← Chapters

တောင်များနှင့်မြစ်များကိုပင် ဝါးမြိုပစ်နိုင်သည့်တန်ခိုးစွမ်းအား

Vol. 3 Ch. 266

တောင်များနှင့်မြစ်များကိုပင် ဝါးမြိုပစ်နိုင်သည့်တန်ခိုးစွမ်းအား

Vol. 3 Ch. 266

“ဒါဖြင့်လည်း သွားကြစို့…”

ဆန်းလျန်က ယန်မြောင်ယွင်၏ စကားကို စိတ်စွမ်းအားဖြင့် ဆက်သွယ် တုံ့ပြန်လိုက်သည်။

ဆန်းလျန်၏ အသံမှာ စွဲဆောင်မှု ရှိလွန်း လှလေသည်။ ယန်မြောင်ယွင်မှာ ဆန်းလျန်၏ အသံကို ကြားလိုက်သည်နှင့် တစ်ချက်ပင် မတုံ့ဆိုင်းဘဲ ဆန်းလျန်၏ စကားကို နာခံလိုက်လေသည်။

ယန်မြောင်ယွင်နှင့် အတူရှိနေသည့် ဆန်းလျန်မှာ ထိုက်စု နတ်ဘုရားဂိုဏ်းသို့ ထုန်ထျန်း တန်ခိုးစွမ်းအား အသုံးပြုကာ ဝင်ရောက်လာသည့် ဆန်းလျန် အစစ်ပင် ဖြစ်လေသည်။ ဆန်းလျန် အစစ်သည် ကိုယ်ဖျောက် ထားပြီး ယန်မြောင်ယွင်၏ ဘေးတွင် ရှိနေလေသည်။

နန်းတော်အတွင်းရှိ လူအများစုမှာ တိုက်ပွဲကို စိတ်ဝင်စား နေကြသည့်အတွက် ယန်မြောင်ယွင် ပျောက်နေသည်ကို မည်သူမျှ သတိမထားမိကြပေ။

ယန်မြောင်ယွင်သည် ထိုက်စု နတ်ဘုရားဂိုဏ်းမှ ဖြစ်သည့်အတွက် အရံအတားများကို ကောင်းကောင်း သိရှိလေသည်။ ထို့ကြောင့် သူမက အရံအတားများကို ရှောင်ရှားပြီး အတွင်းနန်းဆောင် တည်ရှိရာသို့ ဆန်းလျန်ကို ခေါ်ဆောင် လာခဲ့လေတော့သည်။

အမှန်တော့ ယန်မြောင်ယွင်သည် ဆန်းလျန်ကို အလွန်မှပင် မေတ္တာသက်ဝင် ချစ်ခင် သွားမိလေသည်။

ထို့ကြောင့် ဆန်းလျန်စကားကို တသွေမတိမ်း နားထောင်ကာ ထျန်းမုန့် နတ်သမီး နေထိုင်သည့် အတွင်းနန်းဆောင် အထိ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်လေသည်။

ထိုသို့ဖြစ်ရသည်မှာ ဆန်းလျန်က သူမကို အချစ်ကျိန်စာ တိုက်လိုက်သောကြောင့် ဖြစ်လေသည်။ ထို့ကြောင့် ဆန်းလျန် စကားကို နားထောင်ကာ ဆန်းလျန်ကို ကူညီခဲ့ခြင်း ဖြစ်လေသည်။ အချစ်က လူသား တစ်ယောက်၏ စိတ်ကို အမြဲတမ်း လွှမ်းမိုးထားသည့် အရာ ဖြစ်လေသည်။ သို့သော် ဆန်းလျန်က ဖြစ်နိုင်လျှင် ထိုကျိန်စာမျိုးကို အသုံးမပြုချင်ခဲ့ပါ။

ယန်မြောင်ယွင်ကို အသုံးချခဲ့ရသည့် အတွက် ဆန်းလျန် စိတ်မကောင်း ဖြစ်ခဲ့ရလေသည်။

ထျန်းမုန့် နတ်သမီးသည် ရော့ရှီလေးကို အလွန် ဂရုစိုက်သည့်အတွက် အတွင်း နန်းဆောင်တွင် ခေါ်ထားခဲ့လေသည်။ ထို့ကြောင့်ပင် ယန်မြောင်ယွင် ကဲ့သို့သော သာမန် တပည့်တစ်ယောက်သည် ရော့ရှီအကြောင်း သိရှိခြင်း မရှိသည်မှာ မထူးဆန်းပါ။

သို့သော် ဆန်းလျန်ကတော့ ယွမ်ကျွင်း ဧကရီလူ ပြန်ဝင်စားခြင်းကို ဖြစ်စေ၊ ထိုက်စု နတ်ဘုရားဂိုဏ်း၏ နှလုံးသား စည်းချက် ကျင့်စဉ်ကို ဖြစ်စေ လုံးဝ ဂရုမစိုက်တော့ပါ။ သူဂရုစိုက်သည်က ရော့ရှီလေးကို ဤနေရာမှ ခေါ်ထုတ်သွားရန်သာ ဖြစ်လေသည်။

အတွင်း နန်းဆောင်ကို တွေ့လိုက်ရသည်နှင့် ဆန်းလျန်က သက်ပြင်း ချလိုက်သည်။ ထို့နောက် လက်တစ်ဖက်ကို ဝှေ့ယမ်း လိုက်ရာ ယန်မြောင်ယွင်မှာ သတိလစ် သွားရလေသည်။

ထို့နောက် ဆန်းလျန်၏ ပုံသဏ္ဌာန်သည် ယန်မြောင်ယွင် အဖြစ် တဖြည်းဖြည်း ပြောင်းလဲ သွားလေသည်။ ဆန်းလျန်က ထျန်းကန်းပုံပြောင်း သုံးဆယ့်ခြောက်မျိုး ပညာဖြင့် ယန်မြောင်ယွင်၏ ပုံသဏ္ဌာန် ဖန်ဆင်းလိုက်ခြင်း ဖြစ်လေသည်။

ရေခဲအလင်း စွမ်းအား ကျင့်ကြံရန် အတွက် ရေအောက် ကမ္ဘာသို့ သွားစဉ်ကလည်း ဆန်းလျန် ထိုပညာကို အသုံးပြုခဲ့ဖူးလေသည်။

ဆန်းလျန်က ယန်မြောင်ယွင်၏ ပုံသဏ္ဌာန် ဖန်ဆင်းကာ အတွင်းနန်းဆောင်သို့ သွားသည့် စင်္ကြံလမ်းများကို ဖြတ်ကျော်ခဲ့လေသည်။ လမ်းတစ်လျှောက်တွင် အဆင့်နိမ့် တပည့်များ အားလုံးကို လှည့်စား နိုင်ခဲ့လေသည်။

ယခုတော့….

ယန်မြောင်ယွင် အယောင် ဆောင်ထားသည့် ဆန်းလျန်၏ ရှေ့တွင် စင်္ကြံလမ်း တစ်ခု ရှိနေလေသည်။

ထိုစင်္ကြံလမ်းသည် နောက်ဆုံး စင်္ကြံလမ်း ဖြစ်ပြီး စင်္ကြံလမ်း အဆုံးတွင် အတွင်းနန်းဆောင် ကျောက်ဖြူ တံခါးကို မြင်တွေ့ နေရလေသည်။

သို့သော် ကျောက်ဖြူ တံခါးကို နရီစည်းကိုးချက် အရံအတားဖြင့် ကာကွယ်ထားသည့် အတွက် ယန်မြောင်ယွင် အယောင်ဆောင် ထားသည့် ဆန်းလျန်မှာ ထိုအရံအတားကို မည်သို့ ချိုးဖျက်ရမည် မသိ ဖြစ်နေလေသည်။

ရုတ်တရက် ယန်မြောင်ယွင်၏ ခန္ဓာကိုယ်မှာ ပုံသဏ္ဌာန် ပြောင်းလဲ သွားပြီး ဆန်းလျန် အဖြစ်သို့ ပြောင်းလဲ သွားလေသည်။

နရီစည်း ကိုးချက် အရံအတားသည် ထိုက်စုနန်းတော်၏ နေရာတိုင်းနှင့် ဆက်သွယ် ထားလေသည်။ ထိုအရံအတားကို ကျော်ဖြတ်ရန်မှာ မလွယ်ကူသလို အချိန်များစွာ အသုံးပြုရမည် ဖြစ်လေသည်။

ထျန်းမုန့် နတ်သမီးနှင့် တိုက်ခိုက်နေသည့် ဆန်းလျန်၏ ကိုယ်ပွားမှာ ဆယ်မိနစ်ခန့်သာ တောင့်ခံ နိုင်တော့မည်။

ထျန်းမုန့် နတ်သမီးမှာ ဆန်းလျန်၏ ကိုယ်ပွားကို တန်ခိုးစွမ်းအား အားကုန်သုံးကာ မတိုက်ခိုက်၍သာ ထိုမျှ တောင့်ခံနိုင်ခြင်း ဖြစ်လေသည်။

သူမက သူမ၏ ဂိုဏ်းသားများ ပြုလုပ်ထားသည့် မရဏ ထောင်ခြောက် တန်ခိုး စွမ်းအား အခြေအနေကို သိရှိချင်သည့် အတွက် ဆန်းလျန်ကို အလျှော့ပေးပြီး တိုက်ခိုက်နေခြင်း ဖြစ်လေသည်။

ထို့ပြင် သူမက တစ်ခေတ်မှာ တစ်ခါ ပေါ်ထွက်ခဲလှသော ဆန်းလျန်ကဲ့သို့ ပါရမီရှင် ကျင့်ကြံသူ တစ်ယောက်ကို ကြောင်က ကြွက်ကို ကစားသကဲ့သို့ တိုက်ခိုက် ချင်သောသူ ဖြစ်လေသည်။ ထျန်းမုန့် နတ်သမီး၏ အတ္တကြီးမှုက တိုက်ပွဲကို နှောင့်နှေး စေလေသည်။

မဟုတ်ပါက ဆန်းလျန် အနေဖြင့် တိုက်ပွဲ မပြီးဆုံးမီ နန်းတော်ထဲသို့ ခိုးဝင်နိုင်မည် မဟုတ်ပေ။

ဆန်းလျန်က ကျောက်ဖြူတံခါး ရှေ့တွင် ရပ်နေလေသည်။

ဆန်းလျန်က နရီစည်း ကိုးချက် အရံအတားကို ဖျက်ဆီးလိုက်ပြီး ကျောက်ဖြူ တံခါးကို ချိုးဖျက် လိုက်သည့် အချိန်တွင်တော့….

ဆန်းလျန်၏ ကိုယ်ပွားနှင့် တိုက်ခိုက် နေသည့် ထျန်းမုန့် နတ်သမီးမှာ အံ့သြ တုန်လှုပ် သွားရ လေသည်။

သူမက ဆန်းလျန်၏ ကိုယ်ပွားကို အေးစက်စွာဖြင့် စိုက်ကြည့် လိုက်ရင်း….

“ငါမင်းကို လျှော့တွက်ခဲ့မိတယ်”

ဆန်းလျန်၏ ကိုယ်ပွားက ပြုံးလိုက် လေသည်။

ထို့နောက် လေ၊ မိုးကြိုး၊ ရေနှင့် မီး ဒြပ်စင် စွမ်းအား ငါးမျိုးအဖြစ် ပေါက်ကွဲထွက်ကာ ပျောက်ကွယ် သွားလေတော့သည်။

မရဏ ထောင်ချောက်ဖြင့် အရံအတား ပြုလုပ်ထားကြသည့် တပည့်များမှာလည်း မယုံကြည်နိုင် ဖြစ်သွား ကြရလေသည်။ အဘယ်ကြောင့် ဆန်းလျန် ပေါက်ကွဲ ထွက်သွား ရပါသနည်းဟု သူတို့က အံ့သြ နေကြသည်။

ထျန်းမုန့် နတ်သမီးမှာ အကြီးအကျယ် ဒေါသထွက် နေလေသည်။

သူမက ကျယ်လောင်စွာ အော်ဟစ် ရယ်မော လိုက်သည်။ ဆန်းလျန်၏ လှည့်ကွက် အတွင်းသို့ ကျရောက် လိမ့်မည်ဟု သူမထင်မထားမိပေ။

"အသွင်သုံးပါး ဖန်ဆင်းခြင်း ပညာ" အင်းသင်္ကေတမှာ နတ်ဘုရားများ ပြုလုပ်ထားသည့် အင်းသင်္ကေတ ဖြစ်သည့်အတွက် လောက နတ်ဘုရားများပင်လျှင် အတုနှင့်အစစ် ခွဲခြားနိုင်စွမ်း မရှိပေ။ ထျန်းမုန့် နတ်သမီးမှာ နောင်တ အနည်းငယ် ရသွားလေသည်။

သို့သော် သူမတွင် ရှင်းပြနေရန် အချိန် မရှိတော့ဘဲ အလင်းတန်း တစ်ခု အဖြစ်ဖန်ဆင်းကာ အတွင်း နန်းဆောင်ဆီသို့ ချက်ချင်း သွားရောက် လိုက်လေတော့သည်။

ဆန်းလျန်မှာလည်း အိပ်ပျော်နေသည့် ရော့ရှီလေးကို ပွေ့ချီကာ အတွင်းနန်းဆောင်မှ ပြေးထွက် လာလေသည်။ အလင်းတန်း တစ်ခုအလား လျှင်မြန်စွာ ပြေးထွက် လာသည့် ဆန်းလျန်မှာ ထျန်းမုန့် နတ်သမီးနှင့် တည့်တည့် တိုးလေတော့သည်။

ဆန်းလျန်က လက်ဖြောက် တစ်ချက်တီးလိုက်ပြီး နဂါးငွေ့တန်း ဓားဝိညာဉ်ကို ဖန်ဆင်း လိုက်သည်။ နဂါးငွေ့တန်း ဓားဝိညာဉ်သည် မဆုံးနိုင်သည့် မြစ်တစ်စင်း အလား ထျန်းမုန့် နတ်သမီးဆီသို့ တိုးဝင် သွားလေသည်။

ထျန်းမုန့် နတ်သမီးက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး လက်တစ်ဖက် ဝှေ့ယမ်း လိုက်လေသည်။ မီးတောက်တစ်ခု ထွက်ပေါ်လာပြီး နဂါးငွေ့တန်း ဓားဝိညာဉ်ကို တွန်းထုတ်လိုက်ရာ နဂါးငွေ့တန်း ဓားဝိညာဉ်မှာ ဆန်းလျန်ဆီသို့ ပြန်လည် ဝင်ရောက်လာလေသည်။

ဆန်းလျန်မှာ မျက်မှောင် တစ်ချက် ကြုတ်လိုက်ပြီး ထိုက်စု နတ်ဘုရား ဂိုဏ်း၏ တန်ခိုး စွမ်းအားများမှာ ထိုးဖောက်ရန် ခက်ခဲလှသည်ဟု တွေးနေမိသည်။

ထိုအချိန်မှာပင် ဟွမ်လုန်ကျီထက် အဆင့်မနိမ့်သည့် အမျိုးသမီးသုံးယောက် ရောက်ရှိလာကာ ဆန်းလျန်ကို ဝန်းရံ ထားလိုက်လေသည်။ သူတို့ သုံးယောက်က ကောင်းကင်၊ မြေကြီးနှင့် လူသား ပုံသဏ္ဌာန် သိုင်းကွက် ဖွဲ့စည်းပုံကို ပြုလုပ်လိုက်ကာ ဆန်းလျန်ကို ဝန်းရံ ထားကြလေသည်။

ထိုအမျိုးသမီး သုံးယောက်မှာ ကျီစုနန်းဆောင် သခင်မ၊ ပိုင်စုနန်းဆောင် သခင်မနှင့် ဟွမ်စုနန်းဆောင် သခင်မတို့ ဖြစ်လေသည်။

ဆန်းလျန်က သူ့ဆီသို့ ဝင်ရောက်လာသည့် နဂါးငွေ့တန်း ဓားဝိညာဉ်ကို နန်းဆောင် သခင်မ သုံးယောက်ဆီသို့ တွန်းပို့လိုက်ကာ လျင်မြန်သော အရှိန်ဖြင့် ဖောက်ထွက် လိုက်သည်။ ရုတ်တရက် သူ၏ သွေးကြော ဆုံချက်များမှ တန်ခိုးစွမ်းအားများ လှိုင်းထ သွားသည်ကို ခံစားလိုက်ရပြီး ဒဏ်ရာ အနည်းငယ် ရသွားလေသည်။

ကျီစု နန်းဆောင်သခင်မက ဆန်းလျန် ထွက်ပြေးတော့မည်ကို ရိပ်မိသည်နှင့် ခရမ်းရောင် ဓားတစ်လက်ကို ကောင်းကင်ထက်သို့ ပစ်တင် လိုက်လေသည်။ ထိုဓားက ဆန်းလျန်ရှိရာသို့ တည့်တည့်မတ်မတ် ဝင်ရောက် လာလေသည်။

ထိုအချိန်မှာပင် ဟွမ်စု နန်းဆောင် သခင်မကလည်း သူမ၏ ဓားဆန်းလျန်ဆီသို့ ပစ်လွှတ် လိုက်လေသည်။ အဝါရောင် တန်ခိုးစွမ်းအားများ လှည့်ပတ်သွားပြီး ဓားဝိညာဉ်က ဆန်းလျန်ရှိရာသို့ ဝင်ရောက် သွားလေသည်။

သူတို့နှစ်ယောက်သည် ဆန်းလျန်ကို ဘယ်နှင့်ညာ နှစ်ဖက်ညှပ်ကာ ပိတ်ဆို့ တိုက်ခိုက်နေကြခြင်း ဖြစ်လေသည်။

ပိုင်စုနန်းဆောင် သခင်မကလည်း သူမ၏ ကျောက်စိမ်းပြားကို ထုတ်ကာ ဆန်းလျန်ထံသို့ ပစ်လွှတ် လိုက်သည်။ ကျောက်စိမ်းပြားသည် ဆန်းလျန်ဆီသို့ တန်ခိုးစွမ်းအား ကြီးမားစွာဖြင့် ဝင်ရောက် သွားလေသည်။

နန်းဆောင် သခင်မ သုံးယောက်နှင့် တစ်ပြိုင်တည်း တိုက်ခိုက် နေရခြင်းမှာ ဆန်းလျန်အတွက် ယန်ရွှီးနှင့် တိုက်ခိုက် ရသည်ထက်ပင် အန္တရယ်များလေသည်။

ဆန်းလျန်မှာ ကောင်းကင်ထက်တွင် ဟိုမှ သည်မှ ရွေ့လျား နေလေသည်။ သူရွေ့လျား နေသည့်ပုံစံမှာ မည်သည့်အရပ်သို့ သွားနေသည်ကို ခန့်မှန်းရ ခက်လွန်းလှသည်။ သူ၏ လမ်းလျှောက် ဟန်မှာလည်း ထူးဆန်းနေလေသည်။ သူက ခရမ်းရောင် ဓားဝိညာဉ်နှင့် အဝါရောင် ဓားဝိညာဉ်ကို ရှောင်တိမ်းနိုင်ရန် အတွက် အင်းသင်္ကေတ ပုံစံတစ်မျိုး ဖန်တီးကာ လမ်းလျှောက်နေခြင်း ဖြစ်လေသည်။

ဓားဝိညာဉ် နှစ်ခုနှင့် လှည့်ပတ် ဝင်ရောက်လာသည့် ကျောက်စိမ်းပြားကို တစ်ပြိုင်တည်း တိမ်းရှောင်နိုင်ရန်မှာ ခက်ခဲလွန်းလေသည်။ မည်သူမျှ ဆန်းလျန် အသက်ရှင်မည်ဟု မထင်ကြတော့ပေ။

ဆန်းလျန်မှာ ရော့ရှီလေးကို မလွှတ်တမ်း ပွေ့ချီထားရင်း နန်းဆောင်သခင်မ သုံးယောက်၏ စုပေါင်း တိုက်ကွက်ကို ရှောင်တိမ်း နေရလေသည်။

ဆန်းလျန်မှာ စိတ်တည်ငြိမ်သူ တစ်ယောက် ဖြစ်သလို အဆင့်မြင့်လွန်းသည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည့် အတွက်သာ နန်းဆောင် သခင်မ သုံးယောက်၏ စုပေါင်း တိုက်ကွက်မှ လက်မတင်ကလေး ပွတ်ကာသီကာ ရှောင်တိမ်း လိုက်နိုင်ခြင်း ဖြစ်လေသည်။

သို့သော် ဆန်းလျန်မှာ နန်းဆောင် သခင်သုံးယောက်၏ စုပေါင်း တိုက်ကွက်ကို ရှောင်တိမ်း လိုက်နိုင်သည့်တိုင် ဖောက်ထွက်နိုင်ခြင်း မရှိသေးပေ။

ဆန်းလျန်သည် မျက်မှောင်ကို ကြုတ်ထားလေသည်။

သူအမြန်ဆုံး ဖောက်ထွက်ချင် နေမိပြီ။ ယခုအချိန်တွင် ဖောက်ထွက်နိုင်ခြင်း မရှိပါက ထျန်းမုန့်နတ်သမီး တိုက်ပွဲအတွင်းသို့ ဝင်လာသည့် အချိန်တွင် သူ့အနေဖြင့် ဒုက္ခ အကြီးအကျယ် ရောက်မည် ဖြစ်လေသည်။ ထျန်းမုန့် နတ်သမီးသာ တိုက်ပွဲ အတွင်းသို့ ဝင်ရောက် လာပါက သူ၏ တန်ခိုးစွမ်းအား မည်မျှပင် ထက်မြက်ပါစေ၊ ဝိညာဉ် စွမ်းအား မည်မျှပင် ကောင်းပါစေ လွတ်မြောက် နိုင်မည် မဟုတ်ဘဲ ကျိန်းသေ ရှုံးနိမ့်ရပေမည်။

ထျန်းမုန့် နတ်သမီး၏ ဝတ်ရုံသည် လေထဲတွင် လွင့်ပျံနေလေသည်။

သူမက တန်ခိုးစွမ်းအား တစ်ခု ထုတ်လွှတ်လိုက်ပြီး ထိုတန်ခိုးစွမ်းအားက မိုးမြေ စွမ်းအားများနှင့် တစ်သားတည်း ကျသွားလေသည်။ သူမ ပတ်ဝန်းကျင်တွင် တိမ်ခိုးတိမ်စများ ရစ်သိုင်းလာပြီး သူမသည် လောကကို ကျော်လွန်နေသည့် ကောင်းကင် ကိုးခုမှ နတ်ဒေဝါ တစ်ပါးအလားပင် ဖြစ်လေသည်။

သူမ၏ တန်ခိုးစွမ်းအားက ပေါက်ကွဲ ထွက်သွားပြီး အလင်းတန်း တစ်ခု အသွင်ပြောင်းကာ ဆန်းလျန်ဆီသို့ ပြင်းထန်စွာ ဝင်ရောက် လာလေသည်။ အလင်းတန်းသည် ကောင်းကင်နှင့် နေရောင်ခြည်ကို ဖုံးကွယ်သွားပြီး မိုးနှင့်မြေကို ဆန့်ကျင်သည့် အလား အရှိန်အဟုန် ပြင်းထန် လွန်းလေသည်။

ထိုတန်ခိုး စွမ်းအားမှာ ထိုက်စု နတ်ဘုရား ဂိုဏ်း၏ နာမည် ကျော်ကြားသည့် “ယင်စွမ်းအား လက်ဝါးသုံးဆင့်” ပညာပင် ဖြစ်လေသည်။

ထိုလက်ဝါး သိုင်းတွင် ထိုက်ယင်၊ ရှောင်ယင်နှင့် ကြွယ်ယင်ဆိုသည့် စွမ်းအား သုံးဆင့် ပါဝင်လေသည်။ ထိုသိုင်းပညာတွင် အားနည်းချက် မရှိသလောက် နည်းပါးပြီး တန်ခိုး စွမ်းအား မြင့်မားလွန်းသည့် အတွက် တိုက်ခိုက် ခံရသူသည် လွတ်လမ်း မရှိနိုင်ပေ။

ကမ္ဘာ့ထိပ်တန်း အဆင့် တန်ခိုး စွမ်းအားများ ဖြစ်သည့် ထိုက်ရွှီး တန်ခိုးစွမ်းအား များကို ပိုင်ဆိုင်ထားသည့် ဆန်းလျန်သည်ပင်လျှင် သူမ၏ လက်ဝါး ရိုက်ချက်ကြောင့် ထိတ်လန့် တုန်လှုပ် သွားရလေသည်။ ဆန်းလျန် ကျင့်စဉ်လမ်းသို့ စတင် လျှောက်လှမ်းသည့် အချိန် ကတည်းက ထိုမျှ တန်ခိုး စွမ်းအား မြင့်မားသည့် သိုင်းပညာမျိုးကို မကြုံတွေ့ဖူးသေးပေ။

ထို့ကြောင့်ပင် ထိုက်စု နတ်ဘုရား ဂိုဏ်းသည့် မြောက်ဖျားဒေသ တစ်ခုလုံးကို သြဇာ လွှမ်းမိုးနေခြင်း ဖြစ်လေသည်။ မြောက်ဖျား ဒေသတွင် ထိုက်စု နတ်ဘုရား ဂိုဏ်း၏နေရာကို မည်သူမျှ ယှဉ်ပြိုင် ရယူနိုင်ခြင်း မရှိပေ။

ထိုက်စု နတ်ဘုရားဂိုဏ်းမှ ကျင့်ကြံသူများမှာ မိန်းကလေးများ ဖြစ်ကြသည့်တိုင် တန်ခိုး စွမ်းအား များမှာတော့ အံ့သြမကုန်၊ ယုံနိုင်စရာပင် မရှိအောင် ကြီးမားကြလေသည်။

တစ်ယောက်ချင်း ယှဉ်ပြိုင်ရမည် ဆိုလျှင်တော့ ဆန်းလျန်က မည်သူ့ကိုမှ ကြောက်မည် မဟုတ်ပါ။ သို့သော် ယခု အချိန်တွင်တော့ ရင်ဆိုင် တိုက်ခိုက်ခြင်းထက် ထွက်ပြေး လွတ်မြောက် သွားရန်က ပိုပြီး အရေးကြီး နေလေသည်။

ဆန်းလျန်က လက်တစ်ဖက်ဖြင့် သင်္ကေတ တစ်ခုကို လျင်မြန်စွာ ရေးဆွဲလိုက်လေသည်။

ထိုသင်္ကေတမှာ ထိုက်ဝေ့ထိုင် ခန်းမဆောင်တွင် သူလေ့လာခဲ့ဖူးသည့် “တောင်နှင့်မြစ်ရေ” သင်္ကေတ ဖြစ်လေသည်။ ထိုပညာကို တီထွင်ခဲ့သူ ဆရာဘိုးဘိုးမှာ တောင်များနှင့် မြစ်များကိုပင် ဝါးမျိုပစ်နိုင်သည့် တန်ခိုးစွမ်းအား ပါရှိလေသည်။

ထိုပညာသည် တာအို ဆရာတုန်းဖုန်း၏ ထိုက်ယွဲ့ သဏ္ဌာန်မှန်ပညာဖြင့် ဖန်ဆင်းထားသည့် တောင်ကိုပင် ဝါးမျိုပစ်နိုင်လေသည်။

ဆန်းလျန်မှာ ထိုပညာကိုတီထွင်သူ ဆရာဘိုးဘိုးလောက် ကျွမ်းကျင်စွာ အသုံးပြုနိုင်ခြင်း မရှိပါ။

သို့သော် ထိုသင်္ကေတကို ရေးဆွဲလိုက်သည်နှင့် သူ၏ ကိုယ်တွင်းမှ စွမ်းအားများ မြင့်တက် လာလေသည်။

သူ၏ ခန္ဓာကိုယ်ထဲမှ ထိုက်ရွှီး တန်ခိုးစွမ်းအား များမှာ စွမ်းအား နှစ်ခု အဖြစ် ခွဲထွက်သွားလေသည်။ စွမ်းအားတစ်ခုမှ တောင်ဖြစ်ပြီး နောက်ထပ် စွမ်းအားတစ်ခုမှ မြစ်ရေ ဖြစ်လေသည်။ ထိုတန်ခိုး စွမ်းအားများမှာ နတ်ဘုရား တစ်ပါး သို့မဟုတ် ဗောဓိသကျ တစ်ပါး ရောက်လာ သကဲ့သို့ပင် စွမ်းအား ကြီးမား လှလေသည်။

ဆန်းလျန် အနေဖြင့် ထိုသို့ ပညာပေါင်းစုံကို အသုံးပြုနိုင်ခြင်းမှာ ချင်းရွှမ်နတ်တံခါးမှ နတ်ဘုရား အပါးလေးဆယ်၏ ပုံတူ ပန်းချီကားများကို ကြည့်ကာ သူတို့၏ဓမ္မကို ခံယူခဲ့ခြင်းကြောင့် ဖြစ်လေသည်။ သူက နတ်ဘုရား အပါးလေးဆယ်၏ တန်ခိုး စွမ်းအားများကို သူ၏ နှလုံးသားထဲသို့ ဖြတ်သန်း စီးဆင်း စေခဲ့လေသည်။

ဆန်းလျန်မှာ သူကဲ့သို့ပင် ချင်းရွှမ် နတ်တံခါးမှ ကျဉ့်စဉ်များ အားလုံးကို သိရှိနေသည့် ယန်ရွှီးကိုသာ ကံဆိုးစွာဖြင့် အနိုင်မယူ နိုင်ခဲ့ခြင်း ဖြစ်လေသည်။

သို့သော် ဆန်းလျန်လောက် တန်ခိုး စွမ်းအားများ အားလုံးကို အသေးစိတ် နားလည်ပြီး အသုံးပြုနိုင်သည့်သူ လောကတွင် မရှိနိုင်ပေ။

***

All Chapters