← Chapters

အခန်း (၃၈၅-၃၈၆)

Vol. 29 Ch. 385-386

အခန်း (၃၈၅-၃၈၆)

Vol. 29 Ch. 385-386

ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၃၈၅)

ချူးရှောင်က ရှင်းပြရသည့် အပြုအမူကို အမှန်သဘောမကျသော်လည်း လူတိုင်းက ယခုအခြေအနေနှင့် ပတ်သက်ပြီး နားမလည်နေကြရာ သူကိုယ်တိုင်ပဲ ရှင်းပြပေးရတော့သည်။

“လူတွေရဲ့ ကိုယ်သင်းနံ့အကြောင်း သိတယ်မဟုတ်လား” ယွမ်ကျိုးက လျင်လျင်မြန်မြန် တိတိကျကျ လှီးဖြတ်နေသည်ကို ကြည့်ကာ သူက အလေးအနက်ပြောသည်။

“ကိုယ်သင်းနံ့” ဟူသော စကားလုံးနှစ်ခုမှာ အဓိပ္ပါယ်များစွာ ရှိရာ ခန်းမအတွင်းရှိ စားဖိုမှူးများမှာ ငြိမ်ကျသွားသည်။

“လူ့ခန္ဓာကိုယ်ရဲ့ အနံ့ဟုတ်လား” စားဖိုမှူးတစ်ယောက်က မဝံ့မရဲမေးလိုက်သည်။

“အဲ့လိုလည်း မဟုတ်သေးဘူး” ချူးရှောင်က မျက်မှောင်ကြုတ်သွားပြန်ကာ ပြောသည် “လူတိုင်းမှာ ကိုယ်ပိုင်အနံ့ တစ်မျိုးစီရှိကြတယ်လေ.. တန်ဖိုးကြီးအစားအစာတွေက အဲ့အနံ့တွေ ကူးလွယ်တယ်”

“သဘောပေါက်ပြီ.. ဆရာချူးမှာ အဲ့စည်းကမ်းရှိတာ မအံ့သြတော့ပါဘူး” ဆရာချန်က ဉာဏ်အလင်းပွင့်သွားပြီး ရုတ်တရက် ပြောလိုက်သည်။

“ဘာစည်းကမ်းလဲဗျ” စားဖိုမှူးတစ်ဦးက ထိုစည်းကမ်းအကြောင်း မသိရာ စပ်စပ်စုစုမေးလိုက်သည်။

“ကျွန်တော့်ဆီကို ပို့တဲ့ အစားအစာပါဝင်ပစ္စည်းတွေမှာ လူ့ကိုယ်နံ့မရှိရဘူး” ချူးရှောင်က လက်ပိုက်ကာ သဘာဝကျကျပြောသည်။

နေရာတွင် ရှိသည့် စားဖိုမှူးအားလုံး သူ့စကားကြောင့် အံ့အားသင့်ကုန်ကြသည်။

အကြမ်းဖျဉ်းပြောရလျှင် အကဲဖြတ်ဒိုင်သုံးယောက်၊ ရှင်းမင်နှင့် လီယန်ရီတို့မှ လွဲ၍ စားဖိုမှူးတိုင်းက လူ့ကိုယ်နံ့ဟု ခေါ်သည့် အရာကို အနံ့မခံမိကြပေ။

ချူးရှောင်၏ စကားများမှာ ချက်ချင်းဆိုသလို သူတို့အား ပြောစရာစကားမဲ့ ဖြစ်သွားစေသည်။

“ဆရာချူး.. ခင်ဗျားက တော်တော်အနံ့ခံကောင်းတာပဲ” စားဖိုမှူးတစ်ယောက်က မနေနိုင်ဘဲ ပြောလိုက်သည်။

“တစ်ယောက်ယောက်က ထိမိလိုက်တာနဲ့ အဲ့ပါဝင်ပစ္စည်းတွေကို သုံးလို့မရတော့ဘူး” ချူးရှောင်၏ လေသံတွင် ရွံရှာမှုအပြည့်ပါနေသည်။

“အဲ့ဒါဆို ဆရာယွမ်က ကျွန်တော်တို့ကို ပါဝင်ပစ္စည်းတွေနဲ့ ဝေးအောင်ထားတာ အဲ့ဒါကြောင့်လား” ကျန်နေသော စားဖိုမှူးများက ထိုအခါကျမှသာ ဘာကြောင့် သူတို့ကို မလိုအပ်မှန်း သဘောပေါက်ကုန်ကြသည်။

ချူးရှောင်၏ မနှစ်မြို့ဖွယ်စကားတွေကိုတော့ လေအရမ်းတိုက်နေသဖြင့် မကြားရသလို နေလိုက်ကြသည်။

“စားဖိုမှူးတစ်အုပ်က လက်ဖက်ရည်ဆိုင်မှာ တရုတ်အော်ပရာဆိုသလို တတွတ်တွတ်ပြောနေကြတာပဲ” လီယန်ရီမှာ ယွမ်ကျိုးယခုချိန်ထိ ဟင်းစမချက်သေးသဖြင့် လီယန်ရီမှာ သရော်တော်တော် မပြောဘဲ မနေနိုင်တော့ချေ။

“မင်းကလည်း.. ဒီစားဖိုမှူးတွေထဲမှာ ဂုဏ်သိက္ခာမရှိတဲ့သူဆိုလို့ ဘယ်သူရှိလို့လဲကွာ.. အဲ့ကောင်လေးက သူတို့အတွက် ဟင်းချိုတစ်ဇွန်းတောင် မချန်ဘူးလေ.. အဲ့တော့ သူ့ကို လှောင်ကြတော့မှာပေါ့” ရှင်းမင်က စားဖိုမှူး များ၏ သဘောထားကို ပိုသိရာ ထိုအကြောင်းကို တန်းပြောလိုက်လေသည်။

“ဟမ့်.. ရှုပ်ရှုပ်ယှက်ယှက်” လီယန်ရီ၏ စကားက မည်သူ့ကို ရည်ညွှန်းမှန်း ဘယ်သူမှမသိကြပေ။ ထိုသို့ပြောပြီး နောက် သူက ထိုင်ခုံတစ်လုံးတွင် သွားထိုင်နေကာ ဘာမှထပ်မပြောတော့ချေ။

“ဟုတ်ပြီ.. အားလုံးပဲ ကျေးဇူးပြုပြီး နားထောင်ကြပါ” ယွမ်ကျိုးက ပန်းကန်ပြားကို မှောက်လိုက်ပြီး အမဲသားကို ယူလိုက်သည်။

သူက အမဲသားကို သလင်းကျောက်ကောင်တာပေါ် အသာချလိုက်ရာ “ဘမ်း” ဟူသည့် အသံထွက်ပေါ်လာသည်။

“ဘယ်လိုလုပ် လုံးဝမလှီးထားတဲ့ပုံပေါ်နေတာလဲ” စားဖိုမှူးတစ်ဦးက သူ့လေသံတွင်ပင် အံ့သြမှုအတိုင်းသား ပေါ်နေသည်။

“တကယ်အဲ့လိုဖြစ်နေတာပဲ.. အထူအပါးဘယ်လိုရှိလဲဆိုတာ မသိနိုင်ဘူး” ချူးရှောင်က မျက်မှောင်ကြုတ်ကာ ပြောသည်။

ကြည့်ရသည်မှာ သူ့အမြင်အာရုံက အနံ့ခံအာရုံလောက် မကောင်းပုံရှိသည်။

ယွမ်ကျိုးက လေးထောင့်စပ်စပ် အမဲသားတုံးကို ဓါးဖြင့် အသာသပ်ချလိုက်ရာ အမဲ သားတုံးမှာ ချက်ချင်းဆိုသလို ယပ်တောင်သဏ္ဍာန် ပြန့်ကားသွားသည်။

ထို့နောက် ယွမ်ကျိုး၏ ဓါးစွမ်းရည်ကို ယပ်တောင်သဏ္ဍာန် ပြန့်နေသည့် အမဲသားတုံးတွင် သေချာတွေ့မြင်နိုင်သည်။

ဘေးဘက်တွင် ကြည့်နေသော အခြားစားဖိုမှူးများမှာ စကားတစ်ခွန်းကို တစ်ပြိုင်နက်တည်း ပြောမိကုန်ကြသည်။

“ချီးပဲ”

“ကျွန်တော်သေချာကြည့်ပါရစေ” ချူးရှောင်က ထိုသို့ ပြောပြီးနောက် ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့ လှမ်းတက်လာသည်။

ယွမ်ကျိုးက သူ့အား “ကြွပါ” ဟူသည့် အမူအရာ လုပ်ပြလိုက်သည်။

မည်သည့်အကွက် ဒီဇိုင်းမှမပါသည့် အဖြူရောင်ဗြောင်သက်သက် ထောင့်မှန်စတုဂံပုံပန်းကန်ပြားပေါ်တွင် အမဲသားတုံး ရှိနေသည်။

အမဲသားလွှာတိုင်းမှာ ထပ်တူညီသည့် အကွာအဝေး အထူအပါး အတိုအရှည် ရှိနေသည်။

မတိုင်းတာဘဲ လှီးဖြတ်ရန် ခက်ခဲသလို အထူအပါးကို ထိန်းချုပ်ရန်လည်း ခက်ခဲပေသည်။

ချူးရှောင် အထူးအလေးထား စစ်ဆေးခဲ့သည်မှာ ပထမပိုင်းရှိ အလွှာအချို့နှင့် နောက်ဆုံးအပိုင်းရှိ အလွှာအချို့ဖြစ် သည်။

သာမန်အားဖြင့် လူအများက အချပ်လိုက်လှီးသည်ဖြစ်စေ နုပ်နုပ်စဉ်းသည်ဖြစ်စေ အမဲသား၏ အလယ်ပိုင်းကိုသာ အသုံးပြုကြပြီး မလှီးခင်တွင် လေးထောင့်ပုံစံကျအောင် အရင် လှီးဖြတ်ပုံသွင်းကြသည်။

သို့မှသာ အမဲသားကို အရွယ် အမျိုးမျိုး မလှီးမိမည် ဖြစ်သည်။

သို့သော် ယွမ်ကျိုးက လူအများ လုပ်သကဲ့သို့ မလုပ်ခဲ့ပေ။ ထို့ကြောင့် ချူးရှောင်က အပိုင်းနှစ်ခုကို သေချာ အသေးစိတ် စစ်ဆေးကြည့်ခြင်း ဖြစ်သည်။

“သူက အမဲသားကို သွေးကြောတစ်လျှောက် ထောင့်စိတ်လှီးထားတာပဲ” ထိုအကြောင်းကို သတိထားမိသည်နှင့် ချူးရှောင်မှာ အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။

ယွမ်ကျိုးက ပါဝင်ပစ္စည်းများ၏ မည်သည့်အစိတ်အပိုင်းကိုမျှ ဖြုန်းတီးခဲ့ခြင်း မရှိပါပေ။ ချူးရှောင်ကိုယ်တိုင်တောင် ထိုသို့ မလုပ်နိုင်ပါ။

ထို့အပြင် အမဲသားမှာ ယွမ်ကျိုးလက်ထဲမှာ အချိန်အတော်ကြာ ရှိနေခဲ့သော်လည်း ယွမ်ကျိုး၏ ကိုယ်နံ့အနည်းငယ်ပင် စွန်း ထင်း သွားခြင်း မရှိခဲ့ပေ။

သူ့နှာခေါင်းအတွင်းတွင် လတ်ဆတ်သော အမဲသား၏ အကောင်းဆုံးအဆင့်ရှိသည့် ရနံ့ကိုသာ ရနေသည်။

အနံ့ကို ရှုရှိုက်ရင်း လူအများက ထိုအမဲ သားမှာ သေချာပေါက် လတ်ဆတ်၊ နူးညံ့ပြီး အရည်ရွှမ်းမည် ဖြစ်ကြောင်း ခံစားသိရှိ နိုင်သည်။

“နေဦး.. ကျွန်တော် တူနဲ့သေချာကိုင်ပြီး ကြည့်ချင်သေးတယ်” ချူးရှောင်က ရုတ်တရက်ဆိုသလို တစ်ခုခုကို တွေးမိ သွားဟန်ဖြင့် ယွမ်ကျိုးကို ကြည့်ကာ မေးလိုက်သည်။

“တူဟိုဘက်မှာ ရှိတယ်.. ယူလိုက်ပါခင်ဗျ” ယွမ်ကျိုးက သူ့စားသောက်ဆိုင်၏ စည်းကမ်းများအတိုင်း လိုက်နာနေဆဲပင်။

“အစားအစာဆိုတာ ကိုယ့်လက်နဲ့ကိုယ် ယူရတယ်.. အဲ့ဒါမှ အရသာပိုရှိတာ”

“ကောင်းပြီ” ချူးရှောင်က ခေါင်းညိတ်ပြသည်။

တူယူလိုက်ပြီးနောက် ချူးရှောင်က အသက်ကို ပြင်းပြင်းရှုသွင်းပြီး ပြန်ရှုထုတ်လိုက်သည်။

ထို့နောက်မှ အမဲသားလွှာကို တူဖြင့် ညှပ်ယူလိုက်သည်။

“အမှန်ပဲကိုး” ချူးရှောင်က တူနှစ်ချောင်းကြားမှ ပါလာသည့် အမဲသားကို ကြည့်ရင်း ရေရွတ်သည်။

“ဟင်” သူ့အနောက်ရှိ စားဖိုမှူးများမှာ မနေနိုင်ဘဲ ရေရွတ်ကုန်ကြသည်။ ချူးရှောင်က အဲ့လိုမှတ်ချက်ပေးပြီး အခြားစားဖိုမှူးများက ထိုသို့သက်ပြင်းချကြသည်မှာ အမဲသားလွှာ၏ ပါးလျမှု ကြောင့်ဖြစ်သည်။

အမဲသားလွှာက ဆင်စွယ်ရောင်တူများနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ အမဲသားမျှင်လေးများကို ဖောက်ထွင်းကာ အောက်တွင် ရှိနေသော တူများကိုပင် မြင်နေရသည်။

ပါးလွှာပေမယ့် အတော်အတန် ခံနိုင်ရည်ရှိပြီး ရုန်းနိုင်ဆန့်နိုင်ကာ လုံးဝပြတ်ထွက် မသွားပေ။

တူများကြားမှ တွဲလောင်းကျနေပြီး ကြည့်ရသည်မှာ ကျောက်ရိုင်းတုံးအကွက်များ ကဲ့သို့ အကွက်ထနေသည့် စက္ကူပါးလေး တစ်ဖတ်နှင့် တူနေသေးတော့သည်။

“စက္ကူလောက်ပါးတယ်.. အဲ့ဒါ မတိုင်းဘဲ လှီးထားတာတဲ့လား” ဆရာချန်မှာ ကြောင်အမ်းနေလျက် ရှိသည်။

“ငါတို့ ရုပ်ရှင်ရိုက်နေကြတာလား” စားဖိုမှူးတစ်ဦးက ရုတ်တရက်ပြောလိုက်သည်။

နောက်တစ်ဦးကမူ “ဆရာယွမ်က နတ်ပြည်က ဆင်းလာတာဖြစ်မယ်” ဟုပင် ပြောလေသည်။

နတ်ပြည်ကတော့ မဖြစ်နိုင်။ ယွမ်ကျိုး၏ နည်းလမ်းကသာ အလွန်အံ့သြဖွယ် ကောင်းနေခြင်းဖြစ်သည်။

“အမဲသားဆာရှီမိ” ချူးရှောင်က ရုတ်တရက် အခိုင်အမာပြောလိုက်သည်။

“အဟုတ်ပဲ.. ဒီအတိုင်း တန်းစားလိုက်လို့ ရတယ်.. နံရိုးနဲ့ ခါးဆစ်ရိုးကြားက အသားပိုင်းဆိုတော့ နူးညံ့ပြီး အရည်ရွမ်းတယ်.. အသားခဲသွားတဲ့ ပုံစံကိုတောင် ထင်ထင်ရှားရှားမြင်နိုင်တယ်.. အရည်အသွေးက ထိပ်တန်း အထိအတွေ့က အမိုက်စား” ယွမ်ကျိုးက နှာခေါင်းစည်းတပ်ထားသည့် ကြားမှ စကားအရှည်ကြီးပြောလိုက်သည်။

“အမဲသားဆာရှီမိကို မတိုင်းဘဲ လှီးတာ” ဒီတစ်ကြိမ်တွင် ချူးရှောင်က နောက်ထပ်စကားနှစ်လုံးကို ထပ်ဖြည့်ပြောလိုက်သည်။

သူ့ပုံစံမှာ အပြောင်းအလဲမရှိဘဲ တည်ငြိမ်နေပုံရသော်လည်း သူ့မျက်လုံးများတွင် အံ့သြမှု အရိပ်အယောင်လေး ရှိနေသည်။

“ဖြည်းဖြည်းသုံးဆောင်ပါခင်ဗျာ” ထိုသို့ပြောလိုက်သော်လည်း ယွမ်ကျိုးက တူနှင့် ဆော့စ်ကို ထုံးစံအတိုင်း ပြင်မပေးခဲ့ပေ။

ထို့နောက် စားဖိုမှူးများက တူများကို အပြေးအလွှား သွားယူကြတော့သည်။ သူတို့ပြန်လာသောအခါ ဆော့စ်မရှိသည် ကို သတိထားမိသွားပြီး ချက်ချင်းဆိုသလို တဗျစ်တောက်တောက် ပြောလိုက်သည်။

“ဆရာယွမ်.. ခင်ဗျား ဆော့စ်လုပ်ဖို့ မေ့သွားတယ်နဲ့ တူတယ်.. ကျွန်တော်” ဆရာချန်က သူကောင်းကောင်းလုပ်နိုင် ကြောင်း ပြောမည်အပြုတွင် အခုလေးတင် ခံစားခဲ့ရသည့် အရှက်ရမှုကို သတိရသွားကာ ပါးစပ်ပိတ်လိုက်သည်။

“အခုစားလိုက်ရင် ဆော့စ်မပါလည်း အတော်ပဲ” ယွမ်ကျိုးက ပြောသည်။ ထို့နောက် သူက အခြားသူများကို ဂရုမထား တော့ဘဲ စတင်ဆေးကြောတော့သည်။

နောက်မကြာမီအချိန်တွင် လုပ်ရဦးမည်များ ရှိနေသေး၍ ဖြစ်သည်။

ချူးရှောင်က အရင်စားလိုက်ပြီး ဆရာချန်က နောက်ကလိုက် စားလိုက်သည်။

သူက အမဲသားတစ်လွှာကို ကောက် ယူလိုက်ပြီး သူ့ပါးစပ်ထဲကို ချက်ချင်းသွင်းလိုက်သည်။

အမဲသားမှာ အလွန်ပါးလျသည်။ ပါးစပ်အတွင်းသို့ ရောက်သည်နှင့် အမဲသားမှာ ခံတွင်းအပူရှိန်ကြောင့် အရည်ပျော် သွားတော့သည်။

အလုတ်အနည်းငယ် ထပ်စားပြီးနောက် နို့အနံ့ဖျော့ဖျော့မှာ အမဲသား၏ ချိုမြလန်းဆန်းသည့် အရသာနှင့် ရောသွားကာ လျှာပေါ်ရှိ အရသာခံဖုများကို နှိုးဆွတော့ သည်။

“ကောင်းတယ်.. အရမ်းအရသာရှိတယ်” ဆရာချန်က အမဲသားကို မြိုချလိုက်ပြီး အခိုင်အမာပြောလိုက်သည်။

“‌ဟိတ်.. မင်းတို့ကောင်တွေ ဘာလို့ အဲ့လိုလုပ်နိုင်ရတာလဲကွ.. ငါတစ်ဖတ်တည်းစားရသေးတယ်” ဆရာချန်က ချီးကျူးထောပနာ ပြုပြီးနောက် ပန်းကန်ပြားမှာ အလွတ်ဖြစ်နေသည်ကို တွေ့လိုက်ရရာ အံ့သြတကြီး ပြောသည်။

“ဘယ်နှဖတ်ရှိနေတယ်များ ထင်လို့လဲ.. အမဲသားက တစ်ယောက်တစ်ဖတ် စားလောက်ရုံရှိတာ” တစ်ဖတ်တည်းစားလိုက်ရသည့် စားဖိုမှူးနောက်တစ်ဦးက ကူကယ်ရာမဲ့စွာပြောလိုက်သည်။

“ဆရာယွမ်.. ခင်ဗျားအခု စလို့ရပြီ” အသက်ကြီးကြီး ဥက္ကဌဖြစ်သူက တူကိုချပြီး ပြတ်ပြတ်သားသား တိုက်တွန်းလိုက် သည်။

“ဟုတ်တယ်.. ဟုတ်တယ်.. ပါဝင်ပစ္စည်းတွေက စောစောချက်နိုင်မှ ကောင်းတာ” လီယန်ရီက ချက်ချင်းဆိုသလို ဝင်ပြောသည်။

“အားလုံး ခဏစောင့်ကြပါဗျာ.. ဟင်းပွဲတွေကို တစ်ခုပြီး တစ်ခု ချပေးပါ့မယ်” ယွမ်ကျိုးက နှာခေါင်းစည်းအသစ်တစ်ခု လဲလိုက်ပြီး ကျယ်လောင်စွာပြောသည်။

“သူက တကယ်အံ့သြဖို့ကောင်းတဲ့ ပြိုင်ဘက်ပဲ.. ဟင်း.. ဟင်း” ချူးရှောင်က ခန္ဓာ ကိုယ်ကို ခပ်မတ်မတ်ပြင်ပြီး တိတ်ဆိတ်စွာ ထိုင်နေလိုက်သည်။

ယွမ်ကျိုးကို စိုက်ကြည့်နေခြင်းဖြင့် အပြင်းအထန် ပြန်လည်တိုက်ခိုက်လိုစိတ်ကို ဖော်ပြနေသည်။

ဟင်းပွဲများကို စားပြီးသောအခါ စားဖိုမှူးအားလုံးမှာ ငြိမ်သက်ကုန်ကြသည်။ စကားလုံးတွေက ချည့်နဲ့ပြီး အလဟဿ ဖြစ်သော်လည်း အရသာရှိသော ဟင်းပွဲများကမူ ကြာရှည်ခံလေသည်။

ဆရာချန်က သူ့ပါးစပ်ထဲရှိ အရသာကို ပြန်ခံစားနေရင်း ယွမ်ကျိုးကို ကြည့်လိုက်သည်။ ထို့နောက် သူ့စိတ်ကိုပြင်ကာ တွန့်ဆုတ် တွန့်ဆုတ်နှင့် ယွမ်ကျိုးနားသို့ ချဉ်းကပ်သွားသည်။

“ဆရာယွမ်ကို တစ်ခုလောက်ပြောချင်လို့” ယွမ်ကျိုးကို ကြည့်ရင်း ဆရာချန်က အလေးအနက်ပြောနေပုံပေါ်သည်။

“ပြောပါဗျ” ယွမ်ကျိုးက မီးဖိုချောင်သုံးဓါးကို ချလိုက်သည်။

“ကျွန်တော့်ကို တစ်ခုလောက် ကူညီနိုင်မလား.. အခုချက်ချင်း ဖြေပေးဖို့လည်း မလိုပါဘူး” ဆရာချန်က ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ပြီး ထိုသို့ ပြောသည်။

“အင်း” ယွမ်ကျိုး ခေါင်းညိတ်ပြသည်။

“ကျွန်တော် ခင်ဗျားကို ဆရာတင်ချင်လို့ပါ.. နောက်တစ်ပတ်ကျရင် ခင်ဗျားဆီ ကျွန်တော်လာခဲ့ပါ့မယ်.. အဲ့အခါကျမှ ပြန်ဖြေပေးပါ” ဆရာချန်က ထိုစကားကို တဆက်တည်းပြောချလိုက်ပြီး ယွမ်ကျိုး မည်သို့မျှ ပြန်မပြောနိုင်ခင် ချက်ချင်း ထွက်သွားတော့သည်။

“စိတ်ဝင်စားစရာပဲ” ယခုမှသာ ယွမ်ကျိုးပြောရသည့် အလှည့်သို့ ရောက်ပေသည်။

နေရာတွင်ရှိနေသည့် စားဖိုမှူးအားလုံးက မည်သို့မျှအမူအရာ မပြောင်းဘဲ ကျန်နေသည့် ယွမ်ကျိုးကို ကြည့်ကာ သူလက်ခံပါမည်လော သိချင်နေကြသည်။

မည်သိုပင်ဖြစ်စေ.. ယွမ်ကျိုး၏ ဟင်းရွက်ဆေးနည်း အသားလှီးနည်းတို့မှာ လေ့လာထိုက်ပေသည်။

ထို့နောက် ပြဿနာ တစ်ခုသာရှိသည်။

ယွမ်ကျိုးသဘောတူပါမည်လော ဆိုသည်ပင်။

...

အပိုင်း(၃၈၅)

ပြီးပါပြီ။

၃၈၆ မှ ၃၉၀

ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၃၈၆)

သူအမှန်ပင် သဘောမတူချင်ပေ။ အကြောင်းပြချက်က အလွန်ရိုးရှင်းပေသည်။

သူကိုယ်တိုင်ပင်လျှင် မာစတာရှက်ဖ်မဟုတ်သေးရာ အခြားသူကို မည်သို့ သင်ပေးနိုင်ပါမည်နည်း။

ယွမ်ကျိုး၏ အတွေးမှာ ထိုသို့ ရိုးရှင်းပေသည်။ ထို့အတွက် အဖြစ်အပျက်ကို စောင့်ကြည့်နေကြသည့် စားဖိုမှူးများမှာ ယွမ်ကျိုး စိတ်အေးချမ်းသာနှင့် ဟင်းများစချက်နေသည်ကိုသာ စိတ်ပျက်လက်ပျက်မြင်လိုက်ရသည်။

အခြားစားဖိုမှူးများက သူ ဟင်းကို အလေးအနက်ထား ချက်ပြုတ်နေစဉ် အနှောက်အယှက်ပေးရန် တွန့်ဆုတ်နေကြသည်။

သူ့ပုံစံက ပြောင်မြောက်သည့် အနုပညာလက်ရာတစ်ခုကို ဖန်တီးနေသကဲ့သို့ ရှိသည်။

“မွှေးလိုက်တာ” စနစ်၏ အကာအကွယ်မရှိသဖြင့် မွှေးရနံ့က စားဖိုမှူးများအကြားတွင် တစိမ့်စိမ့် ပျံ့နှံ့သွားတော့သည်။

ထို့နောက် မည်သူမျှ တခြားအရာကို အာရုံမစိုက်နိုင်ကြတော့ပေ။ မွှေးရနံ့ကြောင့် လုံးဝဆွဲဆောင် ခံလိုက်ကြရသည်။

ယွမ်ကျိုး၏ လက်ရှိ ဟင်းချက်စွမ်းရည်ဖြင့်ပင် ပြိုင်ဘက်ကင်း အစားအစာပါဝင်ပစ္စည်းများ၏ အရသာရှိမှုကို အပြည့်အဝ မဖော်ပြနိုင်ရာ ထိုပါဝင်ပစ္စည်းများသာ မကောင်းပါက ဆိုဖွယ်ရာ မရှိတော့ချေ။ ထို့ကြောင့်သာ မွှေးရနံ့က ပျံ့နှံ့လာခြင်းဖြစ်သည်။

အကောင်းဆုံးသော ဟင်းလျာများမှာ စားသုံးသူများ၏ အရသာခံဖုများကို အရင်နှိုးဆော်ရန် အတွက် တည်ခင်းသည့်အခါ ၌သာ အနံ့ထုတ်လွှတ်တတ်ပေသည်။

“ဒါကတော့ ဆရာယွမ်ပြင်ဆင်ထားတဲ့ ဆယ်လ်မွန်ငါးတို့ အိမ်အပြန် ဟင်းပါခင်ဗျ.. ဖြည်းဖြည်းသုံးဆောင်ကြပါ” စားပွဲထိုးများက ဟင်းပွဲများကို စားပွဲပေါ်သို့ တစ်ပန်းကန်ပြီး တစ်ပန်းကန် တင်ပေးလိုက်သည်။

ကျက်သည်နှင့် စားမည့်သူထံ ချက်ချင်းချပေးခြင်းဖြစ်ရာ တစ်ပန်းကန်ချင်းစီ မှာ အငွေ့တထောင်းထောင်းထလျက် ရှိသည်။

တစ်ပန်းကန်ချင်းစီတွင် ပါဝင်သည့် ပမာဏမှာ သိပ်မများပေ။ ထို့အပြင် နှစ်ပွဲမျှစားရမည် ဖြစ်သည်။

သို့အတွက် အခြေခံအားဖြင့် ပြောရလျှင် လူတစ်ယောက်စီအတွက် အနည်းငယ်သာ စားရမည် ဖြစ်သည်။

“ဆရာယွမ်ရေ.. ဟင်းက နည်းလှချည်လား” ရှင်းမင်မှာ ဟင်းပမာဏနှင့် ပတ်သက်၍ မပျော်တော့ရာ ကျယ်လောင် စွာ ပြောလိုက်လေသည်။

“တစ်ပန်းကန်ချင်းစီရဲ့ ပမာဏက ပါဝင်ပစ္စည်းတွေ အပေါ်ပဲ မူတည်ပါတယ်ဗျ” ယွမ်ကျိုးက ချက်နေရင်းတန်းလန်း လှမ်းဖြေသည်။

ယွမ်ကျိုးပြောသည်မှာ ပါဝင်ပစ္စည်းများက အလွန်နည်းနေခြင်းသာ ဖြစ်ကြောင်း ထင်ရှားသည်။

ထို့နောက် ရှင်းမင်က ချက်ချင်းဆိုသလို ဥက္ကဌဘက်သို့ ပြောလိုက်သည် “ဆရာကြီးကျိုး.. ခင်ဗျားတော်တော် ကပ်စေးကုပ်တာပဲ.. ဘာလို့ လူဒါဇင်ကျော်စားမယ့်ဟာကို ပါဝင်ပစ္စည်းနည်းနည်းပဲ ပေးရတာလဲဗျ”

“မင်းနည်းတယ်ထင်ရင် ကိုယ့်ဘာသာ များများရအောင် လုပ်ကြည့်ပါ့လား” ကျိုးရှီကျဲက သဘောမတူသလို ပြောသည်။

“ခင်ဗျားက ဥက္ကဌလေ.. ကျုပ်မှမဟုတ်တာ” ရှင်းမင်က ဗြောင်ကျကျဖြေလိုက်သည်။

“ရတယ်လေ.. ကျုပ်သေရင် ခင်ဗျားကို ဥက္ကဌအဖြစ် လွှဲခဲ့မယ်” ကျိုးရှီကျဲက ပြုံးလျက်ပြောသည်။

“တော်စမ်းပါကွာ.. ငါ့ဘာသာ အဘိုးကြီးတစ်ယောက်လို ဇိမ်ကျကျနေပါရစေ” ရှင်းမင်က ချက်ချင်း ငြင်းလိုက်သည်။

“ဟဲ.. ဟဲ.. ဟဲ.. ယန်ရီကတော့ ခင်ဗျားက ဥက္ကဌဖြစ်သင့်တယ် ထောက်ခံနေတာပဲ” ကျိုးရှီကျဲသည်လည်း သဘောကောင်းသည့်သူ မဟုတ်ပေ။ လီယန်ရီဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“ငါကတော့ မင်းနဲ့အဆင့်တူအောင် အောက်မဆင်းချင်ပါဘူး.. မင်းကရော ဖြစ်သင့်တယ်ထင်လား” လီယန်ရီက ခေါင်းမော့ ကာ ရှင်းမင်အား တဲ့တိုးပြောသည်။

“ကဲ.. ကဲ.. ဒါကျုပ်နဲ့ မဆိုင်တော့ဘူးနော်” ကျိုးရှီကျဲက သူ့ဘေးရှိ လူနှစ်ဦးငြင်းခုံကြသည်ကို ဂရုမစိုက်ပေ။

သူက သူတို့ထံသို့ ချပေးလာသော အရသာရှိသည့် ဟင်းပွဲထဲ နည်းနည်းလောက် ရရန် တူများဖြင့် လှမ်းနှိုက်လိုက်သည်။

သို့သော် သူက အရပ်အမြင့်ရော လက်တံပါ ရှည်သည့် ချူးရှောင်လောက် မလျင်ချေ။

“ကောင်လေး.. ကြီးသူကို ရိုသေ ငယ်သူကို သနား ဆိုတာ ဘာအဓိပ္ပါယ်မှန်း မင်းသိရဲ့လား.. ငယ်ရွယ်ဖျတ်လတ်တဲ့ လူတစ်ယောက်အနေနဲ့ မင်းလျှော့စားသင့်တယ်” ကျိုးရှီကျဲက အသံခပ်နိမ့်နိမ့်ဖြင့် ပြော သည်။

“ငယ်လို့ပဲ ပိုစားရမှာလေဗျာ” ချူးရှောင်က ခေါင်းမဖော်တမ်း စားရင်း ပြောလိုက်သည်။

ထို့နောက်တွင် ထမင်းစားပွဲ၌ အကုန်လုံး ဆူညံပွက်ကုန်တော့သည်။ စားရဖို့လေးအတွက်နှင့် အားလုံးက သူတို့၏ ဆရာ ဟူသည့် ဂုဏ်ပုဒ်ကိုပင် ဆုံးရှုံးကုန်ကြသည်။

နောက်စားပွဲတစ်ခုတွင်လည်း အခြေအနေက သိပ်မထူးပေ။

“ဆရာချန်.. ခင်ဗျားက ဆရာယွမ်ကို ဆရာတင်ဖို့ ခွင့်တောင်းထားတာ.. နောက်ဆို သူ့ဟင်းတွေစားဖို့ အခွင့်အရေး အများကြီး ရှိသေးတယ်.. ခင်ဗျားလျှော့စားပေါ့” စကားပြောကျင်လည်သည့် ဆရာဖန်က ပြောသည်။

“မလျှော့နိုင်ဘူး.. ဆရာယွမ်ကမှ သဘောမတူသေးတာ.. ကျုပ်နည်းနည်းပိုစားလိုက်ရရင်တော့ သူသဘောတူချင် တူလာမှာပေါ့” ဆရာယွမ်က လှည့်ကွက်ထဲသို့ ကျမသွားခဲ့ပေ။ သူ့လက်ရော ပါးစပ်ရော ရပ်မသွားခဲ့ချေ။

ဟင်းပွဲတွေ လာချပေးသည့် စားပွဲထိုးများမှာ ဟင်းပန်းကန်ချပေးပြီးသည်နှင့် လူစားလဲလိုက်ကြသည်။

သို့မဟုတ်ပါက.. ဟင်းပွဲအချို့ကို စားဖို့ယူကောင်း ယူကြလိမ့်မည်။ ထိုသို့ဆိုလျှင်တောင် စားပွဲထိုးများက ဟင်းပွဲများ ချပေးရခြင်းကို ကြိုက်လည်းကြိုက်သလို မုန်းလည်းမုန်းပေသည်။

မည်သို့ပင်ဖြစ်စေ ထိုကိစ္စအားလုံးကို ဖြစ်စေခဲ့သည့် ယွမ်ကျိုးက ပါဝင်ပစ္စည်းတစ်ခုဖြစ်သည့် အမ်ပူရာငါး ကို နောက်ဆုံးအတွက် ချန်ထားသည်။

ဤသည်မှာ သူအကြိုက်ဆုံး ပစ္စည်းဖြစ်ပြီး သူ့အတွက် ငါးစွပ်ပြုတ်တစ်ပွဲ ချက်ရန် ပြင်တော့သည်။

ရေနွေးများကို အဖြူအပြာရောသည့် ကြွေအိုးထဲသို့ လောင်းထည့်လိုက်သည်နှင့် ဖြူဖွေးနူးညံ့သည့် ငါးအသား၊ ပါးပါးလှီးထားသော ကြက်သွန်မြိတ်စလေးများ၊ လှပကြွပ်ဆတ်သည့် ငါးအကြေးခွံကြော်များနှင့် နီရဲတောက်ပသည့် တောငရုတ်ကောင်းများသည် ချက်ချင်းပင် တရှဲရှဲမြည်ကာ သာယာနာပျော်ဖွယ် သံစဉ်တီးလုံးတစ်ခုကဲ့သို့ ထွက်ပေါ် လာသည်။

ထိုအသံနှင့်အတူ စူးရှသော ငရုတ်သီးအနံ့မှာ ခန်းမတစ်ခုလုံးကို ချက်ချင်းပျံ့နှံ့သွားတော့သည်။

“အိုး.. မွှေးလိုက်တဲ့အနံ့ပါလား” ရှင်းမင်က လေးစားအားကျမှုဖြင့် သက်ပြင်းချလိုက်သည်။

မည်သည့်စကားတစ်ခွန်းမျှ မဆိုပါဘဲ လီယန်ရီက ထရပ်ကာ ယွမ်ကျိုးဆီသို့ လျှောက် သွားသည်။ သူ့ပြိုင်ဘက်ဟောင်းနှင့် ရန်ဖြစ်နေခြင်းက လုံးဝအရေးမကြီးပေ။

အလွန်လိမ္မာပါးနပ်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ယွမ်ကျိုးက ထိုနေရာတွင် ရပ်ကာ ငြိမ်ခံနေမည့် သူမဟုတ်ချေ။

သူက ချက်ချင်းပင် အိုးကို ယူကာ ရှောင်ထွက်သွားသည်။

ထိုအချိန်တွင် နေ့စဉ် လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်း၏ အကျိုးကျေးဇူးကို ကောင်းကောင်းကြီး သိမြင်လိုက်ရသည်။

“တကယ့်ကို လတ်ဆတ်ပြီး ထောပတ်သီးလို အနံ့မျိုးနဲ့ အရသာလည်းရှိတယ်.. တန်တယ်” ယွမ်ကျိုးက တစ်လုတ်စာကို ယွမ်၆၀၀ ကျော်ကျမည့် ငါးအသားကို စားနေရင်း ကျေနပ်အားရသည့် အမူအရာရှိနေသည်။

“ဒီငါးကို ဟင်းရည်ကြည်ကြည်နဲ့ ငါးပေါင်းလုပ်စားကြတာများတယ်.. ဒါပေမယ့် ပူစပ်ပူစပ်အရသာနဲ့လည်း ကောင်းတာပဲ” စားနေရင်းနှင့် ယွမ်ကျိုးက ရွှင်ပျစွာပြောသည်။

“အလကားရတဲ့ဥစ္စာဆို ပိုအရသာရှိတယ်” သူ့တူများမှာ အဆက်မပြတ်လှုပ်ရှားနေပြီး ယွမ်ကျိုးက ခံစားချက်များလည်း မရပ်မ နားဖြစ်ပေါ်ကာ သက်ပြင်းချလိုက်သည်။

တပါးသူလက်ထဲမှ အရာက မည်သည့် အတွက်ကြောင့် ပိုအရသာရှိရသနည်းဆိုသည်ကို မည်သူမျှ မပြောနိုင်ပေ။

ငါးကို အခက်အခဲများကြားမှ စားခဲ့ရခြင်း ဖြစ်သည်။ ယခုကဲ့သို့ ရှောင်တိမ်းလိုက်ရခြင်းကြောင့် ယွမ်ကျိုးမှာ ငါးက ပိုလတ် ဆတ်ပြီး ပိုအရသာရှိသလို ခံစားလိုက်ရသည်။

သူ့ကို လိုက်ဖမ်းသင့်ပေသည်။ ၁.၅ ကီလိုရှိသည့် ငါးတစ်ကောင်လုံးကို သူများတွေအတွက် ဟင်းရည်တစ်ဇွန်းတောင် မချန်ဘဲ ယွမ်ကျိုးက သူတစ်ယောက်တည်းစားရန် ငါးဟင်းချိုလုပ်လိုက်ခြင်း ဖြစ်သည်။

စားလို့ရသော ငါးအကြေးခွံ များကိုပင် ကြွပ်ကြွပ်ကြော်ကာ စားလိုက်သည်။

ထို့ကြောင့် ယွမ်ကျိုးက ဟင်းတစ်ပွဲလုံးကို စားပြီးနောက် သူ့ပါးစပ်ကို သေချာသုတ်ကာ သူ့ကို မည်သူမျှ မတွေ့ခင် ဟိုတယ်နောက်ဖေးပေါက်မှ ထွက်လာသည်။

ထို့နောက် တက္ကစီတစ်စီးငှါးကာ လူမြင် ကွင်းမှ ထွက်သွားတော့သည်။

နောက်ဖေးတံခါးကို ပိတ်ပြီးနောက် ယွမ်ကျိုးမှာ မနေဘဲ အကျယ်ကြီး ‌အော်ရယ်လိုက်သည်။

“တကယ်အထင်ကြီးဖို့ ကောင်းတဲ့နေ့ပဲ” ယွမ်ကျိုးက စိတ်လှုပ်ရှားစွာ လက်သီးဆုပ်လိုက်သည်။

အသစ်ကျပ်ချွတ် အဆင့်မြင့် မီးဖိုချောင်သုံးပစ္စည်းများ အပြည့်နှင့် မီးဖိုခန်းကို ကြည့်ကာ ယွမ်ကျိုးက အလွန်ကံကောင်းကြောင်း စိတ်ရင်းဖြင့် ခံစားမိသွားသည်။

ယွမ်ကျိုးက ခြေလှမ်းအနည်းငယ် လှမ်းကာ သူ့ကိုယ်ပိုင်အခန်း ပြတင်းပေါက်ဆီသွားလိုက်သည်။

လည်ကိုဆန့်ပြီး အောက်ဘက်ရှိ ဝင်ပေါက်လှေကားကို လှမ်းကြည့်လိုက်ရာ ခွေးလေးစွပ်ပြုတ် နှာချေနေသည်ကို တွေ့လိုက်ရသည်။

“ကျွတ်စ် ကျွတ်စ်... မနက်ဖြန်တော့ နေသာတော့မှာပဲ” ယွမ်ကျိုးက ပြုံးကာ ပြော သည်။

လူကြီးသူမများက “ခွေးနှာချေခြင်းသည် နေသာသောနေ့ကို ကြိုဆိုခြင်းဖြစ်သည်” ဟု မကြာခဏပြော‌လေ့ရှိသည်။

ယွမ်ကျိုးထင်ထားသည့်အတိုင်း တစ်ညလုံး ကောင်းကောင်းအိပ်ပျော်ခဲ့လေသည်။

နောက်တစ်နေ့ မနက်အစောတွင် အိပ်ရာမှထကာ ထုံးစံအတိုင်း လေ့ကျင့်ခန်းလုပ်ပြီးနောက် မနက်စာချက်ပြုတ်ရန်အတွက် ပြင်ဆင်တော့သည်။

စားသုံးသူများက ခါတိုင်းလို လာပြီး ပြန်သွားကြသည်။ မည်သူကမျှ ယွမ်ကျိုးမနေ့ညက သူ၏ ဟင်းချက်စွမ်းရည် ထုတ်ကြွားခဲ့ပြီး ပြိုင်ပွဲအပြီး၌ တပည့်တစ်ဦးရမလို ဖြစ်သွားခဲ့သည်ကို မသိကြပေ။

လူများတစ်သုတ်ပြီး တစ်သုတ်ရောက်လာကြပြီး အချိန်ကုန်လွန်သွားသည်။ သိပ်မကြာခင်မှာပင် နေ့လယ်စာချိန် ရောက်လာလေသည်။

“ဟယ်လို.. ဒီနေ့ဘာများစားမလဲ မသိဘူး” ကျိုကျားက ထုံးစံအတိုင်း ယဉ်ကျေးစွာမေးသည်။

“အရင်လိုပဲ.. အသားဟင်းတစ်ပွဲ.. ဟင်းသီးဟင်းရွက်တစ်ပွဲနဲ့.. ဟင်းရည်တစ်ခွက်” အမျိုးသားက နူးညံ့ယဉ်ကျေးစွာ ပြောသည်။

“ဟုတ်ကဲ့.. ပြောပါရှင်” ကျိုကျားက ခေါင်းညိတ်ကာ အမှာစာယူရန် ပြင်လိုက်သည်။

“မနေ့ကမှာခဲ့တဲ့ ပိုးသားလွှာယုန်သားတစ်ပွဲ.. ကျင်းလင်မြက်တစ်ပွဲနဲ့.. ကြက်ပေါင်းခေါက်ဆွဲတစ်ဆက်စာ ပေးပါ” အမျိုးသားက ဟင်းပွဲမှာသည့်အခါ အတော်စေ့စပ်သေချာလေသည်။

ကျိုကျားက အမှာစာချရေးပြီးနောက် အမျိုးသားက အဝေးသို့ အကြည့်လွှဲသွားသည်။

“ခဏစောင့်ပါနော်.. ဟင်းပွဲတွေကို ချက်ချင်းလာချပေးပါ့မယ်” ကျိုကျားက ခေါင်းညိတ်သည်။

“ရတယ်... မလောဘူး” ဝတ်စုံပြည့် ဝတ်ထားသည့် အမျိုးသားက ညင်သာစွာပြောသည်။

“အင်းပေါ့.. ခင်ဗျားက ဘယ်လောပါ့မလဲ.. ခင်ဗျားက အဲ့မှာ နှစ်နာရီလောက် ထိုင်တဲ့တစ်ယောက်ကိုး” ထိုစကားကို ကြားပြီးနောက် ကျိုကျားမှာ မနေနိုင်ဘဲ ကျိတ်ရယ်မိသည်။

သို့သော် ယခုတစ်ကြိမ်တွင်မူ သူမကို ကူညီပြီး မေးပေးမည့်သူ ပေါ်လာပြီဖြစ်သည်။ ထိုပုဂ္ဂိုလ်က အခြားသူများကို ဂရုစိုက်လေ့မရှိ။ သူက ယွမ်ကျိုးနှင့် စကားပြောသည့်အချိန်တွင်သာ လှုပ်ရှားလေ့ရှိသည်။

“ခင်ဗျားဒီကိုလာတိုင်း အကြာကြီးနေတာ.. သူဌေးယွမ်ရဲ့ ဟင်းချက်နည်းတွေကို ခိုးပြီးလေ့လာနေတာ မဟုတ်လား” လင်းဟုန် စကားစပြောလိုက်သည်နှင့် မုန်းစရာကောင်းတော့သည်။

“လျှော့ဈေးဟင်းတွေ မစားတဲ့ ဒီကလူငယ်ကိုလည်း ကျုပ်နဲ့ရင်းနှီးတယ် မထင်ဘူး” ဝတ်စုံပြည့်ဝတ်ထားသည့် အမျိုးသားက ခေါင်းမော့ကာ လင်းဟုန်ကို ကြည့်ရင်းပြောသည်။

“ဟေ.. နာမည်ပြောင်ပေးထားတာက စိတ်ဝင်စားစရာပါလား” လင်းဟုန်၏ စိတ်ဝင်စားမှုမှာ ချက်ချင်း ခေါင်းစဉ် ပြောင်းသွားသည်။

သို့သော် ထိုလူနှစ်ဦး၏ စကားဝိုင်းမှာ ယွမ်ကျိုး၏ အာရုံကို ဆွဲဆောင်မိသွားသည်။ သူသည်လည်း အနှီလူ အဘယ်အတွက်ကြောင့် လာတိုင်းအကြာကြီး ထိုင်ရသနည်းဆိုသည်ကို သိချင်နေသည်။

သူ့ပုံစံက သဘောထားပျော့ပျောင်းပုံရသော်လည်း အခြားသူများ အတွက် ခုံဖယ်ပေးရန် မေးသည့်အခါတိုင်း ငြင်းလေ့ရှိသည်။

အနည်းငယ်ထူးဆန်း‌နေသလိုပင်.. အို.. မဟုတ်‌ချေသေး. အများကြီးထူးဆန်းနေသည်ပင်..။

အပိုင်း(၃၈၆)

ပြီးပါပြီ။

All Chapters