အခန်း (၃၆၁-၃၆၂)
Vol. 27 Ch. 361-362
ယွမ်ကျိုး အပိုင်း(၃၆၁) ဆု၏ဆွဲဆောင်မှု
ဂျက်ခ်၏Facebookတွင် လူအများ၏အာရုံဆွဲဆောင်နိုင်မှုမှာ အတော်ပင် ကြီးမားခဲ့သည်။ သူ ထိုသို့ပို့စ်တင်လိုက်သည်နှင့် လူအတော်များများက လိုက်ခ်ပေးခြင်း၊ မှတ်ချက်ဝင်ရေးခြင်းများ ပြုလုပ်ကြတော့သည်။
ထိုသူအားလုံးမှာ အကြမ်းအားဖြင့် သူ၏စိတ်အခြေအနေကို သိလိုရုံသက်သက်ဖြစ်ပြီး ထို့ထက်မပိုချေ။ သို့သော် ဖိုရမ်မှာမူ အခြေအနေလုံးဝမတူပေ။ သူလိပ်စာကိုသိပြီဖြစ်ကြောင်း ဖော်ပြသည့်ပို့စ်ကို ချက်ချင်းပင် မှတ်ချက်ဝင်ရေးကြပြီး ဖိုရမ်၏ ပထမဆုံးနေရာတွင် pinထောက်ထားကြလေသည်။
ဤသည်မှာ ဟင်းလျာများ အလွန်အရသာရှိကြောင်းနှင့် အခြားသူများအား ထိုဆိုင်သို့ သွားစားရန် ထောက်ခံခြင်းရှိ၊ မရှိအကြား အလွန်ကွာခြားချက်ပင် ဖြစ်သည်။
“မင်းဘာတွေလုပ်နေတာလဲ”
လျိုဟွေ့က ဂျက်ခ်တစ်ယောက်ဖုန်းဖြင့် အသည်းအသန်စာရိုက်နေသည်ကို တွေ့သောအခါ အလွန်ဂရုစိုက်သည့်လေသံဖြင့် မေးသည်။
“အဆင်ပြေပါတယ်။ အပြေတောင်လွန်နေသေး"
ဂျက်ခ်က ရန်လိုနေဟန်ဖြင့် ဖြေသည်။
“ဂျက်ခ်ရေ၊ ငါတို့ စားသောက်ဆိုင်ကို မကောင်းကြောင်း ရေးတင်ကြရအောင်ကွာ”
လျိုဟွေ့က ယွမ်ကျိုးစားသောက်ဆိုင်ဘက်သို့ လှည့်ကြည့်လိုက်ကာ အခိုင်အမာပြောသည်။
“မလိုဘူး”
ဂျက်ခ်က သူ့ရွှေအိုရောင်ဆံပင်များ တလွင့်လွင့်ဖြစ်သွားသည်အထိ ခေါင်းကို ခါလိုက်သည်။
“ဘာလို့လဲ”
တခါတရံတွင် လျိုဟွေ့မှာ သူ့သူငယ်ချင်း ဘာတွေစဉ်းစားနေမှန်း တကယ်နားမလည်နိုင်ချေ။ ဥပမာအားဖြင့် ဒီဆိုင်မှာ မစားဘဲ ထွက်သွားလိုက်လို့ရပေမယ့် ဆက်နေနေခြင်းပင်။ လျိုဟွေ့က အရသာ၊ အသားနှင့်ပတ်သက်ပြီး မမေ့နိုင်စရာအမှတ်တရတွေ ချန်ထားခဲ့တဲ့ အရသာအရှိဆုံးဟင်းလျာတွေကို စားနေရင်းနှင့်ပင် အရှက်ရသလိုခံစားခဲ့ရသည်။ စားနေချိန်အတွင်းမှာ ဒီလိုရှက်ရွံ့တာမျိုးမရှိခဲ့ပေမယ့် ထမင်းစားပြီးနောက်မှာတော့ ရှက်ရွံ့မှုအလုံးစုံ သူ့ဘေးပတ်လည်မှာ ပြန်စုပုံလာသလို ခံစားခဲ့ရသည်။ ထို့ကြောင့် လျိုဟွေ့မှာ ထွက်သွားချင်လှပြီဖြစ်သည်။ သို့သော် ဂျက်ခ်မှာမူ ထမင်းစားပြီးနောက် ထိုဆိုင်တွင်ပင် ဆက်နေခဲ့ကာ ပါးစပ်ကိုပင်သုတ်လိုက်သေးသည်။ သူ့ကြည့်ရတာအတော်ပင် တည်ငြိမ်နေပုံပေါ်သည်။
“ဘာဖြစ်လို့လဲဆိုတော့ သူ့ကို ဘယ်သူမှ သိကြမှာ မဟုတ်လို့ပဲ”
ဂျက်ခ်က ပုခုံးတွန့်ကာ ပြောသည်။
“ဟမ်”
လျိုဟွေ့က ဇဝေဇဝါဖြင့် ပြန်ဖြေလိုက်သည်။
“ငါ သူ့ဆိုင်လိပ်စာကို တခြားသူတွေကို ပြောပြီး လူသိများအောင် ဘယ်တော့မှ မလုပ်ဘူး”
ဂျက်ခ်က အခိုင်အမာပြောသည်။ လျိုဟွေ့က သူ့ဖက် လှမ်းကပ်လိုက်ပြီး ဖိုရမ်ကို တစ်ချက်ကြည့်လိုက်သည်။ ထင်ထားသည့်အတိုင်းပင် ပို့စ်တွင် လိပ်စာကိုလည်း မပြော၊ နိုင်ငံကိုပင် မပြောထားပေ။
“အဲ့ဒါဆိုလဲ မင်းဘာလို့ပို့စ်တင်နေသေးလဲ?” လျိုဟွေ့က ဂျက်ခ်၏ဖုန်းကို လက်ညှိုးထိုးပြီးပြောသည်။
“သူ့ကို ဆဲကြအောင်လို့”
ဂျက်ခ်က အလေးအနက် ပြောလိုက်သည်။
“ပြီးရော...အဲ့ဒါဆိုလည်း ဟိုတယ်ကိုတန်းပြန်တော့မလား”
လျိုဟွေ့က ခေါင်းညိတ်ပြလိုက်ပြီး ထိုကိစ္စနှင့် ပတ်သက်၍ ဘာမှထပ်မပြောတော့ဘဲ ပြန်တော့မလားဟုသာ မေးလိုက်သည်။
“အင်း”
ဂျက်ခ်က လက်နှစ်ဖက်စလုံး ဖုန်းနှင့်အလုပ်များနေရာ ခေါင်းသာညိတ်ပြလေသည်။ ယွမ်ကျိုးမှာ ထိုကိစ္စနှင့် ပတ်သက်ပြီး ဘာမှမသိပေ။ လူမုန်းများစေရန် သူလုပ်နေသည့်နည်းလမ်းမှာ အသုံးမဝင်ပုံရသဖြင့် ထိုကိစ္စကိုသာ တိတ်တိတ်လေးပြင်ဆင်လျက်ရှိသည်။ ဘာပဲဖြစ်ဖြစ် ယွမ်ကျိုးမှာ ဘာသိဘာသာနေတတ်သူဖြစ်ရာ စနစ်မှတောင်းဆိုသည့် စကားများပြောရန်အတွက် ကြိုတင်ပြင်ဆင်မှုလုပ်ရန် လိုအပ်နေဆဲဖြစ်သည်။
“ထူးချွန်သလောက် နှိမ့်ချပြီး နေတတ်တဲ့သူဆိုတာ တခြားသူတော့မဟုတ်ဘူး ငါပဲ”
ယွမ်ကျိုးက စိတ်ထဲမှ သက်ပြင်းအကျယ်ကြီးချလိုက်သည်။
“သူဌေးယွမ်၊ ဘာလုပ်မှာလဲ။ ကျွန်တော်တို့ကိုပြောလေ”
စုမူက သူ၏မက်မွန်ပွင့်သဏ္ဍာန်မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး ကျက်သရေရှိစွာ ပြောသည်။
“ငါ မင်းအသံကိုကြားတိုင်း ဘာလို့ ကျန်းကျဝေကို မြင်ယောင်နေမိပါလိမ့်"
ဝူဟိုင်းက ရုတ်တရက် ထိုသို့ပြောလိုက် သည်။
“ဟော...ဟော...မင်း ငါ့လာအားကိုးနေရင်တော့ သေအောင် ရိုက်ပစ်လိုက်မယ်”
စုမူက သူ့အား လက်သီးဖြင့် သေသည်အထိထိုးမည့်ဟန် လုပ်ပြလိုက်ရင်း ပြုံးကာပြောသည်။
“မင်းအတွေးလွန်နေပြီ”
ဝူဟိုင်းက တစ်ဖက်သို့ လှည့်ကာ သူ့အားကြည့်ပင်မကြည့်ပေ။
“သူဌေး၊ ဘာလုပ်မှာလဲဆိုတာ ကျွန်မလည်း သိချင်တယ်”
စုယွဲ့ရှန်းက ယွမ်ကျိုးအား သူမ၏မျက်လုံးဝိုင်းကြီးဖြင့် ကြည့်နေသည်။
“တကယ်တော့ ငါက မင်းတို့တွေကို ငါနဲ့ပတ်သက်ပြီး ထင်မြင်ယူဆချက်လေးတွေ ရေးပေးစေချင်တာ အဆင့်သတ်မှတ်ပေးတာမျိုး...”
ယွမ်ကျိုးစကားမဆုံးမီမှာပင် ဝူဟိုင်းက ကြားဖြတ်ပြောလိုက်သည်။
“အဲ့လောက်စိတ်ရှုပ်ခံဖို့မလိုဘူး။ မင်းကလှည့်စားတတ်တဲ့သူ။ မင်းက အရမ်းလှည့်စားတတ်တယ်။ အဲ့ဒါက ငါ့အကဲဖြတ် ချက်ပဲ”
ဝူဟိုင်းက တုံ့ဆိုင်းခြင်းမရှိ ချက်ချင်းပြောသည်။
“အကဲဖြတ်ချက်ကို ပုံစံစာရွက်ထဲမှာ ချရေးရင်ရေး ဒါမှမဟုတ်လည်း ဘလော့ဂ်ကနေတစ်ဆင့် သီးသန့်မက်ဆေ့ချ် ပို့လို့လည်း ရတယ်”
ဝူဟိုင်းကို လျစ်လျူရှုထားရင်း ယွမ်ကျိုးကပြောလိုက်သည်။
“မှတ်ချက်တွေကို ရေးချင်သလို ရေးပေးလို့ရလား”
စုယွဲ့ရှန်းက စပ်စပ်စုစုမေးလိုက်သည်။
“မရဘူး။ ငါ ဘယ်လောက်တော်တယ်ဆိုတဲ့အကြောင်းနဲ့ ပတ်သက်ပြီး တစ်ခုခုရေးပေးဖို့ပြောတာ”
ယွမ်ကျိုးက မျက်မှောင်ကြုတ်ကာ မျက်နှာထားတင်းတင်းနှင့် အသံကလည်း ကျယ်လောင်မြန်ဆန်ပြီး အတည်ပြောသည့်ပုံဖြင့် ထိုသို့ပြောလိုက်သည်။ စိတ်လှုပ်ရှားနေသည့်အပြုအမူမှန်း သိသာသော်လည်း နဂိုမျက်နှာထားတင်းတင်းကြောင့် အခြားသူများက ယွမ်ကျိုး ထိုသို့ စိတ်လိုက်မာန်ပါပြောသလို ခံစားလိုက်ရသည်။
“အာ...”
ထို့ကြောင့် စုယွဲ့ရှန်းမှာ ချက်ချင်းဆိုသလို မှင်သက်သွားတော့သည်။ စကားအလွန်များလှသော ဝူဟိုင်းသည်ပင် သူလုပ်လက်စများကို အကုန်ရပ်ပြီး ယွမ်ကျိုးအား မယုံကြည်နိုင်သလို ကြည့်လာသည်။ သူ့မျက်နှာပေါ်ရှိအမူအရာမှာ “မင်း ငါ့ကိုလာနောက်နေတာလား”ဟု အထင်အရှားပေါ်လွင်နေသည်။
“ဟို...ဟို”
စုမူမှာ ချက်ချင်းဆိုသလို ဘာပြောရမှန်းမသိတော့ချေ။
“အင်း...သူဌေး။ ရှင်က ကျွန်မတို့ကို ရှင်ကဘာကြောင့် ဒီလောက်တော်နေသလဲဆိုတာ မေးကြည့်တာမဟုတ်လား”
စုယွဲ့ရှန်းက ယွမ်ကျိုးပြောခဲ့သည့်စကားများကို တစ်လုံးချင်းပြန်စဉ်းစားပြီး မေးလိုက်သည်။
“အဟုတ်ပဲ”
ယွမ်ကျိုးက ခေါင်းညိတ်ကာ ပြန်ဖြေသည်။
“အစ်ကိုပြောတော့ ညီမလေးတို့ အိမ်ပြန်ရတော့မယ်ဆို”
စုယွဲ့ရှန်းက စုမူဘက်သို့လှည့်ကာ ပြောလိုက်သည်။
“ဟုတ်တယ်။ အခုပဲ ပြန်တော့မလို့”
စုမူက ချက်ချင်းပြန်ဖြေလိုက်ပြီး သူ့ညီမကိုဆွဲကာ ပြန်ရန်ပြင်တော့သည်။ ယွမ်ကျိုးအား “မင်းရူးနေလား” ဟူသည့်အကြည့်ဖြင့် ကြည့်နေခဲ့သော ဘေးဘက်ရှိ ဝူဟိုင်းအပါအဝင် အားလုံးပြန်ရန် ပြင်ကြတော့သည်။
ယွမ်ကျိုးက ဆက်လက်၍
“တကယ်လို့များ တစ်ယောက်ယောက်က အရွေးခံရတယ်ဆိုရင် ထမင်းတစ်နပ်ဆုချမယ်။ ငါကျွေးမှာပါ”
ဤတစ်ကြိမ်တွင်မူ ယွမ်ကျိုးက အလွန်ရိုကျိုးစွာ ပြောလာသည်။ သူက အစားအသောက်များမှာ စနစ်မှ ပံ့ပိုးပေးထားသည့်အရာများဖြစ်ကြောင်းနှင့် အခြားသူများက သူ့အား တစ်နပ်လောက်ဝယ်ကျွေးရန်ပြောချိန်တွင် သူမည်မျှတွန့်တိုနေခဲ့သည်ကို လုံးဝသတိမရတော့ပုံပင်။ ထိုစကားအား အလွန်ပင် ဖြောင့်မတ်မှန်ကန်သလို ပြောလာသည်။ သူ ထိုသို့ပြောသည့်အခိုက်အတန့်တွင် ထွက်သွားရန် ပြင်နေသည့်လူအားလုံးမှာ ခြေလှမ်းများ ဘရိတ်အုပ်လိုက်ကြသည်။
“ငါတော့ သူဌေးယွမ်မှာ တော်ရတဲ့အကြောင်းရင်းအများကြီးရှိတယ်လို့ တကယ်ခံစားရတယ်”
ဝူဟိုင်းက သူ့နှုတ်ခမ်းမွှေးခပ်ရေးရေးအား အသာပွတ်ကာ အရှက်မရှိပြောသည်။
“မဟုတ်သေးဘူး...မဟုတ်သေးဘူး...သူဌေးယွမ်။ မင်းရဲ့ဆွဲဆောင်မှုက ဘယ်နေရာမှာလဲဆိုတာ မင်း လုံးဝမသိသေးဘူး”
စုမူက ချက်ချင်းနောက်ပြန်လှည့်ကာ သူ့မက်မွန်ပွင့်မျက်လုံးများကို မှုန်ကုပ်ရင်းပြောသည်။
“သူဌေး...တကယ်တော့လေ ရှင်က တော်တော်ချောတယ်လို့ ကျွန်မလည်းထင်တယ်”
စုယွဲ့ရှန်းက မျက်နှာတွင် ရှက်သွေးလေးများဖြာရင်း ချစ်စဖွယ်ပြောလာသည်။
"အင်း...ချီးကျူးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ငါ့ဘလော့ဂ်မှာ ဝင်ရေးလိုက်။ အဲ့မှာ မှတ်ချက်တွေကို မဲပေးရမယ်။ မဲအများဆုံးရတဲ့သူက အနိုင်ရမယ်" ယွမ်ကျိုး ခေါင်းညိတ်ပြီး ချီးကျူးစကားအများကြီးကို လက်ခံလိုက်သည်။
“ကိစ္စမရှိဘူး။ ဒါပေမယ့် ကျွန်တော်တို့ ကိုယ်စားချင်တာ မှာလို့ရလား”
ဝူဟိုင်းက ထိုသို့မေးချိန်တွင် မျက်နှာပေါ်၌ အပြုံးအကြီးကြီးတစ်ခုကို ချိတ်ဆွဲထားပြီး မသိမသာမေးသည်။ သူ၏စိတ်အားထက်သန်သည့်အကြည့်တွေ မပါမှသာလျှင် သာမန်မေးခွန်းနှင့် တူပေလိမ့်မည်။
“ရတာပေါ့”
ယွမ်ကျိုးက စနစ်၏ရက်ရောမှုကို ကျွမ်းကျွမ်းကျင်ကျင်အသုံးချလိုက်သည်။
“အင်း...အဲ့ဒါဆိုပြန်ပြီနော်”
ဝူဟိုင်းက ခေါင်းကို ကျေနပ်စွာညိတ်ရင်း ဆိုင်ထဲက ထွက်သွားတော့သည်။ စုမူနှင့် စုယွဲ့ရှန်းလည်း မြန်မြန်ပြန်သွားကြပြီး ကားထဲရောက်သည်နှင့် ဘလော့ဂ်တွင် ပို့စ်တင်ရန် ပြင်ကြလေသည်။ တခဏအတွင်း အားလုံးပြန်သွားကြလေပြီ။ ယွမ်ကျိုးမှာ သူ့ဖုန်းကိုထုတ်ပြီး ဘလော့ဂ်ရှိ အကြောင်းအရာများကို စတင်ပြင်ဆင်တည်းဖြတ်တော့သည်။
[ငါ ဘာလို့ ဒီလောက်တော်နေရတာလဲ]
အကြောင်းအရာမှာ အလွန်ရိုးစင်းလှပေသည်။ ဤသည်မှာ စနစ်မှ လိုအပ်သည့် စာကြောင်းအတိုင်း အတိအကျပင် ဖြစ်သည်။
“ဟူး...တော်သေးတယ်။ ငါ ထုတ်ပြောဖို့မလိုတော့ဘူး”
ယွမ်ကျိုးက သူ့ဖုန်းကိုယူပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။
“ငါက နှိမ့်ချပြီး ဘာသိဘာသာနေတတ်တဲ့လူပဲ”
ယွမ်ကျိုးက သူ့မျက်နှာသူပွတ်သပ်ပြီး ဖုန်းကိုချထားခဲ့ကာ တတွတ်တွတ်ပြောရင်း ထွက်သွားလေသည်။
“ငါအခုပိုပိုချောလာပြီ”
ထိုအချိန်တွင် သူ့ဖုန်းမှ “ဒီ”ဟူသောအသံထွက်လာသည်။ ဤသည်မှာ ဘလော့ဂ်တွင် သူတင်ထားသည့်ပို့စ်ကို အကြောင်းပြန်ကြားချက်ရလာ၍ ဖြစ်သည်။
“ကျန်းချန်ရှီးပါလား။ Replyပြန်တာ မြန်လိုက်တာ”
ယွမ်ကျိုးကြည့်လိုက်ရာ ကျန်းချန်ရှီးဖြစ်ကြောင်း သိလိုက်ရသည်။
ချန်ရှီး [ဘာလို့လဲဆိုတော့ ရှင်က စောစောသေမှာမို့လို့လေ]
အဖြေမှာ အလွန်မှန်ကန်ပေသည်။
“ဒီမြွေပါးစပ်လို အဆိပ်ပြင်းတဲ့မိန်းမကတော့” ယွမ်ကျိုးမှာ သူ့နဖူးသူရိုက်ရင်း ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားသည်။
သတိပေးချက်ကို ပိတ်ရန် ပြင်လိုက်စဉ်ပင် ဖုန်းနောက်တစ်ကြိမ်မြည်သွားပြန်သည်။
ဤတစ်ကြိမ်တွင်မူ မက်ဆေ့ချ်မှာ လင်းဟုန်ဆီက ဖြစ်သည်။
“ဒုတိယမျိုးဆက်သူဌေးကြီးတွေရဲ့ပထမဆုံးသူဌေးကြီး”
လင်းဟုန်၏အိုင်ဒီမှာ သူ့ပုံစံနှင့် အလွန်လိုက်ဖက်ညီလှသည်။ သူ့မှတ်ချက်မှာမူ တစ်လုံးတည်းဖြစ်သည်။
ဒုတိယမျိုးဆက်သူဌေးကြီးတွေရဲ့ ပထမဆုံးသူဌေးကြီး [မင်းဘယ်လောက်ပဲ တော်နေပါစေ၊ ငါ့ကိုတော့ မမှီသေးဘူး]
“ငါက ပထမမျိုးဆက်သူဌေးကွ။ ဒုတိယမျိုးဆက်မဟုတ်ဘူး”
ယွမ်ကျိုးက သူ့အင်္ကျီကို ပင့်တင်ကာ ဝမ်းဗိုက်ကြွက်သားများကို ဂုဏ်ယူစွာကြည့်ရင်း ပြောသည်။
“ဒီ...ဒီ” ဖုန်းမြည်လာပြန်သည်။
မန်မန် [သူဌေးယွမ်၊ ရှင် ဟင်းအသစ်တွေချက်ရတာပျင်းလာရင် အဲ့လိုလျှောက်တင်နေမယ့်အစား နားနေလိုက်ပါလား။ မသိတဲ့လူတွေဆို ရှင့်ကို ရိုက်သတ်ချင်နေကြလိမ့်မယ်]
ဒီတစ်ကြိမ်တွင် မန်မန်၏စကားလုံးများမှာ အနည်းငယ်ရှည်လျားသော်လည်း သူမက ယွမ်ကျိုးအား နေမကောင်းပါက ဒီလိုမျိုးပို့စ်တွေလျှောက်တင်နေမယ့်အစား ဆရာဝန်နှင့်သာ ပြရန်ပြောလိုခြင်းဖြစ်သည်။ ထိုကိစ္စမျိုးက ချန်ဝေမပါဘဲ ကောင်းကောင်းဖြစ်မြောက်သွားမည်မဟုတ်ချေ။
[သူဌေးယွမ်၊ ကျွန်တော်တို့အချင်းချင်း လက်ဝှေ့ထိုး လေ့ကျင့်လို့ရတယ်လေ။ ဒါဆို ကျွန်တော် ဘာလို့တော်နေမှန်း ခင်ဗျားသိလာလိမ့်မယ်]
ယွမ်ကျိုး အပိုင်း(၃၆၁)
ပြီးပါပြီ။
ယွမ်ကျိုး အပိုင်း(၃၆၂) အမဲသားဝဲလ်လင်တန်
သူဌေးယွမ်၏ဘလော့ဂ်တွင် တင်ထားသောပို့စ်က ချက်ချင်းဆိုသလိုပင် အစားတလိုင်းများပတ်ဝန်းကျင်တွင် အမှန်ပွက်လောရိုက်သွားစေသည်။ ဘာပဲဖြစ်ဖြစ် စကားလုံးတွေ၏ရိုက်ခတ်မှုမှာ သည်းခံနိုင်ဖွယ်မရှိပေ။
ဤသည်မှာ ယွမ်ကျိုးတစ်ဦးတည်း၏ ယုံကြည်မှုသာဖြစ်သည်။ အမှန်တကယ်တွင် အတွင်းသတင်းကို သိသူအနည်းငယ်မှအပ လူတိုင်းနီးပါး ယွမ်ကျိုးကို သေသည်အထိရိုက်ချင်နေခဲ့ကြသည်။ စကားလုံးများက ချက်ချင်းဆိုသလိုပင် ယွမ်ကျိုး၏ခွင့်ယူမည်ဆိုသော အသိပေးချက်ကို သူတို့အား သတိရသွားစေသည်။
နိုင်ငံခြားသားများနှင့် ပတ်သက်သည့် တာဝန်မှာ ယခုအချိန်ထိ မပြီးပြတ်သေးသော်လည်း ယွမ်ကျိုးမှာ ဤတာဝန်ကိုပါ တစ်ချိန်တည်း ဆောင်ရွက်ရန် အသင့်ပြင်နေလေသည်။ ထိုနည်းဖြင့် တာဝန်နှစ်ခုစလုံးပြိုင်တူပြီးပါက ဆုနှစ်ခုစလုံးကို တစ်ပြိုင်တည်း ရနိုင်ပေမည်။ ယွမ်ကျိုးက ထိုအချက်ကို ကောင်းစွာ နားလည်ပြီးဖြစ်သည်။
“ရှပ် ရှပ် ရှပ်”
ယွမ်ကျိုးမှာ တစုံတခုကို လျင်မြန်စွာ ရေးနေသည်။ တဒင်္ဂအတွင်းမှာပင် ယွမ်ကျိုးက လျှော့ဈေးများ ကြော်ငြာရာတွင် သုံးလေ့ရှိသော အလှမီးတပ်ဆင်ထားသည့် စာရေးကြော်ငြာဆိုင်းဘုတ်အား တံခါးဝတွင် ချထားလိုက်လေသည်။
ဆိုင်းဘုတ်အား မီးထွန်းလိုက်သည်နှင့်
“ငါဘာလို့အရမ်းတော်နေလဲ”ဆိုသည့် အလွန်ထင်ရှားလှသောစာလုံးများ ပေါ်လာသည်။ ထိုစာလုံးအောက်တွင် ဤဖြစ်ရပ်နှင့်ပတ်သက်ပြီး မိတ်ဆက်ပေးသည့်အကြောင်းအား စာလုံးသေးသေးလေးများနှင့် ရေးထားပြီး ထို့အောက်တွင်မူ အလွန်တရာသေးလှသောစာလုံးများဖြင့် ပေးမည့်ဆုအကြောင်းရေးထားလေသည်။
ယွမ်ကျိုးက စာလုံးများအား အနီရောင်ဖြင့် ထပ်ဝှိုက်ကာ ရေးထားသော်လည်း အရောင်အသွေးစုံလှသောမီးအရောင်နှင့် ပေါင်းစပ်လိုက်သောအခါ ဆိုင်းဘုတ်မှာ အလွန်လှပပြီး ဘယ်သူမှမကြည့်ဘဲ မနေနိုင်လောက်အောင် ဖြစ်နေသည်။ ယွမ်ကျိုးမှာ တာဝန်ပြီးမြောက်တော့မည်ကို ပျော်ရွှင်စွာစောင့်ဆိုင်းနေလေသည်။ တစ်လက်စတည်းပြောရလျှင် ယွမ်ကျိုးတစ်ယောက် ကိုယ့်ကိုကိုယ်နှစ်သိမ့်တတ်တဲ့အကျင့် ဘယ်အချိန်က ရသွားသလဲ ဘယ်သူမှမသိပေ။ မည်သို့ပင်ဖြစ်စေ တခြားတစ်ဖက်ရှိ လီလီမှာမူ အလွန်ဝမ်းသာပီတိဖြစ်လျက်ရှိသည်။
“ခေါင်းဆောင်စားဖိုမှူး၊ နားတော့မလား” အကြီးတန်းစားဖိုမှူးက သူ့အဆီဗိုက်ကို ပုတ်ရင်း မေးလိုက်သည်။
“မလိုပါဘူး။ မင်း အမဲသားကင်ပြင်နေတာရော ဘယ်အခြေအနေရှိလဲ”
လီလီက ထိုနေရာတွင်ပင် သေချာရပ်နေသည်။ သူ့အရှေ့တွင် မုန့်နှစ်ရည်ထည့်ထားသောဇလုံတစ်လုံးရှိနေပြီး အနံ့သင်းသင်းလေးထွက်နေသည်။
“စိတ်မပူပါနဲ့၊ ခေါင်းဆောင်စားဖိုမှူး။ သေချာပြင်ဆင်ပြီးပါပြီ။ အမဲသားကနေ အချဉ်ဓာတ်ဖယ်တဲ့ဟာလည်း လုပ်ပြီးသွားပါပြီ”
အကြီးတန်းစားဖိုမှူးက သူ့ရင်ဘတ်ကို ပုတ်ရင်း ယုံကြည်ချက်ရှိရှိ ပြောလေသည်။
“ကောင်းတယ်”
လီလီက ခေါင်းညိတ်ရင်း နားလည်ပြီဖြစ်ကြောင်းပြလိုက်သည်။ အကြီးတန်းစားဖိုမှူးမှာ ထို့နောက်တွင် တခြားလုပ်စရာမရှိတော့ပေ။ သူ့မျက်နှာခပ်ဝိုင်းဝိုင်းမှာ အရေးအကြောင်းများ ပေါ်လာသဖြင့် ပေါင်းထားသောမုန့်ကဲ့သို့ ဖြစ်နေသည်။ လွန်ခဲ့သည့်နှစ်ရက်စလုံးတွင် လီလီက မီးဖိုခန်းထဲတွင်သာအမြဲနေ,နေသည်။ အပြင်သို့ တော်ရုံမထွက်ဘဲ စေ့စပ်သေချာစွာ အလုပ်လုပ်နေလေသည်။ ထိုအချက်က လက်သင့်ခံနိုင်သည့်အတိုင်းအတာအတွင်းရှိနေသေးပေမယ့် သူက အရာအားလုံးကို ကိုယ်တိုင်လုပ်ပြီး မကြာခဏဆိုသလိုပင် မီးဖိုချောင်ဝန်ထမ်းများကို အပြင်သို့ထွက်ပြီး စားသုံးသူများ၏ ဟင်းပွဲအပေါ် ထင်မြင်ယူဆချက်ကို မေးခိုင်းလေ့ရှိသည်။
“ရှောင်တင်း၊ သုံးမယ့်မှိုတွေကို အရွယ်အစားနဲ့ ပုံစံတစ်ပုံစံတည်းဖြစ်အောင် သေချာလုပ်ထားနော်။ လုပ်ရတာ အဆင်မပြေဖြစ်နေတဲ့ မှိုတွေရော”
လီလီက သူရွေးထုတ်ထားသော အဖြူရောင်မှိုတချို့ကို ညွှန်ပြရင်း သေချာမေးနေသည်။
“အခု လဲလိုက်ပါ့မယ်”
ရှောင်တင်းလို့ခေါ်တဲ့ လက်ထောက်စားဖိုမှူးက တိုတိုတုတ်တုတ် ပြန်ဖြေလိုက်သည်။ သူ့ကိုယ်သူ ခုခံကာကွယ်တာမျိုးလုပ်မနေဘဲ လီလီ့စကားကို နာခံလိုက်သည်။
“အင်း။ နောက်ကို ဂရုစိုက်”
လီလီမှာ နဂိုကတည်းက ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းရာ မျက်နှာထားတည်တည်ရှိနေချိန် တွင် အနည်းငယ် ကြောက်စရာပင်ကောင်းနေတော့သည်။
“ဒီနေ့ ကြက်ဥတွေကို ဘယ်သူတာဝန်ယူထားတာလဲ”
လီလီက ကြက်ဥပုံကြီးတစ်ပုံစီသို့လျှောက်သွားကာ စိတ်တိုတိုဖြင့် မေးလိုက်သည်။
“ကျွန်တော်ပါ ခေါင်းဆောင်စားဖိုမှူး”
လူငယ်လေးတစ်ယောက်က ရှေ့ထွက်ရပ်ပြီး စိတ်လှုပ်ရှားနေသည့်အမူအရာနှင့် ဖြေလာသည်။
“ငါ မင်းကို အစကတည်းကပြောထားတယ်။ အေးခဲထားတဲ့ကြက်ဥတွေကို သုံးလို့မရပါဘူးလို့။ လတ်လတ်ဆတ်ဆတ် ကြက်ဥတွေဖြစ်ရမှာ ငါပြောတာနားလည်လား”
လီလီက သူ့ကိုမဆူပေမယ့် လေသံမာမာဖြင့်ပြောသည်။
“ဒါပေမယ့် ဒီကြက်ဥတွေကလည်း အရမ်းလတ်ဆတ်နေတာပဲကို”
လူငယ်လေးက အသံခပ်တိုးတိုးနှင့် ပြန်ပြောသည်။
“ငါပြောတာ အလတ်ဆတ်ဆုံးကြက်ဥ”
လီလီက သူ့အား စိုက်ကြည့်ကာ တစ်လုံးချင်းပြောလိုက်သည်။ စားဖိုမှူးငယ်လေးမှာ ချက်ချင်းပင် ကြက်သေသေသွားသည်။ လီလီ ထိုသို့ပြောပုံမျိုးကို သူတစ်ခါမှမမြင်ဖူးချေ။
“ဟုတ်ကဲ့ပါ။ စိတ်မပူပါနဲ့၊ ခေါင်းဆောင်စားဖိုမှူး။ ကျွန်တော်တို့ အခုချက်ချင်း သွားလဲလိုက်ပါ့မယ်”
အကြီးတန်းစားဖိုမှူးက သူ့ခန္ဓာကိုယ်ဝဝကြီးကို ရှေ့သို့သယ်လာပြီး အပြုံးလေးနှင့်ပြောသည်။
“ဟိတ် ကောင်စုတ်လေး။ ဂိုဒေါင်ဘက်ကိုသွားပြီး အခုသွားလဲ”
အကြီးတန်းစားဖိုမှူးက သူ့လက်ကြီးများဖြင့် လူငယ်လေးအား အသာလှမ်းတွန်းလိုက်လေသည်။
“ဟုတ် ဟုတ် အခုသွားလိုက်ပါ့မယ်”
ထိုမှသာ လူငယ်လေးမှာ အသိပြန်ဝင်လာပြီး ကြက်ဥဇလုံကြီးအား မ,ကာ အပြေးထွက်သွားတော့သည်။ ဒီလောက်ကြက်ဥအများကြီးမှာ မလေးသကဲ့သို့ပင်။
“ခေါင်းဆောင်စားဖိုမှူး၊ ကျွန်တော်တို့အမဲသားကင်စမချက်ခင် တစ်နာရီလောက်အချိန်ရသေးတယ်။ ဘာလို့မနားတာလဲ”
လီလီက လူငယ်လေးထွက်သွားသည်ကို မတားလိုက်ရာ အကြီးတန်းစားဖိုမှူးက တစ်ခါထပ်ပြောပြန်လေသည်။
“အမဲသားကင်အရသာရှိတာ သေချာချင်ရင် ကနဦး ပြင်ဆင်မှုအပိုင်းမှာ နည်းနည်းလေးမှ သတိလက်လွတ်ဖြစ်သွားလို့ မရဘူး”
လီလီက အကြီးတန်းစားဖိုမှူးကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ဆက်လက်စစ်ဆေးနေလေရာ အချိန်မှာ မနက်ကိုးနာရီသာ ရှိသေးသည်။
“ဟုတ်ပြီလေ။ အဲ့ဒါဆို ကျွန်တော်လည်း ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားတော့မယ်” အကြီးတန်းစားဖိုမှူးက တိတ်တိတ်လေးသက်ပြင်းချလိုက်ပြီး အမဲသားကင်ပြင်ဆင်ရန် ဆက်လုပ်တော့သည်။ သူ့မှာ အနည်းငယ် ကူကယ်ရာမဲ့ဖြစ်နေသည်။ အကြီးတန်းစားဖိုမှူးက လီလီ ဘာကြောင့် ယခုအကြိမ်တွင် အရမ်းဂရုတစိုက်လုပ်နေမှန်း သိသည်။ အကြောင်းပြချက်ကို စဉ်းစားမိလိုက်သည်နှင့် သက်ပြင်းထပ်မချမိဘဲ မနေနိုင်တော့ချေ။
“ငါတို့အားလုံး စားဖိုမှူးတွေပါပဲ။ ဘာလို့ အဲ့ဒီမကောင်းဆိုးဝါးကပေါ်လာရတာလဲ။ ငါတို့လို စားဖိုမှူးအိုကြီးတွေက သူအနီးနားမှာရှိနေတော့ ဘယ်လိုအသက်ဆက်ရှင်ရတော့မလဲ” အကြီးတန်းစားဖိုမှူးက အသံခပ်တိုးတိုးဖြင့် သူ့ဘာသာ ရေရွတ်နေလေသည်။ မှန်ပေသည်။ သူက ယွမ်ကျိုးအကြောင်းကို ပြောနေခြင်းဖြစ်သည်။ လီလီ ဘာကြောင့် ယခုလို တင်းတင်းကြပ်ကြပ် လုပ်နေရသလဲဆိုတဲ့ အကြောင်းပြချက်က ယွမ်ကျိုးပင်ဖြစ်သည်။ ပို၍တိတိကျကျပြောရလျှင် အကဲဖြတ်မှုတစ်ခုကြောင့် ဖြစ်ပေသည်။
မနေ့တနေ့က ယွမ်ကျိုး၏စားသောက်ဆိုင်သို့ နိုင်ငံခြားသားတစ်ဦးရောက်လာသောအခါ လီလီက သူ၏အမှတ်အသားဟင်းလျာဖြစ်သော အမဲသားဝဲလ်လင်တန် ကို တရားဝင်စတင်ရောင်းချချိန် ဖြစ်သည်။
လီလီက ထိုဟင်းမှာ ချီးကျူးမှုအမြောက်အမြားရလိမ့်မည်ဟု မျှော်လင့်ခဲ့သည်။ ထင်သည့်အတိုင်းလည်း မနက်ခင်း တွင် များစွာချီးကျူးခံခဲ့ရသည်။
ဤကျက်သရေရှိလှပြီး လူသိများသော ဗြိတိန်ဟင်းလျာသည် အမှန်ပင် လူအများ၏ ချီးမွမ်းမှုကို ရရှိခဲ့သည်။ ယွမ်ကျိုးစားသောက်ဆိုင်၏ ပထမဆုံးBlacklist စာရင်းအသွင်းခံရသည့် အနောက်တိုင်းဝတ်စုံဝတ်ထားသောလူတစ်ဦး လင်းဟုန်အား ဆိုင်သို့ ခေါ်မလာခင်အထိပင်ဖြစ်သည်။
“အဲ့သောက်ဆိုင်အစုတ်ထက်တော့ အများကြီးသာတယ်”
ထိုင်လိုက်သည်နှင့် စိတ်ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်သည်။
“ငါတော့ အဲ့လိုမထင်ဘူး”
လင်းဟုန်၏အင်္ကျီမှာ ကြယ်သီးသုံးလုံးသာတပ်ထားပြီး အနည်းငယ် အထိန်းအကွပ်မဲ့နေဟန်ပေါ်နေသည်။ ထိုစကားအား ကြားသောအခါ အသာပြန်ဖြေလေသည်။
“မင်း ဒီနေ့ဘာစားမလဲ။ ငါကျွေးမယ်”
ထိုလူမှာမူ လင်းဟုန်နှင့် လုံးဝဆန့်ကျင်ဘက်ပင်ဖြစ်သည်။ သူ့ဝတ်စုံမှာ ကြယ်သီးပြည့်တပ်ထားသည်။
“ကြိုက်တာမှာ၊ မင်းသဘော။ ငါတို့ကိစ္စလေးပဲ လက်စသတ်ကြတာပေါ့”
လင်းဟုန်က သူ့လက်ကိုယမ်းရင်း ဘာဖြစ်ဖြစ် စားကြောင်းပြလိုက်သည်။
“ဒီနေ့ စားဖိုမှူးထောက်ခံချက်ပေးထားတဲ့ဟင်းက ဘာဟင်းလဲ”
ထိုလူက ဘေးနားတွင် မတ်တပ်ရပ်စောင့်နေသော စားပွဲထိုးမလေးဘက်သို့ လှည့်ကာမေးသည်။
“ဟုတ်ကဲ့ရှင့်၊ ကျွန်မတို့ရဲ့ခေါင်းဆောင်စားဖိုမှူးကိုယ်တိုင်ချက်တဲ့ အမဲသားဝဲလ်လင်တန်အထူးဟင်းပွဲ ရှိပါတယ်ရှင့်။ စားကြည့်ချင်လားမသိဘူး”
စားပွဲထိုးမလေးက ပြန်မေးသည်။
“အင်း...သုံးပွဲပေး”
ထိုလူက အသာပြန်ပြောသည်။
“ဟုတ်ကဲ့ ခဏစောင့်ပါရှင်။ အမဲသားဝဲလ်လင်တန်ဟင်းသုံးပွဲ ချက်ချင်း လာချပေးပါ့မယ်”
ခေါင်းတစ်ချက်ညိတ်ပြပြီး နောက် စားပွဲထိုးမလေးက ချရေးလိုက်ကာ မှာထားသည့်ဟင်းများကို တစ်ခေါက်ပြန်ရွတ်ပြပြီး အတည်ပြုလိုက်သည်။
“ဟန်ရှန်၊ မင်း ဘာလို့ အဲ့လိုပဲလုပ်လုပ်နေတာလဲ”
လင်းဟုန်က မျက်မှောင်ကြုတ်လိုက်သည်။
သူတို့မှာ နှစ်ဦးတည်းဖြစ်ရာ ဟန်ရှန်က သုံးပွဲမှာလိုက်သည်မှာ တစ်ပွဲကို မြည်းကြည့်ပြီး တစ်ပွဲကို စားရန်ဖြစ်သည်။
“မတတ်နိုင်ဘူးလေ။ ငါက အဲ့အတိုင်းပဲ”
ဟန်ရှန်ဟုခေါ်သည့်လူက အင်္ကျီလက်အနားကို ပြန်ဖြန့်လိုက်ပြီး သေချာပြောသည်။
“ထားပါတော့။ စီးပွားရေးကိစ္စပဲ ပြောကြစို့” လင်းဟုန်က ထိုအမူအရာအား မမြင်လိုလှသော်လည်း မတတ်သာဘဲ ထိုအတိုင်း ထားလိုက်ရသည်။
“အင်း”
ဟန်ရှန်က ခေါင်းညိတ်ကာ မတ်မတ်ထိုင်လိုက်ပြီး သူနှင့် စကားစပြောတော့သည်။
ခဏကြာပြီးနောက် သူတို့မှာထားသော ဟင်းပွဲများကို ယူလာလေသည်။ ထုံးစံအတိုင်းပင် ဟန်ရှန်က တစ်ပွဲကိုမြည်းကြည့်ပြီး ကျန်တစ်ပွဲကို သူ့ကိုယ်ပိုင်ဇွန်း၊ ခက်ရင်းများနှင့် စားလေသည်။ လူနှစ်ဦးမှာ စကားပြောရင်း စားနေကြသည်။ တခြားတစ်ဖက်တွင်မူ လီလီမှာ အမဲသားဟင်းတစ်ပွဲလုံးကို မစားထားသဖြင့် လူကိုယ်တိုင်မေးရန်ရောက်လာသည်။ လီလီက သူတို့စားပြီး ပြန်ရန်ပြင်နေသည့်အချိန်မှသာ ရောက်လာခြင်းပင်။
“ဆရာ...မင်္ဂလာပါ။ ကျွန်တော်က ခေါင်းဆောင်စားဖိုမှူးပါ။ ဒီနေ့ဟင်းနဲ့ ပတ်သက်ပြီး စိတ်ကျေနပ်ရဲ့လား သိပါရစေ”
အဖြူရောင်စားဖိုမှူးအင်္ကျီကို ဝတ်ထားသော လီလီက သူတို့ရှေ့တွင် မတ်တပ်ရပ်ရင်း မေးလိုက်သည်။
“တော်တော်ကောင်းတဲ့လက်ရာပါ။ အရောင်ကလည်း လှတယ်။ အရသာကလည်း တော်တော်ကောင်းတယ်”
ဟန်ရှန်က စိတ်ကျေနပ်စွာ ပြောသည်။
“မဆိုးပါဘူး”
မည်သို့ပင်ဖြစ်စေ လင်းဟုန်ကတော့ ရိုးရိုးရှင်းရှင်းသာ ဖြေလိုက်သည်။
“နောက်တစ်ခါ ဒီဆိုင်ကို ထပ်လာစားချင်ရဲ့လားဆိုတာ အပန်းမကြီးရင် သိပါရစေ”
လီလီက ထိုသို့မေးလိုက်ချိန်တွင် အလွန်ယုံကြည်မှုရှိနေသည်။ ဘာကြောင့်လဲဆိုတော့ တစ်ကြိမ်တစ်ခါ မြည်းစမ်းကြည့်ရုံနှင့် သူတို့မကြာမကြာလာစားလိုစိတ် ဖြစ်လာစေနိုင်ကြောင်း သူနားလည်နေ၍ ဖြစ်သည်။ တကယ်တမ်းတွင် အရသာနှင့် ဘာမှမဆိုင်ပေ။
“မစားဘူး”.....“လာစားမှာပေါ့”
လင်းဟုန်နှင့် ဟန်ရှန်က တစ်ပြိုင်နက်တည်းအဖြေပေးပြီးမှ တစ်ယောက်နှင့် တစ်ယောက်ကြည့်လိုက်ကြသည်။
“အဆင်ပြေတယ်ဆိုရင် ဟင်းပွဲနဲ့ပတ်သက်ပြီး ဘာတွေပြုပြင်ဖို့လိုလဲဆိုတာ အကြံပေးလို့ရမလား”
လီလီက တည်ငြိမ်နေဆဲဖြစ်ပြီး မေးနေကြပုံစံလို မေးလိုက်သည်။ ဤသည်မှာ လင်းဟုန်၏စကားကြောင့် လီလီ့အမူအရာပျက်ယွင်းမသွားခင် အချိန်အထိသာ ဖြစ်သည်။ အဲ့စကားက ဘာများဖြစ်မလဲ။
လင်းဟုန်ရဲ့စကားတွေကတော့ ”.....”
ယွမ်ကျိုး အပိုင်း(၃၆၂)
ပြီးပါပြီ။