အခန်း (၅၃၉-၅၄၀)
Vol. 41 Ch. 539-540
အပိုင်း ၅၃၉ - အင်မော်တယ်သိုင်းပြိုင်ပွဲ
သခင်ကြီးလုနှင့် လုချင်က စစ်မေးခန်းအတွင်း ဝင်ရောက်လာသောအခါ စီရင်သူတိုင်း မတ်တပ်ရပ် ကြိုဆိုလိုက်ကြ၏။
"လုယောင်ကို ခေါ်လာစမ်း"
အလယ်တွင် သခင်ကြီးလု ထိုင်နေပြီး ဘယ်ညာတစ်ဖက်စီ၌ လျူချောင်နှင့် လုချင်၊ ပတ်ပတ်လည်မှာ လျူမူ၊ စွန်းရန်အပါအဝင် စီရင်သူ တပ်မှူးများ နေရာယူထားသောကြောင့် အမှောင်ခန်းအတွင်း ဖိအားက ကြီးမားလှရာ သာမန်လူတစ်ယောက်သာဆိုလျှင် အသက်ပင် ရှူရဲမည် မဟုတ်ချေ။ မကြာမီ လုယောင်တစ်ဖြစ်လည်း ယွမ်ရှောင်ကို ခေါ်ဆောင်လာပြီး သံချပ်ကာနှင့် ဖိနပ်များ ချွတ်ထားကာ အေးစက်သော ကြမ်းပြင်အထက်၌ လက်နှစ်ဖက် တုပ်နှောင်ခံထားရသဖြင့် စွန်းရှောင်ချီကို ဆက်ဆံပုံနှင့် အင်မတန် ကွာခြားလှသည်။ ဝင်လာသည့်အချိန်မှ စတင်၍ စစ်မေးသူများက အေးစက်စက် စိုက်ကြည့်နေကြသော်လည်း ဖရိုဖရဲ ဆံပင်များအကြားမှ ပြတ်သားတည်ငြိမ်သော မျက်ဝန်းများက ပြန်လည် စိုက်ကြည့်နေခဲ့၏။
"ကောင်းကင်ရုံးတော်ရဲ့ အဆင့်ကိုး စီရင်သူတစ်ယောက်ကို ဘာအပြစ်မှမရှိဘဲ ခင်ဗျားတို့မှာ သံကြိုးခတ်ပိုင်ခွင့် ရှိလို့လား"
ယွမ်ရှောင်က တစ်လုံးချင်း မေးသည်။
"လုယောင် မင်းက သံသယ တရားခံပဲ။ ကောင်းကင်အုပ်စိုးအိမ်တော်က သေချာ စစ်မေးရမယ်။ ပူးပေါင်းပေးလိုက်"
လျူမူက ဖြောင်းဖြလိုက်သကဲ့သို့ လျူချောင်က တစ်ဖက်လှည့်ဖြင့် အစ်အောက် မေးမြန်းနေသည်။
"လုယောင် ဝန်ခံလိုက်စမ်း။ စွန်းရှောင်ချီနဲ့ လုချန်ရဲ့ အဖြေတွေက ရှေ့နောက် မညီလို့ သူတို့ကို ဖမ်းချုပ်ထားလိုက်ပြီ။ အပြစ်လျှော့ပေါ့ဖို့အတွက် သူတို့က မင်းရဲ့ အပြစ်တွေကို ဝန်ခံခဲ့တယ်"
"ဟား ဟား ဒါဆိုရင် ကာကွယ်သူကြီးကို မေးချင်ပါတယ်။ ကျုပ်လို အစောပိုင်း အင်မော်တယ်တစ်ယောက်က စီရင်သူ ၁၂ယောက်ကို သတ်နိုင်မယ်လို့ တကယ်ကြီး ထင်နေတာလား"
သူက ဟားတိုက် လှောင်ရယ်၍ စိန်ခေါ်လိုက်၏။
"မင်းက တခြားသူတွေနဲ့ ပူးပေါင်းပြီး လူသတ်ဖို့၊ ဓားပြတိုက်ဖို့ ကြံစည်ခဲ့တယ်။ သက်သေအထောက်အထား ခိုင်လုံပြီမို့ ငြင်းနေလည်း အလကားပဲ။ ဒီစစ်ဆေးမှုက လုပ်ထုံးလုပ်နည်းအရ ကျော်သွားလို့ မဖြစ်ရုံသက်သက် ဖြစ်တယ်။ ကောင်းကင်ပျံသန်းမြို့တော်ကို ရောက်ရင် မင်းကို အပြင်းထန်ဆုံး ပြစ်ဒဏ် ချမှတ်မယ်"
လျူချောင်၏ ကြေညာသံအဆုံးတွင် အခန်းတစ်ခုလုံး တိတ်ဆိတ်သွားပြီးမှ စကားဆက်ပြန်သည်။
"ဒါပေမယ့် နောက်ကွယ်က တရားခံကို ထုတ်ပြောရင် မင်းအနေနဲ့ သက်သာခွင့် ရနိုင်တယ်"
"ဆရာ ဒီအမှုကို မဖော်ထုတ်နိုင်လို့ ကျုပ်ကို တရားခံ အဖြစ် စတေးလိုက်တာလား"
သူက အလုံးစုံ လျစ်လျူရှုထားပြီး လျူမူဘက် လှည့်ကြည့်ကာ မေးခွန်းထုတ်နေခဲ့သည်။
"တိတ်စမ်း။ ကောင်းကင်ရုံးတော်က ဒါမျိုး ဘယ်တော့မှ မလုပ်ဘူး"
"ဒါဆိုရင် ကျုပ်က တရားခံပါဆိုတဲ့ သက်သေတွေကို ထုတ်ပြစမ်းပါ"
လျူချောင်က ဝင်ရောက် ငေါက်ငမ်းလိုက်သော်လည်း အကွက်ကျကျ စကားထောက်ခံလိုက်ရသဖြင့် ဆွံ့အသွားသည်။ ဤစစ်ဆေးမှုသည် မည်သည့်သက်သေအထောက်အထားမျှ မရှိဘဲ သခင်ကြီးလု စိတ်တိုင်းကျ စီစဥ်ထားခြင်းသာ မဟုတ်ပါလော။
"ဒီတော့ ကျုပ်ကို ထောင်ချောက်ဆင်တဲ့ အကြံအစည်ပေါ့။ ကောင်းပြီ။ ကျုပ် ထွက်ဆိုမယ်။ ဥပဒေကို တင်းတင်းကြပ်ကြပ် လိုက်နာပြီး ဖြောင့်မတ်မှန်ကန်စွာ အမှုထမ်းခဲ့တယ်။ ကောင်းကင်ရုံးတော်ရဲ့ စီရင်သူတစ်ယောက်ကို တိကျတဲ့ သက်သေ မရှိဘဲ ခင်ဗျားတို့မှာ ဖမ်းဆီးထားခွင့် မရှိဘူး"
ယွမ်ရှောင်က အခန်းအတွင်း ရှိနေသူများကို စေ့စေ့ကြည့်ပြီး ပြင်းထန်စွာ ပြောလိုက်သည်။
"သူ့ကို လွှတ်ပေးလိုက်။ မှုခင်းနေရာမှာ သဲလွန်စတွေ သွားရှာတာ ပိုကောင်းလိမ့်မယ်။ နစ်နာသူရဲ့ မိသားစုကို စာနာသင့်ပေမယ့် ရုံးတော်ရဲ့ လုပ်ထုံးလုပ်နည်းကို ချိူးဖောက်ဖို့ မသင့်ဘူး"
လျူမူက မဲ့ပြုံးတစ်ချက်ဖြင့် ဝင်ပြောလိုက်သောအခါ သခင်ကြီးလုကို ပါးဖြတ်ရိုက်လိုက်သည်နှင့် မခြားပေ။
"ငါ့တပည့်က အတွေ့အကြုံ နည်းပေမယ့် လူသတ်တရားခံ မဖြစ်နိုင်ဘူး"
ထို့နောက် သူမကိုယ်တိုင် ကြိုးဖြည်ပေးလိုက်ပြီး စီရင်သူတပ်မှူးများဘက် ကြည့်ကာ အာမခံလိုက်သည်။
"ထွက်သွားစမ်း"
လျူချောင်နှင့် သခင်ကြီးလု၏ အကြည့်စူးစူးအောက်တွင် ဆရာတပည့်နှစ်ယောက်သား စစ်ဆေးခန်းအပြင်သို့ ထွက်လာနိုင်ခဲ့ပြီး နောက်ဆုံးတွင် အသက်ဝဝရှူနိုင်ပြီ ဖြစ်၏။
"နင် သူတို့ကို သတ်ခဲ့တာလား"
အခန်းနှင့် ဝေးရာသို့ ခေါ်ဆောင်လာစဥ် သူမ၏ လက်များက တင်းကြပ်၍ အေးစက်ကာ ရုတ်တရက် တီးတိုးမေးလာခဲ့၏။
"ဆရာက ကျုပ်ကို အထင်ကြီးလွန်းနေပြီ"
"ဟန်ဆောင်မနေနဲ့။ နင့်ရဲ့ ပါရမီအကြောင်း ငါ သိတယ်။ တခြားသူတွေ မယုံရင်တောင် နင့်အစွမ်းကို ငါ သေချာပေါက် ယုံကြည်တယ်"
သူမ၏ အကြည့်များက စူးရှ တောက်ပနေသော်လည်း ယွမ်ရှောင်သည် အကြည့်ချင်း ရင်ဆိုင်ကာ နောက်ဆုံး၌ ပြုံးလိုက်သည်။
"ဆရာ ဝမ်းသာသင့်တယ်။ လုယောင်အတွက် ဆရာနဲ့ စီရင်သူလု လက်စားမချေနိုင်ခဲ့တာကို ကျုပ်က ကိုယ်စား ဆောင်ရွက်ပေးခဲ့ပြီ။ သုံးရက်အတွင်းမှာနော်။ အခု သူ အေးအေးချမ်းချမ်း အနားယူနိုင်ပြီလေ"
"တခြားစီရင်သူတွေကရော အပြစ်မဲ့တယ် မဟုတ်ဘူးလား"
အမှန်တရားကို ခန့်မှန်းထားမိသော်လည်း သူ အတည်ပြုပေးလိုက်သောအခါ လျူမူက အံ့သြတကြီးဖြင့် ဆွံ့အသွားခဲ့သည်။
"သေမျိုးလောကတွေမှာ အပြစ်မဲ့အသက်ပေါင်း သန်းထောင်ချီ ရှိတယ်။ သူတို့ကိုရော ဆရာ ဂရုစိုက်ဖူးလား"
"နင်...နင် ဒီနေရာက ထွက်သွားလိုက်ပါတော့။ သခင်မယု ပျော်ရွှင်အောင် နင့်ကို လွှတ်ထားခဲ့ပေမယ့် အဆင်အခြင်မဲ့လွန်းတယ်။ သူမကို ထိခိုက်အောင် လုပ်မိရင် ငါ လုအန်းကို မျက်နှာမပြရဲဘူး"
သူမက တစ်ဖက်သို့ လှည့်ကာ နှင်ထုတ်သည့်အမူအရာဖြင့် လက်ဝှေ့ယမ်းပြသည်။
"ကျုပ် ထွက်သွားလို့ မရဘူး"
ယွမ်ရှောင်က ပေတေတေ မျက်နှာထားဖြင့် ခေါင်းခါ၏။
"လုအိမ်တော်ကို နင်က လျှော့တွက်နေတာလား။ မြို့စားကျန်းရဲ့ မျိုးဆက်တောင် ပါသေးတယ်။ ငါ့အဖေက နင်ရဲ့ နောက်ခံဖြစ်နေတယ်လို့ သူတို့ ထင်နေတဲ့အတွက် အခုထိ အသက်ရှင်နေတာပဲ။ စီရင်သူ အဆင့်အတန်းက သေခြင်းတရားကနေ လွတ်မြောက်အောင် မလုပ်ပေးနိုင်ဘူး"
သူမက ပြင်းထန်စွာ ငေါက်ငမ်းလိုက်သော်လည်း သူက အကျိုးသင့်အကြောင်းသင့် ရှင်းပြခဲ့သည်။
"ကျုပ် ထွက်ပြေးသွားရင် အပြစ်ရှိတယ်လို့ သတ်မှတ်ပြီး သခင်မယုကို ပိုပြီးတောင် ဒုက္ခပေးကြလိမ့်မယ်"
"ပြဿနာကောင်"
"လျူမူ ကျုပ် ကောင်းကင်ပျံသန်းမြို့တော်ကို ရောက်လာကတည်းက ရည်ရွယ်ချက် ရှိတယ်။ အဆင်အခြင်မဲ့ဖို့ လိုအပ်တယ်။ ကျုပ်တို့က လမ်းကြောင်းတစ်ခုတည်းမှာ မဟုတ်ဘူး။ ကျုပ် ဘာလုပ်နေလဲဆိုတာ ကောင်းကောင်း သိတယ်"
သူက အယောင်ဆောင်ဖြစ်သောကြောင့် သခင်ကြီးလုအနေဖြင့် စုယုကို သတ်မည်ဟု ခြိမ်းခြောက်ရန်လည်း တွေးမိမည် မဟုတ်ချေ။ သူမက များစွာ ဒုက္ခရောက်ခဲ့ပြီး ပြန်လည် တိုက်ခိုက်နိုင်သော အင်အားလည်း မရှိသောကြောင့် ယွမ်ရှောင်အနေဖြင့် ခံစားချက်များ အမှန်တကယ် ရှိ၏။ ထို့အပြင် သားနှစ်ယောက်အတွက် ကိုယ်စား လက်စားချေခဲ့သည်ကို သိလျှင် အသက်ပေးရမည်ဆိုလျှင်တောင် စုယုအနေဖြင့် ကျေးဇူးတင်စွာ လက်ခံပေလိမ့်မည်။
"ထင်ချင်သလိုသာ ထင်ပါတော့။ ကျုပ် လက်စားချေတာက ဒီလောက်နဲ့ မပြီးသေးဘူး။ စကားပြောဖို့ အချိန်မရှိဘူး"
ယွမ်ရှောင်က ပြောပြောဆိုဆိုနှင့် ဓားယာဥ်ရှိရာသို့ ခြေဦးလှည့်လိုက်သောကြောင့် လျူမူ အလျင်အမြန် လမ်းပိတ်ထားခဲ့၏။
"နင် ဘယ်သွားမလို့လဲ"
"ကောင်းကင်ပျံသန်းမြို့တော်ကို ပြန်မလို့"
"စစ်ဆေးတာကို ဘယ်လို လုပ်မှာလဲ"
"ဆရာကိုယ်တိုင် အာမခံပေးခဲ့တာ မဟုတ်ဘူးလား။ တစ်ခုခုဆိုရင် တာဝန်ယူလိုက်ပေါ့"
ယွမ်ရှောင်က ရုပ်ရည် ချောမောသော်လည်း ရောင့်တက်လွန်းပြီး အဆင်အခြင်မဲ့ လှုပ်ရှားတတ်သောကြောင့် လုချင်နှင့် စွန်းရှောင်ချီကို မည်သို့ သိမ်းသွင်းခဲ့ကြောင်း သူမ စဥ်းစားမရခဲ့ချေ။
"ဆရာ ကောင်းကင်ရုံးတော်က စီရင်သူတွေကြားမှာ သိုင်းပြိုင်ပွဲတစ်ခု ကျင်းပမယ်လို့ ရှောင်ချီဆီက ကြားထားတယ်"
ယွမ်ရှောင်၏ အသံက လေးနက်လာပြီး ထိုပြိုင်ပွဲတွင် အသက်သုံးဆယ်အောက် စီရင်သူအားလုံး ပါဝင်နိုင်သော အခွင့်အရေးရှိ၏။ အနိုင်ရသူက ရာထူးတိုးရန် လွယ်ကူပြီး ထိပ်ဆုံးနေရာကို ရလျှင် နန်းတော်၏ ချန်ပီယံအဖြစ် အဆင့်အတန်းမြင့်တက်လာနိုင်သည်။ ဤသိုင်းပြိုင်ပွဲသည် ဌာနများအကြား ချစ်ကြည်ရေးကို ရှေးရှူပြီး တစ်ခုချင်းစီမှ အစွမ်းထက် စီရင်သူများ ရွေးချယ်ကာ ကောင်းကင်ဂိတ်သို့ ချီတက်ကြရ၏။ မိုးကြိုးဌာန၏ လူရွေးပွဲအတွက် ကောင်းကင်အုပ်စိုးအင်မော်တယ် အိမ်တော်မှ စီရင်သူများကို တစ်ရက်နေလျှင် ရွေးချယ်တော့မည် ဖြစ်၏။ ရည်မှန်းချက် ကြီးလွန်းသော သူ၏ စိတ်ကို လျူမူအနေဖြင့် ပိုပြီး နားလည်ရခက်လာ၏။
"အဲဲ့ဒီတော့ ဝင်ပြိုင်ခွင့်ရရင် မင်းက ဘာဖြစ်မှာလဲ"
"ကျုပ်သာ သိုင်းပြိုင်ပွဲမှာ တောက်ပလာရင် ကောင်းကင်ပျံသန်းမြို့တော်က ဘယ်သူမှ ထိရဲမှာ မဟုတ်တော့ဘူး"
ယွမ်ရှောင်က ပခုံးတွန့်၍ အေးစက်စက် ပြောလိုက်လေသည်။
အပိုင်း ၅၄၀ - မူလစက်လုံး
နှစ်နာရီ ကြာအောင် ဓားယာဥ်ဖြင့် ပျံသန်းပြီးနောက် ယွမ်ရှောင်သည် ကောင်းကင်ပျံသန်းမြို့တော်သို့ ပြန်ရောက်သောအခါ နေမွန်းတည့်ပြီ ဖြစ်သည်။ ဆန်ဂျူမြို့ လူသတ်မှုတွင် နစ်နာသူ အလောင်းများ မအေးခင်မှာပင် တရားခံဖြစ်သူက ဥပဒေစိုးမိုးသော နေရာသို့ အကျိုးအမြတ်များနှင့်တကွ အတားအဆီးမရှိ ပြန်လည် ရောက်ရှိလာခဲ့၏။ လူသတ်မှုသတင်းကြောင့် မြို့နေလူထူ ပွက်လောရိုက်နေသည်ကို မြင်နိုင်ပြီး အသက်ရှင်ကျန်ရစ်ခဲ့သော စီရင်သူများအား မည်သူမျှ သံသယ မဝင်ကြချေ။ လုအိမ်တော်၏ ခြံဝန်းငယ်တစ်ခုအတွင်း စုယုသည် စိုးရိမ်ပူပန်စွာ ထိုင်နေရင်း စောင့်ဆိုင်းနေကာ ယွမ်ရှောင်လည်း အရင်ဆုံး အိမ်ပြန်လာခဲ့သည်။
"အမေ ကျွန်တော် ပြန်ရောက်ပါပြီ"
"ရှောင်ယောင် သားလေး ဘေးကင်းရဲ့လား"
သူမက လက်လှမ်းလာသောအခါ သူက ပြန်လည် ဆုပ်ကိုင်ပြီး နှစ်သိမ့်ပေးလိုက်၏။
"ဆန်ဂျူမြို့အကြောင်း ကြားလို့ စိုးရိမ်နေတာလား။ ကျွန်တော် ကံကောင်းလို့ စိတ်မပူပါနဲ့။ လူသတ်သမားက မသတ်ချင်ဘူးထင်ပါတယ်။ ခြစ်ရာတောင် မရပါဘူး။ စစ်ဆေးမေးမြန်းတာကို ပူးပေါင်းပေးရုံပါပဲ"
"ကောင်းတယ်။ ကောင်းတယ်"
သူမက သက်ပြင်းချပြီး တင်းမာနေသော နှလုံးသား ပြန်လည် လျော့ကျသွား၏။
"ဒါပေမယ့် သတင်းဆိုးတော့ ရှိတယ်။ လူသတ်သမားကို ဖမ်းဖို့ ကြိုးစားရင်းနဲ့ လုချန်ဖုန်း သေသွားတယ်"
"ကိစ္စမရှိပါဘူး"
သူက ဘေးဘီကို စစ်ဆေးပြီးနောက် အနားသို့ ကပ်ကာ တီးတိုးပြောလိုက်သောအခါ စုယု အမှတ်တမဲ့ ရေရွတ်လိုက်၏။
"အို မဟုတ်ပါဘူး။ တကယ်ကို ဝမ်းနည်းစရာပါပဲ။ သခင်ကြီးလုနဲ့ ဇနီးက သမီးတစ်ယောက်အပြင် သားကိုပါ ထပ်ပြီး ဆုံးရှုံးလိုက်ရပြီ"
"အခုဆိုရင် သခင်ကြီးလုလည်း သူရဲကောင်းရဲ့ အဖေ ဖြစ်ပြီပေါ့"
"တိတ်တိတ်နေ။ အဲ့တာက ပေါ့ပေါ့တန်တန် သုံးရမယ့် စကားလုံး မဟုတ်ဘူး"
ယွမ်ရှောင်က သူမ၏ စိုးရိမ်ကြောင့်ကြများသော မျက်နှာကို အပြုံးဖြင့် ကြည့်နေရင်း ရုတ်တရက် ထရပ်လိုက်၏။
"အမေ သားပြန်သွားရဦးမယ်"
"ပြန်ရောက်တာမှ မကြာသေးဘူး။ နေ့လယ်စာ သားသွားပါဦး"
"တောင်းပန်ပါတယ် အမေ။ အခု အလုပ်အရမ်းများနေတယ်။ ကျွန်တော်သာ နောက်ကျရင် အထက်လူကြီးတွေက အလုပ်ဖြုတ်လိုက်နိုင်တယ်"
"ဒါဆိုရင်လည်း သွားပါ။ ဘေးကင်းအောင် နေဖို့ မမေ့နဲ့နော်"
စုယုက သူ၏ လက်များကို ခပ်တင်းတင်း ဆုပ်ကိုင်ကာ အဆက်မပြတ် မှာကြားနေသဖြင့် ခေါင်းညိတ်ကာ ခြံဝန်းအတွင်းမှ ထွက်လာပြီး တိတ်တဆိတ် ပျောက်ကွယ်သွားခဲ့၏။
"မြင်လား။ လုချန်ဖုန်း သေသွားလို့ သခင်မယု ပျော်နေတယ်"
ယွမ်ရှောင်က လမ်းလျှောက်နေရင်း ကြယ်ပြာနှင့် စကားပြောနေခြင်း ဖြစ်သည်။
"သူက မင်းအတွက် အရေးပါလို့လားဟ။ ဘာမှလည်း မဆိုင်ဘူးလေ"
"ဆိုင်တယ်ကွ"
"ဒီလောက် အရေးကြီးနေရင် ကာကွယ်ပေးဖို့ ကောင်းကင်အုပ်စိုး အိမ်တော်ကို ခေါ်လာခဲ့ပါလား"
"မရဘူး။ ကိစ္စတွေ ပိုဆိုးသွားနိုင်တယ်။ ဒီနေရာက လုံခြုံမှာပါ။ ကောင်းကင်အုပ်စိုး အိမ်တော်ကရော လုံခြုံမယ် မထင်ဘူး"
ယွမ်ရှောင်က လုအိမ်တော်မှ ထွက်လာရင်း ဓားသွားပေါ် လမ်းလျှောက်သကဲ့သို့ စွန့်စားပေတော့မည်။
မျက်တောင်တစ်ခတ်အတွင်း သူက လေအဆောင်သို့ ပြန်လည် ရောက်ရှိလာကာ သုံးရက်အတွင်း တပ်မှူးတစ်ယောက်ကို အလုပ်ဖြုတ်၍ စီရင်သူ ဆယ်ယောက်ကျော်ကို သတ်ပစ်နိုင်ခဲ့ပြီ ဖြစ်၏။ သို့သော် သူက ဤအပြောင်းအလဲများကို ဂရုပင် မစိုက်ဘဲ ကျင့်ကြံရေးအခန်း၌ အဆင့်တက်ရန်သာ တွေးနေမိသည်။
"မင်း သတင်း ကြားလား။ သတ္တမ မင်းသမီး ပြန်လည် မွေးဖွားလာပေမယ့် ကောင်းကင်ရုံးတော်ကို ပြန်မလာဘဲ ပျောက်နေတယ်တဲ့"
"မဟာတာအို နယ်မြေတစ်ခုလုံး ဒီအကြောင်း ပြောနေကြတာမလား"
လေအဆောင်၏ ဝင်ပေါက်တွင် စီရင်သူနှစ်ယောက် ဆွေးနွေးနေကြပြီး ထူးဆန်းသော ကိစ္စတစ်ခု အကြောင်းပင်။
"အရမ်း ထူးဆန်းတယ်။ မင်းသမီးက လိုက်ဖမ်းခံနေရတာလား"
"မဖြစ်နိုင်ဘူး။ ကောင်းကင်ရုံးတော်ရဲ့ မင်းသမီးကို ဘယ်သူက လိုက်ဖမ်းရဲမှာလဲ"
ထိုအချိန်မှာပင် ယွမ်ရှောင်က ချဥ်းကပ်လာပြီး သတင်းစုံစမ်းလိုက်သော်လည်း သူတို့ထံမှ အဖြေပြန်မရဘဲ နှာခေါင်းရှုံ့၍ တစ်ဖက်သို့ လှည့်သွားကြ၏။
"သတ္တမ မင်းသမီးက ကောင်းကင်ပျံသန်းမြို့တော်အပြင်ဘက်မှာ ပေါ်လာတယ်လို့ ကြားမိသေးလား"
ဆန်ဂျူမြို့ လူသတ်မှုအပြီးတွင် စီရင်သူများက သူ့ကို အနာဂတ်ပျောက်နေသော တရားခံတစ်ယောက်ပမာ သဘောထား၍ ရှောင်ဖယ်စပြုလာကြသည်။
"ဟား ဟား"
သူက ဟားတိုက်ရယ်မောကာ ကျင့်ကြံရေးအခန်းသို့ ဝင်ရောက်၍ တံခါးကို ဘုန်းခနဲ ပိတ်ချပစ်လိုက်၏။ အနက်ရောင် သားရဲလေးက ဆောင့်ကြောင့်ထိုင်၍ ဝမ်းချုပ်နေသူတစ်ယောက်ပမာ ရှုံ့မဲ့သွားပြီး တောက်ပနေသော အလုံးတစ်လုံးကို အန်ထုတ်နေစဥ် မျက်နှာပင် စိမ်းဖန့်ဖန့် အရောင်ပြောင်းလဲသွားသည်။ ၎င်း၏ မျက်နှာပြင်က တောက်ပပြီး အတွင်းဘက်၌ စွမ်းအင်ဝဲတစ်ခု လည်ပတ်နေကာ ဖန်ဆင်းရှင်အင်မော်တယ် ပြင်ဆင်ထားသည့် ဝိညာဥ်ကို တိုက်ရိုက် ပြုစုပျိုးထောင်ပေးနိုင်သော ရတနာ၊ မူလစက်လုံးပင်။
"မင်းဘာသာ စမ်းကြည့်ပြီး အဖြေရှာလိုက်"
သားရဲလေးက အားနည်း ဖျော့တော့သော အသံဖြင့် ပြောလိုက်ပြီး လုံးဝ အားကုန်သွားဟန် ယိုင်နဲ့နေ၏။
"ကောင်းပြီ"
ယွမ်ရှောင်၏ ကျင့်ကြံမှုအတွက် ကောင်းကင်တာအိုဆေးလုံးများက အသုံးဝင်ပြီး ဝိညာဥ်အတွက် မူလစက်လုံးမှာ အခရာ ဖြစ်သည်။ သူကိုယ်တိုင် လေ့လာအားထုတ်ရန် လိုအပ်သည်မှာ တာအိုနှလုံးသားဖြစ်၍ ကျင့်ကြံသူ၏ ဉာဏ်အလင်းမရှိဘဲ တိုးတက်လာရန် မဖြစ်နိုင်ပေ။ မူလစက်လုံးသည် မူလဝိညာဥ် ကြီးထွားတိုးတက်လာစေရန် ကူညီပေးနိုင်သဖြင့် ကိုယ်တိုင်က တာအိုနှလုံးသားကို ကျင့်ကြံပြီး အဆင့်တက်လာစေရန် အာရုံစိုက်ထားနိုင်ပေလိမ့်မည်။ သူက နောက်ထပ် အချိန်ဆိုင်းမနေဘဲ တင်ပျဥ်ခွေထိုင်ချလိုက်ပြီး လက်ဖဝါးအထက်၌ မူလစက်လုံးကို တင်ထားကာ မူလဝိညာဥ်အား ဆင့်ခေါ်သည်။ ဝိညာဥ်၏ ရှုထောင်မှ ကြည့်လျှင် ၎င်းသည် ဆွဲဆောင်အားပြင်းထန်ပြီး ရတနာတစ်ခုနှင့် အင်မတန် တူညီသည်။
မူလဝိညာဥ်သည် ၎င်းနှင့် အရွယ်အစားချင်း တူညီသော စက်လုံးကို လက်နှစ်ဖက်ဖြင့် ပွေ့ဖက်ကာ နည်းနည်းချင်း ကိုက်စားလိုက်သည်။ မွှေးကြိုင် သင်းပျံ့သော ရနံ့သည် ဝိညာဥ်အတွင်းပိုင်းအထိ ပျံ့နှံ့သွားကာ နောက်ဆုံးတွင် မူလစက်လုံး တစ်ခုလုံးကို မျိုချပစ်ခဲ့၏။
"ဟေ့ကောင် မင်း ငါ့အတွက် ဘယ်တော့ နို့ရည် ရှာပေးမှာလဲ"
"မကြာခင်ပေါ့ကွာ။ မကြာတော့ပါဘူး"
ဝမ်းဗိုက်အတွင်း မူလစက်လုံးကို ဖန်တီးခဲ့ရသော လနီက မကျေမနပ် မေးခွန်းထုတ်နေသောအခါ မူလဝိညာဥ် စိတ်ကျေနပ်သွားသော အသံဖြင့် ယွမ်ရှောင်မှ ပြန်ဖြေလိုက်လေသည်။