အခန်း (၅၃၇-၅၃၈)
Vol. 41 Ch. 537-538
အပိုင်း ၅၃၇ - နေ့တွင် ကျင့်ကြံ၍ ညတွင် သတ်ဖြတ်ခြင်း
"ဝိညာဉ် ထိန်းချုပ်တာလား။ နင် ငါ့ကိုလည်း ဒီနည်းလမ်း သုံးလိုက်ရင် စွန့်စားနေစရာ မလိုတော့ဘူးလေ။ နင် အရမ်း သဘောကောင်းတာပဲ။"
စွန်းရှောင်ချီ၏ မျက်လုံးများ တုန်ရီသွားသည်။
"မင်း အတွေး လွန်နေပြီ။ ဝိညာဉ် ထိန်းချုပ်တာက အရမ်း ပင်ပန်းလွန်းလို့ အခုလောလောဆယ် ငါ အားကုန်နေလို့ပါ။ မနက်ဖြန်ကျရင် ငါ မင်းကို ထိန်းချုပ်မယ်"
ယွမ်ရှောင်က စနောက်၍ ရယ်မောလိုက်သည်။
"သွားစမ်းပါ"
စွန်းရှောင်ချီက မျက်လုံးလှန်ကြည့်လိုက်ပြီး လုံးဝ မယုံကြည်ပေ။
"စကားပြောတာ တော်ပြီ။ မနက်ဖြန်အတွက် ခိုင်လုံတဲ့ သက်သေအကြောင်း ညှိနှိုင်းကြရအောင်။ ပြီးရင် မင်းက မြို့တံခါးဆီ သွားပြီး စောင့်ကြည့်နေရင်းနဲ့ ငါ့အတွက် ခိုင်လုံတဲ့ သက်သေတစ်ခု ဖန်တီးပေး"
ယွမ်ရှောင်က သံချပ်ကာကို ချွတ်ပြီး စွန်းရှောင်ချီထံ ကမ်းပေးလိုက်သည်။
"ဒါကို အရုပ်တစ်ရုပ်မှာ ဝတ်ပေးထားပြီးရင် အဲဒီအရုပ်နဲ့အတူ အရက်သောက်ပြီး ရယ်မောနေလိုက်ကွာ။ လူတွေ မြင်အောင် ဆူဆူညံညံ လုပ်ဖို့ မမေ့နဲ့"
"နင် ဘယ်သွားမလို့လဲ" စွန်း
" ငါက အမှောင်ထုကို အကာအကွယ်ယူပြီး မိုင်းတူးသွားမလို့"
"နင် ဘာတူးမှာလဲ"
စွန်းရှောင်ချီက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"မမေးနဲ့။ ချမ်းသာကြွယ်ဝမှုကို မကြွားတတ်ဘူး"
"ဘာဖြစ်ဖြစ် နင် ငါ့ကို အစားအသောက်နဲ့ ဧည့်ခံဖို့သာ မမေ့နဲ့"
"သွားပါတော့၊ မြန်မြန် လှုပ်ရှား"
စွန်းရှောင်ချီက သူ့ကို လျှာထုတ်ပြပြီး သံချပ်ကာကို ယူကာ မြို့တံခါးသို့ တိတ်တဆိတ် ပြန်သွားသည်။
"ဆင်ခြင်တုံတရား အရ ကြည့်ရင် သူမကို လွှတ်ပေးလိုက်တာက မိုက်မဲတဲ့ လုပ်ရပ်ပဲ"
ကြယ်ပြာက အသံ ခြောက်ကပ်ကပ်ဖြင့် ပြောလိုက်သည်။
"ဘဝဆိုတာ အမြဲတမ်း ဆင်ခြင်တုံတရားနဲ့ချည်း သွားနေတာမှ မဟုတ်တာကွ။ လူတွေက စိတ်ခံစားမှုရှိတဲ့ သတ္တဝါတွေ၊ ငါလည်း လူပဲ။ ငါ့နှလုံးသားက နွေးထွေးတယ်"
ယွမ်ရှောင်က သူ့ကို လျစ်လျူရှုကာ လုချန်ဖုန်းနှင့် အခြားသူများထံမှ အင်မော်တယ် ကျောက်စိမ်း နှင့် သိုလှောင်အိတ်များကဲ့သို့ ရတနာများကို စတင် ကောက်ယူလိုက်၏။
ကိစ္စများ ဖြေရှင်းပြီးနောက် သူက လုချန်ကို နောက်ကြည့်လိုက်ရာ သူမက အရိုအသေပေးပြီး
"သခင်၊ ကြွပါ" ဟု ပြောသည်။
သူတို့က အတူတကွ ထွက်ခွာလာရင်း အမှောင်ထုအတွင်း လျင်မြန်စွာ ပျောက်ကွယ်သွားကြ၍ မကြာမီ ဧရာမ သစ်ပင်ကြီးများ ပေါက်ရောက်နေပြီး နိမိတ်မကောင်းသော အေးစက်မှုတို့ ရှိနေသည့် လူသူကင်းမဲ့သော သစ်တောတစ်ခုထံ ရောက်ရှိလာကြသည်။ လုချန်က ဉီးဆောင်ပြီး ချောက်နက်ကြီးထဲသို့ ဝင်ရောက်သွားကာ ရှည်လျားသော လမ်းလွှဲတစ်ခုကို ဖြတ်သန်းပြီးနောက် မြေအောက် ချော်ရည်မြစ် တစ်ခုအလယ်တွင် မီးတောက်လောင်နေသော ဂူတစ်ခုကို တွေ့လိုက်ရ၏။ ဂူ၏ အနက်ရှိုင်းဆုံး အပိုင်းတွင် ချီစွမ်းအင်သည် ပြင်းထန်ပြီး အရည်အသွေးမြင့် ကျောက်စိမ်းများ ဂူနံရံများတွင် နစ်မြုပ်နေသည်ကို မြင်တွေ့နိုင်သည်။
"သခင်၊ ဒါက အင်မော်တယ် ကျောက်စိမ်း မိုင်းတွင်း ပါ။ ပမာဏကိုတော့ အခုလောလောဆယ် သေချာ မသိရသေးပါဘူး။ ဒါပေမယ့် ကျွန်မတို့ ရှာတွေ့ထားသလောက်ဆိုရင် သေချာ ဂရုတစိုက် တူးဖော်ရင် အင်မော်တယ် ကျောက်စိမ်း ၁၀၀၀ ကျော် ရနိုင်ပါတယ်"
လုချန်က လေးစားစွာ သတင်းပို့သည်။
"၁၀၀၀ လောက် ပမာဏကို မိုင်းတွင်း လို့ သတ်မှတ်တာလား"
ယွမ်ရှောင်သည် လုချန်ဖုန်းနှင့် အခြားသူများထံမှ စစ်မှန်သော အင်မော်တယ် ကျောက်စိမ်း ၂၀၀၀ ကို ရှာဖွေတွေ့ရှိခဲ့၍ ထိုပမာဏသည် အနှစ် ၂၀ စာ လစာနှင့် ညီမျှသည်။
"မရှာဖွေရသေးတာတွေ ရှိပါသေးတယ်။ ဒီည ကျွန်မတို့မှာ အချိန်ရှိရင် ပိုပြီးနက်နက် တူးပေးလို့ ရပါတယ်"
လနီက ယွမ်ရှောင်၏ ရင်ခွင်ထဲမှ ထွက်လာပြီး နံရံရှိ ကျောက်စိမ်းများကို စိုက်ကြည့်နေသည်။
"ထပ်ရှာဖို့ မလိုဘူး၊ တူးဖို့လည်း မလိုဘူး။ ငါက မူလ အရသာကို ပိုကြိုက်တယ်။ တိုက်ရိုက် စားပစ်မယ်"
"မင်း သေချာလို့လား"
"သူက ကင်ထားတဲ့ ကြက်နဲ့ အရှင်လတ်လတ် ကြက်ကို ခွဲခြားသိမယ်လို့ မင်း ထင်နေတာလား"
ကြယ်ပြာက လှောင်ရယ်လိုက်၏။
"ဒါဆိုရင် မင်း စိတ်ကြိုက် စားပေတော့။ ပြီးရင် မိုးမလင်းခင် အလောင်းတွေ သွားချိတ်ကြတာပေါ့"
မဟာတာအိုနယ်မြေသို့ ရောက်ရှိပြီးနောက် လနီသည် ဤအခိုက်အတန့်ကို စောင့်ဆိုင်းနေခဲ့ဟန်ဖြင့် ပြုံးနေသည်။ အနက်ရောင် သားရဲလေးက မြေကြီးပေါ်သို့ ခုန်ချလိုက်ပြီး အနက်ရောင် အကြေးခွံများ ဖုံးလွှမ်းနေသော ကြမ်းတမ်းသည့် သားရဲကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားကာ အကြေးခွံများ၊ ဆူးတောင်များ၊ ဟောင်းလောင်းပေါက် ပါးစပ်ကြီး နှင့် ထက်မြိသော လက်သည်းများကြောင့် လုချန် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားကာ မျက်နှာတစ်ခုလုံး ဖြူဖျော့နေ၏။
"မင်း မြို့တော်ဝန် ရုံးကို ပြန်သွားပြီး အရာအားလုံးကို ပုံမှန်အတိုင်း ထိန်းထားလိုက်။ တစ်ညလုံး မြို့ထဲမှာပဲ ရှိနေပြီး ဘယ်မှ မသွားဘူးဆိုတာ လူတိုင်း သိပါစေ"
ယွမ်ရှောင်က ညွှန်ကြားလိုက်၍ လုချန် အလျင်အမြန် ထွက်ခွာသွားသည်။
"ဟုတ်ကဲ့"
"နေ့မှာ ကျင့်ကြံပြီး ညမှာ သတ်ဖြတ်တယ်။ ကောင်းကင်ရုံးတော် က တကယ် စိတ်ဝင်စားစရာ ကောင်းတာပဲ"
ယွမ်ရှောင်၏ မျက်လုံးများ စိတ်လှုပ်ရှားမှုဖြင့် တောက်လောင်နေပြီး အပြုံးတစ်ခု ပေါ်နေသည်။
"ဒါပေမယ့် မနက်ဖြန်တော့ ငါ အခက်အခဲ တစ်ခုနဲ့ ရင်ဆိုင်ရလိမ့်မယ်"
စီရင်သူ ၁၅ ဦး သေဆုံးခဲ့ပြီး လုချန်ဖုန်း နှင့် ကျန်းလန်ယွဲ့ တို့ကဲ့သို့ အဆင့်မြင့် မျိုးဆက်များ ပါဝင်သောကြောင့် ဤအမှုကြီးသည် ကောင်းကင်ရုံးတော် ၏ အာဏာကို စိန်ခေါ်မှု တစ်ခု ဖြစ်ပြီး ကောင်းကင်ပျံသန်းမြို့တော်တစ်ခုလုံးသို့ မုန်တိုင်းပမာ တိုက်ခတ်သွားပေလိမ့်မည်။ သို့သော် သူက တည်ငြိမ်စွာ ကျင့်ကြံနေပြီး အကြည့်များ အေးစက်လာကာ တောင်တန်းကဲ့သို့ မလှုပ်မယှက်ဖြင့် မုန်တိုင်းကို စောင့်ဆိုင်းနေလိုက်သည်။
အရုဏ်တက်ချိန် ရောက်လာပြီး ည၏ အမှောင်ထု ကောင်းကင်မှ ပျောက်ကွယ်သွားကာ မိုးလင်းချိန်တွင်၊ စွန်းရှောင်ချီ နှင့် ယွမ်ရှောင်က မြို့တံခါးသို့ လှမ်းကြည့်လိုက်ကြသည်။ စီရင်သူ ၁၂ ဦးသည် မျက်လုံးများ ထိုးဖောက်ခံထားရပြီး မြို့တံခါးပေါ်တွင် ချိတ်ဆွဲခံထားရကာ လေထဲတွင် ဘယ်ညာယမ်းနေကြသည်။ စွန်းရှောင်ချီက အလန့်တကြား အော်ဟစ်လိုက်ပြီး အလွန်စူးရှကျယ်လောင်သောကြောင့် ဆန်ဂျူတစ်မြို့လုံး ကြားလိုက်ရ၏။ မြို့ သူမြို့သားများ လမ်းမများပေါ်သို့ ထွက်လာကြပြီး စီရင်သူ အလောင်းများကို မြင်လိုက်ရသောအခါ အသက်ရှူရပ်မတတ် ကြောက်လန့်ကုန်သည်။ ဤလူသတ်မှုကြီးကြောင့် လူတိုင်း တုန်လှုပ်သွားကြပြီး သူတို့ နှလုံးသားများ တုန်ရီနေကာ သတင်းကို ဖြန့်နေစဉ်မှာပင် စကားများ အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေကြသည်။ ကောင်းကင်ရုံးတော်တွင် ကောင်းကင်အရာရှိ၁၂ ဦး သေဆုံးမှုသည် သေမျိုး ကျင့်ကြံသူ၁၀,၀၀၀ သေဆုံးခြင်းထက် ပိုမို ဆူညံပွက်လောရိုက်စေကာ အားအနည်းဆုံးသူပင်လျှင် ကောင်းကင်ရုံးတော် ကို ကိုယ်စားပြုသောကြောင့်ပင်။
"စီရင်သူ ဆယ့်နှစ်ယောက်။ မနေ့ကဟာနဲ့ပါ ပေါင်းရင် ၁၅ ယောက်"
"ဘုရားရေ၊ ဘယ်လို မိစ္ဆာက ဒီလို လုပ်ရဲတာလဲ"
ဆန်ဂျူမြို့ သူမြို့သား အားလုံး အံ့သြမင်သက်သွားကြသည်။ လုချန်က အများပြည်သူကို အနီးသို့ မလာရန် ချက်ချင်း အမိန့်ပေးပြီး ယွမ်ရှောင်၊ စွန်းရှောင်ချီ တို့နှင့်အတူ ကောင်းကင်အုပ်စိုး အင်မော်တယ် အိမ်တော်သို့ အကြောင်းကြားရန် အဆောင်တစ်ခု စေလွှတ်လိုက်၏။
"နောက်ထပ် စီရင်သူ ရာဂဏန်းလောက် ရောက်လာရင် အကုန်လုံးကိုတော့ သတ်လို့ မရနိုင်ဘူး မဟုတ်လား"
"အရမ်း ကြောက်စရာ ကောင်းတာပဲ"
ဤမုန်တိုင်းသည် ပြင်းထန်စွာ တိုက်ခတ်လာပြီး အဆပေါင်းများစွာ ပိုမို ကြီးထွားလာသည်။
"ဒီအဆောင်က ကောင်းကင်ပျံသန်းမြို့တော်ကို သေချာပေါက် တုန်လှုပ်သွားစေလိမ့်မယ်"
မြို့ သူမြို့သားများ မျှော်လင့်ထားသည့်အတိုင်း တစ်နာရီ အတွင်း ဓားယာဉ်၃၀၀ ကျော် ဆန်ဂျူမြို့ သို့ လျင်မြန်စွာ ဆင်းသက်လာကာ တံခါးများ တစ်ခုပြီးတစ်ခု ပွင့်လာပြီး အလယ်ဗဟို နေရာမှ လူဆယ်ဦးဆံ့သော ကြီးမားသည့် ယာဉ်တစ်စီးအတွင်းမှ အဆင့်မြင့် ပုဂ္ဂိုလ် အများအပြား တစ်ပြိုင်နက်တည်း ထွက်လာသည်။
"သူတို့ကို ငါ မှတ်မိတယ်။ တစ်ယောက်က လျူချောင်၊ နောက်တစ်ယောက်က သခင်ကြီးလုပဲ"
"အဆင့် ၆ ကောင်းကင် အရာရှိ တစ်ယောက်ပါ ဆန်ဂျူမြို့ ကို ရောက်လာတာလား"
အဆင့် ၉ အထက် ကောင်းကင် အရာရှိ ရာပေါင်းများစွာ တပြိုင်နက်တည်း ရောက်ရှိလာခြင်းသည် လူသတ်မှု၏ သက်ရောက်မှုကြီးမားပုံကို သက်သေပြနေသည်။ သခင်ကြီးလု၊ လျူချောင်နှင့် လုချင် ကဲ့သို့သော ပုဂ္ဂိုလ်များ ဘေးတွင် လျူမူကဲ့သို့ အဆင့်မြင့် စီရင်သူ များပင်လျှင် အာရုံစိုက် မခံရပေ။ သူတို့သည် ရေစီးကြောင်းကြီး တစ်ခုကဲ့သို့ ရွေ့လျားပြီး ဆန်ဂျူမြို့ သူမြို့သားများ ရိုသေစွာ အရိုအသေပေး ကြိုဆိုနေကြသော မြို့တံခါးသို့ ဦးတည်လာကြ၏။ သူတို့ ပေါ်လာသည့် အခိုက်အတန့်မှ စတင်၍ အကြည့်တိုင်းသည် ချိတ်ဆွဲခံထားရသော စီရင်သူ ၁၂ ဦးအပေါ်တွင်သာ အာရုံစိုက်နေပြီး စိန်ခေါ်မှုတစ်ခုပင်။
စီရင်သူ ၃၀၀ ကျော်က ဒေါသဖြင့် တောက်လောင်နေပြီး ဆူပွက်နေသော်လည်း ယွမ်ရှောင် တစ်ယောက်ကဖြင့် စိတ်ထဲတွင် ပြုံးနေသည်။
"လုယောင်၊ မင်းအတွက် ငါ ကလဲ့စားချေပေးလိုက်ပြီ။ ဒီနေ့ မြင်ကွင်းကို မင်းအတွက် ငါ ရည်စူးပါတယ်"
သို့သော် လုယောင်အတွက် ကလဲ့စားချေမှု မပြီးဆုံးသေးကြောင်း သူ သိကာ ယွမ်ကန်သည် ရာထူးမှ ဖယ်ရှားခံရပြီး သာမန်အရပ်သား ဘဝသို့ ရောက်ရှိသွားသော်လည်း မသေသေး၍ ပြန်လည် ထကြွလာနိုင်သည့်အပြင် လုချန်ဖုန်း၏ အရေးအပါဆုံး ကျောထောက်နောက်ခံ ဖြစ်သော သခင်ကြီးလု လည်း ရှိနေသေးသည်။
ထိုအခိုက်အတန့်တွင် သခင်ကြီးလု ၏ မျက်လုံးများတွင် မီးများတောက်လောင်၍ သားဖြစ်သူ၏ အလောင်းကို စိုက်ကြည့်နေခဲ့သည်။ လုချန်ဖုန်း၏မျက်လုံးမှ အနက်ရောင် သွေးများ စီးကျနေပြီး လက်များ တွဲလောင်းကျကာ မျက်နှာတွင် ကြောက်ရွံ့ထိတ်လန့်မှုများ ပြည့်နှက်နေ၍ ရက်စက်စွာ အသတ်ခံလိုက်ရကြောင်း သိသာ၏။
"ချန်ဖုန်း"
သခင်ကြီးလုက လက်သီးကို တင်းတင်းဆုပ်ထားပြီး ချီစွမ်းအား မုန်တိုင်းကြီး တစ်ခု လည်ပတ်နေကာ ပတ်ဝန်းကျင်ရှိ စီရင်သူ များကို ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားစေသည်။ သမီး တစ်ယောက် ဆုံးရှုံးရပြီး နောက်ထပ် သား တစ်ယောက် ခဏအတွင်း သေဆုံးသွားပြန်၍ နှလုံးကွဲကြေမတတ် နာကျင်ခံစားရမည်မှန်း သေချာ၏။
"ဒီလောက် ရဲတင်းတာလား။ မိုးကြိုး ဌာန နဲ့ ကောင်းကင်အုပ်စိုး အင်မော်တယ် စံအိမ်တော် ကို တည်ထောင် စကတည်းက ဒီလို စိန်ခေါ်မှုမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး"
လုချင်က ကြုံးဝါးလိုက်ပြီး မျက်လုံးများ ကျဉ်းမြောင်းကာ အမူအရာ အေးစက်နေသည်။
"အရင်ဆုံး အလောင်းတွေကို အောက်ချပြီး ခေါင်းတလားတွေထဲ ထည့်လိုက်။ လုယောင် နဲ့ စွန်းရှောင်ချီ ကို စစ်ဆေးမေးမြန်းဖို့ ငါ့ဆီ ချက်ချင်း ခေါ်ခဲ့စမ်း"
သခင်ကြီးလုက တောက်လောင်နေသော ဒေါသကို ဖိနှိပ်ထားကာ မိုးချုန်းသကဲ့သို့ အသံမျိုးဖြင့် အမိန့်ပေးလိုက်လေသည်။
အပိုင်း ၅၃၈ - အကွက်ကျလွန်းသော အကြံများ
တစ်စုံတစ်ယောက်က စားပွဲကို ဘန်းခနဲ ရိုက်ချလိုက်သောကြောင့် အမှောင်ခန်းတစ်ခုအတွင်း အထက်အရာရှိများအကြား စစ်ဆေးခံရန် ရောက်ရှိနေသော စွန်းရှောင်ချီ ဇက်ကလေးပုသွား၏။ အလယ်တည့်တည့်၌ သခင်ကြီးလုရှိပြီး လျူချောင်နှင့် စီရင်သူများက အေးစက်တင်းမာသော အကြည့်များဖြင့် ရပ်နေကြသည်။
"မစိုးရိမ်နဲ့။ သခင်ကြီးလု မေးသမျှကို အမှန်အတိုင်း ပြောလိုက်။ ကောင်းကင်အုပ်စိုးအိမ်တော်မှာ ဘယ်သူမှ နင့်ကို ခြိမ်းခြောက်လို့ မရဘူး"
မီးတောက်အနီရောင် ဆံပင်များရှိပြီး ပိန်ပိန်ပါးပါး စီရင်သူတစ်ယောက်က အားပေးလိုက်ခြင်းဖြစ်ကာ သူမ၏ ဝမ်းကွဲအစ်ကို စွန်းရန်ပင်။
"တိတ်စမ်း"
လျူချောင်က တစ်ချက် စိုက်ကြည့်လိုက်သဖြင့် သူလည်း ဆက်မပြောရဲဘဲ တိတ်ဆိတ်သွားသည်။ ဆန့ဂျူတစ်မြို့လုံးကို သူ့လူများက ပိတ်ဆို့ထားလိုက်ပြီဖြစ်ကာ ကောင်းကင်ကာကွယ်သူ ဖြစ်သောကြောင့် သူမကို စစ်မေးရန် တာဝန်ယူထားရ၏။
"ငါသိသလောက်တော့ မင်းက နည်းနည်း ပျင်းပေမယ့် လိမ္မာတယ်။ တရားခံကို ကာကွယ်ပေးတာမျိုး မလုပ်ဖူးဘူး"
စစ်မေးသူမှာ သခင်ကြီးလု မဟုတ်သောကြောင့် သူမ စိတ်သက်သာရာရသော အပြုံး ဖြစ်ပေါ်လာကာ ခေါင်းညိတ်ပြသည်။
"ကောင်းတယ်။ ဒီကိစ္စက မင်းနဲ့ မဆိုင်ပါဘူး။ လုယောင်နဲ့ လုချန်က ဝန်ခံလိုက်ပြီ။ နောက်ကွယ်မှာ လူတစ်ယောက်က ကြံစည်ပြီး စီရင်သူတွေကို ဆန်ဂျူမြို့မှာ လုပ်ကြံခဲ့တာတဲ့။ ငါတို့ ဒီအမှုနောက်ကွယ်က တကယ့်တရားခံတွေကိုလည်း ဖော်ထုတ်ပြီး တရားမျှတမှု ရှာရမယ်"
လျူချောင်က လေးနက်စွာ စကားဆက်သည်။
"မင်းအနေနဲ့ လုပ်ရမှာက လုယောင် မြို့တံခါးကနေ တစ်ယောက်တည်း ထွက်သွားပြီး မင်းတို့နှစ်ယောက် တစ်ညလုံး အတူတူ မရှိဘူးဆိုတာ ပြောပေးရုံပဲ"
"ဒါပေမယ့် မနေ့ညက သူနဲ့ ကျွန်မ အတူရှိနေတာပါ"
စွန်းရှောင်ချီက ခေါင်းယမ်းသည်။
"မဖြစ်နိုင်ဘူး။ လုယောင်ကိုယ်တိုင်က လူသတ်သမားကို အချက်ပြဖို့ ထွက်သွားတယ်လို့ ဝန်ခံထားပြီးပြီ။ အမှန်အတိုင်း ပြောစမ်း"
"အမှန်အတိုင်း ပြောတာပါ။ လုချန်ဖုန်းရဲ့ အမိန့်အတိုင်း ကျွန်မတို့ မြို့တံခါးနားမှာ ဘယ်မှမသွားဘဲ တစ်ညလုံး စောင့်ကြပ်နေခဲ့တာပါ။ တစ်ယောက်ယောက်က အကွက်ဆင်နေတာ ဖြစ်ရမယ်။ လုယောင်က လူကောင်းတစ်ယောက်ပါ"
လျူချောင် ဖိအားပေးနေသော်လည်း သူမက တင်းခံနေ၏။
"ဒီကလေးမက နည်းနည်းတော့ တုံးတယ်။ ကျွန်တော် ထင်တာကတော့..."
"ထွက်သွားစမ်း"
စွန်းရန်က ဝင်ပြောပေးချင်သော်လည်း စကားမဆုံးခင်မှာပင် အခန်းထဲမှ မောင်းထုတ်ခံလိုက်ရပြီး လျူချောင်၏ လေသံလည်း အလွန် တင်းမာ အေးစက်လာခဲ့သည်။
"စွန်းရှောင်ချီ မင်းတို့ ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာ အသေးစိတ် ပြောစမ်း။ တစ်ခုမှ မကျန်စေနဲ့။ စီရင်သူ ၁၂ယောက် အသတ်ခံလိုက်ရပေမယ့် မင်းတို့နှစ်ယောက်က ဘာမှ မဖြစ်ခဲ့ဘူး။ သံသယဝင်စရာပဲ။ ဒီကိစ္စကို မရှင်းလင်းနိုင်ရင် မင်းကိုယ်တိုင်ရော မိသားစုကော ထိခိုက်မှာ ဖြစ်တယ်။ ဒါကြောင့် သူများစကား နားယောင်ပြီး ကိုယ့်ဘဝကို မဖျက်နဲ့"
"ဟုတ်...ဟုတ်ကဲ့"
စွန်းရှောင်ချီက ကြောက်လန့်တုန်လှုပ်စွာဖြင့် အစမှ အဆုံးတိုင် ပြောခဲ့သော်လည်း အချို့အချက်အလက်များကို လိမ်ခဲ့ပြီး ကြောက်စိတ်မှာ ထင်ရှားသဖြင့် လိမ်ညာနေကြောင်း မသိသာတော့ပေ။
"သုံးယောက်က တံခါးစောင့်ပြီး နှစ်ယောက်က ကင်းလှည့်ဖို့ လုယောင် စီစဥ်တာလား"
"ဟုတ်တယ်"
"လွှတ်ပေးလိုက်ပါ။ သူ တကယ် ဘာမှမသိဘူး။ လူသတ်သမားက ဂရုစိုက်ဖို့ အရေးမပါတဲ့အတွက် ကံကောင်းပြီး အသက်ရှင်ခဲ့တာပဲ"
ထိုအချိန်တွင် ထောင့်တစ်နေရာမှ အသံထွက်လာခဲ့ပြီး တစ်ချိန်လုံး တိတ်ဆိတ်နေသော လျူမူ ဖြစ်၏။ သူမ၏ စကားက အားလုံးကို ငြိမ်ကျသွားစေပြီး ဤစစ်ဆေးမှုမှ အသုံးဝင်သော အချက်များ အမှန်တကယ်ပင် မရခဲ့ချေ။ သခင်ကြီးလုလည်း သက်ပြင်းချကာ မည်းနက်နေသော မျက်နှာထားဖြင့် အခန်းပြင် ထွက်သွား၏။
"မမလျူ ကျွန်မပြောတာက အရေးမပါဘူး မဟုတ်လား။ ဘာလို့ လူတိုင်းက အမှုကို တကယ် ဂရုမစိုက်တာလဲ။ သူတို့က ဘာကို စိတ်ဆိုးနေတာလဲ"
စွန်းရှောင်ချီက သူမအနား ကပ်လာ၍ တီးတိုးမေးခွန်းထုတ်သည်။
"လျှောက်မမေးနဲ့။ သွားတော့"
သူမက စွန်းရှောင်ချီနှင့် အတူ အပြင်ထွက်လာပြီး ကောက်ချက်ချသည်။
"ငါတို့ စစ်မေးတဲ့ လမ်းကြောင်း မှားနေပြီ။ လူသတ်မှုကြီးမှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ စီရင်သူနှစ်ယောက်ကို သံသယဝင်နေတာက မဟုတ်သေးဘူး။ တကယ့် လူသတ်သမား လွတ်သွားလိမ့်မယ်။ အစ်ကို၊ လုယောင်က လုအိမ်တော်ကပဲလေ။ သခင်ကြီးလုက သူ့ကို ဘာကြောင့် သံသယဝင်နေတာလဲ"
"ပါးစပ်ပိတ်ထားစမ်း"
လျူချောင်က သူမကို စူးရဲစွာ စိုက်ကြည့်ပြီး ဒေါသတကြီး ငေါက်ငမ်းကာ ထွက်ခွာသွားတော့သည်။
အခြားတစ်နေရာတွင် စင်္ကြံလမ်းတစ်ခု၌ သခင်ကြီးလုနှင့် ညီမဖြစ်သူ လုချင်တို့ ဆွေးနွေးနေကြ၏။
"အစ်ကို စွန်းရှောင်ချီကို စစ်မေးတာ ဘယ်လိုလဲ"
"အကြောင်းမထူးဘူး။ လုချန်ရဲ့ အခြေအနေကရော..."
"သူပြောတာလည်း စွန်းရှောင်ချီနဲ့ အတူတူပဲ။ ချန်ဖုန်းက တိုးတိုးတိတ်တိတ် ဖြေရှင်းဖို့ ကျန်းလန်ယွဲ့နဲ့ အဖွဲ့ကို ခေါ်ပြီး လျှို့ဝှက်ထွက်သွားတယ်တဲ့"
"မြို့တော်ဝန်က မနေ့ညက လူသတ်သမားကို ဖမ်းဖို့ မပူးပေါင်းဘူးလား"
သခင်ကြီးလု မျက်မှောက်ကြုတ်လိုက်၏။
"ကျန်းလန်ယွဲ့က သူ့ကို သဘောကျတဲ့ပုံ ပြပြီး ပေါ်တင် မြှူဆွယ်နေလို့ လုချန်ဖုန်းက လိုက်ခွင့်မပေးဘူး ပြောတယ်"
သူ တိတ်ဆိတ်သွားသဖြင့် ကျန်းလန်ယွဲ့၏ အကျင့်စရိုက်ကို သိရှိထားပုံပေါ်သည်။ မြို့ဝန်ရုံးတွင် လုချန် ရှိနေကြောင်းကိုလည်း မျက်မြင်သက်သေများစွာ ရှိပြီး အလောင်းခွဲစိတ် စစ်ဆေးမှုအရ သေဆုံးချိန်သည် သန်းခေါင်ယံ ဖြစ်ကာ မိုးလင်းကာနီးမှ မြို့တံခါးတွင် ချိတ်ဆွဲခဲ့သည်။ ယခင်လူသတ်မှုများတွင် ညဦးပိုင်း၌ သတ်ဖြတ်ခြင်း ဖြစ်သောကြောင့် အချိန်ကွာဟနေသည် ဖြစ်ရာ စွန်းရှောင်ချီနှင့် လုချန်က လုယောင်အတွက် သက်သေများ ဖုံးကွယ်ပေးနေသည်ဟု သူ သံယသဝင်လာသော်လည်း လုချင်မှ ခေါင်းယမ်းပြ၏။
"မဖြစ်နိုင်ဘူး။ ရှောင်ချီက မြို့စားကျန်းရဲ့ အိမ်တော်ထိန်း စွန်းမျိုးဆက်ကပဲ။ အမြဲတမ်း ရိုးသားဖြောင့်မတ်လို့ လူသတ်သမားတစ်ယောက်ကို ကာကွယ်ပေးစရာ အကြောင်း မရှိဘူး။ ပြီးတော့ လုချန် ကြီးပြင်းလာတာ ကျွန်မ လက်အောက်မှာပဲ။ လုချန်ဖုန်းအပေါ် မျက်ကန်း ယုံကြည်ပြီး သစ္စာဖောက်မယ့် လူစားမျိုး မဟုတ်ဘူး"
"သူတို့ ခြိမ်းခြောက်ခံနေရတာများလား"
သခင်ကြီးလုကိုယ်တိုင်လည်း မည်သည့်အချက်ကိုမှ တရားသေ ယုံကြည်ရန် ခက်ခဲနေသည်။
"ဒါလည်း ဖြစ်နိုင်ချေနည်းတယ်"
အကယ်၍ လုယောင်သာ စီရင်သူများကို ခြိမ်းခြောက်နိုင်သော နောက်ခံ ရှိလျှင် ကောင်းကင်ပျံသန်းမြို့စားထက်ပင် သာလွန်ပေလိမ့်မည်။ ထိုမျှ အစွမ်းထက်နေလျှင် ဤကဲ့သို့ ခိုးကြောင်ခိုးဝှက် သတ်ဖြတ်နေစရာလည်း မလိုပေ။ ဆယ်နှစ် ပျောက်ဆုံးနေရာမှ ပြန်လည် ထွက်ပေါ်လာပြီး မကောင်းသော အဆက်အသွယ်များ ရှိနေသည့်တိုင်အောင် စီရင်သူများကို ခြိမ်းခြောက်ရန် မဖြစ်နိုင်ဟု လုချင်က မှတ်ချက်ပေးသည်။
"တကယ့် လုယောင်က သေပြီ။ လုချန်ဖုန်းက သူ့ဆီက တိုကင်တွေ ခိုးယူပြီး ပထမရခဲ့တာပဲ။ အခု ရှိနေတဲ့ လုယောင်ဆိုတာ အယောင်ဆောင်ပဲ"
သခင်ကြီးလုက အမှန်တရားကို ထုတ်ပြောလိုက်သောအခါ သူမ၏ မျက်လုံးများ ပြူးကျယ်သွားသည်။
"လုချန်နဲ့ စွန်းရှောင်ချီကို ဂူကောင်တွေနဲ့ ထိန်းချုပ်ထားတာ ရှိမရှိ စစ်ဆေးပြီးပြီလား"
"စစ်ဆေးပြီးပြီ။ ဘာမှမတွေ့ဘူး။ ဝိညာဥ်ကို ထိန်းချုပ်ထားတဲ့ အရိပ်အယောင်လည်း မရှိဘူး"
အရာရာက ထူးဆန်းလွန်းနေသဖြင့် မောင်နှမနှစ်ယောက် အကြည့်ချင်း ဆုံသွားသည်။
"သူက အယောင်ဆောင်ဆိုရင် သက်သေမရှိလည်း နောက်ခံ ထွက်လာအောင် ဖိအားပေးလိုက်လို့ မရဘူးလား"
"ဘယ်သူ ထွက်လာမယ်ထင်လဲ။ လျူကျုံးယွီပဲ နေမှာ"
"ဒီလူယုတ်မာက အစ်ကို့ကလေးတွေကို ပစ်မှတ်ထားဖို့ ထောင်ချောက်ဆင်ထားတာလား။ လွန်ခဲ့တဲ့ ဆယ်နှစ်က လုယောင်ကို သတ်ခဲ့တာနဲ့ အကျပ်ကိုင်ချင်နေတာပေါ့။ သူက မြို့စားရာထူးကို ဒီလောက်တောင် လိုချင်နေတာလား"
လုချင်က အေးစက်စက် ရေရွတ်လိုက်မိသည်။
"ရှောင်လုသေတော့ သူ ရပ်သွားမယ်လို့ ထင်ခဲ့တယ်။ ဒါပေမယ့် ထပ်ပြီး ကြံစည်နေပြန်ပြီ။ ငါ သည်းမခံနိုင်တော့ဘူး။ လျူကျုံးယွီမှာလည်း ကလေးတွေ ရှိတာပဲ"
သခင်ကြီးလုက စီရင်သူများ စုဝေးနေရာသို့ ကြည့်လိုက်ပြီး အံကြိတ်ကာ ကြုံးဝါးနေသည်။
"မင်းရဲ့ မရီးက ရတနာတစ်ခု သွားယူနေပြီး မကြာခင် ပြန်လာလိမ့်မယ်။ ဒါပေမယ့် ဒီကိစ္စမှာ ငါ နားမလည်တာ တစ်ခု ရှိနေတယ်"
"ကျန်းလန်ယွဲ့လား"
"ဟုတ်တယ်။ လျူကျုံးယွီက သေချင်နေလို့ ကျန်းမျိုးဆက်တစ်ယောက်ကို သတ်တာလား။ မြို့စားကျန်းက ရာထူးတိုးတော့မှာလေ။ သူသာ ဒေါသထွက်သွားရင် ဘာမှကို ရမှာ မဟုတ်ဘူး"
သခင်ကြီးလုက အလွန်တရာ အဓိပ္ပါယ်မရှိသော အချက်ကို ထောက်ပြသည်။
"ဒါဆိုရင် လုယောင်က အယောင်ဆောင်သက်သက် ဖြစ်ပြီး လူသတ်မှုတွေနဲ့ ဘာမှ မသက်ဆိုင်တာများလား။ လုချန်ဖုန်းနဲ့ ကျန်းလန်ယွဲ့ကို သတ်လိုက်တာ အစ်ကို့ရန်သူတွေထဲက တစ်ယောက်လည်း ဖြစ်နိုင်တယ်။ လျူကျုံးယွီကတော့ သူ့ကိုယ်သူ ပျက်စီးအောင် မြို့စားကျန်းကို သွားထိဝံ့မှာ မဟုတ်ဘူးလေ"
"သွားကြစို့"
သူက အချိန်အတန်ကြာအောင် တိတ်တဆိတ် အတွေးနက်နေပြီးမှ လုချင်နှင့်အတူ ယွမ်ရှောင် သို့မဟုတ် လုယောင်ကို ကိုယ်တိုင် စစ်ဆေးမေးမြန်းရန် ထွက်ခွာလာခဲ့လေသည်။