← Chapters

အခန်း (၃၆၅-၃၆၆)

Vol. 27 Ch. 365-366

အခန်း (၃၆၅-၃၆၆)

Vol. 27 Ch. 365-366

ယွမ်ကျိုး အပိုင်း(၃၆၅)

“ရှပ် ရှပ် ရှပ်”

စွပ်ပြုတ်က ပါးစပ်တွင် ခွေးစာခွက်ကို ကိုက်ချီကာ ရှေ့မှ တစ်လှမ်းချင်းလျှောက်သွားစဉ် ယွမ်ကျိုးက စွပ်ပြုတ်၏အနောက်မှ ခြေသံကို အသာဖော့ကာ တိတ်တိတ်လေးလိုက်သွားသည်။

“ဝှစ် ဝှစ် ဝှစ် ဝှစ်”

သူ့အမြှီးမှာ ပျော်ရွှင်စွာ ဝှေ့ယမ်းလျက်ရှိသည်။

“ဒီကောင်လေး ဘာတွေများလုပ်မလို့ပါလိမ့်နော်”

ယွမ်ကျိုးက ခဏရပ်လိုက်ပြီး ရှေ့သို့သာ ဆက်သွားနေသည့် စွပ်ပြုတ်ကို ကြည့်လိုက်သည်။ စွပ်ပြုတ် ခပ်လှမ်းလှမ်းသို့ရောက်သွားသောအခါ ယွမ်ကျိုးက အနောက်မှလိုက်ပြန်လေသည်။ လမ်းသွယ်လေးမှာ နဂိုကတည်းက သိပ်မရှည်ရာ စွပ်ပြုတ်နေသည့်နေရာဆီသို့ ခဏလေးအတွင်း ရောက်သွားတော့သည်။ အမှိုက်ပုံးဘေးနားရှိ နေရာလေးပင်ဖြစ်သည်။

“ဝုတ် ဝုတ်”

စွပ်ပြုတ်က ခွေးစာခွက်ကို အရင်အောက်သို့ချလိုက်ကာ ဟောင်သံပေးသည်။ ခွေးစာခွက်အား အောက်သို့ ချသည့်အမူအရာမှာ အလွန်သိမ်မွေ့လှသည်။ ယွမ်ကျိုး၏အမြင်အရ ခွေးစာခွက်အတွင်းရှိ အသားပြုတ်ရည်မှာ ဖိတ်စင်သွားခဲ့ခြင်းမရှိပေ။

“ကျွတ်စ်...ကျွတ်စ်...သောက်ရမ်းတော်တဲ့ခွေးပဲ”

ယွမ်ကျိုး မနေနိုင်ဘဲ တိတ်တိတ်လေးချီးကျူးလိုက်သည်။ မျှော်လင့်ထားသလိုပင် စွပ်ပြုတ်မှ ဟောင်သံပေးလိုက်ပြီး ခဏအကြာတွင် ပလတ်စတစ်အိတ်ကြီးအောက်မှ အခြားခွေးတစ်ကောင် တွားသွားထွက်လာလေသည်။ ဝါညိုရောင်ရှိပြီး ကျားသစ်နှင့်ပင် တူသယောင်ရှိသည်။ ပုံပန်းမကျသောအမွှေးများက သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် ကျိုးတို့ကျဲတဲ ဖြစ်နေသည်။ သူ့နှုတ်သီးတစ်ဝိုက်တွင်လည်း အမွှေးရှည်အချို့ရှိသေးသည်။ ထိုခွေးက စွပ်ပြုတ်ကို မြင်သောအခါ သူ့ထံသို့ ပျော်ရွှင်စွာပြေးဝင်သွားပြီး သူ့ကိုယ်နှင့် တွန်းတိုက်ပွတ်သပ်နေသည်။

“ဝုတ် ဝုတ်”

တရုတ်ကျေးလက်ဒေသ မျိုးရင်းခွေးလေး၏ဟောင်သံမှာ အလွန်ပင် ဝမ်းသာနေသလိုရှိသည်။

“ဝုတ်”

စွပ်ပြုတ်က နောက်ကို တစ်လှမ်းပြန်ဆုတ်လိုက်ပြီးမှ ကျယ်လောင်စွာ ဟောင်လေသည်။

“အဲ့ကောင်လေးကရော ခွေးလေးပဲလား”

စွပ်ပြုတ်မှာ ဂုဏ်ယူဝင့်ကြွားဟန်ရှိနေရာ ယွမ်ကျိုးက သူ့မျက်စိကိုပင် သူ မယုံနိုင်အောင်ဖြစ်နေသည်။ ယွမ်ကျိုးတစ်ယောက် စိတ်ရှုပ်ထွေးဆဲရှိနေစဉ် စွပ်ပြုတ်က လမ်းဘေးခွေးလေးကို အသားပြုတ်ရည်သောက်ရန် တွန်းပို့လေသည်။ ထို့နောက်တွင် ယွမ်ကျိုးက လမ်းဘေးခွေးလေးထံတွင် ယုန်သွားကဲ့သို့ သွားလေးနှစ်ချောင်းအပြင်ကို ထွက်နေကြောင်း သတိပြုမိလိုက်သည်။

သွားနှစ်ချောင်းငေါထွက်နေပုံကြောင့် ခွေးလေးမှာ အတော်ကြောက်စရာကောင်းပြီး ရက်စက်ကြမ်းကြုတ်သည့်ပုံပေါ်နေသော်လည်း စွပ်ပြုတ်၏ရှေ့တွင် သနားစရာအသံလေးများလုပ်နေပုံမှာ အလွန်ပင်ချစ်စရာကောင်းနေလေသည်။ နောက်ဆုံးတွင် ထိုခွေးလေးမှာ ဘာကြောင့်လမ်းဘေးခွေးဖြစ်နေရမှန်း ယွမ်ကျိုးသဘောပေါက်သွား‌တော့သည်။ ခွေးလောကတွင်ပင် ရုပ်ရည်ချောမောမှုက လွန်စွာအရေးကြီးသည်။ ထိုကဲ့သို့ ကြောက်စရာကောင်းသည့် ပုံစံနှင့် ခွေးကလေးကို လူအများက ကြင်နာသနားလာရန် ခက်ခဲပေမည်။ ခွေးကလေးက ချစ်စရာကောင်းအောင် ဆော့ကစားပြလျှင်တောင် အခြားသူများအား ကိုက်မည့်ပုံနှင့် တူနေသည်။

“ဒီကောင်စုတ်လေးကတော့ အံ့သြဖို့ကောင်းလောက်အောင် ခွေးလေခွေးလွင့်ကိုတောင် သူ့အစာမျှကျွေးနေတာပဲ။ ပိုင်ရှင်နဲ့တော်တော်တူတယ်။ ဘာကြောင့်လဲဆိုတော့ ငါကလည်း အမြဲတမ်းကိုယ်ကျင့်တရားကောင်းတယ်လေ။ ကိုယ်ကျိုးစွန့်ပြီး သူများကို ကူညီတတ်တဲ့ခွေးလိမ္မာလေးကိုတောင် ပျိုးထောင်ပေးနိုင်လိုက်တယ်”

ယွမ်ကျိုးက တစ်ဖက်သို့လှည့်ကာ ကျေနပ်စွာပြောသည်။ ဘာတွေဖြစ်နေလဲဆိုတာ သေချာသိသွားပြီးနောက် ယွမ်ကျိုးက သူ့ဆိုင်ဘက်သို့ ပြန်သွားတော့သည်။ သို့သော် ဒီတစ်ကြိမ်တွင် ယွမ်ကျိုးက သူသုံးလက်စ ဇလုံတစ်လုံးကို ယူလာပြီး နောက်ထပ်ခွေးစာခွက်တစ်ခုအဖြစ် စွပ်ပြုတ်နေသည့်နေရာတွင် ပြန်ထားလိုက်သည်။ ဇလုံအတွင်းတွင် ခေါက်ဆွဲချက်ရာ၌ အသုံးပြုသော အသားပြုတ်ရည်ကြည်အချို့ပါ ထည့်ပေးထားသည်။ ထိုသို့လုပ်ပေးပြီးနောက် ယွမ်ကျိုးက စားသောက်ဆိုင်ဆီပြန်သွားပြီး ခြေလက်ဆေးကြောကာ အိပ်ရာဝင်ရန် ပြင်လေ သည်။

ယွမ်ကျိုးက မအိပ်ခင်အချိန်လေးတွင် စာအုပ်တစ်အုပ်ကို ဆွဲယူလိုက်ပြီး စာဖတ်လိုက်သေးသည်။ ထိုစာအုပ်မှာ ဂျုံထွက်ပစ္စည်းချက်ပြုတ်နည်းစာအုပ်၏ မာတိကာတွင် စာရင်းပြုစုထားသောစာအုပ်တစ်အုပ်ဖြစ်သည်။ ဖတ်ရမည့်စာအုပ်မှာ အတော်ထူလေရာ ယွမ်ကျိုးက အိပ်ရာမဝင်ခင်တစ်နာရီခန့် စာဖတ်သည့်အလေ့အကျင့်ကို အကျင့်လုပ်ထားသည်။ စာရွက်လှန်သံ "တရှပ်ရှပ်” ထွက်‌ပေါ်လာပြီးနောက် ယွမ်ကျိုးမှာ စာအုပ်ကို စိတ်ပါဝင်စားစွာ ဖတ်နေလေသည်။ အခန်းမှာ တိတ်ဆိတ်ငြိမ်သက်ပြီး ငြိမ်းချမ်းနေသည်။ သို့သော် အခြားတစ်ဖက်တွင်မူ နားကွဲလုမတတ် ချောင်းဆိုးသံမှာ ည၏တိတ်ဆိတ်ငြိမ်သက်မှုကို ဖြိုခွဲလိုက်သည်။ အဖွားအိုမှာ မရပ်မနားချောင်းဆိုးနေသည်။

“အဟွတ် အဟွတ် ဟွတ်”

အဖွားအိုမှာ ဖုန်းကို ပွတ်ရင်းနှင့်ပင် ချောင်းတော်တော်ဆိုးလျက်ရှိသည်။

“ဒီတစ်ခုပဲ”

အဖွားအိုက နောက်ဆုံးအတည်မပြုမီ နံပါတ်ကို ခဏလောက်ကြာအောင် ကြည့်လိုက်သည်။ ဖုန်းခေါ်ဆိုပြီး ခဏအကြာတွင် တစ်ဖက်မှ အမျိုးသားအသံတစ်ခု ထွက်ပေါ်လာသည်။

“အဖွားဖန်း၊ ဘာကိစ္စရှိလို့လဲဗျ”

အမျိုးသားက ဂရုစိုက်သောလေသံနှင့် မေးလေသည်။

“အဟွတ်...အဟွတ်...အဟွတ်။ ရှောင်ကျန်း၊ မင်းမနက်ဖြန်အားလားလို့ မေးချင်လို့ပါကွယ်”

ထိုအဖွားဖန်းမှာ ယွမ်ကျိုး၏စားသောက်ဆိုင်တံခါး သန့်ရှင်းရေးအတွက် ကူညီခဲ့သည့်အဖွား ဖြစ်သည်။

“အဖွား နေမကောင်းဘူးမဟုတ်လား။ ဆရာဝန်နဲ့ ပြပြီးပြီလား”

ရှောင်ကျန်း ဟု ခေါ်သည့်အမျိုးသားက အဖွားဖန်းစကားပြောလိုက်သည်နှင့် ချောင်းတော်တော်ဆိုးနေသည်ကို ကြားလိုက်ရာ ချက်ချင်းဆိုသလို စိတ်ပူပန်သွားသည်။

“ဘာမှမဖြစ်ပါဘူးကွယ်။ အအေးနည်းနည်းပတ်သွားတာပါ။ မင်းအားရဲ့လား"

အဖွားဖန်းက ထပ်မေးပြန်သည်။

“အားတာပေါ့ အဖွားရဲ့။ ကျွန်တော်အဖွားဆီလာနေပြီ။ အဖွား အခု ချောင်းတအားဆိုးနေတာဆိုတော့ ဆေးရုံသွားမှဖြစ်မယ်”

ရှောင်ကျန်းက အခိုင်အမာပြောလိုက်သည်။

“ပိုက်ဆံဖြုန်းဖို့မလိုပါဘူးကွယ်။ အဖွားနေကောင်းပါတယ်”

အဖွားဖန်းက အားနာသလို ပြောနေပေမယ့် ထိုသို့ပြောနေစဉ်မှာပင် ချက်ချင်းချောင်းဆိုးလာပြန်သည်။

“ခဏလေး...အဖွား။ ကျွန်တော်အဖွားကို ဆေးရုံလိုက်ပို့ပေးဖို့ လာနေပြီ”

တစ်ဖက်မှ ပစ္စည်းများ သိမ်းဆည်းနေသံ ထွက်ပေါ်လာသည်။

“မလိုပါဘူးလို့ ပြောနေတာကိုကွယ်”

လူများမှာ အသက်ကြီးလာလေ၊ ပိုပြောရခက်လာလေဖြစ်သည်။ အဖွားဖန်းမှာ ရှောင်ကျန်းကြောင့် စိတ်ပင်ရှုပ်လာချေပြီ။

“အဲ့ဒါဆိုလည်း ကျွန်တော်အဖွားကို ဘာလုပ်ပေးရမလဲပြော”

ရှောင်ကျန်းက ထပ်မပြောတော့ဘဲ အခြားအကြောင်းအရာတစ်ခုကိုသာ ခေါင်းစဉ်ပြောင်းလိုက်သည်။

“မင်း မနက်ဖြန်ကျ အဖွားကို ဆိုင်ကူထွက်ပေးလို့ရမလားလို့ မေးချင်လို့”

အဖွားဖန်းမှာ စိတ်ဆိုးနေဆဲဖြစ်ကာ စိတ် ကသိကအောက်ဖြင့် မေးသည်။

“ရတာပေါ့။ ဒါပေမယ့် အဖွားဆေးရုံသွားပါ့မယ်လို့ ကျွန်တော့်ကို ကတိပေးရမယ်။ အဖွားနေကောင်းတယ်ဆိုမှ မနက်ဖြန်မနက် အဖွားဆိုင်ကို ကူဖွင့်ပေးမယ်”

ရှောင်ကျန်းက ထိုသို့ပြောနေရင်းပင် အဖွားဖန်း၏အိမ်တံခါးသို့ ရောက်လာသည်။ ဆံပင်များ ထိုးထိုးထောင်ထောင်နှင့် ရှောင်ကျန်းမှာ ရှပ်အင်္ကျီနှင့် ဘောင်းဘီရှည်ကို ဝတ်ထားပြီး အလျင်လိုနေပုံပေါ် သည်။

“မင်း ငါ့ကို ဈေးလာဆစ်ရဲတယ်ပေါ့လေ။ မင်းမကူညီချင်နေ၊ ငါ့ဘာသာလုပ်မယ်” အဖွားဖန်းက မကျေမနပ်ပြောသည်။

“ကူညီရမှာပေါ့။ ကျွန်တော့်အဖွားပဲဟာ” ရှောင်ကျန်းက ဂုဏ်ယူစွာ ပြောလေသည်။

“ပြီးတာပဲ”

အဖွားဖန်းက ကျေနပ်စွာ ခေါင်းညိတ်သည်။

“ဒါပေမယ့် အဖွားဆေးရုံကိုသွားရင် ကျွန်တော့်အတွက် ပိုက်ဆံချွေတာရာရောက်တာပေါ့။ အဖွားနေကောင်းမှ ကျွန်တော်က အဖွားကို စောင့်ရှောက်ပေးဖို့မလိုမှာလေ” ရှောင်ကျန်းက ချော့မော့ကာ ပြောသည်။

“မင်း ငါ့ဆိုင်ကို သေချာဖွင့်ပေးမှာလား” အဖွားဖန်းက မယုံသင်္ကာဖြင့်မေးလိုက်သည်။

“အဖွား အဲ့ဒါတော့စိတ်မပူနဲ့။ ကျွန်တော်သေချာလုပ်ပေးမယ်”

ရှောင်ကျန်းက သူ့ရင်ဘတ်ကို ပုတ်ကာ အာမခံလိုက်သည်။ ထိုအခါမှသာ အဖွားဖန်းကို ညတွင်းချင်းဆေးရုံသို့ ခေါ်လို့ရသွားတော့သည်။ သူမမှာ အမှန်ပင် အပြင်းအထန်နေမကောင်း ဖြစ်နေသည်။ အထူးသဖြင့် သက်ကြီးရွယ်အိုများတွင် ဖြစ်လေ့ရှိသည့် ရောဂါဖြစ်သည်။ လူတွေ အသက်ကြီးလာလေ၊ သူတို့ခန္ဓာကိုယ်က ခံနိုင်ရည်အားကျလာလေဖြစ်ကာ နေမကောင်းဖြစ်ကြတော့သည်။ သို့သော် ဆရာဝန်က သူမကို ပိုအနားယူရန် တိုက်တွန်းနေဆဲဖြစ်သည်။ ထို့ကြောင့် ရှောင်ကျန်းက ဆေးရုံတင်ရန် လိုအပ်သည့် စာရွက်စာတမ်းအဆင့်ဆင့်အား ချက်ချင်းလုပ်လိုက်သည်။

“ဒီအတိုင်း နေမကောင်းဖြစ်တာလေးကို ရှုပ်အောင်လုပ်နေတယ်”

အဖွားဖန်းက ဆေးရုံကုတင်ပေါ်တွင် လဲလျောင်းကာ မကျေမနပ် ပြောနေသည်။

“ကျွန်တော်အဖွားကို ပြောသားပဲ။ အဖွားကအရမ်းအလုပ်ကြိုးစားနေတာကိုး။ လုပ်ငန်းအသေးလေးအတွက်နဲ့ ဆိုင်ထွက်မနေပါနဲ့တော့နော် အဖွား”

ရှောင်ကျန်းက ဆိုင်အကြောင်းတွေးမိသောအခါ စိတ်ခံစားချက် သိပ်မကောင်းတော့ပေ။

“မင်းနားမလည်ပါဘူး။ငါ မနက်ဖြန်ဆိုင်မထွက်ရင် လူတွေအများကြီး ငါ့ကိုမျှော်နေကြတော့မှာ။ သူတို့က ငါ့မုန့်ပေါင်းတွေကို စားချင်ကြတာလေ”

အဖွားဖန်းက ဂုဏ်ယူစွာ ဖြေသည်။

“ဒါပေမယ့် အဖွားအရမ်းပင်ပန်းနေပြီကို” ရှောင်ကျန်းက အသံခပ်တိုးတိုးလေးဖြင့် ပြောလေသည်။

“ဘာပဲဖြစ်ဖြစ်လေ။ မင်းပဲ ငါ့ကို ဆိုင်ထွက်ပေးဖို့ ကတိပေးထားတာပဲကို မဟုတ်ဘူးလားပြော”

အဖွားဖန်းက သူ့အား ထပ်ခါထပ်ခါမှာကြားနေသည်။

“ဟုတ်ပါပြီ။ အဖွားပြောတဲ့အတိုင်း လုပ်ပေးမှာပါ”

ရှောင်ကျန်းက ကူကယ်ရာမဲ့စွာ ပြန်ဖြေလိုက်သည်။ သူလုပ်ပေးရမည့်တာဝန်ရှိရာ ရှောင်ကျန်းအိပ်ရာမှ အစောကြီးထလေသည်။ မန်ထိုပေါက်စီနှင့် မုန့်ပေါင်းများကို ပြင်ဆင်ပြီးနောက် အဖွားဖန်း၏အိမ်အပြင်ဘက်သို့ ထွက်လိုက်သည်။ နေရာသို့ရောက်သောအခါ သူ အံ့သြသွားတော့သည်။

“ဒီမှာ လူတွေ များလှချည်လား”

ယွမ်ကျိုး၏စား‌‌သောက်ဆိုင်မှာ ဖွင့်တော့မည်ဖြစ်ရာ လူများပိုရောက်လာကြသည်။

ဤသည်မှာ သူဈေးရောင်းထွက်သည့်ပထမဆုံးအကြိမ်ဖြစ်ရာ ရှောင်ကျန်းက ပေါက်စီများအား အော်ဟစ်ရောင်းချရန် ရှက်နေသည်။ ထိုနေရာတွင်သာ တိတ်တဆိတ်ရပ်နေပြီး သူ့အား မေးလာမှသာ ပြန်ဖြေလေသည်။ ခဏအကြာတွင် မိန်းကလေးနှစ်ဦး သူ့ထံသို့ ပြုံးလျက်လျှောက်လာသည်။

“ကျွန်မတို့ကို မုန့်ပေါင်းတစ်ပွဲနဲ့ ပဲနို့ပေးပါ”

“ခဏလေးနော် ဒီမှာရပါပြီ”

မိန်းကလေးနှစ်ဦးမှာ အပြုံးလေးနှင့် ခေါင်းညိတ်ပြလေသည်။ မိန်းကလေးများအား သူတို့မှာထားသည်များကို လှမ်းပေးရင်းနှင့် တစ်နေရာရာတွင် မြင်ဖူးသလို ခံစားလိုက်ရသည်။ သို့သော် မိန်းကလေးများထွက်သွားသည့်အချိန်ထိ ဘယ်သူမှန်း ရှောင်ကျန်း မမှတ်မိသေးပေ။ ထို့နောက်တွင် စာရွက်စာတမ်းများ ဂျိုင်းကြားညှပ်ထားသောအမျိုးသားတစ်ဦး သုတ်သီးသုတ်ပြာရောက်လာပြီး ပဲနို့ဝင်ဝယ်ကာ ပြန်ထွက်သွားသည်။ ဤသို့ဖြင့် သူက မန်ထိုပေါက်စီနှင့်မုန့်ပေါင်းများစွာကို တစ်ခုပြီးတစ်ခု ရောင်းလိုက်နိုင်သည်။ ဈေးရောင်းနေသည့် တစ်လျှောက်လုံးတွင် အချို့လူများကို သူ့စိတ်ထဲတွင် မြင်ဖူးနေသလို ခံစားနေရသည်။

သူခဏအနားယူချိန်တွင် အဖွားဖန်းပြောထားသော စကားများကို ပြန်သတိရသွားသည်။ သို့သော် အသိမိတ်ဆွေများဟုဆိုသည့်သူများမှာ အံ့သြစရာကောင်းလောက်အောင်ပင် အဖွားဖန်းအကြောင်း မမေးခဲ့ကြပေ။ ထိုမိတ်ဆွေများအကြောင်းကိုမူ အဖွားဖန်းက အကုန်လုံး သေချာသိလေသည်။ ဒါပေမယ့် ဒီလူတွေကတော့ အဖွားဖန်းဒီနေ့ပေါ်မလာရခြင်းအကြောင်းကို မမေးခဲ့ကြပါ။

“ထူးဆန်းလိုက်တာ”

ရှောင်ကျန်းက မန်ထိုပေါက်စီနှင့် မုန့်ပေါင်းများထည့်ထားသည့် အပူပေးပေါင်းအိုးကြီးကို တစ်ချက်ကြည့်လိုက်ရာ ထင်ရှားသောစာလုံးများကို မြင်တွေ့ရလေသည်။

“အဖွားဖန်းမှ အထူးပြုလုပ်ထားသည်”

ယွမ်ကျိုး အပိုင်း(၃၆၅)

ပြီးပါပြီ။

၃၆၆ မှ ၃၇၀

ယွမ်ကျိုး အပိုင်း(၃၆၆) လူတစ်သောင်းမှာ တစ်ရာသာ

“အဖွားဖန်း ဘာလို့ ဒီနေ့မလာတာလဲ?” ရုတ်တရက်ဆိုသလို လူတစ်ယောက်ကမေးသည်။

“သူမ နေမကောင်းလို့ ကျွန်တော်ကိုယ်စားလာရောင်းပေးတာပါဗျ”

ရှောင်ကျန်းက ခေါင်းလှည့်ကြည့်ကာ ဝမ်းပန်းတသာ ဖြေပေးလိုက်သည်။

မေးသည့်လူကို ကြည့်လိုက်ရာ သူ့ဆီမှ မုန့်ဝယ်သွားသောလူဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ထိုလူမှာ အတော်ထင်ရှားသည်။ ရှောင်ကျန်းက ထိုလူမှာ အဖွားဖန်း မနေ့ကပြောပြလိုက်သည့် ရုံးဝန်ထမ်းရှောင်ဖန်း ဖြစ်ကြောင်း ချက်ချင်း အမှတ်ရသွားသည်။

သူက ကိုယ်တိုင်းဖြင့် မှာယူထားသည့် စီးပွားရေးလုပ်ငန်းဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ကို အနောက်သို့ လှန်ဖီးထားသည်။ သူ့မျက်နှာဘယ်ဖက်ခြမ်းတွင် မှဲ့တစ်လုံးရှိသည်။ စကားပြောသည့်အခါ ကျင်းလင်ဒေသသံပေါက်ရာ သတိထားမိရန် အလွန်လွယ်ကူလေသည်။

“သူမ သက်သာရဲ့လား”

ရုံးဝန်ထမ်းရှောင်ဖန်းက မျက်မှောင်ကြုတ်ကာ ဂရုဏာသက်သည့်လေသံဖြင့် မေးသည်။

“မဆိုးပါဘူး။ အခုတော့ ဆရာဝန်နဲ့ ပြနေပါပြီ”

ရှောင်ကျန်းမှာ အဖွားဖန်းကို ဂရုစိုက်သည့်လူတစ်ဦးအား တွေ့လိုက်ရသည့်အတွက် အလွန်ပျော်ရွှင်သွားသည်။

“အင်း ကောင်းတာပေါ့”

ရှောင်ဖန်းလည်း ခေါင်းညိတ်ပြကာ ထွက်သွားသည်။

“သတင်းမေးတာ ကျေးဇူးပါပဲဗျာ”

ရှောင်ကျန်းက ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။ မနက်စာရောင်းချဖို့ အချိန်ကောင်းမှာ ယွမ်ကျိုးစားသောက်ဆိုင်ဖွင့်ချိန်အတွင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ တစ်နာရီစော၍ ရောင်းချကြသည်သာ။

မနက်စာချိန်မှာ သုံးနာရီထက် ပိုကြာလေ့မရှိပေ။ မနက်ပိုင်းဈေးရောင်းချိန်တွင် ရှောင်ကျန်းက မန်ထိုပေါက်စီကို သကြားနှင့် စားရတာကြိုက်သည့် ဆံပင်ခပ်မြင့်မြင့်စည်းထားသော မိန်းကလေးကို တွေ့ခဲ့ရသည်။ သူက အသီးအရွက်စုံမုန့်ပေါင်းကို ပဲနို့နှင့် တွဲစားရတာကြိုက်ပြီး ပလတ်စတစ်အိတ်သုံးရတာမကြိုက်သည့် ပြိုင်ဖက်ကင်းရုံးဝန်ထမ်းအလှလေးကိုလည်း တွေ့ဖူးခဲ့ပြီ။ ပြီးတော့ ပဲနို့တစ်ခွက်ဟူသည့်စကားအား မပွင့်တပွင့်ပြောသည်မှလွဲ၍ တခြားစကားတစ်ခွန်းမှ မပြောလိုသည့်အမျိုးသား။ နောက်ထပ်ရှိသေးတာက မန်ထိုပေါက်စီနဲ့ သကြားရယ်၊ ပဲနို့နှစ်ခွက်ရယ် အမြဲဝယ်တတ်သည့် အမျိုးသားဖြစ်သည်။ သို့သော် သူတို့တစ်ဦးချင်းစီက ဝယ်ပြီး ပြန်ထွက်သွားကြသည်။ ဘယ်သူကမှ ရှောင်ကျန်းရှိနေခြင်းအား စိတ်မဝင်စားကြချေ။ လူအနည်းငယ်ကသာ အဖွားအကြောင်း မေးကြသည်။ ဆယ်ယောက်၊ အယောက်နှစ်ဆယ်မှ တစ်ယောက်၊ နှစ်ယောက်လောက်သာ အဖွားဖန်းဈေးမရောင်းရသည့်အကြောင်းရင်းကို မေးလေသည်။ ပိုဆိုးတာက လူတော်တော်များများမှာ ထိုအကြောင်းကို သတိတောင်မထားမိကြခြင်းပေ။

“ဟင်း ... ဘယ်သူမှ သူမအကြောင်း မမေးကြတာ အသိသာကြီး။ အဲ့ဒါကိုများ အဖွားကဘာလို့စိတ်ပူနေပါလိမ့်။ စိတ်ပူဖို့ကို မလိုတာ”

ရှောင်ကျန်းက မကျေမနပ်ရေရွတ်နေသည်။

သို့သော်လည်း ထို့အတွက်ကြောင့် သူ ဆိုင်သိမ်းရန် ပြင်နေသည်ကို မနှောင့်နှေးသွားစေပါ။ သူအိမ်ရောက်ပြီး ပစ္စည်းအားလုံးနေရာချပြီးသည်နှင့်တပြိုင်နက် ဆေးရုံသို့ သွားတော့သည်။ ဤသည်မှာလည်း အဖွားဖန်းက တောင်းဆိုခြင်းဖြစ်သည်။

“ဆိုင်သိမ်းပြီးပြီလား”

အဖွားဖန်းက ရှောင်ကျန်းကို မြင်သည်နှင့် ထိုအကြောင်းကို မေးလေသည်။

“ဒါပေါ့။ အခုပဲ သိမ်းပြီးတာ”

ရှောင်ကျန်းက သေချာပြန်ဖြေသည်။

“ဈေးရောင်းရတာဘယ်လိုလဲ။ ရောင်းကောင်းရဲ့လား”

ရှောင်ကျန်း အလေးအနက်ဖြေနေသည်ကို မြင်သောအခါ အဖွားဖန်းက ပြုံးကာ မေးလိုက်သည်။

“တော်တော်ကောင်းပါတယ်။ မုန့်တွေ အကုန်လုံး ရောင်းထွက်သွားတယ်လေ။ ကျွန်တော်ကြားတာတော့ သူဌေးက ဒီနေ့ နှမ်းကိတ်ရောင်းတာတဲ့။ ပဲနို့က အရင်ရောင်းကုန်သွားတာ”

အဖွားဖန်းပျော်နေသည်ကို ကြည့်ရင်း ရှောင်ကျန်းက သူပြောချင်သည့်အကြောင်းကို ပြောရန် မသင့်တော်သေးကြောင်းသိလိုက်သည်။ ထို့ကြောင့် သူမ သဘောကျအောင် အလိုက်အထိုက်ဖြေပေးနေသည်။

“ကောင်းတယ်။ ကောင်းလိုက်တာ”

အဖွားဖန်းက ပြုံးရင်း ခေါင်းညိတ်သည်။

“အဖွား အခု ဒီမှာအနားယူပြီး နေပြန်ကောင်းအောင်စောင့်လိုက်ဦးနော်။ အဖွား နေမကောင်းမချင်း ကျွန်တော်အဖွားကိုယ်စား ဆိုင်ထွက်ပေးထားမယ်”

ရှောင်ကျန်းက ခပ်မတ်မတ်ထိုင်ရင်း လေးနက်သည့်လေသံဖြင့် ပြောလိုက်သည်။

“မဟုတ်သေးဘူး။ ဒီမှာနေလို့မရပါဘူး။ ငါနေ့လည်ကျပြန်ပြီး မန်ထိုလုပ်ဖို့ ပြင်ရဦးမယ်။ သာမန်ရောဂါလေးပဲကို ဆေးရုံမှာ အကြာကြီးနေဖို့မလိုပါဘူးကွယ်”

အဖွားဖန်းက အကြောဆေးသွင်းနေသည်ကို ပြရင်း အလေးအနက်ပြောသည်။

“နှစ်ရက်လောက်တော့ နားလိုက်ပါအဖွားရယ်။ အဲ့နေရာမှာ မုန့်ရောင်းနေတဲ့လူတွေလည်း အများကြီးရှိနေတာပဲဟာ”

ရှောင်ကျန်းက သူမကို ဒေါသထွက်နေသော်လည်း အသာအယာပြန်လှဲချပေးလိုက်သည်။

“မင်းနားမလည်ပါဘူး ... ရှောင်ဖန်း။ ယွမ်ယွမ်နဲ့ တခြားလူတွေက ငါ့ပဲနို့နဲ့ မုန့်ပေါင်းကို ကြိုက်ကြတာ”

အဖွားဖန်းက “မင်းဘာမှမသိပါဘူး” ဟူသည့်အမူအရာနှင့် ရှောင်ကျန်းအား ထိုသို့ပြောလိုက်သည်။

“ဘာပဲဖြစ်ဖြစ် ကျန်းမာရေးကို ဒီအတိုင်းပစ်ထားလိုက်လို့မရဘူးလေ”

ရှောင်ကျန်းက သဘောမတူချေ။

“ငါမင်းကိုပြောမယ်။ ငါသာ မရောင်းရင် အဲ့ကောင်လေး ဘာမှစားစရာရှိမှာမဟုတ်ဘူး။ ငါအဲ့လိုအဖြစ်မခံနိုင်ပေါင်”

အဖွားဖန်းက ခေါင်းမာနေဆဲပင်။

“တကယ်တမ်းမှာ အဖွားဒီနေ့မလာတာကို မေးတဲ့လူနည်းနည်းပဲရှိတယ်။ တချို့လူတွေကတော့ တကယ် အဖွားပြောတဲ့အတိုင်းပဲ။ ဒါပေမယ့် အဖွားမှ သူတို့နဲ့ မရင်းနှီးတာ။ ဟုတ်ပြီလား”

ရှောင်ကျန်းက အဖွားဖန်း သူ့စကားနားမထောင်သည်ကို မြင်သောအခါ မတတ်နိုင်ဘဲ ထိုသို့သာ ပြောလိုက်သည်။

“ဟုတ်တယ်။ သူတို့ ငါ့ကိုမသိပေမယ့် ငါသူတို့ကိုသိတယ်လေ”

အဖွားဖန်းက ထိုသို့ပြန်ပြောသောအခါ အံ့သြဖွယ်ဖြစ်ရပ်တစ်ခုအကြောင်း ပြောနေသကဲ့သို့ပင် ပြုံးနေသည်။

“ဝယ်စားတဲ့သူတွေကတောင် ဂရုမစိုက်တာ။ အဖွားက သူတို့ကို ဘာလို့အဲ့လောက်တောင် ဂရုစိုက်နေတာလဲ။ ကိုယ့်ကျန်းမာရေးကိုသာ ဂရုစိုက်စမ်းပါ အဖွားရယ်”

ရှောင်ကျန်းက သူမကို ဖျောင်းဖျရန် ကြိုးစားသည်။

“မင်းပြောတော့ ဒီနေ့ ငါ့ကို လူနည်းနည်းပဲမေးတယ်ဆို။ အဲ့တော့ တစ်ယောက်ယောက်ကတော့ မေးတယ်ဆိုတဲ့သဘောပဲ မဟုတ်လား။ ပြီးတော့ မနက်စာတွေလည်း အကုန်ရောင်းရတယ်ဆို”

ရှောင်ကျန်း သဘောမတူသည်ကို ကြည့်ရင်း အဖွားဖန်းက တည်ငြိမ်စွာ ပြောလာသည်။

“ဟုတ်တာပေါ့။ အဖွားလက်ရာက ကောင်းတာကိုး”

ရှောင်ကျန်းက အရင်ခေါင်းညိတ်ပြကာ ထပ်ဖြည့်ပြောလိုက်သည်။

“အဖွားက အဲ့ဒါကို သဘောကျတာလေ။ သူတို့ကို သိတာ၊ မသိတာ အသာထားပါ”

အဖွားဖန်းက ပြုံးကာ ခေါင်းတဆတ်ဆတ်ညိတ်ရင်း ထိုသို့ ပြောသည်။

“ကျွန်တော် ဂရုမစိုက်ဘူးဗျာ။ အဖွား ဒီနေ့တော့ ဆေးရုံမဆင်းရဘူး”

ရှောင်ကျန်းက အလေးအနက်ပြောသည်။

“အင်းပါ။ ဒါပေမယ့် မင်း မနက်ဖြန် အဲ့ကိုထပ်သွားပြီး အခြေအနေကို တစ်ချက်ကြည့်။ သန့်ရှင်းရေးလေးလည်း လုပ်ခဲ့ပေါ့” ရှောင်ကျန်း စိတ်တိုနေသည်ကို မြင်တော့ အဖွားဖန်းက လိုက်လျောပေးလိုက်သည်။

“ကိစ္စမရှိဘူး။ အဖွား ကိုယ့်ကိုကိုယ်ဂရုစိုက်နေသရွေ့ ကျွန်တော်သေချာပေါက်သွားပေးမယ်”

ရှောင်ကျန်းက သူ့ရင်ဘတ်ကို ပုတ်ကာ အာမခံလိုက်ပြန်သည်။ အဖွားဖန်းကလည်း ရှောင်ကျန်းပြောသည့်အတိုင်း လုပ်မည်ဖြစ်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။

တကယ်တမ်းတွင် အဖွားဖန်း၏သဘောထားကို ရှောင်ကျန်း လုံးဝနားမလည်ပေ။ သူမ မနက်စာရောင်းရောင်း၊ မရောင်းရောင်း လူအနည်းငယ်ကသာ ဂရုစိုက်သည်မှာ အသိသာပင်။ သူမကသာ တစ်ဦးချင်းစီ၏ပုံပန်းသွင်ပြင်၊ အလေ့အထ၊ အလုပ်ချိန်များကို မှတ်မိနေသော်လည်း သူမကိုမူ ဘယ်သူကမှ သတင်းမမေး၊ နှုတ်မဆက်ကြကြောင်း ပြန်ကြားရတာတောင် ဝမ်းမနည်းသွားချေ။ သူတို့မှာ အသိမိတ်ဆွေတွေဖြစ်ကြောင်း ပြောခဲ့သော်လည်း တကယ်တမ်းတွင် ရှောင်ကျန်း နားလည်လိုက်သည်မှာ အဖွားဖန်းနှင့် ထိုသူတို့မှာ လုံးဝမရင်းနှီးကြခြင်းပင်။ ထိုအကြောင်းကို သူ လုံးဝနားမလည်နိုင်ပါ။ ထို့ကြောင့် အဖွားဖန်း ပြောပြထားသည့်လူများကို နောက်တစ်နေ့မနက်တွင် အဖွားဖန်းအကြောင်းမေးလား၊ မမေးဘူးလား သတိထားကြည့်မိလေသည်။

“ဘေးနည်းနည်းလောက် ဖယ်ပေးပါလား။ လမ်းပိတ်နေလို့”

ရှောင်ကျန်းက သူ့မြင်ကွင်းကို ပိန်ပိန်ပါးပါး လူတစ်ယောက်က ကွယ်နေသဖြင့် သေချာစေ့စေ့ကြည့်လိုက်သည်။ ထိုသူမှာ အပြာရင့်ရောင်ရှပ်အင်္ကျီနှင့် အနက်ရောင်ဘောင်းဘီရှည်ကို ဝတ်ထားသော လူတစ်ယောက်ဖြစ်သည်။ အနည်းငယ်ရှည်သောဆံပင်၊ အနက်ရောင်ကိုင်းတပ်မျက်မှန်နှင့် လူမှာ အတော်ကောင်းမွန်ပြီး ရှက်တတ်ပုံပေါ် သည်။ ရှောင်ကျန်း၏စကားများကို ကြားသောအခါ ထိုသူက ချက်ချင်းပင် ခေါင်းလှည့်ကြည့်ကာ တောင်းပန်လိုက်သည်။

“စိတ်မရှိပါနဲ့ဗျာ။ တောင်းပန်ပါတယ်”

“ရပါတယ်။ ကိစ္စမရှိပါဘူး”

ဆန့်ကျင်ဘက်အနေဖြင့် တောင်းပန်စကားကြားရသော ရှောင်ကျန်းမှာ အနည်းငယ် ရှက်သွားသည်။ ထိုသို့ကြားလိုက်သောအခါ အမျိုးသားက စိတ်သက်သာရာရသွားသလို သက်ပြင်းချလိုက်သည်။ သူက ယွမ်ကျိုး၏စားသောက်ဆိုင်တံခါးကို မျက်တောင်မခတ်စိုက်ကြည့်နေရင်းနှင့်ပင် ဘေးဖက်ကို အသာရွှေ့ကာ ဂရုတစိုက် လမ်းဖယ်ပေးလိုက်သည်။

“ဟေ့လူ၊ ခင်ဗျား ဘာကိုကြည့်နေတာလဲ” ရှောင်ကျန်းက ထိုသူ့ဆီ လျှောက်သွားကာ စပ်စုလိုက်သည်။

“ဘာမှမဟုတ်ပါဘူး”

ရည်မွန်ပုံရသည့်လူက လန့်သွားသလိုဖြစ်သွားပြီး ချက်ချင်းဆိုသလို မျက်နှာနီသွားသည်။

“ဪ”

ရှောင်ကျန်းက ဒီလူမှာ စကားပြောရသည်ကို မကြိုက်မှန်းသိသွားပြီး ဘာမှထပ်မပြောတော့ချေ။ မည်သို့ပင်ဖြစ်စေ ခဏအကြာတွင် ထိုလူ၏မျက်လုံးများ ရုတ်တရက် တဖိတ်ဖိတ်လက်လာပြီး ယွမ်ကျိုးစားသောက်ဆိုင်ရှိ တန်းစီစက်ဆီသို့ မြန်မြန်လျှောက်သွားကာ နံပါတ်စဉ်စာရွက်ကို စိတ်ရှည်စွာ စောင့်နေလေသည်။

“အတော်ကြောင်တဲ့လူ။ စောနတုန်းက မသွားဘဲနဲ့ အခုမှ ထသွားနေတယ်”

ရှောင်ကျန်းက ပြောစရာစကားမရှိသလို ခေါင်းယမ်းလိုက်သည်။

“ထားပါလေ။ ကိုယ့်ကိစ္စပဲကိုယ် လုပ်တော့မယ်”

ရှောင်ကျန်းက ခေါင်းခါလိုက်ကာ ထိုကိစ္စနှင့်ပတ်သက်ပြီး အားလုံးကို မေ့ထားရန် ကြိုးစားလိုက်သည်။ ထို့နောက်တွင်မူ အဖွားဖန်းအကြောင်း ဘယ်သူများလာမေးမလဲဆိုတာ စောင့်ကြည့် နေသည်။ ဒါပေမယ့် သူစိတ်ပျက်သွားရသည်။ မနေ့ကလိုပင် သူမအကြောင်း လူအနည်းငယ်ကသာ မေးသည်။ မနေ့ကနှင့် နှိုင်းယှဉ်လျှင် မေးသည့်လူတော့ အနည်းငယ်ပိုများလာသည်။ သို့သော်လည်း အဖွားဖန်းက သတိတရမှတ်ထားသူများနှင့် ယှဉ်လျှင် အဖွားအား မှတ်ထားကြသူများကတော့ သိပ်မများပေ။

“ထင်တဲ့အတိုင်းပဲ။ သာမန်ဈေးသည်လေးဆိုတော့ လူအများကြီးက ဘယ်မှတ်မိကြပါ့မလဲလေ။ ဘာလို့များ ငါ့ကို လာခိုင်းနေသေးလဲမသိဘူး”

ရှောင်ကျန်းက အနီးပတ်ဝန်းကျင်ရှိ ဈေးသည်လေးများကို ကြည့်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။ စိတ်ဝင်စားဖို့မကောင်းတော့သဖြင့် သူ့ဖုန်းကို ထုတ်ကာ အဖွားဖန်းအား ချက်ချင်း ဖုန်းဆက်လိုက်လေသည်။

“အဖွား၊ ဒီနေ့ဘာစားချင်လဲ”

အနီးပတ်ဝန်းကျင်တွင် ဟိုဟိုသည်သည်ရောင်းနေသော မနက်စာသည်လေးများကို ကြည့်ရင်း မေးလိုက်သည်။

“မင်းပုံစံက မပျော်သလိုပဲ။ ဘာဖြစ်လို့လဲ” အဖွားဖန်း၏အသံခပ်ကြမ်းကြမ်းက ရှောင်ကျန်း၏စိတ်အခြေအနေကို ပွင့်ပွင့်လင်းလင်း ထောက်ပြလေသည်။

“မဟုတ်ပါဘူး အဖွား။ ဘာလို့ ဒီဈေးရောင်းတဲ့အလုပ်ကို နားပြီး အိမ်မှာပဲမနေတာလဲ။ ကျွန်တော် ရှာကျွေးနိုင်ပါတယ် အဖွားရယ်။ ကျွန်တော်တို့ ဒီလောက်ပိုက်ဆံပြတ်နေတာလည်း မဟုတ်ဘဲနဲ့”

ရှောင်ကျန်းက ဒီအကြောင်းအရာကို တစ်ဖန်ထပ်ပြောလာသည်။

“ငါသဘောပေါက်ပြီ။ ငါ့အကြောင်း ဘယ်သူမှမမေးလို့ မင်းစိတ်အခြေအနေမကောင်းနေတာပဲ ဖြစ်မယ်”

အဖွားဖန်းက အနားယူမယ့်အကြောင်းကို လုံးဝ အရေးမစိုက်ဘဲ ထိုသို့ပြောလိုက်သည်။

“အဖွားက ကျွန်တော်ပြောတာကို သဘောတူလား၊ မတူဘူးလား”

ရှောင်ကျန်းက ခေါင်းမာမာနှင့် ထပ်မေးသည်။

“မတူဘူးဟေ့။ ငါက ဒီအလုပ်လေးကိုပဲ ပျော်ပျော်ရွှင်ရွှင်လုပ်ချင်တာ”

“အဖွားအပြင်ထွက်ပြီး ဈေးရောင်းနေတာကို အစကတည်းက ကျွန်တော်သဘောမတူတာ။ အဖွားက မနက်စောစောလည်း ထရသေးတယ်။ သန့်ရှင်းရေးလည်းလုပ်ရတယ်။ ဒီလောက်ပင်ပန်းတာကို ကျွန်တော့်ကို ယုံစမ်းပါ။ အဖွားကို ရှာကျွေးနိုင်ပါတယ်ဆို”

ရှောင်ကျန်းက ပြောပြန်သည်။

“အစတုန်းက အဖွားပြောတော့ လူတွေအများကြီးက အဖွားကို ဂရုစိုက်ကြတာဆို။ အဲ့ဒါကြောင့် သူတို့ကို မျက်နှာလွှဲခဲပစ်မလုပ်ချင်ဘူးဆိုပြီး။ အဲ့တုန်းကတော့ ကျွန်တော်ဘာမှပြောစရာမရှိခဲ့ပေမယ့် အခုတော့ အဖွားကို ဘယ်သူကမှ ဂရုမစိုက်တာ သိသာနေပြီပဲ”

“မင်းလည်း ငါ့အကြောင်း လူနည်းနည်းလေးကပဲ မေးတယ်လို့ပြောတယ်လေ။ တကယ်လို့ လူတစ်ရာမှာ တစ်ယောက်မေးရင် ဒါကလည်း စိတ်ပူတာပဲ။ လူတစ်သောင်းမှာ တစ်ရာက မေးလည်း ဒါကစိတ်ပူတာပဲလေ”

အဖွားက သူရှာကျွေးမည်ဆိုသည့် တောင်းဆိုချက်ကို အရင်ငြင်းလိုက်ပြီး ထိုသို့ဖြည်းဖြည်းချင်းပြောလေသည်။

“လူတစ်သောင်းမှာ တစ်ရာဟုတ်လား။ အဲ့ဒါက လုံးဝကို အရေးမပါတာအဖွားရာ။ ကျွန်တော့်စကားကိုသာ နားထောင်ပါနော်”

ရှောင်ကျန်းက အဖွားဖန်း ဘာကိုဆိုလိုမှန်း လုံးဝနားမလည်ပုံရပြီး သူမကိုသာဆက်လက်ဖျောင်းဖျနေသည်။

“လူတစ်သောင်းမှာ တစ်ရာက တကယ်ကိုအရေးမပါပါဘူး။ မင်းအဲ့လိုတွေးတာလည်း အကျိုးကြောင်းဆီလျော်ပါတယ်။ ဒါပေမယ့် အဖွားက အဖွားရဲ့စဉ်းစားပုံကို ပိုသဘောကျတယ်။ လူတစ်ရာက အဖွားကိုဂရုစိုက်တယ်ဆိုတာ ဘယ်လောက်ပျော်ဖို့ကောင်းလဲ”

သူမက ရှောင်ကျန်းကို အသာအယာနှစ်သိမ့်ပေးလိုက်သည်။ အဖွားဖန်း၏အသံကပင် ပျော်ရွှင်နေပုံရသည်။

“အဖွားကို ပြောလို့လည်းမရဘူးဆိုတော့ ကိုယ့်ကျန်းမာရေးတော့ ကိုယ်ဂရုစိုက်ရမယ်နော်”

ရှောင်ကျန်းက သက်ပြင်းချလိုက်သည်။

“ဒါပေါ့ အဖွားဂရုစိုက်မှာပါ။ အဖွား အရမ်းပျော်တာပဲကွယ်”

အဖွားဖန်းက ပျော်ရွှင်စွာရယ်ရင်း ပြောလေသည်။ ရှောင်ကျန်းဖုန်းချလိုက်သည်နှင့် မနေနိုင်ဘဲ တီးတိုးရေရွတ်လိုက်သည်။

“အသက်ကြီးလေ ပြောရခက်လေဆိုတာ အဟုတ်ပဲ”

ရှောင်ကျန်းမှာ အဖွားဖန်း၏တွေးခေါ်ပုံကို နားမလည်နိုင်သော်လည်း အဖွားပျော်သရွေ့ သူစိတ်သက်သာရာရပေသည်။

ယွမ်ကျိုး အပိုင်း(၃၆၆)

ပြီးပါပြီ။

All Chapters