နိုင်သော ကျန်းနန် အခြေစိုက်စခန်းဆီသို့ ဝင်ရောက်နိုင်ခြင်းတို့ပင် ဖြစ်လေ၏။ ဆုတ်ခွာရမည် ဆိုပါကလည်း အနောက်တောင်ပိုင်းကို ကာကွယ်နိုင်မည် ဖြစ်သည်။
လူဦးရေနှင့် မြေယာ အမြောက်အမြား ရှိသော စိချွမ်းမြစ်ဝှမ်း ဒေသကိုမူ ပြောစရာပင် လိုမည် မဟုတ်ချေ။
ဟူနန် ၊ စိချွမ်းနှင့် တုပိုင်၏ နယ်မြေများ ပေါင်းစပ်သွားမှသာ ပြီးပြည့်စုံသော တိုက်ခိုက်ရေးနှင့် ကာကွယ်ရေး စနစ်တစ်ခု ရရှိမည် ဖြစ်ကာ အရှေ့ဘက် ပြည်ထောင်စုအား ပြန်လည် တိုက်ခိုက်ရန် လုံလောက်သော လူဦးရေနှင့် လုံလောက်သော နယ်မြေအကျယ်အဝန်းကို ပိုင်ဆိုင်နိုင်မည် ဖြစ်လေ၏။
သို့သော်လည်း ယခုအခါ စိချွမ်းနှင့် ဟူနန် ပြည်နယ်များကို ဧကရာဇ်ယုံတယ် စေလွှတ်ထားသော အရာရှိများက ထိန်းချုပ်ထား၏။ ဧကရာဇ်၏ အမြင်တွင်မူ ဤပြည်နယ်နှစ်ခုမှာ သူ၏ ကိုယ်ပိုင်နယ်မြေများပင် ဖြစ်သည်။
ဧကရာဇ်ယုံတယ် မိန့်ကြားသည်။ “အခုဆိုရင် စိချွမ်းနဲ့ ဟူနန် ပြည်နယ်တွေက ကိုယ်တော်တို့ တာ့နင်အင်ပါယာအပေါ် သစ္စာစောင့်သိကြပါတယ်။ ရန်သူတွေရဲ့ ညှပ်ပိတ် တိုက်ခိုက်တာကို ခံရမယ်ဆိုပြီး ကျန့်ရှီးဘုရင် စိုးရိမ်ပူပန်နေစရာ မလိုပါဘူး။”
တုပိုင် လျှောက်တင်လေ၏။ “အရှင်မင်းကြီး... အဲဒီ ဒေသခံ အရာရှိတွေရဲ့ စရိုက်ကို အရှင်မင်းကြီး နားမလည်တာလား။ တိုက်ပွဲတွေ တကယ် စတင်လာတဲ့အခါ အဲဒီ ဘုရင်ခံတွေနဲ့ တပ်မှူးတွေက တစ်ယောက်ပြီး တစ်ယောက် လက်နက်ချကြပြီးတော့ ကျေးကျွန်ရဲ့ ကျောကို ဓားနဲ့ ထိုးကြပါလိမ့်မယ်။ တာ့နင်အင်ပါယာကြီးကို ကယ်တင်နိုင်ဖို့နဲ့ အရှေ့ဘက် ပြည်ထောင်စုနဲ့ အဆုံးအဖြတ် တိုက်ပွဲ ဆင်နွှဲနိုင်ဖို့အတွက် ကျေးကျွန်က စိချွမ်းနဲ့ ဟူနန် ပြည်နယ် နှစ်ခုကို ကိုယ်တိုင် ကိုယ်ကျ ထိန်းချုပ်ဖို့ အမှန်တကယ် လိုအပ်ပါတယ်။”
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၁၇ + ၇၁၈ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team