အခန်း (၃၈၁-၃၈၂)
Vol. 29 Ch. 381-382
ယွမ်ကျိုး အပိုင်း(၃၈၁) သုညကနေ စခဲ့သည့်အရသာ
“ထင်တဲ့အတိုင်း ဆိုင်ဖွင့်သားပဲ။ သူဌေးယွမ်က ကတိတည်မယ်ဆိုတာ သိပြီးသားကွ”
စားသုံးသူတစ်ဦးက လက်ထဲတွင် နံပါတ်စဉ်လက်မှတ်ကို ကိုင်ထားကာ စိတ်လှုပ်ရှားစွာပြောသည်။
“ဘာမှအထူးအဆန်းမဟုတ်တာကို။ သံလိုက်အိမ်မြှောင်က ဘာကြောင့်သံလိုက်အိမ်မြှောင်ဖြစ်နေရလဲဆိုရင် သူ့ကတိကို သူ အမြဲတည်လို့လေ”
ဝူဟိုင်းက ပုခုံးတွန့်လိုက်ပြီး အခြေအနေကို အသားကျနေသလိုမျိုး စားသောက်ဆိုင်ထဲသို့ ဝင်သွားသည်။
“အားလုံးနားထောင်ပေးကြပါ။ ပထမဦးဆုံး အယောက်နှစ်ဆယ် အထဲကို ဝင်လာလို့ ရပါပြီရှင့်”
ကျိုကျာက စားသုံးသူများကို အပြုံးလေးဖြင့် နှုတ်ဆက်ရင်း ပြောလိုက်သည်။
“မိုက်တယ်။ ငါတို့သူဌေးယွမ်ရဲ့ မနက်စာကို နောက်တစ်ခေါက် ထပ်စားခွင့်ရပြန်ပြီ” ကာတွန်းစွဲလမ်းနေသည့် မိန်းကလေးနှစ်ဦးက တစ်ပြိုင်နက်တည်း ပြောလိုက်ကြသည်။
“ဟိုင်း...မတွေ့တာကြာပြီနော်” စားသောက်ဆိုင်ထဲသို့ ယင်ယာဝင်လိုက်သည်နှင့် ယွမ်ကျိုးကို နှုတ်ဆက်လိုက်သည်။
“ဟိုင်း...သူဌေးယွမ်။ ကျွန်မ ထပ်လာတယ်နော်”
တန်ရှီကလည်း ယွမ်ကျိုးကို ချစ်စဖွယ်အမူအရာနှင့် လက်ဝှေ့ယမ်းပြကာ နှုတ်ဆက်သည်။
“နောက်ဆုံးတော့ သူဌေးယွမ်ပြန်လာပြီ။ ကျွန်တော့်ပိုက်ဆံအိတ်လေးက မစောင့်ဖြစ်နေတာ”
ဘေးဖက်ရှိစားသုံးသူတစ်ဦးက မနေနိုင်၊ မထိုင်နိုင် ဝင်စနောက်လိုက်သည်။
“အင်း...မင်္ဂလာနံနက်ခင်းပါဗျ”
ယွမ်ကျိုးက ခေါင်းတစ်ချက်ညိတ်ပြပြီးနောက် အရင်ဆုံး ပြန်နှုတ်ဆက်လိုက်ပြီး ဆက်ပြောသည်။
“နွေဦးစမ်းရေမန်ထို လို့ ခေါ်တဲ့ဟင်းပွဲအသစ်ကို ဒီနေ့ရောင်းမှာပါဗျ”
“ဝိုး...ရှင် ပြန်လာတာနဲ့ ကျွန်မတို့က ဟင်းပွဲအသစ်စားရတာဆိုတော့ ကံကောင်းတာပဲ” ယင်ယာက ပြုံးလျက် ပြောသည်။
“ငါတို့ တကယ် ကံကောင်းတာပဲ။ ကျွန်တော့်ကို တစ်ပွဲပေးပါ”
ပွင့်လင်းရိုးသားတဲ့ဝူဟိုင်းက သူ့နှုတ်ခမ်းမွှေးကိုသပ်ကာ တဲ့တိုးပြောလိုက်သည်။
“ကျွန်တော့်ကို အရင်ဆုံးတစ်ပွဲပေး”
ဝူဟိုင်းမှာလိုက်သည်နှင့် အခြားစားသုံးသူများလည်း အလိုအလျောက် လှုပ်လှုပ်ရှားရှားဖြစ်လာကြသည်။ မနက်စာစားချိန်ဖြစ်ရာ ပွဲတစ်ရာသာ ရနိုင်လေသည်။
“ကျွန်မရောပဲ”
ယင်ယာက ထိုင်ချကာ ယွမ်ကျိုးကို ပြောလိုက်သည်။
“ကောင်းပြီ။ ခဏလောက် စောင့်ပေးကြပါဦး”
ယွမ်ကျိုးက ခေါင်းညိတ်ကာ အငွေ့တထောင်းထောင်းထနေသော အိုးပေါ်မှ စိမ်းစိုလှသည့်ပေါင်းဆံများကို ထုတ်ကာ ဟင်းပွဲများကို တစ်ခုချင်း တည်ခင်းပေးနေသည့် ကျိုကျာ၏အနားသို့ ချပေးလိုက်လေသည်။
“အားလုံးနားထောင်ကြပါ။ မီနူးမှာ ပြထားတဲ့ပမာဏအတိုင်း ငွေအရင်ပေးချေရပါမယ်နော်။ ဟင်းတွေကို အခု လာချပေးပါတော့မယ်ရှင့်”
ကျိုကျာက အချိန်အခါသင့်ပြောလိုက်သည်။
“မှာထားတာ ဒီမှာရပါပြီဗျ”
ယွမ်ကျိုးက ယင်ယာထံသို့ ထုံးစံအတိုင်း ချက်ချင်း ယူသွားပေးလိုက်သည်။
“ကျေးဇူးပါ”
ယင်ယာက သူမ၏မျက်နှာဖွေးဖွေးလေးပေါ်တွင် ရှက်သွေးလေးများဖြာသွားရင်း ပြောသည်။
“ကျွတ်စ်...ကျွတ်စ်။ ဒီနေ့ မန်ထိုတောင် ပန်းရောင်ဖြစ်နေတာ မထူးဆန်းတော့ပါဘူး”
ဘေးဖက်ရှိဝူဟိုင်းက အဓိပ္ပါယ်အမျိုးမျိုးနဲ့ ပြည့်နေတဲ့အကြည့်ဖြင့် ပြောလိုက်လေသည်။
“ဒီအရောင်လေးက အရမ်းလှတာပဲ။ သူဌေးယွမ်က အရမ်းတော်တယ်။ အံ့သြစရာပန်းရောင်မန်ထိုပေါက်စီလှလှလေး”
ကာတွန်းကားကြိုက်သည့်မိန်းကလေးက လက်နှစ်ဖက်ဖြင့် မေးထောက်ကာ သူမ၏ရှေ့ရှိ လုံးလုံးဖောင်းဖောင်းချစ်စရာမန်ထိုလေးအား မြတ်နိုးသလိုကြည့်ကာ ပြောသည်။
“ဟမ်...ပန်းရောင်မန်ထိုပေါက်စီလား” ယင်ယာက သိချင်စိတ်ဖြင့် ပေါင်းဆံအား ဖွင့်လိုက်သည်။ ပေါင်းဆံအတွင်းထဲ၌ တကယ်ပင် ပန်းရောင်မန်ထိုပေါက်စီခြောက်လုံး ရှိနေလေသည်။ အရင်က ရောင်းချခဲ့ဖူးသည့် အလွှာတစ်ထောင်မန်ထိုပေါက်စီနှင့် မတူသည်က ထိုပန်းရောင်မန်ထိုမှာ လုံးလုံးဝိုင်းဝိုင်းနှင့် ဖောင်းဖောင်းအိအိလေး ဖြစ်နေခြင်းပင်။ ဝါးဖြင့် လုပ်ထားသည့်ပေါင်းဆံ၏အပြင်ဖက်ရှိ စိမ်းစိမ်းစိုစိုအရောင်နှင့် ဆန့်ကျင်ဘက်အနေဖြင့် မန်ထိုပေါက်စီလေးများမှာ ချစ်စရာကောင်းသလို လှလည်းလှပေသည်။ ချောမွေ့သောမန်ထိုပေါက်စီ၏အပြင်လွှာမှာ ပန်းရောင်အလင်းတန်း ထုတ်လွှတ်နေသကဲ့သို့ပင် ရှိနေသည်။
“တော်တော်ထူးဆန်းတဲ့အရောင်ပဲ။ ဒါပေမယ့် အနုပညာလက်ရာတစ်ခုလို ကြည့်လို့လည်း တော်တော်ကောင်းတယ်”
ယင်ယာက လက်ညှိုးဖြင့် စပ်စပ်စုစုထိုးကြည့်လိုက်သည်။ မန်ထိုပေါက်စီလေးမှာ လက်ညှိုးဖြင့် ထိုးခံလိုက်ရသော်လည်း ပုံမှန်အနေအထားသို့ ပြန်ဖောင်းသွားကာ ချောမွေ့သောမျက်နှာပြင်တွေ အရာသေးသေးလေးတစ်ခုသာ ကျန်ရစ်ခဲ့လေသည်။
“အနုပညာလက်ရာတစ်လို မန်ထိုပေါက်စီရဲ့အရသာက ဘယ်လိုပါလိမ့်”
ယင်ယာက တော်တော်သိချင်လာသည်။ ကာတွန်းကားကြိုက်သူမိန်းကလေးမှာလည်း ပိုပြီးသိချင်လာရာ မန်ထိုပေါက်စီကို စိတ်မရှည်စွာ တစ်ဝက်လောက် ကိုက်ချလိုက်သည်။ သူမ ကိုက်လိုက်သည့်အပိုင်းမှာ နဂိုမူလ၏(၈၀)ရာခိုင်နှုန်းခန့် ခပ်ဖောင်းဖောင်းအနေအထားသို့ ခဏအတွင်းပြန်ရောက်သွားသည်။
ယခုအချိန်တွင် မန်ထိုပေါက်စီ၏အတွင်းပိုင်းအရောင်မှာ ချယ်ရီပန်းရောင်ဖြစ်သည်ကို လူတိုင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ကြရသည်။ အတွင်းပိုင်းရှိ လေခိုသည့် အပေါက်လေးများရှိတာတောင် လုံးဝရုပ်ဆိုးမနေဘဲ သေသပ်လှပပြီး ဂျုံနံ့ခပ်ဖျော့ဖျော့ပါ ထုတ်လွှတ်ပေးနေသလိုပင်။ မန်ထိုပေါက်စီကို ဝါးလိုက်သည်နှင့် အမျိုးအမည်မသိသည့် ခပ်ဖျော့ဖျော့အနံ့လေးတစ်ခုမှာ သူမ၏ပါးစပ်အတွင်း၌ ပျံ့နှံ့ သွားသည်။ ဝါးပြီးသည်နှင့် အချိုအရသာနှင့် ရနံ့တို့မှာ အလွှာအသီးသီးဆီသို့ ဖြည်းဖြည်းချင်း ပျံ့နှံ့သွားလေသည်။ ပါးစပ်ထဲတွင် လတ်လတ်ဆတ်ဆတ်ဝါးနေရသည့် ခံစားချက်ကြောင့်သာ မဟုတ်ပါက သူမကိုယ်သူမ ရနံ့သင်းသည့်ပန်းတစ်ပွင့်ကို စားနေသည်ဟု ထင်မှတ်မိမည် ဖြစ်သည်။
မန်ထိုပေါက်စီမှာ ဝါးလို့ကောင်းသည့်အပြင် အလွန်လည်း နူးညံ့နေသေးသည်။ မတူညီသော အထိအတွေ့နှစ်ခုမှာ အတွင်းပိုင်းရှိ ဂျုံရနံ့၊ စမ်းရေ၏ချိုမြသောအရသာတို့နှင့် ပေါင်းစည်းသွားရာ လွန်စွာအရသာရှိလှသဖြင့် မိန်းကလေးနှစ်ဦးမှာ အခြားသူများနားမလည်နိုင်သည့် စကားများဖြင့် ထပ်ကာ၊ ထပ်ကာချီးကျူးကြလေတော့သည်။
“အရမ်းအရသာရှိတာပဲ။ သူဌေးယွမ်က ဘယ်အချိန်ဖြစ်ဖြစ် အရမ်းမိုက်တယ်။ ဟင်းပွဲတွေက လှလည်းလှတယ်။ အရသာလည်းရှိတယ်”
မိန်းကလေးက မန်ထိုပေါက်စီတစ်ဝက်ကို စားပြီးနောက် ချက်ချင်းဆိုသလို ချီးကျူးကာ ကျန်တစ်ဝက်ကို ဆက်စားနေသည်။ကျန်သည့် မန်ထိုပေါက်စီတစ်ဝက်မှာလည်း ယခုလေးတင်စားလိုက်သည့် တစ်ဝက်နှင့် တစ်ထပ်တည်း အတိအကျတူလေသည်။ နူးညံ့တဲ့ဂျုံသားက ဂျုံရနံ့တချို့ကို သယ်ဆောင်ထားပြီး စမ်းရေ၏ ချိုမြိန်မှုကိုလည်း ပေးစွမ်းလေသည်။ စားပြီးရင်း၊ စားချင်လာကာ လူအများကို မရပ်တန်းစားချင်စိတ်ကို ဖြစ်ပေါ်စေသည်။
မန်ထိုပေါက်စီသုံးလုံးစားပြီးနောက် ဆံပင်ရှည်ရှည်၊ မျက်နှာဝိုင်းဝိုင်းနှင့် မိန်းကလေးက တစ်ခုခုမှားနေကြောင်း သတိထားမိသွားသည်။
“မန်ထိုပေါက်စီက တစ်ခုခုမှားနေသလို ခံစားရလား”
မိန်းကလေးတစ်ယောက်က အခြားတစ်ယောက်ကို ဆွဲကာ မေးလိုက်သည်။
“ငါလည်း အဲ့လိုထင်တယ်”
တခြားမိန်းကလေးတစ်ဦးကလည်း မန်ထိုပေါက်စီကို ဝါးနေရင်းဖြင့်ပင် ခေါင်းညိတ်ပြသည်။
“ဘာများပါလိမ့်”
မေးလိုက်သောမိန်းကလေးက စားနေသည်ကိုတော့ လုံးဝမရပ်ခဲ့ပေ။ နောက်တစ်လုံးကိုပင် ယူလိုက်ကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ဆာကူရာမန်ထိုဆိုသည့်နာမည်မှာ သူတို့ဘာသာ ပေးထားခြင်းဖြစ်သည်။ သူတို့အမြင်တွင် မန်ထိုပေါက်စီမှာ ဆာကူရာပန်းပွင့်ဖတ်ကြီးတစ်ခုနှင့် တူနေ၍ ဖြစ်သည်။
“သိပြီ”
သူမ၏ပါးစပ်အတွင်းသို့ မန်ထိုပေါက်စီ ရောက်သွားသည်နှင့် မိန်းကလေးက ဗလုံးဗထွေးဖြင့် ပြောလိုက်သည်။
“ဘာလဲ”
နောက်တစ်ဦးက ပေါက်စီကိုက်လက်စတန်းလန်းဖြင့် သူမ၏သူငယ်ချင်းဘက်သို့ လှည့်ကြည့်လေသည်။
“ငါတို့မန်ထိုနောက်တစ်လုံး စားလိုက်တဲ့အခါတိုင်း ငါတို့အရင်က မစားခဲ့သလိုမျိုး ခံစားနေရတာ။ အရသာက အတူတူပဲ ဆိုပေမယ့် အစပိုင်းမှာ အရမ်းသိမ်သိမ်မွေ့မွေ့လေးဖြစ်နေတော့ ငါတို့စားလိုက်တိုင်း ပေါက်စီရဲ့နူးညံ့မှုကို ပြန်ပြန်ခံစားနေရတာ”
မိန်းကလေး၏ရှင်းပြချက်မှာ မရှင်းလင်းသော်လည်း ကံကောင်းစွာဖြင့် တစ်စုံတစ်ယောက်ကတော့ နားလည်လေသည်။
“နင်ပြောတာ အမှန်ပဲ။ တကယ် အဲ့အတိုင်းပဲ”
ယင်ယာက သံယောင်လိုက်ကာ ပြောသည်။
“ငါတို့မန်ထိုနောက်တစ်လုံးစားလိုက်တိုင်း ပါးစပ်ထဲမှာ လုံးဝလတ်ဆတ်ပြီး အသစ်အတိုင်းဖြစ်နေတာ။ မသိရင် ပထမဆုံးအကြိမ် စပြီးစားသလိုမျိုးဖြစ်နေတာကွာ။ လတ်ဆတ်တဲ့ခံစားချက်ကို ထပ်ကာ၊ ထပ်ကာ ပြန်ခံစားနေရတာ။ အဲ့ဒါပဲ”
ဝူဟိုင်းက သူ့နှုတ်ခမ်းမွှေးလေးကို သပ်ကာ နိဂုံးချုပ် ဝင်ပြောလိုက်သည်။
“ဟုတ်တယ်...ဟုတ်တယ်။ အမှန်ပဲ။ အဲ့လိုခံစားချက်မျိုး”
မိန်းကလေးက ခေါင်းကို တဆတ်ဆတ်ညိတ်ကာ သူ့ကို ထောက်ခံလေသည်။
“မန်ထိုတစ်လုံးကို စားပြီးသွားတဲ့အခါကျရင် ငါတို့ကို လန်းဆန်းသွားအောင် လုပ်ပေးနိုင်တဲ့ ချိုမြမြစမ်းရေလေး သောက်လိုက်ရသလိုပဲ။ နောက်တစ်လုံးစစားလိုက်တော့ အရသာက အသစ်အတိုင်းပြန်ဖြစ်သွားရော”
ထိုသို့ပြောနေရင်းနဲ့ ဝူဟိုင်းမှာ တခုခုစဉ်းစားမိသွားသလို အနည်းငယ်အံ့အားသင့်သွားသည်။
“ငါ အခု သိပြီ”
ဝူဟိုင်းက ရုတ်တရက် ထိုင်ခုံမှ ခုန်ထလိုက်ပြီး ပြေးရန်ပြင်လိုက်သည်။ ဒါပေမယ့် ခြေလှမ်းအနည်းငယ်လှမ်းပြီးခါမှ ပြန်ဝင်သွားပြီး မန်ထိုပေါက်စီကို ယူကာ နှာခေါင်းဖြင့် တရှုံ့ရှုံံ့ အနံ့ခံလိုက်သည်။ ပေါက်စီ
အနည်းငယ်ကို ဝါးပြီးနောက် စားသောက်ဆိုင်အပြင်ဘက်သို့ ပြေးထွက်သွားသည်။
“အနုပညာရှင်တစ်ယောက်ရဲ့ စိတ်ကူးစိတ်သန်းကတော့ မိုးကြိုးလိုပဲ” ယွမ်ကျိုးက ခံစားချက်အပြည့်နှင့် သက်ပြင်းချလိုက်သည်။ ထူးခြားလှသော အထိအတွေ့ကြောင့် နွေဦးစမ်းရေမန်ထိုပေါက်စီမှာ အလွန်အမင်း လူကြိုက်များသွားလေသည်။ မနက်စာလာစားကြတဲ့ စားသုံးသူတွေက ထိုမန်ထိုပေါက်စီကို အလျဉ်းသင့်သလို ပဲနို့နှင့်ဖြစ်စေ၊ အသီးဖျော်ရည်နှင့်ဖြစ်စေ စားသုံးကြပြီး ကလေးများကဲ့သို့ မန်ထိုပေါက်စီကို လက်နှင့်တို့တို့ပြီး ပျော်ရွှင်စွာ ဆော့ကစားကြလေသည်။ မနက်စာရောင်းချိန်တစ်နာရီမှာ အလွန်လျင်မြန်စွာ ကုန်သွားတော့သည်။ မနက်စာရောင်းချိန်ပြီးသည်နှင့် အနားမယူ ခင် အချိန်လေးတွင် ဖုန်းခေါ်ဆိုမှုတစ်ခုကို ယွမ်ကျိုး လက်ခံရလေသည်။
“ကလင် လင် လင် လင်”
“ဟယ်လို”
ယွမ်ကျိုးက အမည်မသိ ဖုန်းနံပါတ်ကို ကြည့်ကာ ဖုန်းကိုင်လိုက်သည်။
“ဟယ်လို ဆရာယွမ်လား။ တရုတ်နိုင်ငံ စားဖိုမှူးများအဖွဲ့အစည်းရဲ့ဥက္ကဋ္ဌကျိုးရှစ်ကျဲပါ။ နောက်သုံးရက်ကျရင် ကျွန်တော်တို့ အထူးဟင်းခတ်ပါဝင်ပစ္စည်းတွေနဲ့ ဟင်းချက်ပြိုင်ပွဲကို ကျင်းပပါမယ်။ ပြီးတော့ ခင်ဗျားမှာ ပါဝင်ပစ္စည်း(၁၉)မျိုး ရှိပါလိမ့်မယ်”
ထိုနေ့က အဓိကအဆုံးအဖြတ်ဒိုင်ဖြစ်ခဲ့သည့် ကျိုးရှစ်ကျဲ ဖြစ်သည်။
“ဟုတ်ကဲ့...ကျွန်တော်သိပါပြီ”
ယွမ်ကျိုးက အလိုလို တည်ကြည်လေးနက်လာသည်။
“ပြိုင်ပွဲစည်းကမ်းအရဆိုရင် ပြိုင်ပွဲနေ့မှာ ပါဝင်ခဲ့တဲ့ ဘယ်စားဖိုမှူးကိုမဆို ခင်ဗျားရဲ့လက်ထောက်အဖြစ် ရွေးချယ်နိုင်တယ်။ ပြီးတော့ သူ့စားသောက်ဆိုင်ကိုလည်း ဟင်းချက်မယ့်နေရာအဖြစ် ရွေးနိုင်တယ်” ကျိုးရှစ်ကျဲက လုပ်ငန်းကိစ္စအကြောင်းပြောတဲ့အခါ အရမ်းတည်ကြည်ပြီး စိတ်အားထက်သန်လေ့ရှိသည်။ ထို့နောက် သူက ချက်ချင်းပင် ပြုံးကာ ဆက်ပြောသည်။
“ဒါပေါ့။ အဲ့စားဖိုမှူးဖက်ကလည်း ခင်ဗျားရဲ့လက်ထောက်လုပ်ပါတယ်။ သူတို့စားသောက်ဆိုင်ကို သုံးခွင့်ပြုပါတယ်ဆိုပြီး သဘောတူဖို့တော့ လိုတာပေါ့ဗျာ”
ထိုစကားများကြောင့် ယွမ်ကျိုး မျက်မှောင်ကြုတ်သွားသည်။ ဟာသပဲ။ ယွမ်ကျိုးက ဘယ်သူမို့လို့လဲ။ သူက ပြိုင်ဆိုင်လိုစိတ် အတော်ကြီးသူဖြစ်ရာ သူ့စားသောက်ဆိုင်ကို မည်သူ့ကိုမျှ အဝင်ခံလိမ့်မည် မဟုတ်ပေ။ သူ့လက်ထောက်လုပ်ဖို့ တခြားလူတစ်ယောက်ကို ဘယ်လိုလုပ်ခွင့်ပြုပေးနိုင်မလဲ။ ယွမ်ကျိုးက ဘယ်လိုငြင်းရမလဲ မသိခင်မှာပင် ကျိုးရှစ်ကျဲက ဆက်ပြောသည်။
“ဒါပေမယ့် ဒါက စည်းကမ်းအရပါ။ ခင်ဗျားကြိုက်တဲ့ ဘယ်သူ့ကိုမဆို ရွေးလို့ရတယ်။ ချူးရှောင်ဆိုရင်တောင်မှ လာကူညီရမှာပဲလေ။ ဒါပေမယ့် ခင်ဗျား သူ့ကို ထိန်းနိုင်၊ မထိန်းနိုင်ကတော့ ခင်ဗျားဘာသာ ချင့်ချိန်ကြည့်ပေါ့”
ထိုစကားများမှာ သိသိသာသာကို စနောက်သည့်အငွေ့အသက်နှင့် မျှော်လင့်ချက်ရေးရေး သယ်ဆောင်နေသည်။ ဘာပဲဖြစ်ဖြစ် ချူးရှောင်မှာ သူ့ဒေါသကြောင့် အတော်လူသိများသူဖြစ်သည်။ခဏလောက် တုံ့ဆိုင်းနေပြီးနောက် ယွမ်ကျိုးက ငြင်းရန် နည်းလမ်းတစ်ခု စဉ်းစားမိပြီး ပြောလိုက်လေသတည်း။
...
ယွမ်ကျိုး အပိုင်း(၃၈၁)
ပြီးပါပြီ။
ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၃၈၂)
သီအိုရီအရပြောရလျှင် စည်းကမ်းများကို ငြင်းပယ်၍ မရနိုင်သော်လည်း ယွမ်ကျိုးမှာ သူ့ကိုယ်ပိုင် စဉ်းစားတွေးခေါ် ချက်တစ်ခုရှိသည်။
ပွင့်ပွင့်လင်းလင်းပြောရလျှင် သူ၏ အလွန်အကြူးအသန့်ကြိုက်တတ်သည့် ရောဂါမှာ နောက်ဆုံး အဆင့်သို့ရောက်နေပြီး စနစ်ကြောင့် ယခုအချိန်၌ ပိုဆိုးသည့်အဆင့်သို့ ရောက်နေပြီဖြစ်သည်။
“ဆရာကြီးကျိုးခင်ဗျ.. ကျွန်တော် ဘယ်လက်ထောက်မှ မလိုပါဘူး.. ခင်ဗျားမှာ တခြားမေးချင်တာတွေရှိရင် ကျွန်တော့်စားသောက်ဆိုင်ကို လာလို့ရပါတယ်ဗျ.. ကျွန်တော်သက်သေပြပေးပါ့မယ်” ယွမ်ကျိုးက ယဉ်ကျေးသိမ်မွေ့ သော လေသံဖြင့် ပြန်ဖြေသည်။
အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်သွားပြီးနောက် ဖုန်း၏တခြားတစ်ဖက်မှ ကျိုးရှီကျဲ၏ အသံထွက်လာသည် “ခင်ဗျားပြောချင်တာ လက်ထောက်တစ်ယောက်မှမလိုဘူးပေါ့”
“ဟုတ်ကဲ့” ယွမ်ကျိုး ရှင်းရှင်းလင်းလင်း ဖြေလိုက်သည်။
“အကြောင်းပြချက်ပေးလို့ရလား” ကျိုးရှီကျဲက ဇဝေဇဝါဖြင့် မေးလိုက်သည်။
ယခင်က မာနကြီးပုံမပေါ်သည့် အနှီပုဂ္ဂိုလ်က ယခုဘာကြောင့် ချူးရှောငိထက် ပိုခေါင်းမာသည့်ပုံပေါက်နေမှန်း နားမလည်နိုင်ဖြစ်နေသည်။
အနည်းဆုံးတော့ ချူးရှောင်က အရည်အချင်းမီရုံလေးရှိသည့် လက်ထောက်နှစ်ယောက်ကို ရွေးချယ်ခဲ့သေးသည်။
“အကုန် ကျွန်တော့်ဘာသာပဲ လုပ်နေကြဖြစ်နေလို့ပါ” ယွမ်ကျိုးက ဘာမှမထူးခြားသလို ပြောလိုက်သည်။
“တချို့တန်ဖိုးကြီး ပါဝင်ပစ္စည်းတွေကို အချိန်အနည်းငယ်အတွင်းမှာပဲ ပြင်ဆင်ရမှာဗျ.. အကူဘယ်နှယောက်လောက် ခေါ်လာဖို့ပြင်ထားလဲဗျာ” ကျိုးရှီကျဲက ထပ်မမေးတော့ဘဲ ခေါင်းစဉ်ပြောင်းပြောသည်။
“အကုန် ကျွန်တော့်ဘာသာပဲ လုပ်ပါ့မယ်” ယွမ်ကျိုးက စိတ်အားတက်ကြွစွာ ဖြေသည်။
“တခြားအလုပ်တွေကိုတော့ ထားပါ.. အသီးအရွက်ဆေးတာ.. လှီးတာချွတ်တာနဲ့ ပန်းကန်ပြားနေရာချတာမျိုးကျ တစ်ယောက်ယောက်ကလုပ်မှပေါ့” ကျိုးရှီကျဲက ချက်ချင်းဆိုသလို ဘာပြောရမှန်းမသိဖြစ်သွားပြီး ခဏလောက် ကြာမှ စကားပြန်စပြောသည်။
“အဲ့ဒါတွေလည်း ကျွန်တော်ပဲလုပ်မှာပါ” ယွမ်ကျိုး၏ လေသံတွင် အနည်းငယ် အံ့သြမှုပါဝင်နေသည်။
ယွမ်ကျိုး၏အမြင်တွင် သူက လက်ထောက်တစ်ယောက်မလိုဘူးဆိုလျှင် အလုပ်မှန်သမျှကို သူသာ လုပ်ရမည်ဖြစ် သည်။
ထိုသို့မဟုတ်ပါက သူက မည်သည့်အတွက်ကြောင့် လက်ထောက်တစ်ယောက်ခေါ်ရန် ငြင်းနေဦးမည်နည်း။
“မင်းသေချာရဲ့လား” ကျိုးရှီကျဲမှာ အံ့သြနေသော်လည်း စည်းကမ်းက စည်းကမ်းဖြစ်ရာ သူဘာမှမပြောနိုင်ပေ။
“ခဏလေး” ယွမ်ကျိုးက ကျိုးရှီကျဲ ဖုန်းချတော့မည် ထင်သဖြင့် အလောတကြီး ပြောလိုက်သည်။
တစ်ဖက်မှ ကျိုးရှီကျဲက ချက်ချင်းဆိုသလို စိတ်သက်သာရာရသွားသည်။ သူက ယွမ်ကျိုးသေချာပေါက် နောင်တရကာ လက်ထောက်ခေါ်လိမ့်မည် ထင်သွားပြီး စိတ်ထဲမှ တွေးလိုက်သည် “တော်သေးတယ် ဒီကောင်လေး လမ်းမှားလိုက်တော့မလို့... သူ့ကို ကူဖို့တစ်ယောက်တော့ ခေါ်မှာပါ”
“ဟိုတယ်တွေက ထောင်ရှီလမ်းနဲ့ မဝေးဘူးဆိုရင် ကျွန်တော်တခြား လိုအပ်တာမျိုးတော့ မရှိပါဘူး.. ပြီးတော့ ဟင်းချက်ဖို့ အချိန်က ည၈ ခွဲလောက်ဖြစ်ချင်တာ” ယွမ်ကျိုးက သူ့လိုအပ်ချက်မှန်သမျှကို အကုန်ပြောချလိုက်လေသည်။
“အဲ့ဒါပဲလား.. ရပြီ.. ကျုပ်အကုန်စီစဉ်ပေးထားမယ်” ထို့နောက်တွင်တော့ ကျိုးရှီကျဲမှာ အလွန်ပါးစပ်အဟောင်းသား ဖြစ်နေပြီး ယွမ်ကျိုး၏ လိုလားချက်များကို သဘောတူပေးတော့သည်။
သို့သော် ခဏလောက် စဉ်းစားပြီးနောက် ကျိုးရှီကျဲက ထပ်ပြောသည် “မင်းတောင်းဆိုတာတွေနဲ့ ပတ်သက်ပြီး ဘာမှ ပြဿနာမရှိဘူး.. ဒါပေမယ့် မင်းလူမြင်ကွင်းမီးဖိုခန်းမှာ ချက်ဖို့လိုတယ်ဆိုတာတော့ မင်းကို ပြောပြထားရဦးမယ်.. မင်းအကူမလိုဘူးဆိုရင် တခြားဘာပြဿနာရှိဦးမလဲ” ကျိုးရှီကျဲက အလေးအနက်ပြောသည်။
“ဟုတ်.. မရှိတော့ပါဘူးဗျ” ယွမ်ကျိုးက ခေါင်းညိတ်ကာ သဘောတူကြောင်း ပြောသည်။
“နောက်တစ်ခုရှိသေးတယ်.. မင်း ၉နာရီမှာတော့ စပြီးချက်ရလိမ့်မယ်.. အဲ့မတိုင်ခင် နာရီဝက်ကတော့ ဒီဟင်းချက်ပွဲ မှာ မပါဝင်နိုင်တဲ့ စားဖိုမှူးတွေကို ဘာကြောင့် သူတို့ကို ဝင်ကူလုပ်ခွင့်မရလဲဆိုတာ ရှင်းပြပေးရမယ်” ကျိုးရှီကျဲက သူ့မုတ်ဆိတ်ကို ပွတ်သပ်ရင်း အလေးအနက်ရှိနေပုံ ပေါ်သည်။
ဤအစဉ်အလာက ထိုသို့သော စားဖိုမှူးများအတွက် အကျိုးခံစားခွင့်ရစေရန် ရည်ရွယ်ခြင်းဖြစ်သည်။
ယခုတော့ အနိုင်ရရှိသူက ထိုအခွင့်အရေးကို မျှဝေပေးရန် တွန့်ဆုတ်နေရာ သူကိုယ်တိုင်ပဲ စားဖိုမှူးတွေကို ရှင်းပြပေးရတော့ မည် ဖြစ်သည်။
“အင်း...ဟုတ်” ယွမ်ကျိုးကလည်း အခိုင်အမာပြန်ဖြေသည်။
“ကောင်းပြီ.. ဆရာယွမ်ရဲ့ ဟင်းချက်စွမ်းရည်ကို စောင့်မျှော်နေပါ့မယ်ဗျာ” ထိုသို့ပြောပြီးနောက် ကျိုးရှီကျဲက ဖုန်းချလိုက်သည်။
ယွမ်ကျိုးခဏအနားယူပြီးနောက် တိတ်ဆိတ်နေသည့် စားသောက်ဆိုင်အတွင်း၌ သူက ရုတ်တရက်မေးလိုက် သည် “ဘယ်သူ့အစားအသောက်ပါဝင်ပစ္စည်းတွေက ပိုကောင်းမယ်လို့ထင်လဲ.. မင်းဟာလား သူတို့ဟာလား”
ထိုမေးခွန်းမှာ စနစ်သို့ မေးလိုက်ခြင်းသာ ဖြစ်သည်။ သို့သော် စနစ်က ဘယ်တုန်းကမှ ယွမ်ကျိုး၏ စကားစမြည်ပြော ချင်စိတ်ကို ဂရုမစိုက်ခဲ့ဘဲ ပြန်တုံ့ပြန်လေ့မရှိခဲ့ပေ။
ယွမ်ကျိုးက အေးအေးချမ်းချမ်းလေး စောင့်ဆိုင်းနေခဲ့သည်။ သုံးရက်ကြာပြီးနောက် အခြားလူပေးသည့် ထိပ်တန်း ဟင်းချက်ပါဝင်ပစ္စည်းများကို ချက်ပြုတ်ရန် ကြိုးစားရလိမ့်မည်။
ယွမ်ကျိုးက အချို့သော ဟင်းပွဲများကို ယခင်က ချက်ဖူးခြင်းမရှိပေမယ့် အတော်မျှော်လင့်နေမိသည်။
သို့သော် ကျိုးရှီကျဲဘက်တွင်မူ သိပ်ပြီး မငြိမ်းချမ်းခဲ့ပေ။ ယွမ်ကျိုးက လက်ထောက်မလိုကြောင်း အားလုံးကို အသိပေးပြီးနောက် သူ့ဖုန်းမြည်လာပြန်သည်။
“ဆရာချန်ပါလား ဘာကိစ္စလဲဗျ” ကျိုးရှီကျဲက ထုံးစံအတိုင်းမေးလိုက်သည်။
“ခင်ဗျားတကယ်ပြောနေတာလား.. ဆရာယွမ်က လက်ထောက်တစ်ယောက်မှ မလိုဘူးဆိုတာ.. အကုန်လုံးကို သူကိုယ်တိုင်လုပ်မှာပေါ့.. ဟင်းသီးဟင်းရွက်ဆေးပေးဖို့တောင် မလိုဘူးတဲ့လား” ဆရာချန်မှာ စိတ်ဆတ်ပုံပေါ်သည်။ ဖုန်းကိုင်လိုက်သည်နှင့် တောက်လျှောက်ပြောတော့သည်။
“ဟုတ်တယ်.. အဲ့အတိုင်း အမှန်ပါပဲဗျာ” ထိုသို့ကြားပြီးနောက် ကျိုးရှီကျဲမှာ ထုံးစံအတိုင်းဖြေပေးလိုက်သည်။
“ဟုတ်ပြီ.. အနှောက်အယှက်ပေးမိပြီဗျာ” ဆရာချန်က ခဏလောက်တိတ်နေပြီး ဖုန်းချလိုက်သည်။
စားဖိုမှူးအချို့မှာ သူ့ကို ဖုန်းဆက်ပြီး ထိုအကြောင်း မေးမြန်းစုံစမ်းကြရာ ညနေစောင်းမှပင် ကျိုးရှီကျဲ၏ ဖုန်းမှာ အနားရတော့သည်။
“ဒီစားဖိုမှူးတွေကလည်း ဒေါသကြီးလိုက်ကြတာ.. ကံကောင်းတယ်.. ဖုန်းမခေါ်ကြတော့လို့” ကျိုးရှီကျဲက သူ့ဘာသာ ပွစိပွစိပြောနေသည်။
ထိုခဏ၌ပင် သူ့ဖုန်းမှာ ပြန်မြည်လာသည် “ကလင် လင် လင် လင်”
ကြည့်ပင် မကြည့်တော့ဘဲ ကျိုးရှီကျဲက ချက်ချင်းဖြေလိုက်တော့သည် “ဆရာယွမ်က တကယ်လက်ထောက် မလိုပါဘူးဆို နောက်သုံးရက်ကျရင် ည၈ခွဲမှာ အကြောင်းပြချက်ပေးပြီး ရှင်းပြလိမ့်မယ်”
“လက်စသတ်တော့ ကောလာဟလတွေက အမှန်ပဲပေါ့” တခြားစားဖိုမှူးများ၏ အသံမဟုတ်ဘဲ ချူးရှောင်၏ မောက်မာသည့် အသံဖြစ်သည်။
“အာ.. ဆရာချူးပါလား ခင်ဗျားလည်း အဲ့အကြောင်း မေးမလို့လား” ကျိုးရှီကျဲက ဖုန်းကို သူ့နားမှ ခွါကာ ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။ ချူးရှောင်ဟူသော စာလုံးနှစ်လုံးမှာ ဖုန်းမျက်နှာပြင်တွင် ပေါ်နေရာ အမှန်ပင် သူဖြစ်သည်။
“အင်း.. ဘာမှမဟုတ်ပါဘူး.. ဖုန်းချလိုက်တော့မယ်” ထို့နောက် ချူးရှောင်တကယ်ဖုန်းချသွားလေသည်။
“ကြည့်ရတာ ဒီတစ်ယောက်က သူရှုံးသွားတာ ဝန်မခံချင်ပုံံပဲ” ကျိုးရှီကျဲက ခေါင်းယမ်းလိုက်သည်။ သူက တကယ်တော့ ထိုအရှုပ်တော်ပုံများကို သိပ်ဂရုမစိုက်ပေ။
သူဖုန်းချပြီးနောက် အိမ်သို့တန်းပြန်သွားသည်။
တခြားတစ်ဖက်တွင် ပြိုင်ပွဲ၌ ပါဝင်ခဲ့သည့် များစွာသော စားဖိုမှူးတို့မှာ တွေ့ဆုံနေကြသည်။ စားဖိုမှူးများအားလုံး တွေ့ဆုံဆွေးနွေး အတည်ပြုပြီးနောက် ယွမ်ကျိုးက တန်ဖိုးကြီးပါဝင်ပစ္စည်းများအားလုံးကို သူကိုယ်တိုင်အတွက်ပဲ အမြတ်ထုတ်ချင်နေသည်ဟု ယူဆသွားကြသည်။
“ဪ..ဪ.. ငါတော့ အဲ့ဆရာယွမ်စားပိုးနင့်တာကို အသာထိုင်ကြည့်ဦးမယ်.. အဖိုးတန်ပါဝင်ပစ္စည်းနှစ်ဆယ် လုံးကို သူတစ်ယောက်တည်းအတွက် ဘယ်လိုတောင် သုံးရဲတာလဲ” မျက်နှာခပ်ဝိုင်းဝိုင်းနှင့် စားဖိုမှူးက လက်ပိုက်ကာ နှာခေါင်းရှုံ့သည်။
“ဟုတ်ပါ့.. ဖင်မနိုင်ဘဲ ပဲကြီးဟင်းစားချင်တာ” အကျိုးအမြတ်က ယွမ်ကျိုးရပိုင်ခွင့်ဆိုသည်ကို အသာထား.. သူတို့ရပိုင်ခွင့် မဟုတ်လျှင်ပင် ရနိုင်ခြေရှိသည့် အကျိုးအမြတ်လေး မရတော့သည့်အခါ သေချာပေါက် မကျေမနပ်ဖြစ်ကြပေမည်။
“မင်းတို့ အဲ့ဒါဖြစ်နိုင်မယ်ထင်လား.. သူ့ကိုကူဖို့ လက်ထောက်တစ်ယောက်တောင် မခေါ်ဘဲ ဟင်းပွဲတွေကို တစ်ယောက်တည်းချက်နိုင်မယ်လို့လေ” စားဖိုမှူးက သူ့ဦးထုပ်ကို သေသေသပ်သပ်ချည်လိုက်ရင်း ခါးခါးသီးသီး ပြုံးသည်။
“အပိုတွေ.. လုံးဝမဖြစ်နိုင်ဘူး.. တစ်ညလုံးချက်ရင်တော့ ဖြစ်နိုင်တယ် ဒါပေမယ့် အဲ့ဒါဆို ဟင်းတွေစားလို့မရတော့မှာတော့ စိတ်ပူမိသား” ဆရာချန်က မထီမဲ့မြင်ပြောသည်။
“ဆရာယွမ်က တကယ်ဗဟုသုတပြည့်စုံတယ်ထားဦး.. တခြားရှုထောင့်ကနေ ကြည့်ရင်တော့ အဲ့လောက် အကောင်း ကြီးလည်း မဟုတ်ဘူးလားလို့” ကိုယ့်သဘောနှင့်ကိုယ် ပြိုင်ပွဲမှ ထွက်လိုက်ရသည့် ဆရာဖန်က မနာလိုစိတ်ဖြင့် ပြောသည်။
ယွမ်ကျိုးတစ်ယောက်တည်း ထိုပါဝင်ပစ္စည်းအားလုံးကို အချိန်တိုတွင်း ချက်နိုင်မည်ဟု ဘယ်သူမှ မယုံကြပေ။
မည်သို့ပင်ဖြစ်စေ.. ပါဝင်ပစ္စည်းများက ပိုပြီးတန်ဖိုးကြီးလေ အရသာနှင့်ပြည့်စုံလေ.. သူ့ကြာရှည်ခံမှုသည်လည်း တိုတောင်း လေဖြစ်ရာ.. ပြောရမည်ဆိုလျှင် ယွမ်ကျိုးက ပါဝင်ပစ္စည်းအားလုံးကို သုံး၍ နှစ်နာရီအတွင်း ဟင်းချက်ရမည် ဖြစ်သည်။
သို့သော် ယွမ်ကျိုးကမူ ဟင်းသီးဟင်းရွက်ဆေးဖို့ အလုပ်သမားတစ်ယောက်ကိုပင် မခေါ်ရာ မည်သူ့ကိုမျှ ခေါ်မည် မဟုတ်ပေ။
ယွမ်ကျိုးလုပ်နိုင်မည်ဟု မည်သည့်စားဖိုမှူးကမျှ မယုံကြ။ မည်သို့ဆိုစေ.. အနိုင်ရသွားသူက သူတို့ကို ဟင်းမချက်ခိုင်းလျှင်တောင် အသီးအရွက် အသုံးအဆောင်ပစ္စည်းများ ဆေးခြင်းလောက်တော့ လုပ်ချင်ကြသည်။
မည်သည့်အလုပ်ဖြစ်ပါ စေ သူတို့အတွက် အရေးမကြီး.. အဖိုးတန်ပါဝင်ပစ္စည်းများကသာ အရေးကြီးရာ.. မည်သည့်အလုပ်ဖြစ်ဖြစ် သူတို့လက်ခံနိုင်သည်။
ယွမ်ကျိုးက ထိုအခွင့်အရေးကို သူတို့အား မပေးခဲ့ပေ။ ထိုသည်မှာ သူတို့ကို ဟင်းရည်အကြွင်းအကျန်လေးတောင် သောက်ခွင့်မပေးဘဲ ယွမ်ကျိုးကချည်း အကုန်စားသွားသည်နှင့် တူနေသည်။
ထိုသို့ လှောင်ပြောင်မှုမျိုးကို သူတို့ မည်သို့ သည်းခံနိုင်ပ့ါမည်နည်း။
“အဲ့လို မာနကြီးတဲ့ကောင်တော့ ကိုယ်ဖော်တဲ့ဆေး ကိုယ်ပြန်သောက်ရမှာကို ငါစောင့်ကြည့်ဦးမယ်” ဤသည်မှာ လူတိုင်း၏ ဆန္ဒပင်ဖြစ်နေတော့သည်။
သို့သော် ယွမ်ကျိုးကရော ထိုကိစ္စအတွက် အမှန်တကယ်ပင် စိတ်ပူပါသလော။
...
အပိုင်း(၃၈၂)
ပြီးပါပြီ။