← Chapters

အခန်း (၇၁၉-၇၂၀)

Vol. 72 Ch. 719-720

အခန်း (၇၁၉-၇၂၀)

Vol. 72 Ch. 719-720

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၁၉ + ၇၂၀

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ဧကရာဇ်ယုံတယ် တည်ငြိမ်အေးစက်စွာ မိန့်ကြားလေ၏။ “ကျန့်ရှီးဘုရင်... ငါကိုယ်တော် ခန့်မှန်းတာသာ မမှားဘူးဆိုရင် လီမိသားစုရဲ့ တာ့ယန်တိုင်းပြည် မဟာဗျူဟာကလည်း စိချွမ်းနဲ့ ဟူနန် ပြည်နယ်တွေကို သိမ်းပိုက်ဖို့ပဲ မဟုတ်လား။ ဒီပြည်နယ် နှစ်ခုကို သိမ်းပိုက်နိုင်မှသာ လီမိသားစုရဲ့ တိုင်းပြည်က ပြီးပြည့်စုံသွားမှာလေ။ အချစ်တော်အမတ်ရဲ့ မဟာဗျူဟာက လီမိသားစုရဲ့ တာ့ယန်တိုင်းပြည်နဲ့ ဘယ်လိုလုပ်ပြီး တိုက်ဆိုင်နေရတာလဲ။”

ဤသည်မှာ သူ၏ စိတ်ရင်းအမှန်ကို ထုတ်ဖော်ခြင်းပင် ဖြစ်လေ၏။

တုပိုင်၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားကာ လျှောက်တင်လေ၏။ “အရှင်မင်းကြီး... ကျေးကျွန်က ပုန်ကန်ချင်နေတယ်လို့ ပြောချင်နေတာလား။”

ဧကရာဇ်ယုံတယ် ငြင်းဆန်လေ၏။ “ငါကိုယ်တော် အဲဒီလို မပြောပါဘူး။”

ထို့နောက် ဧကရာဇ် စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်သွားကာ ဆက်လက် မိန့်ကြားသည်။ “မဟာနယ်စားမင်းတုပိုင်... မောင်မင်းက ကြီးမားတဲ့ စွမ်းဆောင်မှုတွေကို ပြုလုပ်ခဲ့တယ်။ ဒါပေမဲ့ မောင်မင်းအတွက် ပေးတဲ့ ဆုလာဘ်ကလည်း မနည်းဘူး မဟုတ်လား။ တာ့နင်အင်ပါယာရဲ့ ဘိုးဘေးတွေက ဘုရင်ဘွဲ့ မချီးမြှင့်ခဲ့ဖူးပေမယ့် ငါကိုယ်တော်က မောင်မင်းကို ချီးမြှင့်ပေးခဲ့တယ်။”

“မောင်မင်းကို အရင်က တစ်ခါမှ မရှိခဲ့ဖူးတဲ့ အမြင့်မားဆုံး ဂုဏ်ပြုမှုကို ပေးအပ်ခဲ့တယ်။ မောင်မင်းက ကျီလျောင်နယ်စပ်မြို့ရဲ့ စစ်ရေးအာဏာကို လိုချင်တယ်ဆိုတော့လည်း ငါကိုယ်တော် ပေးခဲ့ပြီးပြီလေ။ နန်းတော် တစ်ခုလုံးနဲ့ ငါကိုယ်တော့်ရဲ့ အသက်ကအစ မောင်မင်းရဲ့ လက်ထဲမှာ ရှိနေတယ်လို့ ပြောလို့ရသလို မြို့တော်ရဲ့ စစ်ရေးအာဏာကလည်း မောင်မင်းရဲ့ လက်ထဲမှာပဲ ရှိနေတာပဲ။ မောင်မင်း ဘာတွေများ ထပ်ပြီး လိုချင်နေသေးလို့လဲ။”

တုပိုင် ကျယ်လောင်စွာ လျှောက်တင်လေ၏။ “အရှင်မင်းကြီး... မင်းသမီးနင်းရွှဲ့က ကျေးကျွန်ရဲ့ ဇနီးသည် ဖြစ်ရုံတင်မကဘဲ အရှင်မင်းကြီးရဲ့ ညီမတော်လည်း ဖြစ်တယ်ဆိုတာကို မမေ့ပါနဲ့။ အရှင်မင်းကြီးက ကျေးကျွန်ကို မယုံကြည်ဘူး ဆိုရင်တောင် မင်းသမီးကို မယုံကြည်ဘူးလား။”

ဧကရာဇ်ယုံတယ်လည်း ကျယ်လောင်စွာ ပြန်လည် မိန့်ကြားလေ၏။ “ကျန့်ရှီးဘုရင်... သွားပြီး မြေပုံကို ကိုယ်တိုင် ကြည့်လိုက်စမ်းပါ။ လျောင်တုန်း အရှေ့ပိုင်းက မင်းပိုင်တယ်။ ဝါတန်ခန်းနိတ်နိုင်ငံရဲ့ မိုင်ထောင်ချီ ကျယ်ဝန်းတဲ့ မြက်ခင်းပြင်တွေကလည်း မင်းပိုင်တယ် ၊ ကျီကျိုး နယ်စပ်မြို့ရဲ့ စစ်ရေးနဲ့ နိုင်ငံရေး အာဏာကလည်း မင်းပိုင်တယ်။ အနောက်တောင်ပိုင်း ပြည်နယ် သုံးခုကလည်း မင်းပိုင်တာပဲ။ တာ့နင်အင်ပါယာ တစ်ခုလုံးရဲ့ တစ်ဝက်က မင်းပိုင်နေပြီ ဖြစ်သလို မင်းရဲ့ နယ်မြေက ဖန်းမိသားစုထက်တောင် ပိုပြီး ကြီးမားနေပြီ။ ဒါကို ဘာဖြစ်လို့ ငါကိုယ်တော်တို့ရဲ့ စိချွမ်းနဲ့ ဟူနန် ပြည်နယ်တွေကို လိုချင်နေရတာလဲ။ မင်းကိုယ်မင်း အရမ်း လောဘကြီးလွန်းနေပြီလို့ မထင်ဘူးလား။”

ရုတ်တရက်ဆိုသလိုပင် တုပိုင်မှာ လုံးဝ စကားဆွံ့အသွားရလေ၏။ လျောင်တုန်းဒေသကို သိမ်းပိုက်ပြီးနောက် အရပ်ဘက် အာဏာများ အားလုံးကို သူ လုံးဝ ဝင်ရောက် စွက်ဖက်မည် မဟုတ်ချေ။

အရှေ့ဘက် ပြည်ထောင်စုမှ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်လာနိုင်ခြေကို ကာကွယ်ရန် မြောက်ပိုင်းတွင် စစ်တပ် တပ်စွဲထားရုံမှလွဲ၍ မြောက်ပိုင်း တစ်ခုလုံး၏ စီးပွားရေးနှင့် နိုင်ငံရေး အာဏာများကိုပင် သူ ဝင်ရောက် စွက်ဖက်ခြင်း မရှိခဲ့ချေ။

တုပိုင် လေးနက်တည်ကြည်စွာ လျှောက်တင်လေ၏။ “အရှင်မင်းကြီး... အခုဆိုရင် မြောက်ပိုင်း တစ်ခုလုံးက လွတ်ဟာနေပါပြီ။ အကယ်လို့ ကျေးကျွန်ကသာ စစ်တပ် တပ်စွဲမထားဘူးဆိုရင် လျောင်တုန်းဒေသ တစ်ခုလုံးကို စွန့်လွှတ်လိုက်ရမှာလား။ အရှေ့ဘက် ပြည်ထောင်စုကို ပေးလိုက်ရမှာလား ၊ ဝါန ခန်းနိတ်နိုင်ငံကို ပေးလိုက်ရမှာလား။”

ထိုစကားများကို ကြားလိုက်ရသောအခါ ဧကရာဇ်မှာ အမျက်ဒေါသ ထွက်သွားလေ၏။

တုပိုင် သူ့အား ပါးရိုက်လိုက်သကဲ့သို့ ခံစားလိုက်ရကာ ဧကရာဇ်တစ်ပါး ဖြစ်သော်လည်း သူ၏ လက်ထဲတွင် စစ်သားတစ်ယောက်မျှ မရှိကြောင်း လှောင်ပြောင် သရော်နေသည်ဟု ထင်မှတ်သွားလေ၏။

“ကျန့်ရှီးဘုရင်... မင်းကိုယ်မင်း တိုင်းပြည်အပေါ် သစ္စာရှိတဲ့ အမတ်ကောင်းကြီး တစ်ယောက်လို့ ထင်နေတာလား။” ဧကရာဇ် ဒေါသတကြီး မိန့်ကြားလေ၏။ “ဒါပေမဲ့ ဘယ်လို သစ္စာရှိတဲ့ အမတ်ကများ ဧကရာဇ်ဆီကနေ ပြည်နယ်နှစ်ခုစာ နယ်မြေကို တောင်းရဲမှာလဲ။ ပြီးတော့ တာ့နင်အင်ပါယာရဲ့ နယ်မြေတစ်ဝက်ကို သိမ်းပိုက်ထားပြီးတော့ ဘယ်လို သစ္စာရှိတဲ့ အမတ်ကများ ကိုယ့်ရဲ့ ဧကရာဇ်ကို အကျပ်ကိုင် ခြိမ်းခြောက်ရဲမှာလဲ။”

တုပိုင် လျှောက်တင်လေ၏။ “အရှင်မင်းကြီး... ကျေးကျွန်က စိချွမ်းနဲ့ ဟူနန်ကို လိုချင်တာ ကိုယ့်အတွက်လား။ အင်ပါယာရဲ့ ကြီးမြတ်တဲ့ အရေးကိစ္စအတွက်လား။”

“ကျန့်ရှီးဘုရင်... ဂျာချင်အင်ပါယာက ရှန်ဟိုင်ကွမ်ကို သိမ်းပိုက်တော့မယ့် အချိန်တုန်းက ငါကိုယ်တော် ထွက်ပြေးဖို့ တစ်ခါမှ မတွေးခဲ့ဘူး။ ဘာလို့လဲဆိုတော့ ငါကိုယ်တော်က သေရမှာကို မကြောက်လို့ပဲ။ ဧကရာဇ်ဆိုတာ တိုင်းပြည်နဲ့အတူ အသေခံရမှာပဲ။ အခုလည်း မြို့တော်ရဲ့ စစ်ရေးအာဏာကို မင်းလက်ထဲ အပ်ဖို့ ရဲဝံ့တယ် ၊ ငါကိုယ်တော့်ရဲ့ စည်းစိမ်နဲ့ အသက်ကို မင်းလက်ထဲ အပ်ဖို့ ရဲဝံ့တယ်။”

“အဲဒါက ငါကိုယ်တော် သေရမှာကို မကြောက်ဘူးဆိုတာ သက်သေပြနေတာပဲ။” ဧကရာဇ် တဲ့တိုးပင် မိန့်ကြားလေ၏။ “ကျန့်ရှီးဘုရင်... အကယ်လို့ မင်းက စိချွမ်းနဲ့ ဟူနန် ပြည်နယ်တွေကို လိုချင်တယ်ဆိုရင် ကိုယ်တိုင် သွားယူလိုက်ပါ။ ငါကိုယ်တော်ကတော့ မင်းကို မပေးနိုင်ဘူး။”

“အဲဒီလောက်တင် မကဘူး... ငါကိုယ်တော့်ရဲ့ အသက်က ဒီမှာရှိတယ် ၊ မင်း လိုချင်တဲ့ အချိန်မရွေး လာယူလို့ ရတယ်။”

ခေါင်းမာလွန်းသော ဧကရာဇ်ယုံတယ်အား ကြည့်လိုက်ရာ သူ၏ ပိန်လှီသော မျက်နှာထက်တွင် ပကတိ ပြတ်သားသော စိတ်ဆန္ဒများ အထင်းသား ပေါ်လွင်နေပြီး မျက်ဝန်းများမှာလည်း ပြင်းထန်တင်းမာမှုများ ကိန်းအောင်းနေလေ၏။

တုပိုင် ရုတ်တရက်ဆိုသလို မင်မင်းဆက်၏ ဧကရာဇ် ချုံးကျန့်ကို သတိရသွားလေ၏။

ထိုသူနှစ်ဦးစလုံး ထပ်တူ ဉာဏ်ကောင်းကြကာ ထပ်တူ ခေါင်းမာကြပြီး အမြင်ကျဉ်းမြောင်းရုံသာမက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းလှကြပေသည်။ သူတို့၌ နက်ရှိုင်းသော အတွေးအခေါ်များ ရှိကြသော်လည်း အလွန်တရာ မိမိဆန္ဒကိုသာ ဦးစားပေးတတ်ကြကာ ဒေါသကို မထိန်းချုပ်နိုင်ကြဘဲ စကားများကိုလည်း ဖုံးကွယ်ထားနိုင်ခြင်း မရှိကြချေ။

ထို့အပြင် သူတို့ အမှန်တကယ်ပင် သေရမည်ကို မကြောက်ရွံ့ကြပေ။

ဧကရာဇ်ယုံတယ် တုပိုင်အပေါ် တတ်နိုင်သမျှ အကောင်းဆုံး ပြုမူခဲ့ပြီဟု ခံစားနေပြီး ချီးမြှင့်ထားသော ဂုဏ်ပြုမှုများနှင့် ဆုလာဘ်များမှာ ပထမဧကရာဇ် ချီးမြှင့်ခဲ့သည်ထက် လျော့နည်းမနေခဲ့ချေ။

သို့သော် တုပိုင် ကျေနပ်ရောင့်ရဲမှု မရှိဘဲ သူ၏ လက်များကို စိချွမ်းနှင့် ဟူနန် ပြည်နယ်များဆီသို့ ဆန့်ထုတ်လာခဲ့လေ၏။ ဤသည်မှာ မည်မျှတောင် လောဘကြီးလွန်းလိုက်သနည်း။

သို့သော် တုပိုင် ဤကျန့်ရှီးဘုရင်ဘွဲ့ကို လုံးဝ တန်ဖိုးမထားခဲ့ချေ။ သူ တန်ဖိုးထားသည်မှာ အရှေ့ဘက် ပြည်ထောင်စုနှင့် ဆင်နွှဲရမည့် လာမည့် စစ်ပွဲသာ ဖြစ်လေ၏။ သူ လိုအပ်သည်မှာ စိချွမ်းနှင့် ဟူနန် ဖြစ်ပြီး ပြီးပြည့်စုံသော ကာကွယ်ရေးစနစ် တစ်ခု ဖြစ်လေသည်။

ဧကရာဇ်ယုံတယ်၏ အမြင်တွင်မူ တုပိုင် ကိုယ်ပိုင် အာဏာမက်မောမှုနှင့် နယ်မြေချဲ့ထွင်မှုအတွက် ပြုလုပ်နေခြင်းဟုသာ မြင်နေခဲ့လေ၏။ သူတို့နှစ်ဦး၏ အမြင်များ အလွန်တရာ ကွာဟလွန်းနေကာ တံတားထိုး ဆက်သွယ်ပေးရန်ပင် မဖြစ်နိုင်တော့ချေ။

“ကျေးကျွန် ခွင့်ပန်ပါတယ်” တုပိုင် ဦးညွှတ်ကာ ထွက်ခွာသွားလေ၏။

နန်းတော်တံခါးဝမှ သူ ထွက်ခွာသွားချိန်တွင် ဧကရာဇ်ယုံတယ် သတိပေးလိုက်လေ၏။ “ကျန့်ရှီးဘုရင်... ဆုံးဖြတ်ချက် တစ်ခုခု မချခင် ပထမဧကရာဇ် မင်းအပေါ် ဘယ်လောက်တောင် ကျေးဇူးကြီးမားခဲ့သလဲ ဆိုတာကို ပြန်စဉ်းစားစေချင်တယ်။ သောက်ရေသောက်တဲ့အခါ ရေထွက်တဲ့ မြစ်ဖျားခံရာကို သတိရရမယ်။”

ဧကရာဇ် နောက်ထပ် စကားတစ်ခွန်းမျှ ထပ်မဆိုတော့ချေ။

အကယ်၍သာ တုပိုင် စိချွမ်းနှင့် ဟူနန် ပြည်နယ်များကို သိမ်းပိုက်ရန် စစ်တပ် စေလွှတ်လိုက်မည် ဆိုပါက တာ့နင်အင်ပါယာ၏ ပုန်ကန်သူ သစ္စာဖောက်ကြီး ဖြစ်သွားမည်ဖြစ်ပြီး လူတိုင်း၏ ပြစ်ဒဏ်ပေးခြင်းကို ခံရပေလိမ့်မည်။

ထိုအချိန်၌ပင် ဧကရာဇ်၏ နောက်ကွယ်တွင် လျှို့ဝှက်ဆန်းကြယ်သော ပုံရိပ်တစ်ခု ပေါ်ထွက်လာလေ၏။

ထိုသူကို တုပိုင် တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ လူအများစုပင်လျှင် သူ့ကို မြင်ဖူးခြင်း မရှိကြပေ။ သူကား လူလုံးထွက်ပြလေ့ မရှိသလောက် ရှားပါးသော ယွီမဟာဆရာသခင် အဆင့်ရှိ အစွမ်းထက် ကျွမ်းကျင်သူ တစ်ဦးပင် ဖြစ်လေ၏။

သူ၏ အသံမှာ အလွန်တရာ တိုးရှတနေကာ ဧကရာဇ်၏ နားထဲသို့ တိုးဝင်သွားလေ၏။ “အရှင်မင်းကြီး... အခုအချိန်မှာ တုပိုင် တစ်ယောက်တည်း ရှိနေတာပါ။ ဒါက တစ်သက်မှာ တစ်ခါသာ ရနိုင်တဲ့ အခွင့်အရေးပါပဲ။ နောင်တစ်ချိန်မှာ ပြဿနာတွေ ကင်းဝေးသွားအောင် သူ့ကို အခုချက်ချင်း ဖမ်းဆီးလိုက်တာ အကောင်းဆုံးပါပဲ။”

“ငါကိုယ်တော်က ငှက်ကုန်ရင် လေးကိုသိမ်းပြီး ယုန်သေရင် ခွေးကိုသတ်စားတဲ့ မိုက်မဲတဲ့ ဧကရာဇ်မျိုး လုံးဝ မဖြစ်စေရဘူး” ဧကရာဇ် ရုတ်တရက် အသံကျယ်လောင်စွာ ကြွေးကြော်လိုက်လေ၏။ “ငါ့လူတွေ ငါကိုယ်တော့်ကို သစ္စာဖောက်ရင် ဖောက်ပါစေ ၊ ငါကိုယ်တော်ကတော့ ငယ်သားတွေကို ဘယ်တော့မှ သစ္စာမဖောက်ဘူး။”

ရုတ်တရက်ဆိုသလိုပင် ဧကရာဇ်၏ အနီးရှိ လျှို့ဝှက်ဆန်းကြယ်သော ကျွမ်းကျင်ပညာရှင်ကြီးမှာ အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားလေတော့၏။

တုပိုင် ခြေလှမ်းများကို ရပ်တန့်လိုက်လေ၏။

သူ ဧကရာဇ်၏ အရှေ့သို့ နောက်တစ်ကြိမ် ပြန်လည် ရောက်ရှိလာကာ ဦးညွှတ်လျက် လျှောက်တင်လေ၏။ “အရှင်မင်းကြီး... ကျေးကျွန် စိချွမ်းနဲ့ ဟူနန် ပြည်နယ်တွေကို တကယ်ကို လိုအပ်ပါတယ်။ လျောင်တုန်းဒေသ တစ်ခုလုံးနဲ့ လဲလှယ်ဖို့ ကျေးကျွန် ဆန္ဒရှိပါတယ်။”

ဧကရာဇ် တုပိုင်ကို စိုက်ကြည့်ကာ တင်းမာစွာ ငြင်းဆန်လိုက်လေ၏။ “ငါကိုယ်တော့်ရဲ့ တိုင်းပြည်ကို ငါကိုယ်တော် အရောင်းအဝယ် လုပ်ဖို့ လက်မခံဘူး။”

ထို့နောက် ဧကရာဇ် ဆက်လက် မိန့်ခွန်းခြွေလေ၏။ “ကျန့်ရှီးဘုရင်... ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ။ လီယွမ်ရဲ့ ကိစ္စကြောင့် ငါကိုယ်တော်တို့ကြားမှာ အဆင်မပြေမှုတွေ ရှိခဲ့ပေမယ့် ၊ ငါကိုယ်တော် မင်းရဲ့ ဂုဏ်သိက္ခာကို နည်းနည်းလေးတောင်မှ ထိခိုက်အောင် လုပ်ခဲ့ဖူးလို့လား။ အကယ်လို့ မင်းသာ စိချွမ်းနဲ့ ဟူနန်ကို သိမ်းပိုက်ဖို့ စစ်တပ် စေလွှတ်လိုက်မယ်ဆိုရင် ၊ ကမ္ဘာပေါ်က လူတွေရဲ့ ပြစ်တင်ဝေဖန်မှုတွေကို မင်း ဘယ်လိုလုပ်ပြီး တားဆီးနိုင်မှာလဲ။”

တုပိုင် ပြတ်သားစွာ တုံ့ပြန်လေ၏။ “အရှင်မင်းကြီး... ဒါပေမဲ့ ဟူနန်နဲ့ စိချွမ်းသာ မရှိဘူးဆိုရင် ကျေးကျွန် အရှေ့ဘက် ပြည်ထောင်စုကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး။”

ဧကရာဇ် တည်ငြိမ်စွာ ချေပလိုက်လေ၏။ “အကယ်လို့ မင်း ရှုံးနိမ့်ဖို့ ကံပါလာတယ်ဆိုရင် စိချွမ်းနဲ့ ဟူနန် ရှိနေရင်လည်း မင်း ရှုံးနိမ့်မှာပဲ။ ဒါကြောင့် ကျန့်ရှီးဘုရင် နယ်မြေချဲ့ထွင်ချင်တယ်ဆိုရင် ဘာဆင်ခြေမှ ပေးနေစရာ မလိုပါဘူး။ အဲဒီအချိန်ကျရင် ကျန့်ရှီးဘုရင်ရဲ့ ဘေးမှာ လူဘယ်နှစ်ယောက်များ ရပ်တည်ပေးနိုင်မလဲ ဆိုတာကို ငါကိုယ်တော် ကြည့်ချင်သေးတယ်။ ကိုယ့်ကိုယ်ကိုယ် ကူညီတဲ့သူကို အများက ဝိုင်းကူညီကြပေမယ့် ကိုယ်ကျင့်တရားမဲ့တဲ့သူကိုတော့ ဘယ်သူကမှ ကူညီမှာ မဟုတ်ဘူး ကျန့်ရှီးဘုရင်။”

ဆက်လက် ဆွေးနွေးရန် အခွင့်အရေး လုံးဝ မရှိတော့သဖြင့် တုပိုင် တိုက်ရိုက်ပင် ထွက်ခွာသွားခဲ့ကာ ဤတစ်ကြိမ်တွင်မူ သူ နောက်သို့ လှည့်မကြည့်တော့ချေ။

**--**--**--**--**--**--**--**

တစ်နာရီခန့် အကြာတွင် ဧကရာဇ်ယုံတယ် မင်းသမီးနင်းရွှဲ့ကို ဆင့်ခေါ်လိုက်လေ၏။

“နင်းရွှဲ့... ကျန့်ရှီးဘုရင်ကို ဒီတစ်ကြိမ် ငါကိုယ်တော် ဆုချီးမြှင့်လိုက်တဲ့ အပေါ်မှာ မင်း ဘယ်လို မြင်လဲ” ဧကရာဇ် မေးမြန်းလိုက်လေ၏။

မင်းသမီးနင်းရွှဲ့ ပြန်လည် လျှောက်တင်လေ၏။ “နယ်မြေခွဲဝေပေးပြီး ဘုရင်ဘွဲ့ ချီးမြှင့်လိုက်တာက မှန်းဆလို့တောင် မရနိုင်လောက်အောင်ပါပဲ။ ခုနလေးတင် မယ်တော်ကြီး အရှင်မင်းကြီး လုပ်တာ ကောင်းတယ်လို့ ပြောနေပါတယ်။ ပြီးတော့ ကမ္ဘာပေါ်က ပြည်သူတွေလည်း အရှင်မင်းကြီးရဲ့ လက်အောက်ငယ်သားတွေ အပေါ် ယဉ်ကျေးပျူငှာစွာ ဆက်ဆံတတ်တဲ့ စိတ်ထားကို ချီးကျူးနေကြပါတယ်။”

ဧကရာဇ် ညည်းတွားသကဲ့သို့ ဆိုလေ၏။ “ခုနလေးတင် ကျန့်ရှီးဘုရင် တုပိုင် ငါကိုယ်တော့်ဆီကနေ စိချွမ်းနဲ့ ဟူနန် ပြည်နယ်တွေကို တောင်းဆိုသွားတယ်။ ငါကိုယ်တော် သဘောမတူလိုက်ဘူး။”

ထိုစကားများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် မင်းသမီးနင်းရွှဲ့၏ လှပသော မျက်နှာလေးမှာ အနည်းငယ် ပြောင်းလဲသွားလေ၏။

ဧကရာဇ်ယုံတယ် ဆက်လက်ပြီး မိန့်ကြားလေ၏။ “ငါကိုယ်တော် သူ့ကို နယ်မြေခွဲဝေပေးပြီး ဘုရင်ဘွဲ့ ချီးမြှင့်ပြီးသွားပြီ။ အကယ်လို့ သူသာ အနောက်တောင်ပိုင်းကို ပြန်ရောက်သွားပြီးတော့ ပြည်နယ်နှစ်ခုကို သိမ်းပိုက်ဖို့ စစ်တပ် စေလွှတ်လိုက်မယ်ဆိုရင် ငါကိုယ်တော် အဲဒါကို ပုန်ကန်မှုအဖြစ် သတ်မှတ်ရလိမ့်မယ်။”

ဧကရာဇ် နင်းရွှဲ့၏ လှပသော မျက်နှာလေးကို စူးစိုက်ကြည့်ကာ မေးခွန်းထုတ်လေ၏။ “နင်းရွှဲ့... မင်း တုပိုင်ရဲ့ ဇနီးသည် ဖြစ်ရုံတင်မကဘဲ တာ့နင်အင်ပါယာရဲ့ အကြီးဆုံး မင်းသမီးလည်း ဖြစ်တယ်။ အကယ်လို့ တုပိုင်သာ ပုန်ကန်ဖို့ ကြံစည်လာခဲ့မယ်ဆိုရင် နင်းရွှဲ့... မင်း ဘယ်ဘက်ကို ရပ်တည်မှာလဲ။ မင်း ဘယ်လို ရွေးချယ်မလဲ။”

မင်းသမီးနင်းရွှဲ့ အံကြိတ်ကာ ပြတ်သားစွာ လျှောက်တင်လေ၏။ “နှမတော်ရဲ့ ခင်ပွန်းက ဘယ်တော့မှ ပုန်ကန်မှာ မဟုတ်ပါဘူး။”

ထို့နောက် သူမ တိုက်ရိုက်ပင် ဦးညွှတ်ကာ တောင်းပန်လိုက်လေ၏။ “နှမတော် ခွင့်ပန်ပါတယ်။”

**--**--**--**--**--**--**--**

ညနေပိုင်းတွင် တုပိုင်နှင့် မင်းသမီးနင်းရွှဲ့တို့ ရူးသွပ်မတတ် ချစ်တင်းနှောခဲ့ကြသည်။ ထို့နောက် နင်းရွှဲ့၏ နူးညံ့လှပသော ခန္ဓာကိုယ်လေး တုပိုင်၏ ရင်ခွင်ထဲတွင် ကွေးကွေးလေး ဝင်ရောက်နေလေ၏။

“ခင်ပွန်း... ရှင်နဲ့ အရှင်မင်းကြီးတို့ကြားမှာ အဆင်မပြေမှုတွေ ဖြစ်နေတာလား” မင်းသမီးနင်းရွှဲ့ မေးမြန်းလိုက်၏။

တုပိုင် ခေါင်းညိတ်ကာ ရှင်းပြလေ၏။ “အရှေ့ဘက် ပြည်ထောင်စုနဲ့ ဖြစ်လာမယ့် စစ်ပွဲကို ရင်ဆိုင်နိုင်ဖို့ ကိုယ် စိချွမ်းနဲ့ ဟူနန် ပြည်နယ်တွေကို လိုအပ်တယ်။ ဒါပေမဲ့ အရှင်မင်းကြီး ငြင်းပယ်လိုက်တယ်။”

မင်းသမီးနင်းရွှဲ့ စိုးရိမ်တကြီး အကြံပြုလေ၏။ “ခင်ပွန်း... ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှင် သတိထားဖို့ လိုအပ်မယ် ထင်ပါတယ်။ အရှင်မင်းကြီး ဒီနေ့ပဲ ရှင့်ကို နယ်မြေခွဲဝေပေးပြီး ဘုရင်ဘွဲ့ ချီးမြှင့်ခဲ့တာပါ။ အကယ်လို့ ရှင်သာ စိချွမ်းနဲ့ ဟူနန်ကို သိမ်းပိုက်ဖို့ တကယ်ပဲ စစ်တပ် စေလွှတ်လိုက်မယ်ဆိုရင်... ကမ္ဘာပေါ်က ပြည်သူတွေရဲ့ အမြင်မှာ ရှင့်အတွက် အများကြီး အဆင်မပြေ ဖြစ်သွားလိမ့်မယ်။”

တုပိုင် ထောက်ပြလိုက်လေ၏။ “ကမ္ဘာပေါ်က ပြည်သူတွေရဲ့ အမြင်မှာဆို ကိုယ် ပုန်ကန်သူ ၊ သစ္စာဖောက်ကြီး ဖြစ်သွားလိမ့်မယ် မဟုတ်လား။”

နင်းရွှဲ့ တုပိုင်ကို အသည်းအသန် ဖက်တွယ်လိုက်ကာ အားပေးစကား ဆိုလေ၏။ “ခင်ပွန်း ပုန်ကန်လိမ့်မယ် ဆိုတာကို ကျွန်မ လုံးဝ မယုံကြည်ပါဘူး။ ခင်ပွန်း အင်ပါယာကို သစ္စာဖောက်ဖို့ ဆိုတာ လုံးဝကို မဖြစ်နိုင်ပါဘူး။”

တုပိုင် သူမ၏ စကားများကို နားထောင်ရင်း မင်းသမီးနင်းရွှဲ့ သူ စိချွမ်းနှင့် ဟူနန်ကို သိမ်းပိုက်ရန် စစ်တပ် စေလွှတ်မည်ကို မလိုလားကြောင်း ရိပ်မိလိုက်လေ၏။

မည်သို့ပင်ဆိုစေကာမူ တစ်ကမ္ဘာလုံးရှိ ပြည်သူများ၏ အမြင်တွင်မူ တုပိုင် တိုင်းပြည်ကို ဖျက်ဆီးမည့် အန္တရာယ်မှ ကယ်တင်ပေးခဲ့သည့် ကြီးမားသော စွမ်းဆောင်မှုကြီး ပြုလုပ်ခဲ့ပြီး ဧကရာဇ်ကလည်း သူ့ကို နယ်မြေခွဲဝေပေးကာ ဘုရင်ဘွဲ့ ချီးမြှင့်ခဲ့ပြီး ဖြစ်လေ၏။ ယခင်က တစ်ခါမျှ မရှိခဲ့ဖူးသော အမြင့်မားဆုံးသော ဂုဏ်ပြုမှုကြီး ပေးအပ်ခဲ့ကာ ကမ္ဘာပေါ်ရှိ ပြည်သူများ၏ အရှေ့တွင် တုပိုင်ကို အကြိမ်ကြိမ် အခါခါ ဦးညွှတ် အရိုအသေပေးခဲ့ခြင်းမှာ အကောင်းဆုံးသော အခြေအနေသို့ ရောက်ရှိနေပြီဟု ဆိုနိုင်ပေသည်။

ထိုသို့သော အခြေအနေမျိုးတွင် အကယ်၍သာ တုပိုင် စိချွမ်းနှင့် ဟူနန် ပြည်နယ်များကို သိမ်းပိုက်ရန် စစ်တပ် စေလွှတ်လိုက်မည်ဆိုပါက သူ့ကို ပုန်ကန်သူ ၊ သစ္စာဖောက် တစ်ဦးအဖြစ် သတ်မှတ်ကြမည်မှာ သေချာလှပေသည်။

နောက်တစ်နေ့တွင် တုပိုင် ကျန့်ရှီးဘုရင် အဖြစ်ဖြင့် နန်းတော်သို့ ညီလာခံ တက်ရောက်ခဲ့လေ၏။

မနေ့ညက သူတို့ ဆွေးနွေးထားခဲ့သည့်အတိုင်း ဖူဟုန်ပင်း ရှန်ဟိုင်ကွမ်၏ တပ်မှူးချုပ် ဖြစ်လာခဲ့ပြီး လီလင်း လျောင်တုန်း၏ တပ်မှူးချုပ် ဖြစ်လာခဲ့လေသည်။

ယနေ့နန်းတွင်းအစည်းအဝေးတွင် တုပိုင် ဖူဟုန်ပင်းနှင့် လီလင်းတို့ကို တပ်မတော်အင်အား လေးသောင်းနှင့်အတူ အနောက်တောင်ပိုင်းသို့ ပြန်လည် ခေါ်ဆောင်သွားမည်ဟု အဆိုပြုခဲ့လေ၏။

ဧကရာဇ် အဆင်သင့်ဖြစ်နေပြီဖြစ်၏။

ယခုအခါ မြောက်ပိုင်းရှိ တုပိုင်၏ စစ်ရေးအင်အား အားလုံး လုံးဝ ဆုတ်ခွာသွားပြီ ဖြစ်လေသည်။ ကျန်ရှိနေသော စစ်တပ်အင်အား သိန်းနှင့်ချီမှာမူ လက်နက်ချ အရှုံးပေးထားသော ဟန်နှင့် မွန်ဂို တပ်ဖွဲ့များသာ ဖြစ်ကြလေ၏။

နောက်တစ်နေ့တွင် တုပိုင် သွေးမိစ္ဆာမြင်းတပ် ငါးထောင် ၊ ဂျာချင်စစ်သည် လေးသောင်းနှင့် အနောက်တောင်ပိုင်း တပ်မတော် ငါးသောင်းတို့ကို ဦးဆောင်ကာ မြို့တော်မှ ခမ်းနားကြီးကျယ်စွာ ထွက်ခွာခဲ့ပြီး သူ၏ အနောက်တောင်ပိုင်း နယ်မြေဆီသို့ ပြန်လည် ချီတက်သွားခဲ့လေ၏။

ဧကရာဇ် နောက်ထပ် တစ်ကြိမ် အမြင့်မားဆုံးသော အခမ်းအနား ကျင့်ဝတ်များဖြင့် ကြိုဆိုနှုတ်ဆက်ခဲ့ကာ မင်းသားများနှင့် အရပ်ဘက် ၊ စစ်ဘက်ဆိုင်ရာ မှူးမတ်အရာရှိ ရာပေါင်းများစွာကို ဦးဆောင်လျက် မြို့တော်မှ မိုင်နှစ်ဆယ်ခန့် အကွာအဝေးအထိ လိုက်လံ ပို့ဆောင်နှုတ်ဆက်ခဲ့လေ၏။

တုပိုင် ထွက်ခွာသွားချိန်တွင် ဧကရာဇ် အချိန်အကြာကြီး ဒူးထောက်နေခဲ့ကာ မတ်တတ်မရပ်နိုင်တော့ဘဲ မျက်လုံးများမှာလည်း မျက်ရည်များဖြင့် ပြည့်နှက်နေခဲ့လေ၏။

“ကျန့်ရှီးဘုရင်... ချစ်ခင်ရတဲ့သူတွေကို နာကျင်စေပြီး ရန်သူတွေကို ဝမ်းသာစေမယ့် အလုပ်မျိုး ဘယ်တော့မှ မလုပ်ပါနဲ့” ဧကရာဇ်ယုံတယ် မျက်ရည်ကျကာ တောင်းဆိုလိုက်လေ၏။

**--**--**--**--**--**--**--**

ထိုအချိန်၌ပင် နန်ယန်ရှိ လူဇွန်းမြို့ ဘုရင်ခံရုံးတော်၌ ပြင်းထန်လှသော စေ့စပ်ဆွေးနွေးမှုကြီး နောက်ဆုံးတွင်မူ ပြီးဆုံးသွားပြီဖြစ်လေ၏။

ပါရှားအင်ပါယာနှင့် ဗိုက်ကင်းနိုင်ငံမှ မင်းသားတို့၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် အရှေ့ဘက် ပြည်ထောင်စုနှင့် တော်ဝင်ရောမအင်ပါယာ မဟာမိတ်အဖွဲ့တို့ စစ်ပွဲကို ရပ်ဆိုင်းလိုက်ကြကာ လူဇွန်း စစ်ပြေငြိမ်းရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြလေ၏။

သုံးလကြာမြင့်ခဲ့သော ကြောက်မက်ဖွယ်ကောင်းသည့် စစ်ပွဲကြီး ပြီးဆုံးသွားပြီ ဖြစ်လေ၏။ ဤသည်မှာ ခေတ်သစ်တစ်ခုကို ဖွင့်လှစ်လိုက်သော အဖြစ်အပျက်ကြီးပင် ဖြစ်လေ၏။

တစ်ကမ္ဘာလုံး၏ သမိုင်းစာအုပ်များတွင် ယနေ့အချိန်အခါကို မှတ်တမ်းတင်ထားကြပေလိမ့်မည်။

ဤစစ်ပွဲကြီး မိုင်ထောင်ချီ ကျယ်ဝန်းသော သမုဒ္ဒရာပြင်ကြီးကို ဖြတ်ကျော်ကာ ဖြစ်ပွားခဲ့ပြီး အမေရိကတိုက်ရှိ မိုင်ထောင်ချီ ကျယ်ဝန်းသော ကုန်းမြေများပေါ်တွင်လည်း ဖြစ်ပွားခဲ့လေ၏။

စစ်ပွဲမစတင်မီက တော်ဝင်ရောမအင်ပါယာမှ အဖွဲ့ဝင်များ အရှေ့ဘက် ပြည်ထောင်စုရှိ လူရိုင်းများကို သင်ခန်းစာပေးမည်ဟု ကျိန်ဆိုခဲ့ကြလေ၏။ ယဉ်ကျေးမှုနှင့် အင်အားကြီးမားမှု ဆိုသည်မှာ အဘယ်အရာဖြစ်ကြောင်း သူတို့အား ပြသရမည်။ အရှေ့ဘက် ပြည်ထောင်စုကို ခေတ်နောက်ကျပြီး လူရိုင်းဆန်သော ခေတ်ကာလဆီသို့ ပြန်လည် ရောက်ရှိသွားစေရန်ပင် တိုက်ခိုက်မည်ဟု ကြုံးဝါးခဲ့ကြလေ၏။

သို့သော် ရလဒ်အနေဖြင့် အရှေ့ဘက် ပြည်ထောင်စုကသာ လုံးလုံးလျားလျား အောင်ပွဲခံသွားခဲ့လေ၏။

ပင်လယ်ပြင်တွင် အရှေ့ဘက် ပြည်ထောင်စု၏ ပုံစံသစ် စစ်သင်္ဘော အစင်းနှစ်ဆယ်ကျော် အနောက်ကမ္ဘာ မဟာမိတ်တပ်ဖွဲ့၏ စစ်သင်္ဘော အစင်းခုနစ်ဆယ်အား လုံးလုံးလျားလျား ချေမှုန်းပစ်နိုင်ခဲ့ရာ ယင်းတို့ထဲတွင် ဗိုက်ကင်းနိုင်ငံ၏ လျှို့ဝှက်အင်အားစု ဖြစ်သော သံချပ်ကာ စစ်သင်္ဘော နှစ်စင်းလည်း ပါဝင်ခဲ့လေ၏။

ကုန်းမြေပေါ်တွင်မူ အရှေ့ဘက် ပြည်ထောင်စု အမေရိကတိုက်နှင့် အာဖရိကရှိ ကိုလိုနီနယ်မြေများ၌ အနောက်ကမ္ဘာ မဟာမိတ်တပ်ဖွဲ့၏ စစ်သည်ရှစ်သိန်းအား အနိုင်ယူနိုင်ခဲ့လေ၏။

ပုံစံသစ် အမြောက်များ၏ ရှေ့တွင် အနောက်ကမ္ဘာမှ ထိုစစ်သင်္ဘောများ ပြန်လည် တိုက်ခိုက်နိုင်စွမ်း မရှိခဲ့ကြဘဲ ပင်လယ်ပြင်ပေါ်တွင် လုံးလုံးလျားလျား အသတ်ခံခဲ့ကြရလေ၏။

ကုန်းမြေပေါ်တွင်မူ ခွန်လွန်ကျွန်စစ်သည် ငါးထောင်သည် အာဖရိကတိုက်၌ အနောက်ကမ္ဘာ မဟာမိတ်တပ်ဖွဲ့၏ စစ်သည် နှစ်သိန်းခွဲအား အနိုင်ယူနိုင်ခဲ့သည်။

အမေရိကတိုက် ကုန်းမြေပေါ်တွင်လည်း အရှေ့ဘက် ပြည်ထောင်စု၏ သေနတ်ကိုင် တပ်ဖွဲ့သစ် အနောက်ကမ္ဘာ ကိုလိုနီနယ်ချဲ့များ၏ သေနတ်ကိုင် တပ်ဖွဲ့ဟောင်းအား ကြီးမားသော အောင်ပွဲအား ရယူနိုင်ခဲ့လေ၏။

မီးနတ်ဘုရားဂိုဏ်းကြီးသည် ဤစစ်ပွဲတွင် ပါဝင်ခဲ့ခြင်း မရှိသော်လည်း သူတို့လည်း အလွန်တရာ တုန်လှုပ်ချောက်ချားသွားခဲ့ကြရလေ၏။

ဤသည်မှာ နည်းပညာ ယဉ်ကျေးမှု စတင်ခဲ့ပြီးနောက်ပိုင်း ရာစုနှစ် တစ်ခုအတွင်း အနောက်ကမ္ဘာ ဤမျှ ကြီးမားသော ရှုံးနိမ့်မှုကြီးအား ပထမဆုံးအကြိမ် ခံစားလိုက်ရခြင်းပင် ဖြစ်လေသည်။

ဂရိတ်ဗြိတိန် နိုင်ငံ၏ အိမ်ရှေ့စံမင်းသား ချာလီကန်နွန် လူဇွန်းမြို့၏ ဘုရင်ခံရုံးတော်၌ နောက်ထပ် တစ်ကြိမ် ပေါ်ထွက်လာရသည်။

သို့သော် ဤတစ်ကြိမ်တွင်မူ ရှက်ရွံ့စရာကောင်းသော လူဇွန်း စစ်ပြေငြိမ်းရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးရန်ဖြစ်သည်။

ယခုအခါ တောင်အမေရိကတိုက် တစ်ခုလုံး အရှေ့ဘက် ပြည်ထောင်စု၏ ကိုလိုနီနယ်မြေအဖြစ် တရားဝင် ရောက်ရှိသွားပြီ ဖြစ်လေ၏။

ဤတစ်ကြိမ်တွင် မင်းသားချာလီကန်နွန် သူ၏ ယခင်က ရှိခဲ့ဖူးသော ကိုယ်ရည်ကိုယ်သွေးနှင့် ထက်မြက်မှုများ အားလုံး ဆုံးရှုံးသွားရလေသည်။ ဤရှက်ရွံ့စရာကောင်းသော စာချုပ်ကို လက်မှတ်ရေးထိုးပြီးနောက် သူသည် သခင်လေး ဖန်းချန် ပြင်ဆင်ထားသော ညစာစားပွဲသို့ မတက်ရောက်တော့ဘဲ တိုက်ရိုက်ပင် ထွက်ခွာသွားလေတော့၏။

တုဟွေး ဒူးထောက် ဦးညွှတ်လိုက်ကာ လျှောက်တင်သည်။ “သခင်လေး... သမိုင်းဝင်မယ့် ဒီအောင်ပွဲကြီးအတွက် ဂုဏ်ပြုပါတယ်။”

သခင်လေး ဖန်းချန်သည် မြေပုံရှိရာဆီသို့ လျှောက်သွားကာ အနောက်တောင်ပိုင်း ပြည်နယ် သုံးခုအား ကြည့်ရှုရင်း မေးမြန်းလိုက်လေ၏။ “တုပိုင်ရဲ့ အနောက်တောင်ပိုင်း ပြည်နယ် သုံးခုက အနောက်ကမ္ဘာနဲ့ ယှဉ်ရင် ဘယ်လောက်တောင် ကွာဟနေသလဲ။”

တုဟွေး နှိုင်းယှဉ်ပြသည်။ “သမုဒ္ဒရာထဲက ရေတစ်စက်လောက်ပဲ ရှိပါတယ်။ အနောက်ကမ္ဘာ ယဉ်ကျေးမှုက အရမ်း အဆင့်မြင့်ပါတယ်။ အနောက်တောင်ပိုင်းကတော့ အရမ်းကို ရှေးကျပြီး ခေတ်နောက်ကျနေပါသေးတယ်။ တုပိုင်နဲ့ ဂရိတ်ဗြိတိန် နိုင်ငံတို့ကြားက ကွာဟချက်က ကြည်းတပ်ပဲ ဖြစ်ဖြစ် ၊ ရေတပ်ပဲ ဖြစ်ဖြစ်... နှစ်တစ်ရာလောက်တောင် ကွာဟနေပါလိမ့်မယ်။ အနောက်ကမ္ဘာ မဟာမိတ် တပ်ပေါင်းစု တစ်ခုလုံးတောင် သခင်လေးရဲ့ လက်အောက်မှာ ရှုံးနိမ့်သွားခဲ့ပြီပဲ။ တုပိုင်ရဲ့ အနောက်တောင်ပိုင်း ဆိုတာကတော့ ပုရွက်ဆိတ် တစ်ကောင်သာသာပါပဲ။ သခင်လေး လက်တစ်ချောင်းတည်းနဲ့တင် အမှုန့်ဖြစ်အောင် ချေမွပစ်နိုင်ပါတယ်။”

သခင်လေး ဖန်းချန် အမိန့်ပေးလိုက်လေ၏။ “ဒါဆိုရင် သူ့ကို သွားပြီး ချေမွလိုက်စမ်း။”

တုဟွေး အလွန်တရာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကာ ခံယူလိုက်လေ၏။ “ကျေးကျွန် အမိန့်တော်ကို နာခံပါ့မယ်။”

သခင်လေး ဖန်းချန် ဆက်လက် သတိပေးလေ၏။ “မှတ်ထား... ဒီနေရာ အလယ်ပိုင်းလွင်ပြင် အင်ပါယာဖြစ်ပြီး နောင်တစ်ချိန် အရှေ့ဘက် ပြည်ထောင်စုရဲ့ အချက်အချာကျတဲ့ နေရာပဲ။ မင်း တုပိုင်ကို ဖျက်ဆီးချင်တယ် ဆိုရင်တောင်မှ ကမ္ဘာပေါ်က ပြည်သူတွေရဲ့ နှလုံးသားထဲမှာ မင်း မှန်ကန်တဲ့ဘက်က ရပ်တည်နေတယ်ဆိုတာကို သေချာအောင် လုပ်ရမယ်။ မင်းကို ပုန်ကန်သူ ၊ သစ္စာဖောက်ကြီး အဖြစ် မရောက်စေနဲ့။”

တုဟွေး ရိုသေစွာ လျှောက်တင်လေ၏။ “ကျေးကျွန် အမိန့်တော်ကို နာခံပါ့မယ်။”

**--**--**--**--**--**--**--**

တုပိုင် သူ၏ တပ်မတော်အား ဖူဟုန်ပင်းနှင့် လီလင်းတို့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး သူ တတ်နိုင်သမျှ အမြန်ဆုံး အနောက်တောင်ပိုင်းသို့ ပြန်လည် ရောက်ရှိလာခဲ့လေ၏။

“ကျေးကျွန်တွေက ကျန့်ရှီးဘုရင်ကို ဂါရဝပြုပါတယ်။ သက်တော်ထောင်ကျော် ရှည်ပါစေ... ရှည်ပါစေ... ရှည်ပါစေ။”

အနောက်တောင်ပိုင်းမှ အရာရှိများ ကျန့်ရှီးမြို့ပြင်တွင် တုပိုင်အား ကြိုဆိုနှုတ်ဆက်ခဲ့ကြလေ၏။

နီရှန် နတ်မိမယ် အစေခံများအား ဦးဆောင်ကာ သူ့အား ကြိုဆိုခဲ့လေ၏။

“ကျေးကျွန်မ ခင်ပွန်းကို ဂါရဝပြုပါတယ်။”

သူမ၏ ဗိုက်ထဲရှိ ကလေးမှာ ခြောက်လသို့ ရောက်ရှိနေပြီဖြစ်ကာ ကိုယ်ဝန်မှာ အတော်လေး ရင့်နေပြီ ဖြစ်လေ၏။

ဤအချိန်တွင် သူမ၏ စိတ်နေစိတ်ထားမှာလည်း အလွန်တရာ သိသိသာသာ ပြောင်းလဲသွားသည်။

မူလက နီရှန် နတ်မိမယ် အလွန်တရာ ပြတ်သားပြီး စိတ်ပိုင်းဖြတ်နိုင်စွမ်း ရှိသူ တစ်ဦး ဖြစ်ခဲ့သည်။ မိန်းမသား တစ်ဦး ဖြစ်သော်လည်း သူမသည် အရှေ့တိုင်းမှ ကျက်သရေရှိပြီး လှပသော အမျိုးသမီး တစ်ဦးလည်း ဖြစ်လေ၏။

သို့သော်လည်း သူမသည် မိမိကိုယ်ကိုယ် အမျိုးသမီး တစ်ဦးအဖြစ် မသတ်မှတ်ခဲ့ဘဲ ကျားမ ခွဲခြားမှု မရှိသော သူတစ်ဦး ၊ စစ်သည် တစ်ဦးအနေဖြင့်သာ သတ်မှတ်ကာ သူမ၏ တာဝန်အတွက် အမြဲတမ်း တိုက်ပွဲဝင်နေခဲ့ခြင်းဖြစ်သည်။

ယခုအခါတွင်မူ သူမသည် မိခင်မေတ္တာများဖြင့် ပြည့်နှက်နေခဲ့ကာ သူမ၏ မျက်လုံးများမှာလည်း ယခင်ကထက် ပိုမို နူးညံ့သိမ်မွေ့နေခဲ့ပြီး လှပသော မျက်နှာလေးမှာလည်း သူမ၏ ဆွဲဆောင်မှုများအား ထုတ်ဖော် ပြသနေလျက်ရှိသည်။

တုပိုင် လက်ဆန့်တန်းကာ သူမ၏ ဖောင်းမို့နေသော ဗိုက်ကလေးအား ပွတ်သပ်လိုက်၏။

နီရှန်၏ မျက်နှာလေး နီရဲသွားခဲ့ကာ နူးညံ့စွာ ပြောလာလေသည်။ “ခင်ပွန်း... တောင်းပန်ပါတယ် သမီးလေးပါ။”

တုပိုင် အံ့အားသင့်သွားကာ မေးလိုက်သည်။ “မမွေးခင်ကတည်းက ကြိုသိနေတာလား။”

နီရှန် ပြန်လည် ဖြေကြားလေ၏။ “ပေမင်ဓားဂိုဏ်းက အရာအားလုံးကို သိပါတယ်။”

တုပိုင် ဝမ်းသာအားရ ဆိုလိုက်လေ၏။ “သမီးလေးဆိုတော့ ပိုကောင်းတာပေါ့ ၊ ပိုကောင်းတယ်။”

ထို့နောက် တုပိုင် သူမ၏ လက်အား ဆွဲကာ အိမ်ထဲသို့ ဝင်ရောက်သွားလိုက်သည်။ တုပိုင် ကုလားထိုင်ပေါ်တွင် ထိုင်ချလိုက်ကာ သက်ပြင်းရှည်ကြီး တစ်ခုအား မှုတ်ထုတ်လိုက်မိ၏။

နီရှန် စကားစလာသည်။ “ခင်ပွန်း... ဒီရက်ပိုင်း သတင်းတွေ သိပ်မကောင်းလှဘူး။”

တုပိုင် မေးလိုက်သည်။ “အနောက်တောင်ပိုင်း တစ်ခုလုံးကို ပြန့်နှံ့သွားပြီလား။”

နီရှန် အတည်ပြုလေ၏။ “ဟုတ်ပါတယ် ၊ ခင်ပွန်း ရည်မှန်းချက် ကြီးမားနေတယ် ၊ နယ်မြေချဲ့ထွင်ချင်နေတယ် ၊ ပုန်ကန်ချင်နေတယ် ၊ နင်မိသားစု နေရာကို အစားထိုးချင်နေတယ်လို့ ကောလာဟလတွေ ထွက်နေပါတယ်။”

တုပိုင် ဆက်လက်ပြီး မေးသည်။ “ဧကရာဇ်နဲ့ ပတ်သက်တဲ့ ကောလာဟလတွေကရော ဘယ်လိုရှိလဲ”

​ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၁၉ + ၇၂၀ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters