အခန်း (၅၄၁-၅၄၂)
Vol. 41 Ch. 541-542
အပိုင်း ၅၄၁ - ခြောက်ယောက်မြောက် ပြိုင်ပွဲဝင်
မူလဝိညာဥ်သည် အားပြင်းပြင်း ဆေးတစ်ခွက် သောက်သုံးလိုက်ရသကဲ့သို့ ဖောင်းကားလာပြီး ပေါက်ကွဲမတတ် ကြီးထွားလာသည်ကို ခံစားနေရ၏။ ယွမ်ရှောင်က ၎င်းကို ဒန်တန်အတွင်း အလျင်အမြန် သိမ်းဆည်း၍ သုံးရောင်ခြယ် ဆေးလုံးများကို ချက်ချင်း မျိုချပစ်ခဲ့သည်။ တတိယမြောက် တာအိုကပ်ဘေးကို ကျော်ဖြတ်နိုင်ရန် မူလဝိညာဥ်နှင့် ရှစ်ဆယ်ရာခိုင်နှုန်း သက်ဆိုင်ပြီး တာအိုနှလုံးသားမှာ နှစ်ဆယ်ရာခိုင်နှုန်း ဖြစ်သောကြောင့် မူလစက်လုံး လုံလောက်စွာရလျှင် အဆင့်တက်နှုန်း မြန်ဆန်ပေလိမ့်မည်။ မူလစက်လုံး၏ အားဖြည့်ပေးမှုကြောင့် ဝိညာဥ် အင်မတန် အားကောင်းလာသောအခါ ကောင်းကင်တာအိုဆေးလုံး ဖြည့်စွက်ခြင်းဖြင့် အဆင့်နှစ်ဆင့် တရစပ် မြင့်တက်သွားခဲ့သည်။ နောက်ပိုင်းအဆင့် အင်မော်တယ် ဖြစ်လာပြီး သူ၏ အဆင့်ကျော် တိုက်ခိုက်နိုင်စွမ်းအရ ဝိညာဥ်အနှစ်သာရ ပုံဖော်နိုင်သူများနှင့် ယှဥ်နိုင်စွမ်း ရှိလာခဲ့၏။
"ဒီစွမ်းအားက တပ်မှူးအချို့ကိုတောင် လိုက်မီတော့မယ်"
လျူမူကဲ့သို့ အတွေ့အကြုံရင့် အဆင့်ရှစ် တပ်မှူးများလောက်တော့ အားကောင်းမည် မဟုတ်ချေ။ ကောင်းကင်ရုံးတော်တွင် ရာထူးအာဏာက နောက်ခံနှင့်လည်း သက်ဆိုင်ပြီး ဥပမာအားဖြင့် တစ်ကိုယ်တော် ကျင့်ကြံသူများ မည်မျှ အစွမ်းထက်ပါစေ၊ အဆင့်မြင့် ကောင်းကင်အရာရှိ ဖြစ်မလာနိုင်ပေ။ ယွမ်ရှောင်က အတွေးနက်နေကာ မူလဝိညာဥ်သည် အဆက်မပြတ် အားကောင်းလာပြီး အနှစ်သာရ ပုံဖော်နိုင်ရန် များစွာ မဝေးလှသော်လည်း ကံဆိုးသည်မှာ အင်မော်တယ်ကျောက်စိမ်းမိုင်းတွင်း ကုန်ခမ်းသွားပြီ ဖြစ်၏။ အရင်းအမြစ်ပမာဏ နည်းပါးသောကြောင့် မဟုတ်ဘဲ မူလစက်လုံး ဖန်တီးရန် ကုန်ကျစရိတ် ကြီးမားလွန်းသောကြောင့်ပင်။
"ပိုက်ဆံအများကြီး အချောင် ရလာပေမယ့် တစ်ခါတည်းနဲ့ ဘာမှ မကျန်တော့ဘူး။ တော်တော် ဆိုးတဲ့ ခံစားချက်ပဲ"
ယွမ်ရှောင်က သက်ပြင်းချမိပြီး ဆင်းရဲသွားသော်လည်း စွမ်းအားမှာ အလျင်အမြန် ကြီးထွားလာနေသည်။
"လုချန်ဖုန်းနဲ့ စီရင်သူတွေဆီက ရထားတဲ့ အရင်းအမြစ်တွေ ထုတ်ပေး"
"မရဘူးကွ။ ဒါတွေက ငါ ဝိညာဥ်အနှစ်သာရ ပုံဖော်ရန် သုံးဖို့ ချန်ထားတာ"
လနီက လောဘတကြီး တောင်းဆိုသော်လည်း သူ့အနေဖြင့် ငြင်းဆန်လိုက်ပြီး မိုင်းတွင်းမှပင် ဤသားရဲလေး အရေအတွက်များစွာ ဖြတ်ခုတ်ထားမည်ဟု သေချာနေသည်။ သူက ကျင့်ကြံဆင့်တည်ငြိမ်စေရန် ပြုလုပ်ပြီးသောအခါ ညနေအချိန်သို့ပင် ရောက်ရှိသွားကာ တစ်နာရီကြာလျှင် အမှောင်ထု ထွက်ပေါ်လာပေတော့မည်။ သူက အဆင့်တက်သွားသော်လည်း ဓားအော်ရာနှင့် ရုန်းအရေအတွက်မှာ ထပ်တိုးမလာဘဲ ရပ်တန့်နေပြီး အစွမ်းထက် ဓားစက်ကွင်းများလည်း မရှိရာ အဆင့်မြင့် သိုင်းပညာ လိုအပ်လာခဲ့၏။ လက်ရှိ သူ၏ သိုင်းပညာများသည် သေမျိုးလောကနှင့်သာ ဆက်နွယ်ပြီး အမြင့်ဆုံး အကန့်အသတ်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
"ဆရာ ပြန်ရောက်လာပြီလား"
ယွမ်ရှောင်က သိုင်းပညာအကြောင်း အတွေးနက်နေရင်း အခန်းပြင်သို့ ထွက်လာသောအခါ ဆည်းဆာနေရောင်အောက်တွင် လျူမူကို တွေ့လိုက်ရ၏။
"အထက်က အမိန့်ကျလာတယ်။ လုချန်ဖုန်းရဲ့ တပ်ဖွဲ့ကို ငါ ယာယီ ကြီးကြပ်ရလိမ့်မယ်။ အခုကစပြီး ငါ့ကို အတိအကျ အစီအရင်ခံပါ"
သူမက လေးနက်စွာ မှာကြားနေသဖြင့် သူ ရယ်မောလိုက်မိသည်။
"ကျုပ် ပြဿနာရှာမှာကို ဆရာ ကြောက်နေတာလား။ ဆန်ဂျူမြို့ အမှုရော ဘယ်လိုလဲ"
"သူတို့ ဆက်လက်စုံစမ်းပြီး လူသတ်သမားကို ရှာနေကြတုန်းပဲ"
"ဆရာ ကျုပ် သိုင်းခန်းမကို သွားချင်တယ်။ ဆန်ဂျူမြို့ ခရီးကနေ အကျိုးဆောင်မှတ် မရခဲ့ဘူး။ သိုင်းပညာတွေနဲ့ လဲလှယ်ဖို့ မလုံလောက်လို့ ကိုယ်တိုင် သွားကြည့်ချင်တယ်"
ယွမ်ရှောင်က ရှည်ရှည်ဝေးဝေး ရှင်းပြကာ တောင်းဆိုလိုက်ခြင်းပင်။
"လောလောဆယ် သိုင်းခန်းမထဲမှာ ရှိတာတွေက အမှိုက်သိုင်းတွေ၊ ဘယ်သူမှတောင် ဂရုမစိုက်ကြဘူး။ တန်ဖိုးတစ်ခုခု ရှိရင် ကောင်းကင်အုပ်စိုးအိမ်တော်က တင်းတင်းကြပ်ကြပ် ထိန်းသိမ်းထားပြီးပြီ။ လျူအိမ်တော်ရဲ့ သိုင်းပညာကိုလည်း ဖြန့်ဝေလို့ မဖြစ်ဘူး။ တောင်းပန်ပါတယ်။ နင်က ငါ့တပည့် ဖြစ်ပေမယ့် သင်ပေးနိုင်တာ သိပ်မရှိဘူး"
လျူမူက အားတုံ့အားနာ အမူအရာဖြင့် ခေါင်းယမ်းပြသည်။
"ဆရာက ဥပဒေအကြောင်း သင်ပေးရင် ရပါပြီ။ တောင်းပန်စရာ မလိုပါဘူး။ ဒါပေမယ့် ကျုပ် သိုင်းခန်းမကို သွားကြည့်ချင်နေတုန်းပဲ။ မွဲနေမှတော့ အမှိုက်ဆိုလည်း ဂရုမစိုက်နိုင်တော့ဘူး။ ရွှေတွေ့ချင် တွေ့မှာပေါ့။ ဘယ်ပြောနိုင်မလဲ"
သူက ပခုံးတွန့်ပြ၍ ဆက်လက် တောင်းဆိုနေပြန်သည်။ လျူမူ၏ အမြင်တွင် အမှိုက်ပုံထဲမှ ရတနာ ကောက်ရသော ယုံတမ်းပုံပြင်များကို မယုံကြည်သော်လည်း ယွမ်ရှောင် လမ်းပျောက်မည်နှင့် အခြားသူများ ပြဿနာရှာမည်ကို စိုးရိမ်သဖြင့် သိုင်းခန်းမသို့ ကိုယ်တိုင် လိုက်ပို့ပေးခဲ့သည်။ သူက ဝင်ရောက်သွားပြီး ခဏအကြာတွင် ပြန်ထွက်လာသဖြင့် သူမသည် တစ်ချက် ရယ်မောကာ မေးခွန်းထုတ်နေ၏။
"ကဲ ဘာတွေများ ရခဲ့လဲ"
"ဘာမှမရဘူး"
"အချိန်ဖြုန်းမနေနဲ့။ ညမှောင်တော့မယ်။ ကျင့်ကြံရေးခန်းထဲမှာ ငြိမ်ငြိမ်နေလိုက်တော့"
"ဆရာ ကျုပ်မှာ အရေးကြီး ကိစ္စတစ်ခု လုပ်စရာ ရှိသေးတယ်"
ယွမ်ရှောင်၌ အကြံအစည်တစ်ခုခု အမြဲမပြတ် ရှိနေတတ်သဖြင့် သူမ စိတ်ညစ်သွားပုံရ၏။
"ဘာဖြစ်ပြန်ပြီလဲ"
"မိုးလင်းရင် ကောင်းကင်အုပ်စိုးအိမ်တော်ရဲ့ မိုးကြိုးဌာနကို သွားဖို့ စီရင်သူ ငါးယောက် ရွေးချယ်မယ်လို့ ကြားတယ်။ ကျုပ် စာရင်းသွင်းချင်တယ်။ ဒီညက နောက်ဆုံးမလား"
"နင့်မှာ အရည်အချင်း ရှိတာ မှန်ပါတယ်။ ဒါပေမယ့် နင့်အတွက် နေရာ မဟုတ်ဘူး"
လျူမူက သူ၏ တောင်းဆိုချက်ကို မဆိုင်းမတွ ငြင်းဆန်လိုက်သဖြင့် နားမလည်နိုင် ဖြစ်သွားစေသည်။
"ဘာလို့လဲ"
"ကောင်းကင်ရုံးတော်ရဲ့ အင်မော်တယ်သိုင်းပြိုင်ပွဲဆိုတာ ဟန်ပြသက်သက်ပဲ။ နတ်ဘုရားမိသားစုတွေက လူငယ်မျိုးဆက်တွေကို အကဲဖြတ်ဖို့ လုပ်ထားတာမို့ ဝင်ခွင့်ရသူတိုင်းဟာ အဆင့်မြင့် အင်မော်တယ်တွေရဲ့ သားသမီး ဖြစ်ကြတယ်။ ပုံမှန်အားဖြင့် အဆင့်၆ အရာရှိတစ်ယောက်ရဲ့ သမီးဖြစ်တဲ့ ငါတောင် ပါဝင်ဖို့ အခွင့်အရေး ရှားပါးလွန်းတယ်"
သူမက သိသိသာသာ စိတ်အနှောင့်အယှက် ဖြစ်သွားပုံပေါ်ကာ ရှင်းပြလိုက်ပြီး ထိုသိုင်းပြိုင်ပွဲဆိုသည်မှာ တိုက်ခိုက်ရေးစွမ်းရည်ထက် အဆင့်အတန်းကို ပဓာနထားကြောင်း သိသာပေသည်။ ထို့ကြောင့် ကောင်းကင်ပျံသန်းမြို့တော်၏ ဝင်ခွင့်နေရာ ငါးခုအတွက် ကြိုတင်သတ်မှတ်ထားပြီး ဖြစ်ကာ သခင်လေး သခင်မလေးများက အောက်ခြေအဆင့် အတွေ့အကြုံ ရယူလိုခြင်းပင်။
"ဒါက မှားနေတာ မဟုတ်ဘူးလား။ စီရင်သူတွေကို အရည်အချင်းထက် အဆင့်အတန်းကို ဦးစားပေးပြီး ဆုံးဖြတ်တာလား။ စွမ်းဆောင်ရည် ညံ့ဖျင်းရင်ရော ဘယ်လိုဖြစ်မှာလဲ။ ရှက်စရာပဲ"
ယွမ်ရှောင်က ခေါင်းတခါခါဖြင့် မှတ်ချက်ချသည်။
"သူတို့ရဲ့ မိဘတွေက အနည်းဆုံး အဆင့်ခြောက် အရာရှိတွေပဲ။ ထူးခြားတဲ့ အရည်အချင်း မရှိရင်တောင် မွေးကတည်းက အရင်းအမြစ်များများနဲ့ ပျိုးထောင်ခံထားရလို့ ရွယ်တူတွေထက် များစွာ ပိုသန်မာတယ်။ အမှန်အတိုင်းပြောရရင် ဒီစီရင်သူ ငါးယောက်က အသန်မာဆုံးပဲ။ သူတို့အားလုံးက အသက်သုံးဆယ်အောက်မှာ အရည်အချင်းရှိရုံသာမက အောင်မြင်မှု ရထားကြတယ်။ ငါနဲ့တောင် ရာထူးတူတူပဲ"
ပြိုင်ဘက်များက ဤမျှ အဆင့်အတန်း မြင့်မားလိမ့်မည်ဟု ယွမ်ရှောင် ထင်မထားခဲ့ပေ။ မောက်မောက်မာမာ နေတတ်သော လုချန်ဖုန်းပင်လျှင် ထိုငါးယောက်နှင့် ယှဥ်လျှင် တစ်ဆင့် နိမ့်နေသည်။
"ဒါပေမယ့် ဆရာ အသက်ကန့်သတ်ချက် ပြည့်ရင် ဘယ်သူမဆို စာရင်းသွင်းနိုင်တယ်မလား။ မနက်ဖြန် အတွင်းပိုင်း ရွေးချယ်မှု ရှိသေးတယ်လေ"
သူက လက်မလျှော့လိုဟန်ဖြင့် စောဒကတက်လိုက်သော်လည်း လျူမူသည် သက်ပြင်းချကာ အပြင်သို့ လက်ညှိုးထိုးပြ၍ စိတ်ပျက်လက်ပျက် ပြောဆိုနေသည်။
"ဒါက လုပ်ထုံးလုပ်နည်းအရပဲ။ စာရင်းသွင်းတာနဲ့ ပတ်သက်ရင် အပြင်က ဆိုင်းဘုတ်မှာ ဘယ်နှယောက်ရေးထားလဲသာ ကြည့်လိုက်တော့"
"ဒီငါးယောက်ပဲလား"
"ဟုတ်တယ်။ လူတိုင်းက ကိုယ့်နေရာကိုယ် သိပြီး အရာရှိကြီးတွေကို မိုက်မိုက်မဲမဲ ပြဿနာရှာဖို့ ဘယ်သူ စဥ်းစားရဲမှာလဲ။ တစ်ယောက်ယောက်က သူတို့ငါးယောက်ကို အနိုင်ယူလိုက်ရင်တောင် နောက်ခံတွေက ထိုင်ကြည့်နေမယ်ထင်လား"
"မထင်ဘူး"
"မှန်တယ်။ နင်လည်း ကိုယ့်နေရာကိုယ် သိပြီး ကျင့်ကြံရေးအခန်းမှာပဲ နေစမ်းပါ"
လျူမူက ယွမ်ရှောင်၏ ပခုံးအပေါ် လက်တင်ပြီး ဆုံးမလိုက်သောအခါ သူ ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်ကဲ့"
"ဒါဆိုရင် သွားတော့။ အခန်းထဲမှာပဲနေ"
တစ်ဖက်လူ နာနာခံခံ ရှိသည်ကို မြင်သောအခါတွင်မှ သူမ စိတ်အေးသွားကာ ယွမ်ရှောင် ထိုအကြံအား စွန့်လွှတ်အောင် ဖြောင်းဖြရန် အလောတကြီး ပြန်လာခြင်း ဖြစ်သည်။
"မနက်ဖြန်မှ တွေ့မယ် ဆရာ"
ယွမ်ရှောင်က ကျင့်ကြံရေးအခန်း ရှိရာသို့ ဦးတည်လာခဲ့ပြီး မနီးမဝေးမှ ဝင်ပေါက်ရှိ ဆိုင်းဘုတ်ထံ အကြည့်ရောက်သွား၏။ အဆင့်ရှစ် တပ်မှူးငါးယောက်၏ အမည်ကို ဂုဏ်ယူစွာ ရေးသားထားပြီး ရာထူးကိုပင် ဖော်ပြထားသေးသည်။ သို့သော် သူက တစ်လှမ်းချင်း လျှောက်သွား၍ စုတ်တံတစ်ချောင်း ဆွဲယူကာ လုယောင်ဆိုသော အမည်ကို ခြောက်ယောက်မြောက်အဖြစ် စာရင်းသွင်းလိုက်၏။
"ဘယ်သူလဲ။ ဒီနေရာမှာ စာရင်းသွင်းရအောင် ကိုယ့်ကိုကိုယ် ဘယ်သူထင်နေတာလဲ"
ဆိုင်းဘုတ်တွင် နာမည်ရေးပြီးနောက် သူက ထွက်သွားရန် ခြေလှမ်းပြင်လိုက်စဥ် ကြည်လင်သာယာသော မိန်းမသံတစ်ခု ကျောဘက်မှ ထွက်ပေါ်လာခဲ့လေသည်။
အပိုင်း ၅၄၂ - လူမိုက် ကံကောင်း
ယွမ်ရှောင်သည် အသံကြားရာသို့ လှည့်ကြည့်လိုက်သောအခါ မီးရောင်များ တဖျတ်ဖျတ် လင်းလက်နေသော ဈေးလမ်းမဘက်မှ အမျိုးသမီး နှစ်ဦး ချဉ်းကပ်လာကာ လှပရုံမျှမက ကောင်းကင် ဘုံမှ စစ်မှန်သော ကောင်းကင် နတ်သမီးများကဲ့သို့ပင် ဖြစ်ကြသည်။ လျှို့ဝှက်ဆန်းကြယ်သော မြူခိုးများက သူတို့ကို ရစ်ပတ်ထားပြီး အသားအရေမှာ ကျောက်သားပမာ ချောမွေ့ကာ မျက်နှာများမှာ မက်မွန်ပန်းများကဲ့သို့ လန်းဆန်းနေသည်။ ဝတ်ရုံရှည်များကို အဖိုးတန် ကျောက်စိမ်းများဖြင့် အလှဆင်ထားပြီး ဆံထိုးများပင် နဂါးငွေ့တန်းထဲမှ ကြယ်များကဲ့သို့ တောက်ပနေသည်။ ဆွဲဆောင်မှုရှိသော မျက်နှာများ၊ နှင့် မိုးမခရွက် ပုံစံ မျက်ခုံးများသည် အထက်တွင် ဂုဏ်ယူစွာ ရပ်တည်နေသည့် သူတို့၏ ကျော့ရှင်းလှပသော ခန္ဓာကိုယ် ကောက်ကြောင်းများကို ပိုမို ပေါ်လွင်စေ၏။ စကားပြောလိုက်သူမှာ အစိမ်းရောင်ဝတ် အငယ်မလေး ဖြစ်သည်။ ကြည်လင်သော မျက်လုံးများသည် သွက်လက် ရှင်းလင်းနေကာ မြင့်မြတ်မှုတို့ ထင်ဟပ်နေသောကြောင့် အပြစ်ကင်းစင်သော ဆွဲဆောင်မှုရှိပြီး ချဉ်းကပ်ရလွယ်ကူပုံ ပေါ်သော်လည်း ခွန်အား ကြီးမားပြီး အင်မော်တယ် အရှိန်အဝါဖြင့် ဝန်းရံထားသည်။ သူတို့၏ အလှတရား တစ်ခုတည်းကပင် လောကီဘုံသို့ ဆင်းသက်လာလျှင် သတ္တဝါအားလုံး ကိုးကွယ်စေရန် သေချာပေါက် ဖိအားပေးနိုင်ပေလိမ့်မည်။
သူမ၏ အနောက်တွင် အပြာရောင် ဝတ်စုံနှင့် အမျိုးသမီး တစ်ဦး လိုက်ပါလာပြီး အရပ်ပိုရှည်ကာ ဆွဲဆောင်မှုရှိရှိ ကောက်ကြောင်းများနှင့် ခန္ဓာကိုယ် ပိုင်ရှင်ဖြစ်ကာ မျက်လုံးများသည် နက်ရှိုင်းသော ပင်လယ်ကဲ့သို့ တည်ငြိမ်၍ အဖော်နှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်သော အေးချမ်းမှု၊ ကျော့ရှင်းမှု နှင့် ရင့်ကျက်မှုတို့ကို ပြသနေသည်။ တစ်ဦးက သွက်လက်ချက်ချာပုံရပြီး နောက်တစ်ဦးက သိမ်မွေ့ပုံရသော်လည်း မျက်နှာသွင်ပြင်များက အနည်းငယ် ဆင်တူနေသောကြောင့် ညီအစ်မများ ဖြစ်ကြောင်း အလွယ်တကူ ကောက်ချက်ချနိုင်သည်။
သူမသည် စာရင်းကို တစ်ချက်ကြည့်လိုက်ပြီး လုယောင်ဟူသော နာမည်က ဒေါသကို ဆွပေးလိုက်နိုင်သည်။
"ဟေ့၊ နင် ဘာလုပ်နေတာလဲ"
"စာရင်းသွင်းနေတာ"
ယွမ်ရှောင်က ခံစားချက်မဲ့စွာ ပြောလိုက်သည်။
" နင့်ဖင်ကြီးကို သွားသွင်းလိုက်"
အစိမ်းရောင် ဝတ်စုံနှင့် မိန်းကလေးက ရှေ့တိုးလာပြီး ကြည်လင်လန်းဆန်းသော ရနံ့သည် ယွမ်ရှောင် ၏ နှာခေါင်းထဲသို့ ဝင်ရောက်လာ၏။
"မြန်မြန်လုပ်စမ်း၊ ဒီတပ်မှူးရဲ့ အမိန့်အရ နင့်နာမည်ကို ဖျက်ပစ်လိုက်"
"တပ်မှူး ဟုတ်လား"
"နင် ငါ့ကို မသိဘူးလား"
သူမက အံ့ဩစွာ မေးလိုက်သည်။
"မသိဘူး"
သူ ခေါင်းခါသည်။
သူမသည် ရင်ဘတ်ထဲမှ အဖြူရောင် တံဆိပ်ပြား တစ်ခုကို ထုတ်ယူပြီး ယွမ်ရှောင် ၏ မျက်လုံးကို ထိလုနီးပါး ကပ်ပြလိုက်သည်။ အဆင့် ၈ စီရင်သူ တပ်မှူး၏ သင်္ကေတဖြစ်ကာ တံဆိပ်ပြားပေါ်တွင် ကျော့ရှင်းပြီး စီးဆင်းနေသော စာလုံး သုံးလုံး ပါရှိသည်။ သူမ၏ နာမည်မှာ ကျန်းဟယ်ချင်းဖြစ်၍ ဆိုင်းဘုတ်ပေါ်တွင်လည်း ရှိပြီး သူ၏ အထက် တည့်တည့်တွင် ရှိနေသည်။ အသက် ၂၀သာ ရှိသေးသော်လည်း သူမသည် ကောင်းကင်ပျံသန်းမြို့တော်၊ ကောင်းကင်အုပ်စိုး အင်မော်တယ် အိမ်တော်တွင် အသက်အငယ်ဆုံး အဆင့် ၈ ကောင်းကင် အရာရှိဖြစ်ပြီး စံချိန်ပေါင်းများစွာ တင်ထားကာ မြို့၏ အတောက်ပဆုံး ပါရမီရှင်ဟု ဆိုကြသည်။
"အခု ငါ ဘယ်သူလဲဆိုတာ သိပြီလား"
"သိပါပြီ။ လုယောင်က တပ်မှူး ကျန်းကို အရိုအသေ ပေးပါတယ်"
ယွမ်ရှောင်က ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ။ အခု နင့်နာမည်ကို ဖျက်လိုက်တော့"
ဆိုလိုသည်မှာ သူ၏ စာရင်းသွင်းမှုကို ရုပ်သိမ်းရန် ရည်ရွယ်ခြင်းဖြစ်ပြီး ကိုယ်တိုင် လုပ်ဆောင်ရန် လိုအပ်ပုံရသည်။
"ဘာဖြစ်လို့လဲ"
"မနက်ဖြန် ငါက အရေးကြီးတဲ့ ကိစ္စတွေ ရှိတယ်။ အချိန်မရှိဘူး"
စာရင်းသွင်းသူ ငါးဦးသာ ရှိလျှင် ကောင်းကင်ပျံသန်းမြို့တော် တွင် ပြုလုပ်မည့် ရွေးချယ်မှုသည် လုပ်ထုံးလုပ်နည်း သက်သက်သာ ဖြစ်ပြီး သူမကို အချိန်ကုန်စေမည် မဟုတ်ပေ။ ယွမ်ရှောင် စာရင်းသွင်းလိုက်ခြင်းဖြင့် နေရာ ငါးခုအတွက် ကိုယ်စားလှယ်လောင်း ခြောက်ဦး ဖြစ်သွားသောကြောင့် သူမအနေဖြင့် တက်ရောက်ရပေတော့မည်။
"ဖျက်လိုက်စမ်းပါ။ ဘာကြည့်နေတာလဲ။ ငတုံးကောင်"
သူက ပြန်မဖြေသောအခါ ကျန်းဟယ်ချင်း စိတ်တိုစွာ အော်ပြီး ဒေါသများ ပေါက်ကွဲလာသည်။
"တပ်မှူး ကျန်း၊ စည်းမျဉ်းတွေအရ ငါ့မှာ ယှဉ်ပြိုင်ခွင့် ရှိတယ်။ ဒါကြောင့် စာရင်းသွင်းတာကို သေချာပေါက် ရုပ်သိမ်းမှာ မဟုတ်ဘူး"
ထိုအဖြေကြောင့် သူမက ကိုယ့်နားကိုပင် မယုံနိုင်အောင် ဖြစ်သွားသည်။
"နင် ရူးနေတာလား"
ယွမ်ရှောင်က ဆက်ပြီး မငြင်းခုံချင်တော့သဖြင့် ထွက်သွားရန် လှည့်လိုက်သည်။
သူမက ရှေ့တွင် ရုတ်တရက် ပေါ်လာပြီး မျက်လုံးများတွင် ယခုအခါ ဒေါသဖြင့် တောက်လောင်နေသည်။
"ပြောစမ်း။ ငါ့ကို ဒေါသထွက်အောင် လုပ်ဖို့ နင့်ကို ဘယ်သူ လွှတ်လိုက်တာလဲ"
"တပ်မှူး ကျန်း၊ ခင်ဗျား တိုက်ခိုက်ချင်ရင်၊ မနက်ဖြန် မနက် တိုက်ခိုက်လို့ ရတယ်။ အခု တိုက်ခိုက်ရင် ပရိသတ် ရှိမှာ မဟုတ်ဘူး"
"ပါးစပ်ပိတ်ထားစမ်း"
အစိမ်းရောင် ဝတ်စုံနှင့် မိန်းကလေးက သူ၏ အင်္ကျီကော်လာကို ဆွဲကိုင်ပြီး စိန်းစိန်းဝါးဝါး ကြည့်လိုက်သည်။
"နင်က အစမ်းခန့် စီရင်သူလား။ နင့်ကို ဘယ်သူ ကြီးကြပ်တာလဲ"
"အဲဒါက စာရင်းသွင်းတာနဲ့ ဘာဆိုင်လို့လဲ"
ယွမ်ရှောင်က သူမ၏ လက်ကို ဆွဲဖယ်ပြီး အကြည့်များ အေးစက်သွား၏။
"နင် ငါ့ကို ထိရဲတယ်ပေါ့"
သူမသည် အသားအရေချင်း ထိတွေ့သွားသောအခါ အလျင်အမြန် လက်ကို ပြန်ရုတ်လိုက်ပြီး စိတ်မထိန်းနိုင်တော့ဘဲ ဒေါသတကြီး ပြောလိုက်သည်။
"အဆင့်နိမ့် စီရင်သူလေးက ငါ့ရှေ့မှာ ရိုင်းစိုင်းရဲတယ်ပေါ့။ နင့်ကို ဘယ်သူမှ ယဉ်ကျေးမှု မသင်ပေးထားဘူးဆိုတော့၊ ငါ သင်ပေးမယ်"
"ချင်းအာ"
ထိုအချိန်တွင် အပြာရောင် ဝတ်စုံနှင့် အမျိုးသမီးသည် ဘေးတွင် ပေါ်လာပြီး အနည်းငယ် အေးစက်သော အမူအရာဖြင့် သူမ၏ လက်ကို ကိုင်လိုက်သည်။
"ကောင်းကင်အုပ်စိုး အင်မော်တယ် စံအိမ်တော် ရဲ့ ဂိတ်တံခါးမှာ ပြဿနာ မရှာနဲ့"
"အစ်မ၊ ဒီကောင်က ခေါင်းမာတဲ့ မြည်းတစ်ကောင်လို ရူးနေတာ ဖြစ်ရမယ်"
သူမ တစ်သက်လုံး၊ ငယ်စဉ်မှ ကြီးပြင်းလာသည်အထိ ကြုံတွေ့ခဲ့ရသူတိုင်းနှင့် ရာထူးမြင့်မားသော လူကြီးများပင်လျှင် အမြဲတမ်း ဦးညွှတ်အရိုအသေ ပေးခဲ့ကြသဖြင့် ယွမ်ရှောင်ကဲ့သို့ လူတစ်ယောက်ကို တစ်ခါမှ မတွေ့ဖူးခဲ့ပေ။
အပြာရောင် ဝတ်စုံနှင့် အမျိုးသမီး က ယွမ်ရှောင် ကို ဂရုမစိုက်သလို တစ်ချက်ကြည့်ပြီး ပြောသည်။
"ထားလိုက်ပါတော့၊ မနက်ဖြန် မနက် လာလိုက်ပါ"
"အဲဒါ အဆင်မပြေဘူး၊ အစ်မ။ ငါ့ရဲ့ အသက် ၂၀ ပြည့် မွေးနေ့က အရေးကြီးတဲ့ ကိစ္စမို့ လုပ်စရာတွေ အရမ်းများတယ်။ ပြီးတော့ မနက်ဖြန် မနက်ပဲ ငါ့မှာ အချိန်ရှိတာ။ ညနေပိုင်းကျရင် မိုးကြိုး ဌာနကို သွားရတော့မယ်"
"သူက အခု အစ်မမူရဲ့ စောင့်ရှောက်မှုအောက်မှာ ရှိနေတာ။ နင် သူမနဲ့ စကားပြောသင့်တယ်"
အပြာရောင် ဝတ်စုံနှင့် အမျိုးသမီး က အကြံပြုသည်။
"အစ်မ သူ့ကို သိလို့လား"
အစိမ်းရောင် ဝတ်စုံနှင့် မိန်းကလေး က မေးလိုက်သည်။
"ဆန်ဂျူမြို့ က အဖြစ်အပျက် အကြောင်း ငါ အခုလေးတင် ကြားလိုက်တယ်။ အဲဒီမှာ လုယောင် လို့ခေါ်တဲ့ အသက်ရှင်ကျန်ရစ်တဲ့ စီရင်သူ တစ်ယောက် ရှိတယ်။ သူပဲ ဖြစ်ရမယ်"
" လူမိုက်လေးရဲ့ ကံကောင်းမှုပေါ့။ စောင့်နေလိုက်စမ်း။ အစ်မမူကို ပြောပြီးတာနဲ့ နင့်ကို သွားကျွတ်အောင် ရိုက်ပစ်မယ်"
ကျန်းဟယ်ချင်းသည် ယွမ်ရှောင် ကို ဒေါသတကြီး ကြည့်ကာ နှုတ်ခမ်းကို ကိုက်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်၍ ကောင်းကင်အုပ်စိုး အင်မော်တယ် စံအိမ်တော် အတွင်းသို့ ဝင်သွားကြသည်။
"သူက အစ်မမူရဲ့ လက်အောက်ခံ ဆိုရင်တောင် သူ့နေရာသူ နားမလည်ဘူးလား။ သူ့ကို ရိုက်နှက်လိုက်တာက ကောင်းသွားစေမှာ မဟုတ်ဘူးလား"
အပြာရောင် ဝတ်စုံနှင့် အမျိုးသမီး ခေါင်းခါလိုက်သည်။
"သူ့အကြောင်း ငါ နည်းနည်း လေ့လာပြီးပြီ။ သူ့အသက်က မြက်လို ပေါပေါလောလော ပေမယ့် လျူကျိုးယွီက သခင်ကြီးလုကို စိန်ခေါ်ဖို့ အသုံးပြုနေတဲ့ နယ်ရုပ် တစ်ရုပ် ဖြစ်နိုင်တယ်။ ငါတို့ အဖေက ရာထူးတိုးတော့မှာမို့ သူတို့ရဲ့ ရှုပ်ထွေးတဲ့ ကိစ္စတွေထဲ မပါချင်နဲ့"
"ဒါကြောင့် သူက ထုံအနေတာကိုး။ သူက ဘယ်လို နောက်ခံရှိတယ် ထင်လို့ ငါ့လက်ကို လာထိရဲတာလဲ။ ငါ အမြန် ရှောင်လိုက်လို့ တော်သေးတာပေါ့။ မဟုတ်ရင် ငါ ညစ်ညမ်းသွားမှာပဲ"
" လက်ချင်းတစ်ချက် ထိတာက ညစ်ညမ်းသွားတာ မှ မဟုတ်တာ"
အပြာရောင် ဝတ်စုံနှင့်အမျိုးသမီးက ရယ်မောကာ ပြောလိုက်ပြီး ညီမလေး၏ ပါးပြင်ကို ပွတ်သပ်ပေးလိုက်သည်။ သူမကလည်း ရယ်မောနေပြီး ရုတ်တရက် တစ်ခုခုကို သတိရသွားကာ တိုးတိုးလေး မေးလိုက်သည်။
"ဒါပေမဲ့ တရားမဝင် သားဖြစ်တဲ့ ကျန်းလန်ယွဲ့ လည်း အသတ်ခံလိုက်ရတယ်လို့ ကြားတယ်"
“အဲဒါက ငါတို့အတွက် ကောင်းတဲ့ကိစ္စပဲ"
"အဖေကရော"
"သူ ဂရုစိုက်မစိုက် ဘယ်သူ သိမှာလဲ။ သူ့မှာ ခေါ်ထုတ်လာလို့ မရတဲ့ တရားမဝင် ကလေးတွေ အများကြီး ရှိတာပဲ။ နည်းနည်းပါးပါး သေသွားလို့လည်း ဝမ်းနည်းနေမှာ မဟုတ်ပါဘူး"
အပြာရောင် ဝတ်စုံနှင့် အမျိုးသမီး က မှတ်ချက်ချလိုက်သည်။
"ဒါပေမယ့် လျူကျိုးယွီက ကျန်းလန်ယွဲ့ ကို သတ်ရဲတယ် ဆိုတာတော့ သတ္တိနည်းမှာ မဟုတ်ဘူး။ အစ်မ၊ ငါတို့ လျူမူဆီကို သွားသင့်သေးလား"
"အခု အချိန်မတန်သေးဘူး။ အဖေ့အတွက် ပြဿနာ ဖြစ်လိမ့်မယ်"
"ဒါပေမဲ့ ငါ့ရဲ့ မွေးနေ့ပွဲက..."
ထိုအတွေး တစ်ခုတည်းကပင် မျက်ရည်ကျလုနီးပါး ဖြစ်စေကာ ထိုနေ့အတွက် အချိန်အတော်ကြာ စီစဉ်ထားခဲ့၍ ကောင်းကင်ပျံသန်းမြို့တော်၏ ဒုတိယမျိုးဆက်အားလုံးထံ ဖိတ်စာများ ဝေထားသော်လည်း အဓိကကြယ်ပွင့် ဖြစ်သော သူမက ကောင်းကင်အုပ်စိုး အင်မော်တယ် စံအိမ်တော် ကို ခရီးတစ်ခေါက် လာရမည် ဖြစ်၍ အများကြီး နှောင့်နှေးစေမှာ မဟုတ်သော်လည်း အလုပ်ရှုပ်ပေလိမ့်မည်။
"လုယောင်၊ ဟုတ်လား။ ကောင်းပြီ၊ စာရင်းသွင်းတာကို မရုတ်သိမ်းဘူးဆိုရင် မနက်ဖြန် မနက်ကျ နင့်ကို နောင်တရအောင် ငါ လုပ်ပြမယ်"
ရွေးချယ်ခံစာရင်း၏ အပေါ်ဆုံးတွင် ကျန်းဟိုင်ယန်ဟူသော နာမည် ရှိသည်။
"ညီအစ်မ နှစ်ယောက်၊ ကျန်းဟိုင်ယန် နဲ့ ကျန်းဟယ်ချင်း၊ ကောင်းကင်အောက်က ငြိမ်းချမ်းရေး၊ နာမည်ကောင်းတွေပဲ"
အစ်မဖြစ်သူ ကျန်းဟိုင်ယန် သည် လုယောင် နှင့် သက်တူရွယ်တူ ဖြစ်ပြီး ကောင်းကင်အုပ်စိုး အင်မော်တယ် အိမ်တော် တွင် အသက် ၃၀ အောက် အသန်မာဆုံး စီရင်သူ ဖြစ်၍ ဖခင်မှာ ကောင်းကင်ပျံသန်းမြို့စား အဆင့် ၅ ကောင်းကင် အရာရှိ ကျန်းထိုက်ပင်း ဖြစ်သည်။ မြို့စားကျန်း ရာထူးတိုးလျှင် သမီးများ၏ အနာဂတ်က အကန့်အသတ်မရှိ ဖြစ်လာပေလိမ့်မည်။
"ဒီည၊ ကောင်းကင်အောက်မှာ ငြိမ်းချမ်းပြီး တည်ငြိမ်နေတော့ လူသတ်တာတွေ ရှိမှာ မဟုတ်ဘူး"
ယွမ်ရှောင်က ခပ်တိုးတိုး ရယ်မောပြီး သေရည်အိုး အနည်းငယ် ဝယ်ကာ ကျင့်ကြံရေး အခန်းသို့ တစ်ယောက်တည်း ပြန်လာခဲ့သည်။ လမ်းတစ်လျှောက်တွင် အခြား စီရင်သူ များက သူ့ကို အပယ်ခံ တစ်ယောက်လို ဆက်ဆံကြပြီး မည်သူကမှ အနားမကပ်ကြပေ။ စာရင်းသွင်းခြင်းနှင့် ကောင်းကင်အုပ်စိုး အိမ်တော် ၏ အဝင်ဝတွင် ကျန်းညီအစ်မများနှင့် ထိပ်တိုက်တွေ့ခြင်း အကြောင်း တီးတိုးသတင်းစကားများလည်း ပျံ့နှံ့နေပြီဖြစ်သည်။
"အတွေ့အကြုံမရှိတဲ့ လူငယ်လေးက ဆန်ဂျူမြို့ ကနေ အသက်ရှင်လာတာ သူ အရမ်း တုံးအနေလို့လား"
သူက လှောင်ပြောင်သော စကားများကို မကြားချင်ယောင်ဆောင်၍ ဆက်လျှောက်လာကာ အထက်သို့တက်လှမ်းနိုင်ရန် ဓားတစ်လက်တည်းဖြင့် ခုတ်ဖြတ်ပေလိမ့်မည်။ ထို့ကြောင့် ကျင့်ကြံရေး အခန်းသို့ ပြန်လာကာ ဓားသိုင်းများအကြား နစ်မြုပ်နေပြီး မည်သည်မှ ဂရုမစိုက်ဘဲ အထီးကျန်နေသည့် ညတစ်ညကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့သည်။
မိုးလင်းသောအခါ စာရင်းသွင်း ဆိုင်းဘုတ်တွင် နာမည်အသစ် တစ်ခု ပေါ်လာသောကြောင့် ကောင်းကင်အုပ်စိုး အိမ်တော် ၏ အဝင်ဝသည် မမျှော်လင့်ဘဲ လှုပ်ရှားမှုများဖြင့် ဆူညံနေသည်။
"စိန်ခေါ်သူက လုယောင်လား"
ဆန်ဂျူမြို့ ကိစ္စနဲ့ ပတ်သက်လျှင် လူအများ ဂရုမစိုက်ကြသော်လည်း ယနေ့တွင် ထိုနာမည်က ဂိတ်တံခါးသို့ လူစုလူဝေးကို နောက်တစ်ကြိမ် ဆွဲဆောင်လာပြန်၏။
"ဒီကောင် ဘာလုပ်နေတာလဲ။ အစမ်းခန့် စီရင်သူတစ်ယောက်က ပါရမီရှင်တွေရဲ့ အဆင့်အတန်းထဲ ဝင်ဖို့ ကြိုးစားတာလား"
"ဒီနေ့က တပ်မှူး ကျန်းဟယ်ချင်း ရဲ့ အသက် ၂၀ ပြည့် မွေးနေ့လို့ ငါ ကြားတယ်။ လုယောင်က နည်းနည်း ရူးနေတာမလား"
ထိုအချိန်တွင် မိုးခြိမ်းသံကဲ့သို့ အသံကြီးတစ်ခုဖြင့် ကောင်းကင်အုပ်စိုး အင်မော်တယ် အိမ်တော် ၏ တံခါးကြီးများ ပွင့်ဟသွားကာ စီရင်သူ အမြောက်အမြား တံခါးအောက်ဘောင်ကို ကျော်ဖြတ်ကာ အပြင်သို့ ထွက်လာကြလေသည်။