← Chapters

အခန်း (၃၆၉-၃၇၀)

Vol. 27 Ch. 369-370

အခန်း (၃၆၉-၃၇၀)

Vol. 27 Ch. 369-370

ယွမ်ကျိုး အပိုင်း(၃၆၉) အရောင်သွေးစုံလင်လှသော ခရမ်းရောင် မုတ်ကောင်များ

“ဒီဟင်းကိုကြည့်ရတာ အရသာရှိမယ့်ပုံပဲ”

အမျိုးသားက အသံခပ်တိုးတိုးဖြင့်ပြောသည်။ သူ့ဘေးရှိမိန်းက‌လေးမှာ ခေါင်းလေးအနည်းငယ်ငုံ့သွားရုံမျှ ခေါင်းညိတ်လိုက်ပြီး ပေါ့ပေါ့ပါးပါးပြုံးလိုက်သည်။ အမျိုးသား၏စကားများကို အလွန်အမင်းသ‌ဘောတူထောက်ခံသည့်ပုံပေါ်သည်။

ထိုသို့ခေါင်းညိတ်ပြလိုက်သည်က သူမအားတိတ်တိတ်လေးခိုးကြည့်နေခဲ့သည့် အမျိုးသားအား အလွန်ဝမ်းသာသွား စေသည်။ အနက်ရောင်မျက်မှန်ကိုင်းများ အောက်ရှိ သူ့မျက်နှာမှာ ရှက်ရွံ့မှုကြောင့် နီမြန်းလာတော့သည်။

“စားပါတော့မယ်ခင်ဗျ”

အမျိုးသားက အသက်ပြင်းပြင်းရှုလိုက်ပြီး တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

တစ်ဖက်ရှိ မိန်းကလေးကလည်း အမျိုးသား၏စကားကို တုံ့ပြန်သည့်အနေဖြင့် အလွန်ညင်သာစွာ ခေါင်းညိတ်ပြလိုက်ရာ အခြားသူများအနေဖြင့် တော်ရုံသတိပြုမိမည် မဟုတ်ပေ။ အခြားသူများ၏အမြင်တွင် အမျိုးသားက သူ့ဘာသာပြောနေသကဲ့သို့ပင်။ မိန်းကလေး ခေါင်းညိတ်ပြလိုက်သည်ကလည်း သိပ်မသိသာလှချေ။ သို့သော် သူမကို သီးသန့်စောင့်ကြည့်နေခဲ့သည့် အမျိုးသားအတွက်မူ ထိုအရာကို ဝမ်းမြောက်ဝမ်းသာသတိပြုမိလိုက်သည်။ နှစ်ဦးစလုံး၏ပန်းကန်ပြားများထဲရှိ ဝိုင်ဖြူဖြင့် ချက်ထားသည့် မုတ်ကောင်များမှာ အငွေ့တထောင်းထောင်းထလျက်ရှိ သည်။ မုတ်‌ကောင်များအပေါ်တွင်မူ စိမ်းစိုနေသည့် နံနံပင်များဖြင့် အလှဆင်ထားသည်။ ခရမ်းရောင်ဂုံးခွံများ၏အပေါက်ငယ်လေးဆီမှ လှစ်ဟပြနေသော အရည်ရွှမ်းရွှမ်းအသားများသည် အလွန်အံ့သြဖွယ် လှပနေလျက်ရှိသည်။

“အံ့သြစရာ ခရမ်းရောင်လေးပါလား။ လှလိုက်တာ”

အမျိုးသားက တူများကို ကောက်ယူလိုက်ပြီး မုတ်ကောင်ကို ဟိုဘက်သည်ဘက်လှန်ကြည့်လိုက်သည်။

“ကျွန်တော်သိသလောက်တော့ ခရမ်းရောင်မုတ်ကောင်တွေကို အများအားဖြင့် ပြည်ပကို တင်ပို့ရောင်းချတာတဲ့။ ပြီးတော့ ဒီပြည်နယ်ကထွက်တာလည်း မဟုတ်တော့ စားရခဲတယ်”

ရှက်ဝဲဝဲဖြစ်နေသော အမျိုးသားက သူ့ရှေ့ရှိ ဟင်းကို ကြည့်ရင်း သေချာရှင်းပြနေသည်။

သေချာတာကတော့ သူစကားပြောနေသည်မှာ သူ့ဘေးရှိမိန်းကလေးကိုပင် ဖြစ်ကြောင်း သိသာနေသည်။ မိန်းကလေးက ဘာမှပြန်မဖြေခဲ့သော်လည်း သူ့ဘက်သို့ ခေါင်းလေးစောင်းငဲ့ကာ သေချာနားစွင့်နားထောင်ပုံရသည်။ အမျိုးသားက မိန်းကလေးကို ခိုးကြည့်လိုက်ရာ သေချာနားထောင်နေကြောင်းတွေ့ရသောအခါ သူ့မျက်နှာမှာပို၍ပင် နီလာတော့သည်။ ဒါပေမယ့် သူက သေချာဆက်ရှင်းပြနေဆဲပင်။

“ဒီလိုမုတ်ကောင်မျိုးမှာ အရမ်းလှတဲ့နာမည်လည်း ရှိတယ်။ အရှေ့ပင်လယ်မိန်းမပျိုတဲ့။ ဒါပေမယ့် ဒီနေ့ခေတ် မုတ်ကောင်တွေအားလုံးကတော့ မွေးမြူရေးမုတ်ကောင်တွေဖြစ်နေပြီ”

အမျိုးသားက ကျက်သရေလှသောအမည်ကို သေချာထုတ်ပြောလိုက်ပြီးမှ နောက်ပိုင်းတွင် ထိုမုတ်ကောင်များမှာ အရှေ့ပင်လယ်တွင်သာမက အခြားနေရာများတွင်ပါရှိသည်ကို သတိထားမိရာ အမြန်ထပ်ဖြည့်ပြောလိုက်သည်။

“သေချာတာတော့ သူဌေးယွမ်ရဲ့မုတ်ကောင်တွေက သဘာဝအတိုင်းကြီးလာတဲ့ဟာတွေပဲ ဖြစ်မယ်။ အနံ့က အရမ်းမွှေးနေတာပဲ”

အမျိုးသားက ထိုသို့ပြောပြီးနောက် ဟင်းပွဲကို အနံ့ခံကြည့်နေသည်။

“ဒါ့အပြင် ဒီလိုမျိုး သဘာဝအတိုင်းကြီးပြင်းလာတဲ့ ခရမ်းရောင်မုတ်ကောင်တွေက တော်တော်ရှားတာ။ မွေးမြူရေး မုတ်ကောင်တွေကတော့ သိပ်အရသာမရှိဘူး” အမျိုးသားက သူ့မျက်မှန်ကို ပင့်တင်လိုက်ပြီး အသံခပ်တိုးတိုးဖြင့် ဆက်ပြောသည်။

“သူဌေး၊ ဒီမုတ်ကောင်တွေ ဘယ်ကရလာလဲဆိုတာ ဘုရားပဲ သိမယ်”

အမျိုးသားက အမြန်ရှင်းပြရန် ကြိုးစားနေစဉ် ဆန့်ကျင်ဖက်အနေဖြင့် မိန်းကလေးမှာမူ ပြုံးလျက်ရှိသည်။ အမျိုးသားက မိန်းကလေးကို ပေါ်တင်မကြည့်ဝံ့ပေ။ သူက မကြာခဏဆိုသလို ခိုးခိုးကြည့်ပြီးမှ မမြင်လောက်ဘူးအထင်ဖြင့် တစ်ဖက်သို့ ပြန်လှည့်ကာ ခိုးကြောင်ခိုးဝှက်ပြုံးနေသည်။

“ဒါက သေချာပေါက်အရသာရှိမယ်လို့ ခံစားနေရတယ်။ အခုစားလိုက်တော့မယ်” အမျိုးသားက ပေါ့ပေါ့ပါးပါးထပ်ပြောသည်။ အခွံများနှင့် တူများ ထိတွေ့သံများပေါ်လာရာ စည်းချက်ကျ လှပနေတော့သည်။ မုတ်ကောင်အသားများကို ယွမ်ကျိုး၏အထူးဓားစွမ်းရည်ဖြင့် ကိုင်တွယ်စီမံထားသည်။ ထို့ကြောင့် အမျိုးသားက ထိပ်ပိုင်းရှိ ဆလင်ဒါပုံစံအသားသေးသေးလေးအပါအဝင် အသားဖတ်တစ်ခုလုံးကို အလွယ်တကူ ယူလိုက်နိုင်သည်။ အပြင်ဘက်အလွှာက ရွှေရောင်သန်းနေပြီး အတွင်းဘက်တွင် ဖြူဖွေးနေသောမုတ်ကောင်မှာ အမျိုးသား၏တူနှစ်ချောင်းကြားတွင် ညှပ်လျက်ပါလာသည်။ ထို့နောက် အဖြူရောင်အသားပြုတ်ရည်ပျစ်ပျစ်မှာ တစ်စက်စက်ကျလာသည်။ အသားမှာ လတ်ဆတ်ကာ နူးညံ့မည့်ပုံပေါ်နေသည်။ နှာခေါင်းအတွင်းသို့ ပျံ့ဝင်လာသောအနံ့နှင့်အတူ အခြားအရာအားလုံးကို လျစ်လျူရှုကာ အသားတစ်ဖတ်လုံးကို တစ်ကိုက်တည်း မြိုချလိုက်တော့သည်။ ဤဟင်းမှာ ပါးစပ်အတွင်းသို့ရောက်သည်နှင့် အခြားဟင်းပွဲများနှင့်မတူဘဲ အရသာထက် အထိအတွေ့ကို အရင်ခံစားမိလေသည်။ အလွန်တရာကောင်းမွန်ပြီး နူးညံ့သောခံစားချက်က ပါးစပ်အတွင်း ထွက်ပေါ်လာသည်။ နို့အရသာခပ်ဖျော့ဖျော့နှင့် သံလွင်သီးအရသာအနည်းငယ်တို့မှာ တစ်ခုနှင့်တစ်ခု ပျက်ပြယ်သွားအောင် မလုပ်ပေ။ ထို့အစား မုတ်ကောင်များ၏သဘာဝရနံ့၊ ချိုမြိန်သောအရသာတို့နှင့် လိုက်ဖက်ညီစွာ ပေါင်းစပ်သွားလေတော့သည်။

“ရှလွတ် ရှလွတ်”

အမျိုးသားက ဝါးစားလိုက်စဉ် မုတ်ကောင်များ၏ပင်ကိုယ်အငံအရသာမှာ ပေါက်ထွက်လာပြီး လျှာပေါ်ရှိအရသာဖုများအားလုံးကို လွှမ်းမိုးသွားသည်။ အရည်အချင်းပြည့်ဝပြီး နှိမ့်ချတတ်သည့်တပ်မှူးတစ်ဦးလိုပင် မုတ်ကောင်၏မူလလတ်ဆတ်မှုနှင့် အရသာကို အကောင်းဆုံးဖြစ်အောင် ခင်းကျင်းပြသနေလေသည်။

“အွန်း။ ဒါက အရမ်းအရသာရှိပြီး ချိုမြိန်တဲ့အနံ့နဲ့ ခံစားချက်ကို ပေးနိုင်တယ်”

ဒီတစ်ကြိမ်တွင်မူ အမျိုးသားက မိန်းကလေးဘက်သို့ လှည့်ကာကြည့်ရင်း သေချာပြောလိုက်သည်။ မိန်းကလေးကလည်း တောက်ပသောအကြည့်ဖြင့် ခေါင်းညိတ်ပြလိုက်ကာ စ,စားတော့သည်။ မိန်းကလေးလည်း စပြီး စားနေသည်ကို မြင်လိုက်သောအခါ အမျိုးသားက ထိန်းမထားတော့ဘဲ ဟင်းကို ဆက်စားလေသည်။ တူများမှာ မုတ်ကောင်အခွံများနှင့် ထိသောအခါ လိုက်ဖက်ညီစည်းချက်ကျသည့်သံစဉ်တစ်ခုဖြစ်ပေါ်စေလျက်ရှိသည်။ မိန်းကလေး၏ အပြုံးမျက်နှာနှင့် ပေါင်းဖက်လိုက်သောအခါ မြင်ကွင်းမှာ အလွန်လိုက်ဖက်နေပုံပေါ်သည်။

“အသက်ငယ်ရတာ ကောင်းလိုက်တာ”

ဝူဟိုင်းက သူတို့နှစ်ယောက်ကို လှည့်ကြည့်ကာ သက်ပြင်းချလိုက်သည်။

“မှန်လိုက်လေ။ အသက်ငယ်ရတာ အရမ်းကောင်း”

လင်းဟုန်လည်း ခံစားချက်ဖြင့် သက်ပြင်းချလေသည်။

“မြန်မြန်စားစမ်းပါ။ သက်ပြင်းချနေဖို့ အချိန်ရှိသေးလား။ နောက်မှာ စားမယ့်လူတွေက နင်တို့ကို ငေးကြည့်နေတာ မမြင်ဘူးလား”

ဘေးဘက်ရှိ မန်မန်က ပြုံးကာ ပြောသည်။

“မရဘူး...မရဘူး။ ငါ စားလို့မပြီးသေးဘူးနော်”

ဝူဟိုင်းက ခေါင်းယမ်းသည်။ ထို့နောက် သူက တူများကို ပန်းကန်ထဲရှိ အသားပြုတ်ရည်အတွင်းသို့ နှစ်လိုက်ပြီး စိတ်သက်သာသွားသလို သက်ပြင်းချသည်။

“သူဌေးယွမ်၊ ထမင်းဖြူတစ်ပွဲပေးပါဗျို့”

ဝူဟိုင်းက ကျယ်ကျယ်အော်လိုက်သည်။

“အံမယ်...အသားစားကျူးသူကြီးက ထမင်းဖြူ ပြောင်းစားတော့မလို့လား”

မန်မန်က သူ့အား ရည်ရွယ်ချက်ရှိရှိ စနောက်လေသည်။

“ခဏလေး။ ကျွန်တော့်ကိုလည်း တစ်ပွဲ” လင်းဟုန်ကလည်း နောက်ကျမကျန်ခဲ့လိုပေ။

“နင်တို့က ဘာလို့ ထမင်းဖြူတွေ စားနေတာလဲ”

မန်မန်က ကြောင်တောင်တောင်ဖြစ်နေသည်။ ဝူဟိုင်းက သူ့အာသီသအရ ထမင်းစားတာဖြစ်နိုင်ပေမယ့် အစားအသောက်ဂျီးများသော လင်းဟုန်မှာ ဘယ်တုန်းကမှ ထမင်းဖြူ မမှာဖူးပေ။

“မင်းနောက်တော့သိလာမှာပေါ့”

ဝူဟိုင်းက လျှို့ဝှက်ဆန်းကြယ်စွာ ပြောသည်။ ထိုအချိန်တွင် ယွမ်ကျိုးက သလင်းကျောက်ကဲ့သို့ ဖြူဖွေးသောထမင်းနှစ်ပန်းကန်ကို ကိုယ်တိုင်ယူလာပေးလေသည်။

“ဘတ်”

သူက ထမင်းပန်းကန်တွေကို သူတို့ရှေ့ရှိစားပွဲပေါ်ကို ချပေးလိုက်ရင်း အလေးအနက်ပြောသည်။

“မင်းတို့က ထူးခြားမှုကို နားလည်ပြီး စားတဲ့နေရာမှာလည်း တကယ်တော်သားပဲ”

“ဒါပေါ့။ အဲ့လိုကောင်းကောင်းမသိရင် နေ့တိုင်း ဒီကိုဘာလို့လာစားနေမလဲ။ ငါကအမြင်စူးရှတယ်လေ”

ဝူဟိုင်းက ပုခုံးတွန့်ကာ ချီးကျူးခံထိုက်သလိုပြောသည်။

“အဲ့ဒါ မင်း နေ့တိုင်းပျင်းနေလို့လေ”

လင်းဟုန်က သူ့ပန်းကန်လုံးကို သူ့ဖက်သို့ ဆွဲယူလိုက်ပြီး မထိန်းနိုင်မသိမ်းနိုင် ပြောလိုက်သည်။

“မင်းပြောတာမှန်တယ်။ ပုံဆွဲရမယ့်အချိန်ကို”

ယွမ်ကျိုးက လင်းဟုန်ကို ခေါင်းညိတ်သဘောတူလိုက်သည်။

“ငါ့အနုပညာပြပွဲက ပြီးသွားကာစရှိသေးတာ။ အခုက စိတ်ကူးစိတ်သန်းရဖို့ ပိုလိုနေတာလေ။ အနားလည်းယူရမယ်”

ဝူဟိုင်းက ပြောသည်။

“အပိုတွေ လာလှိမ့်နေတယ်”

ရုတ်တရက်ဆိုသလို ယွမ်ကျိုးက ထိုသို့ပြောလိုက်သည်။

“ဘာရယ်”

ဝူဟိုင်းက နားထောင်ပေမယ့် နားမလည်လိုက်ချေ။ ဘာပဲဖြစ်ဖြစ် သူက နည်းပညာမြင့်ပစ္စည်းတွေကို မကြိုက်ဘဲ ဘာမှမသိတဲ့ယွမ်ကျိုးထက်တောင် ဆိုးသေးသည်။ တကယ်တမ်းတွင် သူ လုံးဝ အသုံးမပြုသလောက်ပင်။ သူ အင်တာနက်သုံးရသည့် ပထမအကြောင်းရင်းမှာ အစားအသောက်ဂရုကို ကြည့်ဖို့ဖြစ်ပြီး ဒုတိယတစ်ခုကတော့ ကျန်းကျဝေနှင့် ဆက်သွယ်ရန်ဖြစ်သည်။

“အမှန်ပဲ။ သူဌေးယွမ်က အမြဲဒက်ကနဲ အဖြေကို တန်းပြောနိုင်တယ်။ မင်းက ဒီအတိုင်းပျင်းနေတာ။ တခြားအကြောင်းပြ ချက်တွေ ရှာမနေနဲ့”

လင်းဟုန်က ရယ်ကာ ပြောသည်။

“သူဌေးယွမ်၊ ကျွန်တော်ထင်တာတော့ ခင်ဗျား အင်တာနက် သိပ်မသုံးတော့ရင် ကောင်းမယ်။ ကြည့်လေ ခင်ဗျား အခု တော်တော်ရိုင်းနေပြီ”

ဝူဟိုင်းက ခါးခါးသီးသီး ပြန်ပြောလိုက်သည်။

“ငါက အချိန်နဲ့အမျှ တိုးတက်နေတာပါ”

ယွမ်ကျိုးက မျက်မှောင်ကြုတ်ကာ အလေးအနက်ပြောသည်။

“ရှင်လုပ်တာ တော်တော်ဟုတ်နေပြီ။ ကိုယ့်ဖောက်သည်တွေ ဘာလိုလဲဆိုတာကို ပိုဂရုစိုက်ပေး။ ဥပမာ ... မရှိမဖြစ် ပြဿနာတွေလိုမျိုး ဆိုင်ဖွင့်ချိန်တိုးတာတို့၊ စားသောက်ဆိုင်ကိုချဲ့တာတို့ ဘာတို့ပေါ့”

မန်မန်က ရောယောင်ဝင်ပြောသည်။

“အဲ့ဒါတွေက ငါ စိတ်တိုင်းကျ လုပ်လို့ရတာမျိုးမဟုတ်ဘူး”

ယွမ်ကျိုးက ရိုးရှင်းစွာ ပြန်ဖြေသည်။

“သူဌေးယွမ်ကို တစ်ခုပြောပြမယ်။ ယောက်ျားဆိုတာ ဘယ်တော့မှ မစွမ်းနိုင်ဘူးမပြောရဘူး”

လင်းဟုန်က မရယ်မိစေရန် ကြိုးစားရင်း ကြင်နာစွာ ပြောသည်။

“မင်း အတွေးလွန်နေပြီ။ ငါ့မှာ six packရှိတယ်”

ယွမ်ကျိုးက ထိုအကြောင်းပြောသည့်အခါတိုင်း အလွန်မာန်တက်လေ့ရှိသည်။ ဟာသပဲ။ သူ့six packအကြောင်း ပြောချင်နေခဲ့ပေမယ့် ပြောဖို့ အခွင့်အရေးမကြုံခဲ့ပေ။ ယခုမူ သူကြုံတွေ့ရသမျှတွင် အကောင်းဆုံးအခွင့်အရေးရောက်လာပြီ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် လင်းဟုန်က သူ့လိုမျိုး မကြာခဏလေ့ကျင့်ခန်း လုပ်ပုံမရသည့် ဒုတိယမျိုးဆက်သူဌေးကြီးဖြစ်သည်။

“ဪ...ဪ ငါ့မှာ ရှစ်ခုရှိတယ်”

လင်းဟုန်က ကာယဗလမောင်ပုံစံ လုပ်ပြလိုက်သည်။

“မင်းပြောတာကို မယုံဘူး”

ထိုသို့ပြောပြီးနောက် ယွမ်ကျိုးက လင်းဟုန်အား ပြန်ပြောရန် အခွင့်အရေးအနည်းငယ်မျှ မပေးဘဲ မျက်နှာသေကြီးဖြင့် တစ်ဖက်သို့ပြန်လှည့်ကာ မီးဖိုခန်းဆီသို့ သွားလေသည်။ သူက ဒီလောက်ခန့်ချောကြီးဖြစ်နေတာတောင် ဗိုက်ကြွက်သားခြောက်ခုပဲရှိသည်။

အဲ့လင်းဟုန်က ဘယ်လိုလုပ် ရှစ်ခုရှိနိုင်ရတာလဲ။ လောကဓမ္မတာနှင့် လုံးဝဆန့်ကျင်နေပြီ။

မီးဖိုခန်းသို့ပြန်ရောက်သောအခါ ရသည့်အားလပ်ချိန်အနည်းငယ်ကို သုံးကာ ဆိုင်ပိတ်မည့်အကြောင်း ဘယ်လိုနားချရမလဲဆိုတာ စတင်တွေးတောတော့သည်။ ဖောက်သည်တွေကို သူ့စိတ်ရင်းအမှန်အားခံစားမိစေရမည့်အပြင် ပြီးပြည့်စုံသည့်တောင်းဆိုချက်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာက မေးခွန်းတစ်ခုပင်။

ယွမ်ကျိုး အပိုင်း(၃၆၉)

ပြီးပါပြီ။

ယွမ်ကျိုး အပိုင်း(၃၇၀) ပြဿနာကြီးတစ်ခု

ဒီပြဿနာကြီးအတွက် ယွမ်ကျိုး နောက်ဆုံးတွင် ညနေပိုင်းမှ သေချာစဉ်းစားရန် ဆုံးဖြတ်လိုက်သည်။ ယခုလောလောဆယ်တော့ စားသုံးသူများ ခံတွင်းမြိန်စေရန် ဟင်းများကို သေချာစေ့စပ်စွာ ချက်ပြုတ်ပေးခြင်းက အရေးကြီးဆုံးကိစ္စဖြစ်နေသည်။ ဆူညံပြီး ပျော်ရွှင်စရာကောင်းတဲ့ ဆိုင်ဖွင့်ချိန်က မကြာမီ ပြီးဆုံးတော့မည်ဖြစ်သည်။ ထိုအချိန်၌ တစ်စုံတစ်ယောက်က ဆိုင်အတွင်းသို့ တစ်ခုခုကို အော်ဟစ်ရင်း ဝင်လာလေသည်။

“ဘာဖြစ်လို့လဲ။ ကျွန်မ ဘာမှမစားရသေးဘူးလေ။ ဘာလို့ ဒီနေ့စားလို့မရဘူးလို့ ရှင်ပြောရတာလဲ။ အဲ့ဒါဘာအဓိပ္ပာယ်လဲရှင့်”

စကပ်တိုတို၊ ကိုယ်ကျပ်အင်္ကျီနှင့် ဒေါက်မြင့်ဖိနပ်စီးထားသောအမျိုးသမီးတစ်ဦးက ခြေလှမ်းကျဲကျဲဖြင့် ဆိုင်အတွင်းသို့ ဝင်လာသည်။

“ကျွန်တော် ခင်ဗျားကို အခုပဲ ရှင်းပြပြီးပြီလေ။ ခင်ဗျားမှာ နံပါတ်စဉ်လက်မှတ်ရှိနေရင်တောင် ကျွန်တော်တို့က ဘယ်သူ့ကိုမှ မစောင့်ဘူးလို့။ ခင်ဗျားကို အဲ့အကြောင်းသတိပေးခဲ့သားပဲ”

အရပ်ရှည်ရှည်၊ ခပ်ပိန်ပိန်အမျိုးသားတစ်ဦးက ထိုအမျိုးသမီးကို ဟန့်တားလိုက်ပြီး ရှင်းပြသည်။ သူ့နဖူးပေါ်တွင် ချွေးများပင်သီးနေသည်။

“ကျွန်မ ဘယ်တုန်းကမှ ဒီလိုဆိုင်မျိုးကို မတွေ့ဖူးဘူး။ ဘယ်လိုလုပ်ပြီး နံပါတ်စဉ်လက်မှတ်က သက်တမ်းကုန်ရတာတုန်း။ ကျွန်မက ဆယ်မိနစ်လေးနောက်ကျသွားတာ။ တခြားဆိုင်တွေဆို နာရီဝက်လောက်စောင့်ပေးကြတာလေ။ ရှင်တို့တစ်ဆိုင်ပဲ ထူးခြားနေတာလား”

အမျိုးသမီးက သူမ၏ဖြူဖွေးသွယ်လျသောလက်ချောင်းများဖြင့် ထိုအရပ်ရှည်ရှည်၊ ခပ်ပိန်ပိန်အမျိုးသားကို လက်ညှိုးထိုးကာ ဒေါသတကြီးပြောတော့သည်။

“စိတ်မရှိနဲ့ဗျာ။ ကျွန်တော်က ဒီဆိုင်ရဲ့ဝန်ထမ်း မဟုတ်ဘူး။ ဒီအတိုင်းစေတနာ့ဝန်ထမ်းလုပ်ပြီး ဝင်ကူညီပေးတာ။ ကျွန်တော်တို့သာ ခင်ဗျားကို စောင့်ရမယ်ဆို နောက်လူတွေက ပိုပြီးဝင်စားခွင့်မရဖြစ်သွားလိမ့်မယ်။ အဲ့ဒါကြောင့် ခင်ဗျားထွက်မသွားခင်က ကျွန်တော်တို့သတိပေးလိုက်သားပဲ။ ဒါ့အပြင် ခင်ဗျားအရောက်လာရမယ့်အချိန်ကိုလည်း လက်မှတ်ပေါ်မှာ ပြထားတယ်လေ”

အရပ်ရှည်ရှည်၊ ခပ်ပိန်ပိန်အမျိုးသားက ထရပ်ကာ အခိုင်အမာပြောသည်။

“အဲ့ဒါတွေ ကျွန်မ မသိဘူး။ ကျွန်မ ဒီကိုလာတာ သူများတွေကညွှန်းလို့။ အဲ့လိုမဟုတ်ရင် ဒီလောက်ညစ်ပတ်စုတ်ပြတ်တဲ့နေရာကို ဘယ်သူက လာစားမလဲ”

ထိုသို့ပြောရင်းနှင့် အမျိုးသမီးက ရွံရှာသည့်အမူအရာကို ထုတ်ပြလာသည်။

“စိတ်မရှိပါနဲ့ခင်ဗျာ။ နောက်ကျမှရောက်တဲ့လူကို မစောင့်တာ ကျွန်တော့်စည်းကမ်းပါ။ ကျေးဇူးပါခင်ဗျာ”

ထိုအချိန်တွင် ယွမ်ကျိုးက ဟင်းပွဲများလာချရင်း ထိုသို့ပြောလိုက်သည်။ ယွမ်ကျိုးက လုံးဝမထူးခြားသောအသံဖြင့် တည်တည်ငြိမ်ငြိမ်ပြောသည်။ အမျိုးသမီးက ယွမ်ကျိုးအား ပြန်လည်းမဖြေ၊ မျက်စိပင် ဝေ့မကြည့်ခဲ့ချေ။ သူမက ထိုအရပ်ရှည်ရှည်၊ ခပ်ပိန်ပိန်အမျိုးသားဘက်သို့သာ လှည့်ကာ ဆက်အော် ပြောနေတော့သည်။

အဘယ့်ကြောင့်ဆိုသော် ယွမ်ကျိုးက ကြည့်လိုက်သည်နှင့် စားဖိုမှူးတစ်ဦးမှန်းသိသာနေပြီး ဆန့်ကျင်ဘက်အနေဖြင့် ထိုအမျိုးသားမှာမူ ဤကဲ့သို့ကိစ္စများကို ကိုင်တွယ်ဖြေရှင်းပေးရသည့်လူနှင့် တူနေလေသည်။ ဘာပဲဖြစ်ဖြစ် အဆင့်မြင့်ဟိုတယ်များရှိ ခေါင်းဆောင်စားဖိုမှူးကသာ ထိုသို့ဝင်ဖြေရှင်းလေ့ရှိရာ အခြားနေရာများတွင်မူ စားဖိုမှူးက ဟင်းချက်သည်မှလွဲ၍ အခြားတာဝန်မရှိပေ။

“ဒီစားဖိုမှူးလေးက တော်တော်လျှာရှည်တာပဲ။ ပြောပါဦး၊ ရှင်က ကျွန်မကို ဘယ်လိုပြန်လျော်ပေးမလဲဆိုတာ”

အမျိုးသမီးက မကျေမနပ် နှာခေါင်းရှုံ့လိုက်ပြီး အရပ်ရှည်ရှည်၊ ခပ်ပိန်ပိန်အမျိုးသားကို ပြောသည်။

“စိတ်မရှိပါနဲ့ အစ်မ။ ခင်ဗျား ဘာလို့စားလို့မရဘူးလဲဆိုတာ ကျွန်တော် ရှင်းအောင်ပြောပြပြီးပြီ။ အခုလို ကျိုးကြောင်းမသင့်တဲ့ကိစ္စတွေနဲ့ ကျွန်တော်တို့ကို လာမရှုပ်ပါနဲ့တော့” အမျိုးသားက ယဉ်ကျေးမှုအရ ပြုံးပြခြင်းမရှိတော့ဘဲ ဂရုမစိုက်တဲ့ပုံစံဖြင့် ပြောလိုက်သည်။

“နှစ်တိုင်း ကြောင်တောင်တောင်လူတွေပေါ်လာတယ်။ ဒါပေမယ့် ဒီနှစ်တော့ ပိုများတဲ့ပုံပဲ”

လင်းဟုန်က အမျိုးသမီးကို စပ်စပ်စုစု လှမ်းကြည့်လိုက်သည်။

“ဦးနှောက်ဆိုတာ ရှိကောင်းတဲ့အရာ။ သနားစရာကောင်းတာက လူတော်တော်များများမှာ ပါမလာကြဘူး”

မန်မန်က အသံတိုးတိုးဖြင့် ပြောသည်။

“အစ်မ၊ ကျွန်တော်တို့အပြင်ထွက်ပြီး ဖြေရှင်းလို့ရပါတယ်”

ဝူဟိုင်းက ရုတ်တရက် ထရပ်လိုက်ပြီး ထိုသို့ပြောသည်။

“ဟုတ်တယ်။ အပြင်ထွက်ပြီး ဖြေရှင်းကြတာပေါ့”

လင်းဟုန်က ချက်ချင်းသဘောပေါက်ပြီး မျက်စပစ်ပြလိုက်ကာ သံယောင်လိုက်ပြောသည်။

“ဘာလဲ။ ကျွန်မကြောင့် ဈေးမရောင်းရမှာစိုးလို့လား။ မရဘူးနော်။ ဖြေရှင်းမပြီးမချင်း ဒီမှာပဲနေမယ်”

အမျိုးသမီးက သူတို့ကို လှောင်ပြောင်ပြောလိုက်ပြီး ထိုနေရာတွင်သာ ရပ်မြဲရပ်နေသည်။

“အဲ့လိုမဟုတ်ပါဘူး။ ခင်ဗျားကြောင့် ကျွန်တော်တို့အစားအသောက်ကောင်းလေးတွေ အရသာခံနေတာ ပျက်သွားမှာစိုးလို့ပါ။ ပူးပေါင်းဆောင်ရွက်ပေးလို့ ကျေးဇူးတင်ပါတယ်”

ယွမ်ကျိုးက ချက်ချင်းပြောလိုက်ပြီး “ကျေးဇူးပြုပြီး ထွက်သွားပေးပါ”ဟူသည့် အမူအရာမျိုးပြလိုက်သည်။

“ကျွန်မ လက်သင့်ခံနိုင်လောက်တဲ့ဖြေရှင်းချက်မပေးမချင်း ဒီကမသွားဘူး” အမျိုးသမီးက “ရှင်ဘာလုပ်ချင်လဲ”ဟူသည့်အမူအရာဖြင့် ရှိနေသည်။

“အခုလို စိတ်အနှောင့်အယှက်ဖြစ်ရတာ စိတ်မရှိပါနဲ့ခင်ဗျာ”

ယွမ်ကျိုးက အနည်းငယ်ဦးညွတ်လိုက်ပြီး ဆိုင်ထဲရှိစားသုံးသူများကို တောင်းပန်လိုက်သည်။

“ကိစ္စမရှိပါဘူး။ ရှင့်အမှားမှ မဟုတ်တာ”

မန်မန်က ချက်ချင်း ပြန်ဖြေသည်။

“ဟုတ်တယ်။ တောင်းပန်ဖို့မလိုဘူး သူဌေးယွမ်”

ကျွမ်းရှင်းမူက မုတ်ကောင်အသားကို မြိုချလိုက်ပြီး မြန်မြန်ပြောသည်။ တစ်ချိန်ထဲမှာပင် သူမက ဝူကျိုး၏လက်ကိုလည်း ဆွဲကာအချက်ပြလိုက်သေးသည်။

“ဟုတ်တယ်။ အကြောင်းပြချက်မရှိ လျှောက်ပြောနေတဲ့သူကို ဂရုစိုက်မနေနဲ့”

ဝူကျိုးက ခေါင်းတဆတ်ဆတ်ညိတ်ကာ ပြောသည်။

“ကိစ္စမရှိပါဘူး။ သူဌေးယွမ်က ဟင်းပွဲပြင်တဲ့နေရာမှာပဲ အာရုံစိုက်ပါ။ ကျွန်တော်တို့စားဖို့စောင့်နေတယ်”

ဒီကိစ္စကို အလေးအနက်ထားရမည့်အစား စားသုံးသူတစ်ဦးက စ,နောက်လိုက်သည်။

“ဟုတ်ကဲ့ပါခင်ဗျာ”

ယွမ်ကျိုး‌က ခေါင်းညိတ်ပြသည်။

“ကျွန်တော် ဒီည အသားကင်ရောင်းပါမယ်။ ခင်ဗျားတို့ အကုန်လုံး လာရောက်မြည်းစမ်းဖို့ ဖိတ်ခေါ်ပါတယ်ဗျ”

ချက်ချင်း စဉ်းစားလိုက်ပြီး ယွမ်ကျိုးက ဆက်ပြောသည်။

“မိုက်တယ်”

စားသုံးသူများအားလုံး ဝမ်းသာသွားကြသည်။ ယခုမူ အားလုံးက အသားကင်စားဖို့ မျှော်လင့်နေကြပေသည်။ ဟာသပဲ။ အသားကင်က ကံကောင်းထောက်မလို့ ရောင်းခြင်းဖြစ်သည်။ အသားကင်စားရဖို့အတွက် စားသုံးသူများမှာ ယွမ်ကျိုးအသားကင်ရောင်း၊ မရောင်း သိရန် မိုးရွာသည့်နေ့များတွင်ပင် အပြင်ထွက်သည့် အလေ့အကျင့်ရသွားခဲ့ကြသည်။ ဒီနေ့ မိုးမရွာသော်လည်း အသားကင်ကတော့ သူတို့အတွက် နှစ်သက်ဖွယ်ဟင်းပွဲဖြစ်သည်။ ထိုသို့ပြောပြီးနောက် ယွမ်ကျိုးက မီးဖိုခန်းထဲကမှ ထွက်လာပြီး အမျိုးသမီးဆီသို့ သွားလိုက်သည်။

ထို့နောက် သူမကို တည်တည်ငြိမ်ငြိမ်ဖြင့် “ကျွန်တော့်စားသောက်ဆိုင်က စည်းကမ်းတွေအကုန်လုံးကို နံရံပေါ်မှာ ကြိုရေးထားပါတယ်။ ခင်ဗျား သံသယရှိတယ်ဆိုရင် သိချင်တာမေးလိုက်လို့ရတယ်။ ဒါပေမယ့် အလိုက်ကမ်းဆိုးမသိတဲ့အပြုအမူမျိုးကိုတော့ ခွင့်မပြုပါဘူး”

ယုံကြည်ချက်ရှိခြင်းသည် လူတစ်ယောက်ဖြစ်တည်ရန်အတွက် အကောင်းဆုံးလက်နက်ဖြစ်သည်။ ထို့ကြောင့် ယွမ်ကျိုးက လွှမ်းမိုးတတ်သည့်အမူအရာနှင့် တားဆီးနိုင်စွမ်းကို ထုတ်ဖော်ပြကာ ပြောဆိုလိုက်သည်။

“ဘာလဲ။ ရှင်က ကျိုးသင့်ကြောင်းသင့်မလုပ်ချင်လို့လား”

အမျိုးသမီးက နောက်သို့ အနည်းငယ်ယိုင်သွားကာ စိတ်တိုတိုနှင့် ပြောသည်။

“ခင်ဗျားကို ကျွန်တော်တို့နဲ့ လိုက်ခဲ့ဖို့ပြောသားပဲ။ အကြောင်းပြချက်ပေးမယ်လေ။ ရလား”

အခုမှစားပြီးသွားသော စုမူက ထပ်ရပ်ပြီး ဟာသလုပ်လိုက်သည်။

“ကောင်းပြီ။ သွားကြတာပေါ့”

တခြားစားသုံးသူများ၏စိတ်အနှောင့်အယှက်ဖြစ်သောအမူအရာများနှင့် လူအများကို ကြည့်ကာ အမျိုးသမီးက ထိုတောင်းဆိုချက်ကို သဘောတူလိုက်လေသည်။

“အခုလို ပူးပေါင်းပေးလို့ ကျေးဇူးတင်ပါတယ်”

ယွမ်ကျိုးက ခေါင်းညိတ်ပြသည်။ သူ့မျက်နှာအမူအရာမှာမူ အမျိုးသမီးကို ရင်ဆိုင်စဉ်ကကဲ့သို့ တည်ငြိမ်နေဆဲဖြစ်သည်။

“ခင်ဗျား သွားဖို့မလိုဘူး။ ကျွန်တော်တို့လုပ်လိုက်မယ်”

လင်းဟုန်က ယွမ်ကျိုးကို တားလိုက်သည်။

“ခင်ဗျားအလုပ်က ချက်ဖို့ပဲ”

ဝူဟိုင်းက သူ့နှုတ်ခမ်းမွေးလေးကို သပ်ရင်း မီးဖိုခန်းဘက်သို့ ညွှန်ပြကာ ပြောသည်။

“သွားလေ။ မီးဖိုခန်းကမှ ခင်ဗျားရဲ့ စစ်မြေပြင်ပဲ”

စုမူက ပြုံးရင်း စ,နောက်လိုက်သည်။

ယွမ်ကျိုးက ခဏလောက်တုံ့ဆိုင်းနေပြီးမှ ပျော့ပျောင်းသောအမူအရာဖြင့် “ကျေးဇူးပဲ”

ဟု ပြောလိုက်သည်။ ထို့နောက် သူက မီးဖိုခန်းဘက်သို့ ပျော့ပျောင်းသောမျက်နှာထားဖြင့် ပြန်ဝင်သွားကာ ချက်ပြုတ်နေလေတော့သည်။ ကျန်ရှိနေသော နေ့လယ်စာရောင်းချိန်အတွက် သေချာချက်ပြုတ်ရဦးပေမည်။

“မင်းဘာပြင်ထားလဲ”

ဝူဟိုင်းက မျက်မှောင်ကြုတ်ကာ ကျန်းကျဝေကို ဒီနေရာသို့ ခေါ်ပြီး ပြဿနာကို ဖြေရှင်းပေးစေချင်ခဲ့သည်။ ဤကိစ္စမျိုးတွင် သူ တကယ်အတွေ့အကြုံမရှိပေ။

“ရှေ့နေလေ၊ ပြည်သူ့ရှေ့နေ။ အဲ့လိုစကားအများကြီးပြောရတာကိုက သူ့စရိုက်တွေထဲက တစ်ခုလေ”

စုမူက ဂုဏ်ယူဝင့်ကြွားစွာ ပြုံးသည်။

“ကျွန်မအစ်ကိုပြောတာက ရှေ့နေကျင်းဝေ့ကျင်း။ သူက အကြောင်းအရာတစ်ခုကို စကားအခွန်းတစ်ဒါဇင်လောက် ပြောနိုင်တယ်”

စုယွဲ့ရှန်းက ဆက်ပြောသည်။ သူမက ထိုကြောက်စရာအဖြစ်အပျက်ဆိုးအကြောင်းကို မှတ်မိလျက်ရှိသေးရာ မနေနိုင်ဘဲ တုန်ရီနေသည်။

“ဒါ့အပြင် သူက ဆယ့်နှစ်ခါ‌လောက် ထပ်ခါ၊ ထပ်ခါပြောနိုင်တာနော်”

စုမူကလည်း ထိုသို့ပြောရင်းနှင့်ပင် အံကြိတ် လိုက်သည်။

“အဲ့ဒါဆို ငါမလိုတော့ဘူးပေါ့နော်”

ဘေးဖက်ရှိ လင်းဟုန်က သူတို့ပြောသည်ကို ပေါ့ပေါ့ပါးပါးနားထောင်နေသည်။

“ဆုတောင်းလေ။ တန်းစီဖို့အတွက် စီမံခန့်ခွဲရေးကော်မတီတစ်ခုသာ ထောင်ရအောင်ပါ” မန်မန်က ဦးဆောင်ကောင်းသူတစ်ဦးဖြစ်သည်။ သူမက ပါးစပ်ဟလိုက်သည်နှင့် ထိုသို့ပြောလိုက်လေသည်။

“တန်းစီဖို့ကော်မတီ”

လူများက တအံ့တသြဖြင့် တစ်လေသံတည်းမေးလာကြသည်။ မန်မန်က သူမဖုန်းကို ဖွင့်ကာ မကြာသေးမီရက်ပိုင်းအတွင်းက သူမစီစဉ်ရေးဆွဲနေသော စီမံချက်တစ်ခုကို သူတို့အား ပြလိုက်သည်။ အဖြစ်အပျက်ကို လျင်မြန်စွာ ဖြေရှင်းပြီးသွားသည်။ ယွမ်ကျိုး၏ဆိုင်ဖွင့်ချိန် ကုန်သွားသည်နှင့်တစ်ပြိုင်နက် ဝူဟိုင်းက ပြဿနာကို ဖြေရှင်းပြီးပြီဖြစ်ကြောင်း အသိပေးလာသည်။

ဝူဟိုင်းက ပြဿနာကို ဘယ်လိုဖြေရှင်းလိုက်လဲဆိုတာနှင့် ပတ်သက်ပြီး အများကြီးမပြောပြခဲ့ဘဲ အမျိုးသမီးက သူဌေးယွမ်စားသောက်ဆိုင်၏စည်းမျဉ်းစည်းကမ်းများကို သဘောတူသွားပြီဖြစ်ကြောင်းသာ ပြောပြခဲ့သည်။ ထိုအမျိုးသမီးသဘောတူအောင် သူတို့ဘယ်လိုလုပ်ခဲ့သလဲဆိုတာ ယွမ်ကျိုးဘာမှမသိပေ။ ဝူဟိုင်းက ရှေ့နေကျင်း၏ အင်တိုက်အားတိုက်နှင့် မရပ်မနားပြောနေသည့်စကားများကြောင့် ထိုအမျိုးသမီးမှာ ချက်ချင်းမူးဝေသွားရကြောင်း သူတို့အား ပြောပြမည်မဟုတ်ပေ။ အမျိုးသမီးမှာ သူ ဘာတွေပြောနေလဲဆိုတာမသိဘဲ ထိုနေရာမှ ထွက်သွားချင်စိတ်သာ ရှိတော့သည်။ ဘာပဲဖြစ်ဖြစ် ဘယ်သူကမှ စကားတစ်ခွန်းကို ထပ်ခါတလဲလဲပြောနေခြင်းကြောင့် စိတ်ထိခိုက်တာမျိုး မဖြစ်လိုကြပေ။

ယွမ်ကျိုးက သူတို့ကိုကျေးဇူးတင်ကြောင်းထပ်ပြောလိုက်ပြီး အပေါ်ထပ်သို့တက်ကာ ပျော်ပျော်ရွှင်ရွှင်ဖြင့် ခြေလက်ဆေးကြောပြီး အဝတ်အစားလဲလေသည်။ ချစ်စရာကောင်းသောစားသုံးသူများကြောင့် ယွမ်ကျိုးမှာ သူ တော်တော်ကံကောင်းကြောင်းခံစားလိုက်ရရာ တိုက်ခန်းသွားဝယ်ရန် ပြင်လိုက်သည်။

“အရောင်းစာရေးမလှလှလေးနဲ့ ငါတွေ့နေဦးမလား။ လူတွေက ငါ့ကို အထင်သေးသလိုကြည့်ကြဦးမလား။ သူများတွေ ပြောကြသလို မျက်နှာဖြတ်ရိုက်တဲ့ပုံစံတွေ ကြုံရင် ကြုံနေဦးမယ်”

ယွမ်ကျိုးက ရွှေ‌ရောင်ကတ်လေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ရင်း ပျော်ရွှင်စွာ တွေးနေသည်။

ယွမ်ကျိုး အပိုင်း(၃၇၀)

ပြီးပါပြီ။

All Chapters