← Chapters

အခန်း (၅၄၇-၅၄၈)

Vol. 41 Ch. 547-548

အခန်း (၅၄၇-၅၄၈)

Vol. 41 Ch. 547-548

အပိုင်း ၅၄၇ - ကြောက်မက်ဖွယ် ကျင့်ကြံခြင်း လမ်းစဥ်

မဟာမိုးကြိုး အစီအရင်ထံ ယာဥ်က ချဥ်းကပ်သွားသောအခါ ယွမ်ရှောင်နှသ့် လျူမူသည် စကားဆက်မပြောတော့ဘဲ တိတ်တဆိတ် ငေးမောနေကြ၏။ ကျန်တစ်ဖက်တွင် ကျန်းညီအစ်မများသည် လျှို့ဝှက်ခန်းတစ်ခုအတွင်း ဝင်ရောက်သွားကာ လက်ဖက်ရည်ဖျော်ခြင်းကို အနုပညာတစ်ရပ်ပမာ ပြုလုပ်နေသည့် ဖခင်နှင့် တွေ့ဆုံလိုက်ကြသည်။

"လာကြ လာကြ လက်ဖက်ရည်တစ်ခွက်လောက် သောက်ပါဦး"

ကျန်းထိုင်ပင်းက သမီးများကို ထိုင်ရန် လက်ဟန်အမူအရာ ပြကာ ကိုယ်တိုင် လက်ဖက်ရည် ငှဲ့ပေးနေသည်။

"အဖေ သမီးစိတ်ထဲမှာ သံသယတွေ ရှိနေတယ်"

"ပြောပါ။ ငါတို့ မိသားစုမှာ လျှို့ဝှက်ထားစရာ မလိုပါဘူး"

"ဆန်ဂျူမြို့ လူသတ်မှု တရားခံက လုယောင်ဆိုတာ ထင်ရှားတယ်။ သခင်ကြီးလုနဲ့ လျူကျိုးယွီ နားလည်မှု လွဲနေတာကို ရှင်းလင်းပြီးရင် သူ့ကို သတ်မှာ သေချာတယ်။ သမီးတို့က ဘာကြောင့် အခွင့်အရေး ပေးလိုက်ရတာလဲ"

ကျန်းဟိုင်ယန်က ဒူးတုပ် ထိုင်ချ၍ စကားဆိုလိုက်၏။

"အဖေက သူ့ကို လူမြင်ကွင်းမှာ မသတ်ချင်လို့ ခေါ်လာတာ မဟုတ်ဘူးလား။ ငြိမ်းချမ်းရေး သင်္ဘောပေါ်ကနေ ကန်ချပစ်လိုက်မယ်လို့ သမီးက ထင်ထားတာ"

ကျန်းဟိုင်ချင်းကလည်း စိတ်မကျေနပ်ဟန်ဖြင့် နှုတ်ခမ်းဆူနေသည်။

"သူ့ကို သတ်ဖို့က လွယ်ပါတယ်။ ငါ့စိတ်ထဲမှာ သံသယ ရှိနေတယ်။ မျိုးရိုးနိမ့်ကျပေမယ့် ဆယ်နှစ်လောက် ပျောက်နေပြီး ပြန်ရောက်လာတော့ သူက ပါရမီရှင် ဖြစ်နေပြီ။ ကံကောင်းမှုတစ်ခုခု ဖြစ်ရင်ဖြစ် မဟုတ်ရင် အသွင်ပြောင်းလဲတာပဲ။ ဒီကောင်လေးဆီမှာ အဖိုးတန်အရာတစ်ခု ရှိရမယ်"

ကျန်းထိုက်ပင်းက လက်ဖက်ရည်ကို အရသာခံ သောက်၍ ရှင်းပြလိုက်၏။

"သူ့ကို သတ်ပြီး ယူလိုက်လို့ ရတာပဲ"

ကျန်းဟယ်ချင်းက ဝင်ပြောသော်လည်း လျစ်လျူရှုခံလိုက်ရပြီး ကျန်းဟိုင်ယန်ဘက် လှည့်သွားသည်။

"ဟိုင်ယန် အင်မော်တယ်လမ်းစဥ်ကို လိုက်စားတဲ့နေရာမှာ လူတစ်ယောက်နဲ့ ဆက်ဆံရတဲ့အခါ ပထမဆုံး လုပ်ရမှာက နောက်ခံကို အသေအချာ စုံစမ်းတာပဲ။ ငါက မကြာခင် အဆင့်လေး ကောင်းကင်အရာရှိ ဖြစ်တော့မယ်ဆိုပေမယ့် အထက်လူကြီးတွေနဲ့ တော်ဝင်မျိုးနွယ် ရှိသေးတယ်။ ငါ့ထက် သန်မာတဲ့ လူတွေ အများကြီး ရှိပြီး ပါရမီရှင်တွေဟာလည်း သူတို့နဲ့ ပတ်သက်နေတတ်တယ်"

သူက အဝေးသို့ ငေးကြည့်ရင်း တွေးတွေးဆဆ ပြောလိုက်၏။ လုယောင်တွင် အစွမ်းထက် နောက်ခံ ရှိရန် ဖြစ်နိုင်ချေ နည်းပါးသော်လည်း သင်ခန်းစာများအရ စဥ်းစားတွက်ချက် ရပေလိမ့်မည်။ အင်မော်တယ်လမ်းကြောင်းတွင် မရေမတွက်နိုင်သော အစွမ်းထက်သူများ ပြည့်နှက်နေတတ်ပြီး ကျင့်ကြံသူတိုင်းမှာ ကြိုးတန်းပေါ် လမ်းလျှောက်နေရခြင်းဟု သူ ယူဆသည်။ အကယ်၍ တစ်ချက် လွဲချော်သွားလျှင် အရာရာ ဆုံးရှုံးသွားနိုင်သည့် အန္တရာယ်မျိုး အချိန်မရွေး ဖြစ်ပေါ်လာနိုင်၏။

"နားလည်ပါပြီ။ အဖေ လုယောင်ကို ကိုင်တွယ်ဖို့ သမီး ဒီလို စဥ်းစားထားတယ်။ ချင်းအာနဲ့ သူက ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး တည်ဆောက်ဖို့ ဖြစ်နိုင်တယ်။ သူ မျက်နှာသာပေးလာရင် လျှို့ဝှက်ချက်ကို စုံစမ်းပြီး နောက်ခံက အသက်ရှင်နေတာလား ဒါမှမဟုတ် သေပြီလား ဆိုတာ သိနိုင်မှာပါ"

ကျန်းဟိုင်ယန်က ပျားရည်ထောင်ချောက်ဆင်ရန် အကြံပေးလိုက်ခြင်း ဖြစ်သည်။ နောက်ခံသာ သေသွားလျှင် လုယောင်ကို သတ်ပြီး အဖိုးတန် ရတနာကို လုယူမည်။ အကယ်၍ တစ်ဖက်လူ အသက်ရှင်လျက် ရှိနေလျှင် အင်အားနှင့် အဆင့်အတန်းကို အရင်ဆုံး အတည်ပြုရပေလိမ့်မည်။

"ရှုပ်လိုက်တာနော်"

"ချင်းအာ ဒါက ကျင့်ကြံရေး လမ်းစဥ်ပဲ။ လမ်းဘေး ရန်ပွဲ မဟုတ်ဘူး။ ကျားကို စားဖို့ ဝက်ယောင်ဆောင်နေကြတာ များတယ်။ ကောင်းကင်ပျံသန်းမြို့တော်မှာ ဗိုလ်ကျလို့ရပေမယ့် မိုးကြိုးဌာနမှာ သည်းခံရမယ်။ အစွမ်းထက် လူတစ်ယောက်ကို ရန်စမိရင် ငါတို့ တစ်မိသားစုလုံး ဘဝ ပျက်သွားနိုင်တယ်"

သူမက ကလေးဆန်သော ညီမဖြစ်သူကို ငေါက်ငမ်းလိုက်၏။

"ဒီအတောအတွင်းမှာ ငါ့ပြိုင်ဘက်တွေ အများကြီး လူမှားရန်စမိလို့ သေကုန်ကြတယ်။ ငါ အသက်ရှင်ကျန်ရစ်ပြီး ရာထူးတွေ မြင့်တက်လာရတဲ့ အကြောင်းအရင်းက သတိထားပြီး နေတတ်လို့ပဲ။ မတိုက်ခိုက်ဘူးဆိုရင် ပြဿနာ မရှိစေနဲ့။ တိုက်ခိုက်ပြီ ဆိုရင်လည်း တစ်ချက်တည်း အပြတ်ရှင်းရတယ်"

ကျန်းထိုက်ပင်းက သက်ပြင်းချ၍ သမီးများကို ဆိုဆုံးမနေသည်။

"ကဲ သမီးတို့ သွားကြတော့။ မင်းတို့ရဲ့ ဉာဏ်ကို အသုံးချပြီး အကျိုးရှိအောင်လုပ်ကြ။ လှပတဲ့ မိန်းကလေးတွေမှာ အားသာချက် ရှိတယ်။ အဖေရဲ့ သင်ခန်းစာတွေကို နားလည်ပြီး သေချာ ဆောင်ရွက်နိုင်ရင် အနာဂတ်မှာ မင်းတို့က ပိုပြီး သာလွန်ကြလိမ့်မယ်"

ကောင်းကင်ပျံသန်းမြို့တော်၏ မြို့စားက သမီးများအပေါ် ရာနှုန်းပြည့် ယုံကြည်ချက် ရှိနေသည်။ ကျန်းဟယ်ချင်းမှာ ပျားရည်ထောင်ချောက်တွင် အသုံးတော်ခံရန် စိတ်မပါသော်လည်း ဖခင်ဖြစ်သူ၏ ဆန္ဒအရ လက်ခံလိုက်ရ၏။

"အစ်မ သူ့ကို တကယ်ကြီး မြှူဆွယ်ရမှာလား။ ဘာလို့ ညီမ ဖြစ်ရတာလဲ။ အစ်မကရော မလုပ်နိုင်ဘူးလား။ အစ်မက ဒီလောက် လှတဲ့ဟာကို"

လျှို့ဝှက်ခန်းအပြင်သို့ ရောက်သောအခါ သူမက တာဝန်ကို အစ်မဖြစ်သူထံ ပုတ်ထုတ်ရန် ကြိုးစားလိုက်သည်။

"သူ ငါ့ကို သဘောကျမှာ မဟုတ်ဘူး"

ကျန်းဟိုင်ယန်က ခေါင်းယမ်းပြ၏။

"ဟွန့် အစ်မနဲ့ အဖေက အရမ်း တွေးလွန်းတယ်။ သူများဆီမှာ အဖိုးတန်တာ ရှိရင် အရင်သတ်ပြီး သက်သေတွေကို ဖျက်ဆီးလိုက်ပေါ့။ ဘာနောက်ဆက်တွဲမှ စဥ်းစားစရာ မလိုပါဘူး"

"မလုပ်နဲ့။ ဦးလေးကို မှတ်မိလား။ နောက်ခံကို မသိဘဲ ရန်စပြီး သတ်ပစ်ခဲ့တယ်။ သေသူရဲ့ မိသားစုက ကောင်းကင်ပျံသန်းမြို့တော်အထိ လိုက်လာပြီး အဖေရှေ့မှာတင် ဦးလေးကို အူတွေဆွဲထုတ် သတ်ပြခဲ့တယ်"

ကျန်းဟိုင်ယန်က သူမ၏ ပါးကို ဆွဲလိမ်ကာ ခပ်ပြင်းပြင်း သတိပေးလိုက်၏။

"ဒီလောက်တောင်လား။ ကျင့်ကြံရတာ ကြောက်စရာကောင်းလာပြီ"

"ဥပဒေဆိုတာတွေက အချိန်မရွေး ရေပူဖောင်းလို ပေါက်ကွဲသွားတတ်တယ်။ ကောင်းကင်ရုံးတော်ဟာ တကယ်တော့ တောကြီးမျက်မည်းတစ်ခုပဲ။ အသီးကို မစားခင် အဆိပ်ရှိ မရှိ စမ်းသပ်ရမယ်"

သူမက ဥပမာပေး၍ ညီမဖြစ်သူကို ကျင့်ကြံရေး လမ်းစဥ်အကြောင်း သင်ပြပေးနေခဲ့သည်။

​သင်္ဘောက မိုးကြိုးဌာနသို့ ရောက်သောအခါ အဆုံးမရှိ ကျယ်​ပြောလှသော မိုးကြိုးလောကတစ်ခု ထွက်ပေါ်လာပြီး အဆောက်အအုံများ မျက်စိတစ်ဆုံး တည်ရှိနေသည်။ အထက်တွင် မဟာအစီအရင်က ဖုံးလွှမ်းထားပြီး မြေပြင်တစ်ခုလုံး မိုးချုန်းသံများ မရပ်မနား ထွက်ပေါ်နေသော်လည်း နေထိုင်သူများအတွက် မထူးဆန်းတော့ပေ။ ၎င်းသည် မရပ်တန့်ဘဲ ဆက်လက် ရှေ့ဆက်သွားကာ အထက်ရုံးတော် ဖြစ်သော ကောင်းကင်ကျောက်စိမ်းရုံးတော်သို့ ဦးတည်သွားရာ ပတ်ဝန်းကျင်၌ စျေးများ၊ အင်မော်တယ်များ၊ အရာရှိများနှင့် ဓားယာဥ်များ ကြက်ပျံမကျ စည်ကားနေသည်။ မကြာမီ လျှပ်စီးတန်းများ ဝန်းရံထားသော မြို့တစ်မြို့ပုံစံ ရှေ့တွင် ထွက်ပေါ်လာပြီး ကောင်းကင်မှ မိုးကြိုးများ ရေတံခွန်ပမာ ဖြာကျနေသဖြင့် သာမန်သေမျိုးများ ရောက်လာလျှင် ချက်ချင်း ပြာကျသွားပေလိမ့်မည်။

မြို့စားကျန်း၏ သင်္ဘောသည်ပင် ဤရုံးတော်၌ ပျံသန်းခွင့် မရှိသောကြောင့် ခြေလျင်ခရီးဆက်ရမည် ဖြစ်ကာ ကြိုဆိုရန် ရဲမက်များလည်း တန်းစီ စောင့်ဆိုင်းနေကြ၏။

"လျူမူ ငါ ပွဲတစ်ခု တက်စရာရှိတယ်။ ကလေးတွေကို မိုးကြိုးခန်းမဆီ ခေါ်သွားပြီး နေရာချထားလိုက်"

သူက အရာရှိမိတ်ဆွေများနှင့် ရယ်ရယ်မောမော စကားပြောနေရင်းမှ အမိန့်ပေးလိုက်သောအခါ လျူမူ ခေါင်းညိတ်လိုက်၏။ ပြိုင်ပွဲဝင် လူငယ်များကို မိုးကြိုးခန်းမတွင် နေရာချထားမည် ဖြစ်ကာ စိတ်အားထက်သန်မှုတို့ ပွတ်တိုက်သော နေရာတစ်ခု ဖြစ်လာပေလိမ့်မည်။ အဆင့်မြင့် အရာရှိများက ကျန်းထိုက်ပင်းနှင့် ထွေရာလေးပါး ပြောရင်း စနောက်နေကြသဖြင့် အလွန်ရင်းနှီးကြောင်း သိနိုင်၏။ သူက ယခုမှ ရာထူးတက်လာသော်လည်း မိုးကြိုးဌာန၏ အရာရှိများနှင့် ရင်းနှီးသဖြင့် ပေါင်းသင်းဆက်ဆံရေး ကျွမ်းကျင်ကြောင်း ပြသနေသည်။ ဤသို့သော အရာရှိများကြောင့် ကောင်းကင်ရုံးတော်သည် ကျင့်ကြံခြင်းအတွက် မြင့်မြတ်မြေတစ်ခုနှင့် မတူညီဘဲ ရာထူးအာဏာနှင့် အဆင့်အတန်းအတွက် သတ်ကွင်းတစ်ခု ဖြစ်နေခြင်းပင်။

ကောင်းကင်ရုံးတော်တွင် အရင်းအမြစ်နှင့် အာဏာအတွက် ပြိုင်ဆိုင်မှု ပြင်းထန်ပြီး ယွမ်ရှောင် ထင်ထားသည်နှင့် မတူညီသော်လည်း သဘာဝကျပေ၏။ ကျင့်ကြံခြင်းနှင့် အင်မော်တယ်များသာ ရိုးရှင်းနေမည်ဆိုလျှင် သေမျိုးလောကများ ဒုက္ခရောက်နေစရာ အကြောင်း မရှိပေ။ ယွမ်ရှောင်က ထိုအရာရှိများကို မလိုလားဟန်ဖြင့် တစ်ချက် စိုက်ကြည့်ပြီး လျူမူနောက်မှ လိုက်ပါသွားစဥ် ကျန်းညီအစ်မများသည် တစ်နေရာမှ ချောင်းမြောင်းစောင့်ကြည့်နေကြလေသည်။

"ချင်းချင်း ငါတို့ နေရာချထားပြီးတာနဲ့ သူ့ကို သွားရှာရမယ်"

အပိုင်း ၅၄၈ - မိုးကြိုးခုန်ပျံခြင်း

ကောင်းကင်ကျောက်စိမ်း ရုံးတော်အတွင်း ရောက်သောအခါ ကျန်းဟယ်ချင်းနှင့် လူငယ်ပါရမီရှင်များသည် မောက်မာထောင်လွှားမနေဘဲ ထိန်းထိန်းသိမ်းသိမ်း နေကြပြီး အသံကျယ်ကျယ်ပင် မထွက်ရဲတော့ချေ။ နေရာတိုင်းတွင် လျှပ်စီးများ ဖြတ်သန်း စီးဆင်းနေသဖြင့် ၎င်းကို မိုးကြိုးကန်ကြီးအထက် တည်ဆောက်ထားသကဲ့သို့ ထင်မှတ်ရ၏။ မိုးကြိုးခန်းမသည် မြို့အသီးသီးမှ လူငယ်စီရင်သူများနှင့် ကောင်းကင်အရာရှိ မိဘများ ခြေရှုပ်နေကြပြီး ကောင်းကင်ပျံသန်းမြို့တော်အဖွဲ့ကို အစွန်ရှိ တည်းခိုဆောင်တစ်ခု၌ နေရာပေးထားသည်။ အခြားသူများက စုဝေး၍ စကားစမြည် ပြောနေစဥ် ယွမ်ရှောင်သည် ကျင့်ကြံရေးအခန်းသို့ တစ်ယောက်တည်း ဝင်ရောက်သွားခဲ့၏။

မွန်းလွဲပိုင်း၌ ပါရမီရှင်များနှင့် ရင်ဆိုင်ရမည် ဖြစ်သောကြောင့် အနက်ရောင် သားရဲလေးက ဆေးလုံးများ ထပ်မံ ထုတ်လုပ်ပေးလာသောအခါ အချိန်ကိုက် ဖြစ်နေသည်။ သူက ကြမ်းပြင်၌ တင်ပျဥ်ခွေထိုင်ကာ မိုးကြိုးဌာန၏ ပေါများလှသော ချီကို စုပ်ယူ၍ ကျင့်ကြံလိုက်ရာ နာရီဝက်မကြာခင်မှာပင် အဆင့်ငယ်နှစ်ဆင့် ချိုးဖျက်သွား၏။ အခြေတည်အဆင့် အင်မော်တယ်နယ်ပယ်သို့ ရောက်ရှိသွားပြီးနောက် မူလဝိညာဥ်ကို ကျင့်ကြံ၍ ဝိညာဥ်အနှစ်သာရ နယ်ပယ်သို့ တက်လှမ်းရန် ဖြစ်ကာ သေမျိုးဖြစ်သော ယွမ်ရှောင်၌ အစွမ်းထက် မျိုးရိုး မရှိသကဲ့သို့ ဖန်ဆင်းရှင်အင်မော်တယ်၌လည်း ဘိုးဘေးဟူ၍ မရှိသောကြောင့် မည်သည့် ဝိညာဥ်အစောင့်အရှောက် ထွက်ပေါ်လာမည်မှာ မေးခွန်းတစ်ခုပင်။

သူက ကျင့်ကြံခြင်းအတွက် လျူမူထံ အကြံတောင်းရန် စဥ်းစားနေစဥ် တံခါးခေါက်သံ ထွက်ပေါ်လာ၍ ဖွင့်လိုက်သောအခါ ကျန်းဟယ်ချင်း ရောက်နေသည်။

"နင် အလုပ်များနေတာလား"

သူမက အတတ်နိုင်ဆုံး ချိုချိုသာသာ ပြောလိုက်သော်လည်း မျက်ဝန်းများ၌ အထင်သေးမှုကို ဖုံးကွယ်မထားနိုင်ပေ။

"ဘာကိစ္စလဲ"

"မိုးကြိုးခုန်ပျံတာ သွားကြည့်မလို့။ နင်ညလိုက်ချင်လား။ ငါက သိပ်ခေါ်ချင်နေလို့တော့ မဟုတ်ဘူး။ ငါတို့က အဖွဲ့ဝင်တစ်ယောက်ကို ပစ်ထားတယ်ဆိုတဲ့ သတင်း ထွက်မလာစေချင်ဘူး"

"ဘယ်သူတွေ ဘာထင်ထင် ဂရုစိုက်စရာ မလိုဘူး။ ရင်းနှီးချင်ယောင်ဆောင်မနေနဲ့။ ငါက မင်းတို့ အသိုင်းအဝိုင်းထဲမှာ မပါဘူး။ အတင်း အကြပ် လုပ်ယူမနေနဲ့"

ယွမ်ရှောင်က မိုးကြိုးခုန်ပျံခြင်း အကြောင်း တစ်လုံးတလေပင် မသိသော်လည်း ချက်ချင်း ငြင်းလိုက်၏။

"ဒီတောသားကတော့ စေတနာကို နားမလည်ဘူး။ ဝိညာဥ် ခုန်ပျံတာ ပြမလို့ကို ကိုယ့်နေရာကိုယ် အတော်သိနေ"

သူမက အထင်သေးစွာ လှောင်ပြောင်၍ ခြေလှမ်းပြင်လိုက်စဥ် မေးခွန်းတစ်ခု ထွက်ပေါ်လာသည်။

"ဝိညာဥ် ခုန်ပျံတယ်ဆိုတာ ဘာလဲ"

"ဒါက မဟာအစီအရင်နဲ့ ဖန်တီးထားတဲ့ ကျောက်စိမ်းရုံးတော်ရဲ့ ဆွဲဆောင်မှုတစ်ခုပဲ။ မိုးကြိုးစွမ်းအားနဲ့ ကျင့်ကြံသူတွေကို အရှိန်ပြင်းပြင် ပစ်တင်လိုက်တဲ့အခါ မူလဝိညာဥ် ထွက်လာပြီး စိတ်လှုပ်ရှားစရာ ကောင်းတယ်။ မိုးကြိုးဌာနရဲ့ ထိပ်တန်းပါရမီရှင်တွေတောင် ဒီနည်းလမ်းနဲ့ ဝိညာဥ် အနှစ်သာရ နယ်ပယ်ကို အဆင့်တက်ခဲ့ပြီး ငါလည်း အတူတူပဲ"

သူမက ကြွားဝါလိုသော လေသံဖြင့် ရှင်းပြလိုက်၏။

"ငါက ဒီအဆင့်မှာ တစ်ဆို့နေတာကို တိုက်ဆိုင်လွန်းနေပါလား။ ငါ့ကို မြှူဆွယ်ဖို့ ကြိုးစားနေတာလား"

ယွမ်ရှောင်က မျက်ခုံးတစ်ချက်ပင့်၍ စကားထောက်လိုက်သောအခါ သူမကို ရှူးရှူးရှားရှား ဒေါသထွက်သွားစေသည်။

"ပါးစပ်ပိတ်ထားစမ်း။ မလိုက်ချင်ရင် နေခဲ့"

"လိုက်မယ်။ ဘယ်သူ ပြောနိုင်မလဲ။ အဆင့်လေး ကောင်းကင်အရာရှိရဲ့ သမီးက ငါ့ကို ကြိုက်သွားရင် ချက်ချင်း ဘဝ​ပြောင်းသွားနိုင်တာပဲ"

သူက ကျန်းဟယ်ချင်းအနောက်သို့ လိုက်လာရာ ကျန်လေးယောက်ထံ ရောက်ရှိလာပြီး သံချပ်ကာများ ချွတ်ထား၍ လက်ရာမြောက်လှသည့် ဝတ်ရုံရှည်များ ဝတ်ဆင်ထားသည်ကို မြင်လိုက်ရ၏။ သူကိုယ်တိုင်ကမူ စီရင်သူ သံချပ်ကာကို ဝတ်ဆင်ထားသဖြင့် ဤအသိုင်းအဝိုင်းတွင် မဝင်ဆန့်သလို ဖြစ်နေသည်။

"နင်က ဘာကိစ္စ သံချပ်ကာ ဝတ်ထားတာလဲ။ ဝတ်စရာ မရှိဘူးလား"

ကျန်းဟယ်ချင်းက ၎င်းကို သတိပြုမိသောအခါ မျက်မှောင်ကြုတ်၍ မေးလိုက်ခြင်းပင်။

"ဒီနေရာမှာ သံချပ်ကာ မဝတ်ရဘူးလို့ တားမြစ်ထားတာလား"

သူ၏ မေးခွန်းက အရှိုက်ထိစေပြီး သူမ တိတ်ဆိတ်သွားကာ စီရင်သူ သံချပ်ကာသည် တန်းတူညီမျှမှုကို ကိုယ်စားပြုသောကြောင့် အဆင့်အတန်းကို အလေးထားသည့် လူတန်းစားများမှာ မဝတ်လိုကြပေ။

"ချင်းချင်း သူ အခက်တွေ့အောင် မလုပ်ပါနဲ့။ လုယောင်ရဲ့ ချောမောတဲ့ ရုပ်ရည်က စီရင်သူ သံချပ်ကာနဲ့ တကယ်လိုက်ဖက်ပါတယ်"

ကျန်းထိုက်ပင်း၏ သင်ကြားမှုအရ ပွတ်တိုက်မှုများ ဖြစ်မလာခင် ကျန်းဟိုင်ယန်က ဝင်ဟန့်လိုက်သည်။ ကျန်းဟယ်ချင်းအနေဖြင့် အဆင့်အတန်းများကို ဖယ်ထားလိုက်လျှင် တစ်ဖက်လူ၏ ရုပ်ရည်က အမှန်တကယ်ပင် အပြစ်နာဆာ ကင်းကြောင်း လက်ခံနိုင်၏။

"ဒီတပ်မှူးတွေကို သိလား"

"မသိပါဘူး တပ်မှူးကျန်း။ ကျေးဇူးပြုပြီး မိတ်ဆက်ပေးပါ"

ဤသို့ဖြင့် အဖွဲ့ထဲမှ ကျန်လူငယ်သုံးယောက်အကြောင်း ကျန်းဟိုင်ယန်က မိတ်ဆက်ပေးခဲ့သည်။ ကျောက်တန်မင်က ကုန်သွယ်ရေး အရာရှိ၏ သားဖြစ်ကာ သခင်ကြီးလု ခေါ် လုချန်ဖန်ကဲ့သို့ စီးပွားရေးဆိုင်ရာ အဆင့်ခြောက် ကောင်းကင်အရာရှိ ဖြစ်၏။ ပိုးဖဲကတ္တီပါများ ဝတ်ဆင်ထားသူက ချန်ယုဖြစ်ကာ သတ္တုအရာရှိ၏ သားဖြစ်ကာ မိုင်းတွင်းများကို ထိန်းချုပ်သောကြောင့် ဝင်ငွေကောင်းမွန်သည်။ နှစ်ယောက်လုံးက ကျန်းဟယ်ချင်းအပေါ် စိတ်ဝင်စားနေသောကြောင့် မျက်နှာသာပေးခံနေရသော လုယောက်အပေါ် ရန်လိုစိတ်များ ထင်ရှား၏။ နောက်ဆုံးတစ်ယောက်က အသက်အကြီးဆုံးဖြစ်ကာ မြို့စားပြီးလျှင် အာဏာအရှိဆုံး ဖြစ်သော အတွင်းဝန်၏သား တုန်ဖန်ယုံ ဖြစ်သည်။ ဖခင် တုန်ဖုန်ရှန်းသည် ကျန်းထိုက်ပင်း၏ လူယုံ ဖြစ်သောကြောင့် အဆင့်ငါး ရာထူးတိုးလျှင် မိုးကြိုးဌာနသို့ အတူတကွ လိုက်ပါလာမည် ဖြစ်၏။ တုန်ဖုန်ယုံက ကောင်းကင်ပျံသန်းမြို့တော်တွင် အလွန်ကျော်ကြားပြီး ကျန်းဟိုင်ယန်နှင့် နတ်ဖက်သော စုံတွဲဟု ပြောစမှတ်ပြုကြ၏။

"အချိန်မရှိတော့ဘူး။ မြန်မြန်သွားကြမယ်"

တုန်ဖုန်ယုံက ဆော်သြောလိုက်သောအခါ ကျန်းဟိုင်ယန်မှ မေးခွန်းထုတ်လာသည်။

"ဒီကိစ္စ အစ်မမူကို သတိပေးဦးမလား"

"မလိုပါဘူး"

ဤသို့ဖြင့် လူငယ် စီရင်သူ ခြောက်ယောက်သည် တည်းခိုဆောင်မှ ထွက်ခွာလာကြပြီး ကျောက်စိမ်းရုံးတော်၏ လမ်းများတလျှောက် ခရီးဆက်ကြသည်။ မဟာအစီအရင်မှ ကျဆင်းနေသော မိုးကြိုးတိုင်လုံးကြီးများမှာ နဂါးသဏ္ဍာန် ရစ်ပတ်ထား၍ ဟိန်းသံများပင် ထွက်ပေါ်နေ၏။ ၎င်းတို့က မြေပြင်နှင့် ကောင်းကင်အကြား ကူးသန်းသွားလာနေကာ မူလဝိညာဥ်များ စိတ်လှုပ်ရှားစွာ အော်သံကိုပင် ကြားနေရသည်။

မိုးကြိုးခုန်ပျံခြင်းသည် သာမန်လူတစ်ယောက် ကြိုးဖြင့် ချိတ်၍ ချောက်ကမ်းပါးအောက်သို့ ခုတ်ချလိုက်သည့်အတိုင်း ဖြစ်ပြီး မြေကြီးနှင့် မတိုက်ခင် အပေါ်သို့ ပြန်လည် ခုန်ထွက်သွားပေလိမ့်မည်။ ယွမ်ရှောင်အတွက် ပထမဆုံး အကြိမ် ဖြစ်သော်လည်း အရာရှိ သားသမီးဖြစ်သော ကျန်ငါးယောက်အတွက် မထူးဆန်းတော့ချေ။

"တန်းစီနေကြတာ ရှည်လွန်းတယ်။ ငါတို့အလှည့်တောင် ရောက်ပါ့မလား"

"ကြားဖြတ် ဝင်ဖို့ ငါ ကြိုးစားပေးမယ်"

"မလုပ်နဲ့။ ရိုးရိုးသားသား တန်းစီလိုက်။ တခြားသူတွေရဲ့ အဆင့်အတန်းကရော ငါတို့အောက် နိမ့်မယ် ထင်နေလား"

ကျန်းဟယ်ချင်းက စိတ်ပျက်လက်ပျက် ညည်းညူလိုက်သောအခါ ကျောက်တန်မင်က မျက်နှာကောင်း ဝင်ယူချင်သော်လည်း တုန်ဖန်ယုံ၏ ငေါက်ငမ်းခြင်း ခံလိုက်ရသည်။

"လောလောဆယ် တန်းစီကြတာပေါ့။ အချိန်မလောက်ရင်လည်း ပြန်ကြမယ်"

ကျန်းဟိုင်ယန်က ဆုံးဖြတ်ပေးပြီး ငါးယောက်လုံးကို ဦးဆောင်ကာ တန်းစီနေသော လူအုပ်ကြီး အ​နောက်မှ ဝင်ရပ်လိုက်ကြလေသည်။

All Chapters