← Chapters

အခန်း (၃၆၇-၃၆၈)

Vol. 27 Ch. 367-368

အခန်း (၃၆၇-၃၆၈)

Vol. 27 Ch. 367-368

ယွမ်ကျိုး အပိုင်း(၃၆၇) ရိုမန်တစ်ပြင်သစ်အစားအစာ

ဒီဇင်ဘာလတွင် ပိုပိုပြီး အေးလာချေပြီ။ ကံကောင်းစွာဖြင့် ချန်ဒူးမြို့၏ရာသီဥတုမှာ လူအများကို အကြိုက်လိုက်လျောလျက်ရှိပြီး ရိုးရိုးအင်္ကျီလက်ရှည်နှင့် ကုတ်အင်္ကျီတစ်ထပ်သာဝတ်ဆင်ဖို့လိုကာ သိပ်မအေးသေးပေ။

ရည်မွန်ပုံရသည့်လူ၏ရှေ့ရှိ မိန်းကလေးမှာ အပြာရင့်ရောင်ရှပ်အင်္ကျီနှင့် ခပ်ပါးပါးအဖြူရောင်ဆွယ်တာကို ဝတ်ဆင်ထားသည်။ ကိုယ်အောက်ပိုင်းတွင်မူ ဂျင်းဘောင်းဘီအကျပ်နှင့် အဖြူရောင်ရှူးဖိနပ်ကိုဝတ်ထားလေသည်။ သူမမှာ အတော်အတန်ငယ်ရွယ်ပြီး လှပပုံပေါ်သည်။ မိန်းကလေးမှာ အနောက်တွင် တစ်ယောက်ယောက်ရှိနေသလိုခံစားချက်ကြောင့် လှည့်ကြည့်လိုက်သည်။ မျက်နှာခပ်ဖျော့ဖျော့ပေါ်တွင် ပန်းရောင်လေးသန်းသွားသည်။

ကြုံတောင့်ကြုံခဲအနေဖြင့် ရည်မွန်ပုံရသည့်လူက ခေါင်းမော့ကာ မျက်မှန်ကို စိတ်လှုပ်ရှားသလို ပင့်တင်လိုက်ပြီးနောက် ပြုံးပြလိုက်သည်။ ထို့နောက် မိန်းကလေး၏မျက်နှာမှာ ပိုနီရဲသွားပြီး ရှက်ကိုးရှက်ကန်းဖြင့် တစ်ဖက်သို့ ပြန်လှည့်သွားကာ တောင့်တောင့်ကြီးရပ်နေလေသည်။ လူနှစ်ဦးမှာ ထိုအတိုင်း တိတ်ဆိတ်ငြိမ်သက်စွာ တန်းစီနေကြသည်။ သူတို့၏နံပါတ်စဉ်လက်မှတ်များ ရသောအခါတွင်လည်း တန်းဆက်စီနေကြသည်။

မနက်စာရောင်းချိန်မှာ တိုတောင်းပြီး သူတို့က အပြုံးကိုယ်စီဖြင့် ရှေ့ဆင့်နောက်ဆင့်ရပ်နေကြသည်။ သူတို့ပုံစံမှာ တန်းစီရသည်ကို ပျော်နေသလိုပင်။ ခဏကြာပြီးနောက် စားသောက်ဆိုင်အတွင်းသို့ ဝင်သွားကြပြီး တိုင်ပင်စရာမလိုဘဲ အတူတူထိုင်လိုက်ကြသည်။

“ဒီနေ့ အလွှာတစ်ထောင်မန်ထိုပေါက်စီ ရောင်းပါတယ်ရှင့်။ နှစ်ပွဲယူမလား”

ကျိုကျာက သူတို့ဆီသွားကာ ပြုံးလျက် မေးလိုက်သည်။ တစ်ယောက်ကိုတစ်ယောက် မကြည့်ဘဲ ရှေ့ရှိပစ္စည်းတစ်ခုခုဆီကိုသာ အကြည့်လွှဲနေကြသော်လည်း တပြိုင်နက်တည်း ခေါင်းညိတ်ကြလေသည်။

“ဟုတ်ကဲ့ ခဏလေးပါနော်။ ခဏနေရင် လာချပေးပါ့မယ်”

ကျိုကျာက လုံးဝတုံ့ဆိုင်းမနေဘဲ ဟင်းပွဲများကို ချက်ချင်းသွားယူလိုက်သည်။ ဤသည်က သူတို့နှစ်ဦး ပထမဆုံးအကြိမ်လာစားသည်နှင့် မတူပေ။ နှစ်ဦးသား မန်ထိုပေါက်စီစားကြချိန်တွင် ရည်မွန်ပုံရသည့် အမျိုးသားမှာ ခပ်နှေးနှေးသာ စားပြီး မိန်းကလေးကို မကြာခဏဆိုသလို ခိုးခိုး ကြည့်တတ်သည်။

မည်သို့ပင်ဆိုစေ သူ့ဘေးတွင် ထိုင်စားနေသောမိန်းကလေးမှာ ပန်းကန်အတွင်းသို့ မျက်နှာကြီးဝင်တော့မတတ် ငုံ့နေ သော်လည်း ဆန့်ကျင်ဘက်အနေဖြင့် သူမပါးစပ်အတွင်းရှိ မန်ထိုပေါက်စီမှာမူ အတော်ပင် ချိုမြိန်နေလေသည်။ မနက်စာရောင်းချိန် ကုန်ဆုံးသွားသောအခါ ယွမ်ကျိုးက ပြောသည်။

“နေ့လည်ကျရင် ဟင်းပွဲအသစ်ရောင်းမယ်။ ပင်လယ်စာနဲ့ ဓါတ်မတည့်သူတွေကတော့ စားလို့မရလောက်ဘူး”

ယွမ်ကျိုးစကားမပြောလျှင် လုံးဝတိတ်ဆိတ်နေတတ်ပေမယ့် စပြီး ပြောလိုက်သည်နှင့် အားလုံးအံ့သြသွားရပေသည်။

“ရုတ်တရက်ကြီး ဟင်းပွဲအသစ်တဲ့လား။ မိုက်တယ်။ နေ့လည်ကျရင် ဆိုင်ကို စောစောလာမှပဲ”

စားသုံးသူများထဲမှ ပထမဆုံးတုံ့ပြန်မှုမှာ နေ့လည်တွင် စောစောလာရောက်ရန် ဖြစ်သည်။

“သူဌေးယွမ် ကြိုတင်အသိပေးတာကို ကြုံရတယ်ဆိုတော့ ငါ တကယ်ကံကောင်းနေတာပဲဖြစ်မယ်။ ကြည့်ရတာ ထီထိုးမှနဲ့ တူတယ်” လင်းဟုန်က စသလို ပြောသည်။

“အဲ့ဒါလည်း တစ်နည်းပေါ့။ သူဌေးယွမ် နေ့လည်စာက ဘယ်လိုပင်လယ်စာမျိုးလဲ”

ဝူဟိုင်းက တော်တော်သိချင်နေသည်။

“ဘယ်လောက်ကျမလဲဆိုတာလည်း သိချင်တယ်”

မာကျစ်သာက လတ်တလော အစီအစဉ်သစ်တစ်ခုရှိနေသည်။ အရင်ကလို ပိုက်ဆံကို ရေလို မသုံးနိုင်ပေ။ ထို့ကြောင့် အလွန်လက်တွေ့ကျသော မေးခွန်းတစ်ခုကို မေးလိုက်သည်။

“ဟင်းပွဲနာမည်က ဘာတဲ့လဲ”

စားသုံးသူတစ်ဦးက ဂရုစိုက်သည့်လေသံဖြင့် မေးသည်။ ယွမ်ကျိုးက သတင်းထူးပေးလိုက်သည်နှင့် စားသုံးသူများမှာ ချက်ချင်း စိတ်လှုပ်ရှားလာကြပြီး တစ်ယောက်ပြီးတစ်ယောက် မေးခွန်းများ မေးလာကြလေသည်။ ရည်မွန်ပုံရသည့် အမျိုးသားက ပတ်ဝန်းကျင်ဆူညံသံများကြားမှပင် အသံခပ်တိုးတိုးလေးဖြင့် ပြောလိုက်သည်။

“နေ့လည်ကျရင် ဟင်းပွဲအသစ် လာမြည်းကြည့်ဦးမှပဲ”

သူတစ်ယောက်တည်း တီးတိုးပြောသည့်ပုံဖြစ်သော်လည်း နံဘေးတွင်ထိုင်နေသော မိန်းကလေးအား အသိပေးသကဲ့သို့လည်း ဖြစ်နေသည်။ သို့သော်လည်း မိန်းကလေးမှာ ဘာမှမကြားလိုက်ရသကဲ့သို့ မည်သည့်တုံ့ပြန်ချက်မှမရှိဘဲ ခေါင်းငုံ့လျက်သာရှိသည်။ ဆံပင်များဖြင့် ကွယ်ထားသော သူမမျက်နှာမှာမူ ချက်ချင်းနီရဲလာသည်။ ယွမ်ကျိုးက ထိုနေရာတွင်သာ တိတ်တိတ်လေးရပ်နေလိုက်ပြီး တစ်ယောက်တစ်ပေါက်ပြောနေသံများငြိမ်သွားသောအခါမှ

“နေ့လည်လာရင်သိရမှာပေါ့။ အဲ့ဒါဆို နောက်မှ တွေ့မယ်နော်”

ထို့နောက် ယွမ်ကျိုးက အနည်းငယ်ဦးညွတ်နှုတ်ဆက်လိုက်သည်။ နောက်ဆုံးတွင်မူ ကျိုကျာက ဧည့်သည်များကို အပြင်သို့ လိုက်ပို့လေသည်။

“အားလုံးပဲ မနက်စာရောင်းချိန် ပြည့်သွားပါပြီရှင်”

ကျိုကျာက သူမလက်ကို မြှောက်လိုက်ကာ အပြင်သို့ ကြွရန် လက်ဟန်ပြလိုက်သည်။

“ဒီကောင် အဲ့လောက်သဘောမကောင်းပါဘူး။ မင်းရော ဘယ်လိုထင်လဲ”

လင်းဟုန်က အပြင်သို့ထွက်လာရင်း ဝူဟိုင်းကို ပြောသည်။

“သေချာတာပေါ့။ ဟင်းပွဲအသစ် မထွက်ခင်ကြိုပြောတာ သူ့ပုံစံမဟုတ်ဘူး”

ဝူဟိုင်းက ယွမ်ကျိုးကို သင်္ကာမကင်းကြည့်လိုက်သည်။ သို့သော် ယွမ်ကျိုး၏ရိုးရှင်းသောပုံစံမှလွဲ၍ သူ့မျက်နှာတွင် ဘာမှမတွေ့ရချေ။ ဟာသပဲ။ ယွမ်ကျိုးက ဒီပုံစံမျိုးဖြစ်နေအောင် အရင်ကတည်းက အထူးလေ့ကျင့်ထားတာလေ။ စားသုံးသူများထွက်သွားသည်နှင့် ယွမ်ကျိုးက ချက်ချင်း ထိုင်ချလိုက်သည်။

“အဲ့လိုမှပဲ ပြိုင်ပွဲအတွက် ခွင့်ယူလို့ရမှာ”

ယွမ်ကျိုးက “ငါတယ်တော်ပါလား” ဆိုသည့် အမူအရာမျိုး ပြလိုက်သည်။ မှန်ပေသည်။ ယွမ်ကျိုး ကြိုတင်အသိပေးရခြင်းမှာ ပြိုင်ပွဲနေ့ကို အတည်ပြုပြီး ဖြစ်သောကြောင့်ဖြစ်သည်။ ယွမ်ကျိုးတွက်ကြည့်လိုက်တော့ ပြိုင်ပွဲနေ့မတိုင်ခင် နှစ်ရက်ခန့် အချိန်ရသေးသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် ရိုးသားပွင့်လင်းစွာပြောရလျှင် သူ့ဖောက်သည်များအား ဟင်းပွဲအသစ်ပြင်ဆင်ရောင်းချကာ အလျော်ပေးလိုခြင်းဖြစ် သည်။

“ငါတော်တော်သဘောကောင်းတာပဲ”

ယွမ်ကျိုးက မီးဖိုခန်းဘက်ကို ကြည့်လိုက်ပြီး သူ့ကိုယ်သူ အလေးအနက်ပြောလေသည်။

ထိုအချိန်၌ သူ့အနီးတွင် မည်သူမျှမရှိပေ။ တစ်ယောက်ယောက်သာ ထိုအခြင်းအရာကိုမြင်ခဲ့ပါက ယွမ်ကျိုးအား စိတ်မနှံ့ဟု သေချာပေါက် ယူဆကြပေလိမ့်မည်။

ယခု သူချက်ပြုတ်မည့်ဟင်းက အရင်တစ်ခါက သူစီစဉ်ရေးဆွဲခဲ့သော ပြည်ပဟင်းလျာများထဲမှ တစ်ခုဖြစ်သည်။ သို့သော်လည်း ထိုဟင်းလျာမှာ ကမ္ဘာတစ်ဝှမ်းမှ ရိုမန်တစ်ဆန်ပြီး အရသာရှိကြောင်း အသိအမှတ်ပြုထားကြသည့် ပြင်သစ်ဟင်းလျာဖြစ်သည်။

“ပြောရင်းနဲ့မှ ပုစွန်နဲ့ မုတ်ကောင်တွေကို ရေစည်ထဲ အတူထည့်ထားတာ ဘာမှမဖြစ်လောက်ပါဘူးနော်”

ယွမ်ကျိုးမှာ မီးဖိုခန်းထဲရှိရေစည်အား ကြည့်ရင်း ဇဝေဇဝါဖြစ်နေသည်။ ယခုအကြိမ် စနစ်မှ ပေးလာသည့် မုတ်ကောင်များမှာ ရေစည်ထဲတွင် ရှိနေဆဲဖြစ်သည်။ ပြဿနာမှာ ဖီးနစ်အမြှီးပုစွန်ဟင်းအတွက် သုံးသည့် ပုစွန်များမှာလည်း ထိုရေစည်ထဲတွင် ထည့်ထားခြင်းဖြစ်သည်။

စနစ်က ဖော်ပြလာသည်။

“ရေထွက်ပစ္စည်းတွေကို နောက်ပိုင်းကျရင် ရေစည်ထဲမှာပဲ ထားမှာပါ”

“ငါးဆိုရင်လည်း အဲ့ရေစည်ထဲပဲထားမှာလား”

ယွမ်ကျိုးက ရေစည်ကို ညွှန်ပြလိုက်ပြီး အံ့သြသွားသလို မေးလိုက်သည်။

စနစ်က ဖော်ပြသည်။

“ရေထွက်ပစ္စည်းတွေအတွက် ခြွင်းချက်မရှိပါဘူး”

“မင်းရဲ့အဆင့်မြင့်နည်းပညာကို အရှက်မရှိ ကြွားလုံးထုတ်နေတာပဲ။ ဖားပြုတ်ဆိုရင်လည်း အဲ့ရေစည်ထဲ ပစ်ထည့်မှာလား”

ယွမ်ကျိုးက မနေနိုင်ဘဲ တဗျစ်တောက်တောက်ပြောလိုက်သည်။

စနစ်က ဖော်ပြလာသည်။

“ဖားပြုတ်က ကုန်းနေရေနေသတ္တဝါပါ”

“ပြန်ခံပြောပြီး ခေါင်းစဉ်ပြောင်းမပစ်နဲ့။ ရေစည်က ဒီလောက်သေးနေတာကို ရှိသမျှသတ္တဝါအကုန် ပစ်ထည့်ထားလို့ဖြစ်မလား”

ယွမ်ကျိုးမှာ စနစ်ကို အော်ငေါက်ပစ်ချင်နေပြီဖြစ်သည်။ ဒါပေမယ့် စနစ်မှာ ဘာသဲလွန်စမှ မချန်ဘဲ ပြန်ပျောက်ကွယ်သွားတော့သည်။ ခဏလောက်စောင့်ပြီးနောက်တွင် ယွမ်ကျိုးက သူ့အား ပြန်မဖြေလာတော့သည်ကို တွေ့လိုက်ရသည်။ ထို့နောက် သူသက်ပြင်းချက မုတ်ကောင်များကို သွားစစ်ဆေးကြည့်လိုက်သည်။

“သူတို့က တကယ် အံ့သြဖို့ကောင်းအောင် ရေစည်ထဲမှာ နေနေတာပဲ”

ရေစည်အစပ်နားတွင် ခုန်ပေါက်နေသည့် ပုစွန်တွေနှင့် အတွင်းထဲရှိ မုတ်ကောင်များကိုကြည့်ကာ ယွမ်ကျိုးမှာ ဘာပြောရမှန်းမသိ‌တော့ချေ။

“တော်သေးလို့ နှစ်ဖက်က တည့်တည့်ရှုရှုနေကြတာ။ အချင်းချင်းချကုန်မှဖြင့် ဟာသဖြစ်ကုန်တော့မယ်”

ယွမ်ကျိုးက စိတ်သက်သာရာရသွားသလို သက်ပြင်းချလိုက်သည်။ ရေစည်ထဲမှာ ရေနေသတ္တဝါတွေနဲ့ ပြည့်နှက်နေပါက အချင်းချင်းတိုက်ခိုက်ကုန်ကြမလားဟု ယွမ်ကျိုးတွေးနေမိသည်။ ထိုမြင်ကွင်းအား မြင်ယောင်ကြည့်ရာ အတော်ပင်ကြည့်ကောင်းသေးတော့သည်။

ဥပမာပြောရလျှင် ကျားငါးမန်း၊ ရေဘဝဲကြီးနှင့် ဓားရှည်နှုတ်သီးငါး။ ပြောကာမှ အဲ့သတ္တဝါတွေနဲ့ ပတ်သက်ပြီး ဟင်းမရှိသလိုပဲ။ သတ္တဝါနှစ်မျိုး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နေကြသည်ကိုကြည့်ရင်း ယွမ်ကျိုးက ရုတ်တရက်ဆိုသလို သေလောက်အောင်အရေးကြီးသည့် ပြဿနာတစ်ခုကို သတိရသွားသည်။

“စနစ်ရေ၊ ဒီဟင်းက လတ်လတ်ဆတ်ဆတ်မုတ်ကောင်ကို ချက်ရမှာနော်။ တကယ်လို့ မုတ်ကောင်တွေ သေသွားရင် ဟင်းချက်လို့ မရတော့ဘူး”

ထိုသို့ပြောရင်း ယွမ်ကျိုးက ထရပ်ကာ မုတ်ကောင်တွေကို ငါးဖမ်းပိုက်တံဖြင့် သွားခပ်ယူ လိုက်သည်။

စနစ်က ဖော်ပြသည်။

“စနစ်က ထောက်ပံ့ပေးထားတဲ့ ပါဝင်ပစ္စည်းတွေက ကမ္ဘာပေါ်မှာအကောင်းဆုံးဖြစ်ပြီးတော့ အဲ့လိုမျိုးသေသွားတာမရှိပါဘူး”

ယခုတစ်ကြိမ်တွင် စနစ်က ပိုထင်ရှားစေရန် အရောင်ထပ်တင်ထားသော အနက်ရောင်စာလုံးများကို သုံးထားသည်။

“မုတ်ကောင်တွေက ရေငန်ထွက်ပစ္စည်းလေ။ ပုစွန်တွေက ရေချိုပုစွန်တွေ အဲ့တော့သေမကုန်ဘူးလား။ မင်းဘယ်လိုထင်လဲ”

ယွမ်ကျိုးက စိတ်အနှောင့်အယှက်ဖြစ်သလိုပြောသည်။ နှာခေါင်းစည်းဝတ်ထားသည့်ကြားမှ သူ့အသံက ဒေါသတကြီးထွက်လာသည်။ မှန်ပေသည်။ ထိုမျှလှပသော မုတ်ကောင်များသေသွားပါက အလွန်ပင်သနားစရာကောင်းလှပေသည်။

အချိန်အတော်ကြာပြီးနောက် စနစ်က ယွမ်ကျိုးအား “မင်း စိတ်ပူဖို့ မလိုဘူး”

“ဪ ဟုတ်လား။ မင်းက နံပါတ်တစ်စနစ်ဆိုတာ ငါမေ့တော့မလို့”

ယွမ်ကျိုးက ပုစွန်များကို စက္ကန့်အနည်းငယ်ကြာ ခပ်ယူနေပြီးမှ ပြန်ပြောသည်။ ဒီအရာက အဆင့်မြင့်နည်းပညာ ဖြစ်ပေသည်။ ဖြစ်နိုင်သည်မှာ ဒီကိစ္စက စနစ်အတွက် အရေးကြီးကိစ္စမဟုတ်နိုင်ပေ။

“အဟွတ်...အဟွတ်...မစောတော့ဘူး။ ငါ အခု ပြင်မှ ဖြစ်တော့မယ်”

ယွမ်ကျိုးက ဆယ်ယူထားသော မုတ်ကောင်များကို ကြည့်ကာ ပြောလိုက်သည်။ ထိုအချိန်၌ စားသောက်ဆိုင်တွင် ယွမ်ကျိုးတစ်ဦးတည်းသာရှိရာ ပတ်ဝန်းကျင်အနေအထားက ရှက်စရာတော့မရှိပေ။ သူက ရေစည်ထဲရှိ ရေကို လှည့်ကြည့်လိုက်ပြီးနောက် ရုတ်တရက် အရသာမြည်းကြည့်ချင်စိတ်ပေါ်လာသည်။

“ရေချိုငါးနဲ့ ရေငန်ငါးကို တစ်နေရာတည်းမှာ အတူတူ‌ထားလို့ရတယ်ပေါ့”

ယွမ်ကျိုး မကျေမနပ်ရေရွတ်လိုက်သည်။

ယွမ်ကျိုးက မုတ်ကောင်များကို ဘေးတွင်ချထားလိုက်ပြီးနောက် သဲများစင်အောင် စစ်ထားပြီး ရေစည်ကို စတင်စစ်ဆေးတော့သည်။ ဒီရေစည်က စနစ်ပြန်လည်ပြင်ဆင်ပြီးနောက်မှ ရောက်လာသည့်ပစ္စည်းဖြစ်သည်။ အဲ့လိုလုပ်ငန်းဆောင်ရွက်ချက်မျိုး လုပ်ပေးနိုင်လိမ့်မည်ဟု သူဘယ်တုန်းကမှ မတွေးမိခဲ့ပေ။

“ငါ့ရေစည်က မြစ်တွေ၊ ရေကန်တွေ၊ ပင်လယ်သမုဒ္ဒရာတွေနဲ့ ဆက်စပ်နေတယ်ဆိုတဲ့စာအုပ်များ ရေးလိုက်ရမလား”

အတွင်းရှိ ရေကို ကြည့်ရင်း ယွမ်ကျိုး၏ပါးစပ်မှ လွှတ်ခနဲ ထွက်လာသည်။

ထိုကြောင်တောင်တောင်အတွေးမှစကာ ယွမ်ကျိုးမှာ အကြောင်းအရာအမျိုးမျိုးကို ဆက်စပ်တွေးတောနေမိရာ ကံကောင်းထောက်မပြီး ဘေးနားရှိ နာရီမှ အချက်ပေးသံမြည်လာလေသည်။ မုတ်ကောင်များမှာ သဲများစင်သွားပြီဖြစ်ပြီး ချက်ပြုတ်ရန်အသင့်ဖြစ်နေပေသည်။

ယွမ်ကျိုး အပိုင်း(၃၆၇)

ပြီးပါပြီ။

ယွမ်ကျိုး အပိုင်း(၃၆၈) ဟင်းလျာအသစ်

ယခုတစ်ခေါက် ပြင်သစ်ဟင်းလျာအတွက် ယွမ်ကျိုးက ထုံးစံအတိုင်း စနစ်က ပေးထားသည့်ထောပတ်ကို အသုံးပြုခဲ့သည်။

စနစ်က ဖော်ပြသည်။

“ထောပတ်ကို တိရစ္ဆာန်အဆီကရော၊ ဟင်းသီးဟင်းရွက်ဆီကနေပါ ထုတ်ယူရရှိနိုင်ပါတယ်။ ဆက်စပ်ပြောရမယ်ဆိုရင် တိရစ္ဆာန်အဆီကနေ ထုတ်ထားတဲ့ ထောပတ်က အာဟာရတန်ဖိုးရော၊ အရသာပါ ပိုကောင်းပါတယ်။ ဒါပေမယ့် ကိုလက်စထရောပါဝင်မှုကတော့ အနည်းငယ်ပိုများပါတယ်။ အကြမ်းအားဖြင့် အရသာကို မထိခိုက်စေဘဲ စနစ်က စုစုပေါင်းကိုလက်စထရောပါဝင်မှုရဲ့(၈၀)ရာခိုင်နှုန်းကို အထူးဖယ်ထုတ်ထားပြီး ဖြစ်ပါတယ်”

“ငါလည်း နည်းနည်းဝနေသလို ခံစားရတယ်။ အဲ့ဒါကိုရော ဖယ်ထုတ်ဖို့နည်းလမ်းရှိလား။ နာကျင်မှုမရှိလေ ပိုကောင်းလေပဲပေါ့”

ယွမ်ကျိုးက ပြောသည်။

စနစ်က ယွမ်ကျိုးအား “ကျေးဇူးပြုပြီး၊ လေ့ကျင့်ခန်းသာများများလုပ်ပေးပါ။ အဲ့အဆီကတော့ စက်ပစ္စည်းပိုင်းဆိုင်ရာနဲ့ ဖယ်ရှားပေးလို့မရပါဘူး”

“ဪ...ဪ...ငါတို့ဆီမှာဆို အဆီစုပ်ထုတ်တဲ့နည်းနဲ့ ဖယ်လို့ရတယ်။ မင်း အဲ့လိုမလုပ်နိုင်ဘူး မဟုတ်လား”

ယွမ်ကျိုးက ကမ္ဘာသစ်တစ်ခုရှာဖွေတွေ့ရှိသလို စိတ်လှုပ်ရှားမှုမျိုးဖြင့်ပြောလိုက်သည်။

စနစ်က ဖော်ပြသည်။

“ဒီနည်းလမ်းက လူတွေကို ကိုယ်အလေးချိန်လျော့သွားအောင် ဒါမှမဟုတ် ကြွက်သားတွေတိုးလာအောင် လုပ်ပေးလို့ မရပါဘူး”

“ဘာပဲဖြစ်ဖြစ်လေ မရတာက၊ မရတာပဲပေါ့” ယွမ်ကျိုးက ပြုံးလျက်ပြောသည်။ ယွမ်ကျိုးက စနစ်မှ ထပ်မံဖြေကြားလာမည်ကို မျှော်လင့်နေသော်လည်း ပြန်ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။ ဟင်းပွဲမှာ မူလအရသာကို ဦးစားပေးဖြစ်သဖြင့် မုတ်ကောင်၏လတ်ဆတ်မှု ပေါ်လွင်စေမည့် ပါဝင်ပစ္စည်းအနည်းငယ်သာ ထပ်ထည့်ရန် လိုအပ်သည်။ ပြုတ်ရသည့်အချိန်မှာလည်း သိပ်မကြာချေ။

“မူမူ၊ ဒီနေ့ ပြင်သစ်ဟင်းသွားစားရအောင်လေ။ နေ့လည်သွားလို့ရတယ်”

ဝူကျိုးက ဖုန်းယူလိုက်ပြီး ညင်သာသောအသံဖြင့် ပြောလိုက်သည်။

“တော်ပါ။ သူဌေးယွမ်ရဲ့အရသာရှိတဲ့ဟင်းတွေ စားဖို့ပဲ မျှော်နေတာ။ ပြင်သစ်ဟင်း မစားချင်ပါဘူး”

ကျွမ်းရှင်းမူက နှာခေါင်းရှုံ့လိုက်ပြီး စိတ်မဝင်စားကြောင်းပြသည်။

“ချစ်၊ မသိသေးလို့နော်။ ပြင်သစ်ဟင်းဆိုတာက သူဌေးယွမ်အသစ်ရောင်းမယ့်ဟင်းလေ။ ပြီးတော့ ပင်လယ်စာတဲ့။ ချစ်၊ ပင်လယ်စာကြိုက်တယ်မဟုတ်လား”

ဝူကျိုးက ကျေနပ်အားရသောလေသံဖြင့် ပြောလိုက်သည်။

“ကောင်းလိုက်တာ။ အဲ့ဒါဆို နေ့လည်သွားရအောင်လေ။ ကျွန်မက အရမ်းအလုပ်လုပ်နိုင်တာဆိုတော့ ဆိုင်ကို စောစောသွားနိုင်တယ်”

“ပြီး‌ရော၊ နေ့လည်မှ တွေ့မယ်နော် မူမူ”

ဝူကျိုးက တစ်ဖက်ရှိကျွမ်းရှင်းမူမှာ မမြင်နိုင်သော်လည်း ခေါင်းညိတ်ပြလိုက်သေးသည်။

ထို့နောက် သူတို့နှစ်ဦး ခဏလောက်ကြာသည်အထိ စကားဖောင်ဖွဲ့နေပြီးမှ ဖုန်းချကြလေသည်။ ထိုကဲ့သို့ ဖုန်းဆက်ကာ ဟင်းပွဲအသစ်ထွက်မည့်အကြောင်း မိတ်ဆွေသူငယ်ချင်းများအား အသိပေးမှုမှာ နေရာတိုင်းတွင် ဖြစ်ပွားသွားသည်။ ဝူဟိုင်းပင်လျှင် အခြားသူများအား ဖုန်းဆက်ခဲ့လေသည်။ သို့သော် သူ၏ရည်ရွယ်ချက်မှာမူ အခြားသူများနှင့် မတူပေ။

“လင်းဟုန်၊ မင်း ဒီအကြောင်းကို ပို့စ်မတင်လို့ရမလား။ လူတွေအရမ်းများလာရင် ငါတို့မစားလိုက်ရဘဲနေမယ်”

လင်းဟုန်၏ပို့စ်ကို ကြည့်၍ ဝူဟိုင်းက မကျေမနပ်ပြောသည်။

“ကိစ္စမရှိပေါင်။ ငါ့မှာ အချိန်တွေ ပေါလို့” လင်းဟုန်က ဂရုမစိုက်သည့်လေသံဖြင့် ဖြေသည်။

“မကြားချင်ဘူးကွာ။ ပို့စ်မတင်နဲ့ဆို၊ မတင်နဲ့‌ပေါ့။ လုပ်ပါကွာနော်”

ထိုသို့ပြောပြီးနောက် ဝူဟိုင်းက ဖုန်းချရန် ပြင်လိုက်သော်လည်း လင်းဟုန်က သူ့ကိုတားလိုက်သည်။

“အဲ့လိုလုပ်ဆိုမှ သံလိုက်အိမ်မြှောင်က တကယ်ကြီး ငါတို့ကို အလကားကျွေးမှာမို့လား။ ငါတို့ မှာချင်တာမှာ ဆိုတဲ့ဟာလေ။ အဲ့ဒါက တကယ်လား”

လင်းဟုန်က မောက်စ်ကိုရွှေ့ကာ ယွမ်ကျိုး၏တစ်ခုတည်းသောပို့စ်ကို ပြန်ကြည့်လိုက်ပြီးမှ မေးခွန်းသုံးခုကို တရစပ်မေးလေသည်။

“ဒါပေါ့ မင်းဘာရေးလိုက်လဲ”

ဝူဟိုင်းက ဖုန်းချမလိုလုပ်နေရာမှ ရပ်လိုက်ပြီး သိချင်စိတ်ဖြင့်မေးလိုက်သည်။ ဘာပဲဖြစ်ဖြစ် တစ်ချိန်လုံး အနိုင်ရနေလိုလျှင် ကိုယ့်ကိုကိုယ်အပြင် ပြိုင်ဘက်ကိုပါ သေချာသိထားရန်လိုသည်လေ။ ထို့ကြောင့် ဝူဟိုင်းက စိတ်ကို ဆွဲဆန့်ထားလိုက်သည်။

“ငါက သူဘယ်လောက်ပဲ တော်နေစေဦးတော့ ငါ့ကို မမှီကဘူးလို့ မန့်လိုက်တာ”

လင်းဟုန်က အောင်မြင်မှုရသွားသည့် လေသံဖြင့်ဖြေသည်။

“အင်း...အဲ့ဒါအမှန်ပဲဟာ။ သူက မင်းလောက်မတော်ဘူးရယ်။ ဒါပဲနော်”

ဝူဟိုင်းက အခိုင်အမာပြောပြီး ဖုန်းချလိုက်လေသည်။

“အေးအေး ဒါပဲ”

လင်းဟုန်က အရိုင်းအစိုင်းလို ပြုံးလိုက်သည်။ ဟာသပဲ။ သူက ဒီအကြောင်းကို သိထားပြီးဖြစ်ရာ သူ့မှတ်ချက်အားလုံးကို ပြန်ဖျက်ပြီးဖြစ်သည်။ အခုသူတင်ထားသည့် ပို့စ်မှာ ယွမ်ကျိုး ဘာကြောင့် ဒီလောက်တော်ကြောင်း ဖော်ပြထားသည့်စာတမ်းကဲ့သို့ မှတ်ချက်အရှည်ကြီးသာ ဖြစ်သည်။ ထိုစာတမ်းအတွက် ယွမ်ရာဂဏန်းခန့်ပင် အကုန်ကျခံလိုက်သေးသည်။ လင်းဟုန်က လျှော့ဈေးနဲ့ပေးတဲ့ ဟင်းတွေစားရတာ မကြိုက်ပေမယ့် သူဌေးယွမ်အလကားကျွေးတဲ့ တစ်နပ်စာကိုတော့ လက်လွတ်ခံချင်မည်မဟုတ်ပေ။

မကြာခင်အချိန်အတွင်းမှာပင် နေ့လည်စာရောင်းချိန်ကို ရောက်လာသည်။ ကျိုကျာက ယခုအခါ ပုံမှန်ထက်ပို၍ အုတ်အော်သောင်းနင်းဖြစ်နိုင်ကြောင်း မျှော်လင့်ထားပြီးဖြစ်ရာ ခါတိုင်းထက် နာရီဝက်ခန့် စောရောက်လာသည်။ သူမ ရောက်သောအခါ ယွမ်ကျိုး၏စားသောက်ဆိုင်အပြင်ဘက်တွင် ဧရာမလူအုပ်ကြီးပင် ဖြစ်နေချေသည်။

တန်းစီစက် တပ်ဆင်ပြီးနောက် လူအနည်းစုမှာ အပြင်ဘက်တွင် တိတ်တိတ်ဆိတ်ဆိတ်ရပ်နေကြသည်။ ယခုမူ လူအုပ်ကြီးမှာ ကသောင်းကနင်းနှင့် မတ်တပ်ရပ်စောင့်နေကြရာ ကျိုကျာမှာ အနည်းငယ် ပျာယာခတ်ပြီး စိတ်ရှုပ်လာလေသည်။ ထိုအချိန်တွင် ကျန်းချန်ရှီးက မတ်တပ်ရပ်ရင်း ‌ပြောလိုက်သည်။

“အားလုံးပဲ ဒီနေ့ သူဌေးက ဟင်းအသစ်ရောင်းဖို့ပြင်ထားတယ်။ လူများများစားလို့ရအောင် ကိုယ့်အလှည့်ကျရင် မြန်မြန်စားကြဖို့ အကြံပေးချင်တယ်။ အားလုံးဘယ်လို သဘောရလဲ”

ကျန်းချန်ရှီးက အစ်မကြီးတစ်ယောက်လို ပြောဆိုနေသည်။

“ဟုတ်ကဲ့ သဘောတူပါတယ်”

စုမူက သူ့ညီမနှင့်အတူ အရင်ဆုံး သဘောတူလိုက်သည်။ ထို့နောက် လူအများကလည်း နောက်က လိုက်ကာ သံယောင်လိုက်ကြတော့သည်။

“ကိစ္စမရှိဘူး”

တန်းစီနေကြသည့် အခြားစားသုံးသူများအားလုံးကလည်း ချက်ချင်း သဘောတူလိုက်သည်။ အုတ်အော်သောင်းနင်းဖြစ်နေသော အခြေအနေမှာ ထိန်းချုပ်မှုရလာသည်ကို မြင်သောအခါ ဘေးဘက်ရှိ ကျိုကျာအား ထိန်းချုပ်မှုလွှဲပေးလိုက်ရင်း ကျန်းချန်ရှီးက သူမ၏အရင်နေရာသို့ အပြုံးဖြင့် ပြန်သွားလေသည်။

“အားလုံးပဲ စိတ်အေးအေးထားကြပါ။ နောက်(၆)မိနစ်လောက် စောင့်ပြီးရင် ကျွန်မသူဌေးက ဆိုင်တံခါးဖွင့်ပေးပါလိမ့်မယ်။ ပထမဆုံးအယောက်(၂၀)က နံပါတ်စဉ်လက်မှတ်ကို သွားယူလို့ရပါပြီနော်။ ကျေးဇူးတင်ပါတယ်ရှင့်”

ကျိုကျာက အသက်ဝဝရှုပြီးနောက် ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“နောက်ဆုံးတော့ ငါလည်း ဒီနေ့ထွက်တဲ့ဟင်းအသစ်ကို ပထမဆုံးစားရတော့မယ်ကွ” လျိုချန်ကလည်း သတင်းအချက်အလက်ပြည့်စုံသောလူပင်။

“ဟုတ်တယ်။ အနည်းဆုံးတော့ တန်းစီစက်သုံးပြီးတဲ့နောက်ပိုင်းမှာ ငါတို့စောင့်ရတာ အလဟဿမဖြစ်‌တော့ဘူး”

အစ်ကိုကျွမ်းက ငွေရောင်တန်းစီစက်ကို ဂုဏ်ယူဝင့်ကြွားစွာ ကြည့်ရင်း သက်ပြင်းချလိုက်သည်။ စားသုံးသူများက နံပါတ်စဉ်လက်မှတ်များယူရန် စောင့်ဆိုင်းနေစဉ် မနက်ခင်းဆိုင်ဖွင့်ချိန်တွင် လာခဲ့သော ရည်မွန်ပုံရသည့်အမျိုးသားက စိတ်နှင့် လူမကပ်သလိုဖြစ်နေပြီး နောက်သို့လှည့်ကြည့် လှည့်ကြည့်နှင့် ဖြစ်နေသည်။ ရင်းနှီးသောပုံရိပ်လေးတစ်ခု ဘေးဘက်လမ်းထဲမှ ထွက်ပေါ်လာသည့်အခါမှသာ အမျိုးသားမှာ စိတ်သက်သာရာရသွားတော့သည်။ တန်းစီရာဆီသို့ မိန်းကလေးလျှောက်လာသောအခါမှ အမျိုးသားက သူမနောက်သို့ ခြေလှမ်းကျယ်ကြီးများဖြင့် လိုက်သွားလေသည်။ သူတို့နှစ်ဦးကြား၌ အခြားလူတစ်ဦးရှိနေကာ နှစ်ယောက်စလုံး စိတ်လုံခြုံပြီး သက်တောင့်သက်သာ ဖြစ်သွားသည်။ သူ့ရှေ့တွင် ရှိနေသောမိန်းကလေးက နွေးထွေးသောအပြုံးတစ်ခုပြုံးလိုက်သည်။ အမျိုးသားက သူမအပြုံးကို မမြင်သော်လည်း မိန်းကလေးက သူ့အား ငြင်းဆန်လိုခြင်းမရှိကြောင်းကိုမူ ခံစားလိုက်ရသည်။ ထို့ကြောင့် သူ့အနက်ရောင်မျက်မှန်ကိုင်းများအောက်တွင် ခပ်ဖျော့ဖျော့အပြုံးတစ်ခု ပေါ်လာလေသည်။

သူတို့နှစ်ဦးမှာ မနက်ကလိုမျိုးပင် တိတ်ဆိတ်ငြိမ်သက်စွာ တန်းစီရပ်နေပြီး အရသာရှိတဲ့အစားအသောက် မြည်းစမ်းရမည့်အချိန်ကို စောင့်နေကြသည်။

“ကျွန်မတော့ သူဌေးယွမ်ရဲ့ပြင်သစ်ဟင်းဆိုတာကို အရမ်းမျှော်လင့်နေပြီ။ သေချာပေါက် ရိုမန်တစ်ဆန်မှာပဲ”

တစ်သက်မှ တစ်ခါဟုဆိုရလောက်‌အောင်ပင် ကျွမ်းရှင်းမူက မိန်းမငယ်လေးတစ်ဦးကဲ့သို့ ဝူကျိုး၏လက်ကိုဆွဲကာ မျှော်လင့်တကြီးပြောလေသည်။ ကျွမ်းရှင်းမူမှာ အရင်ကတစ်ခါမှ ပြင်သစ်စာမစားဖူးသကဲ့သို့ ပြောနေသည်။

“ကို၊ ချစ်ကို အရင်က ပြင်သစ်စာလိုက်ကျွေးဖူးတယ်လေ”

ဝူကျိုးက လျစ်လျူရှုခံရသလို ခံစားလိုက်ရသဖြင့် သူရှိနေသေးကြောင်း သက်သေပြရန် ခုခံပြောဆိုလေသည်။

“ဘာပဲဖြစ်ဖြစ်လေ။ ရိုမန်တစ်ပြင်သစ်ဟင်းကို ချက်တဲ့လူက သူဌေးယွမ်လို့ စဉ်းစားမိလိုက်တာနဲ့ အရမ်းပျော်လာတာ”

ကျွမ်းရှင်းမူက ချက်ချင်းဆိုသလို ပြန်ပြောသည်။

“ဒါပေမယ့် ချစ်ကို ဒီဆိုင်ခေါ်လာတာ ကိုလေ”

ဝူကျိုးက မဏ္ဍပ်တိုင်တက်ပြလိုက်သည်။

“ဟုတ်ပါတယ်။ ရှင်ပါပဲရှင်...ရှင်ပါပဲတဲ့”

ကျွမ်းရှင်းမူက ခေါင်းညိတ်ကာ အလေးအနက်သဘောတူလိုက်သည့် အမူအရာပြလေသည်။ ကျွမ်းရှင်းမူ၏သဘောထားကို ကြည့်ကာ ဝူကျိုးမှာ မနေနိုင်ဘဲ ပြုံးမိတော့သည်။ သို့သော် စိတ်အတွင်းထဲ၌မူ စတင်ညည်းညူနေသည်။

“သူဌေးယွမ်ရေ၊ ကျေးဇူးပြုပြီး ဒီဆိုင်အတွက် ဆိုင်ရှင်မတစ်ယောက်လောက် မြန်မြန်ရှာပါတော့”

ခဏအကြာတွင် လူတန်းရှည်ကြီး၏အစပိုင်း၌ စောင့်နေသည့် လူရည်မွန်အမျိုးသားနှင့် မိန်းကလေးမှာ တစ်ချိန်တည်းဆိုသလို ဆိုင်အတွင်းသို့ ဝင်လာကြသည်။

“ရှင်တို့နှစ်ယောက် ဘာစားကြမလဲ”

ကျိုကျာက ယဉ်ကျေးစွာ မေးသည်။

“ဟင်းပွဲအသစ်တစ်ပွဲပေးပါ”

အမျိုးသားက မျက်နှာနီရဲကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။ သူ့ဘေးရှိ မိန်းကလေးမှာလည်း အနည်းငယ် မျက်နှာနီမြန်းနေသည်။ ကျိုကျာပြောလိုက်သော “ရှင်တို့နှစ်ယောက်”ဆိုသည့် စကားလုံးနှစ်လုံးက သူတို့ ဒီဆိုင်ကို အတူလာကြသလို ဖြစ်နေသည်။

“ရှင်ရော”

ကျိုကျာက မိန်းကလေးဘက်သို့ ခေါင်းလှည့်ကာမေးသည်။

“အတူတူပါပဲ။ သူမလည်း ဟင်းအတူတူပဲ မှာမယ်”

အမျိုးသားက လျင်မြန်ရှင်းလင်းစွာ ဝင်ပြောလိုက်ချိန်တွင် မိန်းကလေးက ခေါင်းညိတ်ပြလိုက်သည်။ မိန်းကလေးက ဘာမှပြန်မပြောခဲ့ပေမယ့် ခေါင်းကိုအသာညိတ်ပြရာ သူပြောသည်မှာ မှန်ကြောင်း ထောက်ခံနေခြင်း ပင်။

“ကောင်းပြီ။ ရှင်တို့နှစ်ယောက် ခဏစောင့်ပေးပါနော်”

ထို့နောက် ကျိုကျာက ဟင်းပွဲများသယ်ရန် ပြန်သွားသည်။ မျှော်လင့်ထားသည့်အတိုင်းပင် ကျိုကျာက ဟင်းပွဲနှစ်ပွဲကို ခဏအတွင်း သူတို့ဆီ ပြန်သယ်လာသည်။ ထုံးစံအတိုင်း ပင် ဟင်းပွဲများ သူတို့ထံနီးကပ်လာချိန်တွင် ဝိုင်အနံ့ပြင်းပြင်းနှင့် ထောပတ်နံ့ခပ်သင်းသင်းကို ရလိုက်သည်။ ဟင်းပွဲအသစ်က ဘာများပါလိမ့်။

ယွမ်ကျိုး အပိုင်း(၃၆၈)

ပြီးပါပြီ။

All Chapters